အခန်း (၆၉၃-၆၉၄)
Vol. 44 Ch. 693-694
အပိုင်း (၆၉၃)
ကာကွယ်ရေးတပ်မှုးက သွေးပင် အန်လုမတတ် ဖြစ်နေ၏။ ဤမျှ မိုက်မဲသည့် စစ်တပ်မျိုးကို သူ တစ်ခါမှ မတိုက်ခဲ့ဘူးချေ။ သူက လူရမ်းကားများကို မြို့စောင့်တပ်ထဲတွင် စုဆောင်းထားခဲ့ခြင်းကို အမြဲတမ်း ကန့်ကွက်ခဲ့သူဖြစ်၏။ စစ်ပွဲနိုင်ခြင်းက အရေအတွက်ပေါ်တွင် မူတည်နေခြင်း မဟုတ်ချေ။ အရည်အသွေးပေါ်တွင် မူတည်ခြင်းဖြစ်၏။
မြို့စောင့်တပ် နှစ်သောင်းနှင့် နန်းတွင်း ကိုယ်ရံတော်တပ် တစ်သောင်းကိုသာ အားကိုးသင့်သည်ဟု သူထင်၏။ သို့သော်ငြား မိဖုရားကြီးက လူများကို စုဆောင်းရန် အတင်းအကျပ် ဖိအားပေး တောင်းဆိုခဲ့၏။ ယခုအချိန်မှာတော့ မြို့ရိုးထိပ်တွင် အလွန်တရာ ရှုပ်ထွေးလျက် ရှိနေသည်။ ထိခိုက်ဒဏ်ရာရရှိသည်နှင့် တပြိုင်နက် ဤလူများက ချက်ချင်းပဲ သရဲတစ္ဆေကဲ့သို့ အော်ဟစ် ငိုယိုလျက် ရှိနေ၏။ စည်းကမ်း လုံးဝမရှိကြချေ။
လျန်ကျင့်က အရပ်သားစစ်သည် အားလုံးကို အရံတပ်အဖြစ် မြို့ရိုးမှ ဆုတ်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်၏။ မြို့ရိုးပေါ်တွင် နန်းတွင်း ကိုယ်ရံတော်နှင့် မြို့စောင့်တပ်များကိုသာ ထားရှိ၏။ မျှော်လင့်ထားသည့်အတိုင်းပင် မြို့ရိုးထိပ်က တိတ်ဆိတ်ငြိမ်သက်သွား၏။ စစ်သည်ပေါင်း သုံးသောင်းကျော်တို့က ဒိုင်းများကို မြောက်ကာဖြင့် ကောင်းကင်ထက်မှ မြားမိုးများကို ပိတ်ဆို့ထား၏။ ဒဏ်ရာရရှိသူများက ချက်ချင်း လျော့ကျသွား၏။ အခြေအနေကို ထိန်းချုပ်သွားနိုင်ခဲ့သည်။
ကာကွယ်ရေးတပ်မှုး လျန်ကျင့်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။ “ရှမ့်လန်... မင်းက တကယ်ကို ကလေးဆန်တာပဲ။ မင်းရဲ့လေးတပ်က အရမ်းကို စွမ်းတယ်ဆိုပေမယ့် မြို့ကို တိုက်ခိုက်ချင်ရင် မြို့ရိုးပေါ်ကို တက်လာရအုံးမယ်။ မင်းတို့မှာ မြို့ရိုးပေါ်ကိုတက်တဲ့ လှေကားတွေတောင် မရှိဘူး။ မြို့ရိုးပေါ်ကို ဘယ်လိုတက်မလဲ ငါကြည့်ချင်သေးတယ်။”
သို့ပေမည့် ထိုအချိန်မှာတော့ အလွန်လေးလံသည့် သံချပ်ကာကို ဝတ်ဆင်ထားသည့် ဧရာမ လူကြီး တစ်ယောက် ပေါ်လာ၏။ သူ၏ ကျောပေါ်တွင် ဓားကြီးတစ်ချောင်းရှိနေပြီး သေတ္တာတစ်လုံးကို သယ်ဆောင်ကာ မြို့တံခါး ဆီသို့ ပြေးလာ၏။ ဤလူက အရူးကြီးပင်။
ချောင်တပ်မှူးက ရုတ်တရက် ထရပ်ကာ အော်ဟစ်လိုက်၏။ “မီးမြားတွေ သုံးပြီး ပစ်။”
မြားမိုးများစွာတို့က အရူးကြီးဆီသို့ ရောက်ရှိလာ၏။ သို့သော်ငြား အချည်းနှီးပင်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာက ကြောက်မက်ဖွယ်ရာ ကောင်းအောင် ထူထဲ၏။ မြားတစ်စင်းက အဘယ်သို့ ထွင်းဖောက် နိုင်မည်နည်း။ မကြာခင်မှာပဲ အရူးကြီးက မြို့တံခါးဆီသို့ ရောက်ရှိလာ၏။
“ကျောက်တုံးကြီးတွေကို ပစ်ချ... ပစ်ချကြ။”
အမိန့်ပေးသည်နှင့် ကျောက်တုံးကြီးများက အရူးကြီးဆီသို့ ပြုတ်ကျလာခဲ့၏။ သို့သော်ငြား အသုံးမဝင်ချေ။ ကီလိုဂရမ် ဆယ်ဂဏန်းလေးလောက်ရှိသည့် ကျောက်တုံးများ ထိမှန်သည် ဆိုသော်လည်း အရူးကြီးက ယိမ်းယိုင်သွားရုံလောက်သာ ရှိ၏။ အရူးကြီးကို တားဆီးနိုင်စွမ်း မရှိချေ။ သူ၏သံချပ်ကာက ကီလိုဂရမ် လေးငါးရာ အလေးချိန် ရှိ၏။ ကျောက်တုံးများက သူ့ကို ထိမှန်သည့်အချိန်တွင် ကျောက်တုံးများပင် လွင့်စင်သွားခဲ့သည်။
“ဆီပူတွေ ချတော့။” ချောင်စစ်သေနာပတိချုပ်က အမိန့်ပေး၏။
သို့နှင့် ချောင်ပြည်နယ်မှ သန်မာသည့် လူတချို့က ဆူပွက်လျက် ရှိနေသည့် ဆီအိုးများကို မပြီး လောင်းချရန် ပြင်ဆင်၏။ အရူးကြီးက အလွန် အစွမ်းထက်သော်လည်း ဆူပွက်လျက်ရှိနေသည့် ဆီကိုတော့ မတားဆီးနိုင်ပေ။
ထိုအချိန်မှာတော့ ကျင်းမူလန်နှင့် ဘုရင်မ ရှားမန်တို့က မြားများနှင့် ဆက်တိုက်ပစ်ခတ်၏။ သူတို့က မြို့ရိုးပေါ်ရှိ ဆီအိုးကို သယ်ဆောင်လာခဲ့သည့် ချောင်လူသန်ကြီးများဆီသို့ ဦးတည်ပစ်ခတ်၏။ သူတို့နှစ်ဦးက အလွန်တော်သည့် လေးသမားများ ဖြစ်၏။ တစ်ဦးကို မြားတစ်ချောင်းစီ ကိုင်ဆောင်ကာဖြင့် အားလုံးကို သုတ်သင်ရှင်းလင်း၏။
ထိုလူသန်ကြီးများက ပစ်သတ်ခံရပြီးနောက် ဆူပွက်နေသည့် ဆီအိုးများက မြို့ရိုးပေါ်တို့ပင် ပြုတ်ကျ၏။ ဆူပွက်နေသည့် ဆီများက ပတ်ဝန်းကျင်ရှိ ချောင်စစ်သည်များကို စင်ကာ ချက်ချင်းပင် အပူလောင်ကုန် ကြသည်။
“အား... အား...” မြို့ရိုးပေါ်ရှိ ချောင်စစ်သည်များက အော်ဟစ်ငိုယိုနေကြ၏။
