← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 116-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 116-116

Ch 115

(သူမနာမည်က လျိုယုယွင်)

“ခဏလေးပါနော်၊ အဲ့ဒီမိတ်ဆွေအကြောင်း စဉ်းစားလိုက်တိုင်း စိတ်ထဲမကောင်းလို့”

ပြောပြီးသည်နှင့် ချီယွမ်သည် မျက်နှာထက်တွင် နောင်တအနည်းငယ်ကို ဆင်မြန်းလိုက်သည်။ တည်ငြိမ်သော မျက်နှာထားဖြင့် အတိတ်ကို လွမ်းဆွတ်နေသည့်နှယ် ပြုမူလိုက်ပြီးမှ နူးညံ့စွာဖြင့် ဆက်ပြောလိုက်သည်။

“သူမရဲ့ နာမည်က လျိုယုယွင်ပါ။ ကျွန်တော်တို့က နက်နက်ရှိုင်းရှိုင်း ရင်းနီးခဲ့ကြပြီး ဘယ်သူကမှ ခွဲလို့မရခဲ့ဘူး။ ဒါပေမယ့် ......ကံတရားက ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ကျွန်တော် လုံးဝကို မတွေးခဲ့ဘူးဗျာ။ သေခြင်းတရားက သူမကို ကျွန်တော့်ဆီကနေ ဆွဲခေါ်သွားခဲ့တယ်…”

ချီယွမ်၏ စကားလုံးအတွင်းမှ ရိုးသားမှုများကြောင့် ရှောင်ယွဲ့နင်တစ်ယောက် စာနာသွားခဲ့သည်။ ထို့ကြောင့် နူးညံ့စွာဖြင့်

“လျိုယုယွင်တဲ့လား နာမည်လေးကြည့်လိုက်တာနဲ့တင် အဲ့ဒီကောင်မလေးက နူးညံ့သိမ်မွေ့ ပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်မယ်ဆိုတာ သေချာပါတယ်”

ထိုအမျိုးသား၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားသောကြောင့် နှစ်သိမ့်စကားလုံးများကို သူမအလျင်အမြန် ပြောဖို့ ကြိုးစားလိုက်သည်။

“တာအိုသားတော်ချီ အရမ်းကြီး ဝမ်းနည်းနေဖို့ မလိုပါဘူး။ ဆိုရိုးစကားရှိတဲ့ အတိုင်းပဲ သေတဲ့လူတွေက သေသွားပြီဆိုပေမယ့် အသက်ရှင်နေတဲ့ သူတွေကတော့ ရှေ့ဆက်ရမှာပေါ့။ အတိတ်ကို လွှတ်ချပြီးတော့ ပစ္စုပ္ပန်မှာ ကောင်းမွန်စွာ နေထိုင်သင့်တယ်။ ကောင်းကင်ဘုံမှာရောက်နေတဲ့ မိန်းကလေးလျိုရဲ့ ဝိညာဉ်ကလည်း တာအိုသားတော် ဒီလိုမျိုး ဝမ်းနည်းနေမှာကို မလိုချင်ဘူးထင်ပါတယ်”

“အခုလိုမျိုး ပြောပေးလို့ ကျေးဇူးတင်ပါတယ် နတ်သမီးရှောင်”

ချီယွမ်သည် ဝမ်းသာစွာ ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီစကားက မှန်တယ်။ သေတဲ့သူတွေက သေသွားပြီဖြစ်တဲ့အတွက် အသက်ရှင်နေတဲ့ သူက အကောင်းဆုံး ရှင်သန်ရမှာပေါ့။ ကျွန်တော် လုပ်နိုင်တဲ့ အကောင်းဆုံးအရာက သူမရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာပဲ”

ရှောင်ယွဲနင် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ရင်း သိချင်စွာဖြင့် မေးလာ၏။

“တာအိုသားတော်ချီ မိန်းကလေးလျိုရဲ့ နောက်ဆုံးဆန္ဒက ဘာများလဲ။ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တောအိုသားတော်ဖြစ်တဲ့ ရှင်တောင်မှ မဖြည့်ဆည်းနိုင်ဘူးလား”

“ဒါကြောင့်ပဲ ကျွန်တော်က နတ်သမီးရှောင်ကို အကူအညီ တောင်းနေရတာပါ”

ချီယွမ်သည် ခေါင်းယမ်းလိုက်ရင်း အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ ထိုနောက်မှာမှ ခပ်ဖြည်းဖြည်း ရှင်းပြလာ၏။

“သူမရဲ့ အကြီးမားဆုံးဆန္ဒက..... တစ်ကယ်တော့.”

