ကျောက်မိန်နှင့် တွေ့ဆုံခြင်းနှင့် ယွမ်စစ်တပ်ကို သုတ်သင်ခြင်း
Vol. 6 Ch. 55
ထိုစဉ် ကြောက်ရွံ့တုန်လှုပ်နေကြသော အော့မေ့ဂိုဏ်းဝင်များသည် ဝေယိရှောက်၏ စကားကို ကြားလိုက်ရသောအခါ စိတ်သောကများ ပြေလျော့သွားပြီး မျှော်လင့်ချက်မဲ့နေရာမှ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ ရာထူးကြီးပုံရသော အခြားသီလရှင်တစ်ပါးက အမြန်ပင် ဦးညွှတ်ဂါရဝပြုရင်း "ကျွန်မတို့ ကွမ်မင်တောင်ထိပ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ မင်ဂိုဏ်းနဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းဟာ ရန်သူကနေ မိတ်ဆွေတွေ ဖြစ်သွားကြပြီဆိုတော့ ဒီဖြစ်ရပ်ဟာ နားလည်မှုလွဲတာပဲ ဖြစ်ရပါမယ်" ဟု ဆိုလေသည်။
ဤစကားများသည် ရှုံးနိမ့်ကြောင်း တိုက်ရိုက်ဝန်မခံသော်လည်း မိမိတို့ဘက်မှ စတင်၍ အလျှော့ပေးကာ မိတ်ဖွဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိကြလေသည်။ ထို့နောက် သီလရှင်က ဆက်လက်၍ "အမှန်အတိုင်း ပြောရရင် ကျွန်မတို့ဟာ ဂိုဏ်းချုပ်နဲ့ အဖွဲ့ကို လာရောက်ကြိုဆိုတာပါ။ ဒါပေမဲ့ လမ်းမှာ အဆက်အသွယ် ပြတ်သွားလို့ အနှံ့အပြား လိုက်ရှာနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဂိုဏ်းချုပ် သီလရှင် မြဲ့ကြွယ်နဲ့ အဖွဲ့ဟာ ရှင်တို့ဂိုဏ်းရဲ့ လက်ထဲကို ရောက်နေသလားဆိုတာ သိပါရစေ" ဟု မေးမြန်းလေသည်။
ဝေယိရှောက်က "ခင်ဗျားတို့ ဂိုဏ်းချုပ် သီလရှင် မြဲ့ကြွယ်ဟာ အဲဒီနေ့က ကွမ်မင်တောင်ထိပ်မှာ ကျွန်တော်တို့ မင်ဂိုဏ်းချုပ် ကျန်းဝူကျိကို ရှုံးနိမ့်ခဲ့ပါတယ်။ သူဟာ ရှုံးနိမ့်မှုကို လက်ခံပြီး တောင်အောက်ကို ဆင်းသွားခဲ့တာဟာ တကယ့်ကို သိုင်းပညာရှင်ကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ညီညွတ်ပါတယ်။ ကျွန်တော်တို့က သူ့ကို ဘယ်လိုလုပ် မလေးမစား လုပ်ရဲပါ့မလဲ။ ဒီကိစ္စဟာ ကျွန်တော်တို့ မင်ဂိုဏ်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး" ဟု ပြန်ပြောလေသည်။
