အခန်း (၆၉၁-၆၉၂)
Vol. 44 Ch. 691-692
အပိုင်း (၆၉၁)
အကြီးမားဆုံးသော ထိခိုက်ဒဏ်ရာရမှုများကတော့ နှင်းမုန်တိုင်းကြောင့် ဖြစ်၏။ တစ်ညအတွင်း လူသုံးရာကျော် ပျောက်ဆုံးသွားခဲ့၏။ ပြန်ရှာတွေ့သည့်အချိန်တွင် အေးခဲပြီး သေဆုံးနေကြပြီ။ သို့သော်ငြား ဤစစ်တပ်၏ သတ္တိနှင့် စိတ်ဓာတ်ကတော့ ရှားမှရှားပင်။ ဤကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အန္တရာယ်များကို ရင်ဆိုင်ရသည် ဆိုလျှင်တောင် တစ်ယောက်မှ နောက်သို့ ဆုတ်ခွာချင်စိတ် မရှိကြချေ။
နိဗ္ဗာနတပ်တော်က မြေပြင်ပေါ် စစ်ချီစဉ်ကထက်ပင် ပိုမိုကာ ရွှင်လန်းလို့နေ၏။ ဤနေရာတွင် ရှိနေသည့် ရှုခင်းများက တကယ့်ကို လှပလွန်းသောကြောင့်ပင်။ သေစေနိုင်လောက်သည့် အန္တရာယ်များကို ကြုံတွေ့နေရသည် ဆိုလျှင်တောင်မှ သူတို့က ကောင်းကင်ပေါ်မှ ချမှတ်ပေးထားသည့် စမ်းသပ်မှုကြီး တစ်ခုကို ကျော်ဖြတ်နေရသကဲ့သို့ပင် သဘောထားကြ၏။ သူတို့၏ စိတ်များက ပျော်ရွှင်နေကြ၏။
သဲကန္တာရလူရိုင်းမျိုးနွယ်စုများ၏ နတ်ဘုရားလေးသည်များကတော့ နေ့တိုင်း မိမိကိုယ်ကို အားပေးကာ အော်ဟစ်နေကြ၏။ ပြီးနောက် သူတို့က ဤနှင်းတောင်ပေါ်တွင် ဘိုးဘေးရုပ်များကို ထုဆစ်ကြ၏။ သူတို့၏ ကိုးကွယ်မှု ဘိုးဘေးများပင်။ သို့သော်ငြား တစ်နာရီအတွင်း ထိုရုပ်များက ပျောက်ကွယ်သွားခဲ့ကြ၏။ လေတိုက်ခြင်း သို့မဟုတ် နှင်းတွေ ဖုံးလွှမ်းသွားခြင်းကြောင့်ပင်။
လန်ရီက ဤကဲ့သို့ ပျောက်ကွယ်သွားမည်ကို သိလျက်နှင့် အဘယ်ကြောင့် ဆက်ဆွဲနေရသနည်းဟု စိတ်ဝင်တစား သွားရောက်ကာ မေး၏။ နောက်ဆုံးမှာတော့ သဲကန္တာရလူရိုင်းစစ်သည် မြားပစ်သမားက မိန်းမ တစ်ယောက်ယောက်နှင့် အိပ်စက်ခဲ့ပြီး ထိုမိန်းမ၏ ခန္ဓာကိုယ်ထဲသို့ တစ်စုံတစ်ဦးကို ထားခဲ့သည် ဆိုပါက ဆေးကြောလိုက်ရုံနှင့် ပျောက်ကွယ်သွားနိုင်သည်လားဟု ပြန်မေးခဲ့၏။
ဤစကားက အဓိပ္ပာယ်ရှိလွန်းလှ၏။ ထို့ကြောင့် စကားမပြောနိုင်လောက်အောင်ပင် ဆွံ့အသွားခဲ့ရ၏။ ကံဆိုးစွာဖြင့် လန်ရီက ကလေးမရှိပေ။ ထို့ကြောင့် လန်ရီက မည်သို့မှမနေနိုင်ဘဲ မေးမိသည်။ “ခင်ဗျား မိန်းမတစ်ယောက်နဲ့ အိပ်ဖူးလား။”
သဲကန္တာရလူရိုင်းစစ်သည် မြားပစ်သမားက လမ်းညှိုးတစ်ချောင်း ထောင်ပြ၏။
“တစ်ယောက်လား။”
“တစ်ရာပါ။”
လန်ရီက သွေးအန်လုမတတ် ဖြစ်သွား၏။ သူက နိုင်ငံသား ပြောင်းလဲချင်စိတ်ပင် ပေါက်လာခဲ့၏။ ‘ဒီလိုသာ ကြိုသိမယ်ဆိုရင် ငါ သဲကန္တာရ လူရိုင်းမျိုးနွယ်ထဲကို ဝင်ပါတယ်။’
................
စစ်သည်များက ခရီးရှည်ကြီး၏ခက်ခဲမှုများကို မကြောက်ရွံ့ကြချေ။ ထောင်ပေါင်းများစွာသော တောင်များကို ကျော်ဖြတ်ပြီး မြစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့၏။ ၈ ရက် ကြာသည့်အချိန်မှာတော့ ရှမ့်လန် ဦးဆောင်သည့် စစ်သည်ပေါင်းတစ်သောင်းက မိုင်ထောင်ချီ ခရီးစဉ်ရှိသည့် နှင်းတောင်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
မူလက စစ်သည်ပေါင်း ၁၀,၇၀၀ ထဲက ၉,၅၀၀ သာလျှင် ကျန်တော့၏။ ၁,၂၀၀ က နှင်းတောင်ပေါ်တွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။ တချို့က ရုပ်အလောင်းများ ရှာတွေ့ခဲ့သော်လည်း တချို့က ရှာမတွေ့ခဲ့ချေ။ နောက်ဆုံး နှင်းတောင်ကြီးကို ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ အမြင်အာရုံ အားလုံးက အဖြူရောင် သက်သက်ကြီး မဟုတ်တော့ချေ။
သူတို့က နှင်းတောင်ကို စွန့်ခွာခဲ့နိုင်ခဲ့ပြီ ဖြစ်၏။ ကောင်းကင်နှင့် ငရဲကဲ့သို့သော နေရာမျိုးကို ဖြတ်သန်းသွားခဲ့ကြ၏။ လူတိုင်းက ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင် လည်မိ၏။ တကယ့်ကို မလွယ်ကူခဲ့ချေ။
ရှမ့်လန်က တစ်ယောက်ချင်းစီတိုင်းအတွက် နေကာမျက်မှန်များကို ကြိုတင် ပြင်ဆင်လာခဲ့ကြ၏။ ထို့ကြောင့် သူတို့က နှင်းပေါ်မှအောက်သို့ ဆင်းသည့်အချိန်တွင် မျက်စိကန်းခြင်းမျိုးကို ရှောင်ရှားနိုင်ခဲ့၏။ သို့သော်ငြား နှင်းတောင်မှ ထွက်ခွာပြီးနောက် ရှမ့်လန်နှင့် စစ်သည်ပေါင်း ၉,၀၀၀ ကျော်တို့က ခမ်းနားသည့် နှင်းတောင်ကြီးကို ဦးညွှတ်ကာ အလေးပြုကြ၏။ သဘာဝက တကယ့်ကို အံ့မခန်း လှပလွန်းလှချေ၏။
“တော်ဝင်နှင်းတောင်ကြီး... ကျုပ်တို့အောင်နိုင်မှုကို ရယူနိုင်မယ်လို့ မပြောရဲသေးဘူး။ ဒါပေမယ့် ဖြတ်လျှောက်ခွင့် ပေးတဲ့အတွက် ကျေးဇူးပါပဲ။”
“အရမ်းကို အံ့အားသင့်စရာ ကောင်းတယ်။ ဒီကြီးကျယ်တဲ့ သမိုင်းကြောင်းကို ဖြတ်ကျော်လာခဲ့တယ် ဆိုတဲ့အကြောင်း ငါ့ရဲ့ ကလေးတွေကို ပြောပြနိုင်ပြီ။ သူတို့ရဲ့ အဖေက တော်ဝင်နှင်းတောင်ကြီးကို ဖြတ်ကျော်ပြီး လောကရဲ့ အကောင်းဆုံးသော အရာကို ပြုလုပ်နိုင်ခဲ့တယ်။” ရှမ့်လန်က တုန်ယင်စွာဖြင့် စိတ်လှုပ်ရှားနေသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် ဘုရင်မရှားမန်က မည်သို့မှမနေနိုင်ဘဲ ဝင်ပြောလိုက်၏။ “ရှမ့်လန်... ရှင် ဒီထက်ပိုပြီး မျက်နှာပြောင် မတိုက်လို့ မရတော့ဘူးလား။ ရှင် တစ်ရက်တောင် လမ်းလျှောက်ခဲ့လို့လား။”