“ဒီနေရာပဲ။ ဒီလင်လုံ သန့်စင်နယ်မြေကို သူမက အရမ်း အားကျခဲ့တာ။ ဒီနေရာမှာ တပည့်တစ်ယောက် ဖြစ်လာချင်ခဲ့တာလေ။ ကံဆိုးစွာနဲ့ ရုတ်တရက် ကျရောက်လာတဲ့ကပ်ဘေးကြောင့် သူမရဲ့ အိမ်မက်ကို ဖြည့်ဆည်းခွင့်မရခဲ့ဘူး”

ချီယွမ်၏ မျက်နှာထက်၌ ယူကျုံးမရမှုများ ဝင်ရောက်နေခဲ့ပြီး တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်၏။

“သူမရဲ့ မိတ်ဆွေအနေနဲ့ ဒီအကြောင်းကို စဉ်းစားမိလိုက်တိုင်း ကျွန်တော် နောင်တ အကြီးအကျယ် ရတယ်။ ဒါ့ကြောင့် နတ်သမီးရှောင်ကို တောင်းဆိုချင်တာပါ။ လျိုယုယွင်ရဲ့ ပြာအိုး လင်လုံ သန့်စင်နယ်မြေရဲ့ ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုမှာ မြှုပ်နှံပေးလို့ရမလား။ ကောင်းကင်ဘုံကို ရောက်သွားတဲ့ သူမရဲ့ စိတ်ဝိညာဉ်ကိုလည်း ဖြေသိမ့်ပေးနိုင်မယ်လေ။ နတ်သမီးရှောင် ဘယ်လို စဉ်းစားပါသလဲ”

“အော် အဲ့လိုလား”

ရှောင်ယွဲ့နင် နူးညံ့စွာ သက်ပြင်းချလိုက်ရင်း သူမ၏ လှပသော မျက်ဝန်းအတွင်း၌ ခံစားချက်များ ဝင်ရောက်လာခဲ့သည်။

“တာအိုသားတော်ချီက ကြင်နာတတ်တာပဲ။ သေဆုံးသွားပြီးသား မိတ်ဆွေအတွက် ဒီလောက်အထိ လုပ်ပေးတာကို ကျွန်မ တစ်ကယ်ပဲ လေးစားရပါတယ်။ တာအိုသားတော်ရဲ့ ကြင်နာမှုက ကြီးမားလိုက်တာ”

ခဏမျှ တွန့်ဆုတ်ပြီးနောက်တွင် သူမကခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်၏။

“တာအိုသားတော်ချီက ဒီလိုမျိုး ကြင်နာပြီးဖြောင့်မှန်တဲ့ သူတစ်ယောက် ဖြစ်နေမှတော့ ကျွန်မတို့ လင်လုံ သန့်စင်နယ်မြေကလည်း တောင်းဆိုမှုကို သေချာပေါက် ဖြည့်ဆည်းပေးရမှာပေါ့။ ဘယ်လိုပဲဆိုဆို ကျွန်မက ဂိုဏ်းတူညီမလေးချီရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာအိုသားတော်ချီ အပေါ်မှာ အကြွေးတင်နေခဲ့တာပဲ။ ကျွန်မတို့ရဲ့ လင်လုံ သန့်စင်နယ်‌မြေက ကျယ်ပြန့်တဲ့ နေရာရှိတယ်။ ဂိုဏ်းရဲ့တားမြစ်ထားတဲ့ နေရာတစ်ချို့ကလွဲရင် ပြာအိုး သေးသေးလေးက ခက်ခဲတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး”

ထို့နောက်တွင် ရှောင်ယွဲ့နင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အခက်တွေ့သွားသော လေသံဖြင့်

“ဒါပေမယ့် ဒီထူးခြားတဲ့ ကမ္ဘာကြီးရဲ့ ဖုန်းရွှေ ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ကျွန်မ ကောင်းမွန်စွာ နားမလည်ဘူး။ သူမကို မြှုပ်နှံဖို့အတွက် ဘယ်နေရာက သင့်တော်လဲဆိုတာက…”

“အဲ့ဒါက ကိစ္စမရှိပါဘူး နတ်သမီးရှောင်”

ချီယွမ်သည် ထို‌မေးခွန်းအား စောင့်ဆိုင်းနေတာ ဖြစ်သည်။ အင်္ကျီအတွင်းမှ ကောင်းမွန်စွာ ထုတ်ပိုးထားသော အဖိုးတန် သံလိုက်အိမ်မြောက်အား တည်ငြိမ်စွာ ထုတ်ယူရင်း ရှင်းပြလိုက်၏။

“ဒါက အထူးဖန်တီးထားတဲ့ ဖုန်းရွှေအိမ်မြှောင်ပဲ။ သူညွှန်ပြတဲ့ဦးတည်ရာ အတိုင်း လိုက်ရှာလိုက်ရင် မြှုပ်နှံဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ ဖုန်းရွှေကို ရှာတွေ့နိုင်တယ်။ ဒါပေမဲ့ လင်လုံသန့်စင်နယ်မြေထဲ ရှာဖွေရမဲ့ကိစ္စကတော့ နတ်သမီးရှောင်ရဲ့ ခွင့်ပြုချက်လိုအပ်နေသေးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးလို့ ရမလား”

ချီယွမ်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

“နတ်သမီးရှောင် ကျေးဇူးပြုပြီး စိတ်ချနေပါ။ ကျွန်တော်က ကျွန်တော့်မိတ်ဆွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းချင်ရုံပါပဲ။ လင်လုံ သန့်စင်နယ်မြေရဲ့တပည့်တွေကို နှောက်ယှက်ဖို့ စိတ်ကူးလုံးဝမရှိပါဘူး”

