မင်ဂိုဏ်းကို စည်းလုံးစေခြင်းနှင့် ရှီဟော်လုံ၏ သတင်းကို စုံစမ်းခြင်း
Vol. 6 Ch. 52
ဤသို့ဖြင့် ကျန်းဝူကျိသည် အလယ်ပိုင်းဒေသ မင်ဂိုဏ်း၏ ၃၄ ယောက်မြောက် ဂိုဏ်းချုပ်အဖြစ် တရားဝင် ဖြစ်လာခဲ့လေသည် ။ ကျန်းဝူကျိ ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် ယင်းထျန့်ကျိန်းသည်လည်း လင်းယုန်ဂိုဏ်းကို ဦးဆောင်ကာ မိခင်ဂိုဏ်းထံသို့ တရားဝင် ပြန်လည်ပူးပေါင်းခဲ့၏ ။
ယခင်က ကြည်ညိုလေးစားဖွယ်ကောင်းသော ဂိုဏ်းချုပ်တစ်ယောက် မရှိခဲ့သဖြင့် မင်ဂိုဏ်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေခဲ့ရသော်လည်း ယခုအခါတွင်မူ ကျန်းဝူကျိ၏ ဂိုဏ်းအပေါ်ထားရှိသော ကျေးဇူးတရားမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည် ။ ထို့ပြင် သူ၏ အတွင်းအားမှာလည်း ပြိုင်ဘက်ကင်းလှသဖြင့် အားလုံး၏ လေးစားမှုကို ရရှိခဲ့၏ ။ ဓာတ်ကြီးငါးပါးအလံတော်တပ်ဖွဲ့များနှင့် လင်းယုန်ဂိုဏ်းသားများသည် ယခင်က အာဃာတများကို လုံးဝစွန့်လွှတ်ကာ ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာခဲ့ကြသည် ။
ရန်ရှောင်၊ ဝေယိရှောက်နှင့် မင်ဂိုဏ်း၏ထူးခြားဆန်းပြားသော ပုဂ္ဂိုလ် ငါးဦးအပါအဝင် မင်ဂိုဏ်း၏ ထိပ်သီးပညာရှင်များအားလုံးသည် ကျန်းဝူကျိအပေါ် အလွန်အမင်း သစ္စာရှိကြသည်မှာ ပြောနေရန်ပင် မလိုတော့ချေ ။ မင်ဂိုဏ်းသည် ယခုအကြိမ်တွင် အထိအခိုက် အကျအဆုံးများပြားခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိနေသေးသော်လည်း ကျန်းဝူကျိ ဂိုဏ်းချုပ်ဖြစ်လာသည်နှင့် ချက်ချင်း စည်းလုံးသွားကြတော့သည် ။ ဂိုဏ်းကြီး ပြန်လည်ဦးမော့လာတော့မည်ဟု လူတိုင်းခံစားနေကြရပြီး ယခင်ကထက်ပင် စိတ်ဓာတ်တက်ကြွ ရှင်သန်နေကြလေသည် ။
ရက်အနည်းငယ်အတွင်းမှာပင် မင်ဂိုဏ်းမှာ လုံးဝတည်ငြိမ်သွားခဲ့၏ ။ ရန်ရှောင်နှင့် အခြားသူများသည်လည်း အတွင်းအားများ အပြည့်အဝပြန်လည်ကောင်းမွန်လာကြပြီး ကျန်းဝူကျိအား သစ္စာရှိစွာ အမှုထမ်းရန် အားမာန်အပြည့် ရှိနေကြပြီဖြစ်သည် ။
ကွမ်မင်တောင်ထိပ်၏ ခန်းမဆောင်ကြီးအတွင်း၌ ကျန်းဝူကျိသည် ဂိုဏ်းချုပ်နေရာတွင် ထိုင်နေပြီး သူ၏အောက်တွင် ရန်ရှောင်၊ ယင်းထျန့်ကျိန်း၊ ဝေယိရှောက်၊ မင်ဂိုဏ်း၏ ထူးခြားဆန်းပြားသော ပုဂ္ဂိုလ် ငါးဦးနှင့် ဓာတ်ကြီးငါးပါးအလံတော်အဖွဲ့မှ အလံကိုင်တပ်မှူးများ စုံလင်စွာ ရှိနေကြသည် ။