အရူးကြီးက သူ၏ စွမ်းဆောင်ရည်ကို ပြသခဲ့၏။ ကီလိုဂရမ် ၂၀၀၊ ၃၀၀ အလေးချိန်ရှိသည့် ဓားကြီး တစ်ချောင်းကိုကိုင်ပြီး မြို့တံခါးကို ခုတ်ထစ်လျက် ရှိ၏။ ချောင်စစ်ဦးစီးချုပ်က ထိတ်လန့်တုန်လှုပ် သွားခဲ့၏။ ဤအရူးကောင် ဘာလုပ်နေသနည်း။ တံခါးတွင် အပေါက်ကြီးတစ်ခု ဖြစ်အောင် ခုတ်ထစ်ချင်နေသည်လား။ အိပ်မက်မက်နေခြင်းပင်။
မြို့တံခါးက ၆ လက်မ နီးပါးထူပြီး တစ်ဝက်က သံများ ဖြစ်၏။ အဘယ်သို့ ခုတ်နိုင်မည်နည်း။ တစ်နေ့တစ်ညလုံး ခုတ်တောင် ကျိုးပျက်လိမ့်မည် မဟုတ်ချေ။ ခဏကြာမှာပဲ မြို့တံခါးကြီး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် သစ်သားလွှာ အားလုံးက ပျက်စီးသွားခဲ့ပြီး အတွင်းရှိ သံများ ပေါ်လာ၏။
ပြီးနောက် အရူးကြီးက အိတ်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်ယူပြီး မြို့တံခါး၏ သံပြားပေါ်တွင် အသာကပ်၏။ ဤအရာက ရှမ့်လန်၏ လျှို့ဝှက်လက်နက်တစ်ခုပင် ဖြစ်၏။ ဤအရာက ယင်ယွမ်အဖွဲ့အစည်း၏ အဓိက အဆောက်အဦးကြီးကိုပင် အရည်ပျော်စေနိုင်သည့် အရာပင် ဖြစ်သည်။
အလျူမီနီယမ်မှုန့်နှင့် သံအောက်ဆိုက်မှုန့်တို့ကို အချိုးအစားတစ်ခုဖြင့် ရောစပ်ထားခြင်းပင်။ လက်လှမ်းမီနိုင်သော အရင်းအမြစ်များဖြင့် ထုတ်လုပ်ထားခဲ့သည့် အရာပင်။ ထို့အပြင် သူ၏ ထုတ်လုပ်မှု နည်းစနစ်က ရိုးရှင်းလွန်းလှ၏။
သို့သော်ငြား အလျူမီနီယမ်ဆိုသည်က တကယ့်ကို ရှားပါးသည့်အရာ ဖြစ်၏။ လွန်လွန်ကဲကဲကို ရှားပါး၏။ ဟုတ်ပေ၏။ ထိုအရာက ကမ္ဘာ့မြေလွှာထဲတွင် အမှန်တကယ်ပင် တည်ရှိနေ၏။ သို့သော်ငြား အားလုံးက အလျူမီနီယမ်ဆီလီကိတ် သတ္တုရိုင်းပုံစံမျိုးနှင့်သာ ရှိ၏။ ရှမ့်လန်၏ လက်ရှိသတ္တုသန့်စင်မှု အခြေခံဖြင့် သန့်စင်သည့် အလျူမီနီယမ်ကို ထုတ်ယူဖို့ဆိုသည်က တကယ့်ပင် ခက်ခဲလွန်းလှချေသည်။
အလျူမီနီယမ် ထုတ်ယူခြင်းက တော်တော်လေး ရိုးရှင်း၏။ သို့သော်ငြား ကျင်းချန်းကျွန်းမှ တစ်နှစ်တာ ထုတ်လုပ်မှုက ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် နည်းပါးနေဆဲပင်။ သူက မူလန်အတွက် သံချပ်ကာ ဝတ်စုံနှစ်ခုကို ပြုလုပ်ပေးခဲ့ပြီး ပိုသည့်အရာများဖြင့် ဤဖျက်ဆီးနိုင်စွမ်းရှိသည့်အရာကို ဖန်တီးခဲ့၏။
ဤအချိန်မှာတော့ အရူးကြီးက မြို့တံခါးကြီးကို မီးရှို့ပြီး ချက်ချင်းလှည့်ကာ ပြေးထွက်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ဤအရာမှာ ကြောက်မက်ဖွယ်ရာကောင်းကြောင်းနှင့် သံချပ်ကာကိုပင်လျှင် ဖောက်ထွင်းနိုင်ကြောင်း ပြောဆိုထားသည်။
မျက်စိတစ်မှိတ်အတွင်း အရူးကြီးက ၁၀ မီတာ အကွာအဝေးဆီသို့ ပြေးထွက်သွား၏။ ခဏအတွင်း မီးစွဲသည့် ကိရိယာက လောင်ကျွမ်းသွား၏။
ပြီးနောက် “ဝုန်း” ...
ထိုအရာက ပေါက်ကွဲမှုနှင့် မတူချေ။ ကျယ်လောင်သည့်အသံလည်း မထွက်ပေ။ သို့သော်ငြား ထွက်ပေါ်လာခဲ့သည့် အလင်းရောင်က နေမင်းထက်ပင် ပိုမိုကာ စူးရှ၏။ အဖြူရောင်မီးလျှံက ရုတ်တရက် ပွင့်ထွက်၏။ ထိုအရာက ၂၅၀၀ ဒီဂရီ ဆဲလ်စီးရပ် အပူချိန်ကို ထုတ်လွှတ်သည်။
ရုတ်တရက် ထူထဲသည့် မြို့တံခါးကြီးတွင် အပေါက်ကြီးတစ်ခုအဖြစ် ကျွမ်းလောင်သွားခဲ့၏။ မြို့တံခါးကြီး နောက်ဘက်ရှိ မြို့စောင့်တပ်သားများက အလုံးစုံ အံ့အားသင့်သွား၏။ ဤအရာက ဘာဖြစ်သနည်း။ ဤမျှ ထူထဲသည့် မြို့ရိုးတံခါးကိုပင် ကျွမ်းလောင်အောင် လုပ်ခဲ့၏။
အရူးကြီးက နောက်တစ်ကြိမ် ပြန်၍ ပြေးလာပြန်၏။ သူက မြို့တံခါးကြီးကို ရိုက်ချလိုက်၏။ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့ပြီး မြို့ရိုးတံခါးကြီးက တုန်ခါနေ၏။ သို့ပေမည့် ချက်ချင်း မပွင့်သေးချေ။ အရူးကြီးက နောက်ထပ် သာမိုက်တစ်ခုကို ထုတ်ကာ ကပ်ပြန်၏။ ပြီးနောက် မီးရှို့ကာ ပြန်ပြေးသည်။
“မီးငြိမ်းကြ... မီးငြိမ်းကြ။ မြို့တံခါးအတွင်းရှိ မြို့စောင့်တပ်မှူးက ရှေ့ကိုလှမ်းတက်ကာ မီးဆွဲစေသည့်အရာကို ငြိမ်းသတ်ရန် ကြိုးစား၏။ သို့သော်ငြား နောက်တစ်စက္ကန့်အတွင်းမှာပဲ မီးလျှံက ထပ်မံပွင့်ထွက်လာပြန်၏။ ချောင်ပြည်နယ်မှ တပ်မှူး၏ခန္ဓာကိုယ်က ချက်ချင်း မီးလောင်ကျွမ်းသွား၏။ တစ်ချိန်တည်းမှာပဲ မြို့တံခါးကြီးကလည်း အနီရောင်အလင်းတန်းများ တောက်ပကာဖြင့် သံရည်ပူများအဖြစ် စီးကျလာခဲ့၏။
အရူးကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ကျား...” သူ၏ခန္ဓာကိုယ်ကို အရှိန်မြှင့်တင်လိုက်၏။ သူက တင့်ကားကြီးတစ်စီးကဲ့သို့ပင် ရှေ့သို့ အလျင်မြန် ဝင်ရောက်သွား၏။ ခန္ဓာကိုယ်နှင့် မြို့တံခါးနှင့် ဝင်တိုက်၏။ ပြီးနောက် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။ ချောင်ပြည်နယ်၏မြို့တော် မြို့တံခါးကြီးက ပွင့်သွားခဲ့၏။ ထူထဲလွန်းသည့် သံတံခါးကြီးက အရည်ပျော်သွားခဲ့ပြီ ဖြစ်လေရာ အရူးကြီး၏ အားကို မည်သူ ခံနိုင်ရည် ရှိတော့မည်နည်း။
ချောင်စစ်သည်များက လုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့၏။ ဖျက်ဆီး၍မရနိုင်သည့် မြို့တံခါးကြီးက ဤကဲ့သို့ ပွင့်သွားခဲ့သည်လား။
‘ကောင်းကင်ဘုံ... ဘာတွေဖြစ်နေတာလဲ။ ငါတို့ရှေ့က မြင်ကွင်းကို ငါတို့ဘာလို့ နားမလည်နိုင်သလို ဖြစ်နေရတာလဲ။’
ပြီးနောက် အရူးကြီးက သူ၏ဓားကြီးကို ဆွဲကိုင်ပြီး မြို့တံခါးရှိ မြို့စောင့်စစ်သည် ရာပေါင်းများစွာထဲသို့ တစ်ယောက်တည်း ပြေးဝင်ကာဖြင့် တိုက်ခိုက်တော့၏။ အရူးကြီး၏ ရှေ့တွင် ရပ်နေသည့် စစ်သည်အားလုံးတို့သည် တစ်ခုတည်းသော အဆုံးသတ်သာ ကြုံရ၏။ ထိုအရာက သံချပ်ကာ ဝတ်ထားသည် ဆိုလျှင်တောင်မှ နှစ်ပိုင်းပိုင်းဖြတ်ခံရခြင်းပင်။ သူတို့အားလုံးက ခန္ဓာကိုယ်အစုံအလင်မရှိဘဲ သေဆုံးသွားခဲ့ကြ၏။
“ဘုန်း...”
အရူးကြီးက ဓားကို ရုတ်တရက် ရိုက်ချ၏။ ချောင်စစ်သည် တစ်ဒါဇင်ကျော်တို့က ကောင်းကင်ယံဆီသို့ တိုက်ရိုက်လွင့်စင်သွားခဲ့၏။ အရူးကြီးက အရာအားလုံးကို ဝင်ရောက်ကာ ဖျက်ဆီးတော့သည်။
စစ်မြေပြင်တွင် အရူးကြီးက အလွန်အင်အားကြီးမားလွန်းသူ တစ်ယောက်ဖြစ်၏။ ဓားဘုရင် လီချင်းချိုးပင်လျှင် အရူးကြီးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတစ်ယောက်တည်းကပင်လျှင် ရာပေါင်းများစွာသော စစ်သည်များကို သတ်ဖြတ်နေ၏။
ပြီးနောက် နာကျည်းမှုက အော်ဟစ်သည်။ “ပထမ နိဗ္ဗာနတပ် မြို့ထဲဝင်မယ်။”
ပထမ နိဗ္ဗာနတပ်မှ စစ်သည်နှစ်ထောင်တို့က မြို့ထဲသို့ ဝင်ရောက်၏။ သူတို့၏ သံချပ်ကာများက ယခင်ကာလကဲ့သို့ မလေးလံသော်လည်း ကီလိုဂရမ် ၄၀ မှ ၅၀ အထိ အလေးချိန် ရှိသေး၏။ လက်ထဲရှိ ဓားကြီးများကလည်း ယခင်လို မလေးလံသော်လည်း ကီလိုဂရမ် ၄၀ အလေးချိန်ရှိ၏။ အလုံးစုံသော သံမဏိဖြင့် ပြုလုပ်ထား၏။
“ဒုန်း... ဒုန်း...”
ပထမ နိဗ္ဗာနတပ်မှ စစ်သည်နှစ်ထောင်တို့က ချောင်ပြည်နယ်၏ မြို့တော်ထဲသို့ လှမ်းကာ ဝင်ကြသည်။
ကာကွယ်ရေးတပ်မှုးလျန်ကျင့်၏ မျက်လုံးများက ပြူးထွက်လုမတတ်ပင်။ သူ သရဲကို မြင်တွေ့နေရသည်လား။ မြို့တံခါးကို ဤကဲ့သို့ပင် ဖောက်ထွင်းခံလိုက်ရသည်လား။ ရှမ့်လန်က ဤကိစ္စတွင် မည်ကဲ့သို့သော နည်းစနစ်မျိုးကို သုံးခဲ့သနည်း။ သို့သော်ငြား အံ့အားသင့်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရန်သူက မြို့ထဲသို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။
သူက ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ရွှဲတပ်သားကို သတ်ကြ။ အားလုံး ပိတ်ပြီး သတ်ကြတော့။”
သူ၏အမိန့်ကို လိုက်နာပြီး ချောင်ပြည်နယ်မှ စစ်သည်အများအပြားက အရူးကြီးနှင့် ပထမနိဗ္ဗာနတပ်ဆီ ပြေးဝင် တိုက်ခိုက်၏။
မြို့ထဲတွင် တိုက်ဆိုင်မှု အကြောင်းအရာ တစ်ခုရှိ၏။ ဤမြို့တံခါးကို ရွှမ်ဝူဂိတ်တံခါးဟု ခေါ်ဆိုပြီး အတွင်းလမ်းကြီးကို ရွှမ်ဝူလမ်းမကြီးဟု ခေါ်၏။ လမ်းက ၁၀ မီတာခန့် ကျယ်ဝန်းပြီး ပထမနိဗ္ဗာန စစ်သည် နှစ်ထောင်တို့အား ပြည့်ပြည့်စုံစုံနှင့် စစ်ပုံစံဖွဲ့စည်းရန် ခွင့်ပြုထားသကဲ့သို့ပင်။
ချောင်ပြည်နယ်၏တပ်များက လှိုင်းလုံးအတိုင်းပင် ရှေ့သို့ တိုက်ခိုက်၏။ သို့သော်ငြား အနီးကပ် တိုက်ပွဲတွင် ပထမ နိဗ္ဗာနတပ်တော်ကို မည်သူမျှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ချက်ခုတ် နှစ်ပိုင်းပြတ် ဆိုသည့် နည်းစနစ်အတိုင်းပင် အရာအားလုံးကို ခုတ်ပိုင်းတော့၏။ သူတို့က သတ်ဖြတ်သည့် လူသတ်စက်ကြီးများကဲ့သို့ပင် ဝင်ဝင်သမျှ အရာအားလုံးကို သတ်ဖြတ်တော့၏။ မြို့တံခါးမှစစ်ပွဲက တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်၏။ ပထမ နိဗ္ဗာနတပ်က မြို့ထဲရှိ ကာကွယ်ရေးနေရာများကို ဝင်ရောက်ကာ ဖျက်ဆီး၏။
“ဒုတိယ နိဗ္ဗာနတပ် မြို့ထဲဝင်၊ တတိယ နိဗ္ဗာနတပ် မြို့ထဲဝင်”
ခဏအကြာမှာတော့ ဒုတိယနိဗ္ဗာနတပ်မှ စစ်သည်သုံးထောင်နီးပါးနှင့် ဘုရင်မရှားမန်၏ သဲကန္တာရ လူရိုင်း လေးသည်တော်တပ်မှ စစ်သည်လေးထောင်ကျော်တို့က မြို့ထဲ ရောက်ရှိလာခဲ့ကြသည်။
