← Chapters

ကိုယ့်အမှားကိုယ် ဆင်ခြင်လော့

Vol. 6 Ch. 53

ကိုယ့်အမှားကိုယ် ဆင်ခြင်လော့

Vol. 6 Ch. 53

"အစ်ကိုက အဲဒီလောက်တောင် တော်လို့လား"

ကျန်းဝူကျိသည် ထူးဆန်းသော မျက်နှာပေးဖြင့် "အစ်ကို့ကို အခုလိုမျိုး တခြားနေရာမှာပဲ ချီးကျူးပေးစေချင်တယ်" ဟု ပြောလိုက်သည် ။

ရန်ပုဟွေ့မှာ ဘာကိုဆိုလိုမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားချေသည် ။ ဤစကားမှာ ဘာအဓိပ္ပာယ်ပါနည်း။ ဝူကျိ ကိုကို ဘာတွေ ပြောနေပါလိမ့်။ နှလုံးသားရေးရာ အတွေ့အကြုံ လုံးဝမရှိသော မိန်းကလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ ရန်ပုဟွေ့တစ်ယောက် ကျန်းဝူကျိ၏ ဆိုလိုရင်းကို နားမလည်နိုင်ပေ ။

ဘေးတွင် ရပ်နေသော ရှောင်ကျောက်ပင်လျှင် ဇဝေဇဝါမျက်နှာပေးဖြင့် နားထောင်နေပြီး 'သခင်လေးက သူသိုင်းကျင့်နေတဲ့အချိန်မှာ ကျွမ်းကျင်မှုကို ချီးကျူးရင် ပိုပျော်မယ်လို့ ပြောတာလား' ဟု တွေးနေမိသည် ။ ချစ်စဖွယ် မိန်းကလေးနှစ်ဦးစလုံးမှာ ပထမဆုံး အချစ်စိတ် နိုးထစပြုနေသော်လည်း အတွေ့အကြုံ မရှိကြသဖြင့် ကျန်းဝူကျိ၏ စကားကို မရိပ်မိကြချေ ။

၎င်းတို့နှစ်ဦးက မိမိ၏ ပြက်လုံးကို လုံးဝ နားမလည်ကြောင်း တွေ့ရသောအခါ ကျန်းဝူကျိမှာ အနည်းငယ် ပျင်းရိသွားတော့သည် ။ ယခုခေတ် မိန်းကလေးများမှာ တကယ်ပင် ရိုးအအနိုင်လှသည်၊ ဤမျှလောက်လေးကိုပင် နားမလည်ကြသေးပါလား။ သို့သော်လည်း ၎င်းတို့မှာ ဤမျှ ရိုးသားဖြူစင်နေ၍သာ သူက အလွယ်တကူ သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်ဟုလည်း တွေးမိပြန်သည် ။

ကျန်းဝူကျိသည် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ ရန်ပုဟွေ့၊ ရှောင်ကျောက်တို့နှင့်သာ ရယ်ရယ်မောမော စကားပြောနေလိုက်သည် ။ ခေတ္တမျှ ကြာသောအခါ တိုက်ပွဲမှာ အပြတ်အသတ် အောင်နိုင်သွားပြီး ရန်သူများကို မောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည် ။

"ဂိုဏ်းချုပ်..... ဒီအမှိုက်တွေကို အားလုံး ရှင်းပစ်လိုက်ပြီ။ အခုတော့ စိတ်ထဲ ပေါ့သွားတာပဲ"

ကျိုးတျန်သည် ကိုယ်ပေါ်တွင် သွေးများ ပေကျံနေဆဲဖြစ်သော်လည်း အားရပါးရ ရယ်မောနေသည် ။ နေ့ရက်ပေါင်းများစွာ ဖိနှိပ်ခံထားရပြီးနောက် ယခုမှပင် အောင်ပွဲအရသာကို အပြည့်အဝ ခံစားလိုက်ရခြင်း ဖြစ်သည် ။ ရန်ရှောင်နှင့် တခြားသူများကို ကြည့်လိုက်လျှင်လည်း အားတက်သရော ရှိနေကြသည်ကို တွေ့ရမည် ဖြစ်သည် ။

