မင်းရှေ့မှာတော့ မင်းကအလှဆုံး၊ သူမရှေ့မှာတော့ သူမကအလှဆုံး
Vol. 6 Ch. 56
မြှားသူရဲကောင်း ရှစ်ဦး၏ မြားပစ်စွမ်းရည်ကို မြင်တွေ့ရသောအခါ မင်ဂိုဏ်းသားအပေါင်းတို့သည် ချီးကျူးအံ့ဩစိတ်များ ဖြစ်ပေါ်လာကြသည်။ ထိုသူတို့၏ အရည်အချင်းမှာ အမှန်ပင် အားမနည်းလှပေ။ မြှားပစ်အတတ်တစ်ခုတည်းနှင့် ဆိုလျှင် မင်ဂိုဏ်းအတွင်း မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ချေ။
ကျိုးတျန်က တအံ့တဩ ရေရွတ်သည်မှာ "ဒီလူ ရှစ်ယောက်လုံးက နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူတွေပဲဟ။ ဟို ယောကျာ်းလေးအဝတ်အစား ဝတ်ထားတဲ့ မိန်းကလေးဆိုရင်လည်း သာမန်လူတော့ မဟုတ်နိုင်ဘူး။ အတော်လည်း လှတာပဲ။ အစ်ကိုကြီးရန်၊ အစ်ကိုကြီးရဲ့ သမီးလေးကလည်း အလှလေးပါပဲ၊ ဒါပေမဲ့ ဒီမိန်းကလေးနဲ့ ယှဉ်လိုက်ရင်တော့ မှေးမှိန်သွားသလိုပဲနော်"
ရန်ပုဟွေ့သည် ထိုစကားကို ကြားကြားချင်းပင် ဒေါသထွက်သွားသည်။
'ငါ့အလှက ရှောင်ကျောက်ကိုတောင် မယှဉ်နိုင်တာ၊ အခု နောက်ထပ် မိန်းကလေးတစ်ယောက်က ငါ့ထက်သာနေပြန်ပြီလား' ဟု တွေးတောနေမိလေသည်။
သို့သော် ရန်ရှောင်ကမူ ရယ်မောလျက် "တကယ်လို့ ဒီရှစ်ယောက်သာ ငါတို့ဂိုဏ်းထဲဝင်လာရင် ထူးခြားဆန်းပြးတဲ့ ပုဂ္ဂိုလ်ငါးဦး ရဲ့ အထက်မှာ 'မုဆိုးရှစ်ဦး' ဆိုပြီး ရာထူးပေးလို့ ရလောက်တယ်" ဟု ဆိုသည်။
ကျိုးတျန်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောသည်မှာ "ပေါက်ကရတွေ ပြောမနေနဲ့။ မြားပစ်တာ တော်ရုံနဲ့ ဘာဖြစ်မှာလဲ။ သူတို့ကို လာခဲ့ခိုင်းလိုက်၊ ငါနဲ့ အစွမ်းချင်း ပြိုင်ကြည့်ကြတာပေါ့"
ရန်ရှောင်က စဉ်းစားဟန်ပြုကာ "အစ်ကိုကြီးကျိုးနဲ့ ယှဉ်ရင်တော့ သူတို့က နည်းနည်းနိမ့်ကျပါသေးတယ်။ ဒါပေမဲ့ အစ်ကိုကြီး လုံချန်းနဲ့ဆိုရင်တော့ သူတို့က အသာရလိမ့်မယ် ထင်တယ်"
ထူးခြားဆန်းပြားသောပုဂ္ဂိုလ်ငါးဦးထဲတွင် လုံချန်း၏ သိုင်းပညာမှာ အတော်ဆုံးဖြစ်သဖြင့် ရန်ရှောင်၏ စကားမှာ ကျိုးတျန်ကို စနောက်နေခြင်းသာ ဖြစ်သည်။
ကျိုးတျန်မှာ ဒေါသတကြီးဖြင့် ရန်ရှောင်၏ ညံ့ဖျင်းလှသော မြင်းစီးမြှားပစ် အတတ်ကို ပြန်လည်လှောင်ပြောင်ပြီး ကြွားလုံးထုတ်နေသည်ဟု ဆဲဆိုလေတော့သည်။
