မင်းသမီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရုံတင်မကဘဲ ပြုစားဦးမည်
Vol. 6 Ch. 57
"ကျန်းဂိုဏ်းချုပ်ရဲ့ စကားတွေက တကယ်ချိုသာတာပဲ။ ကျိုးညီမလေးတောင် ဂိုဏ်းချုပ် စကားပြောတာကြားရင် လက်မပါရက်တော့ဘူးလို့ ကျွန်မ ထင်မိတယ်"
ကျန်းဝူကျိ၏ စကားကြောင့် ကျောက်မိန်သည် သဘောကျသွားပုံရပြီး နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် ခါးတွင်ချိတ်ထားသော တိမ်လွှာဓားကို ယူလိုက်ပြီး "အမှန်အတိုင်း ပြောရရင် ဒီတိမ်လွှာဓားက အစစ်မဟုတ်ပါဘူး။ ငါက တိမ်လွှာဓားကို သဘောကျလွန်းလို့ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကို သစ်သားနဲ့ ထုလုပ်ခိုင်းထားတာပါ"
“သစ်သားဓားတစ်လက်ပါလား”
ရန်ရှောင်နှင့် ကျန်ရှိနေသူများအားလုံး ကြောင်အသွားကြသည်။ အကယ်၍ ၎င်းသည် အတုပြုလုပ်ထားသော သစ်သားဓားသာဆိုလျှင် ပြဿနာမရှိနိုင်ဟု သူတို့ တွေးမိကြသည်။ သူတို့သည် ကျောက်မိန်ထံမှ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ သတင်းကို စုံစမ်းရန်သာ မျှော်လင့်ခဲ့သော်လည်း ယခုမူ ထိုမျှော်လင့်ချက်များ ပျက်စီးသွားရချေပြီ။
ကျောက်မိန်က ခပ်မှိန်မှိန် ပြုံးလိုက်ပြီး "ငါက အရက် သိပ်မသောက်နိုင်ဘူး။ ဒီမှာ ဆက်နေရင် မူးပြီး အမူမရာပျက်လာလိမ့်မယ်။ ငါ့စကားတွေကြောင့် တစ်ယောက်ယောက်ကို အမှတ်မထင် စော်ကားမိရင် မကောင်းဘူးလေ။ ခဏလောက် အဝတ်အစား သွားလဲလိုက်ဦးမယ်။ အားမနာဘဲ ကိုယ့်အိမ်လိုပဲ သဘောထားကြပါ"
ထိုသို့ပြောပြီးနောက် သူမသည် ကျော့ရှင်းစွာ ဂါရဝပြုကာ ရေပေါ်အဆောင်အတွင်းမှ ထွက်ခွာသွားပြီး ပန်းပင်များနှင့် မိုးမခပင်များကြားတွင် ပျောက်ကွယ်သွားတော့သည်။ သို့သော် တိမ်လွှာဓားကိုမူ သူမနှင့်အတူ ယူမသွားဘဲ စားပွဲပေါ်တွင် ထားရစ်ခဲ့၏။
ပတ်ဝန်းကျင်ရှိ အစေခံများသည် ဟင်းလျာများကို ဆက်တိုက် လာရောက်ချပေးနေသော်လည်း ကျန်ရှိနေသူများမှာမူ ဆက်မစားရဲကြတော့ပေ။ ကျောက်မိန် ပြန်အလာကို အတော်ကြာ စောင့်နေသော်လည်း ပေါ်မလာသဖြင့် လူတိုင်း စိုးရိမ်ထိတ်လန့်လာကြသည်။
ကျန်းဝူကျိ တစ်ယောက်သာလျှင် ဘာကိုမျှ ဂရုမစိုက်ဘဲ မြိန်ယှက်စွာ ဆက်လက်စားသောက်နေလေသည်။
ကျိုးတျန်က အံ့အားသင့်စွာဖြင့် "ဒီမိန်းကလေးကျောက်က ဘယ်လိုလူစားမျိုးလဲဟ။ အတော်ကြာတဲ့အထိ ပြန်မလာသေးဘူး။ ဒီတိမ်လွှာဓားမှာ တစ်ခုခု လှည့်ကွက်ရှိနေတာလား။ ငါ ကြည့်လိုက်ဦးမယ်"
ထိုသို့ပြောပြီး တိမ်လွှာဓားကို ဆွဲထုတ်ရန် လှမ်းယူလိုက်စဉ်မှာပင်..... ဘုန်း.......
