← Chapters

ပင်လယ်နတ်ဆိုးသားရဲဘုရင်

Vol. 1 Ch. 382

ပင်လယ်နတ်ဆိုးသားရဲဘုရင်

Vol. 1 Ch. 382

"ဟမ်"

ဟဲလောင်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့ပြီး ပတ်ဝန်းကျင်ကို လျှပ်စီးအလျင်နှင့် အကဲခတ်လိုက်သည်။ မကြာခင်တွင် သူသည် မှင်တက်သွားပုံပေါ်ပြီး ကျန်းရီထံ ချက်ချင်း ထပြေးလာခဲ့သည်။

ယာ့ဇီသားရဲသည်လည်း သတိပြုမိသွားခဲ့သည်။ ၎င်းသည် မျက်လုံးများကိုဖွင့်၍ တစ်ချက်သာကြည့်လိုက်ပြီး ဂရုမစိုက်ပုံနှင့် ပြန်အိပ်သွားခဲ့သည်။

"ဒါ..."

ကျန်းရီသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများမှာ ပိုမိုတောက်ပလာခဲ့သည်။ ကျန်းရှောင်နူသည် သူ့မျက်လုံးများထဲသို့ မကြည့်ရဲတော့ပေ။ သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင် ဓားနှစ်လက်၏ ဝိုးတဝါးပုံရိပ်ကို မြင်နေရသည်မှာ အလွန်ထူးဆန်းလေသည်။

"သခင်လေးရီ...ကောင်းကင်စိတ်အာရုံကိုတောင် ပိုင်သွားပြီပေါ့"

ဟဲလောင်သည် ဝမ်းသာအားရ ပြောလာခဲ့သည်။ ကျန်းရီသည် မတ်တပ်ရပ်၍ လမ်းလျှောက်ရင်း မယုံနိုင်စွာ မေးလိုက်သည်။

"ဒါက ကောင်းကင်စိတ်အာရုံလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ကောင်းကင်စိတ်အာရုံ...

ထိုအရာသည် ဗာဂျရာအဆင့် ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်သည့် စွမ်းရည်ဖြစ်သည်။ ကောင်းကင်စိတ်အာရုံ ပိုင်ဆိုင်ထားလျှင် မြေအောက်ကို ထွင်းဖောက်၍ရော၊ ကျောက်သားများကို ဖြတ်၍ရော ကီလိုမီတာ သုံးဆယ်အတွင်းရှိ အရာမှန်သမျှကို ကြည့်ရှုနိုင်သည်။

ပြဿနာမှာ ကျန်းရီသည် ဗာဂျရာအဆင့်သို့ မရောက်သေးဘဲ ကောင်းကင်စိတ်အာရုံကို မည်သို့ ပိုင်ဆိုင်လာသနည်း။

"ယာ့ဇီသားရဲ"

ကျန်းရီသည် ယာ့ဇီသားရဲ၏ စိုးရိမ်ခြင်းမရှိသည့်ပုံကို ပြန်အမှတ်ရသွားခဲ့သည်။ သူသည် ၎င်းထံသို့ ပြေးသွားလိုက်ပြီး မေးလိုက်သည်။

"နတ်ဆိုးသားရဲဘုရင်...ဘာလို့ ငါ့စိတ်ဝိဉာဉ်က အသွင်ပြောင်းသွားပြီး ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်သွားတာလဲ"

"ဟမ့်"

နတ်ဆိုးသားရဲဘုရင်သည် စိတ်မရှည်စွာ ပြောလာခဲ့သည်။

"မင်းစုပ်ယူလိုက်တဲ့ ချန်းဖူအရွက်က စိတ်ဝိဉာဉ်အတွက် အဖိုးတန်ဆုံး ရတနာတွေထဲက တစ်ခုပဲ။ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်မြေမှာ မရှိဘူး၊ ပြီးတော့ ဒီနယ်မြေက စိတ်ဝိဉာဉ်နဲ့ ပတ်သက်တဲ့ ဘယ်ရတနာမဆိုထက် အဆများစွာ အဖိုးတန်တယ်။ မဟုတ်ရင် တစ်လအတွင်း သူ့စွမ်းအင်တွေအကုန်ကို မင်းဘယ်လိုစုပ်ယူနိုင်မှာလဲ"

"အာ..."

