ယောင်ချန်နှင့် သူ၏တပည့်ဖြစ်သူတို့၏ လေးစားသမှုပြုမှု
Vol. 7 Ch. 64
ယောင်ချန်၏ အကြည့်မှာ အလွန်ပင် နက်ရှိုင်းလှသည်။ လောလောဆယ်တွင် သူသည် စိတ်ဝိညာဉ်အဖြစ်သာ တည်ရှိနေသော်လည်း သူ၏ ဖြူစင်လှသော မျက်လုံးများက သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေရန် လုံလောက်လှသည်။
ကျန်းချန်က မှော်ဆေးလုံး သုံးလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်ရင်း "ကျွန်တော့်နာမည်က ကျန်းချန်ပါ၊ အကယ်ဒမီရဲ့ ကွန်ဖြူးရှပ်ပညာရှိ တစ်ဦးပါ" ဟု ပြောလိုက်သည်။
"ကွန်ဖြူးရှပ်ပညာရှိ... ကျန်းချန်..."
ယောင်ချန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤနာမည်ကို တစ်ခါမျှ မကြားဖူးချေ။ သူသည် ဒိုချီတိုက်ကြီးပေါ်တွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်ရာ ထင်ရှားကျော်ကြားသော မည်သည့်သိုင်းဘိုးဘေးကိုမဆို သူ မသိဘဲ မနေနိုင်ပေ။
သို့သော် သူ၏ရှေ့မှ ကွန်ဖြူးရှပ်ပညာရှိမှာ သူ့ကို များစွာ သံသယဝင်စေသည်။ 'ဤသူသည် သူကွယ်လွန်ပြီးနောက်မှ ထွက်ပေါ်လာသည့် သိုင်းဘိုးဘေးအဆင့် ကျင့်ကြံသူသစ်တစ်ယောက် အမှန်တကယ်ပင် ဖြစ်နိုင်ပါသလား'
သို့သော် နှစ်အနည်းငယ်မျှသာ ရှိသေးသည်။ မည်မျှပင် ပါရမီထူးသူဖြစ်ပါစေ ထိုမျှလောက်သော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်ပင်။
"ခင်ဗျားက ဆရာယောင်၊ ယောင်ချန် မဟုတ်လား"
ယောင်ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက လက်နှစ်ဖက်ကို ချီကာ ဂါရဝပြုလိုက်ရင်း "မှန်ပါတယ်၊ ဒီအဖိုးကြီးက ယခင် ယောင်ချန်ပါပဲ၊ စီနီယာက ကျွန်တော့်ကို ဘယ်လိုမျိုး သိနေရတာလဲဆိုတာ မေးပါရစေ" ဟု ပြန်ပြောလိုက်သည်။
ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေရင်း "ကျွန်တော်က လေဝိဇ္ဇာနဲ့ အကြိမ်အနည်းငယ် ဆုံဖူးပါတယ်၊ ခင်ဗျား ကွယ်လွန်သွားပြီဆိုတာကိုလည်း သူ့ဆီကနေ သိခဲ့ရတာပါ" ဟု ပြောလိုက်သည်။
"လေဝိဇ္ဇာ" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ယောင်ချန်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး "သူ အခု ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ကျန်းချန်သည် ခေါင်းခါပြလိုက်သည်။ သူသည် လေဝိဇ္ဇာ ဖုန်းရှန်း ရှိသည့်နေရာကို မသိပေ။ လွန်ခဲ့သော လေးနှစ်ခန့်က အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဖုန်းရှန်းနှင့် သူ ဆုံတွေ့ခဲ့ဖူးခြင်းသာ ဖြစ်သည်။
ဖုန်းရှန်းသည် လွတ်လပ်စွာ နေထိုင်တတ်ပြီး ခရီးသွားလာရသည်ကို နှစ်သက်သူဖြစ်ရာ သူ့ကို တွေ့ရခဲလှသည်။
