ပင်လယ်ရေအောက် ကြမ်းပြင်မှ ရှေးဟောင်းခေါင်းတလား
Vol. 1 Ch. 384
သေမင်းပင်လယ်ပြင်သည် နယ်မြေတွင် သိပ်မကျော်ကြားပေ။ သို့သော်လည်း မြောက်ဘက်မန့်နိုင်ငံ၊ မြောက်ဘက်လျန်နိုင်ငံနှင့် ကြယ်တံခွန်ကျွန်းတွင် အလွန်ကျော်ကြားသည်။
ထိုပင်လယ်ပြင်နယ်နိမိတ်သည် သိပ်မကြီးမားပဲ အချင်းဝက် မိုင်၅၀၀၀ပတ်လည်သာ ကျယ်ဝန်းသည်။ ၎င်းသည် နှစ်နှစ်အတွင်းတွင် ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး ပင်လယ်ထဲသို့ သွားကြသူများမှာ သိပ်မများပေ။ ထို့ကြောင့် ထိုပင်လယ်ပြင်နယ်နမိတ်အား လူအများစုက မသိကြပေ ။ နိုင်ငံနှစ်နိုင်ငံမှ အရေးပါသူများနှင့် ကြယ်တံခွန်ကျွန်းမှ လူများသာ ထိုအကြောင်းကို သိကြသည်။
ထိုနယ်နမိတ်သည် အကြောင်းအရင်းတစ်ခုကြောင့် သေမင်းပင်လယ်ပြင်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်သွားကြသော လူသားများ၊ နတ်ဆိုးသားရဲများ မည်သူမဆို ချွင်းချက်မရှိ သေကြရသည်။ လွန်ခဲ့သောနှစ်နှစ်က ရှားထင်ဝေ့သည် မိန်းမစိုးလင်း ဦးဆောင်သည့် စိတ်ဝိဉာဉ် မျောလွင့်ခရီးသည်အဆင့် လူတစ်အုပ်ကို စေလွှတ်၍ ထိုနေရာအား လေ့လာခိုင်းခဲ့သည်။သို့သော်လည်း မိန်းမစိုးလင်းမှတစ်ပါး လူအားလုံး သေဆုံးသွားခဲ့သည်။
ထိုသည်မှာလည်း မိန်းမစိုးလင်းသည် ဝင်မသွားခဲ့သောကြောင့် ဖြစ်သည်။ သူသည် အထဲသို့ မဝင်ရဲပဲ ကျန်သူများ သေဆုံးသွားသည်ကိုသာ ရပ်ကြည့်နေခဲ့သည်။ မိန်းမစိုးလင်းသည် သူဝင်သွားလျှင် သူပါသေဆုံးသွားမည်ဖြစ်ကြောင်း အလိုလို ခံစားမိနေခဲ့သည်။
တကယ်တမ်းတွင် ကြယ်တံခွန်ကျွန်း၏သခင်မ၊ နယ်မြေ၏နံပါတ်တစ် ရွှေယို့လန်သည်လည်း ထိုနေရာသို့ သွားခဲ့ဖူးသည်။ နောက်ဆုံးတွင် သူမသည် အထဲသို့ ဝင်မသွားခဲ့ဘဲ အပြင်မှသာ တစ်ပတ်ပတ်ကြည့်ခဲ့သည်။ သူမပြန်လာပြီးနောက်တွင် ဘာမှမပြောခဲ့ဘဲ ကြယ်တံခွန်ကျွန်းမှ လူများကို ထိုနေရာသို့ မသွားရဟုသာ တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့သည်။
ထိုပင်လယ်နယ်နမိတ်သည် အလွန်ထူးဆန်းလှသည်။
နေ့ဘက်တွင် ၎င်းသည် အလွန်ငြိမ်သက်၍ တိတ်ဆိတ်နေသည် တစ်ခုတည်းသော ကွာခြားချက်မှာ ထိုနေရာမှ ရေများသည် လုံးဝ နက်မှောင်နေခဲ့ခြင်းဖြစ်သည်။ ထိုနေရာရှိ ရေပြင်အောက်ကို မမြင်ရသလို ကောင်းကင်စိတ်အာရုံဖြင့်လည်း ကြည့်၍မရပေ။ ညအချိန်တွင် ထိုနေရာသို့ ထပ်ကာထပ်ကာ ကျဆင်းနေသော မိုးကြိုးများ ရှိနေလိမ့်မည်။ ထိုနေရာ၏ ထူးဆန်းချက်မှာ ကမ်းကုန်လေသည်။
