အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
Ch 119
(မိဖုရားခေါင်က အေးတိအေးစက်နဲ့ ကြောက်စရာကြီးဟ)
ဆူညံမှုအနည်းငယ်အပြီးတွင် တံခါးချပ်က ပွင့်ဟသွားရင်း ဖီးနစ်ငှက်ပုံ ချည်ထိုးထားသော ဝတ်စုံအား ဝတ်ဆင်ထားသည့် ကျက်သရေရှိသော ပုံရိပ်တစ်ခု ဝင်လာခဲ့သည်။
သူမက ရှည်လျားသောဆံပင်ကို တိမ်ပုံစံ အလှဆင်ထားရင်း ဖီးနစ်တောင်ပံတစ်ဝက် ဆံထိုးကို ပန်ဆင်ထားသည်။ ရှင်းလင်းကာ လှပသော နဖူးပြင်ထက်တွင် ပုလဲများဖြင့် ပန်းပုံဆွဲထားပြီး ကျက်သရေရှိသော ဟန်ပန်ကြောင့် အဆင့်အတန်း မြင့်မားပြီး ကောင်းမွန်သော အရှိန်အဝါကို ဖော်ထုတ်နိုင်သည်။ လှုပ်ရှားမှုအတိုင်းက အဆင့်အတန်းမြင့်မားကာ တော်ဝင်ဆန်လှသော ထိုမိန်းကလေးက တစ်ကယ်တော့ ဂိုဏ်းခေါင်းဆောင်ရှောင်ပင်။
ဝင်ရောက်လာသူအသစ်ကို မြင်သည်နှင့် ချီယွမ်တစ်ယောက် ချက်ချင်းပင် ထွက်ပြေးချင်စိတ်အား အတင်းအကြပ် ဖိနှိပ်လိုက်ရသည်။
[လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိက တာအိုစုစည်းခြင်းနယ်ပယ် ကျွမ်းကျင်ကျင့်ကြံသူတစ်ယောက်ပဲ၊ သူမအနေနဲ့ ဒီပုံရိပ်ယောင်ထဲမှာ အကြာကြီး ပိတ်မိနေမှာ မဟုတ်ဘူး၊ ငါ သံသယဝင်စရာ တစ်ခုခု လုပ်လိုက်မိတာနဲ့ သူမဒီနေရာမှာပဲ သတိထားမိပြီး နိုးလာလိမ့်မယ်၊ ဒါဆိုရင် ငါတော့သွားပြီ၊ တချက်တည်းရိုက်သတ်ခံရမလား၊၊ ဝိဉာဉ်အရှာခံရမလား မြတ်စွာဘုရား]
ချီယွမ် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်း ဖြေရှင်းဖို့နည်းလမ်းအား တိတ်တဆိတ် စဉ်းစားလိုက်သည်။
[အခြေအနေတွေက ဒီအထိရောက်လာပြီးပြီဆိုမှတော့ မဖြစ်နိုင်ဘူးဆိုရင်တောင် ရအောင် ရှင်သန်ရမယ်]
" ဒီတော်ဝင်ကိုယ်လုပ်တော်က မိဖုရားခေါင်ကို အရိုအသေပေးပါတယ်၊ မိဖုရားခေါင် သက်တော်ရာကျော် ရှည်ပါစေ"
မိဖုရားခေါင် ကို တွေ့သည်နှင့် တော်ဝင်ကိုယ်လုပ်တော်က ချက်ချင်းပင် နှုတ်ဆက်အရိုအသေပေးလိုက်သည်။ သူမ၏ အပြုအမူက နာခံကာ နှိမ့်ချပုံပေါက်ပြီး မောက်မာမှု နည်းနည်းမှ မတွေ့ရချေ။
သို့သော် မိဖုရားခေါင်ကတော့ သူမအား တစ်ချက်တောင် လှည့်မကြည့်ပါချေ။ ရှင်းလင်းကာ အေးစက်သော ဖီးနစ်မျက်လုံးများက သံသယတစ်ချို့ဖြင့် ချီယွမ်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက်မှာ အကြည့်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ အရိုအသေပေးလာ၏။
"အရှင်မင်းကြီးကို ကျွန်တော်မျိုးမ နှုတ်ဆက်ပါတယ်"
သူမ၏ လေသံအတွင်းတွင် လေးစားမှုများ ပြည့်နှက်နေသော်ငြား လူတစ်ယောက်၏ ခြေထောက်ကို ပျော့ခွေစေနိုင်သော အေးစက်မှုများ ကိန်းအောင်းနေဆဲပင်။
[သေစမ်း]
ချီယွမ်၏ နှလုံးသားက အဆက်မပြတ် ကခုန်နေလေ၏။
[တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူဆိုတဲ့အတိုင်းပါပဲလား၊ သူမရဲ့ နှလုံးသားက အရမ်းကို တည်ငြိမ်နေတယ်၊ ပုံရိပ်ယောင်ကြောင့် လှည့်စားခံလိုက်ရတာတောင်မှ အခြေခံဆုံးဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသေးတယ်၊ သူမက သေချာပေါက် သွားရှုပ်လို့ရတဲ့ လူစားမျိုး မဟုတ်ဘူး]
[အခုကစပြီး ငါရဲ့ စကားလုံးတိုင်းနဲ့ လှုပ်ရှားမှုတိုင်းကို သေချာ စောင့်ကြည့်နေလိမ့်မယ်၊ သူမ သံသယဝင်စရာ တစ်ခုမှ ငါ ပြသလိုက်လို့ မဖြစ်ဘူး]
ချီယွမ် အသက်ဝဝတစ်ချက် ရှူသွင်းပြီးသည်နှင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"မိဖုရားခေါင် ထပါ"
ပုံရိပ်ယောင်အစီအရင်၏ မှတ်ဉာဏ်အရဆိုလျှင် မိဖုရားသည် အဆင့်မြင့်မိသားစုမှ ဆင်းသက်လာပြီး သူမ၏ အိမ်တော်က အရာရှိအိမ်တော်ဖြစ်ကာ နက်ရှိုင်းသော ဆက်ဆံရေးများနှင့် ရုံးတော်ကို လွှမ်းမိုးနိုင်စွမ်းတစ်ချို့ ပိုင်ဆိုင်ထားသည်။