သူသည် ငယ်စဉ်ကပင် စိတ်ထားကြင်နာပြီး ယဉ်ကျေးပျူငှာသူဖြစ်ကာ သူတောင်းစားများနှင့်ပင် မျက်နှာတစ်ချက်မျှ မပျက်ဘဲ အစားအစာများကို ဝေမျှစားသောက်တတ်သူ ဖြစ်သည်။
လေဝိဇ္ဇာ၏ အမည်မှာ ဖုန်းရှန်းဖြစ်ပြီး ဂူလင်း ဟုလည်း ခေါ်ကြသည်။ သူသည် စိတ်အားထက်သန်သူဖြစ်သော်လည်း သူ၏ စရိုက်မှာ အလွန်ပင် ဖြောင့်မတ်ပြီး မကောင်းသော မိန်းမပျိုတို့၏ သွေးဆောင်မှုကိုလည်း အမြဲ ငြင်းပယ်လေ့ရှိသည်။ သူသည် သစ္စာတရားကို အလွန်တန်ဖိုးထားသူဖြစ်ကာ မိတ်ဆွေအပေါင်းအသင်းလည်း များပြားလှသည်။
သူသည် သူ၏ ညီအစ်ကိုများအပေါ် မည်သည့်အခါမျှ ကျေးဇူးတင်စကား မပြောတတ်ပေ၊ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို အလေးအနက် ကျေးဇူးတင်စကား ပြောလာပါက ဂူလင်းက အမျက်ထွက်တတ်ပေသည်။
ယောင်ချန် ပဟေဠိဆန်ဆန် ကွယ်လွန်သွားပြီးနောက် ဟန်ဖုန်းက ယောင်ချန်သည် မှော်ဆေးဖော်စပ်နေစဉ် မိမိကိုယ်ကိုယ် ထိခိုက်မိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သို့သော် ဂူလင်းသည် ထိုအချက်ကို လုံးဝ မယုံကြည်ခဲ့ပေ။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ယောင်ချန်နှင့် ပတ်သက်သည့် သတင်းအစအနများကို တိုက်ကြီးတစ်ခုလုံးနီးပါး လိုက်လံရှာဖွေခဲ့ပြီး ထိုကာလအတွင်း ဝိညာဉ်စံအိမ်နှင့်ပင် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။
သူသည် ဟန်ဖုန်းကိုပင် အကြိမ်အနည်းငယ် စုံစမ်းခဲ့ဖူးသည်။ သို့သော် ခိုင်လုံသော သက်သေအထောက်အထား မရှိခြင်းကြောင့် သူသည် ဟန်ဖုန်းကို ဘာမျှ မလုပ်နိုင်ခဲ့ပေ။
ဟန်ဖုန်းသည် တစ်စုံတစ်ခုကို ဖော်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် အမှောင်ထုလွှမ်းနယ်မြေတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျန်းချန်၏ မိတ်ဆွေကောင်းတစ်ဦးလည်း ဖြစ်သည်။
ယောင်ချန်သည် သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပေါ့၊ ဟဲ ဟဲ၊ အခြေအနေတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး" ဟု ရေရွတ်လိုက်သည်။
ရှောင်ယန်မှာမူ ဤနေရာတွင် ရပ်နေရင်း ဇဝေဇဝါ ဖြစ်နေရသည်။ သူ့ဆရာပြောသော စကားများကို သူ လုံးဝ နားမလည်နိုင်ပေ။ ‘ဆရာယောင် ဆိုတာက ဘယ်သူလဲ၊ လေဝိဇ္ဇာ ဆိုတာကရော ဘာပါလိမ့်။ ဆရာက တစ်ချိန်က သိုင်းဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးတာလား'
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကွန်ဖြူးရှပ်ပညာရှိလို့ ခေါ်တယ်ဆိုတော့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က..."