သီလရှင်များသည် ဝေယိရှောက်၏ စကားကို ယုံရမလား၊ မယုံရမလား ဝေခွဲမရဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြလေသည်။ ရန်ရှောင်သည် ၎င်းတို့၏ သံသယကို မြင်သောအခါ ရှေ့သို့တစ်လှမ်း တက်လာပြီး "ငါကတော့ မင်ဂိုဏ်းရဲ့ ဘယ်လက်ရုံးသံတမန် ရန်ရှောင်ပဲ ဖြစ်တယ်။ မင်းတို့နဲ့ စကားပြောနေတာကတော့ လင်းနို့ဘုရင် ဝေယိရှောက်ပဲ။ ငါတို့ဟာ ထူးခြားတဲ့သူတွေလို့ မဆိုလိုပေမဲ့ ယောကျာ်းကောင်း ပီသစွာပဲ ဘယ်အရာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး" ဟု ဆိုလေသည်။
ရန်ရှောင်ဟူသော အမည်ကို ကြားလိုက်ရသောအခါ အော့မေ့ဂိုဏ်းဝင်များအားလုံး အံ့အားသင့်သွားကြလေသည်။ ဤခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရန်ရှောင် ဖြစ်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားကြပေ။ ရန်ရှောင်နှင့် ကျိရှောင်ဖူတို့၏ ကိစ္စများအပြင် ဂူဟုန်ကျီကို ဒေါသထွက်အောင်လုပ်၍ သေဆုံးစေခဲ့သော ဖြစ်ရပ်များကို အော့မေ့ဂိုဏ်းတစ်ခုလုံး သိရှိထားကြလေသည်။ ထို့ကြောင့် ဤအမည်ကို ရင်းနှီးနေကြသော်လည်း ယခုကဲ့သို့ လူချင်းတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားကြခြင်း ဖြစ်သည်။ သို့သော်လည်း မင်ဂိုဏ်းချုပ်၏ ဘေးတွင် ရပ်နေနိုင်သောသူမှာ သာမန်လူ မဖြစ်နိုင်ကြောင်း တွေးတောမိကြလေသည်။
ထိုအခါမှ အော့မေ့ဂိုဏ်းဝင်များက ယုံကြည်သွားကြပြီး "ရှင်တို့ ဒီလိုပြောမှတော့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဂိုဏ်းချုပ် ဘယ်ကို ရောက်သွားမှန်း မသိတော့လို့ တကယ့်ကို စိုးရိမ်မိပါတယ်" ဟု ခေါင်းညိတ်ကာ ဆိုကြလေသည်။
ကျန်းဝူကျိက အေးစက်စွာဖြင့် "သူတို့ကို ယွမ်စစ်တပ်က ဖမ်းသွားပြီ။ ဂိုဏ်းကြီးခြောက်ဂိုဏ်းလုံး ပါသွားတာပဲ။ ငါတို့က သူတို့ကို ကယ်ဖို့ တောင်အောက်ဆင်းလာတာ။ မင်းတို့လည်း ကိုယ့်ဘာသာကိုယ် သွားကြတော့" ဟု ဆိုလေသည်။ စကားပြောပြီးနောက် ကျန်းဝူကျိသည် ၎င်းတို့နှင့် အချိန်ဖြုန်းမနေတော့ဘဲ လက်ဝှေ့ယမ်းကာ မင်ဂိုဏ်းသားများကို ခေါ်ဆောင်၍ ထွက်ခွာသွားလေရာ အော့မေ့ဂိုဏ်းဝင်များမှာ ဘာမှမပြောရဲဘဲ ကျန်ရစ်ခဲ့ကြလေသည်။
အဖွဲ့သားများသည် နောက်ထပ် တစ်ရက်ခန့် ခရီးဆက်လာရာ လမ်းတွင် အခြားဂိုဏ်းများမှ တပည့်များ၏ ရုပ်အလောင်းများစွာကို တွေ့ရပြန်သည်။ လူပေါင်း ဒါဇင်အနည်းငယ်ခန့်ရှိပြီး အားလုံးမှာ ရက်ရက်စက်စက် အသတ်ခံထားရခြင်း ဖြစ်သည်။
