← Chapters

လှိုဏ်ဂူဆီ ပြန်ယူလာခြင်း

Vol. 134 Ch. 1855

လှိုဏ်ဂူဆီ ပြန်ယူလာခြင်း

Vol. 134 Ch. 1855

ခန်းယန်က သည်ဧရိယာကို အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းလိုက်၏။ ဂရုတစိုက် စူးစမ်းလေ့လာပြီးနောက် သူက ဝမ်လင်းရှိနေသော ပျက်စီးသွားသည့်တောင်ထံသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

သူက လှဲလျောင်းနေသော ဝမ်လင်းကို စိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လာကာ သူ့လောဘကို  မဖုံးကွယ်ထားနိုင်ပေ။

“သန်မာလိုက်တဲ့ခန္ဓာကိုယ်…။ ရှေးနိုင်ငံကလူတွေကို ဒီမှာ တွေ့ဖို့ဆိုတာ မလွယ်ဘူး။ သူ့ပုံပန်းသွင်ပြင်အရ သူ့မျက်ခုံးနှစ်ခုကြားမှာ ကြယ်တွေလည်း မရှိသလို ရှေးနိုင်ငံရဲ့ အော်ရာလည်း ပေါက်ကွဲထွက်မနေပြန်ဘူး။ ဒီလူဟာ ရှေးနိုင်ငံက ကျင့်ကြံသူတစ်ယောက်များ မဟုတ်တာလား…”

“ဒီလောက်သန်မာတဲ့ ခန္ဓာကိုယ်ရဖို့ ကျင့်ကြံခဲ့တာ။ သူ ဘယ်လိုများ လုပ်ခဲ့လဲ ငါ သိချင်မိတယ်…” ခန်းယန်က နှုတ်ခမ်းသပ်ကာ သူ့နှလုံးခုန်သံသည် ပိုပိုမြန်လာသည်။ သူသည် အခွင့်အရေး ရောက်လာပြီ၊ မိုးနတ်မင်းက သူ့ကို ကံကောင်းမှုတစ်ခု ပေးလိုက်ပြီဟု ခံစားမိနေသည်။

သူသည် ကောင်းကင်ထက်၌ ပျံသန်းနေစဉ် သူ့ရှေ့သို့ ဒီလိုအစွမ်းထက်ခန္ဓာကိုယ်တစ်ခု ပြုတ်ကျလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဒီလူရဲ့ အော်ရာဟာ ပျောက်နေတယ်။ သူဟာ သေသလိုရှင်သလို ဖြစ်နေတာပဲ။ ဒါဟာ ငါ့အတွက် ရုပ်သေးတစ်ခု သန့်စင်ဖို့ ပြီးပြည့်စုံတဲ့ အနေထားတစ်ခုပဲ။ ဒီရုပ်သေးနဲ့ဆိုရင် ငါဟာ နဂါးပြာကလန်က ဒုတိယမျိုးဆက်အားလုံးကို ကျော်နိုင်ပြီ။ ငါသာ ဘိုးဘေးအိုကြီးရဲ့ မျက်စိကျပြီး သူ့တပည့်အဖြစ် လက်ခံလိုက်ရင်တော့ ငါဟာ တကယ့်ကို ကောင်းချီးရတာပဲ…”

ခန်းယန်သည် ထိုသို့တွေးမိကာ သူသည် ပိုစိတ်လှုပ်ရှားလာသည်။

သူသည် စိတ်လှုပ်ရှားနေသော်လည်း သတိမလွတ်ပေ။ သူက ဝမ်လင်းနှင့် ပေရာချီလောက်တွင် ရပ်ကာ တစ်ခုခုဆိုးရွားတာ ဖြစ်လာခဲ့ပါက သူ့ကလန်ဝင်များကို ခေါ်ဖို့၊ ထွက်ပြေးဖို့ ကြိုပြင်ဆင်ထား၏။ တကယ်တော့ သူသည် ဒီခန္ဓာကိုယ်ကို သူ့ဟာသူ မယူဆောင်ခဲ့ဘဲ ကလန်သို့ တင်ပြလျှင်ပင် ကောင်းကောင်းဆုချီးမြှင့်ခံရမှာ ဖြစ်၏။

သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေရာ သူ့လက်ကောက်ဝတ်ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ သို့သော် ၎င်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ မင်ရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာကာ ၎င်းထံမှ ရုန့်ရင်းသောအော်ရာ ပျံ့နှံ့လာ၏။

ထိုကျောက်စိမ်းပြားကို ကိုင်၍ ခန်းယန်က တုံ့နှေးခြင်းမရှိ ပစ်ထည့်လိုက်သည်။ ကျောက်စိမ်းပြားက ဝမ်လင်းထံ ပျံသန်းကာ သူ့ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။ ဘန်းခနဲ မြည်ဟိန်း၍ ကျောက်စိမ်းပြား ပေါက်ကွဲကာ သည်တောင်ကို လှုပ်ခါစေ၏။ ပြင်းထန်သောဖိသိပ်အားတစ်ခုကို ဖန်တီးသည်။

ထိုတုန်ခါမှုအောက်တွင် ခန်းယန်က နောက်သို့ ပေတစ်ထောင် ဆုတ်သည်။ သူ၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက ပိုအားကောင်းလာချေသည်။

“သူ ပြန်မတိုက်ခိုက်နိုင်ဘူး။ သူ သေနေတာပဲ ဖြစ်ရမယ်။ သတိလစ်နေရုံ မဟုတ်လောက်ဘူး…”  ခန်းယန်သည် ပြုံး၍ ရှေ့သို့ အမြန်တိုးလာကာ သူက ဝမ်လင်းနား ချက်ခြင်း ရောက်လာသည်။

ကျောက်စိမ်းပြား၏ ဖိသိပ်ပေါက်ကွဲအားက ပြင်းထန်သော်လည်း ဝမ်လင်းကို ဒဏ်ရာရစေနိုင်စွမ်း မရှိပေ။ အမှန်တော့ ထိုကျောက်စိမ်းပြားသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့်သာ ညီမျှပြီး ၎င်းကဲ့သို့ ကျောက်စိမ်းပြား ထောင်ချီပေါက်ကွဲလျှင်ပင် ဝမ်လင်းကို ဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။

ကောင်းကင်ဘုံဖယ်ကြဉ်ခြင်း ခေါင်းတလားကိုမူ ဝမ်လင်းက ကာကွယ်ထားဆဲ ဖြစ်၍ တစက်လေးမျှ ထိခိုက်သွားခြင်း မရှိပေ။ ခန်းယန်မဆိုနှင့် ဆန်းကြယ်အတိဒုက္ခများကို ဖြတ်ကျော်ပြီးသော ကျင့်ကြံသူတစ်ယောက်ပင် သည်ခေါင်းတလားကို ထိခိုက်ပျက်စီးအောင်လုပ်ဖို့ ခက်ပေလိမ့်မည်။

ခန်းယန် ဝမ်လင်းနား ရောက်လာချိန်၌ သူ၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ ဝမ်လင်းနောက်ရှိ ခေါင်းတလားထံ အကြည့်ရောက်သွားသည်။ သူက ၎င်းအထဲ၌ အမျိုးသမီးတစ်ယောက် ရှိနေသည်ကို မြင်သည်။ ထိုအမျိုးသမီးမှာ အလွန်လှသော်လည်း အိပ်ပျော်နေသောပုံပန်းအသွင်က ခန်းယန်၏မျက်လုံးထဲတွင် မကောင်းသောအတွေးများ ပေါ်လာစေသည်။

“ဟားဟား…ငါ အစောလေးက သေချာမကြည့်မိခဲ့ဘူး။ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပါ ဒီမှာ ရှိနေတာကို။ ကောင်းတယ်၊ ကောင်းတယ်။ ဒီအမျိုးသမီးကျင့်ကြံသူကို ရုပ်သေးအဖြစ် သန့်စင်ပစ်ပြီး ငါ့ကို ပြုစုခိုင်းရမယ်။ ဘယ်လောက် ပျော်ဖို့ ကောင်းလိမ့်မလဲ…”  ခန်းယန်က လျှာသပ်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေပြီး ကောင်းကင်ထက်သို့ ညွှန်သည်။ သူ့ညာလက်ကောက်ဝတ်တွင် အက်ကြောင်းတစ်ခုပေါ်လာကာ ကြီးမားသောပိုက်ကွန်တစ်ခု ပျံသန်းထွက်လာသည်။ ၎င်းက ဝမ်လင်းနှင့် သူ့နောက်ကျောမှ ခေါင်းတလားတို့ကို ချုပ်နှောင်သွားသည်။

