အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အခန်း (၄၇၂) - ကြောက်မက်ဖွယ် အခင်းအကျင်း (၁)
~မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် အလင်းတန်းကြီးသည် နတ်ဘုံနတ်နန်း တစ်ခုမှ ထွက်ပေါ်လာသော ဘုန်းတန်ခိုးအရှိန်အဝါကဲ့သို့ ထည်ဝါခမ်းနားလှပေသည်။
ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် သူရဲကောင်းအပေါင်းကို တုန်လှုပ်ချောက်ခြားသွားစေသည်။
"နဂါးနတ်ဘုရား နန်းတော်မှာ တကယ်ကို အစွမ်းထက်တဲ့ အခင်းအကျင်း ရှိနေတာပဲ..."
"ဟုတ်တယ်... အရင်တုန်းက ခံစားရတဲ့ အရှိန်အဝါက အခုထက်တောင် ပိုကြမ်းသေးတယ်..."
"နန်းတော်သခင်ဖုန်း ဒဏ်ရာပြင်းထန်နေလို့ အခင်းအကျင်း စွမ်းအား လျော့သွားတာ ဖြစ်မယ်..."
"ဒီလောက် ကြောက်စရာကောင်းတဲ့ အခင်းအကျင်းကို သူတို့ ဘယ်ကရတာလဲ... နဂါးနတ်ဘုရား နန်းတော်မှာ အခင်းအကျင်း ပါရဂူကြီး ရှိနေတာလား..."
ကြည့်ရှုသူများအကြားတွင် အုတ်အော်သောင်းတင်း ဖြစ်နေကြသည်။
အခင်းအကျင်း ပွင့်သွားမှသာ လျိုချင်းယန်နှင့် အခြားသူများ သက်ပြင်းချနိုင်တော့၏။
"ချင်းယန်... ရှင်တို့ မြန်မြန် ဆေးသောက်ပြီး ကုသကြ... အစ်ကိုကြီးဖုန်း ဒဏ်ရာက တော်တော်ပြင်းတယ်... သူ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး..."
လင်ရှောင်ရှောင်က သတိပေးလိုက်ပြီး ဖုန်းဝူချန်၏ နောက်ကျောဘက်သို့ လျှပ်စီးပမာ ရောက်ရှိသွားကာ သူမ၏ အစစ်အမှန်ယွမ်စွမ်းအားများကို ဖုန်းဝူချန်၏ ကိုယ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
လျိုချင်းယန်တို့လည်း အချိန်မဆိုင်းဘဲ ဆေးလုံးများ ထုတ်သောက်ကာ ကုသမှု ခံယူကြသည်။
လင်ရှောင်ရှောင်၏ စွမ်းအားများ အခင်းအကျင်းထဲသို့ စီးဝင်သွားသည်နှင့် တပြိုင်နက် အခင်းအကျင်း၏ အရှိန်အဝါသည် မိုးထိအောင် မြင့်တက်လာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။
"အခင်းအကျင်း စွမ်းအားက ပိုပိုပြီး ကြမ်းလာပါလား..."
ရွှမ်မင်ဂိုဏ်း ပထမအကြီးအကဲ မျက်မှောင်ကြုတ်သွားသည်။ ရင်ထဲတွင် စိုးရိမ်စိတ်များ တရိပ်ရိပ် တက်လာသည်။
မုရှီး၏ မျက်နှာထားလည်း လေးနက်သွားသည်။ နဂါးနတ်ဘုရား နန်းတော်တွင် ဤမျှ အစွမ်းထက်သော အခင်းအကျင်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ကောင်းကင်ဘုံလူသား သတ္တမအလွှာ ရောက်နေသော သူပင်လျှင် အနည်းငယ် စိုးရိမ်လာရသည်။
"ခင်ဗျားတို့က ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းရဲ့ စွမ်းအားကို မြင်ချင်တယ် ဆို..."
ဖုန်းဝူချန်က ဖြူဖျော့နေသော မျက်နှာဖြင့် ရက်စက်စွာ ပြုံးလိုက်သည်။
"ဒီနေ့... ခင်ဗျားတို့ ဆန္ဒပြည့်စေရမယ်..."
လျိုချင်းယန် အံကြိတ်ကာ
"အစ်ကိုဖုန်း... ဒီလူတွေကို အကုန်သတ်ပစ်ပါ... တစ်ယောက်မှ မချန်နဲ့..."
ဟု အော်ဟစ်လိုက်သည်။
"နန်းတော်သခင်... အကုန်သတ်ပစ်..."
"အကုန် သေရမယ်..."
ချီဟွမ်နှင့် ညီအစ်ကိုများ၏ ဒေါသတကြီး ဟိန်းဟောက်သံများက နဂါးနတ်ဘုရား နန်းတော်နှင့် တောင်တန်းကြီးများကို ပဲ့တင်ထပ်သွားစေသည်။
ရွှမ်မင်ဂိုဏ်း၏ အခွင့်ကောင်းယူ တိုက်ခိုက်မှုသည် ယုတ်မာကောက်ကျစ်လွန်းလှသဖြင့် နဂါးနတ်ဘုရား နန်းတော်သားများ၏ ဒေါသကို အထွတ်အထိပ် ရောက်စေခဲ့သည်။
"ဝီ..."
ဖုန်းဝူချန် လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်နှင့် အခင်းအကျင်းကြီးသည် ပြင်းထန်စွာ တုန်ခါလာပြီး မျက်နှာပြင်ပေါ်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စုစည်းလာသည်။
ခဏအကြာတွင်... ရွှေရောင် အခင်းအကျင်း၏ အပြင်ဘက်၌ သောင်းချီသော ရွှေရောင် ဓားချီများ ပေါ်ထွက်လာသည်။ ထူထပ်များပြားလွန်းလှပြီး မျက်စိကျိန်းမတတ် တောက်ပနေလေသည်။
"ဂလု..."
ထိုခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရင်း ပရိသတ်ကြီး မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ အကြောက်တရားများက သူတို့ကို လွှမ်းမိုးထားလေ၏။
ရွှမ်မင်ဂိုဏ်းမှ စွမ်းအားရှင် ရာပေါင်းများစွာသည်လည်း ချွေးစေးများ ပြန်ကာ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
"ဓားတွေ အကုန် လွှတ်..."
ဖုန်းဝူချန်က ရက်စက်စွာ အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝှစ်..ဝှစ်..ဝှစ်..."
"ဝီ... ဝီ..."
သောင်းချီသော ဓားချီများသည် ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်ယံသို့ တပြိုင်နက်တည်း ထိုးတက်သွားကြသည်။ ရွှေရောင် လျှပ်စီးတန်းများ ထောင်သောင်းချီ ပစ်ချလိုက်သကဲ့သို့... လေဟင်းလင်းပြင်ကြီး တစ်ခုလုံး တုန်ခါသွားရလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ပရိသတ်ကြီး လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။
"ကြောက်... ကြောက်စရာကောင်းလိုက်တဲ့ အခင်းအကျင်း..."
"သွားပြီ... ငါတို့ စွမ်းအားနဲ့ ဘယ်လိုမှ မတားနိုင်ဘူး..."
"ဒါကို ဘယ်လို ခုခံရမှာလဲ..."
ရွှမ်မင်ဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့်များ အပါအဝင် စွမ်းအားရှင် ရာပေါင်းများစွာသည် ကြောက်လွန်း၍ ဘာလုပ်ရမှန်းမသိ ကြောင်အနေကြသည်။
"မြန်မြန်... နောက်ဆုတ်ကြ..."
ပထမအကြီးအကဲက အော်ဟစ်လိုက်ပြီး ဦးဆုံး ထွက်ပြေးလေသည်။ ကျန် အကြီးအကဲ နှစ်ယောက်လည်း နောက်မတွန့်ဘဲ ထွက်ပြေးကြသည်။
ရွှမ်မင်ဂိုဏ်းသားများ အားလုံး အလုအယက် ထွက်ပြေးကြတော့သည်။ မည်သူမျှ တစ်စက္ကန့်လေးတောင် ဆက်မနေရဲကြတော့ပေ။
သို့သော်... ဓားချီများ၏ အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသည်။
ထျန်းယွမ်ဘုံ အဆင့်များအနေဖြင့် ထိုဓားများကို မည်သို့မျှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ပေ။
"ဝူး..."
မုရှီး ရုတ်တရက် ရှေ့ထွက်လာပြီး ကောင်းကင်ဘုံလူသား သတ္တမအလွှာ၏ စွမ်းအားများကို အကုန်ထုတ်ဖော်လိုက်သည်။ လက်ဟန်များ ပြုလုပ်ပြီး ဟိန်းဟောက်လိုက်သည်။
"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းပညာ... အစွန်းရောက် လေဒိုင်း .."
ပေ ၆၀၊ ၇၀ ခန့် ကြီးမားသော လေဒိုင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ မုရှီးသည် ထိုဒိုင်းကြီးဖြင့် ဓားချီ သောင်းချီကို တားဆီးရန် ရည်ရွယ်ထားသည်။
"မင်းရဲ့ အခင်းအကျင်းက ဘယ်လောက် စွမ်းလဲဆိုတာ ငါ စမ်းကြည့်ချင်သေးတယ်..."
မုရှီးက အေးစက်စွာ ပြောလိုက်သည်။ သူ့စွမ်းအားအပေါ် ယုံကြည်မှု ရှိနေပုံရသည်။
"ခင်ဗျား သူတို့ကို မကယ်နိုင်ပါဘူး..."
ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဝီ..."
စကားဆုံးသည်နှင့် ဖုန်းဝူချန်၏ လက်ဟန် ပြောင်းလဲသွားသည်။ ကောင်းကင်သို့ ထိုးတက်နေသော ဓားချီ သောင်းချီသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။
ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ ထင်ရသော်လည်း၊ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ဓားတစ်စင်းစီတိုင်းသည် ထွက်ပြေးနေသော ရန်သူတစ်ယောက်စီဆီသို့ တိကျစွာ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဓားချီများတွင် မျက်လုံးပါနေသကဲ့သို့ပင်။
"ဘာ..."
မုရှီး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။
အခုလို အရပ်မျက်နှာအနှံ့ ဖြန့်ခွဲတိုက်ခိုက်လိုက်မှတော့ မုရှီးအနေဖြင့် အားလုံးကို ကာကွယ်ပေးရန် မဖြစ်နိုင်တော့ပေ။
"ဘယ်သူမှ မလွတ်စေရဘူး... နဂါးနတ်ဘုရား နန်းတော်ကို ဝါးမြိုချင်တဲ့ လူတိုင်း အသက်ပေးရမယ်..."
ဖုန်းဝူချန်က ရက်စက်စွာ အော်ဟစ်လိုက်သည်။ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။
"သွားပြီ... ဂိုဏ်းချုပ် မတားနိုင်တော့ဘူး..."
"ပြေး... ပြေးကြ..."
"ဖုန်းဝူချန်က ဓားတွေကို ထိန်းချုပ်နိုင်တယ်..."
ကြီးမားသော ဘေးဆိုးကြီး ကျရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ရွှမ်မင်ဂိုဏ်းသားများ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။
"ဝှစ်..ဝှစ်..ဝှစ်..."
"အား... အား..."