ကျန်းရီသည် အနှီချန်းဖူအရွက်သည် သူ့စိတ်ဝိဉာဉ်အား ဗာဂျရာအဆင့်နှင့် ညီမျှသည်အထိ မြှင့်တင်ပေးနိုင်သည်အထိ တန်ဖိုးရှိမည်ဟု မထင်ခဲ့မိပေ။

ထို့ပြင် ၎င်းသည် ကောင်းကင်ကြယ်တာရာနယ်မြေမှ မဟုတ်ပေ။

ထိုအတွေးအား တွေးမိသည်နှင့် ကျန်းရီ၏မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူချက်ချင်း ထပ်မေးလိုက်သည်။

"နတ်ဆိုးသားရဲဘုရင်...ခင်ဗျား စုန်းနတ်ဘုရားနဲ့အတူ ကောင်းကင်ကြယ်တာရာနယ်မြေကနေ ထွက်သွားဖူးလား။ အပြင်လောကက ဘယ်လိုပုံစံရှိလဲ။ ဒီလို ကုန်းမြေတိုက်ကြီးတွေ၊ နယ်မြေတွေရော အများကြီးပဲလား"

"မပြောတတ်ဘူး"

ယာ့ဇီသားရဲသည် မျက်လုံးလှန်ကြည့်၍ စိတ်မရှည်စွာ ပြန်ဖြေလာခဲ့သည်။

"သခင်နဲ့ငါက နယ်မြေအနီးအနားကိုပဲ ဟိုဟိုဒီဒီသွားဖူးတာ။ အဝေးကြီး မသွားရဲခဲ့ဘူး။ ပင်လယ်ရေနက်ပိုင်းရဲ့ အောက်ဘက်မှာ အားကောင်းတဲ့ ပင်လယ်နတ်ဆိုးသားရဲတွေ အများကြီးရှိတယ်။ ငါတို့ရဲ့အင်အားနဲ့တောင်မှပဲ အဝေးကြီးလျှောက်မသွားရဲဘူး။ နယ်မြေ အနီးအနားမှာပဲ လျှောက်သွားရင်း ရှေးဟောင်းနယ်မြေတစ်ချို့ဆီ ရောက်သွားခဲ့ပြီး ရတနာနည်းနည်းပါးပါး ရလာခဲ့တာ..."

ကျန်းရီနှင့် ဟဲလောင်သည် တစ်ယောက်မျက်နှာ တစ်ယောက် စိတ်ပျက်အားလျော့စွာ ကြည့်လိုက်မိကြသည်။ ထိုစဉ်က အပြင်လူများ မသိခဲ့ကြသော်လည်း စုန်းနတ်ဘုရားသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားခဲ့သည်။ သူသည် ပို၍ အဆင့်တက်နိုင်ရန်သာ အာရုံစိုက်၍ ကျင့်ကြံနေခဲ့ပြီး နယ်မြေကို မပေါင်းစည်းချင်ခဲ့ပေ။ မဟုတ်ပါက နယ်မြေသည် သူ့လက်အောက်သို့ ရောက်နေလောက်ပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ်အဆင့် လူတစ်ယောက်နှင့် အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တစ်ကောင်ပင် ပင်လယ်ရေနက်ပိုင်းသို့ မသွားရဲခဲ့ကြပေ။ ပင်လယ်ရေနက်ပိုင်းရှိ ပင်လယ်နတ်ဆိုးသားရဲများ မည်မျှ အင်အားကြီးကြောင်း စိတ်ကူးကြည့်နိုင်ပါသည်။

ပင်လယ်ရေနက်ပိုင်းမှာ နတ်ဆိုးဧကရာဇ်တွေ အများကြီးရှိလောက်လား...

ကျန်းရီသည် တိတ်တဆိတ် တွေးတောရင်း နတ်ဆိုးသားရဲဘုရင်အား ပင်လယ်ကြီးအကြောင်း ဆက်မေးရန် ပြင်လိုက်သည်။ သို့သော် နတ်ဆိုးသားရဲဘုရင်သည် ရုတ်တရက် ထရပ်လိုက်ပြီး ပြင်းထန်လှသော အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ အေးစက်နေသော မျက်လုံးများသည် အရှေ့ဘက် ပင်လယ်ပြင်သို့ စိုက်ကြည့်နေခဲ့သည်။ ၎င်း၏ ပုံစံမှာ အားကောင်းသည့် ရန်သူကို စောင့်ဆိုင်းနေသည့်အလားပင်။

"ဟမ်"