ထို့နောက်တွင် ခန်းယန်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့အား အနက်ရောင်လေပြင်း ဝန်းရံသည်။ သူက မဟာကံကောင်းမှုတစ်ခု ရပြီဟု တွေးလျက် အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။

“ဒီနေ့ ငါ တော်တော်လေး အကျိုးအမြတ် ရလိုက်ပြီ။ ဟားဟား….မိုးနတ်မင်းမှာ မျက်စိပါတာပဲ။ ၎င်းက ငါ့ကို တကယ်ပဲ ခုလောက်ထိ ကံကောင်းမှုကို ကြုံစေချင်တာကို…”

ခန်းယန်သည် အလွန်စိတ်လှုပ်ရှားနေ၏။ သူက အပြင်ဘက်တွင် ကြာကြာမနေဝံ့တော့ပေ။ သူ့စိတ်ထဲ၌ ရှိနေသော တခုတည်းသောအတွေးမှာ ကလန်သို့ ပြန်၍ ရုပ်သေးသန့်စင်ရန်သာ။

နဂါးပြာကလန်က အဆိပ်များဝန်းရံထားသော ကြီးမားသောတောင်တန်းတစ်ခုပေါ်တွင် တည်ရှိ၏။ တောင်များ၏ အနီးအနား၌ လှိုဏ်ဂူများကဲ့သို့ ကျောက်ခန်းမများကို ထွင်းထားသည်။

နဂါးပြာကလန်၌ တပည့်ပေါင်းငါးသောင်းနီးပါး ရှိ၏။ သို့သော် အများစုမှ အပြင်ဘက်သို့ ရောက်လျှင်ရောက် သို့မဟုတ် တံခါးပိတ်ကျင့်ကြံနေသည်။ အခမ်းအနားများမှလွဲ၍ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့ခဲဆုံခဲလှသည်။

ခန်းယန်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ကလန်ထံ နီးကပ်လာသည်။ ထိုတောင်က အဆိပ်များနှင့် ဝန်းရံထားသော်လည်း သူ ဝင်လာသည့်အခါ ယင်းအဆိပ်များသည် လမ်းဖယ်ရှင်းသည်။ သူ့ထံ၌ အဆိပ်ကို ဆန့်ကျင်သော တစ်စုံတစ်ခု ရှိသည်မှာ သိသာသည်။

အဆိပ်ထဲ တိုးဝင်လာပြီးနောက် ခန်းယန်ရှေ့တွင် တောင်ကြီးတစ်တောင် ပေါ်လာသည်။ ထိုတောင်ပေါ်၌ မရေမတွက်နိုင်သော လှိုဏ်ဂူများကို မြင်ရနိုင်သည်။

ခန်းယန်က တောင်ကြားထဲ ဝင်ရောက်မည့်အခါ၌ အတွင်းမှ အော်သံတသံ ထွက်ပေါ်လာ၏။

“တောင်ကြားထဲ ဘယ်သူဝံလာရဲတာလဲ။ နာမည်ပြော။ အသက်သုံးရှိုက်စာအတွင်း နာမည် မပြောနိုင်ရင် အကျိုးဆက်ကို ကောင်းကောင်းခံစားသွားရမယ်…”

ခန်းယန်၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးကာ သူက တောင်ကြားအပြင်တွင် ရပ်ကာ လှမ်းအော်သည်။ “မြူခိုးတိမ်…ဒါက ဘာသဘောလဲ…”

“အို…ဂျူနီယာညီလေး ခန်းပဲ။ ဒီမြူတွေက ထူထဲလွန်းတော့ ငါ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဂျူနီယာညီလေးခန်းက အပြင်သွားတာမလား။ အခု ဘယ်ကဘယ်လို ပြန်ရောက်လာတာလဲ။ ရုပ်သေးပိုက်ကွန်ထဲမှာ မင်း ဘာကို ဖမ်းစီးလာတာလဲ…”

