ထူးဆန်းတာတစ်ခုခု ရှိရင် ပြဿနာရှိမယ်၊ ဒါဆို ရတနာရှိမယ်
Vol. 134 Ch. 1854
ကောင်းကင်ဘုံနွားထီးကုန်းမြေသည် ကောင်းကင်ဘုံသားများ၏အပိုင် အရှေ့ပိုင်းကုန်းမြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းဒေသ၌ တောင်တန်းများပြည့်နေသော လူသူကင်းမဲ့သောနေရာ တစ်ခု ရှိလေသည်။ လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နယ်မြေအများစုသည် တောင်တန်းများနှင့် ပြည့်နေသည်ကို မြင်ရလိမ့်မည်။
ပြောကြသည်မှာ အစောပိုင်းနှစ်များတုန်းက ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ကောင်းကင်ဘုံဘိုးဘေးက အစွမ်းထက်ကာ ရက်စက်ကြမ်းကြုတ်လှသော သားရဲတစ်ကောင်ကို သတ်ပစ်ခဲ့သည် ဟူ၏။ ထိုထက်ပို၍ ကောလာဟာလ ဆိုကြသည်မှာ ကုန်းမြေခုနစ်ဆယ့်နှစ်ခုလုံး၌ ကြမ်းကြုတ်ကာ သာမန်ထက်ထူးကဲသော သားရဲခုနစ်ဆယ့်နှစ်ကောင်ကို ဖိနှိပ်ဖို့ ချိပ်ပိတ်ထားသည် ဟူ၏။
ရှေးနိုင်ငံများ၏ နယ်မြေသုံးဆယ့်ခြောက်ခုတွင်လည်း ထိုသို့တူညီသော ဒဏ္ဍာရီများ ရှိပေသည်။ သို့သော် ထိုအကြောင်းက အချိန်အလွန်တရာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သဖြင့် မည်သူကမျှ အမှန်လား၊ အမှားလား မသိကြတော့ပေ။ နေကိုးစင်းကဲ့သို့ လူများနှင့် မျိုးနွယ်စုနှစ်ခု၏ တော်ဝင်မိသားစုများသာ သိကောင်းသိနိုင်လောက်သည်။
တခြားကျင့်ကြံသူများအတွက်တော့ ဤဒဏ္ဍာရီစကားများက ယုတ္တိသိပ်မရှိပေ။ သူတို့က ထိုကြမ်းကြုတ်သောသားရဲများ၏ တည်ရှိမှုကိုလည်း အာရုံမခံနိုင်ပေ။
ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ရှေးအချိန်များတည်းက တည်ရှိသည်ဟူသော စကားရှိ၏။ သည်ကုန်းမြေတွင် တောင်တန်းများစွာ ရှိနေရသည့်အကြောင်းရင်းမှာ တောင်တစ်တောင်ချင်းစီးသည် ကြမ်းကြုတ်သောသားရဲ၏ အရိုးတစ်ချောင်းစီကြောင့် ဖြစ်ပေါ်ခြင်းကြောင့်တည်း။
ထိုကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ကျော်ကြားသောကလန်နှစ်ခု ရှိသည်။ ယင်းတို့မှာ ကောက်ရီကလန်နှင့် မဟာစိတ်ဝိညာဉ်ကလန်တို့ပင်။
