အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
Ch 111
(သူတို့နှစ်ယောက်က ကြံရာပါတွေပဲ)
လင်လုံသန့်စင်နယ်မြေ အတွင်းရှိ…
ကြီးမားသော ကျောက်ပြားဝိုင်းကြီးပေါ်တွင် အစီအရင်ပုံစံကွက်များ ဖုံးလွှမ်းထားပြီး ခန့်ညားသော အလင်းတန်းတစ်ချို့ ထုတ်ပေးနေသည်။ ထိုကျောက်ပြားဝိုင်းသည် နှစ်ဦးချင်းတိုက်ပွဲငယ်များအတွက် အထူးဖန်တီးထားကာ လင်လုံသန့်စင်နယ်မြေ၏ တိုက်ပွဲကွင်းပြင်တွင် တည်ရှိသည်။
တာအိုသားတော်နှစ်ဦး တိုက်ခိုက်မည့်သတင်းကြောင့် လင်လုံသန့်စင်နယ်မြေ အတွင်းရှိ အဆက်အသွယ်ကောင်းသော တပည့်များစွာကလည်း သတင်းကြားသည်နှင့် အပြေးရောက်လာကြသည်။ ထို့အပြင် ပွဲတော်လာတက်သော ဧည့်သည်တော်များပါ လာရောက်စုဝေးသည့်အတွက် ကွင်းပြင်တစ်ခုလုံး ပြည့်နေတော့သည်။
လေထုထဲတွင် စိတ်လှုပ်ရှားနေသော ဆူညံသံများ ဖုံးလွှမ်းနေတော့သည်။
"ထိုက်ရွှမ်းသန့်စင်နယ်မြေနဲ့ ခရမ်းနေမင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်နှစ်ယောက်မှာ ဘယ်သူနိုင်မယ်ထင်လဲ။"
"ဟေ့ရောင်၊ ဒါမေးစရာလိုသေးလား။ လောင်းကြေးတွေကိုပဲကြည့်လိုက်လေကွာ”
“ထိုက်ရွှမ်းတာအိုသားတော်ကိုလောင်းရင် တစ်အချိုးခြောက်နော်၊ ဝိညာဥ်ကျောက်တုံး တစ်ရာဆို ခြောက်ရာပြန်ရမှာ။ စမ်းကြည့်ကြမလား”
ကျန်တစ်ယောက်က ပုခုံးတွန့်လိုက်လေကာ..
"တော်စမ်းပါကွာ၊ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ လူမသိ သူမသိ တာအိုသားတော်က ကျိထျန်ဖန်ကို အနိုင်ယူနိုင်မှာမလို့လား"
"နေအုန်း။ ငါအခုပဲ ခရမ်းနေမင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဝိညာဉ်ကျောက်တုံး ငါးထောင်သွားလောင်းပြီ။ သူက လောင်းကြေးနိမ့်ပေမဲ့ သူနိုင်ရင် ကျောက်တုံးငါးရာ အသားတင်ရလိမ့်မယ်။ နည်းနည်းလေးဆိုရင်တောင်မှ အကူအညီဖြစ်တာပဲ”
"အေး ဒါ အဓိပ္ပာယ်ရှိတယ်။ ငါ့အတွက်လည်း ငါးထောင်လောင်းခဲ့အုန်း”
"တာအိုရောင်းရင်းတို့ မုန့်အချိုယူချင်ပါသလား။ အသီးအနှံတွေရမယ်။ နွေဦးစမ်းချောင်းရေတွေရမယ်။"
လူအုပ်ကြားထဲမှ ချီယောင်သည် ချီယွမ်အား စိတ်ပူစွာ ကြည့်လိုက်ရင်း ဘေးမှာရှိနေသာ ချင်လင်ရှူးအား လှမ်းမေးလိုက်သည်။
"အမချင်၊ အကိုချီနိုင်မယ်လို့ ထင်လားဟင်"
ရေခဲနတ်သမီး ချင်လင်းရှူးသည် ချီယောင်ကိုတော့ နွေးထွေးစွာ ဆက်ဆံပါသည်။ သူမက ရှားပါးသော နူးညံ့မှုတစ်ချို့ ပြလိုက်ရင်း ညင်သာစွာ ဖြေလိုက်သည်။
"ယောင်အာ၊ ညီမလေးရဲ့ ကိုကိုချီကသေသွားပြီ။ ဒီလူက နာမည်တူတယ်ဆိုပေမယ့် ညီမလေးရဲ့ ကိုကိုမဟုတ်ဘူး။ ဒါကိုနားလည်ထားရမယ်”
"ညီမသိပါတယ်"
ချီယောင်၏ မျက်လုံးက ချက်ချင်း နီရဲသွားကာ အသံအတွင်း၌ ဝမ်းနည်းမှုများ စွက်ဖက်လာခဲ့သည်။
"အဲ့ဒီ့တုန်းက ညီမလေး အရမ်းစိတ်ပျက်ပြီး ကူကယ်ရာမဲ့နေခဲ့တာ။ အဲ့ဒီအချိန်မှာ အကိုချီက ရုတ်တရက် ကောင်းကင်ထက်ကနေ ပြုတ်ကျလာပြီး ကယ်ပေးခဲ့တယ်။ ပြီးတော့ တိုက်ဆိုင်စွာနဲ့ အကိုချီရဲ့နာမည်ကလည်း ကိုကိုချီယွမ်နဲ့ တူနေတယ်။ ဒါ့ကြောင့်ညီမလေး အနေနဲ့ ကောင်းကင်ဘုံကိုရောက်နေတဲ့ ကိုကိုကညီမကို မစွန့်လွှတ်နိုင်လို့ နောက်ထပ်လူတစ်ယောက်နဲ့ အဖော်ပြုခိုင်းလိုက်တာလို့ပဲ တွေးနေမိတယ်”