ရှမ့်လန်က မူလန်၏ လည်ပင်းကိုဖက်ပြီး အနောက်က လိုက်ပါလာခဲ့ခြင်းသာ ရှိသည်မဟုတ်ပါလား။
“ကျုပ် မိန်းမက ကျုပ်ကို ချီလာတာလေ။ ခင်ဗျား ချီလာရတာမလို့လား။” ရှမ့်လန်က ဂရုမစိုက်သလို ပြောလိုက်၏။
ထို့အပြင် သူက တကယ့်ကို ကြီးကျယ်ခမ်းနားသည့် အရာများကို ပြုလုပ်ခဲ့၏။ ဥပမာအားဖြင့် ရှမ့်လန်က မီတာ ၇,၀၀၀ အမြင့်တွင် မူလန်နှင့် လိင်ဆက်ဆံခဲ့ခြင်းပင်။ ဤအရာက ကြီးမားသည့် ဂုဏ်ယူစရာပင် ဖြစ်၏။ မည်သူမှ လိုက်လံ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မီတာ ၇,၀၀၀ အမြင့်တွင် ခွေးကဲ့သို့ ဟောင်ခဲ့ဖူးသေးသည်။
....................
တော်ဝင်နှင်းတောင်ကိုဖြတ်သန်းပြီးနောက် မိုင်ထောင်ချီရှိသည့် တောင်တန်းနှင့် မတ်စောက်သည့် တောင်ကြောများ ရှိ၏။ ထိုအရာက လူများဖြတ်သန်းသွားလာသည့် နေရာမျိုး မဟုတ်ချေ။ သို့ပေမည့် တော်ဝင်နှင်းတောင်၏ အခက်အခဲများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက ဤတောင်တန်းများနှင့် မတ်စောက်မှုများက မြေပြန့်ကဲ့သို့ပင်။
စစ်သည်များ၏ ထိခိုက်ဒဏ်ရာရမှုကလည်း တကယ့်ကို လျစ်လျူရှုလောက်စရာပင်။ ဘာတစ်ခုမှ မဖြစ်တော့ချေ။ ၅ ရက် အကြာမှာတော့ စစ်တပ်တစ်ခုလုံးက တောင်တန်းများကနေ ထွက်ခွာနိုင်ခဲ့၏။ သူတို့က တောင်တန်းတွေ ထဲကနေ မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာ၏။
နောက်ဆုံးမှာတော့ စိမ်းလန်းစိုပြေသည့် သစ်ပင်ပန်းမန်များ ကို ပြန်လည် မြင်ခဲ့ရ၏။ မြို့များ၊ ကျေးရွာများကို စတင်ကာ မြင်ရ၏။ သူတို့က ချောင်ပြည်နယ်၏ တော်ဝင်မြို့တော်သို့ ရောက်ရှိရန် မိုင် ၃၀၀ ခန့်သာ ဝေးတော့သည်။
ရှမ့်လန် ဦးဆောင်သည့် စစ်သည်ပေါင်း ၉,၅၀၀ ကျော်တို့က မြို့နှင့် ကျေးရွာများကို ပတ်လမ်းမှတစ်ဆင့် ရှောင်ကွင်းသွားခဲ့ကြ၏။ သူတို့က ချောင်ပြည်နယ်၏ တော်ဝင်မြို့တော်ကို တည့်တည့်မတ်မတ် ဦးတည်လျက် ရှိနေ၏။
ချောင်ပြည်နယ်၏ တကယ့်နှလုံးသားနေရာဖြစ်ပြီး ကျယ်ပြောလွန်းသည့် တောင်တန်းကြီးများကို နောက်ခံထား, ထားသောကြောင့် တကယ့်ကို စိုးရိမ်ပူပန်မှု ကင်းသည့် နေရာလည်း ဖြစ်၏။ ထိုနေရာက ထျန်းရှစ်စီရင်စု၏ စစ်မြေပြင်နှင့် မိုင် ၃,၀၀၀ ကျော် ဝေး၏။ စစ်မြေပြင်တစ်ခုလုံး၏ တင်းမာခက်ထန်မှု၊ စိတ်လှုပ်ရှားမှုများလည်း မရှိချေ။
ကျေးရွာတိုင်းနှင့်မြို့တိုင်းတွင် ချောင်ဘုရင်၏ တော်ဝင်အမိန့်တော်များကို ကပ်ထား၏။ နေ့တိုင်း စစ်မျက်နှာပြင်၏ အောင်ပွဲများကို တစ်စုံတစ်ဦးက လာရောက်ကာ ကြေညာတတ်၏။ တိုက်ပွဲက ကျိန်းသေပေါက် နိုင်မှာဖြစ်ပြီး လူတိုင်းနီးပါးကလည်း ယုံကြည်လျက် ရှိနေသည်။
မကြာခင် ချောင်ဘုရင်က ထျန်းရှစ်စီရင်စုကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ ချောင်ပြည်နယ်က မကြာခင် တောင်ပိုင်း၏ အရှင်သခင် ဖြစ်လာလိမ့်မည်။ မကြာခင် ချောင်ပြည်နယ်က အောင်ပွဲကြီးကို ဆင်နွှဲရပေလိမ့်မည်။ သို့သော်ငြား ပျော်ရွှင်စရာရှိသည့် နေရာတိုင်း၌ သွေးနှင့် မျက်ရည်များ ရှိ၏။
ချောင်ဘုရင်က နိုင်ငံကို ပြောင်းပြန်လှန်ပစ်မည့် ဤကဲ့သို့ ကြီးမားလှသည့် စစ်ပွဲကြီးကို စတင်ခဲ့သောကြောင့် နိုင်ငံ၏ အရင်းအမြစ်များနှင့် စစ်ရေးအသုံးစရိတ်များက ပိုမိုကာ လိုအပ်လာခဲ့ကြ၏။ ထို့ကြောင့် ချောင်ပြည်နယ်မှ လူများက အခွန ဝန်ထုပ်ဝန်ပိုးကို သေချာပေါက် ထမ်းရ၏။ မြို့တိုင်းနီးပါး အခွန်ကောက်ခံသည့် အရာရှိများနှင့် တရားရုံး အရာရှိများရှိ၏။ မြို့တိုင်း၊ မြို့တိုင်းတွင် အရွယ်ရောက်ပြီးသား ယောက်ျားများက လုပ်သားအဖြစ် စုဆောင်းခြင်းကို ခံရသည်။
အစိုးရလမ်းမကြီးတိုင်းတွင် ရိက္ခာတင်ပို့သည့် ထောက်ပို့တပ်များက အစီအရီ သွားလာလျက် ရှိနေ၏။ ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ကြိမ်ဒဏ်ရာများ ရှိနေပြီး မျက်လုံးတွင် မျက်ရည်များ ဝိုင်းနေ၏။ ထိုသူတို့ကို အတင်းအဓမ္မ လုပ်အားပေး ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်မည်။
နှိုင်းယှဉ်ရမည်ဆိုလျှင် နင်ယွမ်ရှန်းက ဖြုန်းတီးတတ်သူ တစ်ယောက် ဖြစ်သော်လည်း သူ၏ ပြည်သူများကို မရက်စက်ချေ။ ယခင်က ရိက္ခာပို့ဆောင်ဖို့ လူသိန်းပေါင်းများစွာကို စုစည်းခဲ့သည် ဆိုသော်လည်း ထိုသူတို့အား လစာနှင့် အစားအစာများ ပေးခဲ့၏။ နည်းပါးသည့် ပမာဏ တစ်ခုဆိုလျှင်တောင်မှ ဘာမှမရဘဲ အလုပ်လုပ် ရသည်ထက်တော့ သာ၏။
...................
