← Chapters

မြေကမ္ဘာမီး ပြောင်းလဲခြင်း

Vol. 134 Ch. 1856

မြေကမ္ဘာမီး ပြောင်းလဲခြင်း

Vol. 134 Ch. 1856

ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဝမ်လင်းအနေဖြင့် ပထမဆုံးအကြိမ် မျက်လုံးဖွင့်လာခြင်းတည်း။

သူ၏ ပကတိကိုယ်ပိုင်မျက်လုံးဖြင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ပထမဆုံး တွေ့မြင်ခြင်းလည်း ဟုတ်သည်။ သူကိုယ်တိုင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာကို ပထမဆုံး ခံစားမိတာလည်း ဖြစ်၏။

ဝမ်လင်း နိုးလာသည့်အခါ သူက သူ့နောက်မှ ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်အမှားအယွင်းမှ မရှိတာ သေချာမှ သူက သူ့ပတ်လည်ရှိ မြေကမ္ဘာမီးကို စစ်ကြည့်သည်။

ဒီမီးလောက်က ဝမ်လင်းကို မည်သို့ လောင်ကျွမ်းနိုင်ပါ့မည်နည်း။ ဒီမီးက သူ့ကို လောင်ကျွမ်းဝံ့သည်လား။

အခု ထုတ်နှုတ်ယူထားသော မြေကမ္ဘာမီးမှာ အမှန်တကယ်ပင် မပြောပလောက်ပေ။ သူက မီးအနှစ်သာရ ပိုင်ဆိုင်သူ ဖြစ်၏။ ထို့ကြောင့် မြေကမ္ဘာမီးက သူ့ကို အန္တရာယ် မဖြစ်စေနိုင်ရုံသာမက သူ၏နိုးထမှုကိုပါ မြန်ဆန်စေသည်။ ထို့အပြင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ဒီမြေကမ္ဘာမီးက လှိုဏ်ဂူလောကရှိ ဝမ်လင်း၏မီးအနှစ်သာရနှင့် ပေါင်းစပ်သွားချိန်၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။

ထိုပြောင်းလဲမှုမျိုးသည် အရင်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် လုံးဝ မဖြစ်ပျက်ခဲ့ဖူးပေ။ ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မီးအနှစ်သာရနှင့် တစိမ်းမီးအနှစ်သာရတို့ကြား တိုက်ပွဲတစ်ခု ဖြစ်ချေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မီးအနှစ်သာရကသာ အနိုင်ရပါက ဝမ်လင်း၏မီးအနှစ်သာရသည် ဝါးမြိုခြင်း ခံရမည် ဖြစ်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစိတ်အပိုင်း ဖြစ်လာချေမည်။ ထိုသို့သာ ဖြစ်ပါက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် ပြောင်းလဲမသွားဘဲ သူ့မီးအနှစ်သာရက ရှိမြဲရှိမည် ဖြစ်သော်လည်း သူသည် လောကရှိ မီးများ၏ အရှင်သခင် မဟုတ်တော့ပေ။ အကြောင်းမှာ ထိုမီးသည် အင်မောတယ်ကောင်းကင်ဘုံ၏အပိုင် ဖြစ်လာခြင်းကြောင့်တည်း။

သို့သော် ဝမ်လင်းသာ အနိုင်ရခဲ့ပါက သူ၏မီးအနှစ်သာရသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အထက်သို့ ရောက်ရှိလိမ့်မည်။ သူသည် မီးတို့၏ အစစ်အမှန်အင်ပါယာ ဖြစ်လာချေမည်။

ဝမ်လင်းက သူ့အထက်ရှိ မြူများကို ကြည့်၏။ သူသည် သူ့ပတ်လည်၌ အားနည်းသောကျင့်ကြံသူတစ်ယောက် လှမ်းလျှောက်ကာ ချိပ်ဟန်များနှင့် သူ တခါမျှ မမြင်ဖူးသော ပစ္စည်းများ ပစ်လွှတ်နေသည်ကိုလည်း ခံစားမိသည်။ ထိုပစ္စည်းများက မီးအရှိန်ကို တိုးစေကာ အောက်ဘက်ရှိ အစီအရင်၏ လုပ်ဆောင်ချက်ကိုလည်း အကူအညီ ဖြစ်စေသည်။