"မှန်ပါတယ်" (ဘာသာပြန်သူအမှာစာ။ ။ဒီနားမှာပညာရှိဆိုတာနဲ့ယောင်ချန်ဘာလို့ အံအားသင့်သွားလဲဆိုတော့။ ပညာရှိဆိုတာ သူတော်စင်တွေရဲ့ဂုဏ်ပုဒ်သဘောမျိုးမလို့ပါ။ အဲ့တာကြောင့် ကိုယ့်ကိုကိုယ်ကွန်ဖြူးရှပ်ပညာရှိလို့ ညွှန်းလိုက်တဲ့ ကျန်းချန်ကို မေးလိုက်တာပါ။ မရှင်းမှာဆိုးလို့ပါ)
ကျန်းချန်သည် ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူသည် အမှန်တရားကို တိုက်ရိုက် ရင်ဆိုင်ရသည်ကို ပို၍ နှစ်သက်သည်။
ယောင်ချန်၏ မျက်လုံးတို့မှာ ကျုံ့သွားကာ သူသည် ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်၍ ဦးညွှတ်လိုက်သည်။ "ဂျူနီယာ ယောင်ချန်က ကွန်ဖြူးရှပ်ပညာရှိ သခင်လေးကို ဂါရဝပြုပါတယ်"
ဒိုချီတိုက်ကြီးပေါ်တွင် အင်အားကြီးမားသူကို အရိုအသေပြုရစမြဲ ဖြစ်သည်။
သူ၏ရှေ့မှ ကွန်ဖြူးရှပ်ပညာရှိမှာ သူ့ထက် အသက်အရွယ် များစွာ ငယ်ရွယ်သော်လည်း သူ၏ အဆင့်အတန်းမှာ ယောင်ချန်၏ ယခင်အဆင့်ထက် များစွာ သာလွန်နေပေသည်။
စီနီယာဟု ခေါ်ဆိုရန်မှာ အမှန်တကယ်ပင် ထိုက်တန်လှသည်။
မိမိ၏ဆရာက အလေးအနက် အရိုအသေပြုနေသည်ကို မြင်သောအခါ ရှောင်ယန်သည် အံ့အားသင့်သွားပြီးနောက် အမြန်ပင် ရှေ့သို့ တိုးလာကာ လက်အုပ်ချီ ဦးညွှတ်လိုက်သည်။ "ဒီဂျူနီယာ ရှောင်ယန်က စီနီယာ ကွန်ဖြူးရှပ်ပညာရှိကို ဂါရဝပြုပါတယ်"
ကျန်းချန်က ပြုံးလိုက်ပြီး "ယောင်ဆရာ၊ အားနာနေဖို့ မလိုပါဘူး၊ လေဝိဇ္ဇာနဲ့ ကျွန်တော်က မိတ်ဆွေဟောင်းတွေပါ၊ ကျွန်တော်တို့ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေကို အတူတူ နှိမ်နင်းခဲ့ဖူးတာမို့ ညီအစ်ကိုရင်းတွေလိုလည်း သတ်မှတ်လို့ရပါတယ်" ဟု ပြောလိုက်သည်။
ယောင်ချန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ ဖုန်းရှန်းသည် ဤမျှ အစွမ်းထက်သော ကွန်ဖြူးရှပ်ပညာရှိနှင့် တစ်ချိန်က မည်သို့သော အတွေ့အကြုံမျိုးကို ကြုံတွေ့ခဲ့ရသဖြင့် ခင်မင်ခဲ့ရပါသနည်း။
သူသည် ထူးခြားဆန်းကြယ်မီးတောက်များ စာရင်းတွင် အဆင့်လေးရှိသည့် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို ပိုင်ဆိုင်ထားရုံသာမက အဆင့်ရှစ်ဆေးလုံးများကိုလည်း ဖော်စပ်နိုင်သည်။ ထိုကဲ့သို့သော ပါရမီမျိုးမှာ အလယ်ပိုင်းလွင်ပြင်ဒေသတွင်ပင်လျှင် အလွန်တရာ ရှားပါးလှသည်။
"ကွန်ဖြူးရှပ်ပညာရှိ သခင်လေး၊ ကျွန်တော့်မှာ မေးချင်တာ တစ်ခု ရှိပါတယ်"
"ယောင်ဆရာ၊ အားနာမနေပါနဲ့၊ ပြောပါ"
"ခင်ဗျားဆီကနေ မတူညီတဲ့ ထူးခြားဆန်းကြယ်မီးတောက်တွေရဲ့ အရှိန်အဝါကို ကျွန်တော် ခံစားနေရတယ်၊ အဲဒါတွေက ရွှေဧကရာဇ် ကောင်းကင်မီးတောက်၊ ကြာပန်းစိမ်း၀င်ရိုးမီးတောက်... ပြီးတော့ နှလုံးသည်းကြွေမီးတောက် မဟုတ်လား"
