← Chapters

စိတ်ဝိဉာဉ်အသွင်ပြောင်းခြင်း

Vol. 1 Ch. 381

စိတ်ဝိဉာဉ်အသွင်ပြောင်းခြင်း

Vol. 1 Ch. 381

ကျန်းရှောင်နူ ငိုသောအခါ ကျန်းရီမှာ ထိတ်လန့်သွားရသည်။ သူသည် ချက်ချင်းထထိုင်လိုက်ပြီး ကျန်းရှောင်နူ၏ မျက်ရည်များကိုသုတ်ပေးရင်း ပြောလိုက်သည်။

"ရှောင်နူ...မင်း ဘာတွေပြောနေတာလဲ။ သခင်လေးက ဘာကြောင့် မင်းကိုမလိုချင်ရမှာလဲ။ ရှောင်နူ...သေချာနားထောင်၊ ငါ့ရင်ထဲမှာ မင်းက အစေခံကောင်မလေး မဟုတ်ဘူး။ ငါ့ရဲ့ ညီမလေး၊ သွေးရင်းညီမလေး ဟုတ်ပြီလား"

"ညီမလေး"

ကျန်းရှောင်နူ၏ မျက်လုံးများသည် မှိန်ဖျော့သွားခဲ့သည်။ သူမသည် ကျန်းရီကို ချက်ချင်းဖက်ကာ ပြောလိုက်သည်။

"ဟင့်အင်း...သခင်လေး၊ ရှောင်နူ သခင်လေးရဲ့ ညီမလေး မဖြစ်ချင်ဘူး။ သခင်လေးရဲ့ အစေခံပဲ ဖြစ်ချင်တယ်။ သခင်မ ရှောင်နူကို ခေါ်လာခဲ့တုန်းက သူမက ရှောင်နူကို သခင်လေးရဲ့ အစေခံ ဖြစ်စေချင်ခဲ့တာ။ ရှောင်နူ သခင်လေးရဲ့ ညီမလေး လုံးဝမဖြစ်ချင်ဘူး"

"အာ..."

ကျန်းရီသည် ဆွံ့အသွားခဲ့သည်။ အစေခံဖြစ်ရသည်က ညီမဖြစ်ရသည်ထက် ကောင်းသည်လော။ မည်သို့သော ယူဆချက်မျိုးနည်း။

ကျန်းရီသည် ကျန်းရှောင်နူ ငိုနေသည်အား မြင်သောအခါ ဘာမှဆက်မပြောရဲတော့ပေ။ သူသည် သူမ၏ ကျောကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။

"ဟုတ်ပါပြီ...ဟုတ်ပါပြီ။ ညီမလေး မလုပ်ဘဲ အစေခံကောင်မလေးဘဲ လုပ်တော့။ သခင်လေးက ဒီည မင်းနဲ့အတူ အိပ်ပေးမယ်။ မငိုနဲ့တော့...ဟုတ်ပြီလား "

"ရှောင်နူသိတယ်...သခင်လေးက အကောင်းဆုံးပဲ"

ကျန်းရှောင်နူသည် ချက်ချင်း ပြုံးပျော်သွားခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီအား ဖက်၍ နှစ်ခြိုက်စွာ အိပ်မောကျသွားလေ၏။

ကျန်းရီသည် အိပ်မရတော့ပေ။ ကျန်းရှောင်နူသည် အလွန်သေးငယ်သော်လည်း သူမ၏အသက်မှာ သူနှင့်အနည်းငယ်သာ ကွာသည်။ သူမသည် အပျိုဖော်ဝင်စအရွယ် ရောက်နေပြီဖြစ်သည့်အတွက် သူမ၏ကိုယ်မှာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ သူမသည် ကျန်းရီအား တင်းတင်းကြပ်ကြပ် ဖက်ထားရာ သူမ၏ရင်သားများမှာ သူ့ကိုယ်ပေါ်ဖိထားသလို ဖြစ်နေသည်။ သူမ၏ခြေထောက်တစ်ဖက်သည်လည်း သူ့ပေါင်ပေါ်ဖြတ်တင်၍ ရေဘဝဲတစ်ကောင်ပမာ ကုပ်တွယ်ထားခဲ့သည်။ သူမ ရှူထုတ်သော လေငွေ့တို့သည် သူ့လည်ပင်းထံ လာရောက်ထိမှန်နေပြီး သူ့အား ယားကျိကျိ ဖြစ်လာစေသည်။ သို့သော် သူလုံးဝ မလှုပ်ရဲပါချေ။