ကျန်းရီသည် ပင်လယ်ပြင်သို့ တစ်ခါမှ မရောက်ဖူးခဲ့သလို မည်သူကမှလည်း သူ့အား ထိုနေရာအကြောင်း ပြောမပြခဲ့ဖူးပေ။ လက်ရှိအချိန်သည် ညလယ်ဘက်ကြီးဖြစ်သည်။ သူ့နောက်မှ နတ်ဆိုးသားရဲဘုရင် တစ်ကောင်ကလည်း အသည်းအသန်လိုက်လာနေရာ ရွေးချယ်စရာမရှိတော့ဘဲ ထိုနေရာသို့ ဝင်သွားရတော့သည်။
သူဝင်မသွားလျှင် သေရလိမ့်မည်။ ယခု သူဝင်လာပြီးနောက်တွင်လည်း သေရတော့မည်ဟု ခံစားနေရပြန်သည်။ သူ့အား ထူးဆန်းသည့် ပင်လယ်မှော်တစ်မျိုးက လာရောက်ရစ်ပတ်၍ ရေအောက်သို့ ဆွဲချသွားခဲ့သည်။ ပင်လယ်ပြင်သည် မဲမှောင်နေခဲ့ပြီး သက်ရှိတစ်ကောင်တစ်လေမှ ရှိမနေပေ။ သူတစ်ကိုယ်လုံးသည် ချည်နှောင်ခံထားရပြီး လှုပ်ရှား၍မရခဲ့ပေ။
အဆိုးဆုံးမှာ နေရာ ရေ့ွှပြောင်း၍ မရတော့ခြင်း ဖြစ်သည်။
ဒီရေမှော်ပင်တွေက ဘာတွေလဲ။ ဘာလို့ ငါနေရာရွှေ့ပြောင်းလို့မရတာလဲ။ ငါ့စိတ်ဝိဉာဉ်စွမ်းအားကပဲ ပိတ်ဆို့ခံထားရတာလား။ ဒါမှမဟုတ် ဒီနေရာတစ်ခုလုံးကပဲ တားမြစ်နယ်မြေဖြစ်နေတာလား...
ကျန်းရီသည် ရုန်းကန်ကြည့်သော်လည်း သူ့အားရစ်ပတ်ထားသည့် ရေမှော်ပင်တို့မှာ ပိုမိုတင်းကြပ်လာခဲ့သည်။ လက်ရှိအခြေအနေတွင် သူသုံးနိုင်သည့်တစ်ခုတည်းသောအရာမှာ မီးဝိဉာဉ်ပုလဲသာ ဖြစ်သည်။ မီးဝိဉာဉ်ပုလဲသည် တောက်ပလာခဲ့ပြီး ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ သူသည် ပင်လယ်မှော်များကို ကမ္ဘာ့မီးလျှံများနှင့် မီးရှို့ပစ်ရန် ကြိုးစားလိုက်သည်။
ကမ္ဘာ့မီးလျှံများသည် အလွန်ကြောက်စရာ ကောင်းလှသည်။ ဘေးပတ်လည်မှ ပင်လယ်ရေများသည် ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့မိသောအခါ အဖြူရောင်အငွေ့များ ထွက်ပေါ်လာကြပြီး အပေါ်သို့ ဆန်တက်ကုန်ကြသည်။ သို့သော် ထိုသည်မှာ ရလဒ်အကုန်ဖြစ်သည်။ ပင်လယ်မှော်များသည် ကမ္ဘာ့မီးလျှံများ လောင်ကျွမ်းသွားသော်လည်း ဖျက်စီးခံရမည့် အရိပ်အယောင် လုံးဝမရှိပါချေ။ ကျန်းရီသည် စိတ်ထဲတွင် ခါးသီးစွာ ကျိန်ဆဲလိုက်သည်။ သူသည် မီးဝိဉာဉ်ကျောက်တုံး အတော်များများကို ဖြုန်းတီးပစ်ခဲ့သည်။ မီးဝိဉာဉ်ကျောက်တုံး အနည်းငယ် ချန်ထားခဲ့ပါလျှင် ဤအခြေအနေမှ သူအလွယ်တကူ လွတ်မြောက်နိုင်လောက်သည်။
ဝုန်း...ဝုန်း...
ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာခဲ့ပြန်သည်။ မိုးကြိုးခုနှစ်ခု၊ ရှစ်ခုခန့်သည် ပင်လယ်ထဲသို့ လျှပ်စီးမြွေလေးများပမာ ဝင်လာကြပြီး မကြာခင်တွင် မိုးကြိုးနဂါးကြီးတစ်ကောင်ပမာ စုစည်းသွားကာ ပင်လယ်ရေအောက်ကြမ်းပြင်သို့ ထိုးဆင်းသွားခဲ့သည်။ ကျန်းရီသည် မိုးကြိုးတန်းကြီး စီးဆင်းသွားရာ နေရာသို့ လှမ်းကြည့်လိုက်သောအခါ အလင်းစက်လေးတစ်ခုကို မြင်လိုက်ရသည်။
အလင်းစက်...
ကျန်းရီသည် ရေအောက်ကြမ်းပြင်သို့ အကြည့်ပို့လိုက်မိသည်။ ပင်လယ်ရေမှော်များသည် ထိုနေရာမှ လာကြခြင်းဖြစ်သည်။ ကြောက်စရာကောင်းစွာ သူ့စိတ်ဝိဉာဉ်အနက်ရှိုင်းဆုံး နေရာမှ လာသည့် မသက်မသာဖြစ်မှုသည် ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအလင်းစက်လေးသည် ရက်စက်သော သားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးအလားပင်။ သူအနီးရောက်သွားသည်နှင့် ၎င်းသည် သူ့အား အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်ပေလိမ့်မည်။
ငါဘာလုပ်ရမလဲ...
သူ့စိတ်သည် အဖြေအမျိုးမျိုးအား တွေးကြည့်နေခဲ့သည်။ အဆုံးတွင် ဟဲလောင်အား အပြင်ထုတ်၍ ပင်လယ်ရေမှော်များထံမှ ရုန်းထွက်နိုင်ရန် အတူစဉ်းစားကြရုံအပြင် အခြားနည်းလမ်း သူမတွေးမိသည်။
ပြဿနာရှိသည်မှာ ဟဲလောင်သည်လည်း ပင်လယ်ရေမှော်များအား ဖျက်ဆီးနိုင်ပါမည်လော။ သူမလုပ်နိုင်၍ သူပါ ချည်နှောင်ခံလိုက်ရလျှင် အခြေအနေများ ပိုဆိုးကုန်လိမ့်မည်။
သူ့အတွင်းအားများကို အသုံးပြု၍ မရပေ။ ထို့ကြောင့် ဟဲလောင်ကို အပြင်ထုတ်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ မြစိမ်းကြည်လင်ပန်းအိုးကို မီးဝိဉာဉ်ပုလဲထဲမှ ထုတ်၍ ချက်ချင်းခွဲပစ်လိုက်ရမည်။ ထိုအခါမှ ဟဲလောင်အပြင်ရောက်လာလိမ့်မည်။ သို့သော် ကျန်းရှောင်နူသည်လည်း အပြင်ရောက်လာပေလိမ့်မည်။ ထို့ပြင် သူမတွင် အင်အားမရှိရာ ရေနစ်သွားနိုင်သည်။
ထို့ကြောင့် ကျန်းရီသည် အကြံကုန်နေပြီဖြစ်ပြီး သူ့အား ရေမှော်ပင်များ အလင်းစက်ရှိနေသောနေရာသို့ ဆွဲခေါ်သွားသည်ကိုသာ ကြည့်နေရလေသည်။
ထိုအလင်းစက်လေးသည် ရေအောက်ကြမ်းပြင်တွင်ဖြစ်သည်။ ပင်လယ်ရေမှော်များသည် ကျန်းရီအား ပိုမိုဆွဲချသွားခဲ့သည်နှင့်အမျှ အလင်းစက်လေးမှာ ပိုမိုကြီးမားလာခဲ့သည်။ အလင်းစက်လေးမှသည် အလင်းလုံးလေးတစ်ခု ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင်တော့ အလင်းရောင်များ ဖြာထွက်နေသည့် အကာအကွယ်တစ်ခုဖြစ်နေမှန်း ကျန်းရီတွေ့လိုက်ရသည်။
"ဟမ်..."