ထိုအစီအရင်ထံမှ ထူးဆန်းသောစွမ်းအား ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လိုပြီး ဆက်တိုက်ပြောင်းလဲမှုများကို ဆောင်ယူသည်။

ဝမ်လင်းသည် သတိမေ့နေကာ မည်သို့ဖြစ်ပျက်ခဲ့ပုံကို မသိသော်လည်း သူ့ဉာဏ်ရည်ဖြင့် သူက ချက်ခြင်း အကြမ်းဖျဉ်းခန့်မှန်းမိ၏။

“ငါ သတိလစ်နေတဲ့အချိန်မှာ ဒီလူက သန့်စင်ဖို့ ငါ့ကို ခေါ်လာခဲ့တာပဲ။ ဒီအစီအရင်ကို ကြည့်ရသလောက် ဒါဟာ ရုပ်သေးတွေနဲ့ ဆက်နွှယ်နေတဲ့ပုံပဲ။ သူဟာ ငါ့ကို ရုပ်သေးတစ်ကောင်အဖြစ် သန့်စင်ပစ်ချင်နေတာလား…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ လှိုဏ်ဂူလောက၌ မည်သူကမျှ သူ့ကို ရုပ်သေးအဖြစ် မသန့်စင်ဝံ့ကြပေ။ အုပ်စိုးသူကဲ့သို့ လူများသည်ပင် သူ့ကို ရှိန်ရလေ၏။

ဝမ်လင်းသည် သည်အစီအရင်က သူအာရုံစိုက် အချိန်ပေးဖို့ မထိုက်တန်ဟု ယူဆ၏။ ၎င်းထံ၌ ဆန်းကြယ်မှုအချို့ ရှိသော်လည်း အခုချိန်၌ သူသည် အချိန်ပေး၍ ၎င်းအစီအရင်ကို မလေ့လာနိုင်ပေ။ ဝမ်လင်းက သည်နေရာရှိ မြေကမ္ဘာမီးကို ပို၍ စိတ်ဝင်စားမိနေ၏။

သူက စိတ်လှုပ်ရှားစွာ သန့်စင်နေပြီး ဝမ်လင်း နိုးထနေပြီကို မသိသေးသော ခန်းယန်ကို လစ်လျူရှုထား၏။ သူ့နတ်ဘုရားအာရုံသည် မြေအောက်သို့ တိုက်ရိုက် ပျံ့နှံ့လာ၏။

သူသည် ဒီမြေကမ္ဘာမီးက မည်သည့်နေရာကနေလာမှန်း မြင်ချင်သည်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မီးက သူ၏ကိုယ်ပိုင်မီးနှင့် မည်သို့မည်ပုံ ယှဉ်နိုင်သနည်း။

သူ့ နတ်ဘုရားအာရုံ ပျံ့နှံ့လာသည့်အခါ ဝမ်လင်း၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူသည် ပတ်ဝန်းကျင်ကီလိုမီတာ ထောင်သောင်းချီရှိ တောင်များ၏အောက်၌ မီးသွေးကြောများ ရှိနေသည်ကို မြင်သည်။

ထိုတောင်တန်းသည် မြေကမ္ဘာမီးကြော၏ ထိပ်၌ တည်ရှိ၏။ ထိုမီးသွေးကြောက ကြီးမားသည်ဟု ထင်ရသော်လည်း အမှန်တွင်မူ ပါးလှပ်သည်။ ၎င်းက မည်သည့်နေရာကမှန်း မသိရသော ပင်မရင်းမြစ်နှင့် ချိတ်ဆက်နေသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထပ်မံ ပျံ့နှံ့လာ၏။ သူက အောက်ဘက်ရှိ ရှုပ်ထွေးသောမြေကမ္ဘာမီး ကွန်ယက်ကို တွေ့မြင်သည့်အခါ တုန်လှုပ်မိသည်။ သူ အောက်ဘက်သို့ ပိုရောက်လေလေ မီးက ပို၍ ပူလာလေပင်။

