← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆) - လက်သီး နှစ်ချက်

~"ကြည့်စမ်း၊ သေလမ်းရှာနေတာပဲ..."

"နန်းတော်သခင်ကို ဒေါသထွက်အောင် လုပ်မိမှတော့ အဲ့ဒီလူ အဆုံးသတ်မကောင်းတော့ဘူး..."

"နန်းတော်သခင်က သဘောကောင်းတဲ့လူလို့ ငါ တစ်ခါမှ မထင်ခဲ့ဖူးဘူး..."

"ငါလည်း အတူတူပဲ... နန်းတော်သခင်က ရန်စတာကို သည်းခံလေ့မရှိဘူး..."

ဖုန်းဝူချန် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် လျိုချင်းယန်၊ ပေတိုယန်နှင့် နဂါးနတ်ဘုရား နန်းတော်မှ ညီအစ်ကိုများ အားလုံး၏ မျက်နှာပေါ်တွင် "မင်းတော့ သေပြီသာမှတ်" ဟူသော အပြုံးများ ပေါ်လာကြသည်။

ဖုန်းဝူချန်၏ အစစ်အမှန် ခွန်အားကို သူတို့က အသိဆုံး မဟုတ်ပါလော။ ကျိုးယီ ဆိုသော လူသည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ပေ။

သို့သော် ဘေးမှ ကြည့်နေကြသော အခြားကျင့်ကြံသူများကတော့ ထိုသို့ မထင်ကြပေ။

"ကောင်းကင်ဘုံလူသား ပထမအလွှာပဲ ရှိသေးတာ... တိုက်ခိုက်စွမ်းရည်က ဒုတိယအလွှာ အထွတ်အထိပ်ကို ရောက်နေရင်တောင်မှ တတိယအလွှာကို ဘယ်လိုလုပ် နိုင်မှာလဲ..."

"လူငယ်လေးက စိတ်လိုက်မာန်ပါ လုပ်လွန်းတာပဲ... ကျိုးယီက နဂါးနတ်ဘုရား နန်းတော်ကို ဝါးမြိုချင်လို့ တမင် ရန်စနေတာလေ... ကျိုးယီရဲ့ စွမ်းအားနဲ့ဆိုရင် နန်းတော်သခင်ဖုန်း တစ်ယောက် လက်သီးတစ်ချက်တောင် ခံနိုင်ပါ့မလား မသိဘူး..."

"အင်အားက နည်းလွန်းတယ်လေ... ပျက်စီးဖို့က အချိန်မရွေးပဲ..."

အခြား အင်အားစုများမှ ကျင့်ကြံသူများသည် သက်ပြင်းချသူကချ၊ အထင်သေးသူကသေးနှင့် အမျိုးမျိုး ဝေဖန်နေကြသည်။

သူတို့သည် ဖုန်းဝူချန်၏ ခွန်အား အစစ်အမှန်ကို မသိကြပေ။ သိခဲ့လျှင် ဤမျှ အထင်သေးရဲကြမည် မဟုတ်ပေ။

"အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်လား... ဒါ မင်းရဲ့ ယုံကြည်မှုပေါ့လေ..."

ဖုန်းဝူချန်၏ လက်အိတ်ကို ကြည့်ရင်း ကျိုးယီက မထီမဲ့မြင် ပြောလိုက်သည်။ ဖုန်းဝူချန်ကို မျက်လုံးထဲတွင် အမှိုက်စကလောက်ပင် သဘောမထားပေ။

ဖုန်းဝူချန်ကတော့ သူ့စကားကို ဂရုမစိုက်။ သူ့မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များသာ ပြည့်နှက်နေသည်။

"ဘုန်း..."

"ဝီ... ဝီ..."

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် နှစ်ယောက်သား ပြင်းထန်စွာ ဝင်ဆောင့်မိကြသည်။ လက်သီးချင်း ယှဉ်ထိုးလိုက်သည့် အသံက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ စွမ်းအားလှိုင်းများက လေဟင်းလင်းပြင်ကြီးကို တုန်ခါသွားစေသည်။

ပြင်းထန်သော ထိတွေ့မှုသည် လူတိုင်း ထင်မှတ်ထားသလို ဖုန်းဝူချန် လွင့်စင်သွားခြင်းမျိုး မဖြစ်ခဲ့ပေ။

ဖုန်းဝူချန်သည် ကျိုးယီ၏ ပြင်းထန်သော စွမ်းအားကို တည်ငြိမ်စွာပင် တားဆီးထားနိုင်ခဲ့သည်။

"မင်း... မင်းက ငါ့ရဲ့ စွမ်းအားကို တားနိုင်တယ် ဟုတ်လား..."

ကျိုးယီ၏ မျက်နှာပေါ်တွင် အံ့ဩခြင်းနှင့် မယုံကြည်နိုင်ခြင်းများ အထင်းသား ပေါ်လာသည်။

ဘေးမှ ကြည့်နေကြသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ဖုန်းဝူချန်က ကျိုးယီကို အေးစက်စွာ စိုက်ကြည့်ရင်း ခံစားချက်မပါသော လေသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားရဲ့ စွမ်းအားက ဒီလောက်ပဲလား... ကျုပ်က စွမ်းအား ၆၀ ရာခိုင်နှုန်းပဲ သုံးရသေးတာနော်..."

"ဘာ... ၆၀ ရာခိုင်နှုန်းပဲ သုံးရသေးတယ် ဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးယီ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

ဖုန်းဝူချန်၏ စွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်။ နဂါးနတ်ဘုရား နန်းတော်နှင့် ပတ်ဝန်းကျင် တောင်တန်းများပါ သိမ့်သိမ့်တုန်သွားရလေသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ကျိုးယီ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ ကောင်းကင်ဘုံလူသား ပထမအလွှာမျှသာ ရှိသော လူငယ်လေးတစ်ယောက်က ဒီလောက် ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။

"စွမ်းလိုက်တဲ့ အရှိန်အဝါ... နန်းတော်သခင်ဖုန်းရဲ့ စွမ်းအားတွေ တက်လာပြန်ပြီ..."

"နန်းတော်သခင်ဖုန်းက သူ့စွမ်းအားကို ဖုံးကွယ်ထားတာပဲ... သူ့အရှိန်အဝါက ကောင်းကင်ဘုံလူသား တတိယအလွှာကိုတောင် ရောက်နေပြီ..."

"မယုံနိုင်စရာပဲ... ပထမအလွှာကနေ တတိယအလွှာ စွမ်းအားကို ထုတ်သုံးနိုင်တယ်တဲ့လား..."

ကြည့်ရှုသူများအကြားတွင် အာမေဋိတ်သံများ ဆူညံပွက်လောရိုက်သွားသည်။

"ဘုန်း..."

"ဂွပ်..."

"အွတ်..."