ဘုန်းကြီးဖန်က ထိုမြင်ကွင်းကို ကြည့်ပြီး ခေါင်းခါရင်း "ဒီဂိုဏ်းသားတွေဟာ သူတို့ဂိုဏ်းဆီအပြန် လမ်းမှာတင် အသတ်ခံလိုက်ရတာပဲ။ ဒီအကြွေးကို ငါတို့ မင်ဂိုဏ်းအပေါ်ပဲ ထပ်ပုံချကြဦးမှာပဲ လေ" ဟု ဆိုလေသည်။
ကျန်းဝူကျိကမူ ဂရုမစိုက်ဟန်ဖြင့် "ဝူတန်ဂိုဏ်းသားတွေ ဘေးကင်းနေသရွေ့ ကျန်တဲ့ဂိုဏ်းတွေ ဘာဖြစ်ဖြစ် ငါတို့နဲ့ ဘာဆိုင်လဲ။ သူတို့က ကွမ်မင်တောင်ထိပ်ကို လာတိုက်ခဲ့တာပဲ။ နည်းနည်းသေသေ၊ များများသေသေ ဘာထူးမှာလဲ။ အကုန်မသေတာတောင် သူတို့ကံကောင်းတယ်လို့ မှတ်ရမှာပဲ" ဟု ဆိုလေသည်။
ကျိုးတျန်က ရယ်မောရင်း "ဂိုဏ်းချုပ် ပြောတာ မှန်လှပါတယ်။ ကျွန်တော့်အမြင်အရတော့ သူတို့အားလုံး သေကုန်တာ ပိုတောင်ကောင်းသေးတယ်။ ဒါမှ တကယ့်ကို ကျေနပ်စရာကြီး ဖြစ်မှာ။ သူတို့ကို ငါတို့ ကယ်ထုတ်လာလို့ သူတို့က ကျေးဇူးတင်လွန်းလို့ ဦးချတဲ့အခါကျမှ တကယ့်ကို နေလို့ကောင်းမှာ" ဟု ဆိုလေသည်။
"သူတို့ ဦးချဖို့ မလိုပါဘူး။ ငါကတော့ ဝူတန်ဂိုဏ်းသားတွေကိုပဲ ကယ်ဖို့ လိုတာပါ။ ကျန်တဲ့သူတွေကတော့ အဆင်ပြေရင် ကယ်ပေးရုံပဲ။ သူတို့ကမှ အသိတရားမရှိရင်တော့ လက်ဝါးတစ်ချက်နဲ့ သတ်ပစ်လိုက်ရုံပါပဲ။ သူတို့ထဲမှာ ငါလေးစားရမယ့်သူဆိုလို့ မရှိသလောက်ပဲ" ဟု ကျန်းဝူကျိက နှာခေါင်းရှုံ့ကာ ဆိုလေသည်။ ထို့နောက် လူစုသည် ရုပ်အလောင်းများကို မြေမြှုပ်ပေးခဲ့ပြီး ခရီးဆက်ခဲ့ကြလေသည်။
ရက်အနည်းငယ် ခရီးဆက်လာပြီးနောက် တစ်ရက်တွင် နေရောင်မှာ မီးကဲ့သို့ အပူရှိန်များလွန်းသဖြင့် အလွန်ပူအိုက်လှသည်။ အဖွဲ့သားများမှာ သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း အပူရှိန်ကြောင့် ချွေးများ ဒီးဒီးကျနေကြလေသည်။ နှစ်နာရီခန့် ခရီးဆက်လာပြီးနောက် ရှေ့တွင် မိုးမခပင်များစွာဖြင့် အရိပ်ကောင်းသော နေရာတစ်ခုကို မြင်လိုက်ရသဖြင့် အားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး သစ်ပင်ရိပ်အောက်တွင် အနားယူရန် ပြင်ကြလေသည်။
