← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉) - ဓားချက်တစ်ချက်တည်းဖြင့် သုတ်သင်ခြင်း

~လဝက်ခန့် ပျောက်ကွယ်နေပြီးနောက် လင်ရှောင်ရှောင် ပြန်ရောက်လာခဲ့ပြီ ဖြစ်လေ၏။

ထို့အပြင် သူမသည် ကောင်းကင်ဘုံလူသား ပထမအလွှာသို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

လအနည်းငယ်အတွင်း အဆင့်များစွာ တိုးတက်လာခြင်းသည် လင်ရှောင်ရှောင်၏ ပါရမီထူးကဲမှုကြောင့် ဖြစ်သလို၊ သူမ၏ နောက်ကွယ်မှ ကြီးမားသော အင်အားစု၏ ပံ့ပိုးမှုကြောင့်လည်း ဖြစ်ပေသည်။

‘ရှောင်ရှောင် က ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားပြီလား... သူ့ရဲ့ တိုးတက်နှုန်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ…’

လျိုချင်းယန်ခမျာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။

နန်းကုန်းကျန့်လည်း ကြောက်လွန်း၍ ကျောက်ရုပ် ဖြစ်သွားမိသည်။

'ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်... မိန်းကလေး ရှောင်ရှောင်က တကယ်ကြီး ကောင်းကင်ဘုံလူသား ပထမအလွှာ ဖြစ်သွားတာလား’

"မယုံနိုင်စရာပဲ..."

ပေတိုယန်နှင့် အခြားသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဖုန်းဝူချန်၏ တိုးတက်နှုန်းက ကြောက်စရာကောင်းသည်ဟု ထင်ထားသော်လည်း ယခု လင်ရှောင်ရှောင်၏ တိုးတက်နှုန်းကို မြင်လိုက်ရသည့်အခါ ပို၍ပင် ကြောက်လန့်သွားကြ၏။

လင်ရှောင်ရှောင် ထွက်ခွာမသွားခင်က ထျန်းယွမ်ဘုံ ပဉ္စမအလွှာပင် မပြည့်သေးသော်လည်း၊ ယခု ပြန်ရောက်လာသည့်အခါ ကောင်းကင်ဘုံလူသား ပထမအလွှာ ဖြစ်နေပြီ မဟုတ်ပါလော။

ဖုန်းဝူချန်လည်း အံ့ဩဝမ်းသာ ဖြစ်သွားမိသည်။ လင်ရှောင်ရှောင်၏ ကျင့်ကြံဆင့်ကြောင့် အံ့ဩရသလို၊ သူမ ပြန်ရောက်လာသည့်အတွက်လည်း ဝမ်းသာရသည်။

"ဘယ်က အရိုင်းမလေးလဲ... ငါ့ရဲ့ မီးတိမ်တိုက် နန်းတော် ကိစ္စကို ဝင်ပါရဲတယ်ပေါ့... သေချင်နေတာလား..."

မီးတိမ်တိုက် နန်းတော်သခင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လင်ရှောင်ရှောင်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီးနောက် ဖုန်းဝူချန်ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွား၏။

"ရှောင်ရှောင်... တိုက်ခိုက်ပါ..."

ဖုန်းဝူချန် အသိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။

"ကောင်းပါပြီ..."

လင်ရှောင်ရှောင်က ချက်ချင်း တုံ့ပြန်လိုက်သည်။ သူမ၏ လက်ထဲတွင် 'သလင်းကျောက် ရေခဲဓား' ပေါ်လာပြီး၊ အေးစက်လှပသော မျက်ဝန်းအိမ်များက မီးတိမ်တိုက် နန်းတော်မှ ကောင်းကင်ဘုံလူသား ဒုတိယအလွှာ စွမ်းအားရှင်ဆီသို့ ရောက်ရှိသွားသည်။

လင်ရှောင်ရှောင်၏ လက်ရှိစွမ်းအားဖြင့် ဒုတိယအလွှာ စွမ်းအားရှင်တစ်ဦးကို သတ်ဖြတ်ရန်မှာ လက်ဖဝါး ဖြန့်သလောက် လွယ်ကူလှပေသည်။

"ဝုန်း..."

ကြောက်မက်ဖွယ် စွမ်းအားများ လင်ရှောင်ရှောင်၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး မျက်စိကျိန်းမတတ် ခရမ်းရောင် အလင်းတန်းများ တောက်ပလာသည်။ သူမ၏ ဓားအရှိန်အဝါသည် ကျယ်ပြောနက်ရှိုင်းပြီး ကြောက်စရာကောင်းလှသည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် လင်ရှောင်ရှောင်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ရောက်ရှိသွားတော့သည်။

"တတိယအလွှာ..."

မီးတိမ်တိုက် နန်းတော်မှ ဒုတိယအလွှာ စွမ်းအားရှင်မှာ ကြောက်လွန်း၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရှာသည်။

"ရွစ်.."

"ရှဲ..."

လင်ရှောင်ရှောင်၏ ပုံရိပ်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး အသံမကြားရဘဲ ရန်သူ၏ ရှေ့တွင် ပြန်ပေါ်လာသည်။ ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက်၊ သလင်းကျောက် ရေခဲဓားသည် ထိုလူ၏ လည်ပင်းကို ရက်စက်စွာ ပိုင်းဖြတ်သွားတော့သည်။

သွေးများ ပန်းထွက်လာပြီး ကောင်းကင်ဘုံလူသား ဒုတိယအလွှာ စွမ်းအားရှင်ကြီးသည် ပွဲချင်းပြီး သေဆုံးသွားလေသည်။

တစ်ချက်တည်း... ဓားချက်တစ်ချက်တည်းဖြင့် လင်ရှောင်ရှောင်သည် ဒုတိယအလွှာ စွမ်းအားရှင်ကို အဆုံးစီရင်လိုက်ခြင်း ဖြစ်သည်။

သူမ၏ ကြောက်မက်ဖွယ် စွမ်းအားသည် စစ်မြေပြင်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေ၏။

စတင်တော့မည့် တိုက်ပွဲကြီးသည် ခေတ္တမျှ ရပ်တန့်သွားသည်။

နဂါးနတ်ဘုရား နန်းတော် ကောင်းကင်ယံထက်တွင် အရာအားလုံး ငြိမ်သက်သွားပြီး လူတိုင်း၏ ကြောက်လန့်နေသော မျက်ဝန်းများသည် ထိုလှပသော မိန်းကလေးဆီသို့သာ စုပြုံရောက်ရှိနေကြသည်။

နန်းတော်သခင်ကြီး အပါအဝင် မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင် ရာပေါင်းများစွာသည် ကြက်သေသေနေကြသည်။ လင်ရှောင်ရှောင် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့မိကြပေ။

နဂါးနတ်ဘုရား နန်းတော်မှ လူများလည်း စကားမပြောနိုင်အောင် ဖြစ်နေကြသည်။

ခဏအကြာတွင်... တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ရေနွေးအိုး ပွက်ပွက်ဆူသကဲ့သို့ ဆူညံပွက်လောရိုက်သွားတော့သည်။

"ရှောင်ရှောင်... သတ်တာ ကောင်းတယ်..."