ဤတိုက်ပွဲမှာ ၎င်းတို့အတွက် အောင်ပွဲတစ်ခု ဖြစ်ရုံသာမက မင်ဂိုဏ်း (မိစ္ဆာဂိုဏ်း) သည် ပြိုကွဲမနေတော့ကြောင်း ကမ္ဘာကို ကြေညာလိုက်ခြင်းလည်း ဖြစ်သည် ။ လင်းယုန်ဂိုဏ်းဖြစ်စေ၊ ဓာတ်ကြီးငါးပါးအလံတော်အဖွဲ့ဖြစ်စေ ယခုအခါ အားလုံး စည်းလုံးသွားကြပြီဖြစ်ရာ မည်သည့်ဂိုဏ်းကမျှ လာရောက် ရန်စ၍ ရတော့မည် မဟုတ်ပေ ။

ကျန်းဝူကျိက ပြုံးလျက် "ကောင်းပြီ.....ဒါဟာ ငါတို့ မင်ဂိုဏ်း ပြန်လည် နိုးထလာခြင်းရဲ့ ပထမဆုံး တိုက်ပွဲပဲ။ အရင်ဆုံး တိုက်ပွဲနေရာကို ရှင်းလင်းလိုက်ကြဦး၊ မကြာခင် ငါတို့ လုပ်စရာအသစ်တွေ ရှိလာလိမ့်မယ်" ဟု ဆိုလိုက်သည် ။

"ဟုတ်ကဲ့"

လူအများမှာ အမိန့်ကို နာခံလျက် စစ်တလင်းကို ရှင်းလင်းပြီးနောက် ပြန်လည် စုရုံးလာကြသည် ။ ထက်မြက်သော ရန်ရှောင်က ပြုံးလျက် "ဂိုဏ်းချုပ်က ဝူတန်ဂိုဏ်းက လူတွေကို စိတ်ပူလို့ သွားကယ်ချင်နေတာလား" ဟု မေးလိုက်သည် ။

ကျန်းဝူကျိက ခေါင်းညိတ်၍ "အတိအကျပဲ.....ဒီတစ်ခါမှာတော့ မွန်ဂိုတွေက သူတို့ရဲ့ နည်းပရိယာယ်ကို ပြောင်းလဲပြီး သိုင်းလောက က ဂိုဏ်းကြီးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြတာပဲ။ ဒါက တကယ်တော့ ငါနဲ့ မဆိုင်ပေမဲ့ ဝူတန်ဂိုဏ်းက ငါနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတာကိုလည်း မင်းတို့ အားလုံး သိကြသားပဲ။ ဒါ့အပြင် ယွမ်မင်းဆက်ကို တော်လှန်တာက ငါတို့ဂိုဏ်းရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်ဖို့က ငါတို့ရဲ့ တာဝန်ပဲ ဖြစ်တယ်" ဟု ဆိုသည် ။

လူအားလုံးက သဘောတူကြသည် ။ ခြောက်ဂိုဏ်းကြီးမှာလည်း ရှင်းထုတ်ပြီးသား ဖြစ်နေပြီ ။ ယခုအခါ မင်ဂိုဏ်း စည်းလုံးသွားပြီဖြစ်ရာ ယွမ်မင်းဆက်ကို တော်လှန်ရေးမှာ ဂိုဏ်း၏ မူဝါဒအတိုင်း ဖြစ်သဖြင့် ထွေထွေထူးထူး ပြောနေစရာ မလိုတော့ပေ ။