"ဒီအတွေးက တော်တော်လေးမဖြစ်နိုင်ဘူးဆိုတာ ညီမလေးလည်း သိပါတယ်။ အကိုချီ… သူကမြင့်မားတဲ့ဂုဏ်ပုဒ်နဲ့ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ ညီမရဲ့ကိုကိုက အသုံးမကျတဲ့ ဝိညာဉ်သွေးကြောနဲ့ သာမန်သူတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲဆိုပေမယ့် ညီမအဲ့ဒီ့အတွေးကို မစွန့်လွှတ်နိုင်ဘူး။ ဒီလိုမျိုးတွေးလိုက်ရင် ညီမရဲ့ကိုကိုက တစ်ကယ် အသက်ရှင်နေသလိုမျိုး ခံစားရတယ်”
ချီယောင်၏ မျက်နှာထက်ရှိ ဖုံးကွယ်၍မရနိုင်သော ဝမ်းနည်းမှုများကြောင့် ချင်လင်ရှူး မသက်သာစွာ သက်ပြင်းချလိုက်ရင်း သူမကိုနှစ်သိမ့်လိုက်သည်။
"ယောင်အာ...ညီမလေးရဲ့ ကိုကိုနဲ့ ညီမလေး အကြောင်း ကြားရတာ အမ စိတ်မကောင်းပါဘူး။ အခုညီမရဲ့ကိုကိုကလည်းသေသွားပြီ။ ညီမက အမရဲ့ ညီမလေးပဲ”
“ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ချီယွမ် ကယ်ပေးခဲ့တဲ့ အသက်ကျေးဇူးကို အမ မမေ့ပါဘူး။ သေချာပေါက် ပြန်ပေးဆပ်မှာပါ”
ပြောပြီးသည်နှင့် ချင်လင်ရှူးသည် မျက်စိရှေ့ရှိ တိုက်ပွဲကွင်းပြင်အား ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲသို့ ရှင်းလင်းစူးရှသော အလင်းတစ်ချို့ ဖြတ်ပြေးသွားလေ၏။
ပွဲကြည့်ပရိသတ်များ ပိုမိုများပြားလာသည့်အတွက် အိမ်ရှင် ရှောင်ယွဲ့နင်သည် ကျောက်ပြားပေါ်ရှိ လူနှစ်ယောက်ကို အမြန် ညွှန်ကြားလိုက်သည်။
"အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ ကျင့်ကြံဆင့် ပိုမြင့်တဲ့သူက ကျန်တဲ့ကျင့်ကြံသူနဲ့ ကိုက်ညီတဲ့နယ်ပယ်ကို လျော့ချခံရမယ်။ ပြီးတော့ ဒီတိုက်ပွဲမှာ အနိုင်အရှုံးက အဓိကပဲ။ သေခြင်း၊ ရှင်ခြင်းမဟုတ်ဘူး။ အစွမ်းကုန် တိုက်ခိုက်ဖို့ မလိုအပ်ဘူး။ အသက်အန္တရာယ်ထိခိုက်မှုကနေ အတတ်နိုင်ဆုံး ရှောင်ရှားကြပါ။"
ချီယွမ်သည် အဖက်မလှုပ်စွာဖြင့် နှာခေါင်းအားတို့ထိလိုက်ရင်း
"ဟုတ်ပြီ။ ဒါဆိုစကြရအောင်။ ကျွန်တော်အလျင်လိုနေတယ်။ အစားအသောက်တွေ အေးကုန်ရင်မကောင်းဘူး။"
"ဒီနေရာထိရောက်လာတာကိုတောင်မှ မောက်မာရဲတယ်”
မျက်နှာချင်းဆိုင်ရှိ ကျိထျန်ဖန်က အေးစက်စွာ မဲ့ရွှဲ့လိုက်ရင်း ပြောလိုက်သည်။
"မင်းရဲ့ပါးစပ်လိုပဲ မင်းခန္ဓာကိုယ်က အကြောတင်းနိုင်မလား ကြည့်တာပေါ့”
ထိုအချိန်တွင် အစီအရင်က စတင်အသက်ဝင်လာခဲ့ပြီး ကျောက်ပြားပေါ်ရှိ ပုံစံကွက်များ လင်းလက်လာမှုနှင့်အတူ တစ်ဖြည်းဖြည်း ကြီးမားလာသော အလင်းတန်းက အကုန်လုံး၏ စောင့်ကြည့်မှုအောက်တွင် လူနှစ်ယောက်ကို ဝန်းရံလိုက်သည်။
အစီအရင်စွမ်းအင်ကြောင့် လျော့ကျသွားသော ကျင့်ကြံမှု အရှိန်အဝါကို ကျိထျန်ဖန် တစ်ချိန်ထဲမှာ ခံစားလိုက်ရသည်။
ကျိထျန်ဖန်သည် လုံးဝကို စိတ်ပူနေဟန်မရှိဘဲ မျက်စိရှေ့ရှိ ချီယွမ်အား ဂရုမစိုက်စွာ ကြည့်လိုက်ရင်း ပြုံးရွှင်စွာ ပြောလိုက်လေရဲ့။
"မင်းအခု ဒူးထောက်ပြီး အသနားခံလို့ရသေးတယ်နော်။ ခဏနေ ကြုံရမဲ့ ကိစ္စတွေကို မင်းခံနိုင်မှာမဟုတ်..ဟမ်”
ကျိထျန်ဖန်၏ မျက်နှာထားက ရုတ်ချည်း ပြောင်းလဲသွားကာ တောင့်တင်းသွားရင်း တစ္ဆေတစ်ကောင်အား တွေ့လိုက်ရသည့်နှယ် ဖြူဖတ်လာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ့၏ အရှိန်အဝါသည် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်ထိ လျော့ချပြီးသည့်တိုင်အောင် ရပ်တန့်မသွားသေးဘဲ ထိုအစား ဆက်တိုက် လျော့ကျနေပြီး ထိန်းချုပ်၍မရနိုင်အောင် ဖြစ်လာနေလေ၏။
ဝိညာဉ်အခြေတည်နယ်ပယ် အစောပိုင်းအဆင့်မှ...
ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့်...
အခြေခံတည်ထောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်...