ဖုန်းဝူချန်က ချီးကျူးလိုက်သည်။

လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ကြည့်ရင်း အပြုံးနုနုဖြင့် ပြောလိုက်သည်။

။

"အစ်ကိုကြီးဖုန်းနဲ့ ရန်သူဖြစ်တဲ့သူတိုင်း သေရမှာပေါ့..."

"ကောင်မစုတ်လေး..."

မီးတိမ်တိုက် နန်းတော်သခင်ကြီး၏ မျက်နှာထားသည် သားရဲကောင်တစ်ကောင်အလား ကြမ်းကြုတ်ရက်စက်နေပြီ ဖြစ်သည်။

"ခင်ဗျား စကားပြော ဆင်ခြင်ပါ..."

ဖုန်းဝူချန်က အေးစက်စွာ သတိပေးလိုက်ပြီး သွေးဆာနေသော အကြည့်များဖြင့် နန်းတော်သခင်ကြီးကို ရှုတည်တည် ကြည့်လိုက်သည်။

ယီထျန်းချင်းနှင့် အခြားသူများလည်း အသိပြန်ဝင်လာကြပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရန်သူများဆီသို့ အသီးသီး ပြေးဝင်တိုက်ခိုက်ကြတော့သည်။

"ညီအစ်ကိုတို့…သတ်ကြ..."

ချီဟွမ်က ထပ်မံ အော်ဟစ်လိုက်ပြီး တိုက်ပွဲကြီးက ဆက်လက် ဖြစ်ပွားလေသည်။

"ဝီ..."

နဂါးသွေးကြော စွမ်းအားနှင့် 'အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်' ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ဖုန်းဝူချန်၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်သော သွေးရောင် အငွေ့အသက်များ လွှမ်းခြုံလာသည်။ သွေးရောင် အလင်းတန်းများက နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို လင်းလက်သွားစေသည်။

ဖုန်းဝူချန်၏ အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ချက်ချင်း ရောက်ရှိသွားသည်။

'ချီလင် ချပ်ဝတ်' နှင့် လက်အိတ်များ ပေါ်ထွက်လာပြီး အနက်ရောင် အတောင်ပံများ ဖြန့်ကျက်လိုက်သောအခါ ဖုန်းဝူချန်၏ အရှိန်အဝါသည် ထပ်မံ မြင့်တက်သွားပြီး ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ အထိ ထိုးတက်သွားတော့သည်။

"ဘာ... အဆင့်သုံးဆင့်တောင် တက်သွားတာလား..."

မီးတိမ်တိုက် နန်းတော်သခင်ကြီး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားရလေသည်။

"ဟူး..."

ကြည့်ရှုသူများ အားလုံး လေစုပ်သံများ ထွက်ပေါ်လာသည်။

"ကောင်းကင်ဘုံလူသား စတုတ္ထအလွှာတဲ့... မဖြစ်နိုင်တာ..."

"ငါ မျက်စိမှားနေတာလား... ပထမအလွှာကနေ စတုတ္ထအလွှာ စွမ်းအားကို ထုတ်သုံးနိုင်တယ်တဲ့လား..."

"ဖုန်းဝူချန်က နတ်ဆိုးပဲ... ဒါ လုံးဝ မဖြစ်နိုင်တာကြီးဟ..."

လူအုပ်ကြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။ ပထမအလွှာ စွမ်းအားရှင်တစ်ယောက်က ဒီလောက် ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်များ၏ တိုက်ပွဲသည် ပြင်းထန်လွန်းလှပြီး စွမ်းအင်လှိုင်းများက အရပ်မျက်နှာအနှံ့ ရိုက်ခတ်နေသည်။

"ကိုးထပ် ချန်ခွင်း မျှော်စင်..."

ဖုန်းဝူချန်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကျယ်လောင်စွာ ဆင့်ခေါ်လိုက်သည်။

ချက်ချင်းပင်၊ နဂါးနတ်ဘုရား နန်းတော် အထက်ရှိ ကိုးထပ် ချန်ခွင်း မျှော်စင်သည် အခင်းအကျင်းမှ ခွဲထွက်လာပြီး ရွှေရောင် အလင်းတန်းကြီး အဖြစ် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ကိုးထပ် ချန်ခွင်း မျှော်စင်မှ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများက လူတိုင်း၏ အာရုံကို ဖမ်းစားထား၏။ ပရိသတ်များမှာ ထိုမျှော်စင်ကြီးသည် မည်သည့် ရတနာမျိုး ဖြစ်သနည်းဟု စူးစမ်းနေကြသည်။

ရွှေရောင် အခင်းအကျင်း တစ်ခုသည် အပေါ်မှ အုပ်မိုးထားပြီး ဖုန်းဝူချန်၏ ခြေထောက်အောက်ရှိ လေဟင်းလင်းပြင်ပေါ်တွင် အရိပ်ထင်ဟပ်နေသည်။ ပေ ၆၀၊ ၇၀ ခန့် ကြီးမားသော အခင်းအကျင်း ပုံရိပ်ကြီးမှ အလွန်တရာ ပြင်းထန်သော ဖိနှိပ်အားများ ထွက်ပေါ်လာပြီး မီးတိမ်တိုက် နန်းတော်သခင်ကြီး အပေါ်သို့ ကျရောက်သွားလေသည်။

"ဒါ... ဒါ ဘာကြီးလဲ..."