ဂိုဏ်းသားအပေါင်းတို့မှာ ထိုနှစ်ဦးကို ကြည့်၍ ရယ်မောနေကြသည်။ ထိုနှစ်ဦးမှာ ကတောက်ကဆဖြစ်နေကျ ပြိုင်ဘက်ဟောင်းများ ဖြစ်ကြပြီး နေ့စဉ် ရန်ဖြစ်နေကြသည်မှာ ထုံးစံကဲ့သို့ ဖြစ်နေချေပြီ။ ရိုးသားဖြောင့်မတ်သော ကျိုးတျန်ကို ရန်ရှောင်အနေဖြင့် စနောက်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ထိုသို့ စနောက်နေကြသော်လည်း သူတို့အားလုံးသည် ကျန်းဝူကျိနှင့်အတူ ခရီးကို ဆက်ခဲ့ကြပြီး ကျောက်မိန်နောက်သို့ လိုက်ပါလာခဲ့ကြသည်။
မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီးနောက် ကျောက်ပြားကြီးများခင်းထားသော လမ်းမကြီးသို့ ရောက်ရှိလာသည်။ လမ်းအတိုင်း လိုက်သွားသောအခါ ခြံဝန်းကျယ်ကြီးတစ်ခု၏ ရှေ့သို့ ရောက်လာကြသည်။ ထိုဝန်းကျင်တွင် မြစ်ငယ်များ ဝိုင်းရံထားပြီး မြစ်ကမ်းပါးတစ်လျှောက်၌ မိုးမခပင်များ စိမ်းလန်းစိုပြည်နေသည်။ ကန်းလျန်ဒေသတွင် ယခုကဲ့သို့ ကျန်းနန်ဒေသ ရှုခင်းမျိုးကို မြင်တွေ့ရသဖြင့် သူရဲကောင်းများအားလုံး စိတ်လက်ကြည်လင် လန်းဆန်းသွားကြသည်။
ကျောက်မိန်က ပြုံးလျက် "ဒီနေ့ မင်ဂိုဏ်းက သူရဲကောင်းတွေ ကျွန်မတို့ရဲ့ စိမ်းလန်းတဲ့ မိုးမခ အိမ်ရာကို ရောက်လာကြတာ ဂုဏ်ယူစရာပါပဲရှင်။ ဂိုဏ်းချုပ်ကျန်း..... ကြွပါဦး။ ဘယ်လက်ရုံးသံတမန် ရန်၊ ကြွပါဦး။ စီနီယာယင်း၊ ကြွပါဦး။ လင်းနို့ဘုရင် ဝေ၊ ကြွပါဦး" ဟု ဖိတ်ခေါ်လေသည်။
ရန်ရှောင်နှင့် အခြားသူများမှာ ကျောက်မိန်က သူတို့ကို သိနေရုံသာမက ဂိုဏ်းအတွင်းရှိ ရာထူးများကိုပါ အတိအကျ ပြောနိုင်သဖြင့် အံ့အားသင့်သွားကြသည်။
ကျိုးတျန်က မနေနိုင်ဘဲ မေးလိုက်သည်မှာ "မိန်းကလေး၊ ငါတို့ရဲ့ အကြောင်းတွေကို ဘယ်လိုလုပ် သိနေတာလဲ။ မင်းက လောကကြီးထဲက တစ္ဆေများလား"
ကျောက်မိန်က ခပ်ပြုံးပြုံးဖြင့် "မင်ဂိုဏ်းက သူရဲကောင်းတွေရဲ့ အမည်က တစ်လောကလုံး ကျော်ကြားနေတာပဲ။ ဘယ်သူက မသိဘဲ နေမှာလဲ။ မကြာသေးခင်ကပဲ ဂိုဏ်းချုပ်ကျန်းက ကွမ်မင်တောင်ထိပ်မှာ တိုက်ပွဲကြီး ဆင်နွှဲပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းကို အရေးနိမ့်အောင် လုပ်ခဲ့တာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့တာပဲလေ။ ဒါကို ဘယ်သူက မသိဘဲ နေမှာလဲ။ ကျွန်မကတော့ အတော်လေးကို အားကျမိတာပဲ။ ဒီနေ့ သူရဲကောင်းတို့နဲ့ တွေ့ရတာ ကျွန်မအတွက် သုံးဘဝစာ ကံကောင်းခြင်းပါပဲရှင်"