ဉာဉ့်နက်သည်အထိ ဒုက္ခခံပြီး နောက်ဆုံးတွင် ကျန်းရီ အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့နံနက်တွင် ကျန်းရှောင်နူသည် စောစောနိုးလာခဲ့ပြီး ထရပ်လိုက်သည်။ ကျန်းရီသည် နိုးနေခဲ့သော်လည်း ဆက်လက်၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ကျန်းရှောင်နူသည် ရွက်ဖျင်တဲ၏ အဝင်ဝရောက်သောအခါ နောက်သို့ ချက်ချင်းပြန်လှည့်လာခဲ့သည်။ သူမသည် ကျန်းရီ၏ဘေးတွင် ထိုင်ချလိုက်ပြီး ကိုယ်ကိုကိုင်း၍ ကျန်းရီ၏နှုတ်ခမ်းကို ဖျတ်ခနဲနမ်းကာ ချက်ချင်းပြန်ဆုတ်လိုက်သည်။ သူမသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ရှောင်နူ သခင်လေးရဲ့ ညီမ မဖြစ်ချင်ဘူး။ သခင်လေးရဲ့ အစေခံ လုပ်ပြီး သခင်လေးကို တစ်သက်လုံး အလုပ်အကျွေးပြုသွားဖို့ပဲ ရှောင်နူ ဆန္ဒရှိတယ်..."

ကျန်းရှောင်နူသည် ရှက်သွေးဖြန်းသွားခဲ့ပြီး အပြင်သို့ ခပ်မြန်မြန် ထွက်သွားခဲ့သည်။ ကျန်းရီသည် နောက်ဆုံးတွင် ကျန်းရှောင်နူ၏ အတွေးများကို နားလည်သွားခဲ့သည်။ သူသည် ထိုအကြောင်းအား ဘယ်သောအခါမှ မတွေးမိခဲ့သည့်အတွက် လက်မခံနိုင် ဖြစ်နေခဲ့သည်။

ရှောင်နူကို ယူခြင်း...

စုလောရွှယ်သည် မည်သို့မျှ မှတ်ချက်ပေးမည် မဟုတ်သော်လည်း ကျန်းရီသည် ကျန်းရှောင်နူအား ညီမလေးတစ်ယောက်လိုသာ သဘောထားခဲ့သည်။ သူမည်သို့ သူမကို လက်ခံရမည်နည်း။ ပြဿနာမှာ ကျန်းရှောင်နူသည် သူ့ထက်ပို၍ ခေါင်းမာပြီး သူမစိတ်ထဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ သူသာ ငြင်းလိုက်ပါက သူမသည် ကိုယ့်ကိုယ်ကိုယ်တောင် အဆုံးစီရင် သွားလောက်သည်။

အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း အဖြေရအောင် ကျန်းရီ မစဉ်းစားနိုင်ခဲ့ပေ။ ဟဲလောင်သည် နိုးနေပြီဖြစ်ပြီး မနက်စာပင် ပြင်ဆင်နေပြီဖြစ်ရာ သူဆက်နားနေ၍ မဖြစ်တော့ပေ။

ကျန်းရီသည် ဘာမှမဖြစ်ခဲ့သလိုသာ ဟန်ဆောင်နေလိုက်သည်။ ကျန်းရှောင်နူသည် ကျန်းရီအား ရှက်ရိပ်သန်းနေသော မျက်နှာလေးဖြင့် မကြာမကြာ ခိုးကြည့်နေခဲ့သည်။

သူတို့ စားသောက်ပြီးနောက်တွင် ကျန်းရီသည် ထိုနှစ်ယောက်အား မြစိမ်းကြည်လင်ပန်းအိုးထဲသို့ ပြန်သိမ်းလိုက်သည်။ မတိုင်ခင်တွင် သူသည် ရှားယွိမြို့မှ ပြင်ဆင်ပေးလိုက်သည့် ပစ္စည်းများပါသည့် ရှေးဟောင်းနတ်ဘုရားလက်စွပ်အား ဟဲလောင်ထံ ပေးထားလိုက်သည်။ အထဲတွင် ရိက္ခာခြောက်များ၊ သန့်ရှင်းသော ရေ၊ ရွက်ဖျင်တဲထိုးစရာ ပစ္စည်းများနှင့် နေ့စဉ်သုံးပစ္စည်းများ အစုံအလင်ပါလေ၏။ ထို့ကြောင့် သူတို့ ငတ်မွတ်မည်အား စိုးရိမ်နေစရာ မလိုတော့ပေ။

ဝေါင်း...ဝေါင်း...