နာရီဝက်ခန့် အကြာမှာတော့ ရှမ့်လန်၏ စစ်တပ်ကို ချောင်သူလျှိုများက စတင် တွေ့ရှိသွားခဲ့ကြ၏။ ထို့ကြောင့် သူတို့က ခြေရာလက်ရာများကို ဖုံးကွယ်မထားတော့ချေ။ စစ်တပ်က အရှိန်အဟုန်ပြင်းပြင်းနှင့် ချောင်ပြည်နယ်၏ မြို့တော်သို့ ဦးတည်လာခဲ့၏။
ချက်ချင်းပဲ ချောင်ပြည်နယ်၏ ပတ်ဝန်းကျင်ရှိမြို့နှင့် စီရင်စုများမှ အရာရှိအားလုံးတို့က ထိတ်လန့် တုန်လှုပ်သွားခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်တပ်က တကယ်ပင် ဤနေရာဆီသို့ ရောက်လာသည်လား။ ထို့အပြင် လူတစ်သောင်း၊ မည်ကဲ့သို့ လာရောက်လာခဲ့ကြသနည်း။ ပျံသန်းကာ ရောက်ရှိလာခဲ့သည်လား။ တစ်စုံတစ်ခုများ အမြင်မှားခဲ့သည်လား။
ထို့နောက် ချောင်ပြည်နယ်က အခြေအနေတစ်ခုလုံးကို ဆက်လက်ကာ စုံစမ်းကြတော့၏။ သတင်း အချက်အလက်အားလုံးကို စုစည်းပြီးသည့်နောက် ချောင်မြို့တော်တွင် ကျန်ရှိနေသည့် အရာရှိများက ယုံကြည်ရသည့် သတင်းအချက်လက် ဖြစ်ကြောင်း သိရှိခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်တပ်က တကယ်ပဲ တိုက်ခိုက်ရန် ရောက်လာခဲ့သည်။
ချောင်မိဖုရားကြီးက ထိတ်လန့်တုန်လှုပ်သွား၏။ အတွင်းဝန်ရုံးများကလည်း ထိတ်လန့်သွားခဲ့ကြ၏။ ပြီးနောက် ချောင်ဘုရင်အား အမြန်ဆုံး သတင်းပို့ရန်အတွက် လူတစ်ယောက်ကို စေလွှတ်ခဲ့၏။ ပတ်ဝန်းကျင်ရှိ မြို့နှင့် စီရင်စု အားလုံးက ချောင်မြို့တော်ကို ခုခံကာကွယ်ရန် စစ်တပ်များကို စုစည်းခဲ့၏။
စစ်ပွဲ၏ အမြန်နှုန်းက တကယ့်ကို တန်ဖိုးကြီး၏။ ခြေရာလက်ရာများကို ရှာဖွေတွေ့ရှိပြီးနောက် ရှမ့်လန်၏ ကွပ်ကဲမှု အောက်တွင် ရှိနေသည့် စစ်သည်ပေါင်း ၉,၅၀၀ တို့က လုံးဝ အနားယူခြင်း မရှိတော့ဘဲ နေ့ရောညပါ စစ်ချီတက်ကြတော့၏။ တစ်ရက်နှင့်တစ်ည အတွင်းမှာပင် စစ်သည်များက မိုင် ၂၀၀ ကျော် ချီတက်နိုင်ခဲ့၏။ သူတို့က ချောင်မြို့တော်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
.......
သုံးပြည်ထောင်ခေတ်တွင် တင်းဟိုင်က ရေဝါမြစ်ကြောင်းကို ဖြတ်ကျော်ပြီး ရုတ်တရက် ထိုးစစ်ဆင်ကာ လော့ကျန်းကို လက်နက်ချခိုင်း၍ ရှုဟန်ပြည်နယ်၏ မြို့တော်ကိုသိမ်းပိုက် နိုင်ခဲ့ဖူး၏။ ဤအရာက သမိုင်း တစ်လျှောက် အထင်ရှားဆုံးသော ရုတ်တရက် ခြုံခို တိုက်ခိုက်ခြင်းများထဲမှ တစ်ခုဖြစ်၏။
တင်းဟိုင်က ရှုဟိုင်ပြည်နယ်၏ ရှေ့တန်းခံတပ်များကို ရှောင်ကွင်းပြီး မိုင်ပေါင်း ၃၀၀ ကျော် လူသူမနီးသည့် တောရိုင်းများထဲမှ စစ်ချီတက်ခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတွင် စစ်သည်အနည်းငယ်သာလျှင် ကျန်ရှိခဲ့၏။ ထိုစဉ်က စစ်သည် ထိခိုက်မှုနှုန်းက ကြောက်ခမန်းလိလိ မြင့်မားခဲ့သည်။
သို့သော်ငြား ယခုအချိန်တွင်တော့ မတူတော့ချေ။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ တပ်များက ချောင်ပြည်နယ်၏ မြို့တော်တံခါးကို ရောက်ရှိသည့်အချိန်တွင် မြို့ကို ဝန်းရံထားခဲ့သည့် စစ်သည်အရေအတွက်က တစ်သောင်း နီးပါးမျှ ကျန်သေး၏။
ချောင်ပြည်နယ်၏ မြို့တော်ကို ဖန်းတူဟု ခေါ်၏။ ချောင်ပြည်နယ်၏ အကြီးမားဆုံးမြို့လည်း ဖြစ်၏။ မြို့၏ အရွယ်အစားက ထျန်းရွှဲ့မြို့နှင့် နှိုင်းယှဉ်နိုင်ပြီး အရှေ့တိုင်းလောက၏ အခိုင်မာဆုံးသော မြို့ကြီးများထဲမှ တစ်ခု ဖြစ်ကြောင်း သေချာသည်။
မြို့က လူဦးရေ တစ်သိန်းကျော် နေထိုင်ပြီး ထိုမြို့တွင် မင်းနေပြည်တော်၊ အတွင်းမြို့တော်နှင့် အပြင် မြို့တော်ဟူ၍ ရှိ၏။ အပြင်မြို့တော်ကို အကြိမ်ပေါင်းများစွာ တိုးချဲ့ခဲ့ပြီး မြို့ရိုးကလည်း မိုင်ပေါင်း ၅၀ ကျော် ရှည်လျား၏။ မြေပြင်ပေါ်တွင် ဝပ်သွားလျက် ရှိနေသည့် ဧရာမ နဂါးတစ်ကောင်ဟုပင် ထင်မှတ်ရ၏။
ထိုမျှ ကြီးမားသည့် မြို့ကြီး၏ရှေ့တွင် ရှမ့်လန်နှင့် နင်ကျန်းတို့၏ စစ်သည်က ကိုးထောင် ငါးရာမျှသာ ဖြစ်၏။ တကယ့်ကို သေးငယ်ပြီး အရေးမပါခဲ့သလိုပင်။ ထိုပြင် ချောင်ပြည်နယ်၏ မင်းမြို့တော် မြို့ရိုးက ငါးထပ်တိုက် အမြင့်နှင့် ညီမျှသည့် ၁၅ မီတာ၊ ပေ ၅၀ ခန့်ထိ မြင့်မား၏။ ဤမျှ ခိုင်ခံ့သည့် မြို့ကြီးကို စစ်သည် တစ်သောင်းပင် မပြည့်သည့် အင်အားဖြင့် တိုက်ခိုက်မည် ဆိုခြင်းက ရယ်မောချင်စရာပင်။