နောက်တစ်ခဏတွင်... ငရဲခန်းကြီး ပေါ်ပေါက်လာတော့သည်။
ရွှမ်မင်ဂိုဏ်းမှ စွမ်းအားရှင် ရာပေါင်းများစွာသည် ဓားချီများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ကြရသည်။ နှလုံးသားကို မြှားတစ်ထောင် စိုက်ဝင်သွားသကဲ့သို့ နာကျင်စွာ အော်ဟစ်ရင်း တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကြွေကျသွားကြသည်။
ခန္ဓာကိုယ်တွင် လက်သီးဆုပ်လောက် အပေါက်ကြီးများဖြင့် သွေးသံရဲရဲ ဖြစ်နေသော အလောင်းကောင်များ ပြန့်ကျဲနေသည်။ ကြည့်ရက်စရာ မရှိအောင် ရက်စက်လွန်းလှသည်။
ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်များပင်လျှင် မလွတ်မြောက်နိုင်ကြရှာပေ။
ကြည့်ရှုသူ အားလုံး၊ နဂါးနတ်ဘုရား နန်းတော်သားများ အားလုံး ကျောက်ရုပ်များအလား တောင့်တင်းသွားကြသည်။ မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်တုန်လှုပ်နေကြသည်။
ရွှမ်မင်ဂိုဏ်း အကြီးအကဲ သုံးယောက်လည်း မျက်နှာများ ဖြူဖျော့ကာ တုန်ယင်နေကြသည်။
မုရှီး တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင်... သူ့လူ ရာပေါင်းများစွာ အသတ်ခံလိုက်ရသည် မဟုတ်ပါလော။
ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း... ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။
"လူသုံးရာကျော်... တစ်ခဏလေးနဲ့ အကုန်သေသွားတာလား..."
"ကြောက်စရာကြီး... နန်းတော်သခင် တည်ဆောက်ထားတဲ့ အခင်းအကျင်းက သိပ်ကြောက်စရာ ကောင်းလွန်းတယ်..."
"ခံစစ် အခင်းအကျင်း ဆိုပြီး တိုက်စစ်ကလည်း ဒီလောက် ကြမ်းတာလား..."
လျိုချင်းယန်နှင့် ညီအစ်ကိုများ အားလုံး မယုံနိုင်အောင် ဖြစ်နေကြသည်။
"အစ်ကိုကြီးဖုန်း... ဒါ ရှေးဟောင်း အခင်းအကျင်း မလားဟင်..."
လင်ရှောင်ရှောင်လည်း အံ့ဩတကြီး မေးလိုက်သည်။
ဖုန်းဝူချန်က ပြုံးရင်း၊ ပြောပြလိုက်၏။
"ဟုတ်တယ်... ဒါပေမဲ့ အစ်ကို့ရဲ့ ကျင့်ကြံဆင့် နိမ့်နေသေးလို့ အခင်းအကျင်းရဲ့ စွမ်းအားအစစ်ကို ထုတ်မသုံးနိုင်သေးတာ... အခု မြင်ရတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ်..."
ရေခဲတောင် ၏ ထိပ်ဖျားလေးကတင် ဒီလောက် စွမ်းနေလျှင်... စွမ်းအားအစစ်အမှန်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မည်နည်း။
ဖုန်းဝူချန်က ကောင်းကင်ကို မော့ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးလေးတချို့ ကျန်နေသေးပါလား…”
အခန်း (၄၇၃) - ကြောက်မက်ဖွယ် အခင်းအကျင်း (၂)
~"ဝီ... ဝီ..."
ဖုန်းဝူချန်၏ လက်ဟန်ပြောင်းလဲသွားသည်နှင့် ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းကြီး ထပ်မံ တုန်ခါသွားပြန်သည်။ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စုစည်းလာသည်။
ကြီးမားသော အခင်းအကျင်း မျက်နှာပြင်ပေါ်တွင် ဧရာမ ဓားချီ လေးလက် ထွက်ပေါ်လာသည်။
ဓားတစ်လက်စီတိုင်းတွင် ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည်။
"ဘယ်သူက အရင်စချင်လဲ..."
ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက မုရှီးနှင့် အကြီးအကဲ သုံးယောက်အပေါ် ကျရောက်သွားပြီး၊ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။
အကြီးအကဲ သုံးယောက်လုံး ကြောက်လွန်း၍ တုန်ယင်နေကြသည်။
ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရမှ ကြောင်နေသော မုရှီး သတိပြန်ဝင်လာသည်။
မုရှီး၏ မျက်နှာထား မည်းမှောင်သွားပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်လာသည်။
အလွန်တရာ ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါများ မုရှီး၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ရွှမ်မင်ဂိုဏ်းသား ရာပေါင်းများစွာ အသတ်ခံလိုက်ရသဖြင့် ဂိုဏ်းချုပ် မုရှီး ဒေါသအထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။
"ဝှစ်..ဝှစ်..ဝှစ်..."
"ဝီ... ဝီ..."
မုရှီး ဒေါသထွက်နေချိန်မှာပင် ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လက်ဦးမှု ရယူကာ တိုက်ခိုက်လိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားချီ သုံးလက်သည် အကြီးအကဲ သုံးယောက်ဆီသို့ ဒုံးဆိုင်း ပြေးဝင်သွားတော့သည်။ လေဟင်းလင်းပြင်ကြီး တစ်ခုလုံး တုန်ခါသွားရလေသည်။
"သတိထား... အမြန်ရှောင်..."