ပြင်းထန်သော စွမ်းအား ပေါက်ကွဲထွက်လာသည့် တစ်ခဏ၌ ပေါက်ကွဲသံကြီးနှင့်အတူ အရိုးကျိုးသံပါ ထွက်ပေါ်လာသည်။

ကျိုးယီ၏ မျက်နှာ ဖြူဖျော့သွားပြီး သူ့လက်မောင်းမှတဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းသွားသော နာကျင်မှုကြောင့် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

"အား..."

လက်မောင်းမှ သည်းမခံနိုင်သော နာကျင်မှုကြောင့် ကျိုးယီ နာနာကျင်ကျင် အော်ဟစ်လိုက်မိသည်။

လက်သီးတစ်ချက်... ထိုလက်သီးတစ်ချက်တည်းဖြင့် ဖုန်းဝူချန်သည် ကျိုးယီ၏ လက်မောင်းရိုးကို ချိုးပစ်လိုက်ပြီး အကြီးအကျယ် ဒဏ်ရာရစေခဲ့သည် မဟုတ်ပါလော။

"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."

ကျိုးယီ၏ ရင်ထဲတွင် အကြောက်တရားများ ကြီးစိုးလာလေပြီ။

ကောင်းကင်ဘုံလူသား ပထမအလွှာ လူငယ်လေးတစ်ယောက်က သူ့လို တတိယအလွှာ စွမ်းအားရှင်ကို လက်သီးတစ်ချက်တည်းနှင့် ဒုက္ခပေးနိုင်သည် ဆိုတာကို သူ ဘယ်လိုမှ လက်မခံနိုင်ပေ။

"ခင်ဗျား ပေးဆပ်ရမယ့် တန်ကြေး ရှိတယ်လို့ ကျုပ် ပြောသားပဲ..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။

"ကောင်စုတ်... မင်းက ငါ့လက်မောင်းကို ချိုးရဲတယ်ပေါ့..."

ကျိုးယီက နာကျင်မှုကို အံကြိတ်ခံရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"လက်မောင်း ချိုးရုံတင် မဟုတ်ဘူး... ခင်ဗျားရဲ့ ခွေးအသက်ကိုပါ ကျုပ် ယူဦးမှာ... နဂါးနတ်ဘုရား နန်းတော် ဆိုတာ ခင်ဗျားလို အမှိုက်တွေ လာရှုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး ဆိုတာ သိသွားစေရမယ်..."

ဖုန်းဝူချန်၏ အသံသည် ငရဲမှ လာသကဲ့သို့ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

"မင်း လုပ်ရဲလား..."

ကျိုးယီက ခြိမ်းခြောက်လိုက်သည်။

"မင်း ငါ့ကို သတ်ရင်... မီးတိမ်တိုက် နန်းတော်က မင်းတို့ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို မြေလှန်ပစ်မှာ..."

"ဘုန်း..."

"အွတ်..."

ကျိုးယီ၏ ခြိမ်းခြောက်မှုက ဖုန်းဝူချန်အတွက် ယင်ကောင် တစ်ကောင် ညည်းသံလောက်ပင် အရာမဝင်ပေ။ ဖုန်းဝူချန်သည် တွေဝေခြင်း အလျဉ်းမရှိဘဲ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။

ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်းဝူချန်၏ လက်သီးသည် ကျိုးယီ၏ ရင်ဘတ်တည့်တည့်သို့ ဝင်ဆောင့်သွားသည်။ ကျိုးယီမှာ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး အမြောက်ဆန်ပမာ နောက်သို့ လွင့်စင်သွားကာ တစ်ကီလိုမီတာလောက် ဝေးသော တောင်တန်းများကြားသို့ ပြုတ်ကျသွားလေသည်။

"ရှီး..."

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားကြောင့် အားနည်းသူများမှာ ဒူးများပင် တုန်ခါကုန်ကြသည်။

ဖုန်းဝူချန်၏ ထိုလက်သီးချက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရထားသော ကျိုးယီသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ချေပြီ။

ကျိုးယီ၏ ရင်ဘတ်တွင် လက်သီးရာကြီး ချိုင့်ဝင်နေပြီး မျက်လုံးများ ပြူးကျယ်လျက် အသက်ဝိညာဉ် ကင်းမဲ့နေပြီ ဖြစ်သည်။

ခဏတာ အတွင်းမှာပင်... ဖုန်းဝူချန်သည် လက်သီးနှစ်ချက်သာ ထိုးလိုက်ရသည်။ ထိုလက်သီးနှစ်ချက်ဖြင့် ကောင်းကင်ဘုံလူသား တတိယအလွှာ စွမ်းအားရှင်တစ်ဦးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သနည်း။

"ကျိုးယီရဲ့ အသက်ရှုသံ... ပျောက်... ပျောက်သွားပြီ..."

"နန်းတော်သခင်ဖုန်းရဲ့ တိုက်ခိုက်စွမ်းရည်က ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား... လက်သီးနှစ်ချက်တည်းနဲ့ တတိယအလွှာကို သတ်လိုက်တာလား..."

"ကျိုးယီက တကယ့်ကို သေလမ်းရှာတာပဲ..."

"ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းအားကြီးတာ... နန်းတော်သခင်ဖုန်းက သေချာပေါက် ပါရမီရှင်ပဲ..."

ကြည့်ရှုသူများ အားလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ ရလဒ်က သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေသည် မဟုတ်ပါလော။

ပထမအလွှာက တတိယအလွှာကို ဒီလောက် လွယ်လွယ်ကူကူ သတ်ပစ်လိုက်နိုင်သည် ဟူသော အချက်ကို သူတို့ ယုံရခက်ကြီး ဖြစ်နေကြသည်။

"ကျုပ်ပြောတဲ့ တန်ကြေးဆိုတာ လက်မောင်းတစ်ဖက်တည်း မဟုတ်ဘူး... ခင်ဗျားရဲ့ ခွေးအသက်ပါ ပါတယ်..."

ဖုန်းဝူချန်က အေးစက်စွာ ရေရွတ်လိုက်သည်။ ကျိုးယီကို သတ်လိုက်ရသည့်အတွက် နောင်တရခြင်း၊ စိုးရိမ်ခြင်း အလျဉ်းမရှိ။

မီးတိမ်တိုက် နန်းတော်က အင်အားကြီးသည် မှန်သော်လည်း၊ နဂါးနတ်ဘုရား နန်းတော်ထက် သာလွန်သည် မှန်သော်လည်း... ဖုန်းဝူချန် လုံးဝ ဂရုမစိုက်ပေ။

နဂါးနတ်ဘုရား နန်းတော်တွင် 'ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း' ရှိနေသည် မဟုတ်ပါလော။ မီးတိမ်တိုက် နန်းတော်က လက်စားချေချင်လျှင် လာခဲ့လိုက်ပါစေ။ အခင်းအကျင်း၏ စွမ်းအားကို မြည်းစမ်းခိုင်းလိုက်မည်။

ဖုန်းဝူချန်သည် သည်းခံတတ်သော်လည်း ရန်သူက ခေါင်းပေါ်တက်နင်းလာလျှင်တော့ လုံးဝ ခွင့်လွှတ်မည့်သူ မဟုတ်ပေ။

ထို့အပြင်... တစ်ခါတစ်ရံတွင် မိမိ၏ အင်အားကို ထုတ်ဖော်ပြသပြီး မကောင်းကြံသူများကို ခြိမ်းခြောက်ထားရန် လိုအပ်သည် မဟုတ်ပါလော။

"နန်းတော်သခင်... သတ်တာ ရှယ်ပဲဗျာ..."