ချောင်မြို့တွင် စစ်သည် မည်မျှ ရှိသနည်း။ မြို့စောင့်တပ် နှစ်သောင်းနှင့် နန်းတွင်းကိုယ်ရံတော်တပ် တစ်သောင်း၊ စုစုပေါင်း သုံးသောင်း ရှိ၏။ ဤမျှ စစ်သည်နည်းပါးခြင်းက ရွှဲ့ပြည်နယ်၏ မြို့တော်ထက်တော့ အနည်းငယ်သာ ပိုမိုကာ သာလွန်လျက် ရှိ၏။ ထိုးစစ်အတွက် ချောင်ပြည်နယ်၏ အိမ်ရှေ့စံမင်းသား ပါသွားခဲ့၏။ နန်းတွင်း၌ အတွင်းဝန်ချုပ်ရုံး စစ်ရေးဗျူရိုနှင့် နန်းတော်ကို အုပ်ချုပ်မည့် မိဖုရားကြီးသာ ကျန်ရစ်ခဲ့၏။
..........
“စိတ်ကို အေးအေးထားပါ မိဖုရားကြီး။ ပတ်ဝန်းကျင်က မြို့ကြီးတွေ၊ ခရိုင်တွေက စစ်သည်တွေက အမြန်ဆုံးနှုန်းနဲ့ ချီတက်လာနေပါပြီ။ မနက်ဖြန်လောက် အစောဆုံး ရောက်ရှိလာပါလိမ့်မယ်။ ချောင် နန်းမြို့တော်က ခိုင်ခံ့လွန်းပါတယ်။ စစ်သည် တစ်သိန်းမရှိဘဲနဲ့ တိုက်ခိုက်ဖို့ဆိုတာ စဉ်းတောင်စဉ်းစားလို့ရတဲ့ အရာ မဟုတ်ပါဘူး။”
ချောင်မိဖုရားကြီးက ယခုနှစ်တွင် အသက် ၅၀ ကျော် ရှိ၏။ သူမက အလှအပကို ထိန်းသိမ်းထားခဲ့သောကြောင့် ဆွဲဆောင်မှု တချို့တော့ ကျန်ရှိနေသေးသည်။
“ရွှဲ့ပြည်နယ်ဘက်က ဘယ်သူတွေ ဦးဆောင်လာခဲ့တာလဲ။” မိဖုရားကြီးက မေးလိုက်၏။
“နင်ကျန်း၊ ရှမ့်လန်ပါ။”
“ရှမ့်လန် ဟုတ်လား။” မိဖုရားကြီး မျက်လုံးထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်သွား၏။ ယခင် နယ်စပ် အမဲလိုက်ပွဲတွင် ဤလူကြောင့်ပင် ချောင်ပြည်နယ်က အားလုံးလိုလို၏ လှောင်ပြောင်စရာ ဖြစ်ခဲ့သည်။
“သူတို့တပ်သားတွေက အတောင်ပံပေါက်နေလို့ ချောင်ပြည်နယ်ဆီကို ပျံသန်းလာခဲ့တာလား။”
“သူတို့က ချင်နိုင်ငံကနေ ထောင်ပေါင်းများစွာရှိတဲ့ နှင်းတောင်တွေကို ဖြတ်ကျော်ပြီး ရောက်ရှိလာတာပဲ။”
ထိုစကားကိုကြားချိန်မှာတော့ ချောင်မိဖုရားကြီးက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ နှင်းတောင်ကို ဘယ်စစ်တပ်ကမှ မကျော်ဖြတ်နိုင်ဘူး။ အတိတ်တုန်းကလည်း မရှိသလို အနာဂတ်မှာလည်း ကျော်ဖြတ် လာနိုင်မှာ မဟုတ်ဘူး။”
အားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ နှင်းတောင်ကို မကျော်ဖြတ်နိုင်လျှင် တကယ်ပဲ ပျံသန်းလာခဲ့သည်လား။
ချောင်မိဖုရားကြီးက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “သူတို့ ဘယ်လိုပဲ လာလာ အရေးမကြီးဘူး။ အဓိကက ဘယ်လိုသေဆုံးမလဲ ဆိုတာပဲ။ စစ်ဖက်ဌာနလူတွေ နန်းမြို့တော်မှာ ဘယ်လောက်များများ ရှိသေးလဲ။”
“မြို့စောင့်တပ်နှစ်သောင်းနဲ့ နန်းတွင်းကိုယ်ရံတော်တပ်က တစ်သောင်းလောက် ရှိပါတယ်။ ဒါ့အပြင် မြို့တော်ထဲမှာရှိနေတဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ စုပေါင်းလိုက်မယ်ဆိုရင် အားလုံးပေါင်း တစ်သောင်းလောက် ထပ်မံ ရရှိနိုင်ပါသေးတယ်။” ချောင်ပြည်နယ်၏ ကာကွယ်ရေးတပ်မှုး လျန်ကျင့်က ပြော၏။
ချောင်မိဖုရားကြီးက မေးသည်။ “လေးသောင်း... ဒီထက် မပိုနိုင်ဘူးလား။”
ချောင်ပြည်နယ်၏ နန်းတွင်းအမှုထမ်း တစ်ဦးက လှမ်းကာ ပြော၏။ “မြို့ထဲမှာ လုံခြုံရေးအဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေ အများကြီး ရှိနေပါသေးတယ်။ သူတို့ကို စစ်မှုထမ်းအဖြစ် ခန့်အပ်လိုက်မယ်ဆိုရင် နောက်ထပ် တစ်သောင်း နှစ်သောင်းလောက် ထပ်ပြီး စုစည်းနိုင်ပါလိမ့်မယ်။”
မိဖုရားကြီးက ပြောလိုက်သည်။ “ကောင်းပြီ မြန်မြန်လုပ်တော့။ ဒီအချိန်မှာ နှမြောတွန့်တိုနေလို့ မဖြစ်တော့ဘူး။”
ချောင်ပြည်နယ်ရဲ့ စစ်ရေးဗျူရို အဖွဲ့ဝင် ကာကွယ်ရေးတပ်မှုး လျန်ကျင့်က ကန့်ကွက်စရာ တချို့ ရှိ၏။ စစ်တပ် ဆိုသည်က အရေအတွက်ထက် အရည်အသွေးက ပိုမို၍ အရေးကြီးမား၏။ သို့သော်ငြား သူက အဖွဲ့ဝင် တစ်ယောက် အနေနှင့် အာဏာ သိပ်မရှိချေ။ အိမ်ရှေ့စံမင်းသားကသာ စစ်ရေးဗျူရို၏ အကြီးအကဲ အစစ်အမှန် ဖြစ်၏။
အပိုင်း (၆၉၂)
ထို့အပြင် ယခု ရောက်ရှိလာခဲ့သည့် အရာရှိများကလည်း အခြေအနေကို ပိုမို ကြီးမားအောင် လုပ်နေသလို ခံစားရ၏။
