အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း (၄၇၅) - ထင်ရှားကျော်ကြားလာခြင်း
~တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့၏။
မီးတိမ်တိုက် နန်းတော်နှင့် ရွှမ်မင်ဂိုဏ်းမှ စွမ်းအားရှင် အားလုံး အသေဆိုးနှင့် သေဆုံးသွားကြရသည်။
နဂါးနတ်ဘုရား နန်းတော်သည် အောင်ပွဲခံခဲ့ပြီ ဖြစ်လေ၏။ ဖုန်းဝူချန် တစ်ယောက်သာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ယီထျန်းချင်းနှင့် အခြားသူများမှာမူ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြသည်။
ဤတိုက်ပွဲသည် နဂါးနတ်ဘုရား နန်းတော်အတွက် အလွန်တရာ အရေးပါလှသည်။ ပထမအချက်အနေဖြင့် မျက်စိကျနေသော အင်အားစုများကို ခြိမ်းခြောက်နိုင်လိုက်သလို၊ ဒုတိယအချက်အနေဖြင့် သူတို့၏ ခြေကုပ်ကို ခိုင်မာစေပြီး ဂုဏ်သတင်းကိုပါ မြှင့်တင်နိုင်လိုက်သည်။
တိုက်ပွဲသတင်းသည် နဂါးနတ်ဘုရား နန်းတော်မှတဆင့် လေအလျင် ဆောင်ကျဥ်းသွားခဲ့သည်။
အသစ်စက်စက် အင်အားစု တစ်ခု ဖြစ်ပြီး တတိယတန်းစား အဆင့်ဟု သတ်မှတ်ခံထားရသော်လည်း၊ ဤသတင်းသည် မိုင်ပေါင်းရာချီ အတွင်းရှိ ဒုတိယတန်းစားနှင့် တတိယတန်းစား အင်အားစုများကို တုန်လှုပ်ချောက်ခြားသွားစေခဲ့သည်။
"မီးတိမ်တိုက် နန်းတော်က စွမ်းအားရှင် ရာပေါင်းများစွာနဲ့ နန်းတော်သခင်ပါ အသတ်ခံလိုက်ရတယ် ဟုတ်လား... မဖြစ်နိုင်တာ..."
"ရွှမ်မင်ဂိုဏ်းက စွမ်းအားရှင်တွေလည်း အကုန်သေသွားကြပြီ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲ သုံးယောက်လုံး အသတ်ခံလိုက်ရတာတဲ့..."
"အသစ်စက်စက် အင်အားစုလေးက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေရတာလဲ... မီးတိမ်တိုက် နန်းတော်သခင် ဆိုတာ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ နော်... နဂါးနတ်ဘုရား နန်းတော်ရဲ့ နောက်ခံက ဘယ်လောက်တောင် ကြီးမားနေလို့လဲ..."
"နဂါးနတ်ဘုရား နန်းတော်သခင်က ကောင်းကင်ဘုံလူသား ပထမအလွှာပဲ ရှိသေးတာတဲ့... ဒါပေမဲ့ စတုတ္ထအလွှာနဲ့ ညီမျှတဲ့ စွမ်းအားကို ထုတ်သုံးနိုင်တယ်... ပြီးတော့ ကျင့်ကြံဆင့်ကို ဖိနှိပ်နိုင်တဲ့ ရတနာလည်း ရှိသေးတယ်... မီးတိမ်တိုက် နန်းတော်သခင်ကို သူကိုယ်တိုင် သတ်လိုက်တာတဲ့..."
"ဒါတင် မကသေးဘူး... အကြောက်စရာ အကောင်းဆုံးက နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကြီးပဲ... ရွှမ်မင်ဂိုဏ်းချုပ်ကြီးတောင် အဲ့ဒီအခင်းအကျင်းကြောင့် အကြီးအကျယ် ဒဏ်ရာရသွားပြီးမှ အသတ်ခံလိုက်ရတာ..."
"နဂါးနတ်ဘုရား နန်းတော်မှာ သေချာပေါက် နောက်ခံကောင်း ရှိရမယ်... မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်း ဘယ်လိုလုပ် ရှိနေမှာလဲ..."