ဘယ်လိုပဲ အရည်အချင်း မပြည့်မှီကာ တိုင်းပြည်ကို ဂရုမစိုက်သော မင်းဆိုးမင်းညစ်တစ်ယောက် ဖြစ်နေလျှင်တောင်မှ အရှင်မင်းကြီးသည် မိဖုရားခေါင် အပေါ်မှာ လေးစားမှုတစ်ချို့ ပြသရသည်။
သို့သော် မိဖုရားခေါင်သည် အလွန်လှပသော်ငြား အရှင်မင်းကြီး စိတ်ချမ်းသာအောင် မဆွဲဆောင်တတ်သည့်အတွက် များသောအားဖြင့် လျစ်လျူရှုခံထားရ၏။
"ကျေးဇူးပါ အရှင်မင်းကြီး"
မိဖုရားခေါင်က ခပ်ဖြည်းဖြည်း ထလိုက်ရင်း အနည်းငယ် တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ကျွန်တော်မျိုးမ ကြားထားခဲ့တယ်။ အရှင်မင်းကြီး မနေ့ညက တော်ဝင်ဥယျာဉ်တော်မှာ တော်ဝင်ကိုယ်လုပ်တော်နဲ့ သောက်တာများသွားလို့ မနက်ထိ မထနိုင်ဘူးဆို၊ အရှင်မင်းကြီးရဲ့ ကျန်းမာရေးက ပြည်သူနဲ့ တိုင်းပြည်အတွက် အရမ်းကို အရေးကြီးပါတယ်၊ ဒီလိုမျိုး ပေါ့ပေါ့ဆဆ ဆက်ဆံလို့ မဖြစ်ပါဘူး၊ အရှင်မင်းကြီး၊ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ မသင့်တော်တဲ့ အခြေအနေတွေကို ရှောင်ရှားပေးပါ"
ချီယွမ်တစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပဲ ဘေးမှာရှိနေသော တော်ဝင်ကိုယ်လုပ်တော်သည် မျက်ရည်အပြည့်ဖြင့် ဒူးထောက်ချလိုက်လေရဲ့။ သူမက အလွန် နူးညံ့ညင်သာစွာ ပြောလိုက်သည်။
"အရှင်မင်းကြီး ကျေးဇူးပြုပြီး ဒေါသထိန်းပါ”
“မိဖုရားခေါင်၊ တစ်ကယ်တော့ ဒီကိစ္စက အရှင်မင်းကြီးနဲ့ မသက်ဆိုင်ပါဘူး၊ ဒီတော်ဝင်ကိုယ်လုပ်တော်ရဲ့ အမှားတွေပါ၊ မနေ့ကတုန်းက အရှင်မင်းကြီးက ဖီးနစ်နန်းဆောင်ကို ညစာစားဖို့ လာခဲ့တယ်၊ ညစာစားနေတဲ့အချိန်မှာ ဒီကိုယ်လုပ်တော်က အရက်ကြိုက်တဲ့အတွက် အရှင်မင်းကြီးကို အဖော်ပြုပေးဖို့ အတင်းအကြပ် တောင်းဆိုမိတာပါ၊ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ကြင်နာလို့ အဖော်ပြုပေးခဲ့မိတယ်၊ ဒါပေမဲ့ နည်းနည်း နောက်ကျသွားတဲ့အတွက် မနက်ပိုင်းညီလာခံကို လွတ်သွားရတာပါ”
"ကျေးဇူးပြုပြီး အရှင်မင်းကြီးကို အပြစ်မတင်ပါနဲ့နော် မိဖုရားခေါင်။ အပြစ်တင်မှုအားလုံးကို အစားခံဖို့ ဒီတော်ဝင်ကိုယ်လုပ်တော်က ဆန္ဒရှိပါတယ်"
တော်ဝင်ကိုယ်လုပ်တော်၏ စကားလုံးများကို နားထောင်ကြည့်လျှင် အရှင်မင်းကြီးကပဲ များစွာ မတရားခံလိုက်ရသလိုမျိုး ရိုးသားလှသည်။ မိဖုရားခေါင်ကပဲ အရမ်းကို ဝင်ပါကာ အသေးအဖွဲပြဿနာလေးများအား ပြဿနာရှာနေသူဟု ထင်မှတ်သွားစေနိုင်သည်။
ချီယွမ်ပင် အနည်းငယ် မှင်သက်သွား၏။
(ငါတို့ရဲ့ ရှောင်ယွဲ့နင်က ဒီလောက်တောင် အရည်အချင်းရှိတာလားဟ၊ ဒီလိုဉာဏ်များပြီး ပန်းနုသွေးတတ်မှန်း ငါအရင်က ဘာလို့မသိခဲ့ရတာလဲ)
(ဒါကြောင့် မိဖုရားခေါင်က သူမကို မကြိုက်တာကိုး၊ ဒီလောက်မုန်းစရာကောင်းတဲ့ စကားလုံးတွေကို မိဖုရားခေါင်တစ်ယောက်က သည်းခံနိုင်စရာလား)
( ဒီတော်ဝင်ကိုယ်လုပ်တော်ကလည်း အနိုင်ကျင့်လို့ရတဲ့ သူမဟုတ်ဘူးပဲ)
ထိုအချိန်မှာ ချီယွမ် အတွေးပေါက်သွားခဲ့သည်။
ချက်ချင်းပဲ တော်ဝင်ကိုယ်လုပ်တော်ကို လက်မောင်းထဲ ဆွဲသွင်းရင်း နောက်ကျောကို ညင်သာစွာ ပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။
"ငါကိုယ်တော်ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်၊ စိတ်ချလက်ချနေပါ၊ ငါကိုယ်တော် ဒီမှာရှိနေရင် မိဖုရားခေါင်က မင်းကို အနိုင်မကျင့်စေရဘူး"