ရှမ့်လန်၌ စစ်သည် တစ်သောင်းပင် မပြည့်ချေ။ ဝန်းရံလာခဲ့သည့် တိုက်ခိုက်ရေး ကိရိယာများလည်း မရှိချေ။ ခရီးရှည်ထွက်လာခဲ့ပြီး ပင်ပန်းနွမ်းနယ် နေကြပြီ ဖြစ်၏။ ချောင်မြို့တော်ကဲ့သို့ ခိုင်ခံ့သည့် မြို့ကို တိုက်ခိုက်ခြင်း ဆိုသည်မှာ သေတွင်းထဲသို့ ခုန်ချခြင်းနှင့် ခြားနားလိမ့်မည် မဟုတ်ဟု သူက ယူဆ၏။ နန်းမြို့တော်ကို ကာကွယ်ရန် စစ်သည် လေးသောင်းဆိုသည်က မလုံလောက်ပေဘူးလား။
“ဆက်ပြီး စုဆောင်းထားကြ။ ပတ်ဝန်းကျင် မြို့ကြီး၊ ခရိုင်အသီးသီးက စစ်သည်အင်အား အားလုံးကို ရွှေ့လျားစေခဲ့။ ရှမ့်လန်နဲ့ နင်ကျန်းတို့ရဲ့ တပ်တွေကို ပြန်ပြီး ဝိုင်းထားဖို့ အမိန့်ပေးလိုက်။ သူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ရမယ်။ တစ်ယောက်မှ ရွှဲ့ပြည်နယ်ကို အသက်ရှင်လျက် မပြန်စေရဘူး။ ချောင်မြို့တော်ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ဝံ့တဲ့ သူတိုင်းက ဘယ်လို ကြောက်စရာကောင်းအောင် သေမလဲဆိုတာ သိစေရမယ်။”
“အမိန့်တော် အတိုင်းပါပဲ။”
.........
ရှမ့်လန်နှင့် စစ်သည်ပေါင်း ကိုးထောင်ငါးရာတို့က ချောင်မြို့တော်ကို ရောက်ရှိလာသော်လည်း ချက်ချင်း တိုက်ခိုက်ခြင်း မပြုကြချေ။ သူတို့က အေးအေးဆေးဆေး အနားယူပြီး မိုးလင်းချိန်ထိ စောင့်ဆိုင်းနေသည်။
ဤအချိန်မှာတော့ ချောင်မြို့တော်တွင် စစ်သည်စုဆောင်းခြင်း လုပ်ငန်းက အရှိန်အဟုန် ကောင်းကောင်းနှင့် ဆောင်ရွက်လျက် ရှိ၏။ တော်ဝင်မျိုးနွယ်များ၏ လက်နက်ကိုင်တပ်များကိုလည်း စစ်တပ်အဖြစ် စုစည်း၏။ နန်းမြို့တော်ရှိ လူရမ်းကားများ၊ လူဆိုးဂိုဏ်းဝင်များနှင့် ဆိုးသွမ်းသူများကိုလည်း စစ်သည်များအဖြစ် စုစည်း၏။ ဂိုဏ်းဂဏစုံများနှင့် လုံခြုံရေးအဖွဲ့ဝင်များကလည်း ခဏအတွင်း စစ်အရာရှိများ ဖြစ်လာခဲ့ကြ၏။
ချောင်မြို့တော်တစ်ခုလုံးက စိတ်ဓာတ်မြင့်မားနေသည်ဟု ဆိုနိုင်၏။ ကနဦး ထိတ်လန့် တုန်လှုပ်ပြီးနောက်မှာတော့ ချောင်မြို့တော်ရှိ လူတိုင်းက ဒေါသထွက်လာကြ၏။ ရွှဲ့ပြည်နယ်က လူများက တကယ့်ကို မာနကြီးလွန်း၏။ စစ်သည်တစ်သောင်းပင် မပြည့်ဘဲ လာရောက်ကာ တိုက်ခိုက်ဝံ့၏။ ဤအရာက ရူးသွပ်မှုတစ်ခုဖြစ်ပြီး ပေါက်ပန်းလေးဆယ် လုပ်ရပ်သာပင်။
ပြီးနောက် တိုင်းသူပြည်သားများကလည်း စစ်မှုထမ်းရန် စာရင်းသွင်းကြ၏။ နာရီအနည်းငယ်အတွင်း စစ်သည် နှစ်သောင်းကျော် စုစည်းနိုင်ခဲ့၏။ တကယ့်ကို မကြုံစဖူး ဂုဏ်ယူဝင့်ကြွားစွာ လာရောက် စစ်မှုထမ်းကြခြင်းပင် ဖြစ်၏။ တိုင်းပြည်၏ အကျိုး ဂုဏ်သိက္ခာကို လူတိုင်းက ကာကွယ်ရပေလိမ့်မည်။ ယခု မိဖုရားကြီး ကိုယ်တိုင်က သူတို့ကို ဖိတ်ခေါ်ခဲ့၏။ သူတို့က လူရမ်းကားများ ဖြစ်ကြသော်လည်း ချောင်နန်းမြို့တော်ကိုတော့ ချစ်မြတ်နိုး၏။
“ကဲ... အားလုံး စွမ်းဆောင်ရည်ကောင်းကောင်း ထုတ်ဖော်ကြမယ်။ နင်ကျန်းနဲ့ ရှမ့်လန်တို့ သတ်ကြမယ်။ ရွှဲ့ပြည်နယ်က ခွေးတွေ အားလုံးကို အရေခွံခွာပြီး သူတို့ရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်။”
ချောင်ဘုရင်မင်းမြတ်က ရှေ့တန်းတွင် စစ်တိုက်နေပြီး သူတို့က နောက်တန်းတွင် နန်းမြို့တော်ကို ကာကွယ် ရသည်မှာ ဂုဏ်ယူစရာ ဖြစ်၏။ ချက်ချင်းပဲ မိဖုရားကြီး၊ စစ်ရေးဗျူရိုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်တို့က ပူးတွဲ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့၏။
ရွှဲ့ပြည်နယ်သား စစ်သည်တစ်ဦး၏ခေါင်းကို ဖြတ်နိုင်သူက ရွှေဒင်္ဂါး ၂၀ ဆုရပေမည်။ ရှမ့်လန်၏ ခေါင်းကို ဖြတ်နိုင်သူက ရွှေဒင်္ဂါး တစ်သောင်း။ နင်ကျန်း၏ခေါင်းကို ဖြတ်နိုင်သူက ရွှေဒင်္ဂါးငါးထောင်။ ဤဆုကြေးကို ကြားသည်နှင့် ချောင်မြို့တော်တစ်ခုလုံးက ပွက်လောရိုက်သွားသည်။
ဤမျှ ကြီးမားလွန်းသည့် ဆုလာဘ် ဖြစ်၏။ သူတို့ ချမ်းသာပြီတော့မည်။ ရွှေဒင်္ဂါး ၂၀ ဆိုလျှင် အိမ်တစ်လုံးလောက် ဆောက်၍ မိန်းမတစ်ယောက်ကိုပင် ယူနိုင်၏။ စားသောက် ပျော်ပါးရန် သုံးမည် ဆိုလျှင်တောင် နှစ်ပေါင်းများစွာ သုံးနိုင်၏။ သို့သော်ငြား နင်ကျန်းက ရွှဲ့ပြည်နယ်၏ သားတော်တစ်ယောက် ဖြစ်သော်လည်း ရွှေဒင်္ဂါး ငါးထောင်သာ တန်ဖိုးရှိပြီး ရှမ့်လန်လို သာမန် သမက်တော် တစ်ယောက်က အဘယ်ကြောင့် ရွှေဒင်္ဂါး တစ်သောင်း တန်ဖိုးရှိနေရသနည်း။