ကျန်းဝူကျိက ပြတ်သားသောလေသံဖြင့် "ငါတို့မင်ဂိုဏ်းရဲ့ ရည်ရွယ်ချက်က မွန်ဂိုတာတာတွေကို မောင်းထုတ်ပြီး ဟန်လူမျိုးတို့ရဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ပဲ။ ဒါကို ငါတို့ ဘယ်တော့မှ ပြောင်းလဲလို့မဖြစ်ဘူး။ ဒါပေမဲ့ တချို့စည်းမျဉ်းတွေကိုတော့ ပြင်ဆင်ရလိမ့်မယ်။ အရင်ကလို တဇွတ်ထိုးလုပ်တာမျိုးတွေကို လျှော့ချရမယ်။ အဲဒါမှ ရန်သူတွေ မများမှာ" ဟု မိန့်ကြားလိုက်သည် ။
မင်ဂိုဏ်းကို ဂိုဏ်းကြီးခြောက်ဂိုဏ်းက ဝိုင်းဝန်းတိုက်ခိုက်ရခြင်းမှာ ချန်ခွန်းနှင့် ရှဲ့ရွှန်းတို့ကြောင့်သာ မဟုတ်ပေ ။ မင်ဂိုဏ်း၏ စည်းမျဉ်းများမှာ ယခင်က လျော့ရဲလှပြီး တပည့်များက အပြစ်မဲ့သူကို သတ်မိလျှင်ပင် အရေးမယူဘဲ ထားတတ်ကြသဖြင့် သိုင်းလောကမှ အမှန်တရားဘက်တော်သား ဂိုဏ်းများ၏ မကျေနပ်မှုကို ခံခဲ့ရခြင်း ဖြစ်သည် ။ ကျန်းဝူကျိသည် ထိုစည်းမျဉ်းများကို ပြောင်းလဲရန် ရည်ရွယ်ထား၏ ။
သူ၏ မူဝါဒမှာ 'သူတစ်ပါးက ကိုယ့်ကို မစော်ကားလျှင် ကိုယ်ကလည်း သူတစ်ပါးကို မစော်ကား' ရန် ဖြစ်သည် ။ အကြောင်းမဲ့ ရန်သူရှာခြင်းသည် မှားယွင်းလှ၏။ ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် ဖြစ်ပွားခဲ့သည်မှာ ပုဂ္ဂိုလ်ရေး ရန်ငြိုးများကြောင့်သာ ဖြစ်သည် ။ ရန်ရှောင်နှင့် အခြားသူများကလည်း ဂိုဏ်းချုပ်၏ အမိန့်ကို နာခံပါမည်ဟု တညီတညွတ်တည်း ပြန်လည်ဖြေကြားကြသည် ။
ထိုစဉ် တပည့်တစ်ယောက် အပြေးအလွှား ဝင်ရောက်လာ၏။ ထိုသူမှာ ဓာတ်ကြီးငါးပါးအလံတော်အဖွဲ့မှ ဒုတိယအလံကိုင်တပ်မှူး ဖြစ်သည် ။
သူက ကျန်းဝူကျိကို ရိုသေစွာ ဂါရဝပြုပြီး "ဂိုဏ်းချုပ်ခင်ဗျာ၊ တောင်အောက်မှာ လူအုပ်ကြီးက ဝိုင်းတိုက်ခိုက်နေကြပါတယ်။ သူတောင်းစားဂိုဏ်းက ဦးဆောင်ပြီးတော့ ဝေလငါးကြီးဂိုဏ်း၊ လက်သီးနတ်ဘုရားဂိုဏ်း၊ ပင်လယ်သဲဂိုဏ်းနဲ့ မြစ်သုံးသွယ်ဂိုဏ်း စတဲ့ သိုင်းလောကအဖွဲ့အစည်းတွေဟာ အလုံးအရင်းနဲ့ ချီတက်လာပါတယ်။ လူအင်အားလည်း အရမ်းများပါတယ်၊ ဂိုဏ်းချုပ် အမိန့်ပေးပါဦး" ဟု လျှောက်တင်လေသည် ။
ထိုစကားကို ကြားလျှင် ကျိုးတျန်က မျက်လုံးအပြူးသားဖြင့် "ဘာ..... ဒီလို အဆင့်မရှိတဲ့ လူယုတ်မာတွေက ငါတို့ ကွမ်မင်တောင်ထိပ်မှာ လာပြီး ရမ်းကားရဲတယ်လား" ဟု အော်ဟစ်လိုက်သည် ။