ထို့နောက်တွင် ချီယွမ်သည် မိဖုရားခေါင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"မနေ့ညက သောက်တာ နည်းနည်းလေးများသွားတယ်၊ ဒါပေမဲ့ ဒီကိစ္စက တော်ဝင်ကိုယ်လုပ်တော်နဲ့ သက်ဆိုင်တယ်လို့တော့ ငါကိုယ်တော် မထင်ဘူး၊ မိဖုရားခေါင်က အပြစ်မဲ့တဲ့လူကို စွပ်စွဲနေတာပဲ"
"ဒ့ါအပြင် ငါကိုယ်တော်က ကောင်းကင်သားတော် တစ်ယောက်ပါ၊ ငါကိုယ်တော် လုပ်ချင်တာ လုပ်လို့ရတယ်၊ မိဖုရားခေါင် ဝင်ပြောနေရမဲ့ကိစ္စ မဟုတ်ဘူး"
"အရှင်မင်းကြီး"
တော်ဝင်ကိုယ်လုပ်တော်က ချီယွမ်၏ ပခုံးတစ်ဝိုက်ကို သွယ်လျသော လက်များဖြင့် ဆွဲချိတ်လိုက်ရင်း ဆွဲဆောင်မှုအပြည့်ဖြင့် ကြည့်လာ၏။
"အရှင်မင်းကြီး ကျေးဇူးပြုပြီး စိတ်ဆိုးတော်မမူပါနဲ့။ မိဖုရားခေါင်က အရှင်မင်းကြီးကို စိတ်ပူပြီးတော့ ပြောလိုက်တာပါ"
သူမသည် နှုတ်ခမ်းထက်တွင် ချိုသာသော အပြုံးတစ်ခုအား ဆင်မြန်းရင်း ပြောဆိုနေသော်ငြား အကြည့်သည် မျက်စိရှေ့က ရှင်ဘုရင်ထံတွင်သာ ကျရောက်နေပြီး မိဖုရားအား အပြီးတိုင် လျစ်လျူရှုထားလေရဲ့။
"ဟွမ့်၊ လျှာစောင်းထက်နေပါ့လား"
အရှင်မင်းကြီး၏ တုံ့ပြန်မှုကြောင့် မိဖုရားသည် ပထမတော့ အံ့အားသင့်နေခဲ့သော်ငြား ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့ပြီး လေသံကလည်း အေးစက်သွားလေ၏။
"အဆင့်မရှိတဲ့ အစေခံမ၊ နင်လုပ်တတ်တာဆိုလို့ အရှင်မင်းကြီးကို ဆွဲဆောင်ပြီးတော့ အခွင့်ကောင်းယူဖို့ပဲ၊ တကယ်လို့ ညီလာခံကို ထပ်အနှောင့်အယှက်ပြုပြီး သစ္စာရှိအရာရှိတွေကို နှောင့်ယှက်ရဲလို့ကတော့ သေလောက်အောင် ရိုက်ပေးမယ်”
[ဟမ်]
ချီယွမ်၏ မျက်နှာထားက ချက်ချင်း ထူးဆန်းသွားလေတော့၏။
[လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင်က သူမရဲ့ချစ်လှစွာသောတပည့် သူတော်စင်မကြီးကို သေတဲ့အထိ ရိုက်ပစ်မယ်လို့ ပြောလိုက်တာလား၊ ဒီမြင်ကွင်းကတော့ အရမ်းများသွားပြီ]
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ ကြောက်တယ်..အဟင့်”
တော်ဝင်ကိုယ်လုပ်တော်သည် ကြောက်ရွံ့စွာဖြင့် ချီယွမ်၏ လက်မောင်းအား တင်းကြပ်စွာ တွဲခိုလိုက်သည်။ နူးညံ့သော ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေကာ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်နှက်လာတော့သည်။ သူမ၏ ပုံစံက အလွန်အမင်း သနားစဖွယ် ကောင်းနေလေ၏။
ချီယွမ်တစ်ယောက် ဆွံ့အသွားလေ တော့သည်။
[သူတော်စင်မကြီးရေ၊ မင်းရဲ့သရုပ်ဆောင်စကေးက တော်တော်လေး ချဲ့ကားရာကျနေပြီ၊ ငါအခု ဂိုဏ်းခေါင်းဆောင်ထက် မင်းကိုတောင် ပိုကြောက်နေမိပြီဆိုတာ ယုံလား]
သို့သော်ငြား ချီယွမ်သည် တင်းမာမှုအား လျှော့ချရန်အတွက် အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"အကုန်လုံး သေနေကြပြီလား၊ ငါကိုယ်တော် ဗိုက်ဆာနေပြီ၊တော်ဝင်စားဖိုဆောင်ကို ချက်ချင်းပဲ သတင်းကြားလိုက်၊ ငါကိုယ်တော်အခု နေ့လယ်စာ စားချင်တယ်"
"ဒီအစေခံအိုက နာခံပါတယ်"
ချီယွမ်၏ စကားဆုံးသည်နှင့် တုံ့ပြန်သံတစ်ခုကို ကြားလိုက်ရပြီး ခြေသံများစွာကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ တော်ဝင်စားဖိုဆောင်သို့ သွားရောက်သတိပေးနေမှန်း သိသာပါသည်။
မိဖုရားခေါင်က ကိုယ်လုပ်တော်အား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်၏။
"အရှင်မင်းကြီး နားပါတော့။ ကျွန်တော်မျိုးမ ပြန်ပါတော့မယ်”
အလွန်အမင်း သာမန်ဆန်လှသော မြင်ကွင်းကြောင့် မိဖုရား၏ မျက်လုံးအတွင်းရှိ သံသယများက သိသာစွာ လျော့နည်းသွားကာ ဇာတ်ကောင်အတွင်းသို့ ပြန်လည် နစ်မြုပ်သွားခဲ့သည်။
ထိုမှသာ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင်..