ခဏတာအတွင်းမှာပင် ပတ်ဝန်းကျင် အင်အားစုများနှင့် ကျင့်ကြံသူများသည် နဂါးနတ်ဘုရား နန်းတော်အကြောင်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြသည်။ အားလုံး၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
နဂါးနတ်ဘုရား နန်းတော်၏ တိုက်ပွဲသည် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပြီး၊ အခွင့်ကောင်းယူရန် ကြံစည်နေသော အင်အားစုများလည်း လက်လျှော့လိုက်ကြရသည်။
နဂါးနတ်ဘုရား နန်းတော်သည် အလွန်တရာ အစွမ်းထက်လွန်းနေသည်။ သူတို့ ရန်စရဲသော အဆင့် မဟုတ်တော့ပေ။
ရွှမ်မင်ဂိုဏ်းချုပ် မုရှီးတောင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ အခြား အင်အားစု ခေါင်းဆောင်များ၏ စွမ်းအားသည် မုရှီးနှင့် တန်းတူလောက်သာ ရှိကြသည်။
လုံလောက်သော အင်အားမရှိဘဲ မည်သူမျှ နဂါးနတ်ဘုရား နန်းတော်ကို ရန်စရဲတော့မည် မဟုတ်ပေ။
အဓိက အင်အားကြီးများကလွဲလျှင်ပေါ့။ သို့သော် အဓိက အင်အားကြီးများသည် ဒုတိယတန်းစား၊ တတိယတန်းစား အင်အားစုများကို စိတ်ဝင်စားလေ့ မရှိကြပေ။
ဒါကို ဖုန်းဝူချန် ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူသည် အင်အားအလုံးအရင်း သုံးပြီး ဒုတိယတန်းစား၊ တတိယတန်းစား အင်အားစုများကို ခြိမ်းခြောက်ထားလိုက်ခြင်း ဖြစ်သည်။ သို့မှသာ နဂါးနတ်ဘုရား နန်းတော်သားများ စိတ်အေးချမ်းသာစွာ ကျင့်ကြံနိုင်မည် မဟုတ်ပါလော။
တိုက်ပွဲအပြီးတွင်... နဂါးနတ်ဘုရား နန်းတော်သားများ အားလုံး ပျော်ရွှင်ဝမ်းမြောက်နေကြသည်။
"ဆရာ့ကို တကယ် လေးစားတယ်ဗျာ... ဆရာ့မှာ နည်းလမ်းရှိမယ်ဆိုတာ ကျွန်တော် သိနေတယ်..."
ကျန်းကျွင့်လန်က တောင်ထိပ်တစ်ခုပေါ်တွင် ရယ်မောလိုက်သည်။
"ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းမျိုး တခါမှ မမြင်ဖူးဘူး... ဆရာ့ရဲ့ စွမ်းအားက ကောင်းကင်ဘုံလူသား စတုတ္ထအလွှာပဲ ရှိသေးတာ... ဒါပေမဲ့ သူဖွင့်လိုက်တဲ့ အခင်းအကျင်းက သတ္တမအလွှာ စွမ်းအားရှင်ကိုတောင် အကြီးအကျယ် ဒဏ်ရာရစေနိုင်တယ်... တကယ်ကို မယုံနိုင်စရာပဲ..."
ယန်ရန်၏ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩမှုများ အထင်းသား ပေါ်လွင်နေသည်။
"ကဲ... အောက်ဆင်းကြရအောင်..."
ကျန်းကျွင့်လန်က ယန်ရန်၏ လက်ကို ဆွဲပြီး ပြုံးရွှင်စွာ ပျံသန်းဆင်းသက်လိုက်သည်။
"အစ်ကိုကြီးဖုန်း... ဟိုမှာ ကြည့်... ကျန်းကျွင့်လန်နဲ့ ယန်ရန် ရောက်လာပြီ..."
မြောင်ချင်းချင်းက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဆရာ..."
သူတို့နှစ်ဦး ဆင်းသက်လာပြီး ဖုန်းဝူချန်ကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
"မင်းတို့က အချိန်ကိုက်ပဲ... တိုက်ပွဲပြီးမှ ရောက်လာကြတယ်နော်..."
လျိုချင်းယန်က လှောင်ပြောင်သလို ရယ်မောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းကျွင့်လန် ရယ်မောလိုက်ပြီး...
"ယန်ရန်နဲ့ ကျွန်တော် ရောက်နေတာ ကြာပါပြီ... ဝင်ကူညီချင်ပေမယ့် အခြေအနေ မပေးလို့ပါ..."
ကြယ်တာရာနယ်မြေတွင် ကျန်းကျွင့်လန်ကို မသိသူ မရှိပေ။
ဝူကျိနယ်မြေ တစ်ခုလုံးတွင် ကျန်းကျွင့်လန်ကို မသိသော အင်အားစုဟူ၍ မရှိသလောက်ပင်။
ကျန်းကျွင့်လန်သာ လူလုံးထွက်ပြလိုက်လျှင် အင်အားစု အကြီးအငယ် အားလုံးက နဂါးနတ်ဘုရား နန်းတော်သည် ကျန်းမိသားစု၏ ကျောထောက်နောက်ခံ ရှိနေကြောင်း သိသွားကြပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် နဂါးနတ်ဘုရား နန်းတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်မည် မှန်သော်လည်း၊ အတွေ့အကြုံယူပြီး ရင့်ကျက်လာမည့် အခွင့်အရေးများ ဆုံးရှုံးသွားနိုင်သည်။
"ကျန်းလေး... ဆေးပစ္စည်းတွေ အကုန်ရပြီလား..."