ပထမအကြီးအကဲက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဒုတိယနှင့် တတိယ အကြီးအကဲတို့သည် တစ်စက္ကန့်လေးတောင် မစဉ်းစားတော့ဘဲ ချက်ချင်း ထွက်ပြေးကြသည်။
ပထမအကြီးအကဲကတော့ ထွက်ပြေးမလွတ်နိုင်မှန်း သိသဖြင့် အံကြိတ်ကာ ရှိသမျှ စွမ်းအားများကို ထုတ်သုံးပြီး ခုခံရန် ပြင်လိုက်သည်။
ပထမအကြီးအကဲသည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ဖြစ်သည့်အတွက် မီးတိမ်တိုက် နန်းတော်သခင်ထက်ပင် သာလွန်သည်။ သို့သော်... ပဉ္စမအလွှာ ဆိုသော အဆင့်သည် ဤအခင်းအကျင်းကို ခုခံရန် လုံလောက်ပါမည်လော။
"အစစ်အမှန်ယွမ် အကာအကွယ်... ရွှေပိုးမျှင် ချပ်ဝတ်တန်ဆာ... မြေကမ္ဘာအဆင့် အထက်တန်းစား သိုင်းပညာ... ဝိညာဉ်ဖြတ် လက်သည်း..."
ပထမအကြီးအကဲသည် ခံစစ်စည်းများ၊ ဝိညာဉ်လက်နက် အကာအကွယ်များနှင့် အစွမ်းထက် သိုင်းကွက်များကို တပြိုင်နက်တည်း ထုတ်သုံးကာ အသက်လု ခုခံလိုက်သည်။
"ဟွန်း... တားနိုင်မယ် ထင်နေလား..."
ဖုန်းဝူချန်က မထီမဲ့မြင် ရယ်မောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
ပထမအကြီးအကဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘုန်း..."
"အွတ်..."
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ကြောက်မက်ဖွယ် ဓားချီသည် ပထမအကြီးအကဲ၏ လက်သည်းကွက်နှင့် ဝင်ဆောင့်မိသည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အစစ်အမှန်ယွမ် အကာအကွယ်၊ ရွှေပိုးမျှင် ချပ်ဝတ်တန်ဆာ အားလုံး ဖန်ခွက်ကွဲသလို တစစီ ကြေမွသွားသည်။
ပြင်းထန်သော စွမ်းအားကြောင့် ပထမအကြီးအကဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး၊ သူ၏ လက်မောင်းတစ်ဖက်လုံး တစစီ ပြတ်ထွက်သွားကာ အမြောက်ဆန်ပမာ လွင့်စင်သွားရလေသည်။
ပထမအကြီးအကဲသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သတိမေ့မြောကာ အဝေးတစ်နေရာမှ တောင်တန်းများကြားသို့ ပြုတ်ကျသွားလေတော့သည်။ သေမလား ရှင်မလား မသိနိုင်တော့ပေ။
အစွမ်းကုန် ခုခံခဲ့သော်လည်း အဆုံးသတ် မလှခဲ့ရှာပေ။
"ကိုယ့်နေရာကိုယ် မသိတဲ့ကောင်..."
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။
"အစ်ကိုဖုန်း... ရှယ်ပဲဗျာ..."
လျိုချင်းယန် ကျေနပ်အားရစွာ အော်ဟစ်လိုက်သည်။
နန်းကုန်းကျန့်နှင့် အခြားသူများလည်း ဒေါသတကြီး အားပေးနေကြသည်။
"နန်းတော်သခင်... ဒီလူတွေကို ပြန်လမ်းမရှိအောင် လုပ်ပစ်လိုက်ပါ.."
"ပထမအကြီးအကဲ..."
ကျန်ရစ်သော အကြီးအကဲ နှစ်ယောက်မှာ အလွန် စိုးရိမ်နေကြသော်လည်း ကူညီရန် မတတ်နိုင်ကြပေ။ ဓားချီ နှစ်လက်က သူတို့နောက်သို့ တကောက်ကောက် လိုက်နေသဖြင့် အသက်လု ပြေးနေရသည် မဟုတ်ပါလော။
ပထမအကြီးအကဲတောင် ထိုမျှ အထိနာသွားလျှင် သူတို့ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
ဓားချီနှင့် ထိမိလိုက်သည်နှင့် သေလမ်းသာ ရှိတော့သည်။
"ပဉ္စမအလွှာတောင် မတားနိုင်ဘူးလား..."
"ကြောက်စရာကြီး... ဒါ ဘာအခင်းအကျင်းကြီးလဲ..."
"ရွှမ်မင်ဂိုဏ်း အကြီးအကဲတွေ သေရတော့မယ်..."
ကြည့်ရှုသူများ၏ မျက်နှာများ ဖြူဖျော့ကုန်ကြပြီး အသံများ တုန်ရီနေသည်။
"ဘုန်း... ဘုန်း..."
အကြီးအကဲ နှစ်ယောက် မျှော်လင့်ချက်မဲ့နေချိန်တွင် လူရိပ်တစ်ခု ရိပ်ခနဲ ပေါ်လာပြီး ဓားချီ နှစ်လက်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
"ပထမအကြီးအကဲ မသေသေးဘူး... သွားကယ်လိုက်ကြ..."
မုရှီးက အေးစက်စွာ ပြောလိုက်သည်။
မုရှီး၏ စွမ်းအားသည် အလွန်ကြီးမားလှသဖြင့် အစွမ်းအထက်ဆုံး ဓားချီများပင် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်ပေ။
"ဂိုဏ်းချုပ်... သတိထားပါ..."
ဒုတိယအကြီးအကဲက သတိပေးလိုက်ပြီး နှစ်ယောက်သား အလျင်အမြန် ထွက်ခွာသွားကြသည်။
သူတို့နှစ်ယောက်၏ ရင်ထဲတွင် နောင်တများ ပြည့်နှက်နေပြီ ဖြစ်သည်။ ရွှမ်မင်ဂိုဏ်းသာ ဒီကိစ္စထဲ ဝင်မပါခဲ့လျှင် စွမ်းအားရှင် ရာပေါင်းများစွာ ဆုံးရှုံးရမည် မဟုတ်ပေ။
ယခု သူတို့ အသက်ရှင် လွတ်မြောက်သွားလျှင်တောင် ရွှမ်မင်ဂိုဏ်း၏ အင်အားမှာ အကြီးအကျယ် ယုတ်လျော့သွားပြီ ဖြစ်ရာ အခြား အင်အားစုများ၏ ဝါးမြိုခြင်းကို ခံရပေတော့မည်။
"ကောင်စုတ်... မင်း ဘယ်လောက်ကြာကြာ ပျော်နိုင်မလဲ ကြည့်ကြသေးတာပေါ့... ဒီနေ့ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး မင်းနဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်ခံရမယ်..."