ကျန်းဝူကျိသည် ကျောက်မိန်ကို ကြည့်လိုက်သည်။ သူမ စကားပြောသောအခါ တည်ငြိမ်လွန်းလှပြီး အမှားအယွင်းဟူ၍ မရှိချေ။ ဤမိန်းကလေး၏ ပါးနပ်မှုမှာ ကျိုးကျစ်လော့ထက်ပင် သာလွန်နိုင်သည်ဟု သူ တွေးနေမိသည်။ သို့သော် ကျောက်မိန်သည် သူမ၏ ပါးနပ်မှုကို မကောင်းသောနေရာ၌ အသုံးမပြုသေးသော်လည်း ကျိုးကျစ်လော့မှာမူ ထိုသို့ မဟုတ်ချေ။
ကျောက်မိန်၏ စကားများမှာ ဂိုဏ်းသားများ၏ စိတ်ကို အကြိုက်တွေ့စေသဖြင့် အားလုံး ကျေနပ်သွားကြသည်။
ကျိုးတျန်မှာ မြားသူရဲကောင်း ရှစ်ဦး၏ အစွမ်းကို စဉ်းစားနေဆဲဖြစ်သဖြင့် ရှေ့သို့တိုးကာ မေးလိုက်သည်မှာ "ညီအစ်ကိုတို့၊ မင်းတို့ရဲ့ အစွမ်းတွေက တကယ့်ကို အထင်ကြီးစရာပဲ။ မင်းတို့ ဆရာက ဘယ်သူလဲ၊ နာမည်တွေရော ဘယ်လိုခေါ်လဲ"
မြှားသူရဲကောင်း ရှစ်ဦး၏ ခေါင်းဆောင်က အသံဩဩဖြင့် "ကျွန်တော့်နာမည်က ကျောက်ရိဆန်း၊ ဒါက ချန်အာပိုင်၊ ဒါက ဆုန့်ဆန်းဟွေး၊ ဒါက လီစီချွေး" ဟု မိတ်ဆက်ပြီး ကျန်လေးဦးကို လက်ညှိုးထိုးပြကာ - "ဒါက ကျိုးဝူးရှူး၊ ဒါက ဝူးလျိုဖို၊ ဒါက ကျိန်းချီမြဲ့၊ နောက်ဆုံးတစ်ယောက်က ဝမ်ပါရွှိုက်" ဟု ပြောလိုက်သည်။
မင်ဂိုဏ်းသားအပေါင်းတို့မှာ ထိုသူရှစ်ဦး၏ မျိုးရိုးအမည်များမှာ 'မျိုးရိုးအမည် တစ်ရာ' ထဲမှ ကျောက်၊ ချန်၊ ဆုန့်၊ လီ၊ ကျိုး၊ ဝူး၊ ကျိန်း၊ ဝမ် ဟူသော အစဉ်အတိုင်း ဖြစ်နေသဖြင့် ထူးဆန်းနေကြသည်။ ထို့ပြင် ပေးထားသော နာမည်များမှာလည်း မင်္ဂလာမရှိလှဘဲ မိမိအသက်ကို မနှမျောသည့် နာမည်များကဲ့သို့ ဖြစ်နေသည်။
သို့သော် ကျန်းဝူကျိက သက်ပြင်းချကာ ရှစ်ယောက်မြောက် လူထံသို့ လျှောက်သွားပြီး သနားကရုဏာ သက်သောလေသံဖြင့် "ညီအစ်ကို၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး။ 'ဝမ်ပါ' (ဇနီး၏ဖောက်ပြန်ခြင်းခံရသူ) ရော ၊ 'ရွှိုက်' (ကံမကောင်းခြင်း) ရော ဖြစ်နေတာဆိုတော့ အတော်လေး ကံဆိုးတဲ့ 'ဝမ်ပါ' ကြီး ဖြစ်နေမှာပေါ့။ ဒါက လုံးဝ ပျော်စရာမကောင်းပါလား" ဟု ဆိုလိုက်သည်။