ထိုသို့ဖြင့် အသက်တစ်ရှုစာမျှ အချိန်အတွင်းမှာ ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်သွားလေရဲ့။
"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကျိထျန်ဖန်တစ်ယောက် ပြူးကျယ်နေသော မျက်လုံးများဖြင့် အိပ်မက်မက်နေသကဲ့သို့ ဝေဝါးနေတော့သည်။
ထိုအချိန်မှာပဲ ချီယွမ်က တောက်ပစွာ ပြုံးလိုက်သည်။
"ကျွန်တော်တို့ရဲ့ တာအိုသားတော်ကျိက အဆင်သင့်ဖြစ်ပြီဆိုတော့ စကြတာပေါ့"
ကျိထျန်ဖန် ချက်ချင်း ကြောက်ရွံ့သွားခဲ့ပြီး လျင်မြန်စွာ အော်ဟစ်လာ၏။
"နေအုန်း…နေ"
ထိုသူ၏ စကားသံမဆုံးခင်မှာပဲ ချီယွမ်သည် အရှိန်အဝါအား ဖော်ထုတ်လိုက်သည်။ ထိုသို့ဖြင့် စွမ်းအင်ပျောက်ဆုံးသွားသော ကျိထျန်ဖန်ကို ကောင်းကင်ထက်မှ ကျဆင်းလာသော ပြင်းထန်သည့် ဖိအားကို ခံစားစေလိုက်သည်။
ဘန်း..
မှင်သက်နေသော ကျိထျန်ဖန်တစ်ယောက် အံ့သြနေစဥ်မှာပဲ ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူ၏ ဖိအားကြောင့် အတင်းအကြပ် ဒူးထောက်လိုက်ရလေရဲ့။
ချီယွမ်က အံ့ဩနေဟန်ဆောင်လိုက်ရင်း..
"အိုး ဘယ်နှယ့် တာအိုသားတော်ကျိ ကလည်းဗျာ၊ စတောင်မစရသေးတာကို ဒူးထောက်အရှုံးပေးနေပြီလား”
မယုံကြည်နိုင်ဖွယ်မြင်ကွင်းက အောင်ပွဲခံဖို့ အသင့်ပြင်ထားသော ပွဲကြည့်ပရိတ်သတ်များ၏ အတွေးကို ပြောင်းပြန်လှန်လိုက်ပြီး အေးခဲစေခဲ့သည်။ မြေပြင်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ဒူးထောက်နေဆဲဖြစ်သော ကျိထျန်ဖန်အား အကုန်လုံး တောင့်တင်းစွာ ကြည့်နေမိကြတော့၏။
သူတို့အားလုံး၏ အသိစိတ်သည် ဗလာဖြစ်နေခဲ့ပြီး ဦးနှောက်တစ်ခုလုံး ခြေမွခံလိုက်ရသလိုခံစားနေရသည်။
တိတ်ဆိတ်မှု...ခန်းမတစ်ခုလုံးကို တိတ်ဆိတ်မှုက ဖုံးလွှမ်းသွား၏။
ထိုအချိန်တွင် အပ်ကျသံကိုပင် ကြားရလောက်အောင်အထိ အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။
အကုန်လုံး၏မှန်းဆချက်အတိုင်းပင်…
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်နှင့် ခရမ်းနေမင်းသန့်စင်နယ်မြေ၏ တာအိုသားတော်သည် ကြမ်းတမ်းသောစကားလုံးများကို အချင်းချင်းဖလှယ်ခဲ့ကြသည်။
သို့သော် အစီအရင်အသက်သွင်းပြီးသည်နှင့် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်က စကြရအောင်ဟူ၍သာ ပြောလာခဲ့ပြီး ခရမ်းနေမင်းသန့်စင်နယ်မြေ၏ တာအိုသားတော်သည် ချက်ချင်းပင် ဒူးထောက်လိုက်လေ၏။
ဖြစ်စဉ်တစ်ခုလုံးသည် အလွန်အမင်းချောမွေ့နေကာ ကြိုတင်လေ့ကျင့်ထားသည့်နှယ် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ။"
တိတ်ဆိတ်မှုကြီး ကြီးစိုးပြီးနောက်၊ အချိန်အများကြီးကြာပြီးနောက်မှသာ တစ်စုံတစ်ယောက်၏ အော်ဟစ်သံထွက်ပေါ်လာခဲ့သည်။
"သေစမ်း နားလည်ပြီ။ ဒီနှစ်ယောက်ကကြံရာပါပဲ။ သူတို့က ဟန်ဆောင်တိုက်ခိုက်ပြီးတော့ ကျွန်တော်တို့ဆီကနေ ဝိညာဉ်ကျောက်တုံးတွေ ခိုးယူဖို့ကြံစည်နေကြတာ။"
ထိုစကားလုံးများသည် လူအုပ်ကြားထဲတွင် စိတ်လှုပ်ရှားမှုများစွာကို မွှေနှောက်နိုင်ခဲ့ပြီး လောင်းကြေးသတ်မှတ်ခဲ့သော ပွဲစားကို အကုန်လုံးချက်ချင်း ဝန်းရံလိုက်ကြသည်။
"ဒါက ဟန်ဆောင်တိုက်ပွဲပဲ။ ဒီတိုက်ပွဲက သေချာပေါက် ဟန်ဆောင်ထားတာ။"
"ဒီပွဲစားနဲ့ အဲ့ဒီ့နှစ်ယောက်က ပေါင်းကြံနေတာပဲ။ ငါတို့ကို ချောင်ပိတ်ပြီး ပိုက်ဆံ ခိုးယူဖို့ကြံစည်နေကြတာ။"
"ဒါကအတုအယောင်တိုက်ပွဲမလား။ ငါပိုက်ဆံမပေးနိုင်ဘူးကွ၊ ငါတို့ရဲ့ဝိညာဉ်ကျောက်တုံးတွေပြန်ပေးစမ်း။"
