သေမင်းပင်လယ်ပြင်
Vol. 1 Ch. 383
ယာ့ဇီသားရဲသည် အချိန်မှီ ရောက်လာမည် မဟုတ်သည်မှာ သေချာသည်။ ထိုနေရာတွင် ပင်လယ်နတ်ဆိုးသားရဲ အုပ်လိုက်ကြီးနှင့် နတ်ဆိုးသားရဲဘုရင် နှစ်ကောင်ရှိနေသည်။ ယာ့ဇီသားရဲသည် ခုခံရန် မကြိုးစားဘဲ လိုက်လာခဲ့လျှင်တောင် ပင်လယ်နတ်ဆိုးသားရဲများ၏ ဝိုင်းရံထားခြင်း ခံရနိုင်သည်။ ၎င်းသည် သေသွားမည် မဟုတ်သော်လည်း ကျန်းရီအား ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
ကျန်းရီသည် ဆက်တိုက်နေရာရွှေ့ပြောင်းနေခဲ့ရာ ကျန်းရီနှင့် ယာ့ဇီသားရဲအကြား အကွာအဝေးမှာ ပိုမိုကြီးမားလာခဲ့သည်။ ၎င်းသည် ကျန်းရီထံ ငါးမိနစ်အတွင်း မည်သို့ ရောက်လာပါမည်နည်း။ ကျန်းရီသည် ဆက်တိုက် နေရာရွှေ့ပြောင်းရင်း၊ နောက်မှ နီးကပ်လာနေသော နတ်ဆိုးသားရဲဘုရင်ကို လှည့်ကြည့်ရင်း မျက်နှာမှာ တစ်စတစ်စ ပျက်ယွင်းလာခဲ့သည်။ သူ့မျက်လုံးများသည် အဆတ်မပြတ် လှုပ်ရှားနေခဲ့ပြီး နည်းလမ်းပေါင်းစုံကို တွေးတောနေခဲ့သည်။
ငါလုပ်ရမယ်...
ထိုနတ်ဆိုးသားရဲဘုရင်၏ လှုပ်ရှားများမှာ အလွန်မြန်ဆန်နေရာ အင်အားသည်လည်း အလွန်ကြီးမားမည်မှာ သံသယဝင်စရာမလိုပေ။ ကျန်းရီတွင်သာ မီးဝိဉာဉ်ကျောက်တုံး ရှိသေးပါက အခွင့်အရေး ရှိနိုင်သေးသည်။ သို့သော် သူ့လက်ရှိအင်အားဖြင့်ဆိုလျှင် နတ်ဆိုးသားရဲဘုရင်ကို ထိခိုက်အောင် လုပ်နိုင်မည့်ပုံ မပေါ်ချေ။
မဟုတ်သေး...
နတ်ဆိုးသားရဲဘုရင်သည် အလွန်မြန်ဆန်လွန်းသည်။ သူ့တွင် မီးဝိဉာဉ်ကျောက်တုံး ရှိလျှင်တောင် ၎င်းအား ထိအောင်ပစ်နိုင်ရန်ပင် အလွန်ခက်ခဲလိမ့်မည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် ဆက်တိုက်နေရာရွှေ့ပြောင်းနေခဲ့သည်။ သူ၏စိတ်ဝိဉာဉ်မှာ အဆများစွာ အင်အားကောင်းလာရာ အကြိမ်တစ်ထောင်မက နေရာရွှေ့ပြောင်းလျှင်တောင် သူ့စိတ်ဝိဉာဉ် အားနည်းလာမည် မဟုတ်ပေ။ ပြဿနာမှာ သူ့တွင် နေရာရွှေ့ပြောင်းရန် အခွင့်အရေးပင် များများစားစား မရှိတော့ခြင်းဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်သည် ပို၍သာ နီးကပ်လာနေခဲ့သည်။
ကျန်းရီသည် ရှေ့မှ ပင်လယ်ပြင်ကြီးကိုကြည့်ရင်း သူမှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် ဦးစားပေးအနေနှင့် ကုန်းမြေရှိသည့်နေရာသို့ နေရာရွှေ့ပြောင်းရမည်ဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်သည် ကုန်းမြေပေါ်တွင် အားနည်းချက်အချို့ ရှိနိုင်သည်။ ယခု သူသည် ကြယ်တံခွန်ကျွန်းရှိရာဘက်သို့ ထွက်လာခဲ့ခြင်းဖြစ်ရာ ပင်လယ်နက်ပိုင်းသို့ ဆက်သွားနေသည်ဟု ပြော၍ရပြီး ကိုယ့်သေတွင်းကိုယ် တူးနေသည်ဟု ပြောရလျှင်လည်း မမှားပေ။