“ချမ်းသာပြီဟေ့။ ချမ်းသာပြီပဲ။ အဲဒီ မင်းသားလို ချောပါတယ်ဆိုတဲ့ ရှမ့်လန်ကို သတ်နိုင်ရင် ဒီဘဝ ငါတို့အားလုံးက စားမကုန် သောက်မကုန်နဲ့ စည်းစိမ်ခံစားရတော့မှာပဲ။”
“ရှမ့်လန်ရဲ့ အသားကို ပိုက်ဆံနဲ့ လဲလို့တောင် ရမလား မသိဘူး။”
“အင်း..ရှမ့်လန်ရဲ့ လိင်အင်္ဂါကို ပိုက်ဆံနဲ့ လဲလို့ကော ရမလား။”
“ကဲ လူကြီးမင်းတို့... အဲဒီ ရှမ့်လန်ဆိုတဲ့ကောင်က ကျုပ်တို့ ချောင်ပြည်နယ်ကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ရဲတယ်ဆိုတော့ ချောင်ပြည်နယ်ကို အထင်သေးတာနဲ့ တူတူပဲ။ ကျုပ် အကြံပြုချင်တာက ရှမ့်လန်ရဲ့ တပ်သားအားလုံးကို သတ်ပြီးတဲ့နောက်မှာ သူတို့ရဲ့လိင်အင်္ဂါတွေ အကုန်လုံးကိုဖြတ်ပြီး ရွှဲ့ဘုရင်မင်းမြတ်ဆီကို ပို့လိုက်ကြအောင်။ သူ့ဘာသာ ချက်စားချင်လည်း စားပေါ့။”
“ကောင်းပြီ။ ကောင်းပြီ။ ရှမ့်လန်ရဲ့ လိင်အင်္ဂါကို ကျင်းမူလန်ဆီကို ပို့ရမလား။ အာယုနာနာဆီ ပို့ရမလား။”
“ဒီအကျိုးမပေးတဲ့ လိင်အင်္ဂါကို ကျင်းမူလန်ဆီကို ပို့၊ ဥတွေကိုတော့ အာယုနာနာနဲ့ ဟို မိန်းမယုတ် နင်ယန်ဆီ ပို့လိုက်ကွာ။”
လူရမ်းကားများက ရိုင်းစိုင်းသောစကားများနှင့် ပြည့်နေသော်လည်း သူတို့၏ စိတ်ခွန်အားများကတော့ တကယ့်ကို မြင့်မားလျက် ရှိနေ၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ချောင်မြို့တော်ရှိ စစ်သည် အရေအတွက် ကလည်း တိုးလာ၏။
လေးသောင်း ....၊
ငါးသောင်း .... ၊
ခြောက်သောင်း .....၊
ခုနစ်သောင်း။
ချောင်ဘုရင်မင်းမြတ်က ရှေ့တန်းတွင် အောင်ပွဲချီလျက်ရှိ၏။ ရွှဲ့ပြည်နယ်ကို ဖျက်ဆီးလုနီးပါး ဖြစ်နေ၏။ ချောင်မြို့တော်သူ၊ မြို့တော်သားများက ဂုဏ်ယူဝင့်ကြွားနေခဲ့ကြပြီး ဂုဏ်သိက္ခာ ရှီသည့် ခံစားချက်များလည်း ပြည့်နှက်နေ၏။
ရှမ့်လန်က စစ်သည် ကိုးထောင်ကျော်ကိုသာ ခေါ်ဆောင်လာ၏။ ဤအရာက အလကား လာရောက်ကာ အသက် အသေခံခြင်းနှင့် ဘာထူးမည်နည်း။ ဒေါသထွက်ခဲ့ပြီးနောက် ချောင်ပြည်နယ်သားများက အန္တရာယ်ကို မစိုးရိမ်တော့ဘဲ ချမ်းသာကြွယ်ဝစေရန် အခွင့်အရေးကောင်းကြီး ရှေ့သို့ ရောက်ရှိလာသည်ဟု သတ်မှတ်လိုက်ကြ တော့သည်။
.....................
ခြောက်နာရီကျော် အနားယူပြီးသည့်နောက် မိုးလင်းလာ၏။ ရှမ့်လန်နှင့် စစ်သည်ပေါင်း ကိုးထောင်ငါးရာတို့က စတင် စုဝေးလာခဲ့ကြ၏။ ကောင်းကင်က ကြည့်မည်ဆိုလျှင် စစ်တပ်ကြီး ငါးခုကျော် ချီတက်လာသည်ကို မြင်ရမှာ ဖြစ်၏။ ထိုတပ်များက ပတ်ဝန်းကျင်ခရိုင်အသီးသီးမှ အကူအညီတပ်များ ဖြစ်၏။ သေချာသည်က ထိုထပ်များတွင် စစ်သည် အကျော်အမော် မရှိသလောက် နည်းပါး၏။ အားလုံးက ဒေသခံ စစ်သည်များသာပင်။
သူက မြို့ရိုးကို မော့ကြည့်လိုက်၏။ မြို့ကိုကာကွယ်နေသည့် စစ်သည် အရေအတွက်က အပြည့်အကျပ် ဖြစ်ပြီး မရေမတွက်နိုင်အောင် များပြား၏။ သူတို့၏ သံချပ်ကာနှင့် လက်နက်များက စံနှုန်းအတိုင်းပင် ဖြစ်သော်လည်း စစ်ပုံစံ ဖွဲ့စည်းမှုမှာတော့ မကောင်းချေ။ သို့သော်ငြား စစ်သည်တိုင်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်တက်နေ၏။ သူတို့က ရှမ့်လန်၏ တပ်ကို လူများအဖြစ်ပင် မမြင်ဘဲ ရွှေများအဖြစ်သို့ပင် မြင်နေ၏။
ရှမ့်လန်က သေချာ ကြည့်ရှု၏။ မြို့ထဲတွင် စစ်သည် ဤမျှလောက် များနေသည်လား။ ခြောက်သောင်း ခုနစ်သောင်း။ မူလက သုံးသောင်းသာ မဟုတ်ပါလား။ တစ်ညတည်းနှင့် ချောင်မြို့တော်၏ စစ်သည် အရေအတွက်က နှစ်ဆကျော် တိုးလာခဲ့သည်။
“ရှမ့်လန် ဘယ်မှာလဲ။ နင်ကျန်း ဘယ်မှာလဲ။”
ရှမ့်လန်က ဂရုမစိုက်ချေ။ နင်ကျန်းက ရှေ့ကို တက်ပြီး ဦးညွှတ်လိုက်၏။ “နင်ကျန်းက ကာကွယ်ရေးတပ်မှုးကို ဂါရဝပြုပါတယ်။”
“နင်ကျန်း... မင်းရဲ့ ဒီလုပ်ရပ်ကတော့ တကယ့်ကို အံ့အားသင့်စရာပဲ။” လျန်ကျင့်က အေးစက်စက်ဖြင့် ပြောသည်။
နင်ကျန်းက ပြောလိုက်၏။ “နိုင်ငံနှစ်ခု စစ်ဖြစ်တဲ့အချိန်မှာ အရပ်သားတွေကို မသတ်သရွေ့ ဘာမှ အံ့ဩစရာ မရှိပါဘူး။”