"အဲ့ဒီကောင်က ပါးစပ်အရမ်းသရမ်းတာ... သေသင့်တယ်..."

နဂါးနတ်ဘုရား နန်းတော်မှ လူများ ကျေနပ်အားရစွာ အော်ဟစ်လိုက်ကြသည်။

ဖုန်းဝူချန်က ဘေးမှ ကြည့်နေကြသော ကျင့်ကြံသူများဘက်သို့ လှည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"လူကြီးမင်းတို့... နဂါးနတ်ဘုရား နန်းတော်က ဘယ်အင်အားစုကိုမှ စပြီး ရန်မစပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ကို လာပြီး အနိုင်ကျင့်တာကိုတော့ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး... ကျိုးယီက ထပ်ခါတလဲလဲ ရန်စပြီး စော်ကားပြောဆိုခဲ့လို့သာ ကျွန်တော် သတ်လိုက်ရတာပါ... ဒါ တရားမျှတပါတယ်..."

"နန်းတော်သခင်ဖုန်း ပြောတာ မှန်ပါတယ်..."

လူအများက ခေါင်းညိတ် ထောက်ခံကြသည်။

ဖုန်းဝူချန်၏ အစွမ်းထက်သော ခွန်အားကို မြင်လိုက်ရပြီးနောက် သူတို့အားလုံး နဂါးနတ်ဘုရား နန်းတော်ကို အထင်မသေးရဲကြတော့ပေ။

"နန်းတော်သခင်ဖုန်း... ကျိုးယီကို သတ်လိုက်တော့ မီးတိမ်တိုက် နန်းတော်က ဒီကိစ္စကို ဒီတိုင်း ထားမှာ မဟုတ်ဘူးနော်..."

တစ်ယောက်က သတိပေးလိုက်သည်။

"ကျိုးယီက ကျွန်တော်တို့ကို အကြိမ်ကြိမ် စော်ကားခဲ့တာတောင် ကျွန်တော်က မီးတိမ်တိုက် နန်းတော်ကို သွားပြီး အပြစ်မရှာတာ ကံကောင်းတယ် မှတ်ပါ..."

ဟု ဖုန်းဝူချန်က ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်တော့သည်။

မီးတိမ်တိုက် နန်းတော်က အစွမ်းထက်သည် မှန်သော်လည်း ဖုန်းဝူချန် မကြောက်ပေ။

လာရဲရင် လာခဲ့... အကုန်သတ်ပစ်မည်။

‘မီးတိမ်တိုက် နန်းတော်က မလာဘဲ နေရင်တောင် ငါက လာစေချင်နေတာ... ဒါမှ အနီးအနားက အင်အားစုတွေကို ငါ့အစွမ်း ပြလို့ရမှာ…’

ဖုန်းဝူချန် စိတ်ထဲမှ ကြိတ်ပြုံးလိုက်သည်။

နဂါးနတ်ဘုရား နန်းတော်နှင့် မီးတိမ်တိုက် နန်းတော်တို့၏ တိုက်ပွဲက ရှောင်လွှဲ၍ ရနိုင်တော့မည် မဟုတ်ပေ။

အခန်း (၄၆၇) - ခြင်္သေ့ပါးစပ်ဟခြင်း

~ကြယ်တာရာ လေလံရုံ...

လဝက်အတွင်း ကျန်းကျွင့်လန်၏ ခြေလှမ်းများသည် ဤလေလံရုံသို့ ဦးတည်ခဲ့သည်မှာ ငါးကြိမ်မြောက် ရှိခဲ့ချေပြီ။

ကျန်းမိသားစု၏ သခင်လေး ကိုယ်တိုင် ကြွရောက်လာခြင်း ဖြစ်သဖြင့် လေလံရုံ ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲ သုံးဦးစလုံး ကိုယ်တိုင်ကိုယ်ကျ ခရီးဦးကြို ပြုကြရလေသည်။

ကျန်းကျွင့်လန် ဤမျှ အကြိမ်ကြိမ် အခေါက်ခေါက် လာရောက်နေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ 'သတ္တရောင်ခြယ် လမင်းမြက်' ဟူသော ဆေးဖက်ဝင် အပင်တစ်မျိုးကို ရှာဖွေနေခြင်းကြောင့်သာ။

ထိုဆေးပင်သည် ယန်ရန်၏ ပျက်စီးနေသော သွေးကြောများကို ကုသရန်အတွက် အသက်တမျှ အရေးကြီးလှပေသည်။ ဖုန်းဝူချန် ရေးပေးလိုက်သော ဆေးစာရင်းထဲတွင် အဓိက ပါဝင်ပစ္စည်း တစ်ခုလည်း ဖြစ်သည်။

ဖုန်းဝူချန် လိုအပ်သော ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာထဲတွင် သတ္တရောင်ခြယ် လမင်းမြက် တစ်မျိုးတည်းသာ သတင်းအစအန ပျောက်ဆုံးနေခြင်း ဖြစ်သည်။

သတ္တရောင်ခြယ် လမင်းမြက်သည် အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားလှသဖြင့် ကြယ်တာရာ လေလံရုံကြီး၌ပင် ပစ္စည်းပြတ်လပ်နေသည်။ ကျန်းမိသားစုမှ စွမ်းအားရှင် အများအပြားကို လွှတ်ပြီး ရှာဖွေခိုင်းသော်လည်း အရိပ်အယောင်မျှ မတွေ့ရပေ။ ရှားပါးလွန်းအားကြီးသည်ဟု ဆိုရပေမည်။

ထိုဆေးပင်အတွက်နှင့် ကျန်းကျွင့်လန်သည် လေလံရုံကို အကူအညီတောင်းခဲ့သော်လည်း ယခင်အကြိမ်များက လက်မှိုင်ချပြီးသာ ပြန်ခဲ့ရရှာသည်။

သို့သော်... ဒီတစ်ခါတော့ မတူတော့ပေ။ လေလံရုံမှ သတင်းရရှိသည်နှင့် ကျန်းကျွင့်လန်သည် မိုးမီးလောင်သကဲ့သို့ အလျင်အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။

သတ္တရောင်ခြယ် လမင်းမြက်သာ ရရှိပါက ဖုန်းဝူချန်သည် ယန်ရန်ကို ကုသပေးနိုင်တော့မည်။ ထိုအတွေးဖြင့်ပင် ကျန်းကျွင့်လန်၏ ရင်ထဲတွင် ပျော်ရွှင်မှု လှိုင်းလုံးများ ရိုက်ခတ်နေပြီး၊ ဆေးပင်ကို အခုချက်ချင်းပင် ပိုင်ဆိုင်ချင်နေမိသည်။

ကျန်းကျွင့်လန်နှင့် ယန်ရန်တို့ လေလံရုံထဲသို့ ဝင်ရောက်လာသောအခါ ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲများက စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

"ဥက္ကဋ္ဌကြီး... သတ္တရောင်ခြယ် လမင်းမြက်က ဘယ်မှာလဲဗျာ... မြန်မြန်ပြောစမ်းပါဗျာ..."

ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

ဥက္ကဋ္ဌကြီးက ရိုသေစွာဖြင့် ပြန်ဖြေလေသည်။

"သခင်လေးကျန်း... ကျုပ်တို့ အတော်လေး စုံစမ်းပြီးတဲ့နောက်မှာတော့ ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက်ဆီမှာ နှစ်ခြောက်ဆယ် သက်တမ်းရှိတဲ့ သတ္တရောင်ခြယ် လမင်းမြက် တစ်ပင် ရှိနေတာကို သိလိုက်ရပါတယ်... ဒါကြောင့် အဲ့ဒီလူကို လေလံရုံဆီ ဖိတ်ခေါ်ထားပါတယ်..."

စကားဆုံးသောအခါ ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲများ၏ မျက်နှာထားသည် အနည်းငယ် ရှုပ်ထွေးသွားပုံ ရလေသည်။

"ဘယ်မှာလဲဗျ..."

ကျန်းကျွင့်လန်က မစောင့်နိုင်တော့သလို ထပ်မေးလိုက်သည်။

"ကျုပ် ဒီမှာပါ..."

ခန်းမဆောင်၏ နောက်ဘက်မှ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော်လည်း သူ့ပုံစံက တောအောင်း ပညာရှိကြီး တစ်ဦးအလား ခန့်ညားထည်ဝါနေသည်။

အဘိုးအို၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးရိပ်တစ်ခု သန်းနေပြီး သူက ဆိုလေသည်။

"သခင်လေးကျန်းက သတ္တရောင်ခြယ် လမင်းမြက်ကို အလိုရှိနေတယ်လို့ ကြားပါတယ်..."

"ဟုတ်ပါတယ်... စီနီယာ့ရဲ့ နာမည်ကို မေးမြန်းခွင့် ပြုပါ..."

ကျန်းကျွင့်လန်က သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အတင်းဖိနှိပ်ရင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"ကျုပ်နာမည် ဟန်ခွန်း ပါ..."

အဘိုးအိုက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"ဟန်ခွန်း... ဝူကျိနယ်မြေရဲ့ အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင် ဟန်ခွန်း လား... လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ဝူကျိနယ်မြေရဲ့ ထိပ်သီး ဆဌမ အဆင့် ဆေးပညာရှင် သုံးယောက်လုံးကို အနိုင်ယူခဲ့တဲ့ ဟန်ခွန်း..."

ကျန်းကျွင့်လန် အာမေဋိတ်သံ ထွက်သွားပြီး အံ့ဩသွားမိသည်။ တဆက်တည်းမှာပင် မြှောက်ပင့်စကား ဆိုရန်လည်း မမေ့လျော့ပေ။

ဟန်ခွန်း၏ ဆေးပညာ စွမ်းရည်သည် တကယ်ပင် ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။ လွန်ခဲ့သော ခြောက်နှစ်က ဆေးပညာ ပြိုင်ပွဲတွင် ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူခဲ့ပြီး အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင် ဘွဲ့ကို ရယူခဲ့သူ ဖြစ်သည်။ သတ္တမ အဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူ တစ်ဦးလည်း ဖြစ်ပေသည်။

ထိုပွဲပြီးကတည်းက ဟန်ခွန်း၏ နာမည်သည် ဝူကျိနယ်မြေတွင် မိုးခြိမ်းသံအလား ကျော်ကြားခဲ့သည်။

ကျန်းကျွင့်လန်၏ ချီးကျူးစကားကြောင့် ဟန်ခွန်း၏ မျက်နှာအိုကြီးပေါ်တွင် ကျေနပ်သော အပြုံးများ ပို၍ ပီပြင်လာသည်။ သူသည် မြှောက်ပင့်ခံရခြင်းကို နှစ်သက်သူ ဖြစ်ပုံရသည်။

ဟန်ခွန်းက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။

"နောက်ထပ် နှစ်နှစ်လောက်ဆိုရင်... ကျုပ် သတ္တမ အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်လောက်ပါပြီ၊ ဟဲဟဲ..."

"သတ္တမ အဆင့်..."

ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲများ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။

ဆဌမ အဆင့် ဆေးပညာရှင် ဆိုသည်မှာ ဝူကျိနယ်မြေတွင် နေရာတစ်နေရာ ရထားသူများ ဖြစ်သော်လည်း၊ အရေအတွက်အားဖြင့် မနည်းလှပေ။ သို့သော် သတ္တမ အဆင့် ဆိုသည်မှာတော့ လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။ အဆင့်တစ်ဆင့်သာ ကွာသော်လည်း၊ အဆင့်အတန်း ကွာခြားမှုမှာ မိုးနှင့် မြေကြီးအလား ကွာဟလှပေသည်။

သတ္တမ အဆင့် ဆေးပညာရှင် တစ်ဦးသည် ပြည်မကြီး တစ်ခုလုံးတွင် အလွန်အမင်း တန်ခိုးဩဇာ ကြီးမားပြီး၊ အင်အားကြီး ဂိုဏ်းများနှင့် စွမ်းအားရှင်များ အားလုံးက မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသူများ ဖြစ်သည်။

ကျန်းကျွင့်လန်၏ ချီးကျူးမှုကို ဟန်ခွန်းက အသိအမှတ်ပြုရုံသာမက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် မြှင့်တင် ပြောဆိုနေသည်ကို ကြည့်လျှင် ဤအဘိုးကြီး မည်မျှ မောက်မာကြောင်း သိသာလှ၏။

ဆေးပညာရှင်များ၏ မောက်မာမှုသည် လူတိုင်းသိသော ကိစ္စရပ် ဖြစ်သော်လည်း ဟန်ခွန်း၏ မောက်မာမှုကား အထွတ်အထိပ်သို့ ရောက်နေလေပြီ။

"ဒါဆိုရင် စီနီယာဟန်ခွန်း သတ္တမ အဆင့် ဆေးပညာရှင် အဖြစ် အမြန်ဆုံး ရောက်ရှိပါစေလို့ ကြိုတင် ဂုဏ်ပြုပါတယ်ဗျာ..."