ကျန်းချန်၏ မျက်ခုံး အနည်းငယ် လှုပ်သွားသည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ အငယ်ဆုံးသော အဆင့် ရှစ် မှော်ဆေးဆရာ တစ်ယောက်အနေနှင့် သူ၏ နာမည်ဂုဏ်သတင်းမှာ အချည်းနှီး မဟုတ်ပေ။ သူသည် ကျန်းချန်၏ ထူးခြားဆန်းကြယ်မီးတောက် အရှိန်အဝါများကိုပင် ခံစားသိရှိနိုင်ပေသည်။
"မှန်ပါတယ်၊ ကျွန်တော့်မှာ ကွဲပြားတဲ့ ထူးခြားဆန်းကြယ်မီးတောက် သုံးမျိုး ရှိပါတယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ယန်မှာ အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်လိုက်မိသည်။ "ထူးခြားဆန်းကြယ်မီးတောက် သုံးမျိုးတောင်လား၊ ဘုရားရေ။ ဆရာတောင်မှ မီးတောက် တစ်မျိုးပဲ သုံးတာကို၊ စီနီယာက သုံးမျိုးတောင် သုံးနိုင်တာလား"
ရှောင်ယန်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ကျန်းချန်သည် မတူညီသော ထူးခြားဆန်းကြယ်မီးတောက် သုံးမျိုးလုံးကို ထုတ်ပြလိုက်သည်။ ထိုခဏ၌ အလွန် အားကောင်းလှသော စွမ်းအင်များသည် အဆုံးမရှိသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာပြီး ရှောင်ယန်ကို အလိုလို နောက်သို့ အနည်းငယ်ဆုတ်သွားစေသည်။
သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်သွားသည်။
ထူးခြားဆန်းကြယ်မီးတောက်များ၏ စွမ်းအင်မှာ အလွန် ကြောက်စရာ ကောင်းလှသည်။ လက်ရှိ ယောင်ချန်ပင်လျှင် အန္တရာယ်အချို့ကို ခံစားနေရသည်။ ဤမီးတောက် သုံးမျိုး ပေါ်ထွက်လာပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သော ယောင်ချန်သည်ပင်လျှင် အရည်ပျော်တော့မည့် ခံစားချက်ကို ရရှိနေသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းချန်က မီးတောက်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်မှသာ ယောင်ချန်မှာ သက်ပြင်းချနိုင်တော့သည်။
"ကွန်ဖြူးရှပ်ပညာရှိ သခင်လေးရဲ့ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်"
ယောင်ချန်သည် အလွန်ပင် လေးစားနေပုံရသည်။ ယခုအခါ သူသည် စိတ်ဝိညာဉ်မျှသာ ဖြစ်သောကြောင့် သိုင်းဘိုးဘေး အဆင့် ကျွမ်းကျင်သူတစ်ဦးကပင် သူ့ကို သတ်နိုင်ပေသည်၊ သို့ဖြစ်ရာ သူ၏ရှေ့မှ သိုင်းသူတော်စင်ကိုမူ ပြောနေစရာပင် မလိုတော့ချေ။
ထိုသူသည် ဒိုချီတိုက်ကြီး၏ အထွတ်အထိပ်တွင် ရှိနေသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သောသူကို မြင်တွေ့ရခြင်းမှာပင် ဂုဏ်ယူစရာ ကောင်းလှပြီဖြစ်ရာ အနီးကပ် စကားပြောဆိုနိုင်ခြင်းမှာမူ ပို၍ပင် ထူးခြားလှသည်။