ကျန်းရီနှင့် ဟဲလောင်သည် နတ်ဆိုးသားရဲဘုရင် ကြည့်နေရာဘက်သို့ ကြည့်လိုက်သော်လည်း သံသယဝင်စရာ မရှိဘဲ တည်ငြိမ်နေသော ပင်လယ်ပြင်ကိုသာ မြင်လိုက်ရသည်။ သူတို့နှစ်ယောက် မမေးခင်တွင် နတ်ဆိုးသားရဲဘုရင်မှ အော်ဟစ်လာလေ၏။

"ပြေးတော့...ပင်လယ်နတ်ဆိုးသားရဲတွေ အများကြီး လာနေကြတယ်။ သူတို့ထဲမှာ နတ်ဆိုးသားရဲဘုရင် နှစ်ကောင် ဒါမှမဟုတ် သုံးကောင်ပါလာတယ်။ ငါသူတို့ကို အချိန်ဆွဲထားပေးမယ်။ မင်းတို့ ကြယ်တံခွန်ကျွန်းဘက်ကို ပြေးကြတော့...အခုချက်ချင်း"

"ပင်လယ်နတ်ဆိုးသားရဲတွေ...နတ်ဆိုးသားရဲဘုရင်တွေ ဟုတ်လား"

ကျန်းရီနှင့် ဟဲလောင်သည် ထိတ်လန့်သွားကြသည်။ သူတို့သည် ပင်လယ်ရေနက်ပိုင်းဟု မခေါ်နိုင်သည့် နေရာတွင် ရောက်နေကြခြင်းဖြစ်သည်။ ပင်လယ်နတ်ဆိုးသားရဲများ ရှိလျှင်တောင် အလွန်ဆုံးမှ တတိယအဆင့်လောက်သာ ရှိရမည်ဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်များက ပင်လယ်နတ်ဆိုးသားရဲ တစ်အုပ်ကြီးနှင့်အတူ လာရောက်တိုက်ခိုက်ခြင်း မည်သို့ရှိလာခဲ့သနည်း။

ပင်လယ်နတ်ဆိုးသားရဲတွေကို ဒီနေရာရောက်ဆီ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ မျှားခေါ်လာတာပဲ...

ကျန်းရီ၏ မျက်ဝန်းများတွင် အေးစက်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ထိုလူအုပ် လှုပ်ရှားလာနိုင်သည်ဟု နတ်ဆိုးဧကရီက ပြောခဲ့သည်။ သူတို့သည် သူ့အား ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ရဲကြသောကြောင့် ကျန်းရီတို့လူစုအား သတ်ဖြတ်ရန် ပင်လယ်နတ်ဆိုးသားရဲများကို မျှားခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် နတ်ဆိုးဧကရီနှင့် ရွှေယို့လန်သည် ထိုလူစုအား စွပ်စွဲ၍ ရမည်မဟုတ်ချေ။

ဝှစ်...

သူသည် ထောင်ချောက်ဆင်ခံရပြီ ဖြစ်သော်လည်း ကြာကြာမနေရဲပေ။ သူသည် ကျန်းရှောင်နူထံ ပြေးသွားလိုက်ပြီး မြစိမ်းကြည်လင်ပန်းအိုးထဲသို့ ကျန်းရှောင်နူနှင့် ဟဲလောင်အား ထည့်လိုက်သည်။ ထို့နောက် သူသည် နေရရွှေ့ပြောင်းစွမ်းရည်ကိုသုံး၍ ကြယ်တံခွန်ကျွန်းရှိရာဘက်သို့ ချက်ချင်း ပြေးသွားတော့သည်။

ဝေါင်း...ဝေါင်း...

ယာ့ဇီသားရဲသည် ၎င်း၏ အရှိန်အဝါ အလုံးစုံကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ကိုယ်ကြီးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး ကျွန်းအထက်တွင် လှည့်ပတ်ပျံသန်းနေလိုက်သည်။ ၎င်းသည် ပါးစပ်ကြီးကိုဖြဲ၍ ဟိန်းဟောက်နေပြီး ရန်သူအား သတိပေးနေခဲ့သည်။

ကျန်းရီ၏ ကိုယ်မှ အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး မူလနေရာမှာ ပျောက်ကွယ်သွားကာ ဆယ်ကီလိုမီတာကျော် အကွာအဝေးတွင် ပြန်ပေါ်လာခဲ့သည်။

သူသည် ခပ်ဝေးဝေးတွင် ကျန်ရစ်ခဲ့သည့် ကျွန်းအား မယုံကြည်နိုင်စွာ ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ဝိဉာဉ်မှာ များစွာတိုးတက်လာခဲ့ကြောင်း ပြန်အမှတ်ရသွားခဲ့သည်။ နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးလည်း တိုးတက်သွားသည်မှာ မဆန်းပေ။ သူ့အမေ နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးသည် ကီလိုမီတာ ရာဂဏန်းအထိရှိသည်ဟု ကျန်းယွင်ဟိုင်လည်း ပြောပြခဲ့ဖူးသည်။

"ဂူး...ဂူး.."