ကျိုးတျန် လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် အဝေးမှ လက်ညှိုးအရှိန်အဝါတစ်ခု ရောက်ရှိလာပြီး တိမ်လွှာဓားကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။ ထို့ကြောင့် ကျိုးတျန်မှာ ဓားကို မဆွဲထုတ်နိုင်လိုက်ပေ။
ထိုသူအနည်းငယ်မှာ ထိတ်လန့်သွားကြသည်။ ကျိုးတျန်ကို ဟန့်တားလိုက်သူမှာ ကျန်းဝူကျိဖြစ်ပြီး သူသည် လက်ညှိုးသိုင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်ကို မြင်လိုက်ရ၏။
ကျိုးတျန်သည် ရန်ရှောင်က သူ၏ တန်ခိုးစွမ်းအားဖြင့် နှောင့်ယှက်သည်ဟု ထင်ကာ ဒေါသထွက်တော့မည့်ဆဲဆဲတွင် ကျန်းဝူကျိဖြစ်နေသည်ကို မြင်သောအခါ ဒေါသများ ချက်ချင်း ပြေလျော့သွားသည်။ သူက ဇဝေဇဝါဖြင့် မေးလိုက်သည်မှာ-
"ဂိုဏ်းချုပ်၊ ဘာလို့ ငါ့ကို တားတာလဲ"
ကျန်ရှိနေသူများလည်း အကြောင်းရင်းကို မသိကြပေ။ ကျန်းဝူကျိမှာ အပြောရခက်သွားပြီး
"မင်းတို့ လောကအလယ်မှာ ဒီလောက်ကြာကြာ လှည့်လည်သွားလာနေတာ အံ့ဩစရာပဲ။ မမြင်နိုင်တဲ့ ခလုတ်တွေ၊ ထောင်ချောက်တွေနဲ့ အဆိပ်တွေအကြောင်း မသိဘူးလား။ မင်းတို့မှာ အစွမ်းထက်တဲ့သိုင်းပညာ ရှိနေရင်တောင် အဆိပ်မိသွားရင် မနက်ဖြန်အထိ အသက်ရှင်မှာ မဟုတ်ဘူး"
ကျန်းဝူကျိ ဘာကြောင့် ထိုသို့ပြောသည်ကို လူအများက နားမလည်ကြပေ။ ကျိုးတျန်က ပို၍ပင် ခေါင်းကုတ်နေမိပြီး မေးမြန်းလိုသော်လည်း မချေပရဲချေ။
ရန်ပုဟွေ့သည် ကျန်းဝူကျိ ဆေးပညာ ကျွမ်းကျင်သည်ကို သိထားသဖြင့် "အစ်ကိုဝူကျိ၊ မိန်းကလေးကျောက်က ငါတို့ စားသောက်တဲ့အထဲမှာ အဆိပ်ခတ်ထားတာလား"
ထိုစကားကို ကြားသောအခါ ရန်ရှောင်နှင့် ကျန်ရှိနေသူများအားလုံး အံ့အားသင့်သွားကြသည်။ သူတို့အားလုံး အစားအစာများကို စားခဲ့ပြီးပြီဖြစ်ရာ အကယ်၍ အဆိပ်သာပါလျှင် တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ သို့သော် ကျောက်မိန်ကိုယ်တိုင်လည်း ထိုအစားအစာများကို စားခဲ့သဖြင့် အဆိပ်ပါရန် မဖြစ်နိုင်ဟု သူတို့ ပြန်တွေးမိကြပြန်သည်။
"စားစရာထဲမှာ အဆိပ်မပါဘူး။ တစ်လုပ်စားကြည့်ရုံနဲ့ ငါ သိနိုင်တယ်။ အဲဒီလိုနည်းနဲ့ အဆိပ်ခတ်တာဆိုရင်တော့ အထင်ကြီးစရာ မရှိပါဘူး"
ကျန်းဝူကျိသည် အပြင်ဘက်ရှိ ဗေဒါပန်းနှင့်တူသော ပန်းများကို ညွှန်ပြကာ တိမ်လွှာဓားကိုပါ လက်ညှိုးထိုးပြပြီး ဆိုသည်မှာ-
"ဗေဒါပန်းနဲ့တူတဲ့ ဒီပန်းတွေကို နတ်မူးဝိညာဥ်ကြာ လို့ ခေါ်တယ်။ ဒီအရာရဲ့ ရနံ့က သူ့ချည်းဆိုရင်တော့ အဆိပ်မရှိဘူး။ ဒါပေမဲ့ ပင်လယ်ကြမ်းပြင်ကရတဲ့ ထူးဆန်းတဲ့ 'ချီလင်' အမွှေးနံ့သာသစ်သားနဲ့ ပေါင်းစပ်မိရင်တော့ နတ်ဘုရားတွေတောင် ကယ်ဖို့ခက်တဲ့ အပြင်းစားအဆိပ် ဖြစ်သွားလိမ့်မယ်။ မင်းတို့မှာ ဘယ်လောက်ပဲ သိုင်းပညာတော်နေပါစေ အဆိပ်မိသွားရင် အသက်ရှင်ဖို့ မမျှော်လင့်နဲ့တော့။ မိန်းကလေးကျောက်က ဒါဟာ သစ်သားဓားလို့ ခုနတင် ပြောသွားတယ်။ အကယ်၍ ဒီသစ်သားဓားက ချီလင်သစ်သားဖြစ်နေလို့ ဓားကို ဆွဲထုတ်လိုက်ရင် ရနံ့တွေ ပေါင်းစပ်သွားလိမ့်မယ်။ ဒီလို အဆောင်လေးထဲမှာ ငါတို့အားလုံး လွတ်နိုင်ပါဦးမလား"