ကျိုးတျန်မှာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း "ဂိုဏ်းချုပ်ရန်က ယွမ်မင်းဆက်ကို တော်လှန်ဖို့ အမြဲပြောခဲ့ပေမဲ့ ကံဆိုးချင်တော့ သူက စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်။ ဒီတစ်ခါတော့ ဂိုဏ်းချုပ်အပေါ်မှာပဲ မူတည်တော့တယ်၊ ဒီမွန်ဂိုတွေကို ကန္တာရထဲအထိ ပြန်မောင်းထုတ်ရမယ်" ဟု အားတက်သရော ပြောလေသည် ။

ကျန်းဝူကျိက အနည်းငယ် ခေါင်းညိတ်လျက် "ဒါဆို အချိန်မဆွဲတော့ဘူး။ လုံချန်းနဲ့ ယင်းယဲ့ဝမ်တို့ကတော့ ဂိုဏ်းကို ထိန်းသိမ်းဖို့ ဒီမှာ ခေတ္တနေခဲ့ပါ။ ကျန်တဲ့ ပညာရှင်တွေ အားလုံးကတော့ ငါနဲ့အတူ တောင်အောက်ဆင်းပြီး ယွမ်စစ်တပ်ကို ရင်ဆိုင်မယ်" ဟု အမိန့်ပေးလိုက်သည် ။

"ဟုတ်ကဲ့"

လူများအားလုံး သဘောတူ လက်ခံကြသည် ။ လုံချန်းမှာ စကားနည်းသော်လည်း အလုပ်လုပ်ရာတွင် စေ့စပ်သေချာသူ ဖြစ်သဖြင့် သင့်တော်သော လူတစ်ဦး ဖြစ်သည် ။

ယင်းယဲ့ဝမ်မှာမူ အနည်းငယ် အံ့အားသင့်သွားပြီး "ဂိုဏ်းချုပ်.....အားလုံး သွားကြမှာကို ကျွန်တော့်ကို ဘာလို့ ချန်ထားခဲ့တာလဲ" ဟု မေးလိုက်သည် ။ ယင်းယဲ့ဝမ်သည် လူငယ်ပိုင်း ဖြစ်သော်လည်း အသက်အရွယ်မှာ မငယ်တော့ပေ၊ သူ၏ သိုင်းပညာမှာလည်း ယင်းထျန့်ကျိန်းထံမှ တိုက်ရိုက် အမွေရထားခြင်း ဖြစ်ရာ ထူးခြားဆန်းပြားသော ပုဂ္ဂိုလိငါးဦးထက်ပင် မနိမ့်ပါဘဲ ဘာကြောင့် ချန်ထားခံရသနည်းဟု တွေးမိသည် ။

ကျန်းဝူကျိက မျက်မှောင်ကြုတ်လျက် "ဦးလေးကို ချန်ထားခဲ့တာက လင်းယုန်ဂိုဏ်းသားတွေကို ကြီးကြပ်ဖို့နဲ့ ကိုယ့်အမှားကိုယ် ပြန်ဆင်ခြင်ဖို့ပဲ" ဟု ပြောလိုက်သည် ။

"ဗျာ"

လူအများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ယင်းယဲ့ဝမ်ကိုယ်တိုင်လည်း မှင်တက်သွားတော့သည် ။ လင်းယုန်ဂိုဏ်းသားများကို ကြီးကြပ်ရန် ဆိုသည်မှာ သဘာဝကျပါသည်၊ လင်းယုန်ဂိုဏ်းနှင့် ဓာတ်ကြီးငါးပါးအလံတော်အဖွဲ့တို့မှာ ယခင်က ပဋိပက္ခ ရှိခဲ့ဖူးသည် ။ ယခု အဆင်ပြေသွားပြီ ဆိုသော်ငြား ဂိုဏ်းချုပ်နှင့် ပညာရှင်များ မရှိသည့်အချိန်တွင် ပြဿနာ မတက်အောင် ယင်းယဲ့ဝမ်ကဲ့သို့ ဩဇာရှိသူ တစ်ဦး ရှိနေသင့်သည်မှာ မှန်သည် ။ သို့သော် မိမိကိုယ်ကိုယ် ပြန်ဆင်ခြင်ရန် ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။