"ဝေါင်း...ဝေါင်း..."

"ဂါး...."

အရှေ့ဘက် ပင်လယ်ပြင်မှ ထူးထူးဆန်းဆန်း အသံပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် လှမ်းကြည့်လိုက်ပြီး ထိတ်လန့်သွားခဲ့သည်။

အရှေ့အရပ်မှ ပင်လယ်ရေတို့သည် ပြင်းပြင်းထန်ထန် ထိုးတက်လာခဲ့သည်။ မကြာခင်တွင် လှိုင်းလုံးကြီးများ များစွာ ဖြစ်ပေါ်လာခဲ့သည်။ လှိုင်းများအကြားတွင် သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ပြေးလွှားနေကြသည်။ ၎င်းတို့၏ အရှိန်အဝါတို့သည် ကီလိုမီတာ ငါးဆယ်ပတ်လည်အတွင်းသို့ ပျံ့နှံ့သွားခဲ့သည်။

ယနေ့ညသည် တိမ်ထူနေ၍ လရောင်မှာ မှုန်ဝါးဝါးသာ ရှိသည်။ ပင်လယ်နတ်ဆိုးသားရဲများကို ဝိုးတဝါးသာ မြင်နေရသော်လည်း ၎င်းတို့၏ အေးစိမ့်နေသော မျက်လုံးများမှာ ထင်ရှားနေခဲ့သည်။ သူတို့ကို ကြည့်နေရင်းဖြင့် ကျန်းရီမှာ ရေခဲအိမ်တစ်လုံးထဲ ရောက်နေသည့်အလာ ခံစားလိုက်ရသည်။

ကျန်းရီသည် ပင်လယ်နတ်ဆိုးသားရဲများထံ ပြေးဝင်သွားသည့် ယာ့ဇီသားရဲအား မြင်သည့်အခါ ဆက်လက်၍ တွေဝေမနေတော့ပေ။ ပင်လယ်နတ်ဆိုးသားရဲများကြားမှ အားကောင်းလှသည့် အရှိန်အဝါနှစ်ခုကို သူခံစားမိလိုက်သည်။ ၎င်းတို့သည် နတ်ဆိုးသားရဲဘုရင်များဖြစ်ကြောင်း မေးနေစရာပင်မလိုချေ။ ကျန်းရီသည် နောက်ပြန်မကြည့်တော့ဘဲ မြောက်ဘက်သို့ ဆက်လက်ပြေးထွက်သွားလိုက်သည်။

ယာ့ဇီသားရဲနှင့် ပင်လယ်နတ်ဆိုးသားရဲများကြားမှ တိုက်ပွဲသည် စတင်နေပြီဖြစ်သည်။ ကျန်းရီသည် နောက်ပြန်မကြည့်သော်လည်း ယာ့ဇီသားရဲ၏ ဟိန်းသံကြီးများ၊ ပေါက်ကွဲသံများ၊ ပင်လယ်နတ်ဆိုးသားရဲများ၏ အော်သံများကို အတိုင်းသား ကြားနေရသည်။ ပင်လယ်ရေပြင်သည်လည်း ပေပေါင်းများစွာ မြင့်တက်သွားလိုက် ပြန်ကျလိုက်ဖြင့် တိုက်ပွဲအား ထောက်ပံ့ပေးနေခဲ့သည်။ ထိုနေရာမှ အန္တရာယ် အငွေ့အသက်တို့ကြောင့် ကျန်းရီ၏ နေရာရွှေ့ပြောင်းနှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့သည်။

"ဟူး..."