ထိုကလန်နှစ်ခုသည် အလွန်ကြီးမားကာ အရှေ့ပိုင်းကုန်းမြေ၏ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခု၏ အစိတ်အပိုင်းလည်း ဟုတ်သည်။ ယင်းကလန်နှစ်ခု၌ တပည့်မြောက်များစွာ ရှိနေသည်။ သို့သော် ကောင်းကင်ဘုံနွားထီးကုန်းမြေသည် လှိုဏ်ဂူလောကဒါဇင်ချီလောက်နှင့် ညီမျှသောအရွယ်အစား ရှိသည့်အတွက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ခဲ့သည်။ သည့်အတွက် သူတို့ကြား၌ ပဋိပက္ခများများစားစား မဖြစ်ကြပေ။
မဟာစိတ်ဝိညာဉ်ကလန်သည် အလွန်ထူးခြား၏။ သူတို့က မတူညီသော ကျင့်ကြံခြင်းနည်းလမ်းများစွာကို ကျင့်ကြံကြသည်။ သို့သော် အရေးကြီးဆုံးကမူ စိတ်ဝိညာဉ်နှင့် ပုံရိပ်ယောင်ပင်။
ဖန်ရှန်မင်က မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်ယောက် ဖြစ်၏။ သူမ၏ ပုံရိပ်ယောင်မန္တာန်အမျိုးမျိုးက မဟာစိတ်ဝိညာဉ်ကလန်၏ စွမ်းအားကို ပြသနေပေသည်။ ပြောကြသည်မှာ ထိုကလန်၏ ပုံရိပ်ယောင်မန္တာန်များ၌ အလွှာကိုးထပ် ရှိသည် ဟူ၏။ အဆုံးသပ်၌ ထိုပုံရိပ်ယောင်များသည် အစစ်အမှန်သို့ ပြောင်းနိုင်လိမ့်မည်။ ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။
ကောက်ရီကလန်ကမူ ဒြပ်စင်ငါးခုအပေါ် အာရုံစူးနစ်ကြ၏။ ထို့အပြင် သူတို့က တမူသီးသန့်ဖြစ်သော ချပ်ဝတ်ကို ဖန်တီးနိုင်သည့် နည်းလမ်း ပိုင်ဆိုင်ကာ ဤသည်က သူတို့ကို ကျော်ကြားစေသည်။
ကောက်ရီကလန်နှင့် မဟာစိတ်ဝိညာဉ်ကလန်တို့၏အောက်၌ နေရာအနှံ့တွင် ကလန်ငယ်များ တည်ရှိကြသည်။ ယင်းကလန်များကို ကောက်ရီကလန် သို့မဟုတ် မဟာစိတ်ဝိညာဉ်ကလန်တို့က ထိန်းချုပ်သည်။
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဖန်တီးခဲ့သော တာအိုခုနစ်ခုကလန်မှာ ထိုသို့သောကလန်ငယ်များထဲမှ တစ်ခု ဖြစ်၏။ သို့ပေမည့် သူက မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်ယောက်ကို သူ့ တာအိုလက်တွဲဖော်အဖြစ် ယူဆောင်နိုင်ခဲ့သည်။ သို့အတွက် တာအိုခုနစ်ခုကလန်မှာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ မဟာစိတ်ဝိညာဉ်ကလန်၏ ကာကွယ်မှုကို ရထားပေသည်။ နောက်အကြောင်းရင်းတစ်ခုကတော့ သူ့ပါရမီမှာလည်း အံ့အားသင့်ဖွယ် ကောင်းလှသည့်အတွက်ကြောင့်လည်း မဟာစိတ်ဝိညာဉ်ကလန်က သူ့ကို တန်ဖိုးထားခြင်းပင်။