အနီးသို့ ရောက်သောအခါမှ မိုးမခပင်အောက်တွင် လူကိုးယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ကြံ့ခိုင်သန်စွမ်းသော လူကြီးရှစ်ယောက်မှာ မုဆိုးဝတ်စုံများ ဝတ်ဆင်ထားပြီး ခါးတွင် ဓားများ ချိတ်ဆွဲကာ ကျောတွင် လေးနှင့် မြားများ လွယ်ထားကြသည်။ ၎င်းတို့အနီးတွင် အမွေးအတောင် မည်းနက်ပြီး ခြေသည်းများ ထက်မြက်လှသော သိန်းငှက်ငါးကောင်၊ ခြောက်ကောင်ခန့်လည်း ရှိနေလေသည်။
အခြားတစ်ယောက်မှာမူ ခန့်ညားချောမောသော သခင်လေးတစ်ဦး ဖြစ်သည်။ အသားအရေ ဖြူစင်ပြီး မျက်လုံးများမှာ တောက်ပလှသည်။ သူသည် အပြာနုရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားကာ ယပ်တောင်ကို အသာအယာ ခတ်နေသည်မှာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
ကျန်းဝူကျိသည် မြင်လိုက်သည်နှင့် ဤသူမှာ ကျောက်မိန် ဖြစ်ကြောင်း သိလိုက်လေသည်။ ဘေးရှိ လူရှစ်ယောက်မှာ သူမ၏ လက်အောက်ငယ်သားများ ဖြစ်သော မြားသူရဲကောင်းရှစ်ဦး ပင် ဖြစ်သည်။ ကျန်းဝူကျိက ကျောက်မိန်ကို အကဲခတ်ကြည့်ရာ သူမသည် အလွန်လှပပြီး ယောကျာ်းဝတ်စုံနှင့်ပင် ထူးခြားသော အလှရှိနေကြောင်း တွေ့ရလေသည်။ သူမ၏ ခါးတွင် ရင်းနှီးနေသော ဓားတစ်လက် ချိတ်ဆွဲထားရာ ၎င်းမှာ တိမ်လွှာဓားပင် ဖြစ်လေသည်။
ကျန်းဝူကျိသာမက အခြားသူများလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ "တိမ်လွှာဓားက ဘယ်လိုလုပ်ပြီး ဒီလူ့လက်ထဲ ရောက်နေတာလဲ။ သီလရှင် မြဲ့ကြွယ် တစ်ခုခု ဖြစ်သွားတာလား" ဟု တီးတိုး ရေရွတ်ကြလေသည်။
ရန်ရှောင်နှင့် အဖွဲ့သားများက မေးမြန်းရန် ပြင်နေစဉ် အရှေ့ဘက်မှ မြင်းခွာသံများကို ကြားလိုက်ရသည်။ ယွမ်စစ်သား ငါးဆယ်၊ ခြောက်ဆယ်ခန့် မြင်းစီးလာကြပြီး ၎င်းတို့နောက်တွင် ကြိုးဖြင့် ချည်နှောင်ထားသော အမျိုးသမီး တစ်ရာကျော်ကို ဆွဲခေါ်လာကြသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးများမှာ ခြေထောက်ကိုစည်းနှောင်ခံထားရသဖြင့် မြင်းနောက်သို့ မလိုက်နိုင်ကြပေ။ အများစုမှာ လဲကျနေပြီး မြေကြီးပေါ်တွင် တရွတ်တိုက် ပါလာကြလေသည်။ အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ အော်ဟစ်ငိုယိုနေကြသည်မှာ မြင်မကောင်းအောင် သနားစရာ ကောင်းလှသည်။ အချို့ ယွမ်စစ်သားများမှာ မူးရူးနေကြပြီး