သူ မလွတ်မြောက်နိုင်သလို ဘာမှလည်း မလုပ်နိုင်တော့ပေ။
ကျန်းရီသည် ဒေါသ အလွန်ထွက်လာခဲ့သည်။ သူသည် ဤပရိယာယ်၏ နောက်ကွယ်မှ လူများထံ မုန်းတီးနာကျည်းမှုများ ဖြစ်တည်လာခဲ့သည်။ ကျန်းရီသည် ဤကိစ္စများ၏ နောက်ကွယ်တွင် တစ်ယောက်ယောက် ရှိနေကြောင်း သေချာနေခဲ့သည်။ နတ်ဆိုးသားရဲဘုရင်သုံးကောင်သည် အလိုလိုနေရင်း ထွက်ပေါ်လာစရာအကြောင်း လုံးဝမရှိချေ။
ဤနေရာသည် ရေနက်ပိုင်းလည်း မဟုတ်ပေ။ နတ်ဆိုးသားရဲဘုရင် ပေါ်ထွက်လာလျှင်တောင် အများဆုံးမှ တစ်ကောင်ခန့်သာ ရောက်လာနိုင်သည်။ သုံးကောင်ကို တစ်ပြိုင်တည်း တွေ့ရခြင်းသည် ထူးဆန်းသည်ထက် ပိုနေပြီဖြစ်သည်။
ခြောက်ကီလိုမီတာ၊ လေးကီလိုမီတာ...သုံးကီလိုမီတာ...
အကွာအဝေးသည် ပို၍နီးကပ်လာခဲ့သည်။ အနောက်မှ နတ်ဆိုးသားရဲဘုရင်သည် အားကောင်းလှသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ ကျန်းရီ၏ နောက်ကျောတွင် ချွေးများ ရွှဲစိုလာခဲ့သည်။ သူသည် အသက်ကိုရင်း၍ နတ်ဆိုးသားရဲဘုရင်အား မတိုက်ခိုက်လိုပေ။ သူသည် အံကြိတ်ရင်း ရှေ့သို့ ဆက်၍ နေရာရွှေ့ပြောင်းလိုက်သည်။
"ဟူး..."
တောင်ပံနှစ်ဖက်နှင့် ပင်လယ်ခြင်္သေ့ နတ်ဆိုးသားရဲဘုရင်သည် လေအေးများကို မှုတ်ထုတ်လိုက်သည်။ အေးစက်နေသည့် လေငွေ့တို့သည် ထက်မြသည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းရီ၏ နောက်ကျောထံ ပျံသန်းသွားခဲ့သည်။ ဓားဖြတ်သွားသော လေထုသည် ဖြည်းဖြည်းချင်း အေးခဲလာခဲ့သည်။ ထူးဆန်းသည့် ရေခဲတန်းကြီးတစ်ခုသည် ရှေ့သို့ ကြောက်စရာ အမြန်နှုန်းဖြင့် ဆန့်ထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်စာအတွင်းတွင် ၎င်းသည် ကျန်းရီနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။
"သေစမ်းကွာ "
ရေခဲတန်းကြီးသည် အနည်းငယ်လှမ်းနေသေးသော်လည်း ကျန်းရီမှာ အေးခဲတော့မတတ် ခံစားနေရသည်။ သူသည် အတွင်းအားကို ထုတ်ဖော်လိုက်ပြီး မီးနဂါးဓားကို နောက်သို့ လွှဲလိုက်သည်။ ထို့နောက် ကျန်းရီသည် ဆက်လက်၍ နေရာရွှေ့ပြောင်းလိုက်သည်။
မရေမတွက်နိုင်သော မီးနဂါးလေးများသည် ရေခဲတန်းကြီးအား သွားရောက်ထိမှန်းကြသည်။ ရလဒ်သည် ကျန်းရီ၏ မျက်နှာအား သေလောက်အောင် ဖြူဖျော့သွားစေသည်။ မီးနဂါးလေးများသည် ရေခဲတန်းကြီးအား ကျိုးကြေသွားစေသော်လည်း ရေခဲတန်းကြီးမှာ ရှေ့ဆက်တိုးလာခဲ့သည်။
ဘယ်လိုသောက်ကျိုးနဲ အေးခဲနေတဲ့ အရှိန်အဝါလဲ...ငါ့ရဲ့ တာအိုတိုက်ကွက်က အားကောင်းပေးမယ့်လည်း ငါ့အတွင်းအားက စွမ်းအားနိမ့်နေသေးတယ်။ အားကောင်းတဲ့ အတွင်းအားရဲ့ အထောက်အပံ့မရှိဘဲ တိုက်ကွက်က စွမ်းအားကုန် မထုတ်နိုင်ဘူး...