ပုဂ္ဂိုလ်ရေးအရ ကြည့်လျှင် ယင်းယဲ့ဝမ်သည် ကျန်းဝူကျိ၏ ဦးလေး (မိခင်၏ မောင်) တော်စပ်သည် ။ ဆုံတွေ့သည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း ၎င်းတို့၏ ဆက်ဆံရေးမှာ ငြင်းမရသော ဆွေမျိုးရင်းချာများ ဖြစ်သည် ။ အမှားအမှန်အရ ကြည့်လျှင်လည်း ယင်းယဲ့ဝမ်သည် ကွမ်မင်တောင်ထိပ်ကို ကာကွယ်ရင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အသက်ပင် ဆုံးလုနီးပါး ဖြစ်ခဲ့ရသည် ။ ဤသည်မှာ မင်ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှု ဖြစ်နေပါလျက် ဘာကြောင့် ဆင်ခြင်ရန် အမိန့်ပေးရသနည်း ။

စကားမထိန်းနိုင်သော ကျိုးတျန်က ဝင်မေးရန် ပြင်လိုက်သော်လည်း ထက်မြက်သော လုံချန်းက စကားမှားမည်စိုးသဖြင့် ၎င်း၏ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်သည် ။

လူအများ၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ ကျန်းဝူကျိက "တခြားကိစ္စတွေအတွက် မဟုတ်ပါဘူး၊ ဦးလေးရဲ့ မိသားစုရေးရာတွေ အတွက်ပါ" ဟု ဆိုလိုက်သည် ။

ကျန်းဝူကျိသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး "ဦးလေး..... တချို့ကိစ္စတွေက တူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ ပြောဖို့ မသင့်တော်ပေမဲ့ ဦးလေးက မိသားစုကိစ္စကို သေချာ မကိုင်တွယ်နိုင်ခဲ့ဘူး၊ ဘက်လိုက်မှုတွေကြောင့် ဘေးဒုက္ခတွေ ဖြစ်ခဲ့ရတယ်၊ ဒါကို ကျွန်တော်က ထပ်ပြောနေဖို့ လိုသေးလို့လား" ဟု မေးလိုက်သည် ။

ယင်းယဲ့ဝမ်မှာ လုံးဝ နားမလည်နိုင်ဘဲ “ငါ့မိသားစုရေးရာက နည်းနည်းတော့ ရှုပ်ထွေးတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါက ယင်းလီရဲ့ ရက်စက်မှုကြောင့် ဖြစ်တာလေ၊ ကျန်တာတွေကတော့ အဆင်ပြေပါတယ်” ဟု တွေးနေမိသည် ။

ဦးလေးဖြစ်သူက ဆင်ခြင်မှု မရှိသေးသည်ကို မြင်သောအခါ ကျန်းဝူကျိက "ကျွန်တော် ညီမလေး ယင်းလီနဲ့ တွေ့ခဲ့ပြီးပြီ။ သူမက အဲဒီတုန်းက ဖြစ်ပျက်ခဲ့သမျှ အကုန်ပြောပြပြီးပြီ။ ဦးလေး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ အဲဒီတုန်းက ယင်းလီရဲ့ မိခင်အပေါ်မှာ ဦးလေး တရားမျှတခဲ့ရဲ့လား" ဟု ဆိုလိုက်သည် ။

"ဩော်... မိသားစုရေးရာ ဆိုတာ ဒါကိုး"

ဤစကားကို ကြားသောအခါ လူအများ၏ စပ်စုလိုစိတ်မှာ နိုးကြားလာကြသည်၊ ဤသည်မှာ ဂိုဏ်းချုပ်က သူ၏ ဦးလေးမိသားစုကိစ္စကို ဝင်ရောက် ကိုင်တွယ်ခြင်း ဖြစ်သဖြင့် မည်သူမျှ ဝင်ရောက် စွက်ဖက်ခွင့် မရှိကြချေ ။