ကြာပွတ်များဖြင့် အမျိုးသမီးများကို ရိုက်နှက်နေကြလေသည်။ ယွမ်စစ်သားများသည် ကြာပွတ်အသုံးပြုရာတွင် ကျွမ်းကျင်လှသဖြင့် တစ်ချက်ရိုက်လိုက်တိုင်း အမျိုးသမီးများ၏ အဝတ်စများကို ဆွဲခွာလိုက်သကဲ့သို့ ဖြစ်နေပြီး အမျိုးသမီးများမှာ အဝတ်အစားများဆုတ်ပြဲကာ အော်ဟစ်နေကြရလေသည်။ ယွမ်စစ်သားများကမူ ထိုမြင်ကွင်းကို ကြည့်ကာ သဘောကျစွာ ရယ်မောနေကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မင်ဂိုဏ်းသားများမှာ ဒေါသချောင်းချောင်း ထွက်သွားကြလေသည်။ ဤအမျိုးသမီးများသည် ယွမ်စစ်သားများ၏ ဖမ်းဆီးခြင်းကို ခံထားရသော ဟန်လူမျိုး အမျိုးသမီးများ ဖြစ်ကြသည်။ ယွမ်စစ်သားများသည် ဟန်လူမျိုးများကို တိရစ္ဆာန်ထက်ပင် ပို၍ နှိမ်ချဆက်ဆံတတ်သည်မှာ ထူးဆန်းသော ကိစ္စမဟုတ်သော်လည်း ၎င်းတို့ကမူ ထိုလုပ်ရပ်ကို အလွန်မုန်းတီးကြလေသည်။ ဤအမျိုးသမီးများကို မကယ်တင်နိုင်ပါက အရှက်တကွဲ ဖြစ်ကာ သေဆုံးကြရမည်ကို သိနေကြသဖြင့် လူတိုင်းမှာ ဒေါသအမျက် ချောင်းချောင်းထွက် နေကြလေသည်။
ကျန်းဝူကျိက အေးစက်စွာဖြင့် "သတ်ကြစမ်း..... ယွမ်စစ်သား တစ်ယောက်မှ အသက်မရှင်စေနဲ့" ဟု အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့"
ရန်ရှောင်နှင့် အခြားသူများသည် ဒေါသထွက်နေကြသဖြင့် ကျန်းဝူကျိ၏ အမိန့်ကို ရသည်နှင့် တစ်ပြိုင်နက် ပြေးထွက်သွားကြလေသည်။ ဓာတ်ကြီးငါးပါး အဖွဲ့သားများသည်လည်း ယွမ်စစ်သားများ မပြေးနိုင်စေရန် ပတ်ပတ်လည်မှ ဝိုင်းလိုက်ကြသည်။ ၎င်းတို့၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် ယွမ်စစ်သားများ သတိမပြုမိခင်မှာပင် ထွက်ပေါက်များ အားလုံး ပိတ်ဆို့သွားလေသည်။
ယွမ်စစ်တပ်အရာရှိက ဤသည်ကို မြင်သောအခါ "ဒီအရူးတွေက ဘယ်ကနေ ရောက်လာတာလဲ။ ငါ့ကိစ္စကို ဘယ်လိုလုပ် နှောင့်ယှက်ရဲတာလဲ" ဟု ဆဲဆိုလေသည်။
"လောကမှာရှိတဲ့ ဒီအရူးတွေအားလုံးက မင်းတို့လို အကောင်တွေကို သတ်ချင်နေကြတာပဲ ဟေ့"