ဝေယိရှောက်ကလည်း နှာခေါင်းရှုံ့ကာ "ဒီအရူးတွေက ဂိုဏ်းကြီးခြောက်ဂိုဏ်းထက် ရက်နည်းနည်း နောက်ကျပြီး ရောက်လာကြတာပဲ။ မင်ဂိုဏ်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းလက်ချက်နဲ့ ပျက်စီးသွားပြီအမှတ်နဲ့ ပစ္စည်းလုဖို့ရယ်၊ မိစ္ဆာတွေကို နှိမ်နင်းတယ်ဆိုတဲ့ နာမည်ကောင်းယူဖို့ရယ် လာကြတာနေမှာပေါ့လေ" ဟု ဆိုသည် ။
"သူတို့အဖွားဆီမှာပဲ ဆုတောင်းနေလိုက်လေ။ ဒီလူယုတ်မာတွေကို ငါ အကုန်လုံး ခုတ်သတ်ပစ်မယ်"
ကျိုးတျန်က ဒေါသတကြီး ဆဲဆိုရင်း "ဂိုဏ်းချုပ်၊ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။ လူအနည်းငယ်ခေါ်ပြီး အပြတ်ရှင်းလိုက်ပါ့မယ်" ဟု တောင်းဆိုလေသည် ။
ရန်ရှောင်ကမူ "သူတောင်းစားဂိုဏ်းက လူအင်အား အရမ်းများတာလေ။ လူအနည်းငယ်နဲ့ ဘယ်လိုလုပ် နိုင်မှာလဲ" ဟု ကန့်ကွက်သည် ။
ကျိုးတျန်က မျက်စောင်းထိုးကာ "ဒါဆို မင်းက ဘယ်လိုလုပ်စေချင်လို့လဲ" ဟု ပြန်မေး၏ ။
ဝေယိရှောက်က ရယ်မောရင်း "အစ်ကိုကျိုး၊ မင်းကတော့ မသိသေးဘူးပဲ။ ရန်သံတမန်က ဒီရက်ပိုင်းမှာ အနားယူနေရတာ ကြာပြီဆိုတော့ အားလုံးတူတူသွားပြီး အဲဒီကောင်တွေကို နှိမ်နင်းရင်း လက်ကြောဆန့်ချင်နေတာလေ" ဟု ဝင်ပြောလိုက်သည် ။
ထိုအခါမှ ကျိုးတျန်က သဘောပေါက်သွားပြီး "ဟုတ်သားပဲ။ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့အားလုံး လက်ကြောမဆန့်ရတာ ကြာပြီပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီလူယုတ်မာတွေ လင်းယုန်မင်းကို ဝိုင်းတိုက်နေတာတောင် ငါတို့က မကူညီနိုင်ခဲ့လို့ တော်တော်ဒေါသထွက်ခဲ့ရတာလေ။ အခုတော့ အဲဒီဒေါသတွေကို အကုန်ပုံချပစ်ရမယ်" ဟု ဆိုကာ ကျန်းဝူကျိကို အရိုအသေပေး၍ အမိန့်တောင်းခံလေသည် ။
ကျန်းဝူကျိက ပြုံးလျက် "မင်းတို့ တော်တော်လေး မြိုသိပ်နေခဲ့ကြရတာပဲ။ ဒါဆိုလည်း အားလုံးတူတူ သွားကြတာပေါ့။ ဒီတိုက်ပွဲကနေတစ်ဆင့် ငါတို့မင်ဂိုဏ်းဟာ အရင်လို အကွဲအပြဲမရှိတော့ဘူးဆိုတာ တစ်လောကလုံး သိအောင် ပြလိုက်ကြစို့" ဟု အမိန့်ပေးလိုက်သည် ။
"ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်အမိန့်အတိုင်း နာခံပါ့မယ်"
လူတိုင်းသည် စိတ်ဓာတ်တက်ကြွစွာဖြင့် တောင်အောက်သို့ ဆင်းသွားကြတော့သည် ။ လက်မောင်းတွင် ဒဏ်ရာရထားသော ယင်းထျန့်ကျိန်းပင်လျှင် လိုက်ပါသွားခဲ့၏ ။ သူ့အတွက်မူ ထိုကဲ့သို့ အဆင့်မရှိသော လူယုတ်မာများကို နှိမ်နင်းခြင်းမှာ မခက်ခဲလှပေ ။
ကျန်းဝူကျိသည်လည်း အားနေသဖြင့် လိုက်သွားရာ ရှောင်ကျောက်နှင့် ရန်ပုဟွေ့တို့ကလည်း အခြေအနေကို ကြည့်ရန် နောက်မှ လိုက်လာကြသည် ။