"မိဖုရားခေါင်၊ ဘာလို့ ဒီလောက်အထိ အလျင်လိုနေတာလဲ၊ ဒီနေရာအထိ ရောက်လာပြီးမှတော့ ဒီတော်ဝင်ကိုယ်လုပ်တော်ရဲ့ နန်းဆောင်မှာ စားသွားပ့ါလား"
ပြောပြီးသည်နှင့် တော်ဝင်ကိုယ်လုပ်တော်က မိဖုရားရှိရာသို့ ကျက်သရေရှိစွာ လျှောက်လှမ်းသွားပြီး လက်မောင်းတစ်ဖက်အား ညင်သာစွာ ဆွဲခေါ်ကာ အိမ်ရှင်တစ်ယောက်လိုမျိုး ပြုမူလိုက်သည်။
"ကျွန်မတို့ ညီအမတွေ အရှင်မင်းကြီးကို အတူခစားကြတာပေါ့”
သူမ၏အသံသည် အားအင်ပြည့်ဝကာ ကျက်သရေရှိသည်။ သို့သော်ငြား ချီယွမ်သည် ချက်ချင်းပင် ရန်စမှုအား ခံစားလိုက်ရပြီး နှလုံးတစ်ချက်ခုန်သွား၏။
[ရှောင်ယွဲ့နင်၊ မင်းဘာတွေလုပ်နေတာလဲ]
ခဏအကြာတွင် တော်ဝင်အစေခံများစွာ ဝင်ရောက်လာခဲ့သည်။ သူမတို့၏ စကတ်စများက ယိမ်းနွဲ့နေကာ မွှေးပျံ့သော ဟင်းပွဲများ ပါဝင်သည့် ရွှေလင်ဗန်းများကို သယ်ဆောင်လာသည်။ အရောင်အသွေး စုံလင်ကာ စားချင်စရာကောင်းလှသည့် စားကောင်းသောက်ဖွယ်မျိုးစုံကို ခင်းကျင်းလိုက်ကြ၏။
ကျင့်သားရနေသော အစေခံများ၏ လှုပ်ရှားမှုက ညင်သာချောမွေ့နေကာ ကောင်းမွန်သော စားပွဲဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အရှင်မင်းကြီးနဲ့ မိဖုရားခေါင်၊ ကျေးဇူးပြုပြီး ထိုင်ကြပါ"
တော်ဝင်ကိုယ်လုပ်တော်သည် သူမ၏ တင်ပါးအား ဘယ်ညာယိမ်းနွဲ့ရင်း ချီယွမ်၏ လက်မောင်းကို အားနွဲ့စွာ ဆွဲယူလိုက်ကာ လေးစားသော လေသံဖြင့် ဖိတ်ကြားလိုက်သည်။ ထို့နောက်တွင် သေးငယ်သော အရက်ခွက်အား ချီယွမ်ထံသို့ တေ့ပေးလိုက်ရင်း…
"အရှင်မင်းကြီး ကျွန်တော်မျိုးမ ဗိုက်မဆာသေးဘူး၊ ဒါကြောင့် အရှင်မင်းကြီးကိုပဲ ပြုစုပေးပါ့မယ်”
ပြောပြီးသည်နှင့် သူမက အေးစက်နေသော မျက်ဝန်းများဖြင့် မိဖုရားရှိရာသို့ လှမ်းကြည့်လိုက်၏။
[ငါ့ကိုများ သေတဲ့အထိ ရိုက်သတ်မယ်လို့ ခြိမ်းခြောက်ရဲတယ်ပေါ့၊ ငါအခု နင့်ရှေ့မှာပဲ အရှင်မင်းကြီးကို အရက်ဆက်သနေတယ်၊ နင်ဘာပြောမလဲ]
မိဖုရားခေါင်က ခံစားချက်မဲ့စွာဖြင့် ချီယွမ်၏ ပန်းကန်ထဲသို့ ကြီးမားသော အသားတုံးအား ထည့်လိုက်ကာ နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမ ပြောမထားဘူးလား၊ အရက်လျှော့သောက်ပြီး များများစားပါလို့"
ချီယွမ်တစ်ယောက် အလွန်အမင်း ရှုပ်ထွေးနေပြီး ဦးခေါင်းတစ်ခုလုံး ဗလာဖြစ်နေလေရဲ့။
သူ၏ ပေါင်ထက်၌ အချောဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မ ထိုင်နေကာ ဂိုဏ်းခေါင်းဆောင်က သူ့အတွက် ဟင်းထည့်ပေးနေ၏။
ဤမြင်ကွင်းသာ ကျင့်ကြံရေးလောကအတွင်းသို့ ပျံ့နှံ့သွားပါက များစွာသော အမျိုးသားကျင့်ကြံသူများ၏ မျက်နှာတစ်ခုလုံး မနာလိုမှုကြောင့် စိမ်းသွားလောက်သည်။
(သေစမ်း၊ ငါ ကြောက်ရမဲ့အစား စိတ်လှုပ်ရှားပြီး ပျော်နေသလိုပဲ.. ဒီဖီလင်က ဘယ်လိုပြောရမလဲ.. သေရေးရှင်ရေးအချိန်မှာ ကနေရသလိုပဲ၊ နည်းနည်းတော့ စွဲလန်းဖို့ ကောင်းတာ ဝန်ခံရမယ်)
…….