ထို့‌နောက်တွင် သူ၏ ပုံပြင်အား ပိုမို ကောင်းမွန်လာစေရန်အတွက် သိုလှောင် လက်စွပ်အတွင်းမှ ပြာအိုးကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်သည်။

အမှန်တော့ ထိုပြာအိုးသည် လီမင်ဝမ်နှင့် ကျန်းချိုက်ချမ်း၏ ဝမ်အိမ်တော်ကို အမြစ်ဖျက်သုတ်သင်သည့် တာဝန်ထမ်းဆောင်ရာမှ သက်သေဖြစ်ကာ ထိုနှစ်ယောက်၏ ကောင်းမွန်လှသည့် စိတ်ကူးစိတ်သန်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအချိန်က သာမန်လိုမျိုး သိမ်းဆည်းခဲ့သော်ငြား အခုလိုအသုံးဝင်လာလိမ့်မည်ဟု ချီယွမ် လုံးဝကို မတွေးထားခဲ့ချေ။

'လုပ်ချင်စိတ်ရှိရင် နည်းလမ်းရှိလာမယ်'ဆိုသော ဆိုရိုးစကားအတိုင်းပင် အခုတော့ ပြာအိုးတစ်အိုးကတောင်မှ အသုံးဝင်လာခဲ့သည်။ ထိုပြာအိုးကြောင့် ရှောင်ယွဲ့နင်သည် ချီယွမ်အား ထူးဆန်းစွာဖြင့် လှည့်ကြည့်လာ၏။

“ဘာလို့ ဒီလောက်အထိ များနေရတာလဲ မိန်းကလေးလျို အသက်ရှင်တုန်းက အသက် တော်တော်ကြီးပြီလားဟင်”

ချီယွမ်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားခဲ့သော်ငြား တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“အမ်း အဲ့ဒီအချိန်တုန်းက တစ်ခြားသေဆုံးမှုတွေလည်း ရှိခဲ့တော့ ကျန်ရစ်အကြွင်းအကျန်တွေက ရောနေခဲ့တယ်။ ဘယ်သူက ဘယ်သူ့ဟာမှန်း ကျွန်တော်လည်း မခွဲနိုင်တော့ အကုန်လုံးကို တစ်နေရာထဲမှာ စုသိမ်းခဲ့လိုက်တာပါ”

“အို”

ရှောင်ယွဲ့နင်က သံသယမဝင်တဲ့အပြင် ချီယွမ်ကို ကြည့်သော အကြည့်ကတောင်မှ ပိုမို လေးစားလာခဲ့သည်။

“တစ်ကယ်ကို ကျွန်မ အမြင်မှားခဲ့တာ မဟုတ်ဘူးပဲ။ တာအိုသားတော်ချီက တာဝန်ယူမှုရှိပြီး သတ္တိရှိတဲ့ ယောင်္ကျားတစ်ယောက်ပါလား”

ထို့နောက်တွင် ရှောင်ယွဲ့နင်သည် အနောက်ခြံဝင်းအား ရွံရှာစွာဖြင့် တချက်လှမ်းကြည့်လိုက်၏။

“အပြင်ပန်းကတော့ ရိုးသားပုံပေါ်ပြီး တစ်ကယ့် အတွင်းစိတ်မှာ မကောင်းတဲ့အကြံအစည်တွေ ပြည့်နေတဲ့ တစ်ခြားသူတွေနဲ့မတူဘူး ဟွန့်”

သူမ၏အကြည့်အတိုင်း ချီယွမ်လည်း အနောက်ခြံဝင်းကို လှမ်းကြည့်လိုက်ပြီး ထိုသူက ဘယ်သူမှန်း ချက်ချင်း မှန်းဆမိလိုက်သည်။ ထို့ကြောင့် တရားခံဖြစ်သူအတွက် တိတ်ဆိတ်စွာပင် စိတ်ထဲ၌ အမွှေးတိုင် သုံးချောင်း ထွန်းပေးလိုက်ပါ၏။

ထို့နောက်တွင် ရှောင်ယွဲ့နင်က ဆက်ပြောလိုက်သည်။

“တာအိုသားတော်ချီ ကျွန်မလည်း အခု အားနေတယ်ဆိုတော့ မိန်းကလေးလျိုအတွက် သင့်တော်တဲ့ ဖုန်း‌ရွှေနေရာကို ရှာဖို့ အဖော်လိုက်ပေးမယ်ဆိုရင် တာအိုသားတော် ဘယ်လိုသဘောရပါသလဲ။ သူမလဲ အမြန်ဆုံး စိတ်ချလက်ချအနားယူလို့ ရသွားတာပေါ့”

“အမ်”

ချီယွမ် အနည်းငယ် အံ့သြသွားခဲ့သည်။

သူသည်မူလက သူတော်စင်မကြီးထံမှ မလှိမ့်တပတ် ခွင့်ပြုချက် ရယူပြီးသည်နှင့် လင်လုံ သန့်စင်နယ်မြေအတွင်း စိတ်ကြိုက်သွားလာကာ နတ်သားရဲအား ရှာဖွေဖို့ စိတ်ကူးခဲ့သည်။