ကျန်းရီသည် အံကြိတ်ရင်း ဆက်လက်နေရာရွှေ့ပြောင်းနေခဲ့သည်။ သူ့နောက်မှ နတ်ဆိုးသားရဲဘုရင်သည် ပို၍သာ နီးလာခဲ့ပြီး လေအေးများကို တစ်ကြိမ်ပြီးတစ်ကြိမ် မှုတ်ထုတ်နေခဲ့သည်။ သူသည် အေးခဲသွားလျှင် နေရာရွှေ့ပြောင်းနိုင်တော့မည်မဟုတ်ဘဲ သေရမည်ကို စောင့်နေရရုံသာ ရှိတော့သည်။
ဝုန်း...ဝုန်း...
ရှေ့ဘက်မှ အသံကျယ်ကြီးများ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီအား မှင်တက်သွားစေခဲ့သည်။ ထို့နောက် ညဘက်ကောင်းကင်ပြင်သည် လင်းထိန်သွားခဲ့ပြီး ဘယ်ဘက်ခြမ်းသို့ ကျဆင်းလာသော မိုးကြိုးများကို ကျန်းရီမြင်လိုက်ရလေသည်။
"မိုးကြိုးတွေ"
ကျန်းရီသည် မူလက ထိုနေရာတွင် မိုးများအသည်းအသန် ရွာနေခြင်းဖြစ်မည်ဟု တွေးလိုက်ပြီး စိတ်ထဲမထားခဲ့ပေ။ သူသည် နောက်မှ နတ်ဆိုးသားရဲဘုရင်အား ကြည့်လိုက်မိသည့်အခါ ထိုသတ္တဝါသည် မိုးကြိုးများ ကျဆင်းလာသည့် နေရာအား ထိတ်လန့်စွာ ကြည့်နေကြောင်း မြင်လိုက်ရသည်။ ကျန်းရီ တစ်စုံတစ်ရာ မူမမှန်ကြောင်း ခံစားမိလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
မိုးကြိုးပစ်ချသံများသည် ထိုနေရာမှ ဆက်လက်ထွက်ပေါ်လာနေခဲ့သည်။ အဆိုပါနေရာမှ ပင်လယ်ရေပြင်သည် မဲမှောင်နေသည်ဟုလည်း ထင်ရလေသည်။ ကျန်းရီသည် ထိုနေရာအား လှမ်းကြည့်လိုက်ပြီး နောက်ဘက်မှ နတ်ဆိုးသားရဲဘုရင်အား ထပ်မံအကဲခတ်လိုက်သည်။ နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း နတ်ဆိုးသားရဲဘုရင်မှာ ထိုနေရာအား ထိတ်လန့်စွာ ကြည့်နေတုန်းပင်ဖြစ်သည်။ ကျန်းရီသည် မျှော်လင့်ချက်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည့်အလား မျက်လုံးများ တောက်ပလာခဲ့သည်။
"သွားကြည့်တာပေါ့"
သူသည် ကိုယ်ကိုလှည့်၍ မိုးကြိုးများ ကျဆင်းနေသည့် နေရာသို့ ပြေးသွားလိုက်သည်။ အနှီနတ်ဆိုးသားရဲဘုရင်သည် မိုးကြိုးများကို အလွန်အကျွံ ကြောက်နေရာ ထိုနေရာသို့ သွားလျှင် သူအသက်ရှင်ရန် အခွင့်အရေး ရနိုင်သည်။ ထိုနေရာသည် တစ်ခုခု မှားယွင်းနေသည်ဟု သူခံစားမိနေသော်လည်း သူ့မှာ ရွေးချယ်စရာမရှိသဖြင့် အလောင်းအစား လုပ်ကြည့်ရုံသာ တတ်နိုင်သည်။
ဝေါင်း...ဝေါင်း...