ကျိုးတျန်က ဆဲဆိုရင်း အရာရှိထံသို့ ပြေးသွားကာ လက်သီးဖြင့် ထိုးလိုက်ရာ အရာရှိနှင့် မြင်းမှာ နေရာတင် သေဆုံးသွားလေသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ပြီး ရက်စက်လှသည်။ ရန်ရှောင်၊ ဝေယိရှောက်နှင့် အခြားသိုင်းပညာရှင်များသည်လည်း တစ်ချက်တည်းနှင့် အသေသတ်နိုင်သည့် နည်းလမ်းများဖြင့် တိုက်ခိုက်ကြလေသည်။ ယွမ်စစ်သားများသည် မြင်းစီးရာတွင် ကျွမ်းကျင်ကြသော်လည်း ရန်ရှောင်တို့ကဲ့သို့ သိုင်းပညာရှင်များကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ ခဏအတွင်းမှာပင် ယွမ်စစ်သားအားလုံး အသတ်ခံလိုက်ရလေသည်။
"ဟားဟား... တကယ့်ကို အားရစရာ ကောင်းလိုက်တာ"
ကျိုးတျန်သည် အလွန်ဝမ်းသာသွားပြီး ပျော်ရွှင်စွာဖြင့် "ဂိုဏ်းချုပ်.... ဒီခွေးသူတောင်းစားတွေဟာ ဂိုဏ်းကြီးခြောက်ဂိုဏ်းက လူတွေထက် ပိုသေသင့်တဲ့သူတွေပဲ။ သူတို့ကို သတ်ရတာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေကို သတ်ရတာထက် ပိုပြီး ကျေနပ်စရာ ကောင်းတယ်" ဟု ဆိုလေသည်။
သူ၏ ပေါက်ကရ လုပ်ရပ်များကို အဖွဲ့သားများက သိနေကြသဖြင့် အားလုံးက ရယ်မောကြပြီး စိတ်လက်ပေါ့ပါး သွားကြလေသည်။
"ကောင်းပြီလေ။ မင်းက ဒီအရာရှိကို သတ်လိုက်နိုင်တာဆိုတော့ ဒါက မင်းရဲ့ စွမ်းဆောင်ချက်ပဲ။ နောက်ကျရင် မင်းကို ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်မယ်"
ကျန်းဝူကျိက အားရပါးရ ရယ်မောရင်း ကျိုးတျန်၏ ပုခုံးကို ပုတ်ပေးလိုက်ရာ ကျိုးတျန်မှာ အလွန်ဝမ်းသာသွားလေသည်။ ထို့နောက် ကျန်းဝူကျိသည် ဝေယိရှောက်ရှိရာသို့ လျှောက်သွားလေသည်။
ဝေယိရှောက်နှင့် ဓာတ်ကြီးငါးပါးအလံအဖွဲ့သားများသည် အမျိုးသမီးများ၏ ကြိုးများကို ဖြေပေးကာ အဝတ်အစားများ ပေးကြလေသည်။ ထို့ပြင် ယွမ်စစ်သားများထံမှ ရသမျှ ငွေကြေးများကိုလည်း ထိုအမျိုးသမီးများကို ဝေပေးလိုက်ပြီး အိမ်ပြန်ကြရန် ပြောလိုက်လေသည်။ အမျိုးသမီးများမှာ ဝမ်းသာလွန်းသဖြင့် ငိုယိုကာ ဦးညွှတ်ကျေးဇူးတင်ရင်း ထွက်ခွာသွားကြလေသည်။
ကျန်းဝူကျိက ရယ်မောရင်း "ဒါပေမဲ့ ပထမဆုံး စွမ်းဆောင်ချက်ကတော့ လင်းနို့ဘုရင် ဝေယိရှောက်ပဲ ရသင့်တယ်။ ငါတို့ မွန်ဂိုတွေကို သတ်တာက ကိစ္စအသေးလေးပါ။ လူတွေကို ကယ်တင်နိုင်တာကမှ ကိစ္စအကြီးကြီး ဖြစ်တယ်။ လင်းနို့ဘုရင်က ကိစ္စအဝဝကို သေချာကိုင်တွယ်နိုင်တာဟာ တကယ့်ကို အစောင့်အရှောက်ဘုရင် လေးပါးထဲမှာ အစေ့စပ်ဆုံးသူ ဖြစ်ကြောင်း သက်သေပြလိုက်တာပဲ" ဟု ဆိုလေသည်။