လျိုယုယွင်ဆိုသော နာမည်ကလည်း အရင်ဖတ်ခဲ့ဖူးသော အွန်လိုင်းစာပေမှ အသည်းစွဲကြိုက်ခဲ့ရသော ဇာတ်ကောင် ဖြစ်သည့်အတွက် စိတ်ထဲတွင်မှတ်မိနေပြီး ပုံမှန်လိုမျိုး ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်ငြား အခြေအနေတွေက အခုလိုမျိုး ပြောင်းလဲလာခဲ့သည်။

(ဖြစ်နိုင်တာ ရှောင်ယွဲ့နင်ကငါ့ကို အရမ်း လေးစားသွားပြီး တစ်ခါတည်း အဖော်လိုက်ပေးဖို့ စဉ်းစားလိုက်တာ များလား။ ငါဘာလုပ် ရတော့မလဲ)

ဘယ်လို ငြင်းဆိုရမလဲ မသိတော့သည့်အတွက် ချီယွမ် အနေခက်စွာ ချောင်းဟန့်လိုက်တော့သည်။

“မလိုပါဘူး.....ဒါက‌ သေးငယ်တဲ့ ကိစ္စလေးပဲ။ နတ်သမီးရှောင်ကို ဒုက္ခပေးလို့ ဘယ်ဖြစ်မလဲ။ ကျွန်တော် ဖြေရှင်းလို့ရပါတယ်”

ရှောင်ယွဲ့နင်က ချိုသာစွာပြုံးလိုက်ရင်း

“ဘယ်လိုပြဿာမှ မဖြစ်ပါဘူး။ ကျွန်မလည်း လှည့်ပတ်သွားချင်နေတာပဲ။ ကျွန်မတို့ လင်လုံသန့်စင်နယ်‌မြေရဲ့ ထူးခြားတဲ့ နေရာတွေကို မိတ်ဆက်ပေးလို့ ရသွားတာပေါ့”

“အာ ဒါဆိုရင်လည်း ကောင်းပါပြီ”

ငြင်းလည်း အကျိုးမထူးတော့သောကြောင့် ချီယွမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရသည်။

ထိုအချိန်တွင် လင်လုံသန့်စင် နယ်မြေ၏ သီးခြား ရေပူစမ်းအတွင်း၌

စိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ အဖြူရောင် မြူခိုး‌ငွေ့များသည် ရောယှက်နေခဲ့သည်။

ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ချို့က ကောင်းကင်ကို ဖြိုခွင်းလိုက်ကာ ခရမ်းရောင် တာအိုဝတ်စုံအား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့သည်။

အသက်သုံးဆယ်အရွယ် နီးပါးရှိသော ထိုမိန်းကလေးသည် မက်မွန် ပန်းပွင့်လို နူးညံ့သည့် အသားအရေကို ပိုင်ဆိုင်ထားပြီး ကျက်သရေရှိကာ ခန့်ညားသော အရှိန်အဝါကို ထုတ်ပေးနေသည်။ သူမသည် လင်လုံ သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိပင်။

ရေကန်နားတွင် ရပ်ပြီးသည်နှင့် သူမက နတ်အာရုံဖြင့်ပတ်ဝန်းကျင်ရှိ လူများကို စစ်ဆေးလိုက်သည်။ ဘယ်သူမှရှိမနေမှန်း အတည်ပြုပြီးနောက်တွင် လက်ဖျောက် တချက် တီးရင်း အကာအကွယ် အစီအရင်အား အသက်သွင်းလိုက်၏။

ထို့နောက်တွင် အင်္ကျီစအား ဖြည်လိုက်ပြီး ရေချိုးဖို့ ပြင်လိုက်တော့သည်။ သို့သော် သူမ၏မျက်နှာက ချက်ချင်းဆိုသလို ပြောင်းလဲသွားရင်း အပြုအမူလည်း ရပ်တန့်သွားလေ၏။

တာအိုစုစည်းခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သောသူမသည် ရုတ်တရက် ရောက်ရှိလာသော ရှင်းလင်းသည့် အလင်းတန်းနှစ်ခုအား ချက်ချင်းပင် အာရုံခံမိလိုက်၏။ အလင်းတန်း တစ်ခုသည် ရင်းနှီးနေပြီး သူမ၏ချစ်လှစွာသော တပည့် လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မကြီးပင်။

( ယွဲ့နင်လား )

ရှောင်ရွှမ်းကျိ၏ မျက်နှာက ချက်ချင်း အေးခဲသွားတော့သည်။

အဘယ်ကြောင့်ဆိုလျှင် လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မကြီးဘေး၌ အဖော်လိုက်နေသော အလင်းတန်း ပိုင်ရှင်သည် ယောင်္ကျားတစ်ယောက် ဖြစ်နေလို့ပင်။

( ဖြစ်နိုင်တာ..... )

တစ်စုံတစ်ခုကို သဘောပေါက်သည်နှင့် ရှောင်ရွှမ်းကျိ၏ မျက်နှာထားက ချက်ချင်းပင် ထူးဆန်းသွား၏။ ခဏမျှ စဥ်းစားပြီးသည်နှင့် သူမက အရှိန်အဝါကို ပိတ်သိမ်းလိုက်ရင်း ကျယ်ပြန့်သော အဖြူရောင် မြူခိုများအတွင်း တိတ်တဆိတ် ပျောက်ကွယ်သွားလိုက်သည်။