ကျန်းရီသည် ထိုနေရာသို့ နေရာရွှေ့ပြောင်းလိုက်လျှင် နတ်ဆိုးသားရဲဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်းသည် အမြန်နှုန်းကိုမြှင့်၍ လေအေးများ ဆက်တိုက်မှုတ်ထုတ်တော့သည်။ ၎င်း၏ ပုံစံမှာ သူ့ရှေ့ရှိ မုန်းစရာလူသားကို အမှုန့်ချေပစ်ချင်နေသည့်အလား။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီ ထိုနေရာသို့ နီးကပ်သွားသည်နှင့်အမျှ မိုးကြိုးပစ်ချသံများသည် ပိုမိုကျယ်လောင်လာခဲ့သည်။ သူသည် အရှေ့ရှိ ပင်လယ်ပြင်အောက်မှ နတ်ဆိုးဧကရာဇ်တစ်ကောင်ကောင် တိုက်ခိုက်လာတော့မည့်အလား ပိုမိုစိုးရိမ်လာခဲ့သည်။
ဝှစ်...
အနောက်မှ နတ်ဆိုးသားရဲဘုရင်သည် သူနှင့် နှစ်ကီလိုမီတာပင် မဝေးတော့ချေ။ ကျန်းရီသာ ဦးတည်ရာအရပ်ကို ပြောင်းလိုက်ပါ ချက်ချင်းသေဆုံးသွားရလိမ့်မည်။ သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး တွေဝေနေခြင်းမရှိဘဲ ရှေ့သို့ဆက်၍ နေရာရွှေ့ပြောင်းလိုက်သည်။
ဝေါင်း...ဝေါင်း...
နတ်ဆိုးသားရဲဘုရင်သည် အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်ပြီးနောက် ရပ်တန့်သွားခဲ့သည်။ ၎င်း၏မျက်လုံးကြီးများတွင် ကြောက်ရွံ့မှုများ ပြည့်လျှံနေခဲ့ပြီး ရှေ့သို့ ဆက်တိုးမလာရဲတော့ပေ။
"အမ်"
ကျန်းရီသည် နတ်ဆိုးသားရဲဘုရင် ရှေ့ဆက်တိုးမလာရဲကြောင်း မြင်သည့်အခါ စိတ်အေးသွားခဲ့သည်။ သူသည် ငြိမ်မနေတော့ဘဲ ဆက်လက်နေရာရွှေ့ပြောင်းလိုက်သည်။ သူသည် ဤတစ်ခေါက်တွင် အဝေးကြီးသို့ နေရာမရွှေ့ပြောင်းဘဲ တစ်ကြိမ်လျှင် သုံးကီလိုမီတာခန့်စီဖြင့် ဖြည်းဖြည်းချင်း ရှေ့တိုးသွားနေခဲ့သည်။
"ဟူး..."
ငါးကြိမ်၊ ခြောက်ကြိမ်ခန့် နေရာရွှေ့ပြောင်းပြီးနောက် နတ်ဆိုးသားရဲဘုရင် ဆက်မလိုက်တော့ကြောင်း သူသေချာသွားခဲ့သည်။ ထိုအခါမှ သူသက်ပြင်းချနိုင်သည်။
"အမ်"
မကြာခင်တွင် ပြဿနာအား သူတွေ့သွားခဲ့သည်။ ရေပြင်သည် လုံးဝမဲမှောင်နေခဲ့ပြီး မကောင်းသည့်အငွေ့အသက်တို့လည်း ရှိနေလေသည်။ ထို့ပြင် မိုးကြိုးများအားလုံးမှာ တစ်နေရာထဲသို့ ဆက်တိုက်ပစ်ချနေကြခြင်းပင်။
"ဒါက သာမန်မိုးကြိုးမဟုတ်ဘူး။ အဲ့ဒါတွေ ဘယ်လိုဖြစ်လာတာလဲ။ ကောင်းကင်မိုးကြိုးတွေကို တစ်စုံတစ်ယောက် ဒါမှမဟုတ် အင်အားကြီး နတ်ဆိုးသားရဲတစ်ကောင်ကောင်က ဖြစ်စေတာလား...မိုးကြိုးတွေ ကျနေတာကရော ဘယ်လိုနေရာလဲ "