ဝေယိရှောက်က ရယ်မောရင်း "ဂိုဏ်းချုပ်က ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ဂိုဏ်းချုပ်ရဲ့ သိုင်းပညာနဲ့သာ ကျွန်တော့်ကို မကယ်ခဲ့ရင် ဒီလင်းနို့အိုကြီးဟာ လူသွေးစုပ်ပြီးပဲ ရှင်သန်နေရဦးမှာပါ။ အရင်က လူတွေကို အများကြီး ကိုက်ခဲ့ဖူးတာဆိုတော့ အခုလို လူတွေကို ကယ်တင်ပေးရတာဟာ ကျွန်တော့်ရဲ့ အပြစ်တွေကို ဆေးကြောတာပါပဲ" ဟု ဆိုလေသည်။
ကျိုးတျန်ကမူ မကျေမနပ်ဖြင့် "ဒီလင်းနို့အိုကြီးက မြှောက်ပြောတာ တော်လိုက်တာ။ လူကယ်ဖို့ဆိုတာ အရင်ဆုံး လူသတ်ရတာပဲ လေ။ ဂိုဏ်းချုပ်က လင်းနို့အိုကြီးကို ပထမ စွမ်းဆောင်ချက် ပေးတာဟာ မျက်နှာလိုက်တာပဲ" ဟု ဆိုလေသည်။
ဤစကားမှာ ကလေးငယ်တစ်ယောက် မုန့်လုနေသကဲ့သို့ ဖြစ်နေသဖြင့် လူတိုင်းမှာ အားပါးတရ ရယ်မောမိကြလေသည်။ ကျိုးတျန်ကိုယ်တိုင်လည်း ရယ်မောနေလေသည်။ သူသည် မတည်ငြိမ်သော်လည်း နောက်ပြောင်မှုကိုတော့ နားလည်တတ်သူ ဖြစ်သည်။ အားလုံးမှာ လူသတ်ပွဲအပြီး စိတ်လက်ကြည်လင်နေကြသဖြင့် နောက်ပြောင်နေကြခြင်း ဖြစ်သည်။
မင်ဂိုဏ်း၏ အခြေအနေမှာ ယခုကဲ့သို့ စည်းလုံးညီညွတ်နေသည်ကို ရန်ရှောင်တို့အပြင် ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးနှင့် ဓာတ်ကြီးငါးပါးအလံအဖွဲ့သားများပါ မြင်တွေ့ရသောအခါ စိတ်အေးသွားကြလေသည်။ ကျန်းဝူကျိ ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် မင်ဂိုဏ်းသည် ယခင်ကကဲ့သို့ ပြန်လည်အင်အားကြီးထွားလာတော့မည်မှာ သေချာလှသည်။
"အားလုံးပဲ.....ခင်ဗျားတို့နဲ့ မိတ်ဆွေဖွဲ့ခွင့် ရမလား"
ထိုစဉ် ကျောက်မိန်နှင့် မြှားသူရဲကောင်းရှစ်ဦး လျှောက်လာကြပြီး ကျန်းဝူကျိနှင့် အဖွဲ့ကို ဦးညွှတ်နှုတ်ဆက်ကြလေသည်။ ကျန်းဝူကျိက ကြည့်လိုက်ရာ ကျောက်မိန်၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ရှိနေသည်ကို တွေ့ရလေသည်။
ကျောက်မိန်သည် ယွမ်စစ်သားများ၏ ယုတ်မာမှုကို မြင်သောအခါ သူမ၏ မြှားသူရဲကောင်းရှစ်ဦးအား ထိုလူယုတ်မာများကို သုတ်သင်ခိုင်းပြီး အမျိုးသမီးများကို ကယ်တင်ရန် ပြင်နေခြင်း ဖြစ်သည်။ သို့သော် ကျန်းဝူကျိတို့က သူမထက် အရင်ဦးသွားသဖြင့် သူမမှာ အံ့အားသင့်သွားခြင်း ဖြစ်လေသည်။