ဖုန်းဝူချန်က ပြုံးပြီး မေးလိုက်သည်။
ကျန်းကျွင့်လန် ခေါင်းညိတ်လိုက်သည်။
"တော်တော်များများ ရပါပြီ... 'သတ္တရောင်ခြယ် လမင်းမြက်' တစ်ပင်ပဲ လိုတော့တယ်... လေလံရုံမှာလည်း မရှိဘူး... ရက်ပေါင်းများစွာ ရှာတာတောင် သတင်းအစအန မရဘူး... နောက်ပိုင်းမှ လေလံရုံက စုံစမ်းပေးလို့ ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက်ဆီမှာ ရှိနေတာကို သိလိုက်ရတယ်..."
"သတ္တရောင်ခြယ် လမင်းမြက်က ဆဌမ အဆင့် ဆေးလုံး ဖော်စပ်တဲ့ ပစ္စည်း ဆိုပေမယ့် တကယ် ရှားပါးပြီး တန်ဖိုးကြီးတာ အမှန်ပဲ..."
ဖုန်းဝူချန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
ဖုန်းဝူချန်သည် ကျန်းကျွင့်လန် အကြပ်ရိုက်နေမှန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပြီး မေးလိုက်သည်။
"အဲ့ဒီ ဆဌမ အဆင့် ဆေးပညာရှင်က ဆေးပင်ကို အလွယ်တကူ လက်လွှတ်မယ့်ပုံ မပေါ်ဘူး မလား..."
"ဆရာ ပြောတာ မှန်ပါတယ်... သူက အင်မော်တယ် ဆေးပေါင်းအိုး တစ်လုံးနဲ့ လဲချင်နေတာပါ..."
ယန်ရန်က ဝင်ဖြေသည်။
"ဘာ... ဆေးပင်လေး တစ်ပင်တည်းနဲ့ အင်မော်တယ် ဆေးပေါင်းအိုး လိုချင်တယ် ဟုတ်လား... ဒီအဘိုးကြီးက တကယ့် ခြင်္သေ့ပါးစပ်ဟတာပဲ... သူများဆီက ဓားပြတိုက်တာ မဟုတ်ဘူး..."
လျိုချင်းယန် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
"အင်မော်တယ် လက်နက် ဆိုတာ လူတိုင်း အိပ်မက်မက်ကြတဲ့ ရတနာလေ... သတ္တရောင်ခြယ် လမင်းမြက် ထားပါတော့... အဆင့်ရှစ်၊ အဆင့်ကိုး ဆေးလုံး ဖော်စပ်တဲ့ ပစ္စည်းတွေတောင် အင်မော်တယ် လက်နက်ကို မယှဉ်နိုင်ဘူး..."
ယီထျန်းချင်းက ဝင်ပြောသည်။
"ကျန်းကျွင့်လန်... မင်းက စွမ်းအားရှင် တစ်ယောက်ယောက်လွှတ်ပြီး သတ်ယူလိုက်ပါလားကွာ..."
လွမ်ရှန်က အကြံပေးသည်။
"အဲ့ဒီ ဆဌမ အဆင့် ဆေးပညာရှင် နာမည်က ဟန်ခွန်း တဲ့... ဝူကျိနယ်မြေမှာ နာမည်ကြီးပဲ... လွန်ခဲ့တဲ့ ၅ နှစ်က ဆေးပညာပြိုင်ပွဲမှာ ဆဌမ အဆင့် ဆေးပညာရှင် အများကြီးကို အနိုင်ယူပြီး အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင်အဖြစ် သတ်မှတ်ခံထားရသူ... သူ့ကို ဆေးပင်လေးအတွက် သတ်လိုက်ရင် ကျန်းမိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မယ်..."
ကျန်းကျွင့်လန်က ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
"ဪ... ဝူကျိနယ်မြေရဲ့ အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင်ပေါ့..."
ဖုန်းဝူချန် အနည်းငယ် အံ့ဩသွားသည်။
"ဟုတ်ပါတယ်... သတ္တမ အဆင့် ဆေးပညာရှင် အဖြစ် ရောက်ရှိဖို့ အလားအလာ အရှိဆုံးသူ တစ်ယောက်ပါ..."
ကျန်းကျွင့်လန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဆက်ပြောလိုက်သည်။
"ကျွန်တော့်အဘိုးက အင်မော်တယ် လက်နက် သွန်းလုပ်နိုင်ပေမယ့် အချိန်အကြာကြီး ယူရမှာ... ယန်ရန်ရဲ့ အခြေအနေက အဲ့လောက်ကြာကြာ မစောင့်နိုင်မှာ စိုးရိမ်ရတယ်... ဒါကြောင့် ဆရာ့အကူအညီကို တောင်းရတာပါ... ဆရာ့ရဲ့ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်နဲ့ ဆိုရင် အင်မော်တယ် လက်နက် တစ်ခု ဖန်တီးရတာ လက်ဖဝါး တစ်ဖက်လှန်လိုက်သလောက်ပဲ လွယ်ကူမှာပါ..."