ယာ့ဇီသားရဲသည် ပျံသန်း၍ ထပ်မံထွက်ခွာတော့သည်။ ဤတစ်ကြိမ်တွင် သူတို့သည် မြောက်အရပ်တည့်တည့်သို့ မပျံသန်းဘဲ အရှေ့မြောက်အရပ်သို့ ပျံသန်းသွားလိုက်ကြသည်။ ကြယ်တံခွန်ကျွန်းသည် နယ်မြေနှင့် အကွာအဝေးတစ်ခု ကွာဝေး၍ ပင်လယ်ပြင်ရေနက်ပိုင်းတွင် ရှိသည်ဟု သတ်မှတ်နိုင်သည်။ သာမန်သိုင်းသမားများမှာ ကြယ်တံခွန်ကျွန်းသို့ သွားရောက်လည်ပတ်နိုင်ရန် အစွမ်းအစ မရှိကြချေ။

ယာ့ဇီသားရဲသည် ပျံသန်းနေခဲ့ပြီး ကျန်းရီသည် ထိုင်၍ ကျင့်ကြံနေခဲ့သည်။ အချိန်သည် ရေကဲ့သို့ စီးဆင်းနေခဲ့ပြီး နှစ်ရက်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

ကြယ်တံခွန်ကျွန်းသို့ ခရီးသည် သိပ်မဝေးတော့ပေ။ နောက်နှစ်ရက်အကြာတွင် သူတို့ ရောက်သွားနိုင်လောက်သည်။ ကျန်းရီသည် နောက်တစ်ညနားရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျန်းရှောင်နူအား ပျော်စေရန် ခေါ်လာခဲ့ခြင်းဖြစ်ရာ ပန်းအိုးထဲတွင်သာ နေခိုင်း၍ မဖြစ်ပေ။

ပင်လယ်ရေနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ပင်လယ်နတ်ဆိုးသားရဲတို့၏ အရှိန်အဝါမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ သို့သော် အလွန်အကျွံတော့ မဟုတ်သေးပေ။

ကျန်းရီ ကျွန်းတစ်ကျွန်းကို ရွေးချယ်လိုက်ပြီးနောက် ယာ့ဇီသားရဲသည် ကျန်းရီ၏ အမိန့်ကိုပင် မစောင့်တော့ဘဲ ပင်လယ်နတ်ဆိုးသားရဲများကို ရှာဖွေစားသောက်ရန် ရေထဲဆင်းသွားခဲ့သည်။ တကယ်တမ်းတွင် ၎င်း၏အင်အားဖြင့် အစာစားနေရန် မလိုဘဲ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်တို့ကို တိုက်ရိုက်စုပ်ယူ၍ ပြန်လည်အားဖြည့်နိုင်သည်။ သို့သော် စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်း နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေပြီးနောက် ၎င်းသည် အခွင့်အရေးရသည့်အခါ စိတ်ရှိတိုင်း စားသောက်ချင်နေခြင်း ဖြစ်သည်။

ကျန်းရီသည် ကျန်းရှောင်နူအား အဖော်ပြု၍ ကျွန်းပေါ်တွင် လမ်းလျှောက်နေခဲ့သည်။ ရွက်ဖျင်တဲများ ရှိရာသို့ ပြန်ရောက်သည့်အခါ ကျန်းရှောင်နူမှ မတောင်းဆိုလာသေးခင် သူမအား သူ့ရွက်ဖျင်တဲထဲသို့ ကျန်းရီ ဝင်ခွင့်ပြုလိုက်သည်။ ထို့နောက် မီးဝိဉာဉ်ပုလဲမှ အလင်းရောင်များ တောက်ပလာခဲ့ပြီး လှပသော ဝတ်ရုံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ပြုံးရင်း ပြောလိုက်သည်။

"ရှောင်နူ...ငါဒီရတနာကို ရခဲ့မှန်း မေ့နေတာ။ ငါမင်းကို အခုပေးလိုက်ပြီ။ မြန်မြန်ဝတ်ကြည့်"