Ch 120
(နည်းလမ်းကောင်းပဲ)
“ငါကိုယ်တော် ဗိုက်ပြည့်နေပြီ။ အစာကြေအောင်လို့ အပြင်ဘက်ကို လမ်းခဏ ထွက်လျှောက်လိုက်ဦးမယ်။ မင်းတို့နှစ်ယောက် စကားပြောနေနှင့်ကြပါ”
သက်တမ်း တလျှောက်လုံး၏ အရှည်လျားဆုံးသော စားပွဲတော်ကို စားသောက်ခဲ့ပြီးနောက် ချီယွမ်တစ်ယောက် နောက်ဆုံးတော့ လွတ်မြောက်နိုင်မည့် လမ်းကြောင်းကို ရှာတွေ့သွားကာ လျင်မြန်စွာ ထွက်ခွာသွားလေ၏။
တော်ဝင်အိပ်ဆောင်သို့ ပြန်ရောက်မှသာ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ချက်ချင်းပင် ဝေဝါးသော ခံစားချက်များ ဝင်ရောက်လာ၏။
( ဒီကြောက်ဖို့ကောင်းတဲ့ ပုံရိပ်ယောင်က အရမ်းကို ဆိုးရွားလိုက်တာ )
( မသေချင်ရင်တော့ အဲ့ဆရာတပည့်နှစ်ယောက် မနိုးလာခင် ပုံရိပ်ယောင်ထဲက ထွက်နိုင်မှရမယ်။ သူတို့ထက်အရင် ထွက်ပြေးနိုင်နေသရွေ့ ငါ ဒီကိစ္စကနေ ထွက်ပြေးနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ နောက်ကျမှ မီးစင်ကြည့်ကပြီး ဆင်ခြေပေးလို့ရတာပဲ)
( ဘယ်လိုပဲဆိုဆို တာအိုစုစည်းခြင်း နယ်ပယ်ရှိတဲ့ ရှောင်ရွှမ်ကျိတောင်မှ ဒီပုံရိပ်ယောင်ထဲ ကျသွားတာပဲ။ ငါက သူတော်စင်မကြီးကို ပစ်မှတ်ထားတယ်လို့ ပြောလို့မရတော့ဘူး။ မသင့်တော်တဲ့ အပြုအမူတွေ အားလုံးအတွက် ဒီသစ်သီးကိုပဲ အပြစ်တင်ရမယ်)
( သက်သေမခိုင်လုံရင် လင်လုံ သန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်နေရင်တောင်မှ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို စွပ်စွဲလို့မရတော့ဘူး။ ရှောင်ရွှမ်ကျိကလည်း သန့်စင်နယ်မြေ နှစ်ခုကြားမှာ စစ်ပွဲစချင်မှာ မဟုတ်ဘူး)
( ဒါပေမယ့် ဒီမိန်းမနှစ်ယောက် သတိမရလာခင် ငါ ဒီပုံရိပ်ယောင်ထဲက ထွက်နိုင်မှ အကုန်အဆင်ပြေမှာ)
( အထူးသဖြင့် သူတော်စင်မကြီး ရှောင်ယွဲ့နင် နိုးမလာခင် ထွက်ရမယ်။ နောက်ဆုံးအဆင့်အထိ ရောက်မသွားပေမယ့် ငါလုပ်သင့်တာရော၊ မလုပ်သင့်တာရော အကုန်လုပ်ပြီးပြီ။ ပြီးဒီထဲက သူမရဲ့ ချွဲနွဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုအမူတွေကိုသာ မှတ်မိသွားလို့ကတော့ ရှောင်ယွဲ့နင် ရူးသွားမှာပဲ)
(ဟို ဂိုဏ်းခေါင်းဆောင်ရွှမ်လဲ ဘာလုပ်လာဦးမယ် မသိဘူး)
နှလုံးသားတစ်ခုလုံး ပေါက်ကွဲမတတ် ချီယွမ် စိတ်ပျက်သွားခဲ့သည်။