ခဏမျှ ကြာပြီးနောက်တွင် ရှင်းလင်းကာ ချိုသာသော အမျိုးသမီး အသံတစ်ခုအား အဝေးမှ ကြားလိုက်ရသည်။

“တာအိုသားတော်ချီ ဒီနေရာမှာစိတ်ဝိညာဉ် စမ်းချောင်းတွေ အများကြီးရှိတယ်။ ဒီလိုမျိုး စမ်းချောင်းတွေက လင်လုံ သန့်စင်နယ်မြေမှာ ရေတွက်လို့ မရနိုင်အောင် များပြားတဲ့အတွက် သန့်စင်နယ်မြေရဲ့ တပည့်အများစုကလည်း ဒီနေရာမှာ ရေချိူးကြတယ်”

“ဒီစမ်းချောင်းတွေရဲ့ ရေက နက်ရှိုင်းတဲ့ မြေအောက်ကနေ အလိုလို စိမ့်ထွက်လာတာလေ။ အခုဒီနေရာမှာ ဘယ်သူမှ ရှိမနေဘူးဆိုတော့ တာအိုသားတော် အရင်ရေချိုးပြီးတော့ အဝတ်အစားလဲလိုက်ပါ့လား။ ဒါဆို သေပြီးသားသူကို လေးစားမှုပြရာ ကျမယ်”

ထိုသို့ဖြင့် နောက်တစ်စက္ကန့်တွင် နွေးထွေးပြီး အားအင်ပြည့်ဝသော အမျိုးသားအသံတစ်ခုကိုပါ ရှောင်ရွှမ်ကျိ ကြားလိုက်ရသည်။

“နတ်သမီးရှောင်၊ ဒီအထိ ရောက်လာပြီးမှတော့ ကျွန်တော်တို့ အတူတူ ရေချိုးကြရအောင်လား”

ရှောင်ရွှမ်းကျိ “....”

….

Ch 116

(စိတ်ချလက်ချရေချိုးပါ နတ်သမီးရှောင်၊ တစ်ခုခုလိုရင် ကျွန်တော့်ကို ခေါ်လို့ရတယ်)

( အတူရေချိုးမယ်….)

အရိပ်ထဲမှ တိတ်တဆိတ် အခြေအနေ လေ့လာနေသော ရှောင်ရွှမ်ကျိ တစ်ယောက် ပိုမိုရှုပ်ထွေးလာတော့သည်။

( ဒီခေတ်လူငယ်တွေက ဒီလောက်တောင် ရဲတင်းကြတာလား)

သူမ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့၍သာ မဟုတ်လျှင် အမြဲလိုလိုသန့်စင်ကာ ဂုဏ်သိက္ခာကြီးမားသော ချစ်လှစွာသော တပည့်မသည် ယောက်ျားတစ်ယောက်နှင့် အတူရေချိုးဖို့ ပြုလုပ်နေလိမ့်မည်ဟု လုံးဝ ယုံကြည်မှာမဟုတ်ပေ။

လင်လုံသန့်စင်နယ်မြေသည် သူတော်စင်ကျောင်း မဟုတ်သည့်အတွက် အမျိုးသမီးတပည့်များအား အပြင်ဘက်လောက၌ တာအိုလက်တွဲဖော်ရှာဖွေဖို့ မတားမြစ်ထားပါချေ။ သို့တိုင်အောင် အခြေအနေတစ်ချို့တော့ ရှိပါသေး၏။

အရေးအကြီးဆုံးအချက်အနေဖြင့် လင်လုံသန့်စင်နယ်မြေသည် လက်ထပ်ထားပြီးသား မိန်းကလေးများကို တပည့်အဖြစ် လက်မခံဘဲ အပျိုစင်မိန်းကလေးကိုသာ ဂိုဏ်းအတွင်း ဝင်ခွင့်ပြုသည်။ ထို့အပြင် တပည့်ဖြစ်သူနှင့် လက်ထပ်လိုသော အမျိုးသား ကျင့်ကြံသူတစ်ဦး ပေါ်ပေါက်လာခဲ့လျှင်လည်း သန့်စင်နယ်မြေ၏ တင်းကျပ်သော နောက်ခံစစ်ဆေးမှုအား ကြုံတွေ့ရသည်။ သန့်စင်နယ်မြေဘက်က ခွင့်ပြုလျှင်တောင်မှ အခြေအနေသည် ယောကျ်ားလေးဘက်မှ မိန်းကလေး အိမ်ဝင်ပြီး လက်ထပ်ရသကဲ့သို့ပင်ဖြစ်သည်။

ထိုသူသည် လင်လုံသန့်စင်နယ်မြေအတွင်းသို့ စိတ်တိုင်းကျ ဝင်ရောက်သွားလာခွင့်မရှိချေ။ တိဟွာမြို့တွင် နာခံစွာ နေထိုင်ရမည်ဖြစ်ပြီး ရှည်ကြာစွာ ဝေးကွာမည့်ဆက်ဆံရေးအား နားလည်နိုင်စွမ်းရှိရမည်။ သူ၏တာအိုလက်တွဲဖော်ဖြစ်သော သန့်စင်နယ်မြေ၏ တပည့်မအား အချိန်အကြာကြီးနေမှ တစ်ခါသာ တွေ့ခွင့်ရှိမည်။