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ လူစုမှာ ကြက်သီးမွေးညင်းများ ထသွားကြသည်။ အကယ်၍ ရန်သူက ထိုကဲ့သို့ လျှို့ဝှက်သော နည်းလမ်းကို အသုံးပြုခဲ့လျှင် သူတို့ မည်သို့ သိနိုင်ပါမည်နည်း။ သူတို့အားလုံး သိုင်းလောကမှ သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ဆေးပညာကိုမူ ဘာမျှမသိကြပေ။ အဆိပ်မိသွားပြီးနောက် သေမင်းကို စောင့်ရုံမှတစ်ပါး အခြားမရှိနိုင်ချေ။
"တော်လိုက်လေ ကျန်းဂိုဏ်းချုပ်ရယ်။ ဂိုဏ်းကြီးခြောက်ဂိုဏ်းကို အနိုင်ယူပြီး မင်ဂိုဏ်းတစ်ခုလုံးရဲ့ လေးစားမှုကို ရထိုက်သူပီသပါပေတယ်။ ကျွန်မ တကယ်ပဲ အထင်ကြီးမိသွားပြီ"
ထိုစဉ် အပြင်ဘက်မှ သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ လူစု လှည့်ကြည့်လိုက်သောအခါ ကျောက်မိန်နှင့် မြှားသူရဲကောင်း ရှစ်ဦး ဝင်လာသည်ကို မြင်လိုက်ရ၏။
ကျိုးတျန်သည် ဒေါသထွက်ကာ ဆဲဆိုလိုက်သည်မှာ "တော်တော်ယုတ်မာတာပဲ.....ငါတို့က နင့်ဆီမှာ ထမင်းတစ်နပ်ပဲ စားရသေးတာ။ မကျေနပ်ရင် နောက်မှ ငါက နှစ်နပ် ပြန်ကျွေးပါ့မယ်။ နင်က တကယ်ပဲ ငါတို့ကို အဆိပ်ခတ်ချင်တယ်ပေါ့။ တကယ့်ကို အောက်တန်းကျတဲ့ မိန်းမပဲ"
ကျိုးတျန်၏ အော်ဟစ်သံကြောင့် လူစုမှာ အပြောရခက်သွားကြသည်။ ဤကိစ္စသည် စားသောက်ခြင်းနှင့် ဘာမျှမဆိုင်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာ ဖြစ်သည်မှာ ထင်ရှားလှသည်။
ကျောက်မိန်သည် ယခုအခါ အဝါနုရောင် ပိုးထည်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ခပ်ရေးရေး ပြုံးကာ "အစီအစဉ်က ပေါ်သွားပြီဆိုတော့ ကျွန်မလည်း ဖုံးကွယ်မနေတော့ပါဘူး။ ရှင်တို့ ရှာနေတဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက လူတွေကို ကျွန်မ အကုန်ဖမ်းထားတယ်။ မင်ဂိုဏ်းဟာ ဒီတစ်ကြိမ်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရတာဆိုတော့ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေကြတာပဲ။ ရှင်တို့က အတိတ်က ရန်ငြိုးတွေကို မေ့ပြီး သူတို့ကို တကယ်ပဲ ကယ်တင်ကြဦးမလို့လား"
ကျောက်မိန်၏ စကားကြောင့် လူစုမှာ ထိတ်လန့်သွားကြသည်။
ရန်ရှောင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်မှာ-
"နင့်နာမည်က ကျောက် လို့ပဲ ငါ သိထားတာ။ ဒါပေမဲ့ နင်က ယွမ်မင်းဆက် နန်းတွင်းက ဖြစ်နေမယ်လို့ မထင်ထားမိဘူး"