မိန်းမတွေ ရူးသွားလျှင် အကျိုးအကြောင်းသင့်မှုအားလုံးကို စွန့်လွှတ်တတ်ကြသည်…ထို့ကြောင့် သူမတို့ သတိဝင်လာလာချင်းမှာပဲ သူ့ကိုသာ မျက်ဝါးထင်ထင် တွေ့လိုက်ရပါက နေရာမှာတင် သေဆုံးသွားနိုင်ခြေရှိ၏။
ထို့ကြောင့် ပုံရိပ်ယောင်အတွင်းမှ အရင်ဦးဆုံး ထွက်ပြေးခြင်းသည် အကောင်းဆုံး ရွေးချယ်ခြင်းပါပေ။
ချီယွမ် အနည်းငယ် ဖြေလျှော့လိုက်ပြီး ပတ်ဝန်းကျင်အား လေ့လာလိုက်သည်။
ရှင်ဘုရင်အိပ်ဆောင်၏ ဝင်ပေါက်ကို နီညိုရောင် အုတ်ခဲများဖြင့် တည်ဆောက်ထားသည်။ အမိုးဆောင်းပေါ်တွင် နေရောင်ဖြာကျနေလေရာ၊ ပတ်ဝန်းကျင်တစ်ခုလုံးက ရွှေရောင်သန်းနေ၏။ ပြစ်ချက်ကင်းသော ရှေးလက်ရာများက အစီအရင်၏ မြင့်မားသော အဆင့်အတန်းကို ဖော်ပြနေသည်။
သို့သော် အစီအရင်၏ မှတ်ဉာဏ်များအရ မင်းဆိုးမင်းညစ် တစ်ယောက်၏ နေ့စဥ်ဘဝကတော့ ဆိုးရွားလွန်းပါ၏။ ဗဟုသုတ များသော ချီယွမ်ပင် အမြင်ကျယ်သွားသလို ခံစားရသည်။
တစ်ချို့သော ပုံရိပ်ယောင် အစီအရင်များတွင် ပင်မ ကပ်ဘေးကြီးကို ရင်ဆိုင်ကျော်ဖြတ်ရတတ်သည်။ သို့သော် ဟိုမြက်ပင်စုတ် ဖတ်ခဲ့သမျှ စာအုပ်တိုင်းသည် အမှောင်စာအုပ်များသာ ဖြစ်နေလေရာ၊ ရိုးရှင်းသော သာမာန်ဇာတ်လမ်းဟု ယူဆ၍ ရနိုင်ပါသည်။
ထို့ကြောင့် ပုံမှန်အားဖြင့် ပြောရလျှင် ပုံရိပ်ယောင် အတွင်းမှ လွှတ်မြောက်နိုင်ရန် နည်းလမ်း သုံးခုရှိသည်။
ပထမတစ်နည်းသည် အရင်တစ်ခေါက်က သူနှင့် ကျိချန်အာ ကြုံခဲ့ရသည့်အတိုင်း ပင်မဇာတ်ကြောင်း ပြီးမြှောက်သည်အထိ စောင့်ဆိုင်းခြင်းပင်။
ဒုတိယနည်းလမ်းကတော့ အစီအရင်၏ ပြစ်ချက်ကို ရှာဖွေရသည်။ လုံလောက်သည့်ပြစ်ချက်နှင့် အပြည့်အဝ နိုးကြားခဲ့လျှင် ပုံရိပ်ယောင်မှ လွတ်မြောက်နိုင်၏။
တတိယနည်းလမ်းသည်လည်း ရိုးရှင်းပါသည်။ ပြင်းထန်သော အင်အားဖြင့် အစီအရင်ကို အတင်းအကျပ် ဖြိုခွင်းရမည်။
အပြည့်အဝ နိုးကြားပြီးသား ချီယွမ်အတွက်တော့ ပြစ်ချက် ရှာဖွေရမည့် ဒုတိယနည်းလမ်းက အသင့်တော်ဆုံးပင်။
ဥပမာအားဖြင့် အစောပိုင်းက စားသောက်ပွဲကို ကြည့်၍ရပါသည်။ အရသာရှိသော်ငြား ဗိုက်ပြည့်သလို မခံစားရပါချေ။
ထိုအချိန်မှာပဲ တစ်လောကလုံးကို လျစ်လျူရှုထားသော ဟန်ပန်နှင့် ဘေးမှာရပ်နေသော မိန်းမစိုးထိုက်ကို မြင်ပြီး ချီယွမ် အကြံတစ်ခုရသွားခဲ့သည်။
“မိန်းမစိုးထိုက် ဒီနေရာကို ခဏလာခဲ့ဦး”
မိန်းမစိုးထိုက်က ချက်ချင်း လှည့်ကြည့်လာကာ..