သို့ပေမည့် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ကောက်ရီကလန်၏ ပင်မတပည့်၊ ယွမ်ရီဖန်အမည်ရသော ကျင့်ကြံသူတစ်ယောက်က ကျော်ကြားလာခဲ့၏။ ပြောကြသည်မှာ သူက အချိန်အကြာပြီး တံခါးပိတ်ကျင့်ကြံခဲ့ပြီး ပြန်ထွက်လာသည့်နောက် သာမန်ထက်ထူးကဲလာခဲ့သည်ဟု ဆို၏။ သူသည် မဟာစိတ်ဝိညာဉ်ကလန်၏ ပင်မတပည့်များစွာကို စိန်ခေါ်ကာ အနိုင်ရခဲ့သည်။ မဟာစိတ်ဝိညာဉ်ကလန်၏ သာမန်အကြီးအကဲများသည်ပင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ထို့အတွက်ကြောင့် ယွမ်ရီဖန်၏ ဂုဏ်သတင်းမှာ မြင့်တက်လာခဲ့ကာ သူသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ မျိုးဆက်သစ်တပည့်များကြား တဖြည်းဖြည်း နံပါတ်တစ် ဖြစ်လာခဲ့သည်။
သူ့ကို အရှေ့ပိုင်းကုန်းမြေ၏ ထူးကဲသောပါရမီရှင်လေးယောက်ကြား၌ တစ်ယောက်အဖြစ် ထပ်ထည့်သူများလည်း ရှိကြသည်။ ယွမ်ရီဖန်အပါအဝင် ကျန်ပါရမီရှင်လေးယောက်ကို တောင်ထွတ်ငါးခုဟု ခေါ်ကြ၏။
သို့သော် သည်ယွမ်ရီဖန်က နှိမ့်ချတတ်၏။ လူအများက အရှေ့ပိုင်းကုန်းမြေ၏ ထူးကဲပါရမီရှင်လေးယောက်နှင့် သူ့ကို နှိုင်းယှဉ်သည့်အခါ၌ သူသည် ခေါင်းယမ်း၍သာ တုန့်ပြန်တတ်၏။ သူက ထိုလေးယောက်ထက် နိမ့်သည်ဟု ခံစားရသောကြောင့် မဟုတ်ပေ။ သူက ထိုလေးယောက်ကို အထင်မကြီးခြင်းသာ ဖြစ်၏။
လွန်ခဲ့သောဆယ်နှစ်က မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့ကြား ပြိုင်ပွဲ၌ ယွမ်ရီဖန်က မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်ကိုးယောက်နှင့် အကြီးအကဲသုံးယောက်တို့ကို တစ်ချက်တည်းနှင့် ဒဏ်ရာရစေခဲ့သည်။
ထိုအခါ လူအများက သူ့ကို ထူးကဲပါရမီရှင်လေးယောက်နှင့် နှိုင်းယှဉ်သည့်အခါ သူက ကောင်းကင်ဘုံနွားထီးကုန်းမြေတခုလုံး တုန်လှုပ်စေမည့် တစ်စုံတစ်ခုကို ပြောခဲ့ပေသည်။
“ငါ့ဓားဟာ လူတော်တော်များများကို ဒဏ်ရာရစေနိုင်တယ်။ ငါဟာ ထူးကဲပါရမီရှင်လေးယောက်နဲ့လည်း တိုက်ခိုက်ဝံ့တယ်။ ငါ နိုင်ချင်မှ နိုင်မှာ ဖြစ်ပေမယ့် ငါ ခြေလှမ်းတဝက်တောင် ဆုတ်လိမ့်မှာ မဟုတ်ဘူး…”
“ဒါပေမဲ့ ဒီလောကမှာ နှစ်ပေါင်းနှစ်ထောင်ကျော်ပဲ ကျင့်ကြံရသေးတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ငါ တွေ့ဆုံခဲ့ဖူးတယ်။ ငါ သူ့ရှေ့မှာ ရပ်နေတဲ့အခါဆို ငါဟာ ငါ့ဓားကို ဆွဲထုတ်ဝံ့မှာ မဟုတ်ဘူး…”