"ငါ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းတောင် ရှုံးခဲ့တယ်၊ ဒီလောက် အများကြီးရှုံးထားတာ အလျော့မပေးနိုင်ဘူးကွ”
ထိုအချိန်မှ ကျိထျန်ဖန် သတိဝင်လာတော့သည်။ လက်ရှိအခြေအနေကို သဘောပေါက်သည်နှင့် မျက်နှာတစ်ခုလုံး ခက်ထန်သွားကာ ကြိမ်းမောင်းတော့သည်။
"ချီမျိုးရိုး မင်း အရှက်မဲ့လှချည်လား။ အစီအရင်ရဲ့ ချို့ယွင်းချက်ကို အခွင့်ကောင်းယူပြီး ခိုးတိုက်ဖို့ကြံစည်ရဲတယ်။"
ဘာကြောင့်ရယ်မသိ၊ သူ၏ ကျင့်ကြံမှုက ချီစုပ်ယူခြင်းနယ်ပယ်အထိ ရုတ်တရက် လျော့ကျသွားခဲ့ပြီး အခုမှသာ ချီယွမ်နှင့်တူညီသော ဝိညာဥ်အခြေတည်နယ်ပယ် အလယ်အဆင့်ကို ရောက်ရှိလာခဲ့သည်။
ချီယွမ်က ရယ်မောလိုက်၏။
"ဘာတွေလာပြောနေတာလဲ။ သက်သေရှိလား ပြောလေ”
ကျိထျန်ဖန် အံကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီး မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ထပ်တိုက်မယ်”
ကျိထျန်ဖန်၏ အရှိန်အဝါက ချက်ချင်း မြင့်တက်သွားသည်။ အဆုံးမရှိသော တိုက်ပွဲအရှိန်အဝါကြားမှ ကျိထျန်ဖန်၏ လက်ဖဝါးကို အမည်းရောင်အငွေ့များ ဝန်းရံလာတာကို မြင်တွေ့လိုက်ရပြီး လှံတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ရိုးရှင်းသော လှံတံက ရှေးလက်နက်တစ်ခုနှယ် ကြောက်ဖို့ကောင်းကာ ဖျက်ဆီးနိုင်စွမ်း မြင့်မားသည်။ ထူးခြားသော ဒီဇိုင်းဆင်ထားခြင်း မရှိသည့် လှံတံမှ ကျောချမ်းဖွယ် အရှိန်အဝါကို ဆက်တိုက် ထုတ်လွှတ်နေ၏။
ကျိထျန်ဖန်၏ လျင်မြန်သောလှုပ်ရှားမှုကြောင့် လှံတံက လေဟာနယ်ကို ဖြိုခွင်းသွားရင်း ထက်ရှသော လှံထိပ်သည် ချီယွမ်ရှိရာကို ဦးတည်လာခဲ့သည်။
ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ချီယွမ်တစ်ယောက် နေရာမှာ လှုပ်ရှားမှုမရှိစွာ ရင်ဆိုင်နေလေရဲ့။ သူ့ထံတွင် ရှောင်ရှားဖို့ စိတ်ကူးမရှိဟန်ပင်။
"ခရမ်းနေမင်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆိုတဲ့ အတိုင်းပဲ။ ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်ထိ ဖိနှိပ်ခံထားရတာတောင်မှ သာမန် ဝိညာဥ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူကို အေးဆေးသာတယ်”
"ဟိုတစ်ယောက် ကြောက်ပြီးရပ်နေပြီ။ ဒီအခြေအနေမှာ ရှောင်ရမှာ မဟုတ်ဘူးလား။ အမြန်ရှောင်လေ။"
အံ့ဩတကြီး ရေရွတ်သံများကြားမှာပဲ ကျိထျန်ဖန်၏ အရှိန်အဝါက ရုတ်တရက် ထိန်းချုပ်လို့မရနိုင်အောင် လျော့ကျသွားပြန်ရင်း ချီသန့်စင်ခြင်းနယ်ပယ်သို့ ပြန်ရောက်သွားလေရဲ့။
ဘန်း
အရှိန်အဝါ ယုတ်လျော့သွားသည်နှင့် တိုက်ခတ်မှုလည်း အလိုအလျောက် ပျက်စီးသွားခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ ကျိထျန်ဖန်၏ ကျင့်ကြံမှုနယ်ပယ်က ရုတ်တရက် စောင့်တက်သွားပြန်သည်။
"ထွီ"
ပြင်းထန်သော ကျင့်ကြံမှုနယ်ပယ် အပြောင်းအလဲကို ကျိထျန်ဖန် တောင့်မခံနိုင်စွာဖြင့် ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်ရင်း ချီယွမ်အား မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။
"မင်း...ဘယ်လိုမကောင်းတဲ့ နည်းလမ်းတွေနဲ့ ငါ့ရဲ့ ကျင့်ကြံမှုကိုထိန်းချုပ်ခဲ့တာလဲ"
ချီယွမ်က ရိုးသားစွာ ကြည့်လိုက်သည်။
" ဘာလို့ ဒီလောက် ဇာတ်လမ်းဆင်နေတာလဲ။ ငါတို့ တိုက်ခိုက်မှာလား မတိုက်ခိုက်ဘူးလားပဲ ပြော"