“အရှင်မင်းကြီး အမိန့်ပေးတော်မူပါ”
“ဒီနေရာမှာ မျက်နှာထားလိုက်”
မိန်းမစိုးထိုက်က အနည်းငယ် ရှုတ်ထွေးသွား၏။ သို့သော် နာခံစွာဖြင့် အရှေ့တိုးလိုက်သည်။ ထိုအချိန်မှာပဲ…
ဖျန်း
ကျယ်လောင်သော အသံတစ်ချက်အပြီးမှာ မြင်ကွင်းသည် ဝေဝါးသွားပြီး ဦးနှောက်က အလုပ်မလုပ်တော့ပေ။ စူးခနဲ တက်လာသော နာကျင်မှုကိုသာ မိန်းမစိုးထိုက် ခံစားမိလိုက်သည်။ သို့သော် ဒေါသမထွက်ဘဲ ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ရင်း.အကြိမ်ကြိမ် တောင်းပန်လေတော့၏။
“ဒီအစေခံအိုက သေသင့်ပါတယ်။ အရှင်မင်းကြီး စိတ်လျော့တော်မူပါ။ ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးပါ”
တောင်းပန်သံအားလုံးကို လျစ်လျူရှုထားရင်း ချီယွမ်တစ်ယောက် အတွေးလွန်နေသည်။
ပါးရိုက်လိုက်ချိန်တွင် တစ်စုံတစ်ခုနှင့် ရိုက်ခတ်မိသလို သူ၏လက်သည် ရှေ့မတိုးဘဲ တန့်သွား၏။ သို့သော် လက်ဖဝါးမှ နာကျင်မှုကို မခံစားရပေ။ ဝတ္ထုပစ္စည်းကို ထိခတ်ခြင်းမရှိဘဲ လေကိုရိုက်နေရသလိုမျိုးသာ ခံစားရ၏။
ချီယွမ်သည် ကိုယ့်မျက်နှာကိုယ် ရိုက်ဖို့တော့ မစဥ်းစားခဲ့ချေ။ ပုံရိပ်ယောင်သည် လက်တွေ့ဘဝကိုပါ သက်ရောက်နိုင်လေရာ၊ ကိုယ့်ကိုယ်ကို ပါးရိုက်လိုက်ပါက ပြစ်ချက်ရှာမတွေ့မည်အပြင် နိုးထလာလျှင်လည်း ဖူးယောင်နေသော ပါးပြင်ကို လက်ဆောင်ရရှိလိမ့်မည်ပင်။
(ဒါပေမဲ့ ဒီပြစ်ချက်လောက်က အပြင်ထွက်ဖို့ မလုံလောက်သေးပုံပဲ)
ကြမ်းပြင်တွင် ဒူးထောက်နေဆဲ ဖြစ်သော မိန်းမစိုးထိုက်ကို ချီယွမ် လှမ်းကြည့်လိုက်သည်။
“ငါကိုယ်တော်ကမင်းကို အကြောင်းအရင်းမရှိ ရိုက်ခဲ့တယ်။ မျှတအောင်လို့ မင်းပြန်ရိုက်သင့်တယ်။ လာစမ်း.. ငါကိုယ်တော့်ကို လာရိုက်စမ်း”
“ခင်ဗျာ…”
မိန်းမစိုးထိုက် ပထမတော့ အနည်းငယ် ထိတ်လန့်သွား၏။ သို့သော် နောက်တစ်စက္ကန့်မှာပဲ တစ်မျိုးနွယ်လုံး သတ်မိန့်ပေးခံလိုက်ရသည့်နှယ် ကြောက်ရွံ့တုန်လှုပ်သွားကာ ဖြူဖတ်နေသာ မျက်နှာနှင့် အသည်းအသန် ငြင်းဆိုလေတော့သည်။
“ဒီအစေခံက မလုပ်ရဲပါဘူး။ ဒီအစေခံက မလုပ်ရဲပါဘူး။ အရှေ့မင်းကြီး ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ကျွန်တော်မျိုးရဲ့ မိသားစုတစ်ခုလုံးကို သတ်လိုက်ရင်တောင်မှ ဒီအစေခံက အရှင်မင်းကြီးကို မထိရဲပါဘူး”
ချီယွမ် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရ၏။
“ဘုရင်ကိုတောင် မထိရဲတဲ့မင်းက ဘာအသုံးကျတော့မှာလဲ”
ထိုအချိန်မှာပဲ ချီယွမ်၏ အကြည့်က နန်းဆောင်အပြင်ဘက်တွင် ထည်ဝါစွာရှိနေသော တိုင်လုံးတစ်ခုအပေါ် ကျရောက်သွားခဲ့သည်။ ချက်ချင်းပင် ဝင်းလက်နေသော မျက်လုံးများဖြင့် တက်ကြွစွာ ပြောလိုက်လေရဲ့။
“မိန်းမစိုးထိုက် သံဘောလုံးနှစ်ခုကို.. အကြီးတစ်လုံး အသေးတစ်လုံးရှာပေး။ ငါကိုယ်တော် စမ်းသပ်မှုတစ်ခုလုပ်မယ်”
“အရှင်မင်းကြီး အဲ့ဒါက…”
“ဟုတ်ကဲ့ အမိန့်တော်အတိုင်းပါ”
မိန်းမစိုးထိုက်က ခဏမျှ သတိလွတ်သွားသော်ငြား ချပ်ချင်းပင် နာခံစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် နန်းဆောင်အပြင်သို့ ရိုကျိုးစွာ ထွက်သွားလေ၏။ မကြာမီမှာပဲ အသံတစ်ခု.ကြားလိုက်ရသည်။
“လာကြစမ်း.. အရှင်မင်းကြီးရဲ့ အမိန့်အရ သံဘောလုံးနှစ်လုံး…”
…..