လျန်ကျင့်က ရယ်မောကာ ပြောလိုက်သည်။ “စစ်သည် တစ်သောင်းတောင် မပြည့်ဘဲနဲ့ ချောင်မြို့တော်ကို တိုက်ခိုက်ချင်တာလား။ ရယ်စရာပဲ။ မင်းက ရွှဲ့ဘုရင်ရဲ့သားဖြစ်တာကြောင့် မင်းကို မျက်နှာသာ ပေးမယ်မထင်နဲ့။ မင်းလုပ်ခဲ့တာက ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ဒီနေ့ မင်းတို့အားလုံးကို အမြစ်မဖြတ်နိုင်ရင် လောကမှာရှိနေတဲ့ လူအားလုံးက ငါတို့ ချောင်ပြည်နယ်ကို အားနည်းပြီး အသုံးမကျဘူးလို့ ရယ်သွမ်း သွေးတော့မှာပေါ့။”
“နင်ကျန်း၊ ရှမ့်လန်... ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်ကိုမသတ်နိုင်ရင် ငါ လျန်ကျင့်က ဒီဓားလိုပဲ ဖြစ်ပါစေ”
ပြီးသည့်နောက်မှာတော့ ချောင်ပြည်နယ်မှ ကာကွယ်ရေးတပ်မှုး လန်ကျင့်က သူကိုင်ဆောင်ထားသည့် ဓားကို ရုတ်တရက် ရိုက်ချိုးလိုက်၏။
“မြို့ကို တိုက်ကြစမ်း။” နင်ကျန်းက မည်သည့်စကားကိုမှ မပြောဘဲ အမိန့်ပေးလိုက်သည်။
“ဒုန်း... ဒုန်း။
စစ်ဗုံသံများ ထွက်ပေါ်လာ၏။ ဒုတိယ နိဗ္ဗာန တပ်သားများက ရှေ့သို့ တိုးလာ၏။ သဲကန္တာရ လူရိုင်း လေးသမား တပ်များကလည်း ရှေ့သို့ တိုးလာ၏။
စုစုပေါင်း စစ်သည် ၇၅၀၀ ကျော်က စည်းစနစ်ကျကျနှင့် ချီတက်လာ၏။ သူတို့က ချောင်မြို့တော်၏ မြို့ရိုးအနီးသို့ ရောက်ရှိလာ၏။ မြို့ရိုးက တကယ့်ကို မြင့်မားသောကြောင့် မျက်စိပင် စူးလောက်သည်။
မီတာ ၂၀၀၊ မီတာ ၁၅၀ ...။
“ရပ်...၊ မြားလွှတ်၊ ပစ်ကြတော့”
“ရွှီး... ရွှီး...”
လေးသမား ၇၅၀၀ တို့က မြားများကို ဆက်တိုက်ပစ်ခတ်၏။ မြားမိုးများက မြို့ရိုးပေါ်သို့ တဖွဲဖွဲနှင့်ကျ၏။
ချောင်မြို့တော်မှစစ်သည်များက စိတ်မပူကြချေ။ ဤမျှအကွာအဝေးကို အောက်မှလှမ်းပစ်သည်ဆိုတော့ မြားများက အဘယ်သို့ အားရှိမည်နည်း။
ထိုအချိန်မှာတော့ မြားမိုးများက ပေါက်ကွဲထွက်သွား၏။ ပြီးနောက် သွေးများ စင်ကုန်၏။ မြို့ရိုးပေါ်တွင် ရှိနေသည့် လူရာပေါင်းများစွာတို့က မြေပြင်ပေါ်သို့ ပြုတ်ကျကြ၏။
ချောင်ပြည်နယ်သားများက ထိတ်လန့်သွား၏။ ဤလူများက မည်ကဲ့သို့သော လေးသမားများ ဖြစ်သနည်း။ ဤမျှ ဝေးကွားသည့်နေရာမှ ပစ်ခတ်နိုင်သည်လား။ အဘယ်ကြောင့် ဤကဲ့သို့ သေစေနိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားရသနည်း။
ဤစစ်သည်များက သဲကန္တာရ လူရိုင်းစစ်သည်များလောက် သတ္တိ မရှိကြချေ။ ရှမ့်လန်၏တပ်မှ မြားမိုး၏ စွမ်းအားကို ခံစားပြီးသည့်နောက် အားလုံးတို့က မြို့ရိုးနံရံကို ကပ်မှီကာဖြင့် မိမိကိုယ်ကိုယ် မသေအောင် ကြိုးစား ကာကွယ်နေကြ၏။ သူတို့က ထိခိုက်ဒဏ်ရာရမှု အရေအတွက်ကို ဤသို့ လျော့ကျစေခဲ့သည်။
သို့သော်ငြား မြားမိုးများက ကောင်းကင်ပေါ်မှ တိုက်ရိုက် ပစ်ချနိုင်၏။ ချောင်မြို့တော်၏ မြို့ရိုးထက်ရှိ စစ်သည် အရေအတွက်က အလွန် များပြားသည်။ မြားမိုးများ ကျဆင်းလာသည် နှင့်အမျှ ထိခိုက်ဒဏ်ရာ ရရှိမှုက ပိုမိုကာ များပြားလာ၏။
ဘုတ် ဘုတ်...
ခဏအကြာမှာတော့ ချောင်မြို့တော်ရိုးရှိ လောက်လွှဲစက်များက သူတို့၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော် ပြသ၏။ ချောင်မြို့တော်တစ်ခုလုံး၏ ကာကွယ်ရေးအတွက် အသုံးပြုသည့် ကျောက်လောက်လွှဲ ပစ်စက်ကြီးက ၆၀ ကျော် ရှိ၏။ သို့သော်ငြား မြို့ရိုး၏ ဤဘက်ခြမ်းတွင် ၁၅ လုံးသာရှိပြီး အားလုံးကလည်း တပ်ဆင် ပြီးသားဖြစ်၏။ နေရာရွှေ့ပြောင်းရန် မလွယ်ချေ။ ပြဿနာက ဤမြို့ရိုးက အလွန့်ကို ရှည်လျား လွန်းနေခြင်းပင်။ ရှမ့်လန်၏ တပ်ကို မှန်အောင်ပစ်နိုင်သည့် လောက်လွှဲစက်ဆိုသည်က ၁၀ လုံးပင် မပြည့်ပေ။
အသံကျယ်ကြီးများက ဆက်တိုက် ထွက်ပေါ်လျက် ရှိ၏။ ကျောက်လွှဲစက်ကြီးများက ရှမ့်လန်၏ တပ်ကို ပစ်ခတ်၏။ ကျယ်လောင်သည့် အသံများက ထွက်ပေါ်လာ၏။ မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းကြီးများလည်း ပေါ်လာ၏။ သို့သော်ငြား ရလဒ်ကတော့ သုညပင်။
ပထမဦးဆုံးအနေဖြင့် ကျောက်လောက်လွှဲစက်က ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်လျှင်ပင် အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။ မူလန်က လေးကို ဆွဲပြီး မြားတပ်၏။ သူမက ထိုကျောက်လွှဲစက် တစ်ခုဆီရာဆီသို့ ဦးတည်ကာ ပစ်၏။
ရွှီ...