ကျန်းဝူကျိ ထင်ထားသည့်အတိုင်းပင် ရန်ရှောင်နှင့် အခြားသူများသည် လွန်ခဲ့သော ရက်အနည်းငယ်က အောင့်အည်းထားသမျှကို ထိုလူအုပ်ကြီးအပေါ် ပုံချလိုက်သဖြင့် ရန်သူများမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားကြတော့သည် ။ သူတောင်းစားဂိုဏ်းမှာ လူအင်အားများသော်လည်း စနစ်တကျ မရှိသဖြင့် မင်ဂိုဏ်း၏ ပညာရှင်များလက်ချက်ဖြင့် အလူးအလဲ ခံကြရလေသည် ။
ထိုစဉ် ကျန်းဝူကျိသည် အတွင်းအား အသင့်အတင့်ရှိသော သူတောင်းစားဂိုဏ်းမှ အကြီးအကဲတစ်ဦးကို တွေ့ရှိသဖြင့် သူ၏အနားသို့ ခုန်ဝင်လိုက်သည် ။ ထိုအကြီးအကဲက ကျန်းဝူကျိကဲ့သို့ လူငယ်လေးတစ်ယောက်ကို အထင်သေးကာ ဓားဖြင့် ခုတ်သော်လည်း ကျန်းဝူကျိ၏ အတွင်းအားကို မယှဉ်နိုင်ဘဲ ဓားမှာ လွင့်ထွက်သွားကာ အချုပ်ခံလိုက်ရတော့သည် ။
ကျန်းဝူကျိသည် 'တိမ်လွှာလှေကား' ကိုယ်ဖော့ပညာကို သုံးကာ ထိုသူကို ဖမ်းဆီးခေါ်ဆောင်လာခဲ့၏ ။ ကျန်းဝူကျိသည် စကြဝဠာရွှေ့ပြောင်းခြင်းပညာကို တတ်မြောက်ထားသဖြင့် မည်သည့်ပညာကိုမဆို မြင်ရုံဖြင့် တတ်မြောက်နိုင်စွမ်း ရှိပေသည် ။
သူတောင်းစားဂိုဏ်း အကြီးအကဲက "ကောင်စုတ်လေး၊ မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်လေ။ မင်းတို့ မိစ္ဆာဂိုဏ်းသားတွေ အကုန်လုံး အသေဆိုးနဲ့ သေကြရမှာ" ဟု ဆဲဆိုလေသည် ။
"ဟားဟား.....မင်းတို့ သူတောင်းစားဂိုဏ်းက ဒီလောက်အဆင့်အတန်း နိမ့်ကျနေပြီကို မင်ဂိုဏ်းကို ပြောရဲသေးတယ်လား" ဟု ကျန်းဝူကျိက ရယ်မောကာ ပြန်ပြောလိုက်၏ ။
ထိုသူက သူတို့ဂိုဏ်းမှာ သစ္စာရှိပြီး တရားမျှတပါသည်ဟု အော်ဟစ်နေသဖြင့် ကျန်းဝူကျိက စိတ်မရှည်တော့ဘဲ "တော်စမ်းပါ..... ငါ့ရှေ့မှာ တရားမျှတသလို လာပြီးဟန်ဆောင်မနေနဲ့။ မင်းတို့ သူတောင်းစားဂိုဏ်းက လူကုန်ကူးတာတွေ၊ သူများပစ္စည်း ခိုးတာတွေ မလုပ်ဘူးလို့ ပြောရဲလား" ဟု ဆိုကာ ပါးတစ်ချက် ရိုက်လိုက်လေသည် ။ ထိုအခါမှ အကြီးအကဲမှာ သွားများကျွတ်ထွက်ကာ ငြိမ်ကျသွားတော့၏ ။
ကျန်းဝူကျိက "ငါ တစ်ခုပဲ မေးမယ်။ မင်းတို့ဂိုဏ်းချုပ် ရှီဟော်လုံ အခု ဘယ်မှာလဲ" ဟု မေးလိုက်သည် ။