ကျန်းဝူကျိကမူ ရယ်မောလျက် "ခန့်မှန်းရတာ ဘာခက်လို့လဲ။ ယွမ်မင်းဆက်မှာ အမျိုးသမီး မရှိဘူးလို့ပဲ ငါတို့ ထင်ခဲ့ကြတာ။ ဒီလို နန်းတွင်းက မင်းမျိုးမင်းနွယ်တွေကို ငါတို့ မေ့နေခဲ့ကြတယ်။ ကျောက်မိန်၊ ကျောက်မိန်.....ငါခန့်မှန်းရရင် မင်းက ရုယန်မင်းသားရဲ့ သမီးတော် မိန်မိန်ထယ်မူး မဟုတ်လား"
အဖြေကို သိပြီးသားဖြစ်သဖြင့် ဖြေကြားရသည်မှာ တကယ်ပင် ကျေနပ်စရာ ကောင်းလှသည်။
ကျောက်မိန်၏ မျက်ဝန်းများတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး ပြုံးလျက် "ကျန်းဂိုဏ်းချုပ် ပီသပါပေတယ်။ တကယ်ပဲ ဉာဏ်ကောင်းတာပဲ။ ငါတို့ လက်နက်တွေကို ခဏဖယ်ထားပြီး ငြိမ်းချမ်းရေး မယူကြဘူးလား။ ဘာလို့ တိုက်ခိုက်နေကြရမှာလဲ။ ပါရှားမင်ဂိုဏ်းတောင် ငါတို့ မွန်ဂိုတွေဆီမှာ လက်နက်ချပြီးပြီ။ အခု ဒီလောကကြီးက ကြီးမြတ်တဲ့ယွမ်မင်းဆက်ရဲ့ လက်အောက်မှာပဲ။ ရှင်တို့က ဘာလို့ ခေါင်းမာမာနဲ့ ဆက်ပြီး တော်လှန်နေရတာလဲ"
"ထွီ.....ဘယ်သူက နင်တို့လို မွန်ဂိုလူမျိုးတွေနဲ့ ငြိမ်းချမ်းရေး ယူမှာလဲ။ ဒီနေ့တော့ နင် နဲ့ ငါ၊ တစ်ယောက်ယောက် သေရမှာပဲ"
ကျိုးတျန်သည် အော်ဟစ်ကြိမ်းမောင်းကာ ရှေ့သို့ ပြေးတက်ပြီး ကျောက်မိန်ကို တိုက်ခိုက်လိုက်သည်။
ဘုန်း.....
ထိုစဉ် ကျောက်မိန်၏ နောက်ကွယ်မှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျိုးတျန်နှင့် လက်ဝါးချင်း ထိတွေ့တိုက်ခိုက်လိုက်ရာ ကျိုးတျန်မှာ နောက်သို့ တိုက်ရိုက် လွင့်စင်သွားတော့သည်။ ကျိုးတျန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အေးစက်လှသော စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ လက်မောင်းတစ်ဖက်မှာ လုံးဝ လှုပ်ရှား၍ မရတော့ပေ။
ထိုသူ၏ လက်ဝါးသိုင်းမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်နေပြီး ကျိုးတျန်မှာ မယှဉ်နိုင်သည်ကို မြင်သောအခါ လူစုမှာ ထိတ်လန့်သွားကြသည်။
ကျောက်မိန်၏ နောက်ကွယ်မှ လူနှစ်ဦး ထွက်လာသည်ကို သူတို့ မြင်လိုက်ရ၏။ နှစ်ဦးစလုံးမှာ ရုပ်ဆိုးလှသော သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း သူတို့၏ အကြည့်များမှာ ရက်စက်ယုတ်မာပုံရပြီး ကြည့်ရသည်မှာ မကောင်းသောသူများ ဖြစ်ပုံရသည်။
ကျိုးတျန်သည် စိတ်မြန်သူ ဖြစ်သော်လည်း သူ၏ သိုင်းပညာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ ယခုမူ ထိုသူ၏ လက်ဝါးချက်ဖြင့် ဒဏ်ရာရကာ နောက်ဆုတ်သွားရသဖြင့် လူစုမှာ သတိထားမိသွားကြသည်။
ကျန်းဝူကျိကမူ သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထိုသူနှစ်ဦးမှာ ရွှမ်မင်အဖိုးကြီးများ ဖြစ်ကြ၏။
ထိုလူနှစ်ဦး ကျောက်မိန်နှင့်အတူ ရှိနေလိမ့်မည်ဟု သူ မထင်ထားမိပေ။ ကျန်းဝူကျိက လှောင်ပြုံးပြုံးကာ
"ဒါ အဖိုးကြီး နှစ်ယောက်ပါလား"