မီတာ ၂၀၀ ကျော် ရှည်လျားသည့် ဧရာမ မြားကြီးပင်။ ဤအရာက ရှမ့်လန် အထူးပြုလုပ်ထားသည့် မြား ဖြစ်သည်။
“ဘုန်း...”
မူလန်က ဧရာမ မြားကြီးဖြင့် ကျောက်လွှဲစက်၏ လက်တံကို တိုက်ရိုက်ပစ်လိုက်သည်။ လက်တံအတွင်းသို့ လက်မအနည်းငယ်ခန့် ဖောက်ဝင်သွား၏။ သေချာသည်က ဤစက်ကြီးကို အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ချေ။
ပြီးနောက် နောက်တစ်စက္ကန့်မှာပဲ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့၏။ လောက်လွှဲစက်ကြီး၏ လက်တံက ကျိုးကြေသွားခဲ့၏။ ထို့အတူ ထိုကျောက်လွှဲစက်ကြီး၏ အပေါ်ပိုင်းကလည်း လွင့်စင်သွားခဲ့၏။ ပတ်ဝန်းကျင်ရှိ ချောင်စစ်သည်များက အသားစာများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူတို့က ပိကာ သေဆုံး၏။
မူလန်က အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို စတင် ပြသခဲ့၏။ သူမက ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းမှ ထိုကျောက်လွှဲစက်အားလုံးကို ပစ်ခတ်ခဲ့၏။ ဟုတ်ပေ၏။ ဤဧရာမမြားတွင် ယမ်းမှုန့် ထည့်ထား၏။ ထို့ကြောင့် သစ်သားအပိုင်းအစဆီသို့ ရောက်ရှိလျှင် ပေါက်ကွဲရန် လုံလောက်သည်ထက်ပင် ပိုလျှံလို့ နေသည်။
ချောင်မြို့ရိုးပေါ်ရှိ ကျောက်လွှဲပစ်စက် ဆယ်လုံးကျောက် ပစ်ခတ်ခံလိုက်ရ၏။ ပြီးနောက် မူလန်က လေးကို မြားတပ်ပြီး လက်ရှိ ဦးဆောင်နေခဲ့သည့် ကာကွယ်ရေးတပ်မှုးလန်ကျင့်ကို လှမ်းကာ ချိန်ရွယ်၏။ ဆိုင်ယာနိုက် အဆိပ်ပါသည့် မြားနှင့် လှမ်းကာ ပစ်ခြင်းပင်။ အနည်းငယ်လောက် ခြစ်မိရုံနှင့် သေဆုံးမည် ဖြစ်၏။
“ရွှီ..” မူလန်၏ မြားက လျှပ်စီးပမာပင် ပျံထွက်လာခဲ့သည်။
“ကဲ... ကောင်းပြီ။” ကာကွယ်ရေးတပ်မှုး လန်ကျင့်က သူ၏ ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်၏။ မူလန်ပစ်လိုက်သည့် မြားက တိုက်ရိုက် ဘေးတစ်ဖက်ဆီသို့ လွင့်စင်သွားခဲ့၏။ လန်ကျင့်က အသက် ၇၀ နီးပါး ဖြစ်သော်လည်း ဤမျှအထိ အားကောင်းနေသေးသည်လား။
လန်ကျင့်ကလည်း အံ့အားသင့်သွား၏။ ဤအမျိုးသမီးက မည်သူဖြစ်သနည်း။ လေးပစ်စွမ်းရည်က အဘယ်ကြောင့် ဤမျှ အံ့အားသင့်စရာ ကောင်းနေရသနည်း။ မြားကို ကာထုတ်လိုက်သည် ဆိုသော်လည်း လန်ကျင့်၏ လက်မောင်းတစ်ခုလုံးက ထုံကျင်သွားသလို ခံစားရ၏။
“ရွှီ... ရွှီ...”
ဒုတိယ နိဗ္ဗာနတပ်နှင့် သဲကန္တာရ လူရိုင်း လေးသမားများက အရူးအမူးနှင့် ဆက်လက်ပစ်ခတ်လျက် ရှိနေကြ၏။ ကျောက်လွှဲစက်များ၏ အန္တရာယ်မရှိတော့သောကြောင့် တာ့နန်တပ်က မြို့ရိုးနှင့် မီတာ ၁၀၀ အတွင်းသို့ ရောက်ရှိလာ၏။ တကယ်ကို အံ့အားသင့်စရာပင်။ မြို့ရိုးပေါ်ရှိ ထောင်ပေါင်းများစွာသော စစ်သည်တော်တွေက ခေါင်းပင်မဖော်နိုင်ဘဲ မြားများဖြင့် ဖိနှိပ်ခြင်းကို ခံထားရသည်။
“ပြန်တိုက်ကြ... ပစ်... ပစ်။”
ချောင်စစ်သည်တို့၏ တပ်မှုးများက အော်ဟစ်၏။ သို့သော်ငြား အသုံးမဝင်ချေ။ ဤအကွာအဝေးက ချောင် လေးသမားများ ပစ်နိုင်သည့် အကွာအဝေးထက် ကျော်လွန်နေသေး၏။ ချောင်တပ်၏မြားများက ဘာတစ်ခုမှ အသုံးမဝင်ချေ။ ခဏအတွင်း မြားသိန်းပေါင်းများစွာတို့က မြေပြင်ပေါ်သို့ စိုက်ဝင်နေခဲ့၏။
ပြီးနောက် အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့၏။ ရှမ့်လန်၏ ပထမ နိဗ္ဗာန်တပ်က သူတို့၏ သန်မာလွန်းသည့် သံချပ်ကာများကို အားပြုပြီး ရှေ့ဆီသို့သွားကာ မြားများကို ပြန်လည် ကောက်ယူနေကြခြင်းပင်။
သူတို့၏ တပ်က ခရီးရှည်ကို ချီတက်လာရသောကြောင့် စစ်သည်တစ်ဦးလျှင် မြားအစင်း ၂၀၀ မှ ၃၀၀ ထိသာ သယ်ဆောင်နိုင်၏။ ကြာကြာပစ်ခတ်ပါက မြားကုန်သွားမှာ သေချာ၏။ ဤအချိန်အတွင်း မြားသိန်းပေါင်း များစွာတို့ကို ပြန်လည်ကာ ကောက်ယူခဲ့သည်။
ချောင်တပ်မှူးများက ဘာလုပ်ရမှန်းမသိပင် ဖြစ်သွား၏။ ဆက်လက်ပစ်ခတ်သင့်သည်လား၊ မပစ်ခတ်သင့် ဘူးလား။ ပစ်ခတ်မည်ဆိုလျှင် ဤအကွာအဝေးတွင် ပစ်မှတ်ကို မထိနိုင်ချေ။ မပစ်လျှင်လည်း သူတို့က အလုံးစုံ ဖိနှိပ်ခံရပေလိမ့်မည်။ စစ်သည်ထောင်ပေါင်းများစွာတို့က ဖိနှိပ်ခံထားရသည် ဆိုခြင်းမှာ အရှက်ရစရာပင်။
........................