ကျန်းရီသည် ကီလိုမီတာ ရာပေါင်းများစွာ မရပ်မနား ပြေးလာခဲ့ပြီးနောက် ထိုနေရာမှ လှုပ်ရှားမှုများကို မကြားရတော့ပေ။ ပင်လယ်နတ်ဆိုးသားရဲများ သူ့နောက်လိုက်မလာကြောင်း တွေ့ရသည့်အခါမှ သူသက်ပြင်းချနိုင်သည်။ သူသည် ကျွန်းငယ်တစ်ခုပေါ်တွင် ရပ်တန့်လိုက်ပြီး တိုက်ပွဲဖြစ်နေရာဘက်သို့ စိုးရိမ်စွာ လှမ်းကြည့်လိုက်သည်။ ယာ့ဇီသားရဲ အားကောင်းသည်မှာ မှန်သော်လည်း နတ်ဆိုးသားရဲဘုရင်နှစ်ကောင်နှင့် ရင်ဆိုင်ရလျှင် ၎င်းလွတ်မြောက်နိုင်ပါမည်လော။

သူ့လက်ရှိအင်အားဖြင့် နတ်ဆိုးသားရဲဘုရင်များနှင့် မတိုက်ခိုက်နိုင်။ ထို့ကြောင့် သူသည် အသတ်ခံရရန် ထိုနေရာတွင် ရူးမိုက်စွာ မကျန်ခဲ့နိုင်ပေ။ သူသည် ယာ့ဇီသားရဲအား ဤနေရာတွင် စောင့်နေရမည်လော၊ ကြယ်တံခွန်ကျွန်းသို့ အရင်သွား၍ နတ်ဆိုးသားရဲဘုရင်အလာကို စောင့်ရမည်လော ဝေခွဲမရဖြစ်နေခဲ့သည်။

နောက်တစ်စက္ကန့်အကြာတွင် ထိုအဖြေကို ကျန်းရီတွေးရန် မလိုတော့ပေ။

အရှေ့ဘက်မှ ပင်လယ်ရေတို့သည် ချက်ချင်း ထိုးတက်လာခဲ့ပြီး ပင်လယ်နတ်ဆိုးသားရဲ အုပ်စုလိုက်သည် ကျန်းရီထံ ရူးသွပ်စွာ ပြေးလာနေကြသည်။ ထိုအထဲမှ တစ်ကောင်သည် တစ်ကိုယ်လုံးအား အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေခဲ့ပြီး ခြင်္သေ့တစ်ကောင်နှင့် ပုံစံတူသည်။ ၎င်းသည် နတ်ဆိုးသားရဲဘုရင် ဖြစ်ချေသည်။

ပြေး...

ကျန်းရီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်သည် အဖြူရောင်အလင်း လက်သွားခဲ့ပြီး စတင်၍ နေရာရွှေ့ပြောင်းတော့သည်။ ထိုနတ်ဆိုးသားရဲဘုရင်သာ သူ့အနီးရောက်လာလျှင် သူသေချာပေါက် သေမည်ဖြစ်ကြောင်း သူသိနေသည်။

"ဝေါင်း...ဝေါင်း"

ထိုနတ်ဆိုးသားရဲဘုရင်သည် အေးစက်စက်မျက်လုံးများအား ကျန်းရီထံမှ အကြည့်မလွှဲခဲ့ပေ။ ကျန်းရီ နေရာရွှေ့ပြောင်းနေသည်ကိုမြင်လျှင် ၎င်းသည် ခေါင်းကြီးမော့၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ မမျှော်လင့်ထားစွာ ၎င်း၏ နောက်ကျောတွင် အနက်ရောင်တောင်ပံနှစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ၎င်းသည် အနက်ရောင်လျှပ်စီးတန်းတစ်ခုပမာ ကျန်းရီထံ ပျံသန်းလာခဲ့သည်။

ကျန်းရီ၏ နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ ဆယ်ဆခန့် တိုးတက်လာခဲ့သည်။ လက်ရှိအသည်းအသန် ပြေးနှုန်းနှင့်ဆိုလျှင် သူ့အမြန်နှုန်းမှာ ဗာဂျရာအဆင့်နှင့်တောင် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။ သို့သော် ထိုပင်လယ်နတ်ဆိုးသားရဲဘုရင်၏ အမြန်နှုန်းမှာ သူ့ထက်သာလေသည်။ ယာ့ဇီသားရဲသာ ရောက်မလာပါက ပင်လယ်နတ်ဆိုးသားရဲဘုရင်သည် ငါးမိနစ်အတွင်း သူ့ကို မှီလာလိမ့်မည်ဖြစ်ပြီး သူသည်လည်း ရက်ရက်စက်စက် အသတ်ခံရပေလိမ့်မည်။

*****

All Chapters