ကျန်းချန်သည် လက်တစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ပြုံးလျက် "ကိစ္စမရှိပါဘူး၊ ငါက ကမ္ဘာကြီးကို လှည့်လည်သွားလာနေတဲ့ ခရီးသွားတစ်ယောက်ပါ၊ နေရာတိုင်းမှာ မိတ်ဆွေဖွဲ့ရတာကို ဝါသနာပါပါတယ်၊ ဖုန်းရှန်းက ငါ့ကို တစ်ခါက မှာဖူးတယ်၊ အကယ်၍ ယောင်ချန်နဲ့ ဆုံခဲ့ရင် သူက ယောင်ချန်ကို အမြဲ ရှာနေတယ်ဆိုတာကို ပြောပြပေးဖို့ပါ" ဟု ဆိုလိုက်သည်။
ယောင်ချန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာသည်။ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ထိုအဖိုးကြီးက သူ့ကို သတိရနေဆဲဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ခဲ့ပေ။
သူ ကျေနပ်မိသည်။
"သတင်းစကားကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး"
"ရပါတယ်၊ ဒါက ကတိဟောင်းတစ်ခုပါပဲ၊ အကယ်၍ ကံကြမ္မာက ခွင့်ပြုမယ်ဆိုရင် နောင်အနာဂတ်မှာ ကျွန်တော်တို့ ပြန်ဆုံကြဦးမှာပါ"
ကျန်းချန်၏ အကြည့်မှာ ရှောင်ယန်ထံသို့ ရောက်သွားပြီး "ကျားမာနိုင်ငံတော်က ရှောင်မိသားစုရဲ့ ပါရမီရှင် ရှောင်ယန်နဲ့ နာ့လန်မိသားစုက နာ့လန်ရန်ယန်တို့ကြားက သုံးနှစ်စာ ကတိကဝတ်အကြောင်း ကျွန်တော် ကြားဖူးပါတယ်၊ အခုဆိုရင် တစ်နှစ်ခွဲလောက်ပဲ လိုတော့တယ်၊ မင်း ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို ငါ သိချင်မိတယ်" ဟု ပြောလိုက်သည်။
‘မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ သားရဲမီးတောက် မရှိဘဲ၊ ကြာပန်းစိမ်း၀င်ရိုးမီးတောက် မရှိဘဲ၊ ပြီးတော့ ကိုယ်ရံတော်တွေဖြစ်တဲ့ ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းနဲ့ မြွေလူမျိုးစု ကျွမ်းကျင်သူ ဘုရင်မကြီး မီဒူဆာတို့ မရှိဘဲနဲ့ပေါ့။’
ရှောင်ယန်သည် ဤတိုက်ပွဲကို အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။
သူသည် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ဤသုံးနှစ်အတွင်း မတူညီသော အခွင့်အလမ်းများ၊ အခြားသူများ၏ အကူအညီများသာ မရရှိခဲ့လျှင် တိမ်တိုက်ဂိုဏ်း၏ လူငယ်ဂိုဏ်းခေါင်းဆောင် နာ့လန်ရန်ယန်ကို ကျော်ဖြတ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။
အကယ်၍ သူ ရှုံးနိမ့်ခဲ့ပါက တိမ်တိုက်ဂိုဏ်းသည်လည်း ပျက်စီးသွားမည် မဟုတ်သလို ရှောင်မိသားစုလည်း အမြစ်ပြတ် ချေမှုန်းခံရမည် မဟုတ်ပေ။ ထို့ပြင် နောက်ဆက်တွဲ ရှုပ်ထွေးမှုများလည်း ပေါ်ပေါက်လာမည် မဟုတ်ပေ။
ဒါဟာ ပုံပြင်ကောင်းတစ်ပုဒ်၏အစလည်း ဖြစ်နိုင်သည်။
"ကွန်ဖြူးရှပ်ပညာရှိ သခင်လေးက ကျွန်တော့်ကို နောက်နေတာပဲ၊ ကျွန်တော်တို့ ရှောင်မိသားစုအပေါ် ထားခဲ့တဲ့ အရှက်ရမှုတွေအတွက် ကျွန်တော်က နာ့လန်မိသားစုကို ထိုက်တန်တဲ့ ပေးဆပ်မှုမျိုး လုပ်ခိုင်းမှာပါ"
ရှောင်ယန်သည် သူ အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သော်လည်း ယင်းမှာ သူ၏ အိပ်မက်တစ်ခုသာ ဖြစ်နေပေတော့သည်။