ကျန်းကျွင့်လန်က လိမ္မာပါးနပ်စွာ ဂုဏ်ပြုလိုက်ပြီး လိုရင်းကို ဆက်ပြောလိုက်သည်။

"စီနီယာ... စီနီယာ့လက်ထဲက သတ္တရောင်ခြယ် လမင်းမြက်ကို ဘယ်လိုများ လဲလှယ်လို့ ရမလဲဗျ..."

ဟန်ခွန်းက သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးကို သပ်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"သခင်လေးကျန်း... သတ္တရောင်ခြယ် လမင်းမြက်ရဲ့ ရှားပါးမှုနဲ့ တန်ဖိုးကြီးမားမှုကို ခင်ဗျား သိမှာပါ... ဒါ သာမန် ပစ္စည်း မဟုတ်ဘူး... ဒီဆေးပင်ကို ရဖို့ ကျုပ် အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ရတာ..."

"သတ္တရောင်ခြယ် လမင်းမြက်က တကယ်ကို တန်ဖိုးဖြတ်မရအောင် ရှားပါးပါတယ်..."

ကျန်းကျွင့်လန် ငြင်းစရာ မရှိပေ။ ကျန်းမိသားစု၏ အင်အားဖြင့် လဝက် ကြာအောင် ရှာဖွေတာတောင် မတွေ့ခဲ့ရခြင်းက ဤဆေးပင်၏ တန်ဖိုးကို သက်သေပြနေသည် မဟုတ်ပါလော။

"စီနီယာဟန်ခွန်း... ကျွန်တော် ဒီဆေးပင်ကို တကယ် လိုအပ်နေလို့ပါ... စီနီယာ ဈေးခေါ်ပါ... ရွှေဒင်္ဂါး ဘယ်လောက်ပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး..."

ဟန်ခွန်း ခေါင်းခါလိုက်သည်။

"သခင်လေးကျန်း... ရွှေဒင်္ဂါးတွေက ကျုပ်အတွက် ဘာမှ မက်လောက်စရာ မရှိပါဘူး..."

အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရွှေဒင်္ဂါး ပြတ်လပ်စရာ အကြောင်း မရှိသည်မှာ သေချာသည်။

"ဒါဆို စီနီယာ ဘာလိုချင်ပါသလဲ..."

"ကျန်းမိသားစု ဆိုတာ လက်နက် သွန်းလုပ်တဲ့ မိသားစုလေ... အင်မော်တယ် လက်နက် တစ်ခုလောက်ကတော့ ကျန်းမိသားစုအတွက် ဘာမှ မဟုတ်လောက်ပါဘူး..."

ဟန်ခွန်းက အပြုံးနုနုဖြင့် ပြောလိုက်သည်။

"အင်မော်တယ် လက်နက်..."

ကျန်းကျွင့်လန်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

...ဒီအဘိုးကြီး တကယ့် ခြင်္သေ့ပါးစပ်ဟတာပဲ... လောဘကြီးလိုက်တာ...

သတ္တရောင်ခြယ် လမင်းမြက်သည် ရှားပါးပြီး တန်ဖိုးကြီးသည် မှန်သော်လည်း၊ အင်မော်တယ် လက်နက် တစ်ခုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။ ဆယ်ပုံတစ်ပုံ တန်ဖိုးပင် ရှိမည် မဟုတ်။

အင်မော်တယ် လက်နက် ထားဦး၊ အင်မော်တယ် လက်နက် သွန်းလုပ်ရာတွင် သုံးသော အရင်းအမြစ်များကပင် ဤဆေးပင်ထက် တန်ဖိုးကြီးနေသေးသည်။

ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲများ၏ မျက်နှာထား ရှုပ်ထွေးနေခြင်းမှာ ဟန်ခွန်းက အင်မော်တယ် လက်နက် လိုချင်နေကြောင်း သူတို့ ကြိုသိနေသောကြောင့် ဖြစ်ပေမည်။

"သခင်လေးကျန်း... ဆေးပညာရှင် တစ်ယောက်အနေနဲ့ ဆေးပေါင်းဖို ကောင်းလေ ပိုကြိုက်လေပဲ... ကျုပ်လည်း အင်မော်တယ် အဆင့် ဆေးပေါင်းဖို တစ်လုံးလောက် ပိုင်ဆိုင်ချင်မိတယ်... ဒါက ကျန်းမိသားစုအတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်..."

ဟန်ခွန်းက လိုချင်တာကို တိုက်ရိုက် မပြောဘဲ ဝေ့ဝိုက်ကာ အင်မော်တယ် လက်နက်ကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

"ဒါက..."

ကျန်းကျွင့်လန် အကြပ်ရိုက်သွားသည်။ စိတ်ထဲတွင်တော့ ဒေါသများ ဆူပွက်နေသည်။

...ဆေးပင်လေး တစ်ပင်တည်းနဲ့ အင်မော်တယ် လက်နက် လိုချင်တယ် ဟုတ်လား... ကောက်ကျစ်လိုက်တဲ့ မြေခွေးအိုကြီး...

"ကျွင်းလန်... ဟန်ခွန်းက အခွင့်ကောင်းယူပြီး ဈေးကိုင်နေတာ... လက်မခံနဲ့..."

ယန်ရန်က အသံလှိုင်းဖြင့် တိတ်တဆိတ် သတိပေးလိုက်သည်။

"သခင်လေးကျန်း... အင်မော်တယ် လက်နက် သွန်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ကျုပ်ကိုယ်တိုင် စိုက်ထုတ်ပေးပါ့မယ်... ကျန်းမိသားစုက ပစ္စည်းစိုက်စရာ မလိုပါဘူး..."

ဟန်ခွန်းက ကျန်းကျွင့်လန် တွန့်ဆုတ်နေသည်ကို မြင်တော့ ထပ်ဆင့် ကမ်းလှမ်းလိုက်သည်။

"စီနီယာဟန်ခွန်း... အင်မော်တယ် လက်နက် တစ်ခု ဖန်တီးတယ် ဆိုတာ ပြောသလောက် မလွယ်ကူပါဘူး... သတ္တရောင်ခြယ် လမင်းမြက်က တန်ဖိုးရှိပေမယ့် အင်မော်တယ် လက်နက်နဲ့ ယှဉ်လို့မရပါဘူး... ကျွန်တော့်အဘိုး ကိုယ်တိုင် လုပ်ရင်တောင် အောင်မြင်မယ် မသေချာပါဘူး..."

ကျန်းကျွင့်လန် ခါးသီးစွာ ပြုံးရင်း ငြင်းလိုက်ရသည်။

အင်မော်တယ် လက်နက်၏ တန်ဖိုးကို ကျန်းကျွင့်လန် ကောင်းကောင်း သိသည်။ ယန်ရန် အရေးပေါ် လိုအပ်နေလို့သာ သည်းခံပြီး ပြောဆိုနေရခြင်း ဖြစ်သည်။ အင်မော်တယ် ဆေးပေါင်းအိုး ဆိုသည်မှာ ကျန်းမိသားစုပင် အလွယ်တကူ လုပ်ပေးနိုင်သော အရာမဟုတ်ပေ။

ထိုစကားကို ကြားသောအခါ ဟန်ခွန်း၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ခေါင်းခါလိုက်သည်။

"ဒီလိုဆိုရင်တော့လည်း ကျုပ် အတင်းအကျပ် မလုပ်တော့ပါဘူး... ခွင့်ပြုပါဦး..."