မီးတိမ်တိုက် နန်းတော်သခင်ကြီး၏ မျက်နှာထား ပျက်ယွင်းသွားသည်။ ထိုဖိနှိပ်အားကြောင့် သူ၏ ကျင့်ကြံဆင့် တစ်ဆင့် လျော့ကျသွားသည်ကို ခံစားလိုက်ရသောကြောင့်ပင်။

ကောင်းကင်ဘုံလူသား ပဉ္စမအလွှာမှ စတုတ္ထအလွှာသို့ အတင်းအကျပ် ဖိနှိပ်ချခံလိုက်ရခြင်း ဖြစ်သည်။

"ဒါ ဘာရတနာလဲ... ငါ့ရဲ့ ကျင့်ကြံဆင့် တစ်ဆင့်လုံးကို ဖိနှိပ်နိုင်တယ် ဟုတ်လား..."

နန်းတော်သခင်ကြီး မယုံနိုင်လောက်အောင် တုန်လှုပ်သွားပြီး ကောင်းကင်ပေါ်မှ မျှော်စင်ကြီးကို မော့ကြည့်လိုက်မိသည်။

"နန်းတော်သခင်ကြီးရဲ့ ကျင့်ကြံဆင့် ကျသွားပြီ... စတုတ္ထအလွှာ ဖြစ်သွားပြီ..."

"မျှော်စင်ကြီးက ဖိနှိပ်အား အရမ်းပြင်းတာပဲ..."

"ကျင့်ကြံဆင့် တစ်ဆင့်လုံးကို ဖိနှိပ်နိုင်တယ်ဆိုတော့... ဒီရတနာက သိပ်ကြောက်စရာ ကောင်းလွန်းတယ်..."

ပရိသတ်ကြီး ထပ်မံ အော်ဟစ်လိုက်ကြပြန်သည်။ သူတို့၏ မျက်နှာများ သွေးဆုတ်ဖြူလျော်ကုန်ကြသည်။

"ကောင်စုတ်လေး... ဒါ ဘာရတနာလဲ..."

ဟု နန်းတော်သခင်ကြီးက ကြောက်လန့်တကြား မေးလိုက်သည်။

"လူသတ်တဲ့ ရတနာလေ..."

ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် အန္တရာယ်များသော အပြုံးတစ်ခု ပေါ်လာသည်။

"ဟိတ်ယား..."

စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လေပွေတစ်ခုကို ချန်ထားရစ်ကာ ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် နန်းတော်သခင်ကြီး၏ ရှေ့မှောက်သို့ မျက်လှည့်ပြသလို ရောက်ရှိလာတော့သည်။

"ဘာ..."

ဖုန်းဝူချန်၏ အမြန်နှုန်းကြောင့် နန်းတော်သခင်ကြီး ချွေးစေးများ ပြန်လာသည်။

"ဘုန်း..."

ဖုန်းဝူချန်သည် ချက်ချင်းပင် ရောက်ရှိလာပြီး သွေးရောင် အလင်းတန်းများ တောက်ပနေသော လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ ပေါက်ကွဲသံကြီးနှင့်အတူ နန်းတော်သခင်ကြီး၏ ရင်ဘတ်ကို ထိမှန်သွားပြီး နောက်သို့ လွင့်စင်သွားစေ၏။

ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး နန်းတော်သခင်ကြီး၏ မျက်နှာ နီရဲသွားသည်။ ခန္ဓာကိုယ် အတွင်းရှိ ချီနှင့် သွေးများ ဆူပွက်လာပြီး သွေးအန်လုမတတ် ဖြစ်သွားရရှာသည်။

"နန်းတော်သခင်..."

မီးတိမ်တိုက် နန်းတော်မှ အကြီးအကဲများနှင့် စွမ်းအားရှင်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

နန်းတော်သခင်ကြီးသည် ဖုန်းဝူချန်၏ လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားရသည် ဆိုတော့... ထိုစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သနည်း။

"ဝုန်း..."

အနက်ရောင် အတောင်ပံများကို ခတ်လိုက်သည်နှင့် ဖုန်းဝူချန်သည် သွေးရောင် လျှပ်စီးတစ်စင်းအလား ပြောင်းလဲသွားပြီး ရူးသွပ်စွာ လိုက်လံတိုက်ခိုက်ပြန်သည်။

နန်းတော်သခင်ကြီးသည် မျက်နှာထား တင်းမာသွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာ၏။

"ဝူး..."

အရှုံးမပေးလိုသော နန်းတော်သခင်ကြီးသည်လည်း ဖုန်းဝူချန်နှင့် မတိမ်းမယိမ်း အမြန်နှုန်းဖြင့် တုံ့ပြန်လိုက်သည်။

"လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း..."

ဖုန်းဝူချန် စိတ်အာရုံကို အသုံးပြုလိုက်သည်နှင့် သူ၏ ပုံရိပ်သည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

"ဒါ ဘာကိုယ်ဖော့ပညာလဲ... အရှိန်အဝါပါ ပျောက်သွားတာလား..."

နန်းတော်သခင်ကြီး အကြီးအကျယ် တုန်လှုပ်သွားရလေတော့၏။

အခန်း (၄၇၀) - မီးတိမ်တိုက် နန်းတော်သခင်၏ နိဂုံး

~မီးတိမ်တိုက် နန်းတော်သခင်သည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ဖြစ်သည်။ ဖိနှိပ်ခံထားရသည့်တိုင် သူ၏ မူလအဆင့်အတန်းက ပြောင်းလဲမသွားပေ။

သို့သော်... ထိုအဆင့်ရှိ စွမ်းအားရှင်ကြီးတစ်ဦးပင်လျှင် ဖုန်းဝူချန်၏ တည်နေရာကို အာရုံခံနိုင်စွမ်း မရှိတော့ပေ။

'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း'၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိပင်။

"ဘုန်း..."

"အွတ်..."

နန်းတော်သခင်ကြီး ကြောင်အံ့အံ့ ဖြစ်နေစဉ်မှာပင် ဖုန်းဝူချန်သည် သရဲတစ္ဆေပမာ ရုတ်တရက် ပေါ်လာသည်။ အသံမမြည်၊ အသက်ရှုသံမကြားရဘဲ သွေးရောင်လက်နေသော လက်သီးက သူ့မျက်နှာတည့်တည့်သို့ ဝင်ရောက်လာသည်။

ပြင်းထန်လှသော စွမ်းအားကြောင့် နန်းတော်သခင်ကြီး သွေးအန်ကာ နောက်သို့ ပစ်လွင့်သွားရပြန်သည်။

ဖုန်းဝူချန်၏ တိုက်ခိုက်မှုသည် လျင်မြန်လွန်းလှပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်သဖြင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ပေ။

"မဖြစ်နိုင်ဘူး... ငါ ဘာမှ အာရုံခံလို့ မရပါလား... ဒါ မြေကမ္ဘာအဆင့် ကိုယ်ဖော့ပညာလား..."