ကျန်းဝူကျိကမူ ကျောက်မိန်ကို တစ်ချက်ကြည့်ပြီး ရယ်မောကာ "မိန်းကလေး......မင်းက ဘယ်ကလာတာလဲ၊ ဘာလို့ ဒီလို ဝတ်စားထားရတာလဲ" ဟု မေးလိုက်လေသည်။
"ဟင်"
ကျောက်မိန်မှာ အံ့အားသင့်သွားပြီး "သူက ငါယောကျာ်းလေးလို ဝတ်ထားတာကို ဘယ်လိုသိတာလဲ" ဟု တွေးနေမိလေသည်။ သူမသည် အလွန်ဉာဏ်ကောင်းသော်လည်း သူမကိုယ်သူမ အလွန်လှပနေသည်ကိုတော့ မေ့နေပုံရသည်။ သူမသည် မည်သို့ပင် ဝတ်ဆင်ထားပါစေ၊ ယောကျာ်းလေးနှင့် လုံးဝမတူဘဲ မြင်လိုက်သည်နှင့် လှပလွန်းသော အမျိုးသမီးမှန်း သိသာနေလေသည်။
မြှားသူရဲကောင်းရှစ်ဦးမှာမူ ၎င်းတို့သခင်မ၏ အထောက်အထားကို သိသွားသည်ဟု ထင်ပြီး ချက်ချင်းပင် ဓားများကို ထုတ်ကာ ကျန်းဝူကျိတို့ဘက်သို့ ချိန်လိုက်ကြလေသည်။ ထိုအခါ မင်ဂိုဏ်းသားများလည်း ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြလေသည်။
"နေဦး"
ကျောက်မိန်က မြှားသူရဲကောင်းရှစ်ဦးကို တားမြစ်လိုက်ပြီး ပြုံးကာ "ရှင်တို့ရဲ့ အမြင်က တော်တော်စူးရှတာပဲ။ ဒါပေမဲ့ ကျွန်မ မပြောနိုင်တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ရှင်တို့အားလုံးဟာ တကယ့် သူရဲကောင်းတွေပဲ ဆိုတာ ကျွန်မ မြင်ပါတယ်။ ကျွန်မရဲ့ အိမ်လေးကို ကြွပြီး ဧည့်ခံတာကို လက်ခံပေးနိုင်မလား" ဟု ဖိတ်ခေါ်လေသည်။
ဤစကားများသည် ပရိယာယ်ပါပုံရသော်လည်း ကျန်းဝူကျိက ရယ်မောရင်း "ကောင်းပါပြီ...... ဒါဆိုရင်လည်း ကျွန်တော်တို့ လာခဲ့ပါ့မယ်။ လမ်းပြပေးပါဦး" ဟု ဆိုလေသည်။
ကျောက်မိန်က အသာအယာ ပြုံးပြပြီး လမ်းပြခေါ်ဆောင်သွားလေသည်။ မြှားသူရဲကောင်းရှစ်ဦးထဲမှ ခေါင်းဆောင်က ကျန်းဝူကျိသည် ကျောက်မိန်ကို မြူဆွယ်နေသည်ဟု ထင်ကာ နှာခေါင်းရှုံ့ရင်း "မကောင်းတဲ့အတွေးတွေ ထားမနေနဲ့။ မဟုတ်ရင်ငါတို့ရဲ့ စွမ်းရည်ကို ပြရလိမ့်မယ်" ဟု ဆိုလေသည်။
ထို့နောက် မြှားသူရဲကောင်းရှစ်ဦးသည် တစ်ပြိုင်နက် မြားများ ပစ်လိုက်ရာ မိုးမခပင်အောက်ရှိ သစ်မြစ်တစ်ခုကို အတိအကျ ထိမှန်သွားလေသည်။ ၎င်းတို့၏ မြှားပစ်စွမ်းရည်နှင့် အင်အားထိန်းချုပ်မှုမှာ တကယ့်ကို အံ့မခန်း ဖြစ်လေသည်။