စနစ်၏ အသစ်ရထားသော ရန်သူအား အရူးလုပ်ခြင်းစွမ်းဆောင်ရည်ကြောင့် ဗလာသန့်စင်ခြင်းနယ်ပယ်ထက် နိမ့်သော အရာတိုင်းကို ချီယွမ် အရူးလုပ်နိုင်သည်။ လင်လုံသန့်စင်နယ်မြေ၏ ကျင့်ကြံမှုနယ်ပယ်ကို ထိန်းချုပ်နိုင်သော အစီအရင်ကို ချီယွမ် စိတ်တိုင်းကျ ခြယ်လှယ်နိုင်၏။ ချီယွမ် ပြသချင်သော ကျင့်ကြံမှုနယ်ပယ်ကိုသာ အစီအရင်က မြင်ရမည်ဖြစ်ပြီး ထိုအတိုင်းပင် ကျိထျန်ဖန်ကို လျော့ချပေးလိမ့်မည်။
ဤမျှပြင်းထန်သော ပြောင်းလဲခြင်းကို ကြုံပြီးသည့်တိုင်အောင် ချီသွေဖယ်ခြင်းဖြစ်စဥ်ကို မကြုံရသေးသည့်အတွက် ကျိထျန်ဖန်က အရည်အချင်းတော့ ရှိပါသေး၏။
……
Ch 112
(ဓားချက်တစ်ချက်နဲ့ အနိုင်ယူပြမယ်)
ကျိထျန်ဖန်၏ မျက်နှာသည် အဖြူမှအစိမ်း၊ အစိမ်းမှ ခရမ်း၊ နောက်ဆုံးတွင် အစိမ်းပုပ်ရောင်အဖြစ် ပြောင်းလဲသွားသည်အား ကြည့်နေရင်း ချီယွမ်တစ်ယောက် အနည်းငယ် သနားစိတ် ခံစားလိုက်ရပြီး အပြုံးဖြင့် ပြောလိုက်သည်။
"တာအိုသားတော်ကျိ၊ အစီအရင်က ပြဿနာ ရှိနေမှတော့ အဲ့ဒါကို ဖယ်ရှားပြီးတော့ ထိပ်တိုက်ရင်ဆိုင်ကြရအောင်။ ဒါဆိုရင် ဘယ်လိုသဘောရပါသလဲ"
"မင်း ဘာပြောလိုက်တယ်"
ကျိထျန်ဖန်၏ စိတ်အာရုံသည် ချက်ချင်းပင် တက်ကြွသွားကာ လျင်မြန်စွာဖြင့် တည်ငြိမ်အောင် ဖန်တီးလိုက်ပြီး ချီယွမ်ကို သံသယတစ်ချို့ဖြင့် လှည့်ကြည့်လိုက်သည်။
"မင်း လှည့်စားဖို့ ကြံစည်နေပြန်တာလား။ ကျုပ် သတိပေးမယ်။ ကျုပ်ကို အရူးလို့ ထင်မနေနဲ့"
ကျိထျန်ဖန်သည် အစပိုင်းက ကြောက်နေခဲ့တာပင်။ တိုက်ပွဲ စပြီးကတည်းက ထိုသူသည် လှုပ်ရှားမှု တစ်ခုတောင် မလုပ်ရပါဘဲ သူ့ကို သေဆုံးလုနီးပါး ဖြစ်စေကာ တောင့်မခံနိုင်သော နာကျင်မှုအား ခံစားရစေသည်။
အခုတော့ ချီယွမ်၏ တောင်းဆိုမှုသည် ပြိုင်ပွဲမဟုတ်ဘဲ နှိပ်စက်ခံရဖို့ တောင်းဆိုနေသည်ဟုသာ ကျိထျန်ဖန် ခံစားရသည်။
"တာအိုသားတော်ကျိ၊ ယုံချင်ယုံ မယုံချင်နေ ကျုပ်ရဲ့ အချိန်ကိုတော့ လာမဖြုန်းနဲ့"
ချီယွမ် ပခုံးတွန့်ပြလိုက်ကာ
"တစ်ကယ်လို့ တာအိုသားတော်ကျိက မကြိုးစားရဲဘူးဆိုရင် ဘာလို့ ရင်ဆိုင်နေမှာလဲ။ အရှုံးဝန်ခံလိုက်ပေါ့"
ထိုစကားကြောင့် ကျိထျန်ဖန်၏ မျက်နှာထားသည် အလင်းမှ အမှောင်အဖြစ် ပြောင်းလဲသွားကာ ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်သည်။ နဖူးပြင်ထက်တွင် သွေးကြောများ ထောင်ထလာပြီး အံကြိတ်လိုက်ရင်း ပြောလာ၏။
"ကောင်းပြီ။ မင်းကိုယ်တိုင် ပြောတာနော်။ ဒါဆိုရင် ရှောင်ယွဲ့နင်ကို အစီအရင် ဖယ်ခိုင်းလိုက်။ ကျုပ်တို့ မျှတတဲ့ တိုက်ပွဲကို တိုက်ကြမယ်"
ထိုအချိန်တွင် မျက်နှာအကြီးအကျယ် ဆုံးရှုံးထားရသည့်အတွက် ခရမ်းနေမင်း သန့်စင်နယ်မြေဘက်ကလည်း ဂုဏ်သိက္ခာကျဆင်းမည်မှန်း ကျိထျန်ဖန် သိထားသည်။ တိုက်ပွဲမစရပါဘဲ အရှုံးပေးလိုက်သော သတင်းများပျံ့သွားလျှင် ကျင့်ကြံရေးလောက တစ်ခုလုံး၌ လှောင်ပြောင်စရာတစ်ခု ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဤတိုက်ပွဲကို ဘာကိစ္စပဲ ရှိလာပါစေ မဖြစ်မနေ ရှေ့ဆက်ရမည်ပင်။
အစီအရင်၏ ဖိနှိပ်မှု မရှိတော့လျှင် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူတစ်ဦးအား အနိုင်ယူခြင်းမှာ ကျိထျန်ဖန်အတွက် အလွယ်လေးသာ..။
အားနည်းသူကို အနိုင်ကျင့်သည်ဟူသော လှောင်ပြောင်မှုအား ရရှိနိုင်သည်ဆိုသော်ငြား တစ်ဖက်သူကို ရိုက်နှက်ပြီး အရှက်ခွဲနိုင်ပါက မျက်နှာရဦးမည်ဖြစ်သည်။
မမျှတသော အောင်မြင်မှုအတွက်ကတော့...