နန်းတော်သခင်ကြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။ မျက်လုံးများ ပြူးကျယ်လျက် အသက်ရှုကြပ်သလို ခံစားနေရသည်။

ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကိုယ်ဖော့ပညာသည် နန်းတော်သခင်ကြီးကို စိတ်ဓာတ်ရေးရာအရပါ ဖိအားပေးနေပြီ ဖြစ်သည်။

"နန်းတော်သခင်..."

မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင်များ၏ မျက်နှာထားများ ပျက်ယွင်းကုန်ကြသည်။

သူတို့၏ နန်းတော်သခင်ကြီးသည် ဖုန်းဝူချန်ကို ယှဉ်နိုင်စွမ်းမရှိ ဖြစ်နေသည်ကို မည်သူ ယုံနိုင်ပါမည်နည်း။

တစ်ဖက်တွင်လည်း... ချီဟွမ်နှင့် ညီအစ်ကို ရာပေါင်းများစွာ၏ ကြောက်မက်ဖွယ် စွမ်းအားသည် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။

သူတို့၏ လျှပ်တပြက် လှုပ်ရှားမှုများနှင့် ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် မီးတိမ်တိုက် နန်းတော်မှ စွမ်းအားရှင်များ အစုလိုက်အပြုံလိုက် သေဆုံးနေကြရသည်။ ဖရဲသီးများ လှီးဖြတ်ခံရသလို သွေးချောင်းစီးနေလေ၏။

"ဘုရားရေ..."

ကြည့်ရှုသူများ အားလုံး ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။

နဂါးနတ်ဘုရား နန်းတော်၏ အင်အားသည် သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေသည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကလည်း မှန်းဆ၍ မရနိုင်အောင်ပင်။

ထိုအခိုက်အတန့်တွင် ပရိသတ်ကြီး ကောင်းကောင်း သဘောပေါက်သွားကြ၏။ နဂါးနတ်ဘုရား နန်းတော်သည် မီးတိမ်တိုက် နန်းတော်ကို ကြောက်စရာ အကြောင်း မရှိခြင်းပင်။

"နဂါးနတ်ဘုရား နန်းတော်ရဲ့ အင်အားက သိပ်ကြမ်းတာပဲ... မီးတိမ်တိုက် နန်းတော်က သေလမ်းရှာမိတာ..."

"ငါတို့ အားလုံး နဂါးနတ်ဘုရား နန်းတော်ကို လျှော့တွက်မိကြတယ်... သူတို့က သွေးအေးရက်စက်လွန်းတယ်... ညှာတာမှု လုံးဝ မရှိဘူး..."

"မီးတိမ်တိုက် နန်းတော်တော့ သွားပြီ..."

ပတ်ဝန်းကျင် အင်အားစုများနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ အားလုံး ကြက်သေသေနေကြသည်။ သူတို့၏ မျက်နှာများတွင် အကြောက်တရားများ ပြည့်နှက်နေသည်။

ဖုန်းဝူချန်၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက်နှင့် နဂါးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ ရှိနေသည်။

နန်းတော်သခင်ကြီးကို လက်သီးဖြင့် ထိုးပြီးနောက် ဖုန်းဝူချန် ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

"တတိယအလွှာ ကောင်းကင်အမျက် လက်ဝါး..."

"ဘုန်း..."

"အွတ်..."

ဖုန်းဝူချန် ပြန်ပေါ်လာသည့် အချိန်တွင် နန်းတော်သခင်ကြီး၏ မျက်နှာချင်းဆိုင်တည့်တည့်သို့ ရောက်နေပြန်သည်။ နန်းတော်သခင်ကြီး လိပ်ပြာလွင့်မတတ် ဖြစ်သွားရသည်။ ဖုန်းဝူချန်၏ ရက်စက်သော လက်ဝါးချက်သည် ရင်ဘတ်ကို ထိမှန်သွားပြီး သွေးတစ်ပွက် ထပ်မံ အန်ထုတ်စေလိုက်သည်။

ဒီလက်ဝါးချက်ကြောင့် နန်းတော်သခင်ကြီး အကြီးအကျယ် ဒဏ်ရာရသွားပြီ ဖြစ်သည်။

"လွန်လွန်းနေပြီ... ဒါ ဘာကိုယ်ဖော့ပညာလဲကွ..."

နန်းတော်သခင်ကြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဘယ်လိုမှ ကာကွယ်လို့ မရနိုင်ခြင်းက သူ့ကို ရူးသွပ်စေသည်။

"သေလူတွေက သိစရာ မလိုပါဘူး..."

ဖုန်းဝူချန်၏ အေးစက်သော အသံက နားထဲသို့ တိုးဝင်လာပြန်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသထွက်နေသော နန်းတော်သခင်ကြီး၏ မျက်နှာထား ပို၍ ဆိုးရွားသွားသည်။

"သူတောင်းစားလေး..."

ကြီးမြတ်လှသော နန်းတော်သခင် တစ်ပါးအနေဖြင့် လူငယ်လေး တစ်ယောက်၏ အထင်သေးမှုကို ခံရခြင်းက သူ့အတွက် သည်းခံနိုင်စရာ မဟုတ်ပေ။

ဒေါသအိုး ပေါက်ကွဲသွားသော နန်းတော်သခင်ကြီးသည် တစ်ပတ်လည်ကာ ခြေထောက်ဖြင့် ရမ်းကန်လိုက်သည်။

"ဘုန်း..."

ဖုန်းဝူချန်၏ ဘယ်လက်သည် သိမ်းငှက်လက်သည်းအသွင် ပြောင်းလဲသွားပြီး နန်းတော်သခင်ကြီး၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။ မည်မျှပင် အားပြင်းပြင်း ဖုန်းဝူချန်ကို တစ်လက်မမျှ ရွေ့အောင် မလုပ်နိုင်ပေ။

"ခင်ဗျားက နှေးလွန်းတယ်..."

ဖုန်းဝူချန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို အားစိုက်ကာ ခြေကျင်းဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

နန်းတော်သခင်ကြီး၏ မျက်နှာ ရှုံ့မဲ့သွားပြီး နာကျင်မှုက တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။

"ဘုန်း..."