ရှီဟော်လုံသည် ဒဏ်ရာရသဖြင့် တောတောင်ထဲတွင် ဆေးကုသနေကြောင်း ကျန်းဝူကျိ သိထားသော်လည်း မည်သည့်နေရာ၌ ရှိနေသည်ကိုမူ မသိပေ ။ ကျန်းဝူကျိသည် 'နဂါးနိုင်လက်ဝါးဆယ့်ရှစ်ချက်' ကို အလွန်စိတ်ဝင်စားနေခြင်း ဖြစ်သည် ။ ရှီဟော်လုံမှာ အခြေခံအတွင်းအား မခိုင်မာသဖြင့် ထိုသိုင်းကို အပြည့်အဝ မတတ်မြောက်သော်လည်း ကျန်းဝူကျိအတွက်မူ အခွင့်အရေးရှိနေသည် မဟုတ်ပါလား ။
အကြီးအကဲက "ငါမပြောဘူး" ဟု ငြင်းဆန်သဖြင့် ကျန်းဝူကျိက ပရိယာယ်သုံးကာ "ငါက မင်ဂိုဏ်းက နာမည်မရှိတဲ့သူတစ်ယောက်ပါ။ ဂိုဏ်းချုပ်ရှီကို လေးစားလွန်းလို့ မေးကြည့်တာပါ။ အခုတော့ ဂိုဏ်းချုပ်ရှီက ငါ့လိုလူကိုတောင် မယှဉ်နိုင်ဘူးထင်လို့ မပြောတာနေမှာပေါ့လေ" ဟု ဆိုလိုက်သည် ။
ထိုအခါ အကြီးအကဲက ဒေါသထွက်ကာ "ငါ့တို့ဂိုဏ်းချုပ်ရဲ့ အတွင်းအားက ပြိုင်ဘက်ကင်းတာ။ ရန်တိန့်ထျန်း အသက်ရှင်နေရင်တောင် မယှဉ်နိုင်ဘူး။ ငါမကြောက်လို့ ပြောပြလိုက်မယ်၊ ဂိုဏ်းချုပ်ရှီက အခု ဆုန့်တောင်ပေါ်မှာ ရှိတယ်" ဟု ပြောချလိုက်လေသည် ။
ကျန်းဝူကျိသည် သတင်းရသည်နှင့် ထိုသူကို လက်ဝါးဖြင့် ရိုက်ကာ အဆုံးသတ်လိုက်တော့၏ ။
"ဪ..... ရှောင်လင်ဂိုဏ်းရဲ့ အနီးအနားမှာပဲ။ ဒါကြောင့်ကိုး" ဟု ကျန်းဝူကျိက ရေရွတ်ရင်း နဂါးနိုင်လက်ဝါးသိုင်းကို မည်သို့ရယူရမည်ကို ကြံစည်နေတော့သည် ။
ရန်ပုဟွေ့က "အစ်ကိုဝူကျိ...ဘာလို့ ရှီဟော်လုံအကြောင်း မေးနေတာလဲ" ဟု မေးရာ ကျန်းဝူကျိက သူမကို အံ့သြစွာ ကြည့်လိုက်သည် ။ ရန်ပုဟွေ့က သူမသည် သိုင်းလောက သတင်းများကို စုံစမ်းလေ့ရှိသဖြင့် 'ရွှေငွေလက်ဝါး' ဟု ကျော်ကြားသော ရှီဟော်လုံအကြောင်းကို သိထားခြင်း ဖြစ်သည်ဟု ဆိုသည် ။
ကျန်းဝူကျိက ခေါင်းခါလျက် "ရှီဟော်လုံက နဂါးနိုင်လက်ဝါးဆယ့်ရှစ်ချက်ကို အတင်းအဓမ္မ လေ့ကျင့်ပေမဲ့ အခြေခံမရှိလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတဖြစ်အောင် လုပ်လိုက်မိတာလေ။ အခု သူ ပုန်းနေရတာက ဒဏ်ရာကုဖို့ပဲ။ ငါက အဲဒီလက်ဝါးသိုင်းကို လိုချင်လို့ သူ့ကို ရှာတာပါ" ဟု ရှင်းပြလိုက်သည် ။
ရန်ပုဟွေ့က "ဂိုဏ်းချုပ်ကောကျန့်တုန်းကတော့ ဒီသိုင်းကို တတ်ခဲ့တာပဲလေ" ဟု မေးရာ ကျန်းဝူကျိက "သူရဲကောင်းကောကျန့်က ငယ်ငယ်ကတည်းက ဝူတန်ဂိုဏ်းရဲ့ တာအိုဆရာ မာယွီဆီကနေ စစ်မှန်တဲ့ အတွင်းအားတွေကို သင်ယူခဲ့ရလို့ အခြေခံခိုင်မာခဲ့တာလေ။ ရှီဟော်လုံမှာ ဘယ်လိုလုပ် အဲဒီလို ကံကောင်းခြင်းမျိုး ရှိမှာလဲ" ဟု ပြုံးလျက် ဖြေကြားလိုက်သည် ။
ရန်ပုဟွေ့သည် ကျန်းဝူကျိ၏ အရာရာကို သိမြင်တတ်မြောက်မှုကို ကြည့်ကာ အလွန်ပင် လေးစားသွားရတော့သည် ။