ထိုအခြေအနေများသည် ပြင်းထန်သည်ဆိုသော်ငြား လင်လုံသန့်စင်နယ်မြေ၏ ဂုဏ်သတင်းနှင့် သန့်စင်မှုအား ကြီးမားစွာအထောက်အကူပြုနိုင်ပြီး အမွေအနှစ်ယုတ်လျော့ခြင်းမှ ကာကွယ်ပေးနိုင်သည်။

သာမန်တပည့်ဖြစ်နေလျှင်တောင် ထိုမျှအခက်အခဲကို ရင်ဆိုင်ရသည့်အတွက် လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မကြီးဆိုလျှင် ပိုဆိုးမည်ပင်။

ထို့အပြင် ရှောင်ရွှမ်ကျိသည် ထိုကောင်လေး၏ ထိုက်ရွှမ်းသန့်စင်နယ်မြေက တာအိုသားတော်ဆိုသော သရုပ်မှန်ကို ချက်ချင်းသတိထားမိလိုက်သည်။

တစ်ဖက်သန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သည့်အတွက် ထိုကောင်လေးသည် လင်လုံသန့်စင်နယ်မြေအတွင်းသို့ လက်ထပ်ဝင်ရောက်ဖို့ မဖြစ်နိုင်ပါချေ။ လင်လုံသန့်စင်နယ်မြေဘက်က လက်ခံလျှင်တောင်မှ ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်က လုံးဝသဘောတူမှာ မဟုတ်ဘူး။

တာအိုသားတော်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ မွန်မြတ်သောအမွေအနှစ်အား သယ်ဆောင်ရသည်ဖြစ်လေရာ လက်ထပ်ပြီးတစ်ဖက်သူ၏ မိသားစုအတွင်းသို့ ဝင်ရောက်ခြင်းသည် ဂိုဏ်းကိုပေါ်ပေါ်ထင်ထင် သစ္စာဖောက်လိုက်ခြင်းပင်။

ထို့ကြောင့် ရှောင်ရွှမ်ကျိ နူးညံ့စွာသက်ပြင်းချလိုက်၏။

( ဘယ်လိုတောင် အခက်တွေ့စေတဲ့ ကံကြမ္မာလဲ )

ထိုကြောင့် တိတ်တဆိတ်ထွက်ခွာမည့် အတွေးအား စွန့်ခွာလိုက်ရင်း အခြေအနေမဆိုးခင်မှာ ထိုလူငယ်နှစ်ယောက်အား တားမြစ်ဖို့ပြင်ဆင်လိုက်သည်။ ကြီးမားသော အမှားအယွင်းကြီး မပြုလုပ်မှီ တားမြစ်မှ ဖြစ်တော့မည်။

…….

တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးထံတွင် လှုပ်ရှားမှု တစ်ခုချင်းစီကို အရိပ်ထဲမှ စောင့်ကြည့်ခံနေရမှန်း ချီယွမ်နှင့် ရှောင်ယွဲ့နင်ကတော့ မသိရှိခဲ့ချေ။ ရှောင်ယွဲ့နင်၏ ပြောင်းလဲသွားသော မျက်နှာထားကြောင့် ချီယွမ်က အလျင်အမြန်ရှင်းပြလိုက်၏။

“ နတ်သမီး‌ရှောင် ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ဒီနေရာမှာ စိတ်ဝိညာဉ်စမ်းချောင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်မြင်ထားပြီးသားပါ။ နည်းနည်းလေးဝေးတဲ့ စမ်းချောင်းနှစ်ခုကို ရွေးပြီးတော့ ကျွန်တော်တို့ သီးခြားရေချိုးကြရင်ရော သူတော်စင်မကြီး ဘယ်လိုသဘောရပါသလဲ။ ”

ထိုမှသာ ရှောင်ယွဲ့နင်၏ မျက်နှာထားက ပြေလျော့သွားလေရဲ့။

သူမသည် ဂုဏ်သရေရှိ ဧည့်သည်တော်များအား ကြိုဆိုကာ ဧည့်ခံနေရသည့်အတွက် မနက်တည်းက အနားယူဖို့ အချိန် ခဏလေးတောင်မရှိခဲ့ချေ။ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် အလိုအလျောက်သန့်စင်နိုင်ကာ အစွန်းအထေးကင်းစင်သည် ဆိုသော်ငြား တစ်နေ့လုံး ရေမချိုးရခြင်းက သန့်ရှင်းမှုကို နှစ်သက်သော သူမအတွက် မသက်မသာခံစားရစေသည်။

သို့သော်ငြား...