"ဂွပ်..."

ဘယ်လက်က ဖမ်းဆုပ်ထားရင်း ညာလက်သီးဖြင့် နန်းတော်သခင်ကြီး၏ ပေါင်ကို ထုချလိုက်တော့သည်။ အရိုးကျိုးသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နန်းတော်သခင်ကြီး၏ ညာဘက်ခြေထောက်သည် ကိုးဆယ်ဒီဂရီ အချိုးချိုး ကွေးသွားလေ၏။

"အား..."

အရိုးထဲထိ ထိုးဖောက်သွားသော နာကျင်မှုကြောင့် နန်းတော်သခင်ကြီး သနားစဖွယ် အော်ဟစ်လိုက်မိသည်။

"ဂလု..."

ထိုမြင်ကွင်းကို ကြည့်ရင်း ပရိသတ်ကြီး တံတွေးမြိုချလိုက်မိကြ၏။ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေကြရှာသည်။

"နန်းတော်သခင်..."

မီးတိမ်တိုက် နန်းတော် အကြီးအကဲများ ထိတ်လန့်တကြား ဖြစ်နေကြသော်လည်း ဝင်ကူညီရန် မတတ်နိုင်ကြပေ။ သူတို့ကိုယ်တိုင်ပင် အသက်လုနေရသည် မဟုတ်ပါလော။

ချီဟွမ်နှင့် ညီအစ်ကိုများ၏ တိုက်ခိုက်မှုအောက်တွင် မီးတိမ်တိုက် နန်းတော် စွမ်းအားရှင် ရာပေါင်းများစွာမှ ယခုအခါ တစ်ရာအောက်သာ ကျန်ရှိတော့သည်။ ကျန်ရစ်သူများမှာလည်း တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပြီး အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်းများသာ ကျန်ရှိတော့သည်။

ကောင်းကင်ဘုံလူသား အဆင့် (၇) ယောက်အနက် တစ်ယောက်အား လင်ရှောင်ရှောင် သတ်လိုက်ပြီး၊ ကျန် ၆ ယောက်မှာလည်း ဒဏ်ရာအသီးသီး ရရှိထားကြ၏။

လင်ရှောင်ရှောင် ပါဝင်လာသောကြောင့် သူတို့ ကြာရှည် ခံနိုင်တော့မည် မဟုတ်ပေ။

ဒဏ်ရာပြင်းထန်စွာ ရထားသော နန်းတော်သခင်ကြီးသည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်တော့ပေ။ ဆိုလိုသည်မှာ မီးတိမ်တိုက် နန်းတော် ရှုံးနိမ့်သွားပြီ ဖြစ်၏။

"ခင်ဗျားက အရမ်း အားနည်းလွန်းတယ်..."

ဖုန်းဝူချန်က မထီမဲ့မြင် ပြောလိုက်သည်။

စကားဆုံးသည်နှင့် ခြေထောက်တစ်ဖက် ကျိုးသွားသော နန်းတော်သခင်ကြီးကို နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။

"ဘုန်း..."

"အွတ်..."

ပြင်းထန်သော စွမ်းအားကြောင့် သွေးအန်ကာ အရုပ်ကြိုးပြတ် လွင့်စင်သွားရပြန်သည်။

ဒီလက်သီးချက်က နန်းတော်သခင်ကြီးကို သေလုမျောပါး ဖြစ်သွားစေသည်။

အစကနေ အဆုံးထိ နန်းတော်သခင်ကြီးသည် သိုင်းကွက်တစ်ခုကိုပင် ကောင်းကောင်း ထုတ်သုံးခွင့် မရလိုက်ဘဲ ဖုန်းဝူချန်၏ နှိပ်စက်ခြင်းကို ခံလိုက်ရသည်။

သူ့အတွက်တော့ ဒီတိုက်ပွဲက အသက်ရှုကျပ်စရာ ကောင်းလွန်းလှ၏။

"နဂါးနတ်ဘုရား နန်းတော်ကို ဝါးမြိုချင်ရင် တန်ကြေးပေးဆပ်ရမယ်... အခု ခင်ဗျားကို ခရီးလွန်အောင် ပို့ပေးလိုက်ပြီပဲ..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး ညာလက်ကို အသာအယာ မြှောက်လိုက်သည်။

"ဝီ..."

လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားလက်ချောင်း ပြုလုပ်လိုက်သည့်အခါ၊ ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလာပြီး သွေးရောင် အလင်းတန်းများ တောက်ပလာသည်။

"မြေကမ္ဘာအဆင့် သိုင်းပညာ..."

ဝိညာဉ်ကို လှုပ်ခါသွားစေသော အရှိန်အဝါကြောင့် ပရိသတ်ကြီး အော်ဟစ်လိုက်ကြ၏။

"နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး..."

ဖုန်းဝူချန်၏ ဟိန်းဟောက်သံနှင့်အတူ သူ၏ လက်ဖျားထိပ်မှ လက်မောင်းတစ်ဖက်စာလောက် တုတ်သော သွေးရောင် အလင်းတန်းကြီး တစ်ခု ပစ်လွှတ်လိုက်တော့သည်။ သွေးရောင် လျှပ်စီးတစ်စင်းအလား လျင်မြန်လွန်းလှသည်။

"ဝူး..."

"ဝီ..."

"ဒုတ်..."

သွေးရောင် လျှပ်စီးတန်းသည် လေထုကို ခွဲဖြတ်ကာ လွင့်စင်နေသော နန်းတော်သခင်ကြီး၏ ရင်ဘတ်ကို ဖောက်ထွက်သွားလေသည်။

နန်းတော်သခင်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ဘတ်မှ နီရဲသော သွေးများ ပန်းထွက်နေသည်ကို ကြောက်လန့်တကြား ငုံ့ကြည့်လိုက်မိသည်။ ထို့နောက် အမြင်အာရုံများ မည်းမှောင်သွားပြီး အောက်သို့ ထိုးကျသွားလေတော့၏။

ကြောက်မက်ဖွယ် စွမ်းအားသည် နန်းတော်သခင်ကြီး၏ နှလုံးသားကို ဖောက်ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါများကိုပါ ကြေမွသွားစေခဲ့သည်။

ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ နန်းတော်သခင်ကြီး... ကျဆုံးသွားခဲ့လေသတည်း။

"နန်းတော်သခင်..."