ယင်းယဲ့ဝမ်သည် ကျန်းဝူကျိ ဘာကြောင့် ဤသို့ပြောရသည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည် ။ သူသည် ခါးသီးစွာ ပြုံးလျက် "အဲဒီတုန်းက ငါ့အမှားပါပဲ။ ငါက အရမ်း ဘက်လိုက်ခဲ့မိလို့ အခုလို ကြေကွဲစရာတွေ ဖြစ်ခဲ့ရတာ။ အားလီက သူမရဲ့ မိထွေးကို သတ်ပြီးတဲ့နောက် ငါလည်း အခုထိ နောက်ထပ် ဇနီး ထပ်မယူတော့ဘူး။ ဒါပေမဲ့ ငါ့ရဲ့ သားနှစ်ယောက်ကတော့ အားလီကို လက်စားချေဖို့ပဲ အမြဲ ကြိုးစားနေကြတယ်။ အမှန်ပါပဲ၊ အပြစ်အားလုံးက ငါ့ကြောင့်ပါ" ဟု ဝန်ခံလိုက်သည် ။

ယင်းထျန့်ကျိန်းသည်လည်း ခေါင်းကို အနည်းငယ် ခါယမ်းနေသည် ။ သူသည်လည်း သားဖြစ်သူ၏ မိသားစုရေးရာများကို သိရှိပြီး ယင်းယဲ့ဝမ်ကို ခဏခဏ ဆူပူကြိမ်းမောင်းခဲ့ဖူးသည် ။ သို့သော် သူပြောသော်လည်း ဘာထူးမည်နည်း၊ ကြီးမားသော အမှားက ဖြစ်ပြီးခဲ့လေပြီ ။

တကယ်တော့ ယင်းယဲ့ဝမ်သည် ဇနီးမယားများစွာ ရှိနေခြင်းမှာ ပြဿနာ မရှိဟု ထင်သော်လည်း အတိတ်က ဘက်လိုက်ခဲ့မှုအပေါ်တွင်မူ အနည်းငယ် နောင်တရနေမိသည် ။ သို့သော် သူသည်လည်း သိက္ခာကို ငဲ့ကွက်သူ ဖြစ်ရာ ယနေ့ ကျန်းဝူကျိကသာ ဤစကားများကို မပြောလျှင် သူသည်လည်း မည်သူ့ကိုမျှ ဝန်ခံမည် မဟုတ်ပေ ။

ယင်းယဲ့ဝမ်က ခေါင်းခါယမ်းလျက် "ဒါပေမဲ့ အားလီက အရမ်း ခေါင်းမာတယ်လေ၊ သူမ အမေရဲ့ ပင့်ကူတစ်ထောင် အဆိပ်လက်ဝါး သိုင်းကိုပဲ အပြင်းအထန်လေ့ကျင့်နေတာ။ ငါတစ်ခါ တွေ့ဖူးတယ်၊ သူမကိုယ်သူမ ရုပ်ဆိုးအောင် လုပ်နေသလိုပဲ။ ငါက သူမကို ပြန်ခေါ်ပြီး သိုင်းပညာတွေ စွန့်လွှတ်စေချင်ပေမဲ့ ရွှေပန်းအဘွားအိုက ဝင်နှောက်ယှက်လို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ အကယ်၍ သူမ အစ်ကိုနှစ်ယောက်သာ တွေ့ရင် သေချာပေါက် သတ်ကြလိမ့်မယ်။ သူတို့ မောင်နှမတွေ အချင်းချင်း သတ်ကြတာကို ငါ တကယ် မကြည့်ရက်ဘူး" ဟု ဆိုသည် ။