မုရှီး၏ မျက်နှာထား ကြောက်မက်ဖွယ် ပြောင်းလဲသွားပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
"လေကြီးမနေနဲ့... စွမ်းရင် နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကို ဖြိုခွဲကြည့်လိုက်လေ..."
ဖုန်းဝူချန်က မထီမဲ့မြင် ပြန်ပြောလိုက်သည်။
ထိုအခါ၊ ဒေါသအိုး ပေါက်ကွဲသွားသော မုရှီးသည် မိုးခြိမ်းသံနှင့်အတူ အောက်သို့ ဒုံးဆိုင်း ထိုးဆင်းလာသည်။ အမြန်နှုန်းမှာ မျက်စိဖြင့် လိုက်မမီနိုင်အောင်ပင်။
"ဝုန်း…”
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် မုရှီးသည် အခင်းအကျင်း၏ အစွန်းဘက်သို့ ရောက်ရှိလာပြီး၊ လက်ဝါးတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းကာ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဘုန်း..."
"ဝီ... ဝီ..."
မုရှီး၏ လက်ဝါးသည် အခင်းအကျင်းကို ရိုက်ချလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။ ကြီးမားသော အခင်းအကျင်းကြီးသည် အနည်းငယ် တုန်ခါသွားသည်။
ထိုအခိုက်အတန့်တွင် လူတိုင်း အသက်ရှုအောင့်ကာ စောင့်ကြည့်နေကြသည်။
မုရှီး အခင်းအကျင်းကို ဖျက်ဆီးနိုင်ပါ့မလား။
မုရှီးတောင် မဖျက်ဆီးနိုင်လျှင် နဂါးနတ်ဘုရား နန်းတော၏ အခင်းအကျင်းက သိပ်ကြောက်စရာ ကောင်းနေလေ၏။
လက်ဝါးရိုက်ချက်အပြီးတွင် အခင်းအကျင်းသည် ခဏတာမျှ တုန်ခါသွားသော်လည်း ပြိုကျမည့် အရိပ်အယောင် လုံးဝ မပြပေ။ အက်ကွဲရာ တစ်ချက်ပင် မထင်ပေ။
"ဘာဖြစ်တာလဲ... ငါ့စွမ်းအားတွေ ဘာလို့ ပျောက်သွားတာလဲ..."
မုရှီး မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ အခင်းအကျင်း မပျက်စီးသည့်အပြင် သူ့စွမ်းအားများ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် အံ့အားသင့်သွားမိသည်။
မုရှီး နားမလည်နိုင် ဖြစ်နေစဉ်မှာပင်... အခင်းအကျင်း အတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ပြန်ကန်ထွက်လာသည်ကို အာရုံခံမိလိုက်၏။
"ဒါက..."
မုရှီး အကြီးအကျယ် တုန်လှုပ်သွားပြီး စဉ်းစားချိန်ပင် မရလိုက်ဘဲ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရသည်။
"ဘုန်း..."
"ဝီ... ဝီ..."
မုရှီး တိုက်ခိုက်ခဲ့သော နေရာမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားလှိုင်းတစ်ခု လေပွေမုန်တိုင်းအလား ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။
နောက်ဆုတ်သွားသော မုရှီးသည် ထိုစွမ်းအားလှိုင်း၏ ရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်သွားရလေသည်။
"ဘုရားရေ..."
ကြည့်ရှုသူများ အားလုံး ဘုရားတမိကြသည်။
မုရှီးတောင် အခင်းအကျင်းကို မဖြိုခွဲနိုင်ဘူးတဲ့လား။
နဂါးနတ်ဘုရား နန်းတော်သားများ အားလုံး အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။ ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း၏ ခံစစ်စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ မဟုတ်ပါလော။
"ဘာဖြစ်တာလဲ... အခင်းအကျင်းက ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပြန်ထုတ်ပေးနိုင်တာလဲ..."
မုရှီး တုန်လှုပ်ချောက်ခြားနေမိသည်။ ခုနက စွမ်းအားသည် သူ့ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။
"နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကိုတောင် မဖျက်ဆီးနိုင်ဘဲနဲ့ ငါတို့ကို ဝါးမြိုချင်နေသေးတာလား..."
ဟု လျိုချင်းယန်က လှောင်ပြောင်လိုက်သည်။
"ကိုယ့်သိက္ခာ ကိုယ်ချနေတာပဲ... ရွှမ်မင်ဂိုဏ်းသားတွေကို အလကား သေခိုင်းလိုက်သလို ဖြစ်သွားပြီ..."
ပေတိုယန်ကလည်း ထပ်ဆင့် လှောင်ပြောင်လိုက်သည်။
"သတ္တမအလွှာ ဆိုပေမယ့်လည်း သိပ်တော့ မစွမ်းပါဘူး... ဒီလောက် စွမ်းရည်လေးနဲ့ သူများ အင်အားစုကို ဝါးမြိုချင်နေတာ မရှက်ဘူးလား..."
နဂါးနတ်ဘုရား နန်းတော်သားများ တယောက်တစ်ပေါက် ဝိုင်းလှောင်ကြသည်။
မုရှီး၏ မျက်နှာ ရှုံ့မဲ့သွားပြီး ဒေါသကြောင့် သွေးကြောများ ထောင်ထလာသည်။
"ငါ မယုံဘူး... မင်းတို့ အခင်းအကျင်းကို ငါ မဖြိုခွဲနိုင်ဘူး ဆိုတာ ငါ မယုံဘူး..."