“ငါ မပြောနဲ့အုံး။ ထူးကဲပါရမီရှင်လေးယောက်တောင် သူ့ရှေ့မှာဆို ပါရမီရှင်လို့ ခေါ်ဖို့ ထိုက်တန်မှာ မဟုတ်ဘူး။ ငါ့အမြင်အရ ဒီမျိုးဆက်သစ်မှာ ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး…”
ယွမ်ရီဖန်၏ ထိုစကားက အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့၏။ သည်စကားကို ကြားသည့် လူတိုင်းသည် တုန်လှုပ်ကုန်ကာ သူတို့အားလုံးသည် တူညီသောအရာတစ်ခုကိုသာ တွေးမိကုန်၏။
ထိုသူက မည်သူနည်း။
ယွမ်ရီဖန်ကို သည်လို စကားများ ပြောစေသည့်သူက မည်သူနည်း။ ထိုသူ၏ရှေ့၌ ယွမ်ရီဖန်က သူ့ဓားကို ဆွဲမထုတ်ဝံ့ပေဘူးလား။
သည့်အပြင် နှစ်ပေါင်းနှစ်ထောင်ကျော်သာ ကျင့်ကြံရသေးသော ထိုလူက သည်လိုမျိုး လုပ်နိုင်နေပေပြီ။ ယွမ်ရီဖန်၏ စကားက အမှန်ဖြစ်ပါက အရှေ့ပိုင်းကုန်းမြေ၏ ပါရမီရှင်လေးယောက်သည် ထိုသူ၏ရှေ့၌ ပါရမီရှင်ဟု ခေါ်ဆိုရန် အမှန်တကယ် ထိုက်တန်တော့မည် မဟုတ်ပေ။
ထိုအခါ အုတ်အောင်သောင်းနင်းဖြစ်ကာ လူအများက ထိုသူ မည်သူဖြစ်သနည်းဟု မေးခွန်းထုတ်ကြသည်။ သို့သော် မဟာစိတ်ဝိညာဉ်ကလန်၏ မည်သူကမျှ မေးခွန်းမထုတ်ခဲ့ပေ။ သူတို့က ထိုသူ့ကို သိနေကြသည့်အလား။
မဟာစိတ်ဝိညာဉ်ကလန်၏ ငြိမ်သက်နေမှုက လူများစွာကို သံသယထင်ကြေးများ ပိုဖြစ်စေခဲ့တော့သည်။
ထိုသူက မည်သူ ဖြစ်သနည်း။
သူက ယွမ်ရီဖန်ကို သူ့ဓားအား မထုတ်ဝံ့အောင် လုပ်နိုင်ခဲ့သူ။ သူက ပါရမီလေးယောက်ကိုပင် ပါရမီဟု ခေါ်ဖို့ မထိုက်တန်အောင် လုပ်နိုင်သူပင်။ သူက မဟာစိတ်ဝိညာဉ်ကလန်ကို သူ့အကြောင်း ငြင်းဆန်ခြင်း မရှိအောင် လုပ်နိုင်ခဲ့သေးသည်။ ဤသည်က မဟာစိတ်ဝိညာဉ်ကလန်သည် ထိုသို့သောလူ အမှန်တကယ် တည်ရှိသည်ကို သဘောတူသည့်အလား။ ကောက်ရီကလန်သည်ပင် သူတို့၏ တပည့်က ခုလိုမျိုး ပြောသည်ကို မည်သို့မျှ မတုန့်ပြန်ကြပေ။ သူတို့သည်လည်း ထိုသို့သောသူ တည်ရှိသည်ကို သိပုံရသည်။
ထိုသူက မည်သူဖြစ်သနည်း။
“သူ ပေါ်လာလိမ့်မယ်။ အဲ့အခါကျရင် သင်တို့ သိလိမ့်မယ်…” ဤစကားမှာ ယွမ်ရီဖန် ထိုဆန်းကြယ်သောလူနှင့် ပတ်သတ်၍ ပြောခဲ့သော နောက်ဆုံးစကားပင်။
နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့သော်လည်း ထိုဆန်းကြယ်သောလူနှင့် ပတ်သတ်၍ ကောလာဟာလမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ပျံ့နှံ့နေရာကနေ ရပ်တန့်သွားခြင်း မရှိပေ။