(ဟွန်း ဒီလိုမျိုး စည်းမရှိကမ်းမရှိနဲ့ အရှက်မရှိတဲ့သူကို ရင်ဆိုင်ရတာ လူ့ဘောင်စည်းမျဥ်းတွေ ထည့်တွေးနေဖို့ မလိုအပ်ဘူး။ ဘယ်အခြေအနေမှာမဆို အနိုင်ရဖို့က အရေးကြီးဆုံး ကိစ္စပဲ)
တွေးပြီးသည်နှင့် ကျိထျန်ဖန်သည် အသက်တစ်ချက် ရှူသွင်းပြီး အပြင်ဘက်ရှိ ရှောင်ယွဲ့နင်ကို လှမ်းအော်လိုက်သည်။
"နတ်သမီးရှောင်၊ မင်းတို့ဂိုဏ်းရဲ့ အစီအရင်က ချို့ယွင်းနေတာ ဖြစ်ရမယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို ချီသန့်စင်ခြင်းနယ်ပယ်အထိ မှားမှားပြီး လျှော့ချနေတယ်။ ဒါကြောင့် ကျွန်တော် သတိလွတ်သွားပြီး သူ့ကို အခွင့်အရေးပေးသလို ဖြစ်ရတယ်။ ကျေးဇူးပြုပြီး အစီအရင်ကို ဖယ်ရှားပေးပါ။ ဒါဆိုရင် ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ အစွမ်းကုန် တိုက်ခိုက်လို့ရပြီ"
ထိုစကားကြောင့် ရှောင်ယွဲ့နင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျောက်ပြားဝိုင်းပေါ်တွင် ရပ်နေသော ချီယွမ်ကို သံသယတစ်ချို့ဖြင့် လှမ်းကြည့်လိုက်သည်။
"တာအိုသားတော်ချီ၊ တာအိုသားတော်ကျိဘက်က အစီအရင်ကို ဖယ်ရှားချင်တယ်လို့ ပြောနေတယ်။ သဘောတူပါသလား"
"ကျွန်တော် သဘောတူတယ်"
ချီယွမ် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ရင်း
"ဒီလူက ပြဿနာရှာနေတဲ့သူမှန်း ကျွန်တော် သိပြီးပြီ။ သူနဲ့ ရန်ဖြစ်ရင်း အချိန်မဖြုန်းချင်ဘူး။ ဒီတိုက်ပွဲကို အမြန်ဆုံး ပြီးမြောက်ချင်တယ်"
"ဟေး မင်း ဘယ်သူ့ကို ပြဿနာရှာနေတဲ့ကောင်လို့ ခေါ်လိုက်တာလဲ"
ကျိထျန်ဖန် ဒေါသထွက်သွားခဲ့ပြီး ချီယွမ်အား ကြမ်းတမ်းစွာ စိုက်ကြည့်ရင်း ချက်ချင်းပင် တိုက်ခိုက်ဖို့ ပြင်ချင်ခဲ့သည်။
သို့သော်ငြား အစီအရင် ရှိနေသေးသည့်အတွက် မြင့်တက်လာလိုက် ကျဆင်းလိုက်ဖြစ်နေသော ကျင့်ကြံမှု အပြောင်းအလဲကို ထပ်မံ မကြုံတွေ့ချင်ပေ။
"ကောင်းပြီ"
ရှောင်ယွဲ့နင် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမ၏ ဝတ်ရုံစအတွင်းမှ အစီိအရင် ဗဟိုချက်ကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းလက်ချောင်း၏ လှုပ်ရှားမှုအပြီးတွင် ထိုပင်မဗဟိုချက်မှ များစွာသော စိတ်ဝိညာဥ် အလင်းတန်းများ ဖြာထွက်လာ၏။
ချက်ချင်းဆိုသလိုပင် တိုက်ပွဲ ဧရိယာအား ကာကွယ်လွှမ်းခြုံထားသော အစီအရင် ပျောက်ကွယ်သွားခဲ့ပြီး တိုက်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးမှ အပြင်ဘက်သို့ ထိခိုက်မှုများ မကျရောက်စေနိုင်သော ကန့်သတ်အစီအရင်များသာ ကျန်ရစ်ခဲ့သည်။
အစီအရင်၏ ဖိနှိပ်မှု မရှိတော့သောကြောင့် ကျိထျန်ဖန်၏ အရှိန်အဝါသည် ချက်ချင်းပင် ကြမ်းတမ်းစွာ မြင့်တက်လာရင်း နတ်အသွင်ပြောင်းခြင်း ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
လက်ရှိဖြစ်ပေါ်ထားသော အပြောင်းအလဲများကြောင့် ကျိထျန်ဖန်၏ အရှိန်အဝါသည် မူရင်းကျင့်ကြံမှု နယ်ပယ်ထက် အနည်းငယ် လျော့နည်းနေသည် ဆိုသော်ငြား ရုတ်တရက် မြင့်တင်ခံရခြင်းက ကျိထျန်ဖန်၏ ယုံကြည်မှုကိုပါ တစ်ဆက်တည်း မြင့်တင်ပေးလိုက်ဟန်ပင်။ သူသည် ထပ်မံ တိုက်ခိုက်နိုင်တော့မည်ဟု အပြည့်အဝ ခံစားလိုက်ရသည်။
"ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီ"
ကျိထျန်ဖန်၏ မျက်လုံးထဲ၌ ကြောက်မက်ဖွယ် အလင်းတစ်ချို့ ဖြတ်ပြေးသွားရင်း ခြိမ်းခြောက်စွာ ပြောလိုက်၏။
"အခု မင်းကို ကာကွယ်ပေးမယ့် အစီအရင်လည်း မရှိတော့ဘူး။ ဘယ်လိုလှည့်ကွက်မျိုး ထုတ်သုံးရဲဦးမလဲ ကျုပ်ကြည့်မယ်။ အခုကစပြီး မင်းကို အရုပ်တစ်ရုပ်လိုမျိုး ရိုက်နှက်ပေးရတာပေါ့”
ကျိထျန်ဖန် ပြန်လည်အောင်မြင်လာသည့်အတွက် သူ့ဘက်မှ လောင်းကြေးထပ်ထားသော ကျင့်ကြံသူများစွာသည် ပျော်ရွှင်စွာ အောင်ပွဲခံလိုက်ကြသည်။
"ဟားဟား ငါတို့ အစောပိုင်းက တာအိုသားတော်ကျိကို အထင်လွဲခဲ့တာပဲ။ ဒီတစ်ခေါက်တော့ ငါတို့ တိုက်ခိုက်မှုကြီးကို မြင်တွေ့ရပြီ။ အခု အခြေအနေကို ပြောင်းလဲပစ်တော့မှာမလား"
"ငါ့အထင်တော့ ကျိထျန်ဖန်က ပိုပြီး သန်မာလာတဲ့ပုံပဲ။ သူက ပါရမီရှင်လို့ ခေါ်ထိုက်တယ်။ ငါတို့အတွက် စံပြပုဂ္ဂိုလ် တစ်ယောက်ပါလား"
"ငါ့အနေနဲ့ နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းသွားလောင်းဖို့ နောက်ကျသွားပြီလား မသိဘူး"