“မီးသွေးကြောတွေက ဧရာမအစီအရင်ကြီးတစ်ခုပုံစံနဲ့ တူတယ်…”  ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည် နိုးထလာခါစ ဖြစ်၍ သူ့ပတ်ဝန်းကျင်အကြောင်း သေချာမသိသေးပေ။ ထို့အတွက် အတင်းအကြပ် ရှာဖွေကြည့်ဖို့ မသင့်တော်သေးချေ။

“ပိုအတွင်းနက်ပိုင်းထိ သွားဖို့ မသင့်တော်သေးပေမယ့် ငါ့မီးအနှစ်သာရအတွက် ပိုများတဲ့ မီးတွေကိုတော့ ငါ ထုတ်နှုတ်ယူနိုင်တယ်…”  ဝမ်လင်းသည် စဉ်းစားနေရင်း သူ့ညာလက်ဖြင့် မြေပြင်ထက်ရှိ အစီအရင်ကို ညင်သာစွာ ထိလိုက်သည်။

ထိုသို့ဖြင့် နဂါးပြာကလန်တစ်ခုလုံးသည် တုန်ယင်ကာ တောင်တန်းအောက်ရှိ မီးအားလုံးသည် လှုံ့ဆော်ခြင်း ခံလိုက်ရပုံ ပေါ်သည်။ မီးများက အဘက်ဘက်မှ အရူးအမူ မြင့်တက်လာကာ ခန်းယန်၏လှိုဏ်ဂူထဲ ဝင်ရောက်ကြသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက လှည့်ပတ်လျှောက်ကာ ချိပ်ဟန်များ နေရာချနေသော ခန်းယန်ကို မင်သက်သွားစေ၏။ သူသည် နောက်သို့ အမြန်ဆုတ်ကာ သူ့ပတ်လည်တွင် အကာအကွယ်မျိုးစုံကို ဖြစ်ပေါ်စေသည်။ လှိုဏ်ဂူတံခါးဝကို စောင့်ကြပ်သော ရုပ်သေးကိုးကောင်နှင့် သစ်သားရုပ်သေးနှစ်ယောက်တို့သည် သူ့ကို ကာကွယ်ပေးဖို့ အတင်းတိုးဝင်လာ၏။

ခန်းယန်က နောက်သို့ ဆုတ်လိုက်သည့်အခိုက်မှာပင် အစီအရင်ထဲရှိ မီးပင်လယ်သည် မြင့်တက်လာကာ မီးတိုင်လုံးတစ်ခုအဖြစ်သို့ ပြောင်းသည်။ ထိုမီးက မြူများအားလုံးကို လောင်ကျွမ်းပစ်သည်။

သည်လှိုဏ်ဂူသည် မီးဒဏ်ကို မခံနိုင်သည်မှာ သိသာကာ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။ ဒီလှိုဏ်ဂူ ပျက်စီးလေတော့မည်။ ခန်းယန်ရှေ့ရှိ ရုပ်သေးကိုးကောင်က မီးဖြင့် ထိမှန်ခြင်းခံရကာ ချက်ခြင်း ပေါက်ကွဲထွက်သည်။

သစ်သားရုပ်သေးနှစ်ယောက်မှာလည်း ခုခံနိုင်စွမ်းမဲ့ကာ ပျက်စီးသွား၏။

ခန်းယန်၏ ဦးရေပြားမှာ ထုံထိုင်းမိသွား၏။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်လာသည်။ သူက မြင့်မားသောအပူရှိန်က သူ့ကို ဝါးမြိုလာနေသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်၏။ သည်အခိုက်တွင် မီးအတွင်းမှ တစ္ဆေအလင်းတန်းတစ်ခု ထွက်ပေါ်ကာ သူ့အား ဝန်းရံသည်။ ထိုမီးက သူ့ကို ဖြတ်ကျော်သွားသော်လည်း ဒဏ်ရာမရစေခဲ့ပေ။

သို့သော်ငြားလည်း ထိုသို့ဖြစ်လျှင်ပင် သေခြင်းနှုတ်ခမ်းဝကို လျှောက်လှမ်းလိုက်ရသည့်နှယ် ခန်းယန်သည် ကြောက်ရွှံ့မှုကြောင့် မြေပြင်ထက်သို့ ပြိုလဲကျသွား၏။ သူက မီးများပြည့်နေသော လှိုဏ်ဂူကို ကြည့်ကာ သူ့စိတ်ထဲတွင် အကြောက်တရား ပြည့်လျှံသည်။