“ပုံစံပြောင်းကြတော့။” နိဗ္ဗာနတပ်သားနှစ်ထောင်တို့က ပုံစံပြောင်းလဲ၏။ သူတို့က စစ်ချီသည့်နေရာတွင် ပါးစပ် ပုံစံကဲ့သို့သော အဖွင့်ပုံစံမျိုး ပြောင်းလဲကာ ရှေ့သို့ လှမ်းတက်၏။ ဒုတိယနိဗ္ဗာနတပ်နှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်မှ နတ်ဘုရား လေးသည်တော် စုစုပေါင်း ခုနစ်ထောင်ကျော်တို့က ကြီးမားသည့် ပါးစပ်ပုံစံထဲသို့ ဝင်ရောက်ကြ၏။ အနီးကပ်တိုက်ခိုက်မှုတွင် သံချပ်ကာ ပြည့်စုံသည့် ပထမနိဗ္ဗာနတပ်က မြို့ရိုးတံခါးကဲ့သို့ပင် ကြံ့ကြံ့ခံ ပေးထား၏။
လေးသမားများက မြားမိုးများဖြင့် အလုံးစုံ ကြဲချတော့၏။ ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုပင်။ ရွှမ်ဝူလမ်းမကြီးကလည်း အလွန်ကျယ်ဝန်းသောကြောင့် တကယ့်ကို ပထမတန်းစား သားသတ်ရုံကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထို့အပြင် သူတို့က မြေပြင်နိမ့်ဆီမှ အပေါ်သို့လှမ်းကာ ပစ်ခတ်ရခြင်း မဟုတ်ဘဲ မြေပြင်ညီ ပစ်ခတ်ရခြင်း ဖြစ်၏။ ထို့ကြောင့် ပိုမိုကာ အစွမ်းပြနိုင်ကြသည်။
နောက်ပိုင်းမှာတော့ ချောင်ပြည်နယ်တပ်များက အရှေ့ဆီသို့ မကပ်ရဲကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဒုတိယနိဗ္ဗာနတပ်နှင့် သဲကန္တာရ လူရိုင်းမြို့နယ်မှ နတ်ဘုရားလေးသည်တော်များက တကယ့်ကို အံ့အားသင့်စရာ ကောင်းသည့် လက်စွမ်းလက်စကို ထုတ်ဖော်ပြသနေသောကြောင့်ပင်။
အားလုံးက တစ်ဖက်သတ် သတ်ဖြတ်ပွဲပင် ဖြစ်၏။ နိဗ္ဗာနတပ်သားများက လှိုင်းလုံးများအတိုင်း ရှေ့ဆီသို့ လှိမ့်ဝင်လာခဲ့ကြပြီး မြားများက အားလုံးသောသူတို့၏ အသက်များကို နှုတ်ယူနေ၏။
ချောင်ပြည်နယ်မှ နန်းတွင်းကိုယ်ရံတော်များက ရဲရင့်၏။ တပ်မှူး၏ အမိန့်သံကို နာခံကာ သေရမည် မကြောက်ဘဲ ရှေ့သို့တိုး၏။ သို့သော်ငြား မြားမိုးများနှင့် ရင်ဆိုင်ရချိန်မှာတော့ အကုန်လုံး သေဆုံးကုန်၏။ နန်းတွင်းကိုယ်ရံတော်တပ် တစ်သောင်းနီးပါးလောက်တွင် သုံးပုံတစ်ပုံလောက်က သုတ်သင် ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
မြို့စောင့်တပ်သားများက ရှေ့တန်းတပ်သားများ မဟုတ်ကြချေ။ သို့ပေမည့် ချောင်ပြည်နယ်၏စစ်သည်များ ဖြစ်ပြီး မည်သည့်စစ်သည်များဆို နန်းမြို့တော်ကို ကာကွယ်ရမည်ဆိုသည့် တာဝန်တည်ရှိနေ၏။ ထို့ကြောင့် ချောင်ပြည်နယ်၏ မြို့စောင့်တပ်သားများက စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သေး၏။ သုံးပုံတစ်ပုံ သေဆုံးသွားသည့် အချိန်မှာသာလျှင် အားလုံး လူစုကွဲကာ ထွက်ပြေးကြ၏။
ကြွယ်ဝသည့်မိသားစုများ၊ ချမ်းသာသည့် မိသားစုများမှ ကျွန်များကတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်၏။ စွမ်းဆောင်ရည်ကောင်းကို ပြသရန် တက်ကြွလျက်ရှိနေသည့် လူမိုက်ဂိုဏ်းခေါင်းဆောင်များ နှင့် သိုင်းသမားအားလုံးတို့ကလည်း လမ်းကြိုလမ်းကြားထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်ကုန်ကြသည်။
၄ နာရီပြည့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြီးမှာတော့ ချောင်ပြည်နယ်၏ တပ်ကမြေပြိုသကဲ့သို့ပင် ပြိုလဲကာ ကျရှုံး ခဲ့၏။ နှစ်သောင်းကျော် သေဆုံးခဲ့ပြီး ကျန်ရှိသည့် ထောင်ဂဏန်းကလည်း ထွက်ပြေး၏။ လျန်ကျင့်က ကျန်ရှိနေသည့် အစွမ်းထက် စစ်သည်များကို ဦးဆောင်ကာ နန်းမြို့တော်၏ အတွင်းမြို့ဆီသို့ ဆုတ်ခွာ၏။
၂ နာရီကြာပြီးနောက် ချောင်မြို့တော်၏ အတွင်းမြို့ကလည်း ကျရှုံးသွားခဲ့၏။ လျန်ကျင့်က ကျန်ရှိနေသည့် စစ်သည်များကို ဦးဆောင်ကာ နန်းတော်ထဲသို့ ဆုတ်ခွာပြီး နောက်ဆုံးခုခံမှု ပြုလုပ်ရန် ရည်ရွယ်၏။ သူက ရှမ့်လန်ကို အနိုင်ရရန် မရည်ရွယ်တော့ဘဲ အကူအညီတပ်များ ရောက်ရှိသည်အထိ ဤနေရာတွင် ခုခံထားရန် ရည်ရွယ်သည်။
အများဆုံး ၂ ရက်၊ ၃ ရက်အတွင်း စစ်သည်ထောင်ပေါင်းများစွာတို့က နန်းမြို့တော်သို့ ရောက်ရှိလာပေမည်။ ရှမ့်လန်တွင် စစ်သည်ထောင်ဂဏန်းမျှသာ ရှိ၏။ ရန်သူ၏နယ်မြေဗဟိုချက်တွင် အချိန်ကြာကြာ အခြေချ ထားနိုင်လိမ့်မည် မဟုတ်ချေ။
နန်းတော်တွင် ကျယ်ဝန်းသည့် ခန်းမကြီးများနှင့် ရင်ပြင်များ ရှိသော်လည်း ကျဉ်းမြောင်းသည့် လမ်းသွယ်များနှင့် ပြည့်နှက်နေသည့် လမ်းချိုးများလည်း ရှိ၏။ ရှမ့်လန်၏တပ်က တိုက်ခိုက်ရန် ခက်ခဲလာ ပေလိမ့်မည်။