"ဟန်ခွန်းက ဘယ်မှာလဲ..."
"သူက လေလံရုံမှာ သုံးရက်နေမယ်... ပြီးရင် ဝူကျိနယ်မြေက ထွက်သွားမယ်လို့ ပြောပါတယ်..."
ဖုန်းဝူချန်က အေးဆေးစွာ ဆုံးဖြတ်လိုက်သည်။
"မနက်ဖြန် လေလံရုံကို သွားကြမယ်... ယန်ရန်ရဲ့ အခြေအနေက တကယ်ပဲ အချိန်ဆွဲလို့ မရတော့ဘူး... လိုက်ရှာနေမယ့်အစား ဟန်ခွန်းဆီက တိုက်ရိုက်ယူတာ ပိုကောင်းတယ်..."
ဖုန်းဝူချန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း ဆေးသောက်ထားပြီး ဖြစ်သဖြင့် သက်သာလာပြီ ဖြစ်သည်။ သို့သော် အပြည့်အဝ ပြန်ကောင်းရန် အချိန်ယူရဦးမည်။
"ဝမ်းသာလိုက်တာဗျာ... ကျေးဇူးတင်ပါတယ် ဆရာ..."
ကျန်းကျွင့်လန် အလွန်အမင်း ပျော်ရွှင်သွားသည်။ ယန်ရန်၏ မျက်နှာလေးပေါ်တွင်လည်း အပြုံးပန်းများ ဝေဆာလာသည်။
နောက်တစ်နေ့ နံနက်စောစောတွင်... ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားသော ဖုန်းဝူချန်သည် ကျန်းကျွင့်လန်နှင့်အတူ ကြယ်တာရာ လေလံရုံသို့ ထွက်ခွာခဲ့ကြသည်။
ဖုန်းဝူချန်သည် ကြယ်တာရာ လေလံရုံသို့ တစ်ကြိမ် ရောက်ဖူးသော်လည်း အတွေ့အကြုံ မကောင်းခဲ့ပေ။
ကျန်းမိသားစု၏ ကျောက်စိမ်းပြားသာ မပါခဲ့လျှင် သွေးကျောက်စိမ်း ဗောဓိသီးကို ဝယ်ယူနိုင်ခဲ့မည် မဟုတ်ပေ။
နဂါးနတ်ဘုရား နန်းတော်၏ အောင်ပွဲသတင်းသည် ပို၍ ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး အဓိက အင်အားကြီးများ၏ နားထဲသို့ပင် ရောက်ရှိသွားခဲ့သည်။ သို့သော် သူတို့က သိပ်အလေးမထားကြပေ။
ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် နန်းတော်တို့ကတော့ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။
တစ်ရက်အတွင်းမှာပင် သတင်းသည် လေလံရုံသို့ ရောက်ရှိသွားသည်။ မြို့ထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်း နဂါးနတ်ဘုရား နန်းတော်အကြောင်း ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
ရက်ပိုင်းအတွင်းမှာပင် နဂါးနတ်ဘုရား နန်းတော်သည် အင်အားစုသစ် တစ်ခုအဖြစ် နာမည်ကျော်ကြားလာခဲ့ချေပြီ။
"ဆရာ... မကြာခင် နဂါးနတ်ဘုရား နန်းတော်ရဲ့ ဂုဏ်သတင်းက ကြယ်တာရာနယ်မြေ တစ်ခုလုံး ပျံ့နှံ့သွားတော့မှာပါ..."
ကျန်းကျွင့်လန်က ပြုံးရင်း ပြောလိုက်သည်။
"ကောင်းတာပေါ့... သူတို့ကို စိတ် ကြိုပြင်ဆင်ထားဖို့ အချိန်ပေးလိုက်တာပေါ့... ကြယ်တာရာနယ်မြေရဲ့ အနာဂတ် အရှင်သခင်က နဂါးနတ်ဘုရား နန်းတော်ကလွဲပြီး တခြားသူ မဖြစ်နိုင်ဘူး..."
ဖုန်းဝူချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြောလိုက်သည်။
ကျန်းကျွင့်လန် ပခုံးတွန့်လိုက်ပြီး စနောက်လိုက်သည်။
"ဆရာက ကြယ်တာရာနယ်မြေရဲ့ အရှင်သခင် ဖြစ်နေပါပြီဗျာ... ဘယ်သူမှ မသိသေးလို့သာ..."