“ငါ ခေါ်လာတဲ့သူက ဘယ်လိုလူမျိုးလဲ…”

မြေကမ္ဘာမီးသည် ပေါက်ကွဲထွက်လာစဉ် မြူခိုးတိမ်နှင့် သူ့ဆရာတို့က ခန်းယန်၏လှိုဏ်ဂူအပြင်ဘက်သို့ ရောက်လာ၏။ သည်အခိုက်တွင် ဆံဖြူအဘိုးအို၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် သူ့တပည့်ကို ခပ်မြန်မြန်ဆွဲ၍ ပေထောင်ချီသို့ ဆုတ်လိုက်၏။

သူ နောက်ဆုတ်သွားစဉ် ခန်းယန်၏လှိုဏ်ဂူဝင်ပေါက်မှာ ပျက်စီးကာ အပူလှိုင်းတစ်ခု မြင့်တက်လာသည်။

ဒီတောင်ပေါ်ရှိ အဆောက်အဦအားလုံးမှာလည်း မီးပင်လယ်အတွင်း ပျောက်ကွယ်သွားသည်။

မီးသွေးကြောအောက်ရှိ ပတ်ဝန်းကျင်မှ တောင်များအားလုံးလည်း တုန်ခါကုန်၏။ သည်ရုတ်တရက် ပြောင်းလဲမှုက နဂါးပြာကလန်၏တပည့်များကို တုန်လှုပ်စေကုန်သည်။ သူတို့အားလုံးသည် လှိုဏ်ဂူများထဲမှ တဟုန်ထိုး ထွက်လာကာ ကြောက်လန့်တကြား ငုံ့ကြည့်ကြသည်။

“ဘိုးဘေးက အပြင်သွားနေတယ်။ ဒီမြေကမ္ဘာမီးက ဘာကြောင့် ရုတ်တရက် ပြောင်းလဲလာတာလဲ…”

မြူခိုးတိမ်၏ ဆရာက သုန်မှုန်စွာဖြင့် မီးပင်လယ်ထံသို့ စိုက်ကြည့်နေသည်။ သူသည် ခန်းယန်၏ လှိုဏ်ဂူရှိသော နေရာထံသို့လည်း လှမ်းကြည့်၏။

တချိန်တည်းမှာ နဂါးပြာကလန်မှ အစွမ်းထက်အော်ရာသုံးခု ထွက်ပေါ်လာသည်။ ထိုအော်ရာတို့က မြူခိုးတိမ်၏ဆရာဘေးနားတွင် လူသုံးယောက်အဖြစ် ပြောင်းကာ ပေါ်လာကြသည်။

သူတို့သုံးယောက်တွင် နှစ်ယောက်မှာ အမျိုးသား၊ တစ်ယောက်က အမျိုးသမီး ဖြစ်၏။ အမျိုသားနှစ်ယောက်ထဲမှ တစ်ယောက်သည် အဘိုးအိုတစ်ယောက် ဖြစ်ကာ ကျန်တစ်ယောက်က သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အမျိုးသမီးဖြစ်သူကတော့ ဆံပင်ဖြူများနှင့်ပင်။ သူတို့အားလုံးက တတိယအဆင့်ကျင့်ကြံသူများ၏ အော်ရာကို ပိုင်ဆိုင်ထားသည်။

သူတို့၏ကျင့်ကြံမှုက မနိမ့်ပေ။ သက်လတ်ပိုင်းလူမှာ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်တွင် ရှိ၏။ သူ ပေါ်လာသည်နှင့် သူက အော်ဟစ်လိုက်သည်။

“နဂါးပြာကလန်ရဲ့ တပည့်တွေ…ငါ့အမိန့်ကို နားထောင်ကြ။ မြေကမ္ဘာမီးက နှစ်ပေါင်းတစ်သောင်းတိုင်း ပြောင်းလဲမှု ဖြစ်တယ်။ ဒီတစ်ကြိမ် ဒီပြောင်းလဲမှုက နည်းနည်းစောသွားတယ်။ ဒါပေမဲ့ မစိုးရိမ်မကြောက်လန့်ကြနဲ့။ ကောင်းကင်ရေအစီအရင်ကို ချခင်းကြ…”  သူ၏စကားသံသည် မိုးကြိုးဟိန်းသံအလား ပဲ့တင်ထပ်လာသည်။