ပထမနိဗ္ဗာနတပ်၏ ဓားများက တကယ့်ကို ရှည်လျားပြီး ကျယ်ကျယ်ဝန်းဝန်း လွှဲကာ တိုက်ခိုက်ရသည် ဖြစ်သောကြောင့် နန်းတော်၏အတွင်းတွင် အသုံးပြုရန် ခက်ခဲ၏။ လေးသမားများကလည်း ထိုကဲ့သို့သော နေရာမျိုးတွင် ပစ်ခတ်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ရှမ့်လန်၏တပ်က ချောင်ပြည်နယ်၏ နန်းတွင်းနှင့် ရင်းနှီးသည် မဟုတ်ချေ။ ချောင်ပြည်နယ်၏ ကာကွယ်ရေးတပ်မှုး လျန်ကျင့်က နန်းတော်အတွင်း ကောင်းမွန်သည့် တန်ပြန် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ထား၏။
အပိုင်း (၆၉၄)
ရှမ့်လန်နှင့် နင်ကျန်းတို့က နန်းတော်၏တံခါးဝတွင် ရပ်နေကြ၏။ အရူးကြီးက ကြီးမားလွန်းသည့် တံခွန်တိုင်ကြီးတစ်ခုကို ရုတ်တရက် ပွေ့ဖက်လိုက်၏။ မူလန်နှင့် ရှမ့်လန်တို့က တံခွန်တိုင်ထိပ်သို့ တက်ကာ နန်းတော်တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှု၏။
မဖြစ်နိုင်ချေ။ အိမ်များက တကယ့်ကို ကျပ်ကျပ်သည်းသည်းနှင့် တည်ရှိနေ၏။ ချောင်တပ်များက ခိုးကြောင်ခိုးဝှက်နှင့် ရုတ်တရက် ထွက်ပေါ်ကာ တိုက်ခိုက်ရန် အခွင့်အရေးကို ရရှိစေနိုင်လိမ့်မည်။ သဲကန္တာရ လူရိုင်း လေးသမားများက ကျဉ်းမြောင်းသည့်နေရာထဲတွင် အနီးကပ် တိုက်ခိုက်မှုကို ကျွမ်းကျင်သောကြောင့် အဆင်ပြေသေး၏။ သို့ပေမည့် ပထမနှင့် ဒုတိယ နိဗ္ဗာနတပ်များကတော့ ရရှိလိမ့်မည် မဟုတ်ချေ။ နန်းတော်ထဲသို့ ဝင်ရောက်သည်နှင့် တကယ့်ကို ထိခိုက်ဒဏ်ရာ ရရှိမှာ သေချာသည်။
ထိုသို့ဆိုလျှင် ဘာလုပ်သင့်သနည်း။ ချောင်နန်းတော်ကို သိမ်းပိုက်ပြီးလျှင် စစ်ပွဲကို အောင်နိုင်ပြီးသား ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်က ကြီးမားသည့် စွန့်စားမှုကို မလုပ်ချင်ပေ။ ပထမနှင့် ဒုတိယ နိဗ္ဗာန တပ်သားများက အဖိုးတန်၏။ သုံးပုံတစ်ပုံ သေဆုံးသွားလျှင်တောင် သူ၏ နှလုံးသားတစ်ခုလုံး ကွဲအက်မှာ သေချာ၏။
ဘုရင်မရှားမန်၏ အဓိပ္ပာယ်ကတော့ ရှင်းလင်း၏။ သူမ၏ သဲကန္တာရ လူရိုင်းတပ်များက နန်းတွင်းထဲသို့ ဦးဆောင် ဝင်ရောက် တိုက်ခိုက်ရန် ဆန္ဒရှိ၏။ သို့သော်ငြား ပထမနှင့် ဒုတိယ နိဗ္ဗာနတပ်များကလည်း တိုက်ခိုက်ရ ပေလိမ့်မည်။ သူမ၏ သဲကန္တာရလူရိုင်းစစ်သည်များက ရှေ့တန်းမှ တိုက်ခိုက်သည့်အချိန်တွင် ရှမ့်လန်၏ တပ်များက အပြင်ဘက်၌ စောင့်ကာ ထိုင်ကြည့်နေ၍တော့ မဖြစ်နိုင်ချေ။
မိနစ်အနည်းငယ် တုန့်ဆိုင်းပြီးသည့်နောက် ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ချောင်နန်းတော်ကို မီးရှို့လိုက်တော့။”
ထိုစကားကိုကြားချိန်မှာတော့ နင်ကျန်းက အံ့အားသင့်သွား၏။ မူလန်ကလည်း အံ့ဩသွား၏။ ဓားဘုရင် လီချင်းချိုးမှာတော့ ထိတ်လန့်သွားမိ၏။
ဤအရာက လောကကြီးတစ်ခုလုံးကို ဆန့်ကျင်သည့် ရာဇဝတ်မှုကြီး ဖြစ်၏။ ချောင်ဘုရင်က ချောင်ပြည်နယ်ကို အုပ်စိုးသည်သာမက တော်ဝင်ရန်အင်ပါယာ၏ အသိအမှတ်ပြု ဘုရင်လည်း ဖြစ်၏။ ချောင်နန်းတော်ကို မီးရှို့လျှင် လောကကြီးတစ်ခုလုံး တုန်လှုပ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ပထမနှင့် ဒုတိယ နိဗ္ဗာနစစ်သည်တွေကို ထိခိုက်ဒဏ်ရာ မရစေချင်ဘူးဆိုတာ သေချာတယ်။ ဒါက နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ စစ်ပွဲပဲ။ ထမင်းစားပွဲတစ်ခု မဟုတ်ဘူး။ ကျုပ် ချောင်ပြည်သားတွေကို သတ်ဖြတ်မှာ မဟုတ်ဘူး။ ချောင်နန်းတွင်းကိုပဲ မီးရှို့မှာ ဘာများမှားနေလို့လဲ။”
နင်ကျန်းက ရှမ့်လန်ကို လှမ်းကြည့်လိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ ဒီအမိန့်ကို ကျုပ် ပေးမယ်။”
ပြီးနောက် နင်ကျန်းက အော်ဟစ်လိုက်သည်။ “ချောင်မိဖုရားကြီး၊ အတွင်းဝန်၊ စစ်ဦးစီးချုပ် လျန်ကျင့်... နားထောင်ကြ။ ကျုပ် နင်ကျန်းက အားလုံးကို လက်နက်ချဖို့ အမိန့်ပေးမယ်။ မဟုတ်ရင် ချောင်နန်းတော် တစ်ခုလုံးကို မီးရှို့ပစ်မယ်။”
ဤစကားကိုကြားသည်နှင့် ချောင်ပြည်နယ်သားများက ထိတ်လန့်သွား၏။ နင်ကျန်း ရူးနေသည်လား။ ချောင်နန်းတော်ကို မီးရှို့ပစ်မည်ဟုတ်လား။ အရှေ့ပိုင်းလောကတစ်ခုလုံးကို ဒေါသထွက်စေမည့် ကိစ္စဖြစ်၏။ ချောင်နှင့် ရွှဲက ရန်သူများ ဖြစ်သော်လည်း နှစ်ခုလုံးက တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံများ ဖြစ်၏။ တစ်နည်းအားဖြင့် သူတို့က ညီအစ်ကိုများပင်။
“လက်နက်မချနဲ့။ နင်ကျန်းက နန်းတော်ကို မီးရှို့မှာ မဟုတ်ဘူး။ သေချာတယ်။ မီးရှို့ရင် တလောကလုံးက ဘုရင်တွေကို ဒေါသထွက်စေလိမ့်မယ်။”