"စီနီယာ... နေပါဦးဗျ..."

ကျန်းကျွင့်လန် အလျင်အမြန် တားဆီးလိုက်သည်။

"ကျွန်တော့်ကို ရက်နည်းနည်းလောက် အချိန်ပေးပါ..."

"သုံးရက်... သုံးရက်နေရင် ကျုပ် ကြယ်တာရာနယ်မြေကနေ ထွက်သွားတော့မယ်... သခင်လေးကျန်း... အခွင့်အရေးကို လက်လွတ်မခံပါနဲ့..."

ဟန်ခွန်းက ခပ်ပြုံးပြုံး ပြောဆိုပြီးနောက် လေလံရုံမှ ထွက်ခွာသွားလေသည်။

"သခင်လေးကျန်း... သတ္တရောင်ခြယ် လမင်းမြက်က အင်မော်တယ် လက်နက်လောက် တန်ဖိုးမရှိပါဘူး... သူ့တောင်းဆိုမှုကို လက်မခံပါနဲ့... ဒီအဘိုးကြီးက အဓိပ္ပာယ်မရှိ ဈေးကိုင်နေတာ..."

ဟန်ခွန်း ထွက်သွားသည်နှင့် ဥက္ကဋ္ဌကြီးက အလျင်အမြန် ဝင်ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်..."

ကျန်းကျွင့်လန် သက်ပြင်းချလိုက်ပြီး ယန်ရန်ကို လှမ်းကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"ဒါပေမဲ့ ယန်ရန်အတွက် ဆိုရင်... အင်မော်တယ် လက်နက် ဆိုတာ ဘာတန်ဖိုး ရှိလို့လဲဗျာ... ယန်ရန်ရဲ့ သွေးကြောတွေကို ကုသပေးနိုင်မယ် ဆိုရင်... ကျွန်တော် ဘာမဆို ပေးဆပ်ရဲတယ်…”

အခန်း (၄၆၈) - စစ်ပွဲအစ

~"ဆရာ့ကိုပဲ အားကိုးရတော့မယ် ထင်တယ်..."

ကျန်းကျွင့်လန်၏ ခေါင်းထဲတွင် ဖုန်းဝူချန်ကိုသာ ချက်ချင်း ပြေးမြင်မိလိုက်သည်။ အင်မော်တယ် လက်နက်ကို သွန်းလုပ်နိုင်သူမှာ ဖုန်းဝူချန်၏ အံ့မခန်း ဆေးပညာနှင့် လက်နက်ပညာ စွမ်းရည်သာ ရှိသည် မဟုတ်ပါလော။

ကျန်းမိသားစုသည် လက်နက်သန့်စင် မိသားစု ဖြစ်ပြီး မိသားစုခေါင်းဆောင်ကြီး ကိုယ်တိုင် သတ္တမ အဆင့် လက်နက်ပညာရှင် ဖြစ်သော်လည်း အင်မော်တယ် လက်နက် ဖန်တီးရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

ဖုန်းဝူချန်သာ လက်စွမ်းပြလိုက်လျှင် အင်မော်တယ် လက်နက် ရရှိရန်မှာ လက်တစ်ကမ်း အကွာအဝေးသာ ရှိတော့သည်။

လေလံရုံမှ ထွက်ခွာလာပြီးနောက် ကျန်းကျွင့်လန်နှင့် ယန်ရန်တို့သည် နဂါးနတ်ဘုရား နန်းတော်ဆီသို့ မိုးမီးလောင်သကဲ့သို့ အလျင်အမြန် ထွက်ခွာသွားကြသည်။

"ဆေးပင်လေး တစ်ပင်တည်းနဲ့ အင်မော်တယ် လက်နက် လိုချင်တယ်တဲ့လား... ဟန်ခွန်း ဆိုတဲ့ အဘိုးကြီးက တကယ် သွေးနားထင်ရောက်နေတာပဲ..."

ပထမအကြီးအကဲ ပိုင်လီဟန်က အံကြိတ်ရင်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ထိုစဉ်၊ ဒုတိယအကြီးအကဲ နီဖုန်းယွင်က ခေါင်းခါရင်း ဝင်ပြောသည်။

"ဟန်ခွန်း တောင်းဆိုတာ လွန်လွန်းတယ် ဆိုပေမယ့်... ဆေးပင်က တစ်ပင်တည်း ရှိတာဆိုတော့ သခင်လေးကျန်းမှာ ရွေးချယ်စရာ မရှိဘူး ဖြစ်နေတယ်..."

"သတ္တရောင်ခြယ် လမင်းမြက်ရဲ့ ရှားပါးမှုက သတ္တမ အဆင့် ဆေးလုံး ဖော်စပ်တဲ့ ပစ္စည်းတွေထက်တောင် ပိုရှားပါးနေသေးတယ်..."

နီဖုန်းယွင် ကိုယ်တိုင်က ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်ပြီး လေလံရုံမှ ပစ္စည်းများကို တာဝန်ယူ စီမံခန့်ခွဲနေသူ ဖြစ်သဖြင့် ကုန်ကြမ်းပစ္စည်းများ၏ အရင်းအမြစ်ကို ကောင်းကောင်း နားလည်ထားသည်။

"ဟန်ခွန်းက မောက်မာလွန်းတယ်... သူ ဘယ်သူ့ကို ဆက်ဆံနေလဲ ဆိုတာတောင် ထည့်မတွက်ဘူး... ကျန်းမိသားစုက ဆဌမ အဆင့် ဆေးပညာရှင်လောက်ကို အထင်ကြီးစရာ အကြောင်းမရှိဘူး... သတ္တမ အဆင့် ဆိုရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး..."

ဥက္ကဋ္ဌကြီးကလည်း မကျေမနပ် ခေါင်းခါလိုက်မိသည်။

...

တစ်ချိန်တည်းမှာပင်... မီးတိမ်တိုက် နန်းတော်၌ …၊

သူတို့၏ လူ ဖြစ်သူ ကျိုးယီအား နဂါးနတ်ဘုရား နန်းတော် သခင် ဖုန်းဝူချန်က သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသွားသောအခါ မီးတိမ်တိုက် နန်းတော် တစ်ခုလုံး မိုးကြိုးမုန်တိုင်း ကျရောက်သကဲ့သို့ ဆူညံပွက်လောရိုက်ကုန်ကြသည်။

"ဝုန်း..."