သို့ပေမည့် ထိုသူ မည်သူနည်းဟူသော မေးခွန်းကို အဖြေမရကြပေ။ အဖြေကို သိသောသူများကလည်း မပြောကြပါ။
အချိန်ထပ်မံ ကုန်လွန်လာသည့်နောက် ထိုကောလဟာသတင်းစကားသည် ဆက်၍ အရှိန်အဟုန် မရှိတော့ဘဲ လူတိုင်း၏စိတ်နှလုံးအတွင်း၌ သိမ်းဆည်းသွားကြသည်။ ဖြစ်နိုင်သည်မှာ တနေ့၌ သူတို့သည် ထိုသူ မည်သူဖြစ်သည်ကို သိလာကြလိမ့်မည်။
နဂါးပြာကလန်သည် အလယ်အလတ်အဆင့် ကလန်တစ်ခု ဖြစ်၏။ ၎င်းကလန်၏ နယ်မြေက တောက်ပသောလေဟာနယ်၏ အရွယ်အစားတဝက်ထက် သေးငယ်သည်။ လှိုဏ်ဂူလောကနှင့် ယှဉ်ပါက သည်ကလန်မှာ ကြီးမားနေဆဲသာ။ သို့သော် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင်မူ သာမန်မျှသာ ဖြစ်၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် ကောင်းကင်ဘုံကလန်ပေါင်း သုံးသောင်းရှိသည်ဟု ဆိုကြ၏။ မည်သူကမျှ ဤသည်မှာ အမှန်လား၊အမှားလား မသိပေ။ သို့သော် ကလန်တိုင်းက အမှန်ပင် သိသိသာသာ ကွာခြားကြသည်။ နဂါးပြာကလန်ဟူသော အမည်နာမအရ သင်သည် ဒီကလန်ဝင်များမှာ နဂါးတစ်ကောင်နှင့် ပတ်သတ်နေလိမ့်မည်ဟု တွေးမိမည်သာ။ သို့သော် သူတို့ ကျင့်ကြံခြင်းနည်းလမ်းများက နဂါးများနှင့် လုံးဝ မပတ်သတ်လေပေ။
နဂါးပြာကလန်၏ တပည့်များက တိုက်ပွဲတွင် သူတို့ကို အကူအညီရစေရန် ရုပ်သေးများ ပြုလုပ်ရာ၌ တော်ကြပေ၏။ ထိုတပည့်များက မကြာဆိုသလို သူတို့၏ သက်စောင့်ရုပ်သေးများကို အပြင်ဘက်လောကသို့ မထွက်ခွင် သန့်စင်ဖို့ လိုအပ်ကြသည်။ ထိုရုပ်သေးများသည် မတူညီသော အဆင့်သတ်မှတ်ချက်နှင့်စွမ်းအားများ ရှိ၏။
အထူးသစ်သားများနှင့် သတ္တုများကို အသုံးပြုခြင်းအပြင် သားရဲ သို့မဟုတ် ကျင့်ကြံသူများ၏ အလောင်းများကို အသုံးပြုကာ ရုပ်သေးများအဖြစ် သန့်စင်ကြ၏။
ရုပ်သေးများမှာ ဆန်းပြားခြင်း မရှိပေ။ တခြားကလန်များ၏ ကျင့်ကြံသူများကလည်း ရုပ်သေးများနှင့် ပတ်သတ်၍ အနည်းနှင့်အများ သိထားကြသည်။ သို့သော် နဂါးပြာကလန်၏ ရုပ်သေးမန္တာန်ကမူ ၎င်းကလန်၏ကိုယ်ပိုင်အထူးမန္တာန် ဖြစ်၏။ ထိုမန္တာန်က လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထာဝရဖြစ်လာဖို့ငှာ ရုပ်သေးအဖြစ် ပြောင်းပေးနိုင်သည်။