နင်ကျန်းက အမွှေးတိုင်တစ်တိုင်ကို မီးညှိလိုက်၏။ အမွှေးတိုင်ကျွမ်းလောင်ပြီးနောက် ချောင်မိဖုရားကြီးနှင့် ကျန်သည့်သူများသာ လက်နက်မချပါက သူက နန်းတော်ကို ချက်ချင်း မီးရှို့ပစ်ပေလိမ့်မည်။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် အမွှေးတိုင်က မီးလောင်ကျွမ်းသွား၏။ နန်းတော်အတွင်းရှိ အစောင့်တပ်များက လက်နက်ချရန် ငြင်းဆန်ကြ၏။
နင်ကျန်းက အမိန့်ပေးလိုက်သည်။ “ချောင်နန်းတွင်းကို မီးရှို့တော့။”
ခဏအကြာမှာတော့ မီးလျှံများက ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ချောင်နန်းတော် တစ်ခုလုံးက မီးတောက်လောင်သွား၏။ ကောင်းကင်ယံ တစ်ခုလုံးက အနီရောင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့၏။
ချောင်မြို့တော်သူ၊ မြို့တော်သားများက ဤမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ ငိုကြွေးကြ၏။ ထွက်ပြေးလာခဲ့သည့် လူမိုက်ဂိုဏ်းဝင်များနှင့် သူရဲကောင်းများက ထပ်မံ ပြေးထွက်လာ၏။ ရှမ့်လန်ကို ပြန်လှည့်ကာ ဝိုင်းပိတ်လိုက်ကြ၏။
သို့ပေမည့် သတ္တိကို အားကိုးခြင်းကလည်း အချည်းနှီး ဖြစ်၏။ တစ်ဖက်သက် သတ်ဖြတ်ပွဲကြီးသာ ဖြစ်သည်။ လူတစ်သောင်းကျော် သတ်ဖြတ်ခံရပြီးနောက် ချောင်တပ်ကြီးက ထပ်မံ ထွက်ပြေးသွားခဲ့၏။ ချောင်နန်းတော်မှ မီးက ပြင်းထန်စွာ ပျံ့နှံ့လျက် ရှိနေပြီး မျက်စိတစ်မှိတ်အတွင်း နန်းတော်၏ တစ်ဝက်လောက်ကို လောင်ကျွမ်း သွားခဲ့သည်။
နန်းတော်၏ အတွင်းပိုင်းက ငရဲဘုံကဲ့သို့ပင်။ နန်းတော်ထဲရှိ လူတိုင်းက တစ်ဦးပြီးတစ်ဦး ထွက်ပြေးကုန်ကြ၏။ တချို့ကမြေပြင်ပေါ်တွင် ဒူးထောက်ကာ လက်နက်ချ၏။ ဤအချိန်မှာတော့ ချောင်မြို့တော်က အလုံးစုံ ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
“မိဖုရားကြီး ဘယ်မှာလဲ။ ကာကွယ်ရေးတပ်မှုးလျန်ကျင့်က ဘယ်မှာလဲ။ ချောင်ဘုရင်ရဲ့ သားတွေက ဘယ်မှာလဲ။ ချောင်ဘုရင်ရဲ့ ကိုယ်လုပ်တော်တွေကလည်း ဘယ်မှာလဲ။”
ရှမ့်လန်၏ တပ်က နန်းတော်၏ တံခါးအနည်းငယ်ကို ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။
နန်းတော်၏ အပြင်ဘက် ရင်ပြင်၌ လူတစ်သောင်းမျှ စနစ်တကျနှင့် ဒူးထောက်နေ၏။ ထိုလူအုပ်ထဲမှ အများစုက နန်းတွင်းအစေခံများနှင့် မိန်းမစိုးများ ဖြစ်ပြီး တချို့ကတော့ နန်းတော်ဆီသို့ ခိုလှုံလာခဲ့ကြသည့် စစ်သည်များ ဖြစ်၏။ သို့သော်ငြား အရေးပါသူအားလုံးကတော့ ပျောက်ဆုံးနေ၏။ အဓိက မိန်းမစိုးများကိုပင် ရှာမတွေ့ခဲ့ချေ။ သူတို့က နန်းတော်ထဲမှ ထွက်ပြေးသွားခဲ့ကြသည်လား။ သို့မဟုတ် နန်းတော်၏ လျှို့ဝှက် မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေကြသည်လား။
“ဘယ်သူ ကျုပ်ကို ဖြေပေးမလဲ။” ရှမ့်လန်က အသံကျယ်ကျယ်နှင့် မေးမြန်းလိုက်၏။
ဒူးထောက်လျက် ရှိနေသည့် နန်းတွင်းမှ အစေခံများနှင့် မိန်းမစိုးများက တုန်ယင်နေခဲ့ကြပြီး စစ်သည်များကတော့ အံကိုကြိတ်ကာ ကြည့်နေ၏။ သူတို့က မြေပြင်ကိုသာ စိုက်ကြည့်နေ၏။ သူတို့၏ မျက်လုံးထဲတွင် နက်ရှိုင်းသည့် အမုန်းတရားများကလည်း ပြည့်နှက်နေသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “မိဖုရားကြီး ဘယ်မှာလဲ။ လျန်ကျင့် ဆိုတာ ဘယ်မှာလဲ။ ဘယ်သူပြောနိုင်မလဲ။”
မည်သူမှ ဆက်လက်ကာ မဖြေကြချေ။
“သတ်ချင်ရင်လည်း သတ်လိုက်ပါ။ ပြောစရာ ဘာမှမရှိဘူး။” ရုတ်တရက် အသံတစ်သံက ဟိန်းထွက်လာသည်။
“ရွှီ”
စကားပင် မဆုံးသေးချေ။ မြားတစ်စင်းက ထိုသူ၏ ခေါင်းကိုထိုးဖောက်သွားခဲ့၏။ ရှမ့်လန်၏အကြည့်များက နန်းတွင်းအစေခံများနှင့် မိန်းမစိုးများပေါ်သို့ ရောက်ရှိသွားပြန်၏။ အဘယ်ကြောင့်ဆိုသော် ချောင်ဘုရင်၏ ကိုယ်လုပ်တော်များက နန်းတွင်းအစေခံများအဖြစ် ဝတ်စားထားနိုင်ပြီး ချောင်ဘုရင်၏ သားတော်များကလည်း မိန်းမစိုးများအဖြစ် ဝတ်ဆင်ထားနိုင်သောကြောင့်ပင်။
“ဒီလူ၊ ဒီလူ ပြီးတော့ ဒီလူ” ရှမ့်လန်က လူအုပ်ထဲသို့ လက်ညှိုးညွှန်၏။ နိဗ္ဗာနစစ်သည်များက လူအုပ်ထဲသို့ ဝင်ရောက်ပြီး တစ်ယောက်ပြီး တစ်ယောက်ကို ဖမ်းဆီးခေါ်ထုတ်လာခဲ့၏။