မုရှီး ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ဝိညာဉ်လက်နက်ကို ထုတ်ယူကာ စွမ်းအားအကုန် ထုတ်ဖော်လိုက်ပြန်သည်။
ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး...
"ခင်ဗျား မဖြိုခွဲနိုင်ဘူး ဆိုတာ ကျုပ်လည်း ယုံတယ်... ခင်ဗျားရဲ့ အစွမ်းထက်ဆုံး သိုင်းကွက်ကို ထုတ်သုံးလိုက်စမ်းပါ... ခင်ဗျား ဘယ်လောက် အသုံးမကျတဲ့ အမှိုက်လဲ ဆိုတာ လူတိုင်း မြင်ရအောင်လို့လေ..."
"ကောင်စုတ်..."
မုရှီး၏ မျက်နှာ ခရမ်းရောင် သန်းသွားပြီး မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။
မုရှီးက လေထုထဲ၌ လက်ဟန်များ ရေးဆွဲလိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"မြေကမ္ဘာအဆင့် အခြေခံ သိုင်းပညာ... အကန့်အသတ်မဲ့ နတ်ဘုရား လေဓား...”
အခန်း (၄၇၄) - ကြောက်မက်ဖွယ် အခင်းအကျင်း (၃)
~"မြေကမ္ဘာအဆင့် သိုင်းပညာ... အကန့်အသတ်မဲ့ နတ်ဘုရား လေဓား..."
မုရှီး၏ ဒေါသတကြီး ဟိန်းဟောက်သံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားပြီး၊ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် ဒေါသကြီးသော ပင်လယ်လှိုင်းတံပိုးကြီးများအလား တလိမ့်လိမ့် တက်လာသည်။
"ဝူး..."
"ဝီ..."
မုရှီး၏ ညာလက်မောင်းမှ မျက်စိကျိန်းမတတ် စိမ်းပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အသက်ရှုကျပ်မတတ် ဖိအားများ ပျံ့နှံ့သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပေ ၆၀၊ ၇၀ ခန့် ကြီးမားသော စိမ်းပြာရောင် ဓားချီအလင်းတန်းကြီးသည် လေထုကို ခွဲဖြတ်ပြီး အခင်းအကျင်းကြီးဆီသို့ ဒုံးဆိုင်း ပြေးဝင်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများပင် သိမ့်သိမ့်တုန်ခါကုန်ကြသည်။
အဝေးမှ ကြည့်နေကြသော ကျင့်ကြံသူများသည်ပင် ထိုတုန်ခါမှုကြောင့် ယိမ်းထိုးကုန်ကြရသည်။
ဓားအလင်းတန်းကြီးသည် ရက်စက်ကြမ်းကြုတ်လွန်းလှပြီး စိမ်းပြာရောင် အလင်းတန်းများက ကောင်းကင်ယံ တစ်ခုလုံးကို လင်းလက်သွားစေသည်။
"ဂလု..."
ကြည့်ရှုသူ အားလုံး လိပ်ပြာလွင့်မတတ် ဖြစ်ကုန်ကြသည်။ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေပြီး မသိစိတ်၏ စေ့ဆော်မှုကြောင့် နောက်သို့ ခြေလှမ်းဆုတ်မိကြသည်။
"ကောင်းကင်ဘုံလူသား သတ္တမအလွှာ ဆိုတာ အလကား မဟုတ်ဘူးပဲ... မြေကမ္ဘာအဆင့် သိုင်းပညာနဲ့ ပေါင်းလိုက်တော့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းသွားပြီ..."
ယီထျန်းချင်းက လေးနက်စွာ ရေရွတ်လိုက်မိသည်။
လင်ရှောင်ရှောင်က ဝင်ပြောသည်။
"သူ့စွမ်းအားက တကယ် ကောင်းပါတယ်... ဒါပေမဲ့ အစ်ကိုဖုန်းရဲ့ အခင်းအကျင်း ရှိနေလို့သာ... မဟုတ်ရင် ဒီနေ့ ကျွန်မတို့ အထိနာကြမှာ..."
အခင်းအကျင်း ကာကွယ်မှု ရှိနေသည့်တိုင် မုရှီး၏ တိုက်ခိုက်မှုကြီးကို မြင်လိုက်ရသောအခါ ယီထျန်းချင်းနှင့် အခြားသူများ၏ ရင်ထဲတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာရသည်။
"ကောင်းကင်ဘုံလူသား သတ္တမအလွှာလောက်နဲ့ ငါ့ရဲ့ ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းကို ဖြိုခွဲဖို့ မလုံလောက်သေးပါဘူး..."
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူ့အသံထဲတွင် ယုံကြည်မှု အပြည့်။
"ဘုန်း..."
"ဝီ..."
ကြောက်မက်ဖွယ် ဓားချီသည် အခင်းအကျင်းကြီးနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသည်။ ပေါက်ကွဲသံကြီးသည် နားစည်ကို ကွဲထွက်သွားစေမတတ် ကျယ်လောင်လွန်းလှပြီး တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားသည်။ လူတိုင်း နားကို လက်ဖြင့် အတင်းပိတ်ထားလိုက်ကြရသည်။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက သဘာဝဘေးအန္တရာယ် တစ်ခုအလား ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။
လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး အဝေးမှ ကြည့်နေသူများပင် နောက်သို့ လွင့်စင်မတတ် ဖြစ်ကုန်ကြသည်။
အခင်းအကျင်းကြီးသည် ပြင်းထန်စွာ တုန်ခါနေသည်။ ခံစစ်စွမ်းအား ကောင်းမွန်ကြောင်း သိထားသော်လည်း လူတိုင်း၏ မျက်နှာများ တင်းမာနေပြီး စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
"ငါ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာကိုတောင် တားဆီးနိုင်တယ် ဟုတ်လား..."