"လှလိုက်တာ"

ကျန်းရှောင်နူ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဝတ်ရုံကိုယူ၍ သေချာကြည့်ရှုနေခဲ့သည်။ သူမသည် ဝတ်ရုံအား ဝတ်ဆင်လိုက်ရာ မင်းသမီးလေးပုံ ပေါက်သွားခဲ့သည်။

ဝတ်ရုံသည် လှပသော ငှက်တောင်များနှင့် တန်ဆာဆင်ထားပြီး ခမ်းနားသည့် အရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့သည်။ ကျန်းရှောင်နူ၏ မျက်နှာအစိတ်အပိုင်း များမှာ လှပပြီးသား ဖြစ်သော်လည်း ကောင်းကင်တောင်ပံမြို့တွင် နေစဉ်က အာဟာရချို့တဲ့မှုကြောင့် ပိန်လှီ၍ မကျန်းမာသည့်ပုံ ပေါက်နေခဲ့သည်။ ဤနှစ်နှစ်အတွင်းတွင် သူမသည် အာဟာရ ချို့တဲ့မှုမရှိရာ သူမ၏ကိုယ်သည် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ ယခု လှပသည့် ဝတ်ရုံအား ဝတ်ဆင်လိုက်ရာ သူမမှာ ပို၍ စွဲဆောင်မှု ရှိလာခဲ့သည်။

"အရမ်းလှတယ်"

ကျန်းရီသည် ရိုးရိုးသားသား ချီးကျူးလိုက်ပြီးမှ စိတ်လှုပ်ရှားသွားရသည်။ ဤဝတ်ရုံသည် သူမအား သေရေးရှင်ရေး အခြေအနေတွင် ကာကွယ်ပေးနိုင်သည့် ကောင်းကင်အဆင့် အကာအကွယ်ပစ္စည်းဖြစ်သည်။ ပြဿနာမှာ ရှောင်နူတွင် အတွင်းအား မရှိခြင်းဖြစ်သည်။ သူမမည်သို့ စိတ်ဝိဉာဉ်အမှတ်အသားပြုမည်နည်း။ သူမ စိတ်ဝိဉာဉ်အမှတ်အသား မပြုနိုင်လျှင် ရတနာ၏ ထွက်ပေါ်လာမည့် စွမ်းအားမှာ အလွန်အကျွံ လျော့ကျသွားတော့မည်ဖြစ်သည်။

ကျန်းရှောင်နူသည် ၎င်းအား ဝတ်ပြီးနောက် ပြန်၍ပင် မချွတ်ချင်တော့ပေ။ ဤဝတ်ရုံသည် ကျန်းရီ သူမအားပေးသည့် လက်ဆောင်ဖြစ်သည်။ ကျန်းရီသည် တစ်ခဏ ငြိမ်နေပြီးနောက် ဘာမှဆက်တွေးမနေတော့ပေ။ သူရှိနေသရွေ့ ကျန်းရှောင်နူအား နာကျင်ခွင့်ပြုမည်မဟုတ်။

ထိုခဏတွင် ကျန်းရီသည် သူ့စိတ်ဝိဉာဉ် တုန်ခါသွားကြောင်း ခံစားမိလိုက်သည်။ သူသည် အလျင်အမြန် ထိုင်ချလိုက်ပြီး ကိုယ်တွင်းအမြင်အာရုံကို သုံး၍ သူ့ကိုယ်သူ စစ်ဆေးလိုက်သည်။ သူ့စိတ်ဝိဉာဉ်ထဲတွင် ထူးခြားသည့် လှုပ်ရှားမှုများ ရှိကြောင်း သူသတိပြုမိခဲ့သည်။ စိတ်ဝိဉာဉ်သည် လူသားများ၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ပြဿနာရှိ၍ မရပေ။ ထို့ကြောင့် ကျန်းရီသည် ချက်ချင်း စစ်ဆေးကြည့်လိုက်ခြင်း ဖြစ်သည်။

အာ...ဘာလို့ ငါ့စိတ်ဝိဉာဉ်က ပုံစံပြောင်းနေတာလဲ...