အင်မော်တယ် လက်နက် နန်းတော်ကြီး တစ်ခုလုံးက ဖုန်းဝူချန်ကို ဦးညွှတ်ထားပြီးပြီ။ နန်းတော်သခင်ကြီး ကိုယ်တိုင်က ဖုန်းဝူချန်ကို ဆရာတင်ထားပြီးပြီ။ ကြယ်တာရာနယ်မြေ၏ အရှင်သခင် ဆိုသူကလည်း ဖုန်းဝူချန်ကို 'ဆရာသခင်' ဟု ခေါ်ရမည် ဖြစ်ရာ... ဖုန်းဝူချန်သည် အလိုအလျောက် ကြယ်တာရာနယ်မြေ၏ အရှင်သခင် ဖြစ်နေပြီ မဟုတ်ပါလော။
အခန်း (၄၇၆) - ကြောက်မက်ဖွယ်ရာ အဆင့်အတန်း
~ရှင်းကျဲမြို့တော်...
ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ နှစ်ယောက်သည် ကြယ်တာရာ လေလံရုံ သို့ ရောက်ရှိလာခဲ့ကြသည်။
လေလံရုံ အဝင်ဝတွင် ရပ်နေသော အစောင့်သည် ဖုန်းဝူချန်ကို မြင်လိုက်ရသည့် တစ်ခဏ၌ ချွေးစေးများ ဒလဟော ပြန်လာပြီး အလျင်အမြန် ပြေးသွားကာ နှုတ်ဆက်လိုက်သည်။
"သခင်လေး... ကြွလာတာ ဂုဏ်ယူပါတယ်..."
အစောင့်သည် ဖုန်းဝူချန်ကို မြင်လိုက်သည်နှင့် တပြိုင်နက် သွေးကျောက်စိမ်း ဗောဓိအမြစ် ကိစ္စကြောင့် လေလံရုံကြီး တစ်ခုလုံး ဗာရာထသွားခဲ့ပုံကို ပြန်လည် မြင်ယောင်လာမိသည်။ ကျန်းမိသားစု၏ ကျောက်စိမ်းပြားကြောင့် အကြီးအကဲ နှစ်ယောက်လုံး ကြောက်ဒူးတုန်သွားခဲ့ရသည် မဟုတ်ပါလော။
ပထမအကြီးအကဲ ပိုင်လီဟန်၏ "ငါတို့ မစော်ကားရဲဘူး" ဟူသော စကားသည် လေလံရုံမှ လူတိုင်း၏ ရင်ထဲတွင် သံမှိုစွဲသလို စွဲမြဲနေဆဲပင်။
သို့သော်... ဖုန်းဝူချန်၏ နောက်တွင် ပါလာသော ကျန်းကျွင့်လန်ကို မြင်လိုက်ရသည့်အခါ အစောင့်၏ မျက်နှာထားသည် နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားပြီး နှလုံးရပ်မတတ် ထိတ်လန့်သွားရပြန်သည်။
"ကြိုဆိုပါတယ် သခင်လေးကျန်း..."
အစောင့်သည် ဖုန်းဝူချန်၏ နောက်တွင် ကျန်းကျွင့်လန်က ရိုသေစွာ လိုက်ပါလာသည်ကို သတိထားမိလိုက်သောကြောင့် ပို၍ ကြောက်ရွံ့သွားခြင်း ဖြစ်သည်။
ဒီလူက တကယ်တော့ ဘယ်သူလဲ...
အစောင့်၏ ရင်ထဲတွင် သိချင်စိတ်များနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။
ကျန်းမိသားစု၏ ကျောက်စိမ်းပြားကို ပိုင်ဆိုင်ထားသည့်အပြင်၊ သခင်လေးကျန်း ကိုယ်တိုင်ကပါ ရိုသေစွာ ဆက်ဆံနေသည် ဆိုတော့... ဒီလူ၏ အဆင့်အတန်းသည် သာမန် မဟုတ်နိုင်တော့ပေ။
သို့သော် အစောင့်သည် အချိန်ဆွဲမနေရဲဘဲ ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ရိုသေစွာဖြင့် လေလံရုံထဲသို့ လမ်းပြခေါ်ဆောင်သွားလိုက်သည်။
"ဟူး..."
ခန်းမဆောင်ထဲသို့ ရောက်သွားမှ အစောင့်သည် သက်ပြင်းချလိုက်နိုင်တော့သည်။ သူ့ကျောပြင်တစ်ခုလုံး ချွေးစေးများ ရွှဲနစ်နေသည်ကို သတိထားမိလိုက်သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သူဖြစ်နေလို့ သခင်လေးကျန်းကတောင် ဒီလောက် လေးစားနေရတာလဲ..."
ခန်းမဆောင်ထဲတွင် ယခင်တစ်ခေါက်က ဖုန်းဝူချန်ကို ဝန်ဆောင်မှုပေးခဲ့သော အပျိုတော်လေး ရှိနေဆဲပင်။
ဖုန်းဝူချန် ရောက်လာသည်နှင့် လေလံရုံမှ အစောင့်များ၊ မန်နေဂျာများ အားလုံးသည် အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံကြသည်။
"ဥက္ကဋ္ဌကြီး... ပထမအကြီးအကဲ... ပြီးခဲ့တဲ့တခေါက်က ကျန်းမိသားစု ကျောက်စိမ်းပြား ကိုင်လာတဲ့ လူရောက်နေပါတယ်... သခင်လေးကျန်းနဲ့ အတူတူပါ..."