“ဘာလုပ်တာလဲ။ ဘာလုပ်တာလဲ။ ကျွန်မတို့က သာမန် နန်းတွင်းအစေခံတွေပါ။” လှပသည့် အမျိုးသမီးက အော်ဟစ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “နန်းတွင်းအစေခံတွေက ဘယ်လိုဖြစ်ပြီးတော့ ဒီလိုနူးညံ့တဲ့ အသားအရေ ရှိနေတာလဲ။ မုန့်နှစ်လို စိုပြည်နေတာပဲ။ ပြီးတော့ နန်းတွင်းအစေခံတွေက ဘယ်လိုလုပ် ကျောက်မျက်ရတနာတွေနဲ့ ပုလဲတွေကို ဆောင်ထားရတာလဲ။”
ဤအမျိုးသမီးများက ချောင်ဘုရင်၏ ကိုယ်လုပ်တော်များ သို့မဟုတ် ချောင်ဘုရင်၏ သမီးတော်များ ဖြစ်ကြ၏။
“ဒီကလေး ပြီးတော့ ဟိုကောင်၊ ဟိုကောင် အကုန်လုံးကို ဖမ်း”
ရှမ့်လန်၏ အမိန့်အတိုင်း မိန်းမစိုးငယ် ခြောက်ဦးကို ဆွဲထုတ်လာခဲ့၏။ မိန်းမစိုးများတွင် လိင်အင်္ဂါ ရှိနေသည်လား။ ထိုသူတို့က ချောင်ဘုရင်၏ သားတော်များ မဟုတ်လျှင် မည်သူများ ဖြစ်မည်နည်း။ ရှမ့်လန်၏ စူးရှသည့် အကြည့်အောက်မှာတော့ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကြား ရောနှောနေသည့် မှူးမတ်များ အားလုံးက ဆွဲထုတ်ခံလိုက်ရ၏။ သို့သော်ငြား အဓိကပုဂ္ဂိုလ်များ မရှိသေးချေ။
“ပြော မိဖုရားကြီးက ထွက်ပြေးသွားတာလား။” ရှမ့်လန်က ကိုယ်လုပ်တော်တစ်ဦး၏ ရှေ့၌ ထိုင်ချကာဖြင့် မေးမြန်းလိုက်သည်။
အမျိုးသမီးက ခေါင်းကို ခါယမ်းလိုက်၏။ “မသိပါဘူး။ ကျွန်မ မသိပါဘူး။ တကယ်မသိတာပါ။” သူမက အမှန်တကယ် မသိခြင်း ဖြစ်၏။
ဤတစ်ကြိမ်မှာတော့ ရှမ့်လန်က နန်းမြို့တော်ကို သိမ်းပိုက်ရုံသာမကချေ။ ပိုမို၍ အရေးကြီးမားသည်က ချောင်မိဖုရားကြီးနှင့် ကျန်သူများကို ဖမ်းဆီးရန်ဖြစ်၏။ ဤနည်းအားဖြင့် သူက ဤလူစုကို ဓားစာခံအဖြစ် အသုံးပြုပြီး ချောင်ပြည်နယ်မှ အလွယ်တကူ ပြန်လည် ထွက်ခွာသွားနိုင်ပေမည်။
သူ၏တပ်က မိုင်ထောင်ချီသော ကြီးမားသည့် နှင်းတောင်ကို ဖြတ်၍ ပြန်ရန် မလိုအပ်တော့ပေ။ သို့သော်ငြား ပုံမှန်အတိုင်း ထွက်ခွာလိုလျှင် ချောင်တပ်၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရမှာ သေချာ၏။ ချောင်မြို့တော်ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့ပြီးဖြစ်ရာ သူတို့က မည်သည့်စစ်ပွဲကိုမှ ထပ်မံ တိုက်ခိုက်လိုခြင်း မရှိတော့ချေ။
ထို့ပြင် ချောင်ဘုရင်၏ မိသားစုကို ဖမ်းဆီးပြီး ဟိတ်ဟန်ဖြင့် ပြသသွားခြင်းဖြင့် ဤနိုင်ပွဲ၏ အကျိုး သက်ရောက်မှုကို အမြင့်ဆုံးဖြစ်အောင် ပြုလုပ်ဆောင်ရွက်ရပေလိမ့်မည်။
သူက လူများကို မေးမြန်းခဲ့သော်လည်း မည်သူကမှ မိဖုရားကြီး မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို မသိကြချေ။ ထို့ပြင် လိမ်ညာနေပုံလည်း မရပေ။
ချောင်မိဖုရားကြီးက ရက်စက်ပြီး လူချစ်လူခင် ပေါများလာသူ တစ်ယောက် မဟုတ်ပေ။ နန်းတွင်း၌ လူများစွာက သူမကို ကြောက်ရွံ့ကာ မုန်းတီးခဲ့ကြ၏။ ထို့ကြောင့် သူမ၏ သွားလာလှုပ်ရှားမှုတိုင်းကို လူတိုင်းနီးပါး မသိအောင် ဖုံးကွယ်ထား၏။
ရှမ့်လန်က သူ၏ X-Ray အမြင်ဖြင့် စစ်ဆေးကြည့်၏။ နန်းတွင်း၏ အပြင်ဘက်သို့ ဦးတည်သည့် လျှို့ဝှက်လမ်းကြောင်း သုံးခုရှိ၏။ သူက ထိုလျှို့ဝှက်လမ်းကြောင်းများ၏ ထွက်ပေါက်များကို ပိတ်ဆို့ရန် လူများကို စေလွှတ်ခဲ့သော်လည်း ချောင်မိဖုရားကြီးနှင့် ကျန်သည့်လူများကို မတွေ့ရချေ။
“မိဖုရားကြီးက မီးလောင်သေဆုံးသွားပြီ။ လက်နက်ချမှာ မဟုတ်ဘူး။”
ရုတ်တရက် စစ်သည်တစ်ဦးက အော်ဟစ်လိုက်သည်။ “မိဖုရားကြီးကို ဖမ်းချင်တာလား အိပ်မက်မက်မနေနဲ့”
“ရွှီ”
မြားတစ်စင်းက ထိုသူ၏ ခေါင်းကို ထိုးဖောက်သွား၏။
ရှမ့်လန်က လှောင်ပြုံးပြုံးလိုက်မိ၏။ နင်ယွမ်ရှန်းနှင့် မိဖုရားကြီးပျံ့တို့ မိမိကိုယ်ကိုယ် သတ်သေသွားသည်ဟု ပြောလျှင် သူ ယုံ၏။ ချောင်မိဖုရားကြီးကဲ့သို့သော အမျိုးသမီးက အဘယ်သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမည်နည်း။ မည်သို့ဖြစ်နိုင်မည်နည်း။
“ကောင်းပြီ။” ရှမ့်လန်က နားလည်လုနီးပါး ဖြစ်သွား၏။ နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေကလွဲရင် ကျန်တဲ့လူတွေ အားလုံးကို သတ်ပစ်လိုက်တော့။” သူက အမိန့်ပေးလိုက်၏။
ဒုတိယနိဗ္ဗာနတပ်နှင့် သဲကန္တာရ လူရိုင်းမြို့နယ်မှ နတ်ဘုရား လေးသည်တော်များက လေးများကို ဆွဲကိုင်ကြသည်။
“ရွှီ ရွှီ”
ထိုအရာက တိကျသည့် သတ်ဖြတ်မှုပင် ဖြစ်၏။ ချောင်မြို့တော်ရှိ နောက်ဆုံးကျန်ရှိနေသည့် စစ်သည်အုပ်စုက အားလုံး အသတ်ခံလိုက်ရ၏။
အားလုံးက ၂,၀၀၀-၃,၀၀၀ ခန့် ရှိ၏။ သူတို့က ခုခံရန် ကြိုးစားကြသော်လည်း ထွက်ပြေးရန် အချိန်ပင် မရပေ။ မြားများက သူတို့၏ ခေါင်းကို ထုတ်ခြင်းပေါက် ဝင်ရောက်ကုန်သည်။