ထိုစကားကြောင့် လူအများမှာ တဝါးဝါး ရယ်မောကြကုန်သည်။ ကျောက်မိန်၏ မျက်နှာပေါ်တွင်ပင် အပြုံးရိပ်ကလေး ပေါ်လာချေသည်။
ဝမ်ပါရွှိုက်သည် ကျန်းဝူကျိ၏ စကားအဓိပ္ပာယ်ကို နားလည်သဖြင့် ဒေါသကြောင့် မျက်နှာကြီး နီမြန်းသွားသည်။ သို့သော် ကျောက်မိန်ကို အားနာသဖြင့် ဘာမှမလုပ်ဝံ့ဘဲ ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
ကျောက်မိန်က ပြုံးလျက် လူအုပ်ကြီးကို ရှေ့သို့ ခေါ်ဆောင်သွားသည်။
ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် အထက်တွင် ချိတ်ဆွဲထားသော 'စိမ်းလန်းသော မိုးမခ အိမ်ရာ' ဟူသည့် စာလုံးလေးလုံးပါသော(တရုတ်နာမည်ဖြင့်) ဆိုင်းဘုတ်ကို မြင်တွေ့ရသည်။ အလယ်တွင် မြင်းရှစ်ကောင်ပုံ ပန်းချီကား ရှိပြီး ဘယ်ဘက်နံရံတွင် ကဗျာတစ်ပုဒ်ကို လက်ရေးလှဖြင့် ရေးထိုးထားသည်။ ကဗျာ၏အဆုံးတွင် 'တိမ်လွှာဓားကို ညအချိန်၌ စမ်းသပ်ကြည့်ရာ အမှန်ပင် နတ်ဘုရားလက်နက် ဖြစ်ချေသည်။ ထိုဓားကို ချီးကျူးဂုဏ်ပြုရန် ကဗျာများ ရေးမှတ်ရပေသည်။ ပင်လျန်ဒေသမှ ကျောက်မိန်' ဟု စာတန်းငယ်လေး ရေးထားသည်။
ထိုအခါမှသာ လူအများမှာ ဤမိန်းကလေး၏ အမည်မှာ ကျောက်မိန် ဖြစ်ကြောင်း သိလိုက်ရသည်။ သူမကို ဟန်လူမျိုးအမည် ခံထားသည့် မိန်းကလေးတစ်ဦးဟုသာ မှတ်ယူကြသည်။ သူတို့၏ စိတ်ထဲတွင် သတိထားနေကြသော်လည်း အလွန်အကျွံ မတွေးတောဘဲ နေရာယူ ထိုင်လိုက်ကြသည်။
အစေခံများက လက်ဖက်ရည်နှင့် မုန့်များ လာရောက်ချပေးကြသည်။ လူအပေါင်းတို့မှာ သံသယရှိနေကြသဖြင့် ဘာမှ မစားမသောက်ဘဲ သာမန်အတိုင်းသာ စကားပြောနေကြသည်။
ကျောက်မိန်က စားသောက်ပွဲ ပြင်ခိုင်းလိုက်သည်။ မကြာမီ စားသောက်ပွဲကြီး ပြင်ဆင်ပြီးစီးသွားသည်။ မင်ဂိုဏ်းသားများမှာ နေရာယူလိုက်ကြသော်လည်း တူကို မကိုင်ဝံ့ကြချေ။ သူတို့၏ စိုးရိမ်မှုကို မြင်သောအခါ ကျောက်မိန်က ကိုယ်တိုင် ဝိုင်တစ်ခွက် ငှဲ့၍ ဂုဏ်ပြုလိုက်ပြီး သူမကိုယ်တိုင် သောက်ပြကာ စားစရာများကို အနည်းငယ် စားပြလိုက်သည်။