နဂါးပြာကလန်၌ ပထမဆုံး လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်ရှိခဲ့သော မဟာအကြီးအကဲ တုချင်းသည် သစ်သားဖြင့် ပြုလုပ်ထားသည်ဟုသော ကောလဟာလစကား ရှိပေသည်။ ပုံမှန်အားဖြင့် သူသည် ပုံမှန်လူတစ်ယောက်နှင့် တူပေသည်။ သို့သော် သူ မန္တာန်များ အသုံးပြုသည့်အခါ လူတစ်ယောက်၏ သူ၏သစ်သားခန္ဓာကို တွေ့မြင်ရနိုင်မည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ နဂါးပြာကလန်က ရက်စက်ခြင်း၌ နာမည်ရ၏။ တပည့်များနှင့် အကြီးအကဲများသည်ပင် သူတို့ လိုချင်သောအရာကို ရဖို့ နည်းလမ်းမျိုးစုံ အသုံးပြုတတ်ကြ၏။ ရတနာများအတွက် တခြားသူများကို သတ်ဖြတ်တတ်ကြသည်။
သို့ပေမည့် မဟာအကြီးအကဲတုချင်းက မဟာစိတ်ဝိညာဉ်ကလန်နှင့် နက်နဲသော ပတ်သတ်မှု ရှိထား၏။ ထို့ကြောင့် သူတို့က စိတ်ထင်သလို လုပ်တတ်ကြသည်။ ကလန်အနည်းငယ်ကသာ သူတို့ကို ရန်စဝံ့ပေ၏။
နဂါးပြာကလန်က ပစ်မှတ်ထားသော ကလန်များနှင့်လူများကိုလည်း ဂရုတစိုက် ရွေးချယ်ကြ၏။ ထိုပစ်မှတ်က ရန်မစသင့်ပါက သူတို့သည် လက်ရှောင်မည် ဖြစ်သည်။ သူတို့၏ အဓိကပစ်မှတ်များမှာ တခြားကုန်းမြေများမှ ဖြစ်၏။ တခြားကုန်းမြေတစ်ခုမှ ကျင့်ကြံသူတစ်ယောက် ဖြတ်သန်းသွားပါက သူတို့၏ပစ်မှတ် ဖြစ်လာတတ်သည်။
နှစ်ကာလတလျှောက် ကလန်၏တပည့်များက အပြင်ဘက်တွင် အများစု ရှိနေကာ ဟိုဒီအနှံ့သွား၍ သတင်းအချက်အလက်များ ရှာဖွေကာ ကလန်သို့ ပို့ပေးကြသည်။ သူတို့သည် ရင်ဆိုင်ရန် ခက်ခဲသော ရန်သူနှင့် ကြုံရပါက လူထပ်ခေါ်ကာ အုပ်စုဖွဲ့၍ တိုက်ခတ်လေ့ ရှိသည်။
ခန်းယန်က နဂါးပြာကလန်၏ တတိယမျိုးဆက် တပည့်တစ်ယောက် ဖြစ်၏။ သူက ဉာဏ်များကာ ရက်စက်လှသူ ဖြစ်ပြီး တတိယမျိုးဆက်တွင် အတော်လေး ကျော်ကြားသည်။ သူ့ကို ကလန်ကလည်း တန်ဖိုးထား၏။ သူက လူကဲခတ်တတ်ရာ လူတစ်ယောက်ကို တချက်ကြည့်ရုံနှင့် ထိုသူ့ကို ရန်စသင့်လား၊ မသင့်လား ပြောနိုင်သည့်အရည်အချင်း ရှိသည်။ ထို့အတွက် ကလန်အတွက် ပြဿနာတက်နိုင်မည်ကို ရှောင်နိုင်လေသည်။
သူက ရက်စက်သူဟု စိတ်ကူးကြည့်ဖို့ပင် ခက်ခဲအောင် ရုပ်ရည်ချောမောသူ ဖြစ်၏။ တချို့ ဒုတိယမျိုးဆက်များသည်ပင် သူ့ကို ရန်မစလိုပေ။