ချီယွမ်၏ ပုံစံသည် ပတ်ဝန်းကျင်၏ ဝေဖန်သူများကို အဖက်မလုပ်ဟန်ပင်။ သူသည် ရိုးရှင်းစွာဖြင့် ညာလက်ကို ဖြန့်လိုက်ပြီး ချက်ချင်းဆိုသလို လက်ဖဝါးမှ ဖြာထွက်နေသော အလင်းတစ်ချို့ ထွက်ပေါ်လာရင်း ကျောက်စိမ်းလို ရှင်းလင်းကာ ဖျော့တော့သော ရွှေရောင်ဓားရှည်အဖြစ် စုစည်းသွားခဲ့သည်။
ထိုဓားရှည်သည် ပိန်ပါးပြီး ရှည်လျားကာ ဓားသွားက နေရောင်လိုမျိုး ဖြူဖွေးနေပြီး မျက်နှာပြင်ထက်တွင် နဂါးကြေးခွံနှင့် ဆင်တူသော သိပ်သည်းသည့် ရွှေရောင်ပုံစံခွက်များ ဖုံးလွှမ်းထားသည်။ ကြော့ရှင်းကာ ခန့်ညားသော်ငြား ရက်စက်ပြီး အေးစက်သော အရှိန်အဝါအား ဖော်ထုတ်နေ၏။
ထိုဓားသည် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ချီးမြှင့်ထားသော ထိပ်သီးအဆင့် မှော်လက်နက် ရွှမ်ထျန်းဓားမှအပ တစ်ခြားမဖြစ်နိုင်ချေ။
ဓားကို ကိုင်ဆောင်ပြီးသည်နှင့် ချီယွမ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားရင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။
"ကျုပ် ဓားတစ်ချက်ပဲ သုံးမယ်။ ကာကွယ်နိုင်ရင် ကျုပ် အရှုံးကို ဝန်ခံမယ်"
(ဘုရားရေ)
ထိုစကားကြောင့် အရှေ့တွင် ရပ်နေသော ကျိထျန်ဖန်ပင် အံ့သြသွားရုံမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာလည်း ထူးဆန်းစွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
(ဓားချက်တစ်ခုတည်းပဲတဲ့)
(ဝိညာဥ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်က နတ်အသွင်ပြောင်းခြင်းနယ်ပယ် ကျိထျန်ဖန်ကို ဓားတစ်းချက်တည်းနဲ့ အနိုင်ယူမယ်လို့ ကြွေးကြော်လိုက်တာလား)
ထိုစကားလုံးများသည် ရှိနေသော ကျင့်ကြံသူများ အားလုံး၏ နားလည်နိုင်စွမ်းကို ချက်ချင်းပင် စိန်ခေါ်သွားလေရဲ့။
ပြောဆိုလိုက်သူသည် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော် မဟုတ်ပါက ထိုသူများသည် နေရာတွင်ပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြမည် ဖြစ်သည်။
"တာအိုသားတော်ချီက ရူးသွားပြီလား"
ဖန်ကဲစွေ့ ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ထူးဆန်းတယ်။ နောက်ဆုံးတစ်ခေါက် တွေ့တုန်းကတောင် တော်တော်လေး ပုံမှန်ဆန်နေပါသေးတယ်။ ဘယ်တုန်းက ရူးသွားတာလဲ"
ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး
"ဖြစ်နိုင်တာ သူက ဟန်ဆောင်နေတာ၊ ပြီး ကျိထျန်ဖန် အာရုံလွင့်နေတဲ့အချိန်မှာမှ သေစေနိုင်လောက်တဲ့ ရိုက်ချက်နဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတာများလား"
ထိုအတွေးကြောင့် ဖန်ကဲစွေ့ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ပြီး
"ဟုတ်တယ် ညီလေးချီက အမြဲတမ်း လိမ္မာပါးနပ်ပြီး ဥာဏ်များတဲ့သူပဲ။ ငါ့လိုမျိုး ထူးချွန်တယ်။ ဒီလို စီစဥ်နေတာပဲ ဖြစ်ရမယ်"
ထိုအချိန်မှာပဲ ဖန်ကဲစွေ့၏ အကြည့်သည် ကျိထျန်ဖန် ရှိရာသို့ သနားရိပ်အပြည့်ဖြင့် ကျရောက်သွားခဲ့သည်။
"ဒီကောင်လေးက တော်တော်လေး သန်မာပါရက်နဲ့ ဥာဏ်ပညာပိုင်းမှာတော့ ချို့ယွင်းနေခဲ့တာပဲ။ ကျွတ်ကျွတ်ကျွတ်"
"ဟားဟား ဟာသပဲ။ ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူမယ်ဟုတ်လား။ မင်းကိုယ်မင်း လုပ်နိုင်စွမ်း ရှိတယ်လို့ ထင်နေလား"
ကျိထျန်ဖန်က ဒေါသတကြီး ရယ်မောလာလေ၏။
"လာလေ လာလိုက်စမ်းပါ။ ဓားချက်တစ်ချက် မကဘူး တစ်ရာ၊ တစ်ထောင်ဆိုရင်တောင်မှ ကျုပ် အားလုံးကို ခံယူနိုင်တယ်"
ပြောပြီးသည်နှင့် ကျိထျန်ဖန်သည် လှံတံအား လှုပ်ရှားရင်း ချီယွမ် ရှိရာသို့ ပြေးဝင်သွားခဲ့သည်။ ထိုလှံတံ၏ထိပ်တွင် မိုးကြိုးတစ်ချို့ ဝန်းရံနေကာ ကျောချမ်းဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထား၏။
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း စကားတစ်ခွန်းမှ မပြောပါဘဲ ချက်ချင်းပင် သွေးနတ်ဘုရား၏ သန့်စင်မှု၄ခုထဲမှ အမြင့်ဆုံးအဆင့်၄ကို မြင့်တင်လိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ လေဟာနယ်ပင် တုန်လှုပ်လာလေ၏။
သိပ်သည်းကာ ဝေဝါးသော ရွှေရောင်ပုံစံခွက်များသည် ချီယွမ်၏ မျက်လုံးအတွင်းတွင် ဝင်ရောက်ရောယှက်လာကာ တစ်ချိန်တည်းမှာပဲ အင်အားပြင်းသော အရှိန်အဝါတစ်ခုသည် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ဟူး