ထိုအခါ တုန်ယင်နေသော နဂါးပြာကလန်၏ တပည့်များသည် ကောင်းကင်ထက်၌ ချက်ခြင်း ထိုင်ချလိုက်။ သူတို့၏လက်များဖြင့် ချိပ်ဟန်များ ဖြစ်စေရာ သူတို့၏ခန္ဓာကိုယ်များမှ မရေမတွက်နိုင်သော တိမ်စုတိမ်ဝေးများ ထွက်ပေါ်လာသည်။ တပည့်များသောင်းချီသည် မြန်ဆန်စွာပင် ကြီးမားသည့်အစီအရင်ကြီးကို ဖန်တီးသည်။

ထိုအစီအရင်သည် ပေါ်လာသည်နှင့် တုန်ဟည်းလာ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းမှာ ကီလိုမီတာသောင်းချီ ဖုံးလွှမ်းထားသော တိမ်နက်အစုအဝေးနှင့် တူနေသည်။ ထိုတိမ်စုဝေးတို့က အလွန်နက်မှောင်လေ၏။

တချိန်တည်းမှာ သက်လတ်ပိုင်းလူနှင့် မြူခိုးတိမ်၏ ဆရာတို့ကလွဲ၍ တခြားတတိယအဆင့်ကျင့်ကြံသူနှစ်ယောက်သည် ထိုတိမ်နက်အစုအဝေးထံသို့ တိုးဝင်လာသည်။ သူတို့က အမည်မသိမန္တာန်အချို့ကို အသုံးပြုကာ တိမ်တိုက်များထဲ၌ ရှည်လျားသော နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းသည်။

ထိုနဂါးနှစ်ကောင်သည် ပေတစ်သိန်းမျှ ရှည်လျား၏။ တအောင့်အကြာတွင် ယင်းတို့က ကြီးမားသော နဂါးဦးခေါင်း လှစ်ဟပေါ်စေကာ လောင်ကျွမ်းနေသော အောက်ဘက်ရှိ တောင်များထံသို့ ပါးစပ်များ ဖွင့်ဟကြသည်။ ကောင်းကင်ထက်မှ မိုးများ ရွာသွန်းကျလာကာ ထိုနဂါးနှစ်ကောင်၏ ပါးစပ်တို့ထံမှ ရေများစွာ ထွက်ပေါ်သည်။

“အကြီးအကဲလီ…သင်က ဒီကို အရင်ဆုံး ရောက်နေတာ။ ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ…”

မိုးများ ရွာသွန်းကာ မီးနှင့် တိုက်ခိုက်နေစဉ် သက်လတ်ပိုင်းလူသည် သူ့ဘေးရှိ ဆံဖြူအဘိုးအိုထံ သုန်မှုန်စွာ ကြည့်လိုက်၏။

“မြေကမ္ဘာမီး ပြောင်းလဲမှုက နှစ်တစ်သောင်းမှာ တစ်ကြိမ်ဖြစ်တာ။ အဲ့လိုပြောင်းလဲမှု ဖြစ်ဖို့ နှစ်သုံးထောင်လောက် လိုသေးတယ်။ အခုလို စောစော ဖြစ်ပေါ်လာတာဟာ အကြောင်းရင်းတစ်ခု ရှိရမယ်…”  သက်လတ်ပိုင်းလူ၏ အကြည့်သည် ဆံဖြူအဘိုးအိုထံမှ ဖယ်ခွာကာ ခါးကုန်းလူငယ်ထံသို့ ကျရောက်သွားသည်။

ထိုအကြည့်က ယင်းလူငယ်ကို တုန်ယင်စေကာ သူသည် မတ်တပ်မရပ်နိုင်လုနီး ဖြစ်သွားရ၏။

“အကြီးအကဲကျောက်…ဒီမြေကမ္ဘာမီးဟာ ပုံမှန်ပြောင်းလဲမှု မဟုတ်ရင် ဒါဟာ တတိယမျိုးဆက်တပည့် ခန်းယန်နဲ့ ပတ်သတ်နိုင်လောက်ပါတယ်…”