ထိုသို့ပြောပြီးနောက် ကျန်းဝူကျိသည် ကျိုးတျန်၏ လက်မောင်းပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ စင်ကြယ်သော ယန်စွမ်းအားသည် ကျိုးတျန်၏ လက်မောင်းအတွင်းရှိ အေးစက်သော စွမ်းအားများကို ချက်ချင်း ဖယ်ရှားပေးလိုက်သဖြင့် ကျိုးတျန် ပြန်လည် လှုပ်ရှားနိုင်သွားသည်။
ဟဲပိဝမ်က အားပါးတရ ရယ်မောကာ
"ကောင်လေး၊ မင်း ငယ်ငယ်တုန်းက ငါ့လက်ဝါးချက်မိပြီး မသေတာ ကံကောင်းတယ်လို့ မှတ်ပါ။ အခုတော့ ငါတို့ မင်းသမီးကို မရိုမသေ လုပ်ရဲတယ်ပေါ့"
"ငါက မင်းတို့ မင်းသမီးကို မရိုမသေ လုပ်ရုံတင်မကဘူး၊ သူ့ကို ပြုစားပြီး နှောင့်ယှက်ဦးမှာ"
ကျန်းဝူကျိက နှာခေါင်းရှုံ့ကာ "တိုက်ကြစမ်း.....ဒီတစ်ခါတော့ ရန်ငြိုးဟောင်းရော အသစ်ရော အကုန်ရှင်းကြတာပေါ့"
ကျန်းဝူကျိ၏ အမိန့်အရ မင်ဂိုဏ်းသားများအားလုံး ချက်ချင်း တိုက်ခိုက်ကြတော့သည်။
ကျန်းဝူကျိသည် စကားအများကြီး မပြောတော့ဘဲ ရှေ့သို့ ပြေးတက်ကာ ရွှမ်မင်အဖိုးကြီး နှစ်ယောက်လုံးကို လက်ဝါးဖြင့် တစ်ချက်စီ ရိုက်လိုက်၏။
ထိုအဖိုးကြီး နှစ်ယောက်မှာ သိုင်းပညာ အလွန်မြင့်မားကြသည်။ သူမှတစ်ပါး ရန်ရှောင်နှင့် ကျန်ရှိနေသူများမှာ သူတို့ကို ယှဉ်နိုင်မည် မဟုတ်ဟု ခန့်မှန်းရပြီး ယခင်က ရှိခဲ့သော ရန်ငြိုးများကြောင့်လည်း ဖြစ်သည်။ ၎င်းသည် အမှန်တကယ်ပင် ရန်သူချင်း မျက်နှာချင်းဆိုင် တွေ့ကြခြင်းပင် ဖြစ်ချေသည်။
ရွှမ်မင်အဖိုးကြီးများမှာလည်း ပြောစရာမရှိတော့ဘဲ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လက်ဝါးရိုက်ချက် နှစ်ချက် ထုတ်ဖော်လိုက်ကြသည်။ ရွှမ်မင်နတ်လက်ဝါး၏ လေအရှိန်အဝါမှာ ရက်စက်ပြီး အလွန်အစွမ်းထက်လှသည်။ သို့သော် ကျန်းဝူကျိသည် ဟဲပိဝမ်၏ လက်ဝါးစွမ်းအားကို ဖမ်းယူလိုက်ပြီး စကြဝဠာ ရွှေ့ပြောင်းခြင်းသိုင်းကို အသုံးပြုကာ ထိုစွမ်းအားကို လုကျန့်ခထံသို့ လမ်းကြောင်းလွှဲလိုက်၏။
လုကျန့်ခသည် ကျန်းဝူကျိနှင့် လက်ဝါးချင်း ထိတွေ့လိုက်သောအခါ ရင်းနှီးနေသော အေးစက်သည့် လက်ဝါးစွမ်းအားကို ခံစားလိုက်ရသည်။ ၎င်းမှာ ရွှမ်မင်နတ်လက်ဝါးပင် ဖြစ်ချေသည်။ ဤလူငယ်သည် ရွှမ်မင်နတ်လက်ဝါးကို မည်သို့ သိနေသနည်းဟု သူ အံ့အားသင့်သွားရသည်။ ဟဲပိဝမ်၏ လက်ဝါးမှာ ကျန်းဝူကျိ၏ အခြားလက်တစ်ဖက်တွင် ကပ်နေသည်ကို မြင်သောအခါ ဤလူငယ်သည် တစ်ခုခု လှည့်ကွက်သုံးထားသည်ကို သူ သိလိုက်ပြီး ချက်ချင်းပင် လက်ဝါးစွမ်းအားကို ပြန်ရုပ်ကာ အတွင်းအားကို ပြောင်းပြန်လှန်လိုက်သည်။
ကျန်းဝူကျိသည် ထိုအခွင့်အရေးကို အရယူကာ ရှေ့သို့ တစ်လှမ်းတက်ပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခုနစ်ချက်ဒဏ်ရာလက်သီး ကွက်များကို အသုံးပြု၍ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