သူမကိုယ်တိုင် စားပြသည်ကို မြင်သောအခါမှသာ လူအများ စိတ်အေးသွားကြသည်။ ကျေးဇူးတင်စကား ဆိုကြပြီး အားလုံး အတူတကွ စားသောက်ကြလေတော့သည်။
ရေပေါ်ခန်းမဆောင်ကို ဝန်းရံထားသော ကန်ထဲတွင် ဖြူလျလျနှင့် သင်းပျံ့သော ရနံ့ရှိသည့် ပန်းများ ပွင့်နေကြသည်။ လေပြည်အဝေ့တွင် ထိုရနံ့များ ပါလာသည်မှာ အလွန်ပင် မွေ့လျော်ဖွယ် ကောင်းလှချေသည်။
ပြောရဲဆိုရဲရှိလှသော ကျိုးတျန်က မေးလိုက်သည်မှာ
"မိန်းကလေးကျောက်၊ ဒီတိမ်လွှာဓားကို ဘယ်က ရခဲ့တာလဲ။ ငါသိသလောက်ဆိုရင် ဒါက အော့မေ့ဂိုဏ်းက သီလရှင် မြဲ့ကြွယ်ရဲ့ လက်နက်မဟုတ်လား"
ကျောက်မိန်က ပြုံးလျက် "တိမ်လွှာဓားအကြောင်း ပြောမှ သတိရတယ်။ ဂိုဏ်းချုပ်ကျန်းက ကွမ်မင်တောင်ထိပ်မှာ အော့မေ့ဂိုဏ်းက တပည့်မလေး ကျိုးကျစ်လော့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြားမိတယ်။ အဲဒီ ကျိုးညီမလေးက တိမ်လွှာဓားကို ကိုင်ပြီး တိုက်တာတောင် ဂိုဏ်းချုပ်ကျန်းက မျက်စိမှိတ်ပြီး အသေခံဖို့ စောင့်နေခဲ့တယ်ဆို။ အဲဒါ တကယ်ပဲလား" ဟု ဆိုကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
ရန်ရှောင်နှင့် အခြားသူများမှာ ကျန်းဝူကျိကို လှမ်းကြည့်လိုက်ကြသည်။ ဤအကြောင်းအရာမှာ ပြောဆိုရန် အနည်းငယ် ခက်ခဲလှသဖြင့် မည်သို့ ဖြေရှင်းရမည်ကို ဝေခွဲမရ ဖြစ်နေကြသည်။
သို့သော် ကျန်းဝူကျိ၏ မျက်နှာပြောင်တိုက်နိုင်မှုကို သူတို့ မသိကြချေ။
ကျန်းဝူကျိသည် မျက်နှာမပျက်၊ ရင်မခုန်ဘဲ ပြောလိုက်သည်မှာ"ကျစ်လော့နဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ ကျွန်တော်တို့ရဲ့ သံယောဇဉ်က ထူးခြားပါတယ်။ ဒါကြောင့် သူမကို ကျွန်တော် မနာကျင်စေချင်တာ သဘာဝပါပဲ"
ကျောက်မိန်က ပြုံး၍ "ဒါဆိုရင် ကျိုးညီမလေးက အတော်လေး လှမှာပဲနော်" ဟု မေးသည်။ လှတာကတော့ အမှန်ပါပဲ။ ကျန်တဲ့တစ်ယောက်ကတော့ သေချာ မသိသေးဘူး။
ကျန်းဝူကျိက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီး အပြင်ပန်းတွင်မူ ခေါင်းညိတ်ပြကာ"ဟုတ်ပါတယ်၊ ကျစ်လော့က အင်မတန် လှပါတယ်။ ဒါပေမဲ့ မိန်းကလေးကျောက်ကလည်း သူမထက် မနိမ့်ပါဘူး။ မင်းတို့ နှစ်ယောက်လုံးကတော့ အလှချင်း ပြိုင်နေကြတာပဲလို့ ကျွန်တော် ထင်မိတယ်" ဟု ဆိုလိုက်သည်။