ရှောင်ယွဲ့နင်က ချီယွမ်အား သံသယရှိစွာ လှမ်းကြည့်လိုက်ရင်း နှုတ်ခမ်းနှစ်ဖက်အား ခပ်တင်းတင်းစေ့လိုက်သည်။

“ ရှင်ချောင်းကြည့်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား ”

ချီယွမ်၏ အပြုံးက လေထဲမှာတွင် အေးခဲသွားကာ ချက်ချင်းဆိုသလို မျက်နှာထက်၌ စစ်မှန်မှုအရိပ်အယောင်များ ဆင်မြန်းလိုက်တော့၏။

“ နတ်သမီးရှောင် အတွေးလွန်နေပါပြီ။ ကျွန်တော်က အမြဲတမ်းဖြောင့်မတ်ပြီး ရိုးသားတဲ့ သူတစ်ယောက်ပါ။ ဘယ်လိုလုပ် ဒီလိုကိစ္စကို လုပ်ရမှာလဲ။ ကျွန်တော့်ရဲ့ နတ်အာရုံတွေကို ချက်ချင်းပိတ်သိမ်းလိုက်မယ်။ လုံးဝကို ချောင်းမကြည့်ဘူး။ ဟုတ်ပြီလား”

“ တစ်ကယ်လို့ နတ်သမီးရှောင် ကျွန်တော့်ကို မယုံရင် ကျွန်တော်ပြောလိုက်တဲ့ စကားကို မကြားသလိုမျိုး နေလိုက်လို့ရပါတယ်။ ဒီနေရာမှာပဲ ရှေ့ဆက်ကြရအောင် ”

ပြောပြီးသည်နှင့် ချီယွမ်သည် ရှောင်ယွဲ့နင်အား အမျိုးကောင်းသား ပီသစွာဖြင့် ရိုးသားလွန်းသော မျက်လုံးဝိုင်းများနှင့် လှမ်းကြည့်လိုက်သည်။

ရှောင်ယွဲ့နင် ခဏမျှတုန့်ဆုတ်သွားခဲ့ပြီးမှ ချီယွမ်၏ စကားလုံးတွင် မျှောပါသွားရင်း ခေါင်းညိတ်လိုက်လေ၏။

“ ကောင်းပြီ ဒါဆို ရှင်ကဟိုးအဝေးဆုံးက ရေကန်ကိုသွားရမယ်။ ဒီဘက်ကို လုံးဝကြည့်ဖို့ ခွင့်မပြုဘူးနော် ”

“ ပြဿနာမရှိပါဘူး ”

ချီယွမ် ချက်ချင်းပင် သဘောတူလိုက်၏။

“ စိတ်မပူပါနဲ့ နတ်သမီးရှောင်၊ ကျွန်တော်ချက်ချင်းပဲ သွားလိုက်ပါ့မယ်။ ဒီနေရာမှာ နတ်သမီးရှောင် စိတ်တိုင်းကျ ရေချိုးပါ။ ကျွန်တော့်ကို လိုအပ်ရင်‌ခေါ်လို့ရပါတယ် ”

ပြောပြီးသည်နှင့် ချီယွမ်သည် နာခံစွာဖြင့် အလွန်တသီးတခြားဖြစ်သော စိတ်ဝိညာဉ်စမ်းချောင်းရှိရာသို့ ပျံသန်းသွားလိုက်သည်။ ချီယွမ်၏ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ရှောင်ယွဲ့နင် စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ကာ မျက်နှာထားသည်လည်း ပြေလျော့သွားလေ၏။

သို့သော်ငြား သတိကြီးစွာနှင့် သူမသည် စိတ်ဝိညာဉ်စွမ်းအင် စူးစမ်းခြင်းနှင့် ခိုးကြည့်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ပတ်ပတ်လည်သို့ အကာအကွယ်အစီအရင်တစ်ခုအား အရင်ဦးဆုံး ချမှတ်လိုက်သည်။

ပြဿနာမရှိတာကို အတည်ပြုပြီးမှသာ ယုံကြည်ချက်ရှိစွာဖြင့် အင်္ကျီစကို ဖြေလျော့ရင်း နွေးထွေးသော စမ်းချောင်းရေအတွင်းသို့ ခပ်ဖြည်းဖြည်းဆင်းသွားလိုက်သည်။ ထို့သို့ဖြင့် မျက်စိမှိတ်ကာ တစ်နေ့တာလုံး ပင်ပန်းခဲ့ရသမျှကို ဖြေဖျောက်လိုက်၏။

ထိုမြင်ကွင်းကို မြင်တွေ့မှသာ လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း ခေါင်းညိတ်လိုက်သည်။

( ကြည့်ရတာ မလိုအပ်ပဲ ငါစိတ်ပူသွားပုံပဲ။ ဒီနှစ်ယောက်ရဲ့ ဆက်ဆံ‌ရေးက တော်တော်လေး ရိုးရှင်းပါတယ်။ မိတ်ဆွေဆက်ဆံ‌ရေးပဲ..ငါထင်နေသလို မဟုတ်ဘူး )

သူမ၏ ချစ်လှစွာ‌သော တပည့်ဖြစ်သူက မဖြစ်သင့်သောအချစ်ရေးတွင် စွဲလမ်းပြီး မသင့်လျော်သည်များ လုပ်တော့မည်ဟု သူမ အထင်မှားသွားမိဟန်ပင်။

ရှောင်ရွှမ်ကျိ တစ်ယောက် ပျော်ရွှင်သွားခဲ့ပြီး နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဝင်ရောက်လာ၏။