ရှမ့်လန်က စစ်သည် တစ်သောင်းပင် မပြည့်သော ဤတပ်ဖြင့် နန်းမြို့တော်တစ်ခုလုံးကို ထိန်းချုပ်ထားရမည် ဖြစ်၏။ သူက စိတ်ပျော့နေ၍ မဖြစ်ချေ။ ပုန်းကွယ်နေသည့် အန္တရာယ်များကို သူ့အတွက် ချန်ထား၍ မဖြစ်နိုင်ချေ။
ထို့နောက် ရှမ့်လန်က လက်ရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကို ပြော၏။ “ပုန်းဖို့နေရာ ရှာကြ။ ဒါပေမဲ့ သတိထား၊ လမ်းမကြီးဘေးတွေပေါ်မှာ ပေါ်မလာစေနဲ့။ မဟုတ်ရင် အသတ်ခံရမယ်။”
“ကျေးဇူးပါပဲ သခင်လေး။ ကျေးဇူးပါပဲ” နန်းတွင်းအစေခံများနှင့် မိန်းမစိုး ထောင်ပေါင်းများစွာတို့က ထွက်ပြေးကြ၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ဒုတိယနိဗ္ဗာနတပ်က စစ်သည် ၅၀၀ ကို ချန်ထား။ ကျန်တဲ့လူတွေက တတိယ နိဗ္ဗာနတပ်နဲ့အတူ မြို့ရိုးကို ကာကွယ်ကြ။ နောက်မှာ ချောင်တပ်တွေက နန်းမြို့တော်ကို လာပြီး ကူညီလိမ့်မယ်။ အဲဒီအချိန်ကျရင် သတ်ဖြတ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်။”
“အမိန့်တိုင်းပါပဲ” ဒုတိယနိဗ္ဗာနတပ်မှ စစ်သည် ၂,၅၀၀၊ ဘုရင်မ ရှားမန်တွင် လေးထောင်ကျော် ရှိ၏။ သူတို့က နန်းတော်၏ ရင်ပြင်မှ ထွက်ခွာကာဖြင့် မြို့ရိုးဆီသို့ ဦးတည်သွား၏။
ရှမ့်လန်က ပထမနိဗ္ဗာနတပ်မှ စစ်သည် ၂,၀၀၀ ကို ဦးဆောင်ပြီး နန်းတော်ကို ဆက်လက် ဝန်းရံထား၏။ မီးငြိမ်းသွားရန် စောင့်ဆိုင်းနေ၏။ သူက နန်းတော်မှ မီးက စော၍ ငြိမ်းမလား။ ချောင်၏ ပထမ အကူအညီတပ်က ပိုမိုစော ရောက်လာမလား ဆိုသည်ကို သိချင်မိသည်။
အချက်အလက်များအရ သက်သေပြခဲ့သည်က ချောင်နန်းတော်ကို ဆောက်လုပ်ရန် အသုံးပြုသည့် ပစ္စည်းများက အလွန်ကောင်းမွန်၏။ သစ်သားများက အလွန်ကောင်းမွန်သောကြောင့် တစ်နေ့နှင့် တစ်ညလုံး မီးလောင်ကျွမ်း ခဲ့သော်လည်း မီးမငြိမ်းသေးချေ။
ရှမ့်လန်က နန်းဆောင်များ တစ်ခုပြီးတစ်ခု ပြိုကျနေသည်ကို ကြည့်၏။ ဤအရာက တကယ်ပင် အပြစ်ကြီး၏။ အနည်းဆုံးတော့ ရှမ့်လန်က ပျော်ရွှင်မှုကို မခံစားရပေ။ သို့သော်ငြား နောင်တရမှုလည်း မရှိချေ။
နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည့် မီးလျှံများက တဖြည်းဖြည်း ငြိမ်းသတ်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သည့် မီးခိုးများ အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအရာက မိုင်ရာပေါင်းများစွာ အကွာမှ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ အစပိုင်းတုန်းက မီးငြိမ်းသတ်ရန် ကြိုးစားကြသူများ ရှိသော်လည်း ရှမ့်လန်တို့ပေါ်လာသည်နှင့် တပြိုင်နက် လက်လျှော့လိုက်ကြ၏။
နာရီ ၂၀ ခန့် ကြာမြင့်ပြီးနောက် ချောင်၏ပထမအကူအညီတပ် ရောက်ရှိလာ၏။ စစ်သည် ၂၀,၀၀၀ ခန့်ပင်။ ဤလူများက ရန်ခရိုင်မြို့တော်ဝန် ချန်ရှန် ဦးဆောင်လာခြင်းပင်။ သူက မော့ကြည့်လိုက်၏။ နန်းတော် မြို့ရိုးတွင် ရှိသော ကြီးမားသည့် နင်ဆိုသည့် စာလုံးကြီး ချိတ်ဆွဲထားသည်ကို မြင်ရသည်။
ချောင်မြို့တော်ဝန်က မယုံကြည်နိုင်ပေ။ ရွှဲ့ပြည်နယ်၏တပ်က မြို့တော်ကို တိုက်ခိုက်နေကြောင်း သိရှိသည့် အချိန်၌ သူက ခရိုင်ရှိစစ်သည်အားလုံးကို စုရုံးပြီး အကူအညီပေးရန် ထွက်ခွာလာခဲ့ကြ၏။ နေ့မနား၊ ညမနား ခရီးနှင်ပြီး နောက်ဆုံးမှာတော့ သူတို့က ရောက်ရှိလာ၏။
နန်းမြို့တော်ရှိ အစောင့်စစ်သည်များနှင့် ပူးပေါင်းပြီး ရွှဲ့ပြည်နယ်၏ တပ်ကို အမြစ်ပြတ် ခြေမှုန်းနိုင်မည်ဟု သူ ထင်ခဲ့၏။ နန်းမြို့တော် ကျဆုံးသွားမည်ဟု မည်သူထင်ခဲ့မည်နည်း။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ နန်းမြို့တော် တစ်ခုလုံး၌ စစ်သည် ထောင်ပေါင်းများစွာ ရှိသည်။
သတင်းအရ ရှမ့်လန်နှင့် နင်ကျန်းတို့က နန်းမြို့တော်ကို တိုက်ခိုက်ရန် စစ်သည်တစ်သောင်းပင် မပြည့်သော အင်အားကိုသာ ယူဆောင်ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ၂ ရက်သာ ရှိသေး၏။ ကျဆုံးသွားခဲ့ပြီလား။ မြို့တော်က လောကရှိ အကောင်းမွန်ဆုံး အခိုင်ခံ့ဆုံးသော မြို့ကြီးများထဲမှ တစ်ခုဖြစ်၏။
ပုံမှန်အခြေအနေအရ ဆိုလျှင် စစ်သည် တစ်သိန်းမရှိဘဲနှင့် တိုက်ခိုက်၍ ရလိမ့်မည် မဟုတ်ချေ။ ရှမ့်လန်၌ မည်ကဲ့သို့ ထူးခြားသည့် နည်းလမ်းများ ရှိနေသနည်း။ စစ်သည်အင်အား တစ်သိန်းပင် မပြည့်သော အင်အားဖြင့် တစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်လား။