ခဏအကြာတွင်…
“အရှင်မင်းကြီး အရမ်း မြင့်လွန်းနေပါပြီ..။ အရှင်မင်းကြီး ဆင်းလာခဲ့ပါ”
“ဟုတ်တယ် အရှင်မင်းကြီး အရမ်းကို အန္တရာယ်များနေပါတယ်”
“အရှင်မင်းကြီးက မြင့်မြတ်တဲ့ တော်ဝင်သားတော်ပါ။ ပြုတ်ကျခဲ့ရင် ကျွန်တော်မျိုးတို့ မဖြေဆယ်နိုင်ပါဘူး”
တိုင်လုံးထိပ်ရှိ ချီယွမ်သည် မိဖုရားခေါင်၊ တော်ဝင်ကိုယ်လုပ်တော်၊ တစ်ခြားအနောက်ဆောင်က မိန်းကလေးများနှင့် မိန်းမစိုးများကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။
ပတ်ဝန်းကျင်၏ ဆူညံသံများကို လျစ်လျူရှု့ထားရင်း ကျယ်လောင်စွာ ပြောလိုက်၏။
“ အခုငါကိုယ်တော်ရဲ့လက်ထဲမှာ သံဘောလုံး အကြီးတစ်လုံး၊ အသေးတစ်လုံးရှိတယ်။ ဒီနှစ်လုံးလုံးကို တစ်ပြိုင်နက်ထဲ လွှတ်ချလိုက်ရင် မြေပြင်ပေါ်ကို တစ်ပြိုင်နက်ထဲ ကျလိမ့်မယ်။ ငါကိုယ်တော် ပြောတာ ယုံကြလား”
ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားလေရဲ့..။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး လျှောက်လုပ်တော်မမူပါနဲ့လား။ အလေးချိန်မတူတဲ့ သံလုံးနှစ်လုံးက ဘယ်လိုကြောင့် တစ်ပြိုင်နက်ထဲ ကျရမှာလဲ။ ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဆန့်ကျင်တာပဲဒါက”
“ဟုတ်တယ်။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြီးတဲ့သံလုံးက အရင်ကျမှာလေ”
ဘယ်သူကမှ ချီယွမ်ကို မယုံကြပေ။ အကုန်လုံး၏ မျက်နှာထားသည် ထူးဆန်းလာတော့၏။
ထိုအရည်အချင်းမရှိသော ဘုရင်က ယခုကဲ့သို့ ရူးနှမ်းသောကိစ္စရပ်များစွာကို လုပ်တတ်သည်။ ပိုမိုထိတ်လန့်ဖွယ် ဖြစ်ရပ်များကိုပါ ကြုံတွေ့ဖူးသည့်အတွက် အကုန်လုံး အသားကျနေပြီးသားပင်။
ချီယွမ်က ပျင်းရိလွန်းသော ဟန်ပန်ဖြင့် သံလုံးနှစ်လုံးကို လွှတ်ချလိုက်သည်။
ပြင်းထန်စွာ ကျနေသော သံလုံးနှစ်လုံးသည် တစ်ဖြည်းဖြည်း အရှေ့အနောက် ကွာဟလာရင်း သံလုံးကြီးက မြေပြင်ပေါ် အရင်ကျသွားခဲ့သည်။ သံလုံးသေးက နောက်မှသာ မြေပြင်နှင့် ကျယ်လောင်စွာ ရိုက်ခတ်သွား၏။
(ဒါမှပေါ့)
အကုန်လုံးသဘောတူစွာ ခေါင်းညိတ်လိုက်ကြပြီး ရူးနေပြန်သော တိုင်ထိပ်ရှိ အရှင်မင်းကြီးကို ကရုဏာမျက်လုံးများဖြင့် မော့ကြည့်လိုက်လေရဲ့။
သို့သော် သံလုံးကြီးနှင့် မြေပြင်နှင့်စတင် ရိုက်ခတ်ချိန်မှာပဲ ချီယွမ်သည် အနည်းငယ် မူးဝေမှုတစ်ချို့နှင့်အတူ ပုံရိပ်ယောင်မှ လွတ်မြောက်သွားခဲ့သည်။
ရင်းနီးသော စိတ်ဝိညာဥ်ရေကန်ကို မြင်သည်နှင့် ချီယွမ် ပျော်ရွှင်စွာ ပြုံးလိုက်တော့၏။
(နယူတန်ရဲ့ ဆွဲအားသီအိုရီက စောက်ရမ်း အသုံးဝင်တာပဲ)
(ကျင့်ကြံရေးလောကဆိုရင်တောင် ကမ္ဘာ့ဆွဲအားက လွတ်နိုင်မယ်ထင်လား။ ကမ္ဘာ့ဆွဲအားမရှိလို့ကတော့ အကုန်လုံးလေပေါ်ရောက်ကုန်တာ ကြာရောပေါ့။ ဒီကောင်လေးရဲ့ ပုံရိပ်ယောင်က ကောင်းပေမဲ့ ကမ္ဘာကြီးရဲ့ အလုပ်လုပ်ပုံကိုတော့ မသိဘူးပဲ)
(ဒါကြောင့်ပြောပါတယ် စာများများဖတ်ပါဆိုတာ.. အလုပ်မဟုတ်တာတွေပဲ ဖတ်နေတော့ ဒါတွေ ဘယ်သိမှာလဲ ဟားဟား)
သံဘောလုံးနှင့်မြေပြင်နှင့် ထိခတ်ချိန်မှာပဲ သဘာဝတရားကို ဆန့်ကျင်နေသော ပြစ်ချက်ကို အပြည့်အဝ ရှာတွေ့သွားခဲ့သည်။ ကြီးမားသော ပြစ်ချက်ကြောင့် ချီယွမ်တစ်ယောက် ချက်ချင်းပင် လွတ်မြောက်ခဲ့သည်။
ရေကန်အနီးတွင် ပုံရိပ်ယောင်၌ ပိတ်မိနေသောကြောင့် တောင့်တောင့်ကြီးရပ်နေဆဲဖြစ်သော မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်ရင်း ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်၏။.
(နတ်သားရဲကို အရင်သွားရှာရမယ်)
(နတ်သားရဲကို ရှာဖို့အတွက်နဲ့ ငါလေးတော်တော် အနစ်နာခံခဲ့ရတာနော်။ လက်ဗလာနဲ့ ပြန်သွားရလို့လုံးဝ မဖြစ်ဘူးပဲ)
စာစဉ်ပြီး၏