ထိုပြောဆိုသံနှင့်အတူ တောင်ကြားထဲမှ ခါးကုန်းကုန်းလူငယ်တစ်ယောက် လှမ်းထွက်လာသည်။

ထိုလူငယ်က ရုပ်ချောသော်လည်း ခါးကုန်းနေခြင်းက သူ့အသွင်အပြင်ကို ဖျက်စီးနေသည်။

“သင်က အတော်လေးစပ်စုတာပဲ…”  ခန်းယန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး တောင်ကြားထဲ ဦးတည်သွားတော့သည်။ ခါးကုန်းလူငယ်က ခန်းယန်ထွက်သွားသော နေရာသို့ ကြည့်ကာ ရက်စက်လိုဟန်အမူအရာ လှစ်ဟပေါ်သည်။

“တစ်ခုခုတော့ ထူးဆန်းရင် ပြဿနာရှိနိုင်တယ်။ဒါဆို ရတနာရှိနိုင်တယ်…”

သူသည် စဉ်းစားနေပြီးနောက် သည်နေရာတွင် ရုပ်သေးတစ်ခု ချန်ထားခဲ့ကာ တောင်ကြားထဲ ပျံသန်းဝင်လာတော့သည်။

ခန်းယန်က တောင်ကြားကို ဖြတ်သန်းလာရင်း တောင်တလုံးထံ နီးကပ်လာသည်။ သူက ချက်ခြင်းပင် လှိုဏ်ဂူများထဲမှ တစ်ခုထံသို့ ချက်ခြင်း ဝင်ရောက်ကာ သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်သည်။

လှိုဏ်ဂူလောကသို့ တံခါးသည် ဖြည်းဖြည်းချင်းပွင့်လာကာ ထိုတံခါးကို ခိုင်မာစေသည့် အစီအရင်တစ်ခု အသက်ဝင်လာသည်။ သူသည် မသေချာမရေရာ ဖြစ်နေဆဲပင်။ ထို့အတွက် ထပ်မံ၍ လက်ဝေ့ယမ်းလိုက်ရာ တံခါးကို စောင့်ကြပ်သော အသက်အရွယ်မျိုးစုံရှိသည့် ရုပ်သေးကိုးရုပ် ပေါ်လာသည်။

တချိန်တည်းမှာ လှိုဏ်ဂူအတွင်း၌ နက်မှောင်သောသစ်သားလူနှစ်ယောက် ပေါ်လာသည်။ ခန်းယန်က လှမ်းလျှောက်လာစဉ် ထိုသစ်သားလူနှစ်ယောက်၏ မျက်လုံးထံမှ တစ္ဆေအလင်း လှစ်ဟပေါ်၏။

ခန်းယန်က သူတို့ကို ကြည့်ပင်မကြည့်ဘဲ ဖြတ်ကျော်၍ လျှောက်လာ၏။ သူက လှိုဏ်ဂူအတွင်းနက်ပိုင်းထိ ရောက်လာသည်။ သည်နေရာတွင် ခပ်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်ပေးနေသော ညပုလဲတစ်လုံး ရှိ၏။ သို့သော် ထိုအလင်းက အားကောင်းလှခြင်း မရှိသည့်အတွက် ဒီလှိုဏ်ဂူကို မှောင်သည်ဟုသာ ခံစားရစေသည်။

ညပုလဲ၏အလင်းအောက်၌ ခရမ်းရောင်အော်ရာကို ထုတ်လွှတ်ပေးနေသော ပေတစ်ရာခန့် ကျယ်ပြောသည့်အစီအရင်တစ်ခု ရှိနေသည်။ ထိုအော်ရာက အစီအစရင်ကို အလွန်ထူးခြားစေသည်။

အစီအရင်၏ဘေး၌ ခန်းယန်က လက်ဝေ့ယမ်းလိုက်သည်။ သူ ခေါ်ဆောင်လာသော ဝမ်လင်းက အစီအရင်တွင်းသို့ ကျရောက်သွား၏။

ခန်းယန်က သူ့လက်နှစ်ဖက်ကို စိတ်လှုပ်တရှား ပွတ်သပ်ကာ မြူများ ဝန်းရံထားသော အစီအရင်ထံ စိုက်ကြည့်၏။ သူ၏မျက်လုံးတို့မှာ တောက်ပလာသည်။

“ငါ ဒါကို တတ်နိုင်သမျှ အမြန် သန့်စင်ရမယ်။ မြူခိုးတိမ်က အတော်လေး ရက်စက်တဲ့သူ၊ ငါသာသ ရုပ်သေးတစ်ရုပ် ခေါ်ဆောင်လာတာကို သူ သိသွားခဲ့ရင် စိတ်ထဲမှာ အကြံအစည်တချို့ ရှိနေနိုင်လောက်တယ်…”