ကျောက်မင်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး "ဒါဆို ဂိုဏ်းချုပ်ကျန်း၊ ကျွန်မနဲ့ ကျိုးညီမလေး ဘယ်သူက ပိုလှတယ်လို့ ထင်လဲဟင်" ဟု မေးလိုက်ပြန်သည်။
ကျန်းဝူကျိက သူ၏ အကျင့်အတိုင်း ပြုံးလျက် "ကျွန်တော်ကတော့ မင်းတို့ နှစ်ယောက်လုံးကို မြင်ရင် အိမ်ကို ခေါ်သွားပြီး လက်ထပ်ချင်တာပဲ။ မင်းတို့ နှစ်ယောက်လုံးက ကျွန်တော့်လို ရိုးသားတဲ့ ကောင်လေးကို ပြုစားနိုင်တဲ့ ပြိုင်ဘက်ကင်း အလှနတ်သမီးလေးတွေပဲလေ။ မင်းရှေ့မှာဆိုရင်တော့ မင်းက အလှဆုံးလို့ ပြောမှာဖြစ်ပြီး သူမရှေ့မှာဆိုရင်တော့ သူမက အလှဆုံးလို့ ပြောမှာပါပဲ"
“ဟားဟား.....တယ်ဟုတ်ပါလား။”
ရန်ရှောင်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး 'ငါတို့ ဂိုဏ်းချုပ်က တကယ် တော်တာပဲ။ စကားလမ်းကြောင်းကို ပြောင်းပြီးတော့တောင် ပြန်ပိုးပန်းနေသေးတယ်' ဟု တွေးနေကြသည်။
အဓိကအချက်မှာ ဤသို့ ပိုးပန်းသလို စကားမျိုးသည် ချီးကျူးစကားနှင့် နောက်ပြောင်စကား တစ်ဝက်စီ ဖြစ်နေခြင်းပင်။ လမ်းဘေးလူမိုက်များ၏ ရိုင်းစိုင်းသော စနောက်မှုမျိုးနှင့် လုံးဝ မတူချေ။ မိန်းကလေးတစ်ဦး အနေဖြင့် ကျောက်မိန်သည် ထိုစကားကို မကြားချင်ယောင် ဆောင်နိုင်သော်လည်း သူမ၏ အလှကို ချီးကျူးသည့် စကားဖြစ်သဖြင့် ငြင်းပယ်မည်တော့ မဟုတ်ပေ။
တကယ်တမ်းမှာလည်း ကျောက်မိန်၏ မျက်နှာလေးမှာ ရှက်၍သော်လည်းကောင်း၊ ဝိုင်ရှိန်ကြောင့်သော်လည်းကောင်း အနည်းငယ် နီမြန်းသွားသည်။ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ ပို၍ပင် ဆွဲဆောင်မှု ရှိလာချေပြီ။
ကျန်းဝူကျိသည် ကျောက်မိန်၏ ပြိုင်ဘက်ကင်း အလှတရားကို ငေးကြည့်နေမိသည်။ သူမ၏ အလှတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်နှင့် မြင့်မြတ်သော အရှိန်အဝါများ ရောယှက်နေသည်။ သူမ၏ ထူးခြားသော အလှနှင့် နူးညံ့မှုမှာ အမှန်ပင် အနှိုင်းမဲ့လှပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် စိတ်ကြည်လင် လန်းဆန်းစေချေသည်။