သူသည် ကလေးဘဝက ရှဲ့ရွှန်းထံမှ ခုနစ်ချက်ဒဏ်ရာလက်သီး၏ အနှစ်သာရကို သင်ယူခဲ့ဖူးသော်လည်း နားလည်မှု မလုံလောက်ခြင်းနှင့် အတွင်းအား နည်းပါးခြင်းတို့ကြောင့် အသုံးမပြုနိုင်ခဲ့ပေ။ သို့သော် သူ၏ ကိုးပါးနေဝန်း အလင်းစွမ်းအင် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက်နှင့် စကြဝဠာ ရွှေ့ပြောင်းခြင်းကို သင်ယူပြီးချိန်မှစ၍ သူ မြင်ဖူးသမျှနှင့် သင်ယူဖူးသမျှ သိုင်းပညာအားလုံးကို စိတ်ထဲတွင် ပေါင်းစပ်နိုင်ခဲ့ရာ ခုနစ်ချက်ဒဏ်ရာလက်သီးမှာလည်း ချွင်းချက်မဟုတ်ပေ။
ခုနစ်ချက်ဒဏ်ရာလက်သီးသည် အစွမ်းထက်သော်လည်း လုံလောက်သော အတွင်းအားမရှိဘဲ ကျင့်ကြံပါက မိမိကိုယ်ကိုယ် ထိခိုက်စေနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းဝူကျိ၏ အတွင်းအားမှာ နက်ရှိုင်းလှသဖြင့် ခုနစ်ချက်ဒဏ်ရာလက်သီးကို သင်ယူခြင်းသည် အကျိုးကျေးဇူးသာရှိပြီး ဘေးဥပဒ်မဖြစ်သည့်အပြင် ပို၍ပင် အစွမ်းထက်လာသည်။ ရွှမ်မင်အဖိုးကြီးများကို တိုက်ခိုက်လိုက်သော ထိုလက်သီးနှစ်ချက်၏ အရှိန်အဝါမှာ တကယ်ပင် အံ့သြဖွယ်ကောင်းလှ၏။
ရွှမ်မင်အဖိုးကြီးများသည် ကျန်းဝူကျိ၏ လက်သီးကွက်များ ပြင်းထန်လှသည်ကို မြင်သောအခါ ကြောက်ရွံ့သွားကြသော်လည်း မရှောင်တိမ်းနိုင်တော့ပေ။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး ရွှမ်မင်နတ်လက်ဝါးကို ထပ်မံထုတ်ဖော်ကာ ကျန်းဝူကျိ၏ လက်သီးများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
ဘုန်း.....
ရွှမ်မင်အဖိုးကြီးများမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခုနစ်ချက်ဒဏ်ရာလက်သီး၏ ဒဏ်ကြောင့် နောက်သို့ တရစပ် ဆုတ်ခွာသွားရကာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ပေ။
ကျန်းဝူကျိသည် အခွင့်အရေးကို လက်မလွှတ်ဘဲ တိမ်လွှာလှေကားသိုင်းကို အသုံးပြုကာ တိုက်ရိုက် ခုန်တက်လိုက်ပြီး ကျောက်မိန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ သူမကို ဖမ်းဆီးရန် လက်လှမ်းလိုက်သည်။
ဤမြင်ကွင်းကြောင့် လူစုမှာ ထိတ်လန့်သွားကြပြီး ကျောက်မိန်ကိုယ်တိုင်ပင် သိုင်းပညာမြင့်မားလှသော ရွှမ်မင်အဖိုးကြီးများမှာ ကျန်းဝူကျိ၏ လက်ချက်ဖြင့် နှစ်ကွက်အတွင်းမှာတင် နောက်ဆုတ်သွားရလိမ့်မည်ဟု မထင်ထားမိပေ။ ၎င်းသည် တကယ်ပင် မျှော်လင့်မထားသော အရာပင် ဖြစ်သည်။
ကျောက်မိန်သည် ဟန့်တားရန် လက်ဝါးမြှောက်လိုက်သော်လည်း ကျန်းဝူကျိကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ ကျန်းဝူကျိသည် သူမ၏ နူးညံ့သော လက်ကလေးကို ဖမ်းဆီးပြီးနောက် နောက်သို့ ဆွဲလိုက်ရာ ကျောက်မိန်မှာ သူ၏ ရင်ခွင်ထဲသို့ အလိုအလျောက် ကျရောက်သွားတော့သည်။ ထို့နောက် သူသည် သူမ၏ ပုခုံးကို နောက်ပြန်ချုပ်ကိုင်ကာ သူမကို ဖမ်းဆီးလိုက်လေသည်။