အစောင့်တစ်ဦးက ရိုသေစွာ သတင်းပို့လိုက်သည်။
"ဘာ... သူလား... သခင်လေးကျန်းနဲ့ အတူတူ ဟုတ်လား..."
ပထမအကြီးအကဲ ပိုင်လီဟန်၏ မျက်နှာထား ဖြူဖျော့သွားသည်။
" မဟုတ်မှလွဲရော..."
ဒုတိယအကြီးအကဲ နီဖုန်းယွင်လည်း ထိတ်လန့်တုန်လှုပ်သွားမိသည်။
ဥက္ကဋ္ဌကြီး လင်မိုယန် မျက်မှောင်ကြုတ်လိုက်ပြီး...
"မဖြစ်နိုင်ပါဘူး... ငါတို့က ကျန်းမိသားစုနဲ့ ရှင်းပြီးပြီပဲ... မိသားစု ခေါင်းဆောင်ကလည်း အပြစ်မယူတော့ဘူးလို့ ပြောထားတယ်လေ..."
ပိုင်လီဟန် ခေါင်းခါလိုက်သည်။
"မိသားစု ခေါင်းဆောင်က အပြစ်မယူဘူး ဆိုပေမယ့်... လုံးဝ ခွင့်လွှတ်လိုက်တာတော့ မဟုတ်သေးဘူး... ကျန်းမိသားစုရဲ့ သဘောထားက ရှင်းတယ်... ဒီလူရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ် ဆိုတာပဲ..."
"ဟန်ခွန်းကို လေလံရုံဆီ လာခဲ့ဖို့ လူလွှတ်လိုက်..."
ဥက္ကဋ္ဌကြီးက အမိန့်ပေးလိုက်သည်။
လွန်ခဲ့သော ဖြစ်ရပ်ကြောင့် ကျန်းမိသားစု အလွန် ဒေါသထွက်ခဲ့သည်။ လေလံရုံသည် ဝူကျိနယ်မြေ၏ အကြီးဆုံး ကုန်သွယ်ရေး နေရာ ဖြစ်နေ၍သာ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် အိမ်ရှင်မင်းကြီး၏ ဒေါသကြောင့် သူတို့ အသက်ပျောက်သွားနိုင်ပေသည်။
ထိုစဉ်က မိသားစု ခေါင်းဆောင်၏ ဒေါသထွက်နေသော မျက်နှာကို ပြန်တွေးမိတိုင်း သူတို့လေးယောက်လုံး ကြောက်လန့်နေဆဲပင်။
သူတို့သည် ပင်မခန်းမဆောင်သို့ အလျင်အမြန် သွားရောက်ကြသည်။
ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့သည် ကြာကြာစောင့်စရာ မလိုဘဲ အထူး ဧည့်သည်တော် အခန်းသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အဆင့်အတန်းကို ထားလိုက်ဦး၊ ကျန်းကျွင့်လန် တစ်ယောက်တည်းနှင့်ပင် အထူး ဧည့်သည်တော် အခန်း ရရှိရန် လုံလောက်နေပြီ မဟုတ်ပါလော။
အထူး ဧည့်သည်တော် အခန်းထဲသို့ ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲ သုံးယောက် ဝင်ရောက်လာကြသည်။
ဝင်လာသည်နှင့် သူတို့ စိတ်ကသိကအောက် ဖြစ်သွားကြသည်။ ပထမအချက်က ဖုန်းဝူချန်ကို ဘယ်လို ခေါ်ဝေါ်ရမှန်း မသိခြင်း၊ ဒုတိယအချက်က ဖုန်းဝူချန်၏ အဆင့်အတန်း အစစ်အမှန်ကို မသိရှိခြင်းတို့ကြောင့်ပင်။
"သခင်လေးကျန်း... ညီလေး... ကြိုဆိုပါတယ်..."
သူတို့ လေးယောက်လုံး ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
အဆင့်အတန်းကို မသိသဖြင့် 'ညီလေး' ဟုသာ ယေဘုယျ သုံးလိုက်ရသည်။
"ကျုပ်က လေလံရုံ ဥက္ကဋ္ဌ လင်မိုယန် ပါ... ပြီးခဲ့တဲ့ ကိစ္စတုန်းက လေလံရုံရဲ့ အမှားပါ... ညီလေး စိတ်မရှိပါနဲ့..."
လင်မိုယန်က ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။
ဖုန်းဝူချန်က တစ်ချက်ကြည့်လိုက်ပြီး...