ကျန်ရစ်သူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"အကုန်သတ်ပစ်... တစ်ယောက်မှ အရှင်မထားနဲ့..."

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ဖုန်းဝူချန်...""ကိုယ့်နေရာကိုယ် မသိတဲ့ ကောင်…”

မီးတိမ်တိုက် နန်းတော် ပထမအကြီးအကဲက ဒေါသတကြီး အော်ဟစ်ရင်း ဖုန်းဝူချန်ဆီသို့ တရကြမ်း ပြေးဝင်လာသည်။

ဖုန်းဝူချန်က မျက်လုံးထောင့်ကပင် မကြည့်ပေ။

"ရွှစ်..."

"ဘုန်း..."

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး ပထမအကြီးအကဲ သွေးအန်ကာ လွင့်စင်သွားရလေသည်။

သေမလား ရှင်မလား မသိနိုင်တော့ပေ။

ယီထျန်းချင်းနှင့် တိုက်ခိုက်ထားသဖြင့် ဒဏ်ရာရနေသော ပထမအကြီးအကဲသည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ပေ။ သေလမ်းရှာခြင်း သက်သက်သာ။

ဖုန်းဝူချန်၏ တိုက်ခိုက်မှုများသည် သွေးအေးပြီး ရက်စက်ပြတ်သားလှသည်။

သူသည် နဂါးနတ်ဘုရား နန်းတော်၏ အင်အားကို ပြသပြီး အခြား အင်အားစုများကို ကြောက်ရွံ့သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် စူးရှသော လှောင်ပြောင်ရယ်မောသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့သတည်း။

"ဟဲဟဲ၊ နဂါးနတ်ဘုရား နန်းတော်သခင်ရဲ့ စွမ်းအားက တကယ်ပဲ လေးစားစရာ ကောင်းတာပဲ..."

အခန်း (၄၇၁) - ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း

~"ဘယ်သူလဲ..."

ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့မျက်နှာထားမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။

"ဝူး..."

အနက်ရောင် အရိပ်တစ်ခုသည် မျက်တောင်တစ်ခတ်စာ အတွင်း ဖြတ်ကျော်သွားသည်။ အမြန်နှုန်းမှာ ပြောစရာမလိုအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ကောင်းကင်ဘုံလူသား သတ္တမအလွှာ..."

ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ဘုန်း..."

"အွတ်..."

ရုတ်တရက် ရောက်ရှိလာသော လက်ဝါးချက်သည် ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်းဝူချန်၏ ရင်ဘတ်ကို ထိမှန်သွားသည်။ ဖုန်းဝူချန် သွေးအန်ကာ အနက်ရောင် မျဉ်းကြောင်းတစ်ကြောင်းအလား လွင့်စင်ထွက်သွားရလေသည်။

ရက်စက်သော လက်ဝါးချက်ကြောင့် ဖုန်းဝူချန် အကြီးအကျယ် ဒဏ်ရာရသွားခဲ့ချေပြီ။

ဖုန်းဝူချန်ပင် ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။ နဂါးနတ်ဘုရား နန်းတော်မှ ကျန်ရှိနေသော ငါးယောက်လုံးပေါင်းလျှင်ပင် ကောင်းကင်ဘုံလူသား သတ္တမအလွှာ စွမ်းအားရှင်တစ်ဦးကို တားဆီးနိုင်မည် မဟုတ်ပေ။

တိုက်ခိုက်သူ၏ အမြန်နှုန်းမှာ လျင်မြန်လွန်းလှသဖြင့် ဖုန်းဝူချန် တုံ့ပြန်ချိန်ပင် မရလိုက်ချေ။

"အစ်ကိုကြီးဖုန်း..."

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေး ဖြူဖျော့သွားပြီး ဖုန်းဝူချန်ရှိရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။

"နန်းတော်သခင်..."

ယီထျန်းချင်းနှင့် အခြားသူများလည်း အလွန်အမင်း စိုးရိမ်သွားကြသည်။

"လူယုတ်မာ...ခိုးတိုက်ရဲတယ်ပေါ့..."

လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"ငါက ခိုးတိုက်တာ မဟုတ်ဘူး... ငါ့အမြန်နှုန်းက မြန်လွန်းလို့ ဖုန်းဝူချန် သတိမထားမိလိုက်တာပါ..."

ထိုသူက လှောင်ပြောင်သလို ရယ်မောလိုက်သည်။

"ဒါပေမဲ့... ငါ နည်းနည်း လက်လွန်သွားပုံရတယ်..."

ထိုသူသည် ကောင်းကင်ဘုံလူသား သတ္တမအလွှာ စွမ်းအားရှင် ဖြစ်ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ချီလင်ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှု ရှိနေသည့်တိုင် ထိုမျှ ပြင်းထန်သော စွမ်းအားကို ခံနိုင်ရည်မရှိခဲ့ပေ။

"ရွှမ်မင်ဂိုဏ်းချုပ်..."

"ဒါ၊ ရွှမ်မင်ဂိုဏ်းချုပ် မုရှီးပဲ..."

မီးတိမ်တိုက် နန်းတော်မှ လက်ကျန်လူများနှင့် ဘေးမှ ကြည့်နေကြသူများ အားလုံး အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

ထိုသူမှာ ရွှမ်မင်ဂိုဏ်းချုပ် မုရှီး အမှန်ပင် ဖြစ်သည်။ အသက်လေးဆယ်ကျော်အရွယ်၊ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းအစ ခြေအဆုံး စွမ်းအားရှင်ကြီးတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ဝှစ်..ဝှစ်..ဝှစ်..."

ထိုအချိန်မှာပင် လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကောင်းကင်ယံ အဝေးတစ်နေရာမှ စွမ်းအားရှင် ရာပေါင်းများစွာသည် သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာနေကြသည်။

"ရွှမ်မင်ဂိုဏ်းက စွမ်းအားရှင်တွေ ရောက်လာပြီ..."