"အချင်းချင်း သတ်ကြရအောင် ဘာတွေ ဖြစ်နေလို့လဲ။ အတိတ်က ကိစ္စတွေကို ထပ်မပြောနဲ့တော့။ အားလီရဲ့ ဘဝတစ်ခုလုံးအတွက် ကျွန်တော် တာဝန်ယူတယ်။ ဦးလေး ပြန်သွားရင် ကျွန်တော့်အစ်ကိုနှစ်ယောက်ကို ပြောလိုက်ပါ၊ အားလီက သူတို့အမေကို သတ်ခဲ့တာ မှန်ပေမဲ့ အားလီရဲ့ အမေကလည်း အဲဒီအတွက် သေခဲ့ရပြီးပြီ၊ ဒါကြောင့် ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတော့။

သူတို့ ဒီနှမကို အသိအမှတ်ပြုဖို့ မလိုသလို၊ သူမကိစ္စမှာလည်း ဝင်မရှုပ်ကြနဲ့။ အကယ်၍ သူတို့က အားလီကို ထပ်ပြီး လိုက်လံ သတ်ဖြတ်နေဦးမယ် ဆိုရင်တော့ ကျွန်တော် သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီး တစ်သက်လုံး ဒုက္ခိတ ဖြစ်အောင် လုပ်ပစ်မယ်"

ကျန်းဝူကျိက အေးစက်စွာ ပြောလိုက်သည် ။ ဤကိစ္စအပေါ် သူ၏ အမြင်မှာ ရိုးရှင်းသည်၊ ယင်းလီ အမှားလုပ်ခဲ့သည်မှာ မှန်သော်လည်း လူသေဆုံးမှု ဖြစ်ပြီးသွားပြီ ဖြစ်သဖြင့် အတိတ်ကို လှန်မနေသင့်တော့ပေ ။ ထို့အပြင် ယခုအခါ ယင်းလီမှာ သူ၏ လက်အောက်တွင် ရှိနေပြီ ဖြစ်သည် ။

ဤစကားကို ကြားသောအခါ ယင်းယဲ့ဝမ်၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည် ။ မိမိ၏ တူဖြစ်သူမှာ သိုင်းပညာ ပြိုင်ဘက်ကင်းရုံသာမက စရိုက်မှာလည်း ပြတ်သားလွန်းလှသည်ကို သူ သိသည် ။ ဂိုဏ်းချုပ်တစ်ယောက်ကိုပင် မဆိုင်းမတွ သတ်ဝံ့သူဖြစ်ရာ ပြောသည့်အတိုင်း လုပ်မည့်သူ ဖြစ်သည် ။ ထို့ကြောင့် သူသည် မည်သို့မျှ မချေပဝံ့တော့ဘဲ ခေါင်းညိတ် သဘောတူလိုက်ရတော့သည် ။

လူအများမှာ ဦးလေးဖြစ်သူ ယင်းယဲ့ဝမ်ပင် ကျန်းဝူကျိ၏ ဆူပူမှုကို ဘာမှမပြောဝံ့ဘဲ ခံနေရသည်ကို မြင်သောအခါ ကျန်းဝူကျိအပေါ် ရိုသေလေးစားစိတ်များ ပို၍ တိုးလာကြသည် ။

၎င်းတို့၏ ဂိုဏ်းချုပ်အသစ်မှာ တကယ့်ကို ထူးခြားသော သူရဲကောင်းတစ်ဦး ဖြစ်သည် ။ လူကြီးသူမဖြစ်စေ၊ ဆွေမျိုးဖြစ်စေ အမှားလုပ်လျှင် ငြိမ်ကုပ်သွားအောင် ဆုံးမနိုင်သူ ဖြစ်သည် ။ မည်သူမျှ မချေပဝံ့ကြချေ ။ သို့သော် ဤသည်မှာ ၎င်းတို့အား ငြိုငြင်စေခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် မင်ဂိုဏ်းကို ပြန်လည် နိုးထစေနိုင်မည့် သူရဲကောင်း ခေါင်းဆောင်အဖြစ် ပို၍ပင် ကြည်ညိုလေးစား သွားကြလေတော့သတည်း ။

All Chapters