သို့သော် နောက်တစ်စက္ကန့်မှာပင် သူမ၏အပြုံးက အေးခဲသွားရင်း ဒေါသများ အစားထိုးတင်ရောက်လာတော့သည်။

(မျိုးမစစ်ကောင်)

အစွန်းဘက်ရှိ စိတ်ဝိညာဉ်စွမ်းအင်ရေကန်သို့ သွားရောက်ကာ ရေချိုးရမည့် ချီယွမ်သည် စမ်းချောင်းအတွင်းသို့ ဝင်‌ရောက်ခြင်းမရှိဘဲ ထိုအစား ဝိညာဉ်နယ်မြေအတွင်းမှ ထိပ်သီးအဆင့်ပိတ်သိမ်း မန္တာန်စာရွက်တစ်ခုကို တိတ်တဆိတ်ထုတ်ယူလိုက်သည်။

သူသည်အစောပိုင်းကမှ သူတော်စင်မကြီးကို ဘယ်လိုမောင်းထုတ်ရမလဲ စဉ်းစားနေခဲ့ပြီး မထင်ထားစွာပင် အခွင့်အရေးက ရောက်ရှိလာ၏။ အခုဆိုလျှင် လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မကြီးသည် သက်သောင့်သက်သာဖြင့် ရေချိုးအနားယူနေခဲ့ပြီ။ မိန်းမများ၏ အလေ့အကျင့်အရ အနည်းဆုံးတစ်နာရီခန့်မျှ အချိန်ရသည့်အတွက် နတ်သားရဲကို ရှာဖွေဖို့ အခွင့်အရေး ရလာလိမ့်မည်။

သံလိုက်အိမ်မြှောင်၏ တုန့်ပြန်မှုကလည်း ပိုမိုသန်မာလာသည့်အတွက် နတ်သားရဲနှင့် အလွန်နီးကပ်နေပြီပင်။ ချက်ချင်းလှုပ်ရှားလိုက်ပါက ရှောင်ယွဲ့နင် ရေချိုး၍မပြီးခင်မှာပဲ နတ်သားရဲကို ရှာတွေ့လောက်သည်။ ထို့ကြောင့် ချီယွမ်ချက်ချင်းပင် တန်ဖိုးကြီးလှသော ထိပ်သီးအဆင့်ပိတ်သိမ်း မန္တာန်စာရွက်တစ်ခုအား ထုတ်ယူပြီး အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နိုင်သွားကာ ပတ်ဝန်းကျင်နှင့် ရောနှောသွားလေရဲ့။

ချီယွမ် အသက်အောင့်လိုက်ရင်း လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မကြီး ရေချိုးနေသော ရေကန်အနီးသို့ ခပ်ဖြည်းဖြည်း တိုးကပ်လိုက်သည်။

သူ့အနေနှင့် သူတော်စင်မကြီး၏ တံဆိပ်ပြားကို လိုအပ်နေသေးသည်။ မဟုတ်လျှင် လှည့်ပတ်စစ်ဆေးသော တပည့်များနှင့် တွေ့ပါက ပြဿနာတတ်မည်ပင်။

ထို့ကြောင့် ချီယွမ်သည် မိုးကြိုးအလျင်ဖြင့် ဦးတည်ရာသို့သွားလိုက်သည်။ ချက်ချင်းဆိုသလို ကျော့ရှင်းကာ ပိန်သွယ်သော ပုံရိပ်တစ်ခုအား မြူဆိုင်းနေသောလေအတွင်းမှ ခပ်ဖျော့ဖျော့မြင်တွေ့လိုက်ရ၏။

ထိုအချိန်တွင် ရှောင်ယွဲ့နင်သည် စိတ်ဝိညာဉ်ရေကန်၏ ကန်ဘောင်ကို မှီထားခဲ့ပြီး သူမ၏လှပသော မျက်လုံးများက အနည်းငယ်မှိတ်နေကာ ရှည်လျားပြီးလှပသော လည်ပင်းကိုမြင်နေရသည်။

ရေကန်နှင့် သိပ်မဝေးသောနေရာတွင် သပ်ရပ်စွာတင်ထားသော မွှေးပျံ့နေသည့် အဝတ်အစားများ ရှိနေပြီး ထိပ်ဆုံးတွင် တံဆိပ်ပြားကိုတင်ထားသည်။

ဦးတည်ရာကို တွေ့သွားသည့်အတွက် ချီယွမ် ပျော်ရွှင်သွားပြီး တိတ်တဆိတ် ချဉ်းကပ်နေချိန်မှာပဲ...

စူးရှသော အသံတစ်ခုကို ချီယွမ်၏နားထဲတွင် ကြားလိုက်ရသည်။

“မျိုးမစစ်ကောင်၊ ငါ့တပည့်က မင်းကို ဒီလောက် ယုံကြည်ပေးတာတောင်မှ မင်းက အကွက်ဆင်ရဲတယ်လား ”

ချက်ချင်းဆိုသလို ချီယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ အလွန်ပြင်းထန်သော ပြင်းအားတစ်ခု ကျ‌ရောက်လာလေရဲ့။

All Chapters