ခန်းယန်က သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ နဂါးပြာကလန်၏ ရုပ်သေးသန့်စင်ရာတွင် အသုံးပြုသော သတ္တုများသည် အစီအရင်ထံ ပျံသန်းလာကြ၏။

တချိန်တည်းမှာ သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အစီအရင်ကို ဖိချလိုက်သည်။ အစီအရင်သည် တုန်ဟည်းကာ စတင်အသက်ဝင်လာသည်။ မြူသည် ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်လာ၏။ ထို့နောက် မီးအရင်းမြစ်တစ်ခုသည် အစီအရင်အောက်ဘက်ရှိ မြေပြင်ထက်မှ ဆွဲငင်ခြင်း ခံရသဖြင့် ဒီလှိုဏ်ဂူမှာ အပူဓာတ်နှင့် ပြည့်လာတော့သည်။

ထိုအပူလှိုင်းသည် ခန်းယန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ ချက်ခြင်းပင် သူ့နှဖူးထက်၌ ချွေးပြန်လာစေသည်။

“ငါ ရုပ်သေးတရုပ်ကို သန့်စင်တဲ့အခါတိုင်း မြေကမ္ဘာမီးကို အသုံးပြုဖို့ လိုတယ်။ ဒါက ပူလွန်းတယ်။ မီးအနှစ်သာရနဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေသာ ဒီမီးရဲ့ သက်ရောက်မှုကို မခံရဘဲ သူတို့က ဒါကို အသုံးပြုပြီး ကျင့်ကြံမှုတောင် လုပ်နိုင်ကြတယ်…”

“ငါ ဘယ်အချိန်မှာများ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမလဲ မသိဘူး…”

ခန်းယန်၏မျက်လုံးထဲတွင် ဖြစ်ချင်စိတ်တို့ ပြည့်လာ၏။ သူက မြေကမ္ဘာမီးထုတ်နှုတ်ယူခြင်းကို အရှိန်မြှင့်ကာ သန့်စင်ခြင်း စတင်သည်။

သူက အစီအရင်ထဲသို့ သတ္တုများ ဆက်တိုက် ပစ်ထည့်နေ၏။ သူ၏အမူအရာမှာ အလွန်စိတ်လှုပ်ရှားဟန် ပေါက်နေသည်။

“သင်က ဘယ်သူပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ ငါ့လက်ထဲ ကျရောက်နေခဲ့ပြီ။ သင် ငါ့ရဲ့ ရုပ်သေး ဖြစ်လာတော့မယ်။ ငါ သင့်ကို သန့်စင်ပစ်မယ်။ ငါ ကျိန်းသေပေါက် သင့်ကို သန့်စင်ပစ်မယ်…”

အစီအရင် အသက်ဝင်လာသည့်အခါ လှိုဏ်ဂူအပြင်ဘက်၌ ခါးကုန်းလူင်သည် တရိုတသေ တခြားတောင်ထိပ်တစ်ခု၌ ရပ်နေ၏။ သူ၏ရှေ့တွင် ဆံဖြူအဘိုးအိုတစ်ယောက် ရှိနေသည်။

ထိုအဘိုးအို၏မျက်နှာမှာ ခရမ်းနက်ရောင်ရှိကာ သူ့အဖြူရောင်ဆံပင်များနှင့် တွဲစပ်ကြည့်မြင်သည့်အခါ တုန်လှုပ်ဖွယ်ရာပင်။ သူ့ထံမှ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ထွက်ပေါ်နေသည်။

“ဘယ်လိုကိစ္စမျိုးကြောင့် မင်းက ဒီအဘိုးအိုတံခါးပိတ်ကျင့်ကြံနေတာကို လာနှောက်ယှက်ဝံ့တာလဲ။ မင်းနဲ့ ခန်းယန်ကြားမှာ ကိုယ်ရေးကိုယ်တာ ပြဿနာရှိခဲ့ရင်တော့…”   ထိုအဘိုးအိုက ဤသို့ ပြောနေရင်း သူ၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ့အကြည့်က ခန်းယန်ရှိနေသော လှိုဏ်ဂူထံ ထွင်းဖောက်သွားလေ၏။