အခင်းအကျင်းကြီး ပြိုကျမသွားသည်ကို မြင်လိုက်ရသောအခါ မုရှီး အကြီးအကျယ် တုန်လှုပ်သွားမိသည်။
ကြည့်ရှုသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဒီအခင်းအကျင်းကြီးက ဘယ်လောက်တောင် စွမ်းအားကြီးနေရတာလဲ။
"ဝီ..."
ခဏအကြာတွင်... ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ငြိမ်သက်သွားချိန်၌ အခင်းအကျင်းကြီး ရုတ်တရက် တုန်ခါလာပြန်သည်။ ရွှေရောင် အလင်းတန်းများ ပိုမို တောက်ပလာပြီး အလွန်တရာ ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
"ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
အခင်းအကျင်းထဲမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သောအခါ မုရှီး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ချွေးစေးများ ပြန်လာတော့သည်။
ထိုစွမ်းအားသည် ကောင်းကင်ဘုံလူသား သတ္တမအလွှာ အဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည်။
"မဖြစ်နိုင်ဘူး... နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းက ဒီလောက် စွမ်းအားကြီးစရာ အကြောင်းမရှိဘူး..."
မုရှီး မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရသည်။
"ဘုန်း..."
နောက်တစ်စက္ကန့်တွင် အခင်းအကျင်းကြီး ထပ်မံ ပေါက်ကွဲသွားပြီး ကြီးမားလှသော ရွှေရောင် စွမ်းအင်စက်ဝိုင်းကြီးတစ်ခု အပြင်ဘက်သို့ လှိုင်းလုံးအလား ပြန့်ကားထွက်လာသည်။ မုရှီး၏ ဓားချီမှ ပေါက်ကွဲအားများကို ချက်ချင်းပင် ဖြိုခွင်းပစ်လိုက်သည်။
ထိုကြောက်မက်ဖွယ် စွမ်းအားများ ပြန့်ကားလာသည်ကို မြင်လိုက်ရသောအခါ မုရှီး တစ်ကိုယ်လုံး တုန်ယင်သွားပြီး အကြောက်တရားများက သူ့ကို ဝါးမြိုသွားလေသည်။
နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းသည် ဒီလောက်ထိ ကြောက်စရာ ကောင်းနေသည်ကို မုရှီး ယုံကြည်နိုင်စွမ်း မရှိတော့ပေ။
"ဘုန်း..."
"အွတ်..."
ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် မုရှီး ရှောင်တိမ်းချိန်ပင် မရလိုက်ပေ။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မုရှီး သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး အကြီးအကျယ် ဒဏ်ရာရကာ နောက်သို့ လွင့်စင်ထွက်သွားရလေသည်။
‘မဖြစ်နိုင်ဘူး... ငါက နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းလောက်ကို ရှုံးနိမ့်စရာ အကြောင်းမရှိဘူး…’’
မုရှီး ရင်ထဲတွင် ထိတ်လန့်မှုများ၊ မကျေနပ်မှုများ၊ နောင်တများ ရောထွေးနေသည်။ နဂါးနတ်ဘုရား နန်းတော်ကို ဝါးမြိုဖို့ မကြိုးစားခဲ့သင့်ဘူးဟု နောင်တရနေမိသည်။
ရွှမ်မင်ဂိုဏ်းသာ သူ့ဘာသာသူ နေခဲ့လျှင် ဒီလို အဖြစ်ဆိုးမျိုး ကြုံရမည် မဟုတ်ပေ။
"ဂိုဏ်းချုပ်..."
အဝေးမှ ကြည့်နေကြသော အကြီးအကဲ သုံးယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ စိုးရိမ်နေသော်လည်း အနားသို့ ကပ်ရဲသူ မရှိပေ။
အခင်းအကျင်း အပြင်ဘက်ရှိ တောင်တန်းကြီးများ တုန်ခါသွားပြီး ကျောက်တုံးကျောက်ခဲများ ပြိုကျလာသည်။ ကြည့်ရှုသူများ ထိတ်လန့်တကြား ထွက်ပြေးကြရသည်။
ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် အလွန်တရာ ဖျက်ဆီးအား ပြင်းထန်လှသည်။ ဆေးဧကရာဇ်တောင်သည် အမြင့်ဆုံး တောင်ထိပ် ဖြစ်နေ၍သာ တော်သေးသည်။ မြေပြင်ပေါ်တွင်သာ ဆိုလျှင် ပတ်ဝန်းကျင် တစ်ခုလုံး ပြာကျသွားလောက်သည်။
တစ်ချက်တည်း... ထိုတစ်ချက်တည်းနှင့် မုရှီး အကြီးအကျယ် ဒဏ်ရာရသွားခဲ့ချေပြီ။
ဒီအခင်းအကျင်း၏ ကြောက်စရာအကောင်းဆုံး အချက်မှာ တိုက်စစ်မဟုတ်... ခံစစ် ဖြစ်သည်။
ခံစစ်စွမ်းအား ကောင်းလေလေ... ရန်သူ့တိုက်ခိုက်မှုကို ပြန်ကန်ထွက်သော စွမ်းအားက ပိုမို ကြမ်းတမ်းလေလေ ဖြစ်သည်။
"ကောင်းကင်ဘုံလူသား သတ္တမအလွှာ ရောက်နေတဲ့ ဂိုဏ်းချုပ်မုရှီးတောင် အကြီးအကျယ် ဒဏ်ရာရသွားပြီ..."
"ဒါ ဘာအခင်းအကျင်းကြီးလဲ... သတ္တမအလွှာက မဖြိုခွဲနိုင်တဲ့အပြင် ပြန်ပြီး ဒုက္ခပေးလိုက်သေးတယ်..."