သည်နေ့၌ ခန်းယန်က ကောင်းကင်ထက်၌ ပျံသန်းနေ၏။ သူက ဖြတ်သွားဖြတ်လား ပြင်ပကျင့်ကြံသူများကို တွေ့လေမလားဟု ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နယ်စပ်သို့ သွားနေသည်။
သူက လှမ်းကြည့်လိုက်ရာ အက်ကြောင်းတစ်ခု ပေါ်လာသည်ကို တွေ့မြင်ပြီး တစ္ဆေအလင်း လင်းလက်သွားပြီး ပုံရိပ်တစ်ခု ပြုတ်ကျလာသည်ကို လှမ်းမြင်သည်။ ထိုပုံရိပ်က ခေါင်းတလားတစ်ခုကို သယ်ဆောင်ထားပုံရကာ အကွာအဝေးတစ်ခုသို့ ပြုတ်ကျသွား၏။
ထိုအဖြစ်အပျက်က မြန်လှ၏။ ယင်းပုံရိပ် ကျရောက်သွားသည်နှင့် ကောင်းကင်ထက်ရှိ အက်ကြောင်းမှာ လုံးဝ မပေါ်ထွက်လာခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ခန်းယန်ကို တုန်လှုပ်မိသွားစေ၏။ သူက သူ့မျက်လုံးကို ပွတ်သပ်ကြည့်လိုက်သည်။ သူသည် ခုလိုအရာမျိုး အရင်က လုံးဝ မကြုံခဲ့ဖူးပေ။ သူက အက်ကြောင်းနေရာထံသို့ လှမ်းကြည့်ကာ စိတ်ချောက်ချားမိသလို ခံစားလိုက်ရ၏။
သို့ပေမည့် တအောင့်အကြာတွင် သူသည် စိတ်လှုပ်ရှားလာကာ သူ့မျက်လုံးသည် တောက်ပလာ၏။ သူက ခေါင်းတလားသယ်ဆောင်ကာ ပြုတ်ကျသွားသော နေရာထံသို့ ဦးတည်လာတော့သည်။
“ဒါက ထူးဆန်းနေတယ်။ ပြဿနာရှိရင် ရတနာလည်း ရှိနိုင်တယ်…” ခန်းယန်၏စိတ်နှလုံး တချက်ခုန်သွား၏။ တုချင်းက နဂါးပြာကလန်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး အထက်ပါ စကားမှာ ကလန်၏စည်းမျဉ်းများ၌ ပထမဆုံးစကား ဖြစ်ပေ၏။
နှစ်များစွာ ကုန်လွန်လာခဲ့ရာ ထိုစကားသည် နဂါးပြာကလန်၏ တပည့်တိုင်း၏ မှတ်ဉာဏ်ထဲတွင် ရေးထွင်းနေခဲ့ပေပြီ။
ထူးခြားထူးဆန်းသောအရာတစ်ခုခုသည် ပြဿနာ ဖြစ်နိုင်၏။ ပြဿနာ ရှိပါက ရတနာ ရှိနိုင်မည် ဟူ၏။ ခန်းယန်က အရှိန်နှုန်းပြည့် ပျံသန်းလာ၏။ သို့သော် သတိအနေထားဖြင့် သူက သူ့ကိုယ်သူ ရတနာများဖြင့် ကာကွယ်ထားသည်။ သူ ပျံသန်းလာစဉ် ခပ်အုတ်အုတ်အသံတစ်သံကို ကြားလိုက်ရသည်။
အကွာအဝေးတစ်ခု၌ ခေါင်းတလားကို သယ်ဆောင်ထားသော ပုံရိပ်က တောင်ပေါ်သို့ ကျရောက်သွား၏။ ထိုအခါ တောင်တဝက်ကျော်သည် ပျက်စီးသွားကာ မလှုပ်မယှက် ဖြစ်နေသော ဆံဖြူလူငယ်တစ်ယောက်၏အသွင် လှစ်ဟပေါ်လာသည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ခန္ဓာကိုယ်လဲ…” ခန်းယန်၏ မျက်လုံးထဲတွင် လောဘတို့ ပြည့်နှက်လာကာ သူသည် ဂရုတစိုက် ချဉ်းကပ်လာသည်။