"ရပ်လိုက်....အခုချက်ချင်း ရပ်လိုက်စမ်း"
ရွှမ်မင်အဖိုးကြီးများမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနိုင်လိုက်ချိန်တွင် ကျောက်မိန်မှာ ကျန်းဝူကျိ၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကြသည်။ မိန်းကလေးကျောက်ကို ကျန်းဝူကျိက ထိခိုက်အောင် လုပ်မည်ကို စိုးရိမ်သဖြင့် လုကျန့်ခက အလျင်အမြန် အော်ဟစ်လိုက်၏။
အခြားသော သိုင်းပညာရှင်များသည်လည်း ကျောက်မိန် ပုခုံးချုပ်ခံရကာ ဖမ်းဆီးခံလိုက်ရသည်ကို မြင်သောအခါ အလွန်ပင် ကြောက်လန့်သွားကြသည်။ ကျန်းဝူကျိ၏ စွမ်းအားနှင့်ဆိုလျှင် ယခုအချိန်တွင် အားအနည်းငယ် ထည့်လိုက်ရုံဖြင့် ကျောက်မိန်၏ လက်မောင်းမှာ ချက်ချင်း ကြေမွသွားပြီး ဒုက္ခိတ ဖြစ်သွားလိမ့်မည်ကို သူတို့ သိကြသည်။ ထိုသို့ဆိုလျှင် ရုယန်မင်းသားနှင့် အခြားသူများမှာ သေချာပေါက် ရူးသွပ်သွားကြလိမ့်မည်ဖြစ်ရာ သူတို့အတွက် မည်သို့ ကောင်းကျိုးရှိနိုင်ပါမည်နည်း။
ချက်ချင်းပင် သူတို့အားလုံး အလွန်ကြောက်လန့်သွားကြသဖြင့် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး တစ်နေရာတည်းတွင် စုရုံးကာ ကျန်းဝူကျိကို အလွန်စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။
ရန်ရှောင်နှင့် ကျန်ရှိနေသူများမှာမူ ကျန်းဝူကျိက ကျောက်မိန်ကို ဖမ်းဆီးနိုင်လိုက်သည်ကို မြင်သောအခါ ဘေးအန္တရာယ် မရှိတော့သည်ကို သိသဖြင့် အားလုံး၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာကြသည်။ ထို့နောက် သူတို့အားလုံး ကျန်းဝူကျိ၏ နောက်ကွယ်တွင် ရပ်လိုက်ကြ၏။
"ကျန်းဝူကျိ..... မင်းသမီးကို လွှတ်ပေးလိုက်စမ်း"
လုကျန့်ခက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
ကျောက်မိန်သည် ကျန်းဝူကျိ၏ ချုပ်ကိုင်ခြင်းကို ခံထားရသော်လည်း သူမ၏ စိတ်ထဲတွင် ထိတ်လန့်ခြင်း မရှိပေ။ ယင်းအစား သူမသည် သနားစရာကောင်းသော မျက်နှာထားဖြင့် "ကျန်းဂိုဏ်းချုပ်၊ ကျွန်မက ရှင့်ရဲ့လက်ထဲကို ရောက်နေပြီပဲ။ သတ်ချင်သတ်၊ ခုတ်ချင်ခုတ်နိုင်ပါတယ်"
သူမ၏ သရုပ်ဆောင်မှုမှာ အတော်ပင် ကောင်းမွန်သော်လည်း ကျန်းဝူကျိကိုမူ မလှည့်စားနိုင်ပေ။ သူက ရယ်မောလျက် "သတ်ဖို့ ခုတ်ဖို့ မလိုပါဘူး။ မင်းကို မြင်ကတည်းက ငါက မင်းကို လက်ထပ်ပြီး အိမ်ကို ဇနီးအဖြစ် ခေါ်သွားချင်တယ်လို့ ပြောခဲ့တာ မေ့သွားပြီလား။ ငါနဲ့ လိုက်ခဲ့ပြီး ဂိုဏ်းချုပ်ကတော် လုပ်ပါလား"
ထိုစကားကို ကြားသောအခါ ကျိုးတျန်သည် ရန်ရှောင်နှင့် ကျန်ရှိနေသူများ၏ ဘေးတွင် တိုးတိုးလေး ပြောလိုက်သည်မှာ "ဂိုဏ်းချုပ်က ငယ်သေးတော့ စိတ်က ကစားနေတုန်းပဲ။ အလှအပကို မြင်ရင် လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်တော့ဘူး။ ဒီကျောက်မိန်က လူကောင်းမဟုတ်ဘူး၊ ဂိုဏ်းချုပ် သူ့ရဲ့ ပြုစားတာကို မခံရသင့်ဘူး"