"ပြီးခဲ့တာတွေ ထားလိုက်ပါတော့... ကျွန်တော်က အတိတ်ကို ပြန်မတူးဖော်ချင်ပါဘူး..."
ဖုန်းဝူချန်က အငြိုးအတေး မထားတတ်သူ မဟုတ်သော်လည်း၊ လေလံရုံက သူ့အတွက် အသုံးဝင်နေသေးသဖြင့် သည်းခံလိုက်ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ညီလေး..."
လင်မိုယန်နှင့် ပိုင်လီဟန်တို့ သက်ပြင်းချလိုက်နိုင်တော့သည်။
"ဥက္ကဋ္ဌကြီးလင်... ဒါက ကျွန်တော့် ဆရာ ဖုန်းဝူချန် ပါ..."
ထိုသို့၊ ကျန်းကျွင့်လန်က မိတ်ဆက်ပေးလိုက်သည်။
"ဆရာ..."
ထိုစကားကို ကြားလိုက်ရသောအခါ လင်မိုယန်နှင့် အကြီးအကဲများ၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားပြီး၊ မျက်လုံးများ ပြူးသ+ားကြသည်။ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။
ကျန်းကျွင့်လန်ထက် အသက်ငယ်သော လူငယ်လေးတစ်ယောက်က ပြည်မကြီး၏ နံပါတ်တစ် လက်နက်ပညာရှင် ပါရမီရှင်ကြီး၏ ဆရာ ဖြစ်နေသည် ဟူသော အချက်ကို သူတို့ ဦးနှောက်က လက်မခံနိုင်အောင် ဖြစ်နေသည်။
ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်အတန်း ရှိနေလို့ ကျန်းမိသားစု ကျောက်စိမ်းပြားကို ပိုင်ဆိုင်ထားတာကိုး။ အဲ့ဒါကြောင့် မိသားစု ခေါင်းဆောင်က သူတို့ကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့တာကိုး။
ကျန်းကျွင့်လန်က လက်နက်ပညာရှင် ပါရမီရှင် ဆိုလျှင်၊ သူ့ဆရာ ဖြစ်သော ဖုန်းဝူချန်သည် မည်မျှတောင် ကြောက်စရာ ကောင်းလိုက်မည့် လက်နက်ပညာရှင် ဖြစ်နေမလဲ။
"ဪ... သခင်လေးကျန်းရဲ့ ဆရာကိုး... ဆရာဖုန်း... ကျွန်တော်တို့ မျက်စိကန်းမိပါတယ်... ခွင့်လွှတ်ပါ..."
လင်မိုယန်နှင့် အဖွဲ့သားများသည် လက်သီးဆုပ်ကာ ခါးကိုကိုင်းပြီး အရိုအသေ ပြုလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လေးစားရိုသေမှုများ အဆပေါင်းများစွာ တိုးပွားလာသည်။ ချက်ချင်းပင် 'ဆရာဖုန်း' ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်ကြသည်။
ကျန်းကျွင့်လန်က ဆက်ပြောသည်။
"ကျွန်တော့်ဆရာက အခု နဂါးနတ်ဘုရား နန်းတော်ရဲ့ သခင်လည်း ဖြစ်ပါတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းကမှ တည်ထောင်လိုက်တာပါ..."
"ဪ... နဂါးနတ်ဘုရား နန်းတော်ကို ဆရာဖုန်း တည်ထောင်လိုက်တာလား..."
ပိုင်လီဟန် အံ့ဩသွားသည်။
နဂါးနတ်ဘုရား နန်းတော်က မီးတိမ်တိုက် နန်းတော်နှင့် ရွှမ်မင်ဂိုဏ်းတို့ကို မျိုးဖြုတ်ပစ်လိုက်သည့် သတင်းသည် လေလံရုံသို့ ရောက်ရှိပြီး ဖြစ်သည်။ အင်အားစုသစ် တစ်ခုက ဒီလောက် စွမ်းအားကြီးမားနေသည်မှာ အံ့ဩစရာပင်။
"ဥက္ကဋ္ဌကြီးလင်... ကျွန်တော့်ဆရာက ဆေးပညာရှင်လည်း ဖြစ်ပါတယ်... ဒါကြောင့် လေလံရုံကနေ နဂါးနတ်ဘုရား နန်းတော်အတွက် ဆေးပစ္စည်းတွေကို ရေရှည် ထောက်ပံ့ပေးစေချင်ပါတယ်..."