ကြောက်မက်ဖွယ် ဓားအရှိန်အဝါသည် ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့ပြီး လေပြေနှင့် တိမ်စိုင်များအား ဖြိုခွင်းရင်း ကောင်းကင်နှင့် မြေကြီးကြားကိုပင် လမ်းကြောင်း ဖန်တီးလိုက်ဟန်ပင်။ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ချွန်မြသည့် ဓားအရှိန်အဝါက ဖျက်ဆီးတော့မည့်နှယ် ကြီးမားလာခဲ့သည်။
"ဒါ ဘယ်လိုသောက်ကျိုးနည်း ဓားသိုင်းကြီးလဲ"
ဓားသိုင်းကွက်ကို မြင်လိုက်သည်နှင့် ကျိထျန်ဖန်၏ မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားလေရဲ့။ ဆံပင်များ ထောင်ထလာသလို ခံစားလိုက်ရကာ နှလုံးသားတစ်ခုလုံး အကြောက်တရားများဖြင့် ကြီးစိုးသွားခဲ့သည်။
စဥ်းစားမှုတောင် မပြုလုပ်တော့ပါဘဲ လျင်မြန်စွာ ဆုတ်ခွာရင်း ကမ္ဘာကိုပင် နှစ်ပိုင်းဖြတ်လိုက်နိုင်သည့် တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ကြိုးစားလိုက်သည်။
သို့သော်ငြား အရာအားလုံး နောက်ကျသွားလေပြီ…
အလွန်အမင်း ချွန်မြသော ဓားအရှိန်အဝါသည် ချက်ချင်းပင် ရောက်ရှိလာကာ သူ၏ အကာကွယ် စိတ်ဝိညာဥ် စွမ်းအင်အား ဖြိုခွင်းရင်း ပတ်ပတ်လည်တွင်ပါ ဓားအရှိန်အဝါများ ဖြစ်ပေါ်စေပြီး ဒေါသတကြီး လွှမ်းခြုံလိုက်လေရဲ့။
ဗွက်
သွေးများ ပြန့်ကြဲသွားတော့သည်။
ထိုအချိန်အတွင်းမှာပဲ ကျိထျန်ဖန်၏ ခန္ဓာကိုယ်သည် သွေးစများ ဖုံးလွှမ်းသွားရင်း မြေပြင်ပေါ်သို့ ကြိုးပြတ်သည့် အရုပ်တစ်ရုပ်နှယ် ပြုတ်ကျသွားကာ ပြန်မထနိုင်တော့ချေ။
ဓားတိုက်ချက်အား ဖော်ထုတ်ပြီးသည်နှင့် ချီယွမ်သည် ချက်ချင်းပင် သွေးနတ်ဘုရား၏ သန့်စင်မှု အဆင့်၄အား သိမ်းဆည်းလိုက်ရင်း နူးညံ့စွာ သက်ပြင်းချလိုက်သည်။
ချီယွမ်၏ အရေးကြီး စွမ်းအင်များ ကုန်ဆုံးကာ လောင်ကျွမ်းသွားသော်လည်း မောပန်းခြင်း အရိပ်အယောင် တစ်ခုမှ မရှိခဲ့ပါဘဲ သူ၏ အသားအရေသည် စိုရဲနေကာ စိတ်ဓာတ်များ တက်ကြွနေလေ၏။
(စောက်ရမ်း ခံစားလို့ကောင်းတယ်)
(ဒီဖီလင်က ဘယ်လိုပြောရမလဲဆိုရင် ရက်အများကြီး ဝမ်းချုပ်နေပြီးတဲ့ အချိန်ကျမှ ရုတ်တရက် ကောင်းကောင်းမွန်မွန် ချီးပါလိုက်ရသလိုမျိုးပဲ။ အရမ်းကို စိတ်သက်သာရာရတယ်)
နောက်ဆုံး ကျင့်ကြံမှုတွင် ချီယွမ်သည် ထူးခြားကောင်းကင် ခန္ဓာကိုယ် ယဥ်ပါးခြင်း ဆေးလုံး၃လုံးအား စားထားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် အရေးကြီးသည့် အသက် စွမ်းအင်များကို များစွာ ဖြည့်တင်းထားခဲ့သည်။ ထို့ကြောင့် ပေါက်ကွဲမှုမှ ရှောင်ရှားနိုင်ရန်အတွက် ထိုမလိုအပ်သော စွမ်းအင်များအား ဖယ်ထုတ်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။
မူလက ချီယွမ်သည် အချိန်ကို အသုံးပြုရင်း များပြားသည့် စွမ်းအင်အား တဖြည်းဖြည်း ကုန်ဆုံးစေဖို့ ကြံစည်ထားသည်။ သို့သော် မထင်ထားစွာဖြင့် လူတစ်ယောက်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီး ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံး၏ အပိုဆောင်း စွမ်းအင်များအား သွေးနတ်ဘုရား၏ သန့်စင်မှု၄ခု သိုင်းကို အသုံးပြုရင်း ဖယ်ထုတ်ဖို့ နည်းလမ်းပေးလာလေ၏။
ပုံမှန်အခြေအနေမျိုးတွင် အလွန်အမင်း ပြင်းထန်သော သွေးနတ်ဘုရား၏ သန့်စင်မှု၄ခုထဲမှ အမြင့်ဆုံးအဆင့်ကို အသုံးပြုလိုက်ခြင်းသည် ပြင်းထန်စွာ ဒဏ်ရာရစေသည် ဆိုသော်ငြား ဆေးလုံး၏ ကျေးဇူးကြောင့် အနည်းငယ်သာ အားနည်းသလိုမျိုး ခံစားရသည်။
(ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ ဒီတာအိုသားတော်က တော်တော်လေး ကြင်နာတတ်တာပဲ)
ချီယွမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ညည်းတွားနေသော ကျိထျန်ဖန်အား ကြည့်လိုက်ရင်း တွေးလိုက်၏။
ထိုသူသည် သူ့အား နတ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူအား အနိုင်ယူပြီး ဂုဏ်သတင်း တည်ဆောက်ဖို့ အခွင့်အရေးကောင်းကို ပေးသွားခဲ့သည်။
သူသည် အစောပိုင်းက အားနည်းဟန်ဆောင်သော စွမ်းရည်အား အသုံးပြုပြီး လှည့်စားခဲ့ရခြင်း အကြောင်းအရင်းကလည်း ကျိထျန်ဖန်အား အသိစိတ်လွတ်သွားစေပြီး ထွက်ပြေးဖို့ အတွေးများ မရှိစေဖို့ပင်။ သူ၏ အသန်မာဆုံးသော ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်စေချင်၍သာ ဖြစ်သည်။