“ခန်းယန်…” သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်သွားကာ သူက ထိုနာမည်ကို စဉ်းစားကြည့်၍ မရပေ။

ဆံဖြူအဘိုးအိုက အောက်ဘက်ရှိ မီးပင်လယ်ကို ကြည့်ကာ ခန်းယန်၏လှိုဏ်ဂူထံသို့ လက်ညှိုးထိုးပြ၏။ “သူက တနေရာရာကနေ ခန္ဓာကိုယ်နှစ်ခုကို ယူလာခဲ့တယ်။ သူ ရုပ်သေးအဖြစ် သန့်စင်တဲ့အခါမှာ မြေကမ္ဘာမီးဟာ ခုလိုမျိုး ပြောင်းလဲမှု ဖြစ်လာတာပဲ…”

“ကလန်ခေါင်းဆောင်နဲ့ ဘိုးဘေးအိုတို့ဟာ မဟာစိတ်ဝိညာဉ်ကလန်ကို သွားနေတာ။ ငါ သတင်းပေးကျောက်စိမ်းပြားကနေ ပြောထားပြီးပြီး။ ဒါ့ကြောင့် သူတို့နှစ်ယောက် လမ်းမှာ ရောက်နေလောက်ပြီ။ အခုဖြစ်တဲ့ ပြဿနာဟာ ခန်းယန်‌ ယူဆောင်လာတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့် ဖြစ်နိုင်မှတော့ ဒီအဘိုးအိုက ဘယ်လိုခန္ဓာကိုယ်များကများ မြေကမ္ဘာကမ္ဘာကို ပြောင်းလဲစေလဲ မြင်ချင်မိတယ်…”

သက်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်သည်။ မြေကမ္ဘာမီး ပြောင်းလဲမှုက နဂါးပြာကလန်ကို သတိအနေထား ဖြစ်စေသည်။ သေဆုံးမှုများ မဖြစ်သော်လည်း သိုလှောင်ထားသော ကောင်းကင်ဘုံဆေးဝါးပင်များနှင့်အတူ အဆောက်အဦတော်တော်များများ ဖျက်စီးခံရသည်။

ထိုတန်ဖိုးသည် ကြီးမားလွန်းနေပေပြီ။

ထိုသို့ ပြောနေရင်း သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ လှုပ်ရှားကာ ရေခိုးရေငွေ့သည် သူ့အား ဝန်းရံသည်။ ရေခိုးရေငွေ့သည် ပေသုံးဆယ်ခန့်ရှိသော ရေပူဖောင်းအဖြစ်သို့ ပြောင်းလဲသွားရင်း သူသည် ခန်းယန်လှိုဏ်ဂူရှိရာ လောင်ကျွမ်းနေသောတောင်ထံသို့ ဦးတည်သွားသည်။

ထိုလှိုဏ်ဂူတံခါးသည် ပျက်စီးသွားခဲ့ပြီး ဖြစ်၍ သူ့ကို တားဆီးတာ မည်သည်မျှ မရှိပေ။ သက်လတ်ပိုင်းလူက အလွန်မြန်ကာ ချက်ခြင်းပင် လှိုဏ်ဂူထံ ရောက်လာ၏။ သူက အလွန်မြန်သော်လည်း အတော်လေးလည်း သတိထားနေ၏။ သူသည် ဒီကိစ္စ၌ ထူးဆန်းသလို ခံစားမိသည်။

သို့ပေမည့် သူသည် စိတ်ထဲတွင် သိပ်မထားပေ။ သူက သူ့ခွန်အားအပေါ် အလွန်ဂုဏ်ယူထား၏။

သူ လှိုဏ်ဂူထဲသို့ ဝင်လာရုံ ရှိသေး နဂါးပြာကလန်၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မြင်သည်။ ထိုလူငယ်၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူက လှိုဏ်ဂူအတွင်းနက်ထဲရှိ မီးတိုင်တလုံး ရှိနေသော နေရာသို့ ကြည့်နေလျက် သူ့မျက်လုံးထဲတွင် အလွန်အမင်းကြောက်လန့်မှုတို့ ပြည့်နေသည်။

All Chapters