သူက ရုပ်သေးများကို သန့်စင်ရာတွင် အသုံးပြုသော အစီအရင် တုန်ဟည်းနေသည်ကို ခံစားမိသည်။

ခါးကုန်းလူငယ်က နေရာတွင် ဒူးထောက်ချကာ ခပ်တိုးတိုး ဆိုလာသည်။ “ဆရာ… ခန်းယန်ယူလာတဲ့ ရုပ်သေးနဲ့ ပတ်သတ်လို့ ထူးခြားမှု ရှိနေတယ်။ ခန်းယန်က ဒီလောက်အလျင်လိုတာ ဖြစ်ခဲလှတယ်။ တပည့်က သူ့အကြောင်း ကောင်းကောင်းသိတဲ့အတွက် ပြဿနာတစ်ခု ရှိရမယ်…”

“ဒီရုပ်သေးက ရတနာတစ်ခုပဲ ဖြစ်ရမယ်။ ဆရာက ဒါကို လုယူပြီး တပည့်ကို ပေးဖို့ မျှော်လင့်မိပါတယ်…”

ထိုအဘိုးအိုက အကွာအဝေးတစ်ခုထံ လှမ်းကြည့်နေဆဲ ဖြစ်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူက ထရပ်လာသည်။

ထိုအဘိုးအို ထရပ်လာသည်ကို မြင်သည့်အခါ ခါးကုန်းလူငယ်သည် ပျော်ရွှင်ဟန် ပေါက်၏။

“မီးတွေ ဒီလောက်များများကို ထုတ်ယူနေတာ။ တကယ်ပဲ ပြဿနာတစ်ခု ရှိရမယ်။ ထားလိုက်ပါတော့ သူ ဘယ်လိုရတနာမျိုးကို သန့်စင်နေလဲဆိုတာ ကြည့်ရအောင် ငါ့ နောက်လိုက်ခဲ့ချေ…”  ထိုအဘိုးအိုသည် လှိုဏ်ဂူထဲမှ လှမ်းထွက်လာ၏။ ခါးကုန်းလူငယ်က နောက်ကနေ အမြန်လိုက်ပါလာသည်။

ခန်းယန်ကမူ ချွေးတဒီးဒီး ကျနေ၏။ သို့သော် သူက ပို၍ စိတ်လှုပ်ရှားမိလာသည်။ သူသည် ထိုင်နေခြင်း မရှိတော့၊ အစီအရင်ပတ်လည်၌ လှမ်းလျှောက်နေ၏။ သူသည် ချိပ်ဟန်များကို ဆက်တိုက် ချမှတ်ကာ သတ္တုအမျိုးမျိုးကိုလည်း ပစ်သွင်းနေ၏။

သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုသည် ပို၍ပင် အားကောင်းလာသည်။

“ငါ့ သတ္တုအားလုံးကို အသုံးပြုပြီးပြီး။ ဒီရုပ်သေးကို သန့်စင်တာ ငါ အောင်မြင်လိုက်တာနဲ့။ ဟားဟား…”

ခန်းယန်သည် အရာအားလုံးကို မေ့သွားကာ ပို၍ မြန်မြန် လှုပ်ရှားနေတော့သည်။

ဝမ်လင်းသည် မြူများကြား လှဲလျောင်းနေကာ သူ့ကို မီးက ဝန်းရံထားသည်။ သို့ပေမည့် ထိုမီးတောက်များသည် သူ့ခန္ဓာကိုယ်ကို တစက်လေးမှှျ မလောင်ကျွမ်းစေနိုင်ပေ။ ယင်းတို့က စိတ်လှုပ်ရှားဟန်ရကာ သူ့ခန္ဓာကိုယ်တွင်းသို့ ဆက်တိုက် ဝင်ရောက်နေ၏။

ထိုအခိုက်တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။

သူ မျက်လုံးဖွင့်လာစဉ် သူ့ညာလက်မောင်းပေါ်ရှိ မင်အမှတ်အသားအဖြစ် ပြောင်းထားသော ခြင်သားရဲဘုရင်ကလည်း မျက်လုံးဖွင့်လာ၏။ ခြင်သားရဲဘုရင်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အေးစက်စက်အကြည့်တစ်ခု ပြည့်နှက်သည်။

All Chapters