ပရိသတ်ကြီး ထပ်မံ အော်ဟစ်လိုက်ကြသည်။

ရွှမ်မင်ဂိုဏ်းမှ စွမ်းအားရှင် ရာပေါင်းများစွာသည် ထျန်းယွမ်ဘုံ အထက် အဆင့်များချည်း ဖြစ်ပြီး၊ ကောင်းကင်ဘုံလူသား အဆင့် ကိုးယောက်ပင် ပါဝင်နေသည်။ သူတို့၏ အင်အားသည် မီးတိမ်တိုက် နန်းတော်ထက် အဆများစွာ သာလွန်သည်။

မီးတိမ်တိုက် နန်းတော် ပြဿနာ မရှင်းရသေးခင်မှာပင် ရွှမ်မင်ဂိုဏ်းက ရောက်ရှိလာခြင်း ဖြစ်သည်။

လှိုင်းတံပိုး တစ်လုံးပြီး တစ်လုံး ရိုက်ခတ်နေသကဲ့သို့ နဂါးနတ်ဘုရား နန်းတော်သည် အကြပ်အတည်းနှင့် ထပ်မံ ရင်ဆိုင်လိုက်ရပြန်လေပြီ။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် မီးတိမ်တိုက် နန်းတော်ကို အနိုင်ယူနိုင်ခဲ့သော်လည်း နဂါးနတ်ဘုရား နန်းတော်သားများ၏ စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ယီထျန်းချင်း၊ ပေတိုယန်နှင့် အခြား ကောင်းကင်ဘုံလူသား အဆင့်များသည် သူတို့၏ အစစ်အမှန်ယွမ်စွမ်းအား အများစုကို သုံးစွဲထားပြီး ဖြစ်သည်။

ယခု ရွှမ်မင်ဂိုဏ်း၏ စွမ်းအားရှင်များကို ရင်ဆိုင်ရန်မှာ အနိုင်ရမည့် အခွင့်အလမ်း လုံးဝ မရှိတော့ပေ။

ပေတိုယန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"ချီဟွမ်... မီးတိမ်တိုက် နန်းတော်က လူယုတ်မာတွေကို အမြန်ရှင်းပစ်ပါ..."

"နဂါးနတ်ဘုရား နန်းတော်က လူတွေ အကုန်သတ်... မီးတိမ်တိုက် နန်းတော်က လူတွေပါ မချန်နဲ့..."

ဟု ရွှမ်မင်ဂိုဏ်းချုပ်က ရက်စက်စွာ အမိန့်ပေးလိုက်သည်။

"ပြေးကြ..."

မီးတိမ်တိုက် နန်းတော်မှ အကြီးအကဲများနှင့် စွမ်းအားရှင်များ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

"ဘယ်သူမှ မလွတ်စေနဲ့... ညှာမနေနဲ့..."

ဟု ရွှမ်မင်ဂိုဏ်း၏ ပထမအကြီးအကဲက အေးစက်စွာ အမိန့်ပေးလိုက်သည်။

"သတ်..."

ရွှမ်မင်ဂိုဏ်းသားများ ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်ကြသည်။ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

"နဂါးနတ်ဘုရား နန်းတော်ထဲကို ပြန်ဆုတ်ကြ..."

ဒဏ်ရာပြင်းထန်စွာ ရထားသော ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ တွဲကူမှုဖြင့် နန်းတော်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။ နာကျင်မှုကို အံကြိတ်ခံရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများသည် ရွှမ်မင်ဂိုဏ်းချုပ်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

"ပြန်ဆုတ်ကြပါ..."

လျိုချင်းယန်လည်း အော်ဟစ်လိုက်သည်။

နဂါးနတ်ဘုရား နန်းတော်သားများ အားလုံး 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို အသုံးပြုကာ ရင်ပြင်တော်ပေါ်သို့ ပြန်လည် ရောက်ရှိသွားကြသည်။

ရွှမ်မင်ဂိုဏ်း၏ အင်အားနှင့် ယှဉ်လျှင် မောပန်းနွမ်းနယ်နေသော ယီထျန်းချင်းတို့မှာ ယှဉ်နိုင်စွမ်း မရှိတော့ပေ။

မီးတိမ်တိုက် နန်းတော်သားများမှာမူ ကံဆိုးမိုးမှောင် ကျရောက်သွားသည်။ ဒဏ်ရာရထားပြီး အင်အားနည်းပါးနေသော သူတို့သည် ရွှမ်မင်ဂိုဏ်းသားများ၏ လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံလိုက်ကြရသည်။

အားကြီးသူက ရှင်သန်ပြီး အားနည်းသူက သေဆုံးရစမြဲပင်။

မီးတိမ်တိုက် နန်းတော်မှ လက်ကျန်လူများ အားလုံး မျိုးဖြုတ်သုတ်သင် ခံလိုက်ရလေပြီ။

"သတ်..."

ရွှမ်မင်ဂိုဏ်းသားများက နဂါးနတ်ဘုရား နန်းတော်ဆီသို့ ဦးတည်လာကြပြန်သည်။

ဖုန်းဝူချန် စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် အခင်းအကျင်းထဲသို့ ဝင်ရောက် ပေါင်းစပ်သွားသည်။

"ရှောင်ရှောင်... ယီထျန်းချင်း... ခဏလောက် တားထားပေးပါ..."

ဖုန်းဝူချန် အော်ဟစ်လိုက်သည်။

"ဝီ... ဝီ..."

လင်ရှောင်ရှောင်သည် သူမ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်လိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ခရမ်းရောင် အလင်းတန်းများ တောက်ပလာပြီး သူမ၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာသို့ ရောက်ရှိသွားသည်။

"ဖရိုဖရဲ ဓားသိုင်း... ဖရိုဖရဲ နတ်ဘုရားဓား..."

လင်ရှောင်ရှောင်သည် သွေးမျိုးဆက် စွမ်းအားများကို သလင်းကျောက် ရေခဲဓားထဲသို့ စီးဝင်စေလိုက်သည်။ ဝိညာဉ်ကို သိမ်းပိုက်နိုင်သော ဓားအရှိန်အဝါကြီး ပေါက်ကွဲထွက်လာပြီး၊ လင်ရှောင်ရှောင်က ဓားကို ဝင့်ကာ ခုတ်ပိုင်းလိုက်တော့၏။

"ဝူး..."

"ဝီ..."

ပေပေါင်း ဒါဇင်များစွာ ရှည်လျားသော ခရမ်းရောင် ဓားအလင်းတန်းကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ လေဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး မည်သူမှ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ထိုဓားအလင်းတန်းကြီးကြောင့် ရွှမ်မင်ဂိုဏ်းသားများ ထိတ်လန့်တကြား ရပ်တန့်သွားကြသည်။

"မြေကမ္ဘာအဆင့် ဓားသိုင်းပါလား..."