ကိုယ်တွင်းအမြင်အာရုံကို သုံးလိုက်ပြီးနောက် ကျန်းရီမှာ ဆွံ့အသွားရသည်။ သူ့စိတ်ဝိဉာဉ်သည် ရွှေရောင်အလင်းများတောက်ပကာ ဖောင်းပွလာခဲ့ပြီး တဖြည်းဖြည်းနှင့် ပုံစံပြောင်းနေခဲ့သည်။

"အမ်...ချန်းဖူအရွက်ရဲ့ စွမ်းအင်တွေက ကုန်သွားပြီ။ စိတ်ဝိဉာဉ်က ချန်းဖူအရွက်ရဲ့ စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်ပြီး အကန့်အသတ်တစ်ခုကို ရောက်သွားလို့ ပုံစံပြောင်းလာတာများလား။ အတွင်းတွေကနေ ခရမ်းရောင်နန်းတော်ကို ဖွဲ့စည်းသလိုမျိုးပဲ"

ကျန်းရီသည် မှင်တက်နေခဲ့သော်လည်း သူ့မသိစိတ်တွင် အန္တရာယ်ရှိသည်ဟု မခံစားမိပေ။ နာကျင်မှုနှင့် မသက်မသာဖြစ်မှုတို့ကိုလည်း သူမခံစားရ။ သူသည် စိတ်ဝိဉာဉ် အသွင်ပြောင်းပြီးမည့် အချိန်ကိုသာ အသက်အောင့်၍ စောင့်ဆိုင်းနေလိုက်သည်။

စိတ်ဝိဉာဉ်သည် မူလက အဖြူရောင်ရှိပြီး ဂျုံလုံးကြီးတစ်ခုနှင့် ဆင်တူသည်။ ယခု သူ့စိတ်ဝိဉာဉ်သည် တဖြည်းဖြည်းနှင့် ကျုံ့သွားခဲ့ပြီး ဓားတစ်ချောင်းပုံစံ ဖွဲ့စည်းနေခဲ့သည်။

ထိုခဏတွင် မီးဝိဉာဉ်ပုလဲသည် တောက်ပလာခဲ့ပြီး စွမ်းအင်မျှင်တစ်ခုသည် ကျန်းရီ၏ကိုယ်ထဲသို့ ဝင်ရောက်၍ စိတ်ဝိဉာဉ်ထံ တိုးဝင်သွားခဲ့သည်။

စိတ်ဝိဉာဉ်ထဲသို့ ထိုစွမ်းအင် ဝင်ရောက်သွားသည်နှင့် သူ့စိတ်ဝိဉာဉ်တစ်ခုလုံးသည် ရွှေရောင်အလင်းများ နောက်တစ်ကြိမ် တောက်ပလာခဲ့ပြီး ဓားပုံစံ ပြောင်းလဲခြင်း ပြီးဆုံးသွားခဲ့သည်။ ကျန်းရီသည် ကိုယ်တွင်းအမြင်အာရုံဖြင့် ကြည့်လိုက်သောအခါ ဆွံ့အသွားခဲ့သည်။

သူ့စိတ်ဝိဉာဉ်သည် နီရဲနေသော ဓားတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားခဲ့ခြင်းဖြစ်ပြီး မီးနဂါးအငယ်စားလေးပမာ မီးနဂါးဓားနှင့် အတိအကျ တူနေခဲ့ခြင်းဖြစ်သည်။

ထိုစိတ်ဝိဉာဉ်ဓား(ဓားဝိဉာဉ်)သည် သူ့စိတ်ထဲတွင် ပေါလောပေါ်နေခဲ့သည်။ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားခဲ့သော်လည်း ပြိုင်ဘက်ကင်းဓားတစ်ချောင်းပမာ အရောင်အဝါတစ်မျိုး တောက်ပနေခဲ့သည်။

"အာ..."

ကျန်းရီသည် ကမ္ဘာကြီးမှာ ကွဲပြားသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် မျက်လုံးဖွင့်စရာမလိုဘဲ သူ့ပတ်ဝန်းကျင်မှ အရာရာကို ခံစားမိနေသည်။ သူသည် သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေသော ကျန်းရှောင်နူကို မြင်နေရသည်။ အပြင်တွင် တိုက်ခတ်နေသော လေညှင်းများ၊ သူ့တဲထဲတွင်သူ ကျင့်ကြံနေသော ဟဲလောင်နှင့် မြေပြင်ပေါ်တွင် လဲလျောင်း၍ အနားယူနေသော ယာ့ဇီသားရဲတို့ကိုလည်း သူမြင်နေရလေသည်။

*****

All Chapters