"မယုံနိုင်စရာပဲ... နဂါးနတ်ဘုရား နန်းတော်က သိပ်ကြောက်စရာ ကောင်းလွန်းတယ်..."
ပရိသတ်ကြီး ကြက်သေသေနေကြသည်။ အစကနေ အဆုံးထိ နဂါးနတ်ဘုရား နန်းတော်ဘက်က လူတစ်ယောက်မှ မသေဆုံးဘဲ ရန်သူတွေချည်း ကျဆုံးနေသည်ကို မြင်နေရသည် မဟုတ်ပါလော။
မီးတိမ်တိုက် နန်းတော်ရော၊ ရွှမ်မင်ဂိုဏ်းရော... အင်အားကြီး နှစ်ခုလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်လေ၏။
"အစ်ကိုဖုန်း... အဲ့ဒီလူ ဒဏ်ရာရသွားပြီ..."
လျိုချင်းယန် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ပေတိုယန်က ရက်စက်စွာ "ငါတို့ အခွင့်အရေး ရပြီ... ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့…”
ဟု ပြောလိုက်သည်။
"ကောင်းတယ်ကွာ... အဲ့ဒီလူ သေဖို့ပဲ ရှိတော့တယ်..."
ဟု နဂါးနတ်ဘုရား နန်းတော်သားများ လက်ခမောင်းခတ်ကာ အော်ဟစ်လိုက်ကြ၏။
ထိုစဉ်၊ ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင် အခင်းအကျင်းကြီးကို ပြန်ရုပ်သိမ်းလိုက်သည်။
"သူတို့ကို ထွက်ပြေးခွင့် မပေးနဲ့..."
"ညီအစ်ကိုတို့... သတ်ကြ..."
ပေတိုယန်က ဦးဆောင်ပြီး ပြေးထွက်သွားသည်။ ယီထျန်းချင်း၊ လန်ယွဲ့နှင့် နန်းကုန်းကျန့် တို့လည်း နောက်မှ လိုက်ပါသွားကြသည်။
ဒဏ်ရာပြင်းထန်စွာ ရထားသော မုရှီးသည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ပေ။
အသက်ရှင်နေသေးတာကိုက ကံကောင်းသည်ဟု ဆိုရပေမည်။
သို့သော်... ယာယီ အသက်ရှင်ခြင်းသာ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်ကို လာတိုက်မှတော့ အသက်ရှင်လျက် ပြန်သွားဖို့ မမျှော်လင့်နှင့်တော့။
"ဝှစ်..ဝှစ်..ဝှစ်..."
ပေတိုယန်နှင့် အဖွဲ့သားများ ရောက်ရှိသွားပြီး မုရှီး တောင်းပန်ချိန်ပင် မရလိုက်ဘဲ ပေတိုယန်၏ လက်သီးချက်အောက်တွင် အသက်ပျောက်သွားရဧ။်။
"ပြေး... ပြေးကြ..."
ဒဏ်ရာရနေသော အကြီးအကဲ သုံးယောက် ထိတ်လန့်တကြား ထွက်ပြေးကြသည်။
သူတို့ စိုးရိမ်ခဲ့သမျှ တကယ် ဖြစ်လာခဲ့ချေ၏။ မုရှီး သေဆုံးသွားပြီ ဖြစ်ရာ သူတို့လည်း အသက်လုပြေးရုံမှတပါး အခြား မရှိတော့ပေ။
"ထွက်ပြေးလို့ လွတ်မယ် ထင်နေလား... အစ်ကိုကြီးဖုန်း ပြောထားတယ်... လာလမ်းရှိပြီး ပြန်လမ်းမရှိစေရဘူးတဲ့... ရောက်လာမှတော့ ဘာလို့ ပြန်ချင်နေရတာလဲရှင်..."
ထွက်ပြေးနေသော အကြီးအကဲ သုံးယောက်၏ နားထဲသို့ လင်ရှောင်ရှောင်၏ အေးစက်သော အသံက တိုးဝင်လာသည်။
‘သွားပြီ…’
အကြီးအကဲ သုံးယောက်၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားပြီး မျှော်လင့်ချက်မဲ့သွားကြသည်။
"ရှင်တို့အားလုံး သေရမယ်..."
လင်ရှောင်ရှောင်၏ အသံသည် နေရာအနှံ့မှ ထွက်ပေါ်နေသော်လည်း သူမ၏ ပုံရိပ်ကို မတွေ့ရပေ။
"ရှဲ..."
ဓားအလင်းတန်း သုံးချက် ဆန်းကြယ်စွာ လက်ခနဲ ဖြစ်သွားပြီးနောက်... အကြီးအကဲ သုံးယောက်လုံး ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ လင်ရှောင်ရှောင်၏ လက်ချက်ဖြင့် ခေါင်းပြတ်ကျဆုံးသွားကြရလေသည်။
ရွှမ်မင်ဂိုဏ်းမှ စွမ်းအားရှင် ရာပေါင်းများစွာ... တစ်ယောက်မကျန် သေဆုံးသွားခဲ့ကြလေ၏။
မီးတိမ်တိုက် နန်းတော်နှင့် ရွှမ်မင်ဂိုဏ်း... လုံးဝ ပျက်သုဉ်းသွားခဲ့ချေပြီ။ နဂါးနတ်ဘုရား နန်းတော်က လက်ဖျားနှင့် တို့စရာ မလိုဘဲ တခြားအင်အားစုတွေက သူတို့၏ နယ်မြေတွေကို ဝါးမြိုပစ်လိုက်ကြပေလိမ့်မည်။
ဒီတိုက်ပွဲက နဂါးနတ်ဘုရား နန်းတော်၏ ဩဇာအာဏာကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ပေးခဲ့သည်။
ပတ်ဝန်းကျင် အင်အားစုများကို ခြိမ်းခြောက်ရန် လုံလောက်သော တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့ပေသတည်း။