ကျန်းရီ၏ မျက်လုံးများသည် ချက်ချင်းပြူးကျယ်သွားခဲ့ပြီး သူ့မျက်နှာပေါ်မှ ပျက်ယွင်းနေသော အမူအရာသည် ရှော့ရသွားသည့် မျက်နှာအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူ့စိတ်သည် ဗလာဖြစ်သွားခဲ့သည်။ မြင်ကွင်းမှာ သူမြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး မြင်ကွင်းဟုပင် ပြောနိုင်လေသည်။
သူ့အောက်မှ ရေအောက်ကြမ်းပြင်သည် ညီညာပြန့်ပြူးနေခဲ့သည်။ ညီညာနေသော ရေအောက်ကြမ်းပြင်၏ အထက်တွင် စက်ဝိုင်းခြမ်းပုံ အလင်းရောင်အလွှာတစ်ခု ရှိနေခဲ့သည်။ ထိုအလွှာသည် စုန်းနတ်ဘုရား၏ ရှေးဟောင်းအကာအကွယ် ဝင်္ကပါနှင့် ဆင်တူပြီး ရေအောက်ကြမ်းပြင်ပေါ်တွင် မှောက်ခုံအနေအထား ရှိနေခဲ့သည်။ ၎င်းမှ အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေခဲ့ပြီး နက်မှောင်နေသော ရေအောက်ကြမ်းပြင်အား အလင်းပေးထားသည်။
ပင်လယ်ရေအောက်ကြမ်းပြင်မှ အကာအကွယ်အလွှာတစ်ခု...ထိုအရာသည် သူကြောက်သည့်အရာ မဟုတ်ပါချေ။
သူ့ကို ခြောက်ခြားစေသည့်အရာမှာ အကာအကွယ်အလွှာ၏ အလယ်တွင် ပေါလောမျောနေသည့် အနက်ရောင် ရှေးဟောင်း ခေါင်းတလားကြီးတစ်ခု ဖြစ်သည်။ ခေါင်းတလားတွင် အဖုံးမရှိပေ။ အထဲတွင် အဝတ်မပါသည့် လှပသော အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။ ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးများသည် အကာအကွယ်အလွှာအတွင်း ဝင်ရောက်သွားကြပြီး ခေါင်းတလားကို ထိမှန်ပြီးသည့် ခဏတွင် ပျောက်ကွယ်သွားကြသည်။
ညနက်နက်၊ ပင်လယ်ရေအောက်ကြမ်းပြင်၊ ရှေးဟောင်းခေါင်းတလား၊ အဝတ်မကပ်သည့် မိန်းကလေး၊ မိုးကြိုးများ...ပင်လယ်ရေမှော်များ....
ထူးထူးဆန်းဆန်း အရာများအားလုံးသည် ပေါင်းစပ်သွားကြပြီး ကြက်သီးထစရာကောင်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။ ထိုခဏတွင် ကျန်းရီသည် အလင်းလွှာဆီ ဆွဲခေါ်ခံလိုက်ရသည်။ သူ့တွင် ခုခံရန်နည်းလမ်းမရှိဘဲ ဖြစ်လာသမျှကိုသာ ကြောင်တောင်ကြည့်နေရလေသည်။
အား...အရိုးတွေ အများကြီးပဲ...
ရှေးဟောင်းခေါင်းတလား၏ အောက်သို့ အကြည့်ရောက်သွားသောအခါ ကျန်းရီမှာ ပို၍ ခြောက်ခြားသွားရသည်။ ခေါင်းတလား၏အောက်တွင် ပင်လယ်ရေမှော်များသည် အရိုးများအား ရစ်ပတ်၍ ရှိနေကြသည်။ အချို့အရိုးများသည် လူရိုးများ ဖြစ်ကြပြီး အရိုးအချို့မှာ နတ်ဆိုးသားရဲအရိုးများ ဖြစ်ကြသည်။ အရေအတွက်မှာ ရေတွက်ကြည့်ရန်ပင် များပြားလွန်းနေသည်။
အလင်းလွှာထဲရှိ နေရာတိုင်းတွင် အရိုးများ၊ ပင်လယ်ရေမှော်များက နေရာယူထားသည်။ ၎င်းတို့အကြားတွင် တိုက်ခိုက်ထားသည့် လက္ခဏာများ လုံးဝမရှိချေ။ အဓိပ္ပာယ်မှာ ရေအောက်သို့ ဆွဲချခံရသည့် လူများ၊ ပင်လယ်နတ်ဆိုးသားရဲများ အားလုံးသည် ဘာမှမလုပ်နိုင်ဘဲ သေရမည်ကိုသာ စောင့်နေကြရသည်ဟု ဆိုလိုသည်။
အဲဒီ အရိုးစု...