"မင်းပြောတာ ငါ ကြားတယ်နော်"
ကျန်းဝူကျိက ခပ်တိုးတိုး ပြောလိုက်ရာ ကျိုးတျန်မှာ ချက်ချင်းပင် ကြောက်လန့်ကာ တိတ်သွားတော့သည်။
ထို့နောက် ကျောက်မိန်က ဝမ်းနည်းဟန်ဖြင့်
"ကျန်းဂိုဏ်းချုပ်၊ ရှင်က ကျွန်မလို မိန်းမပျိုလေးကို အရှက်ခွဲချင်တယ်ဆိုရင်လည်း ကျွန်မမှာ နာခံရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ"
ထိုသို့ပြောပြီးနောက် ကျောက်မိန်သည် တကယ်ပင် မျက်ရည်များ ကျလာပြီး သူမ၏ လှပသော မျက်နှာလေးမှာ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေသဖြင့် လူအများအပြားမှာ သနားစိတ် ဝင်သွားကြသည်။
ကျန်းဝူကျိသည် သူမ၏ လည်ပင်းကို နောက်ပြန်ချုပ်လိုက်ပြီး "သရုပ်ဆောင်နေတုန်းပဲလား။ ငါ အားနည်းနည်း ထည့်လိုက်ရင် မင်းရဲ့ အသက်လေး ထွက်သွားတော့မှာကို သိရဲ့လား"
ကျောက်မိန်သည် ကျန်းဝူကျိ အတည်ပြောနေသည်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမ၏ အသက်ရှူသံများ မြန်လာပြီး သစ်ခွရနံ့ကဲ့သို့သော ထွက်သက်များသည် ကျန်းဝူကျိ၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်လာရာ ကျန်းဝူကျိ၏ စိတ်ထဲတွင် လှိုင်းကလေးတစ်ခု အနည်းငယ် ထသွားရ၏။
"မင်းနဲ့ စကားအများကြီး မပြောတော့ဘူး။ ဝူတန်ဂိုဏ်းက လူတွေကို လွှတ်ပေးလိုက်၊ ငါလည်း မင်းကို ပြန်လွှတ်ပေးမယ်။ ဒါက မျှတတဲ့ အရောင်းအဝယ်တစ်ခုလို့ မင်းမထင်ဘူးလား"
နေ့ခင်းကြောင်တောင် လူအများအပြား ရှိနေသဖြင့် ကျန်းဝူကျိမှာ အလွန်အကျွံ မလုပ်နိုင်ပေ။ ခဏအကြာတွင် သူသည် ကျောက်မိန်နှင့် စတင်ကာ စည်းကမ်းချက်များ ညှိနှိုင်းတော့သည်။
ကျောက်မိန်က "ဝူတန်ဂိုဏ်းက လူအများကြီးကို ကျွန်မ တစ်ယောက်တည်းနဲ့ လဲရမှာလား။ အဲဒါက ကျွန်မအတွက် ဘယ်လိုလုပ်ပြီး သင့်တော်တဲ့ အရောင်းအဝယ် ဖြစ်မှာလဲ"
"မင်းက မင်းသမီးတစ်ပါးပဲ၊ မင်းရဲ့ အဆင့်အတန်းက ထူးခြားလှပါတယ်။ ဒီအရောင်းအဝယ်က သဘာဝအတိုင်း တန်ဖိုးရှိတာပေါ့"
ကျန်းဝူကျိသည် ရုတ်တရက် ဆွဲဆောင်မှုရှိသော အပြုံးကို ပြုံးလိုက်ပြီး "အကယ်၍ မင်း သဘောမတူဘူးဆိုရင် ငါ မင်းကို သေချာပေါက် ပြန်ပေးဆွဲသွားမယ်၊ မင်းရဲ့ သိုင်းပညာနဲ့ အကြောပိတ်မှတ်တွေကို ပိတ်ထားပြီး ငါ့ဘေးမှာ အပျော်တမ်းကစားစရာအဖြစ် ထားလိုက်မယ်။ မင်း ဘယ်တော့လောက်မှ လိမ်လိမ်မာမာ ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့"
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ကျောက်မိန်သည် တကယ်ပင် အနည်းငယ် ကြောက်လန့်သွားသည်။ သူမ မည်မျှပင် ဉာဏ်ကောင်းစေကာမူ သူမသည် မိန်းကလေးငယ်တစ်ဦးသာ ရှိသေးရာ ဤသို့သော အခြေအနေကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။