မီးတိမ်တိုက် နန်းတော်၏ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး အတွင်း၌ နန်းတော်သခင်ကြီးသည် ထိုင်ခုံလက်ရမ်းကို ဒေါသတကြီး ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

"အညတရ နဂါးနတ်ဘုရား နန်းတော်က ငါ့လူကို သတ်ရဲတယ် ဟုတ်လား... ငါတို့ကို လုံးဝ မလေးမစား လုပ်တာပဲ..."

အင်အားစုသစ် တစ်ခု၏ စော်ကားမှုကို မီးတိမ်တိုက် နန်းတော် အနေဖြင့် ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။ သည်းခံလိုက်လျှင် အခြား အင်အားစုများ၏ လှောင်ပြောင်စရာ ဖြစ်မသွားပေဘူးလော။

"ဖုန်းဝူချန် ဆိုတဲ့ကောင်... တော်တော် မောက်မာလွန်းတယ်..."

အကြီးအကဲများလည်း ဒေါသထွက်နေကြသည်။

"အမိန့်ပေးလိုက်... နဂါးနတ်ဘုရား နန်းတော်ကို အခုချက်ချင်း သွားတိုက်မယ်... တစ်ယောက်မှ အရှင်မထားနဲ့..."

နန်းတော်သခင်ကြီးက အမိန့်ပေးလိုက်ခြင်းပင်။

မီးတိမ်တိုက် နန်းတော်သည် နဂါးနတ်ဘုရား နန်းတော်ကို မျက်စိကျနေသော အင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ အကြောင်းပြချက် ကောင်းကောင်း ရလာသည်နှင့် တပြိုင်နက် ပြိုင်ဘက်ကို ရှင်းထုတ်ရန် အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်လေသည်။

မီးတိမ်တိုက် နန်းတော်၏ အင်အားစုကြီး တစ်ခုလုံး စစ်ချီရန် ပြင်ဆင်လိုက်ကြသည်။

သို့သော်... နဂါးနတ်ဘုရား နန်းတော်ကို မျက်စိကျနေသည်မှာ မီးတိမ်တိုက် နန်းတော် တစ်ခုတည်း မဟုတ်ပေ။

"ဂိုဏ်းချုပ်... မီးတိမ်တိုက် နန်းတော်က လှုပ်ရှားနေပါပြီ... နဂါးနတ်ဘုရား နန်းတော်နဲ့ စစ်ဖြစ်တော့မှာ သေချာပါတယ်..."

တပည့်တစ်ဦးက ရိုသေစွာ သတင်းပို့လိုက်သည်။

"ကောင်းတယ်... သောင်တင်းမှ ကျားကူးလို့ ရတာ... ငှက်နဲ့ ခရု စစ်ဖြစ်နေတုန်း တံငါသည်က အမြတ်ထွက်မှာပေါ့... နဂါးနတ်ဘုရား နန်းတော်ကိုတင် မဟုတ်ဘူး... မီးတိမ်တိုက် နန်းတော်ကိုပါ ငါတို့ ရွှမ်မင်ဂိုဏ်းက ဝါးမြိုပစ်လိုက်မယ်... အဲ့ဒါဆို ငါတို့ဂိုဏ်းရဲ့ အင်အားက အများကြီး တိုးတက်လာမှာပဲ..."

ပလ္လင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီးက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"အမိန့်ပေးလိုက်... ထျန်းယွမ်ဘုံ အထက် ရှိတဲ့သူတွေ အကုန်လုံး ငါနဲ့အတူ စစ်ချီဖို့ ပြင်ကြ..."

ရွှမ်မင်ဂိုဏ်း အတွင်းရှိ ထျန်းယွမ်ဘုံ အဆင့်နှင့် အထက် စွမ်းအားရှင် ရာပေါင်းများစွာ စုဝေးလိုက်ကြသည်။ ထိုအထဲတွင် ကောင်းကင်ဘုံလူသား အဆင့် ကိုးယောက်ထက် မနည်း ပါဝင်နေသည်။

ရွှမ်မင်ဂိုဏ်း၏ အင်အားသည် မီးတိမ်တိုက် နန်းတော်ထက်ပင် သာလွန်နေသေးသည်။

မီးတိမ်တိုက် နန်းတော်၏ ကြီးမားသော စစ်တပ်ကြီး ချီတက်သွားသည်ကို မြင်လိုက်ရသောအခါ အခြား အင်အားစုများနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် နောက်မှ လိုက်ပါသွားကြသည်။

"စစ်ပွဲ စတော့မယ်ဟေ့... သွားကြည့်ကြရအောင်..."

"မီးတိမ်တိုက် နန်းတော်က နဂါးနတ်ဘုရား နန်းတော်ကို သွားတိုက်တော့မှာ..."

"နဂါးနတ်ဘုရား နန်းတော်တော့ သွားပြီ... တည်ထောင်တာ ရက်ပိုင်းပဲ ရှိသေးတယ်... မီးတိမ်တိုက် နန်းတော်ကို သွားစမိတာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ..."

နဂါးနတ်ဘုရား နန်းတော်က မည်သည့် အစွမ်းအစ ရှိနေလို့ မီးတိမ်တိုက် နန်းတော်ကို ရန်စရဲသနည်း ဆိုသည်ကို လူတိုင်း သိချင်နေကြသည်။ နဂါးနတ်ဘုရား နန်းတော်၏ အင်အားအစစ်အမှန်ကို အကဲခတ်ချင်နေကြ၏။

နဂါးနတ်ဘုရား နန်းတော် အတွင်း၌ကား တိတ်ဆိတ်ငြိမ်သက်နေသည်။

လူအနည်းငယ်မှလွဲ၍ ကျန်လူအားလုံးသည် နန်းဆောင်များ အတွင်း၌ ကြိုးစား ကျင့်ကြံနေကြ၏။ ဘေးဒုက္ခကြီး ဆိုက်ရောက်လာတော့မည်ကို မသိကြသည့်အလား။

"ဖုန်းဝူချန်... ထွက်ခဲ့စမ်း... မင်းရဲ့ သေနေ့ ရောက်ပြီ..."

မီးတိမ်တိုက် နန်းတော်သခင်၏ ဒေါသတကြီး ဟိန်းဟောက်သံကြီးသည် တိတ်ဆိတ်နေသော နဂါးနတ်ဘုရား နန်းတော် ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။ သေမင်းတမန် အငွေ့အသက်များက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

"ဝှစ်..ဝှစ်..ဝှစ်..."

မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင် အများအပြားသည် နဂါးနတ်ဘုရား နန်းတော် အထက်သို့ ပျံသန်း ရောက်ရှိလာကြသည်။ သူတို့၏ အရေအတွက်မှာ များပြားလှပြီး စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသည်။

မကြာမီမှာပင် အခြား အင်အားစုများနှင့် ပရိသတ်များပါ ရောက်ရှိလာကြပြီး နဂါးနတ်ဘုရား နန်းတော် ပတ်လည်တွင် လူအုပ်ကြီး ပြည့်နှက်သွားသည်။

နန်းတော် ရင်ပြင်တွင် ဟွမ်ယန် ဦးဆောင်သော ညီအစ်ကိုများသည် နန်းဆောင် အသီးသီးမှ ထွက်ခွာလာကြသည်။

ဖုန်းဝူချန်၊ လျိုချင်းယန်နှင့် အခြားသူများလည်း ပင်မ နန်းဆောင်ကြီးထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။

"ဘယ်သူက ဖုန်းဝူချန် လဲ..."

မီးတိမ်တိုက် နန်းတော်သခင်က ဖုန်းဝူချန်တို့ကို စိုက်ကြည့်ရင်း ဟိန်းဟောက်မေးမြန်းလိုက်သည်။

"ကျုပ်ပဲ..."

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မင်း... ကောင်စုတ်လေး... မင်းက ငါ့လူကို သတ်ရဲတယ်ပေါ့... မင်း အသက်မရှင်ချင်တော့ဘူးလား..."

နန်းတော်သခင်ကြီးက အံကြိတ်ရင်း ခြိမ်းခြောက်လိုက်သည်။

"သူ့ဘာသာသူ သေလမ်းရှာတာလေ... သူများ အပြစ်တင်လို့ မရဘူး..."

ဖုန်းဝူချန်က နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းမရှိဘဲ အေးဆေးစွာ တုံ့ပြန်လိုက်သည်။

"ဒါဆို မင်းတို့ နဂါးနတ်ဘုရား နန်းတော်လည်း သေလမ်းရှာတာပဲ... အကုန်သတ်ပစ်..."

နန်းတော်သခင်ကြီးက အမိန့်ပေးလိုက်သည်နှင့် မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင် ရာပေါင်းများစွာသည် သတ်ဖြတ်လိုစိတ်များဖြင့် တဟုန်ထိုး ပြေးဝင်လာကြတော့၏။

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပြန်လိုက်သည်။

"ချီဟွမ်... တစ်ယောက်မှ အရှင်မထားနဲ့... အကုန်သတ်... နဂါးနတ်ဘုရား နန်းတော်ရဲ့ အစွမ်းကို ပြလိုက်ပါ.."

ဖုန်းဝူချန်သည် မီးတိမ်တိုက် နန်းတော်ကို စံနမူနာပြအဖြစ် အပြတ်ရှင်းပစ်ပြီး အခြား အင်အားစုများကို ခြိမ်းခြောက်ရန် ရည်ရွယ်ထားပုံရသည်။

"ညီအစ်ကိုတို့... ချကြစမ်း... ညှာမနေနဲ့..."

ချီဟွမ်က ခမ်းနားစွာ အော်ဟစ်လိုက်သည်။

"သတ်ပစ်ကြ..."

ညီအစ်ကို ရာပေါင်းများစွာ၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး သူတို့၏ ကိုယ်ထဲမှ အစစ်အမှန်ယွမ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သွေးအေးရက်စက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများက မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာသည်။

"ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ..."

ကြည့်ရှုသူများ အားလုံး ကျောချမ်းသွားကြသည်။

"သူတို့ရဲ့ အရှိန်အဝါတွေ မြင့်တက်လာပြီ... မူလ ကျင့်ကြံဆင့်ထက် ကျော်လွန်နေကြတယ်..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လူရာချီက တစ်ပြိုင်နက်တည်း စွမ်းအားမြှင့်တင်လို့ ရတယ်တဲ့လား..."

"ဒီလူတွေက ဘီလူးတွေလား... ကျင့်ကြံဆင့် နှစ်ဆင့်လောက်နီးပါး တက်လာတာ... မယုံနိုင်စရာပဲ..."

ပရိသတ်ကြီး အံ့ဩတုန်လှုပ်နေကြသည်။

မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင်များလည်း လန့်သွားကြသော်လည်း ပြန်လှည့်ရန် အချိန်မရှိတော့ပေ။ ချီဟွမ်တို့အဖွဲ့က ရက်စက်စွာ ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်သည်။

စစ်ပွဲကြီး စတင်ခဲ့သတည်း။

နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းလာပြီးနောက် ပထမဆုံး စစ်ပွဲပင်။

"ဖုန်းဝူချန်... မင်းရဲ့ သေနေ့ပဲ..."

ကောင်းကင်ယံထက်မှ မီးတိမ်တိုက် နန်းတော်သခင်ကြီးသည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဖုန်းဝူချန်ဆီသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

"ကောင်းကင်ဘုံလူသား အဆင့် ( ၇ )ယောက်တောင်... အခြေအနေ သိပ်မဟန်ဘူး..."

ယီထျန်းချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ပထမအလွှာ နှစ်ယောက်ကို ငါ တာဝန်ယူမယ်..."

ဟု ပေတိုယန်က လေးနက်စွာ ပြောလိုက်သည်။

လန်ယွဲ့ကလည်း

"ကျွန်မ.. တစ်ယောက် ယူပါမယ်..."

"အစ်ကိုလျို၊ ပိုင်မိ တို့နဲ့ ပေါင်းပြီး ကျွန်မ တစ်ယောက် တာဝန်ယူမယ်..."ဟု မြောင်ချင်းချင်းက ဆုံးဖြတ်လိုက်သည်။

ထိုအခါ၊ ယီထျန်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"တတိယအလွှာ တစ်ယောက်ကို ငါယူမယ်... နန်းတော်သခင်က ပဉ္စမအလွှာကို ယူလိမ့်မယ်... ဒါပေမဲ့ ဒုတိယအလွှာ တစ်ယောက် ပိုနေသေးတယ်... ဘယ်သူတိုက်မလဲ... အခင်းအကျင်း ဖွင့်လိုက်ရမလား..."

"ကျွန်မ တာဝန် ထားလိုက်..."

ယီထျန်းချင်း စကားဆုံးသည်နှင့် သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ရှောင်ရှောင်..."

ထိုရင်းနှီးသော အသံလေးကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး ရင်ထဲတွင် ပျော်ရွှင်မှု လှိုင်းလုံးများ ဖြတ်စီးသွားသည်။ သူ အပေါ်သို့ ချက်ချင်း မော့ကြည့်လိုက်မိ၏။

"မိန်းကလေး ရှောင်ရှောင်..."

လျိုချင်းယန်နှင့် အခြားသူများလည်း အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။

နဂါးနတ်ဘုရား နန်းတော် အထက် ကောင်းကင်ယံတွင် တောက်ပသော အလင်းရောင်များနှင့်အတူ မိန်းမလှလေး တစ်ဦး ပေါ်ထွက်လာ၏။

လင်ရှောင်ရှောင်ပင် ဖြစ်လေသည်။

"ကောင်းကင်ဘုံလူသား ပထမအလွှာ..."

နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း အံ့အားသင့်သွားကြလေတော့သည်။

All Chapters