ကျန်းရီသည် လုံးဝ မှင်တက်နေခဲ့သည်။ မိုးကြိုးများ၏ ပန်းတိုင်ကို သူပဟေဋ္ဌိ ဖြစ်နေခဲ့သည်။ ထိုနေရာမှ ဖိအားမှာ အလွန်ပြင်းထန်သည်။
"သွားမယ်"
ကျန်းရီသည် ထိုနေရာသို့ ဆက်မကြည့်ရဲတော့ပေ။ သူသည် နောက်ဘက်ရှိ မူလနေရာ အနီးအနား တဝဲလည်လည်လုပ်နေသည့် နတ်ဆိုးသားရဲဘုရင်အား လှမ်းကြည့်လိုက်ပြီးနောက် မိုးကြိုးများရှိရာသို့ နေရာရွှေ့ပြောင်းလိုက်တော့သည်။
ကျန်းရီ၏ကိုယ် ပြန်ပေါ်လာသည်နှင့် သူ့အောက်မှ ပင်လယ်ရေပြင်သည် လှိုင်းထန်လာခဲ့သည်။ ထို့နောက် ရေမှောပင်များစွာသည် ထိုးထွက်လာခဲ့ပြီး ကျန်းရီအား ဖက်ထုပ်တစ်ထုပ်လို ရစ်ပတ်၍ ရေအောက်သို့ ဆွဲချသွားခဲ့သည်။
"အမ်"
ရေမှော်ပင်များသည် မြန်ဆန်လွန်း၍ ကျန်းရီမှာ လှုပ်ရှားချိန်ပင် မရလိုက်ချေ။ သူသည် အာမေဋိတ်သံ တစ်ခုသာ ပြုလိုက်နိုင်ပြီး မင်ရည်ကဲ့သို့ နက်မှောင်နေသည့် ပင်လယ်အောက်ထဲ ဆွဲချခံလိုက်ရသည်။ မကြာခင်တွင် ရေပြင်မှာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
"ဟွန်း...မင်းက သေမင်းပင်လယ်ပြင်ထဲကို ဝင်သွားရဲတဲ့ သတ္တိရှိတာပဲ။ ကျန်းရီ...မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာ"
ကျန်းရီရှိနေခဲ့သော နေရာနှင့် တောင်ဘက်ကီလိုမီတာ သုံးဆယ်ခန့်အကွာတွင် ခေါင်းတစ်လုံုး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူ၏ ဖြူဖွေးနေသော မျက်နှာထက်တွင် လှောင်ရိပ်များ ရှိနေခဲ့သည်။ သူသည် နှာမှုတ်လိုက်သည်။
"ဟမ့်...ကျန်းရီ...မင်းကိုသတ်ဖို့ ငါတို့ရဲ့ သိဒ္ဓိတင်ဆေးလုံး ဆယ်လုံးတောင် သုံးလိုက်ရတယ်။ ဘာပဲပြောပြော တန်ပါတယ် "
ထို့နောက်တွင် အဆိုပါလူသည် ရေအောက်သို့ ပြန်ငုပ်လျှိုးသွားခဲ့သည်။ ထူးဆန်းသည်မှာ ကီလိုမီတာ သုံးဆယ်ခန့်သာ ကွာဝေးသောနေရာမှ နတ်ဆိုးသားရဲဘုရင်သည် ထိုလူအား လုံးဝသတိမပြုမိခြင်းပင်။ နတ်ဆိုးသားရဲဘုရင်သည် ကျန်းရီ ရေအောက်ထဲ ဆွဲချခံလိုက်ရကြောင်း မြင်လိုက်သောအခါ အနီးအနားတွင် စုန်ချည်ဆန်ချည် ရေကူးခတ်လိုက်ပြီး ပင်လယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဝုန်း...ဝုန်း...ဝုန်း...
လူသူမနီးသော ပင်လယ်ပြင်ထဲတွင် မိုးကြိုးများသည် ညကောင်းကင်ကို ဖြိုခွင်း၍ ဆက်လက်ကျဆင်းနေခဲ့သည်။ မြင်ကွင်းမှာ တိတ်ဆိတ်နေသာ ညလယ်တွင် အလွန်ခြောက်ခြားစရာ ကောင်းနေခဲ့သည်။
*****