ကျန်းရီသည် နဂါးပုံစံ အရိုးစုကြီးတစ်ခုထံ အကြည့်ရောက်သွားခဲ့သည်။ ၎င်းသည် ဆယ်မီတာခန့် အကျယ်ရှိပြီး နှစ်ဆယ့်ငါးမီတာခန့် မြင့်မားသည်။ ၎င်း၏အရွယ်အစားအရ အရိုးစုသည် ဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်သည့် ပင်လယ်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်မှာ သေချာသည်။
နတ်ဆိုးသားရဲ ဘုရင်တစ်ကောင်တောင် မလွတ်မြောက်နိုင်ခဲ့ခြင်း...
ကျန်းရီသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ နတ်ဆိုးသားရဲ ဘုရင်တစ်ကောင်တောင် သေပါလျှင် သူမည်သို့ အသက်ရှင်ပါတော့မည်နည်း။ ခေါင်းတလားထဲမှ မိန်းကလေးသည် မည်သူနည်း။ အဘယ့်ကြောင့် သူမသည် ရေအောက်ကြမ်းပြင်သို့ ရောက်နေခဲ့သနည်း။ အဘယ့်ကြောင့် သူမသည် အဝတ်ဗလာဖြစ်နေရသနည်း။ သူမသည် မိုးကြိုးများကို ဖိတ်ခေါ်နေသည့်သူလော။ ပင်လယ်ရေမှော်များအား သူမထိန်းချုပ်ထားသည်လော။ သူဘာဖြစ်သွားလိမ့်မည်နည်း။
မေးခွန်းပေါင်းများစွာသည် သူ့ရင်ထဲတွင် ထွက်ပေါ်လာခဲ့သော်လည်း သူ့အား အဖြေပေးမည့်သူ ရှိမနေခဲ့ပေ။ သူ့ကိုယ်သည် ရေပြင်အား ပိုင်းခြားထားပြီး လေများသာရှိသည့် အကာအကွယ်အလွှာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ အနည်းဆုံးတော့ သူရေမွန်း၍ သေလိမ့်မည်မဟုတ်။
ဘန်း...
သူ့ကိုယ်သည် ရေအောက်ကြမ်းပြင်ရှိ အရိုးများဘေးသို့ ကျသွားခဲ့သည်။ ပင်လယ်ရေမှော်များမှာ မရွေ့လျားကြတော့ပေ။ ကျန်းရီသည် ကိုယ်ကို လှုပ်ကြည့်လိုက်သော်လည်း ရေမှော်များက သူ့အား ပို၍တင်းကြပ်စွာ ရစ်ပတ်လာကြသည်။ ကျန်းရီသည် အရိုးများ ကျိုးသွားတော့မည်ဟု ခံစားမိလိုက်သည့်အတွက် ထပ်မံမလှုပ်ရှားရဲတော့ပေ။ ကျန်းရီသည် ခေါင်းအထက်မှ အလင်းရောင်အလွှာ၊ လေထဲတွင် ပေါလောဖြစ်နေသည့် ခေါင်းတလားနှင့် ဘေးပတ်လည်မှ မည်းမှောင်နေသည့် ပင်လယ်ရေများကိုကြည့်ရင်း စိတ်ရှုပ်သလို ခံစားလာရသည်။
ထိုခဏတွင် သူ့ကိုယ်သည် နာကျင်ခြင်း မရှိသော်လည်း သူ့ဘေးပတ်လည်ရှိ အရိုးစုများက သူ့အား မရပ်မနား အသိပေးနေခဲ့သည်။
သူမလွတ်မြောက်နိုင်တော့။ သူအသက်မရှင်နိုင်တော့။ သူဤနေရာတွင်သာနေ၍ သေရမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေရတော့မည် ဟူ၍...
*****