ရွှမ်မင်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။

"ယင်ယန် လျန်ရီ ဓားသိုင်း... ယင်ယန် ရှစ်မျက်နှာ ခုတ်ပိုင်းခြင်း..."

လျိုချင်းယန်လည်း အားကျမခံ ဓားသိုင်းကွက် ဖော်ဆောင်လိုက်သည်။

"သေမင်း သွေးဓား..."

ယီထျန်းချင်းက မြေကမ္ဘာအဆင့် သိုင်းပညာကို ထုတ်သုံးလိုက်သည်။

ပေတိုယန်လည်း နောက်မှ လိုက်ပါ တိုက်ခိုက်သည်။

"မြေကွဲ မိုးကြိုးလက်ဝါး…”

"ဝှစ်..ဝှစ်..ဝှစ်..."

"ဝီ... ဝီ..."

စွမ်းအားကြီးမားသော သိုင်းကွက် အစွမ်းအစများ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ မြင်ကွင်းက ခမ်းနားထည်ဝါပြီး လေဟင်းလင်းပြင်ကြီး တုန်ခါနေသည်။

"ကောင်စုတ်မ... ပထမအလွှာလေးနဲ့ ဒီလောက်စွမ်းအား ရှိတယ်ဆိုတော့ မဆိုးဘူးပဲ... ဒါပေမဲ့ အားနည်းလွန်းသေးတယ်... မင်းတို့ အကုန်ပေါင်းတိုက်ရင်တောင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး..."

ရွှမ်မင်ဂိုဏ်း ပထမအကြီးအကဲက ရုတ်တရက် ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"ဝီ..."

ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာသည်။

"ကွဒဖျက်စေ..."

"ဘုန်း... ဘုန်း... ဘုန်း..."

ဟိန်းဟောက်သံနှင့်အတူ ပထမအကြီးအကဲ၏ စွမ်းအားသည် လျိုချင်းယန်တို့၏ သိုင်းကွက်များကို ရိုက်ခတ်သွားပြီး ဖျက်ဆီးပစ်လိုက်သည်။ စွမ်းအင်လှိုင်းများက ဆူနာမီ လှိုင်းလုံးများအလား ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

"အွတ်... အွတ်... အွတ်..."

ယီထျန်းချင်းနှင့် အခြားသူများ အားလုံး သွေးအန်ကာ လွင့်စင်သွားကြရရှာသည်။

အပြာရောင် အကာအကွယ်ဖြင့် ကာကွယ်ထားသော လင်ရှောင်ရှောင် တစ်ယောက်သာ ထိခိုက်မှု မရှိဘဲ ကျန်ရစ်သည်။

ပြင်းထန်သော တိုက်ပွဲတွင် သူတို့၏ စွမ်းအားသည် ရွှမ်မင်ဂိုဏ်း ပထမအကြီးအကဲကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

ပဉ္စမအလွှာ စွမ်းအားရှင်တစ်ဦး၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဒီကောင်မလေး ဘာမှမဖြစ်ပါလား... သူ့မှာ တော်တော်စွမ်းတဲ့ အကာအကွယ် ရှိပုံရတယ်..."

မုရှီး မျက်မှောင်ကြုတ်ကာ လင်ရှောင်ရှောင်ကို ဂရုတစိုက် ကြည့်နေမိသည်။

သို့သော် မုရှီး သိပ်အများကြီး မတွေးတော့ပေ။ ဒီနေ့ နဂါးနတ်ဘုရား နန်းတော်ကို သိမ်းပိုက်ရမည်သာ။

"အစ်ကိုဖုန်း... ရပြီလား... ကျွန်တော်တို့ ကြာကြာမခံနိုင်တော့ဘူး..."

လျိုချင်းယန် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"နဂါးနတ်ဘုရား နန်းတော်သခင်... အလကား ခုခံမနေနဲ့တော့... အညံ့ခံလိုက်စမ်းပါ... အညံ့ခံရင် အသက်ချမ်းသာပေးမယ်..."

ဟု မုရှီးက လှောင်ပြောင်သလို ပြောလိုက်သည်။

"ဟွန်း... အညံ့ခံရမယ် ဟုတ်လား... ခင်ဗျားတို့ လာလမ်းအတိုင်း ပြန်မသွားနိုင်အောင် လုပ်ပစ်မယ်..."

ဖုန်းဝူချန်က ဒဏ်ရာကို အံကြိတ်ခံရင်း အစစ်အမှန်ယွမ်စွမ်းအားများကို အတင်းအကြပ် လှုံ့ဆော်လိုက်သည်။ လက်ဟန်များ ပြုလုပ်ပြီးနောက် လက်နှစ်ဖက်ကို ပူးကပ်ကာ အော်ဟစ်လိုက်သည်။

"ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း... ပွင့်စေ..."

"ဝီ... ဝီ..."

ဖုန်းဝူချန်၏ အသံဆုံးသည်နှင့် နဂါးနတ်ဘုရား နန်းတော်ကြီး ရုတ်တရက် တုန်ခါသွားပြီး၊ နန်းတော်အတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခု လှိုင်းလုံးကြီးအလား ပေါက်ကွဲထွက်လာတော့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ထိုအရှိန်အဝါသည် လူတိုင်း၏ ဝိညာဉ်များကို တုန်လှုပ်ချောက်ခြားသွားစေသည်။

"စွမ်းလိုက်တဲ့ အခင်းအကျင်း စွမ်းအား..."

မုရှီး၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။

"အခင်းအကျင်း ဟုတ်လား..."

ရွှမ်မင်ဂိုဏ်း ပထမအကြီးအကဲလည်း မျက်မှောင်ကြုတ်သွားသည်။ ဒီစွမ်းအားက မကောင်းသော နိမိတ်ကို ပြနေသလိုပင်။

နဂါးနတ်ဘုရား နန်းတော်၏ အပြင်ဘက်တွင် ကြီးမားသော ရွှေရောင် အကာအကွယ် ဒိုင်းကြီးတစ်ခု စတင် ပေါ်ထွန်းလာပြီး နန်းတော်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်လိုက်လေသည်။

ထိုကြီးမားခမ်းနားသော အခင်းအကျင်း အကာအကွယ်ကြီးကို မြင်လိုက်ရသောအခါ လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။

နဂါးနတ်ဘုရား နန်းတော်မှာ ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းကြီး ရှိနေတာလား။

All Chapters