ကျန်းကျွင့်လန်၏ စကားထဲတွင် 'ဆေးပညာရှင်လည်း ဖြစ်ပါတယ်' ဆိုသော အချက်က ဖုန်းဝူချန်သည် လက်နက်ပညာရှင်သာမက ဆေးပညာရှင်ပါ ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အကြီးအကဲ လေးယောက်လုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်နက်ပညာရော ဆေးပညာပါ ကျွမ်းကျင်သော ပါရမီရှင်မျိုး လောကကြီးမှာ တကယ် ရှိနေတာလား။
‘ဆေးပညာရှင်တဲ့လား... ငါ ဘာမှတောင် သတိမထားမိပါလား... သူ့ဝိညာဉ်စွမ်းအားကိုတောင် အာရုံမခံမိဘူး... သူ့အဆင့်က ဘယ်လောက်တောင် မြင့်နေမလဲ…’
နီဖုန်းယွင် စိတ်ထဲတွင် တုန်လှုပ်နေမိသည်။
"စိတ်ချပါ... စိတ်ချပါ... နောက်ဆိုရင် လေလံရုံက ဆေးပစ္စည်းမှန်သမျှကို ဆရာဖုန်းဆီ အရင်ဆုံး ဦးစားပေး ပို့ပေးပါ့မယ်..."
လင်မိုယန်က ရိုသေစွာ ကတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး... ဒါနဲ့ ဟန်ခွန်း ရော..."
ကျန်းကျွင့်လန်က အလျင်အမြန် မေးလိုက်သည်။ သူတို့ လာရခြင်း အကြောင်းရင်းမှာ ဟန်ခွန်းဆီက 'သတ္တရောင်ခြယ် လမင်းမြက်' ကို ရယူရန် မဟုတ်ပါလော။
"သူ့ကို သွားခေါ်ခိုင်းထားပါတယ်... မကြာခင် ရောက်လာပါလိမ့်မယ်..."
ပိုင်လီဟန်က ဖြေလိုက်သည်။
ထိုအချိန်မှာပင် အစောင့်တစ်ယောက် ဝင်လာပြီး ရိုသေစွာ သတင်းပို့သည်။
"ဥက္ကဋ္ဌကြီး... ဆေးပညာရှင် ဟန်ခွန်းက ဆေးဖော်နေလို့ မလာနိုင်ဘူးတဲ့... သခင်လေးကျန်းကို ကိုယ်တိုင် လာတွေ့ခိုင်းပါတယ်... ဆေးက ပြီးခါနီးပြီမို့လို့ ထထားခဲ့လို့ မရဘူးလို့ ပြောပါတယ်..."
"မိုက်ရိုင်းလိုက်တာ... ဒီ ဟန်ခွန်းက သခင်လေးကျန်းကို လုံးဝ အရေးမစိုက်တာပဲ... အဆင့်အတန်း ခွဲခြားမှု နားမလည်ဘူးလား..."
လင်မိုယန် ဒေါသထွက်သွားသည်။
"ဟန်ခွန်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ရိုင်းစိုင်းလာပါလား..."
နီဖုန်းယွင်လည်း မျက်မှောင်ကြုတ်လိုက်သည်။
"ထျန်းခွေ ... ဟန်ခွန်းကို ငါ့ရှေ့ အရောက်ခေါ်ခဲ့..."
ဟု လင်မိုယန်က ဒေါသတကြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
ကျန်းကျွင့်လန်၏ မြင့်မြတ်သော အဆင့်အတန်းနှင့် ကျန်းမိသားစု ခေါင်းဆောင်ကြီး ကိုယ်တိုင် လေးစားရသော ဖုန်းဝူချန် ရှိနေသည့် နေရာတွင် လေလံရုံအနေဖြင့် အမှားအယွင်း အဖြစ်မခံနိုင်ပေ။
"ဟုတ်ကဲ့..."
မှောင်ရိပ်ထဲမှ ရိုသေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ထျန်းကျီဘုံ.."
ဖုန်းဝူချန် လန့်သွားသည်။ ပုန်းအောင်းနေသော စွမ်းအားရှင်တစ်ဦး ရှိနေသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။ ထိုလူ အသံထွက်လာမှသာ သူ့ကျင့်ကြံဆင့်ကို ခန့်မှန်းမိလိုက်ခြင်း ဖြစ်သည်။
ထျန်းခွေ၏ ကျင့်ကြံဆင့်သည် လင်မိုယန်တို့ထက် များစွာ သာလွန်နေသည်။ လေလံရုံ၏ အင်အားသည် အပေါ်ယံ မြင်ရသလောက် မရိုးရှင်းကြောင်း ပေါ်လွင်နေသည်။
"နေပါဦး..."
ဖုန်းဝူချန်က ချက်ချင်း တားလိုက်သည်။
"ဆေးဖော်တယ် ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး... ဆေးပညာရှင်တိုင်းကို လေးစားရမယ်... ပြီးတော့ ကျွန်တော်တို့က အချိန်မတော် ရောက်လာမိတာပဲ... ကျွန်တော်တို့ပဲ သူ့ဆီ သွားလိုက်ကြတာပေါ့…”
အခန်း (၄၇၇) - ဆဌမ အဆင့် ဆေးပညာရှင်
~ဟန်ခွန်းသည် ရှင်းကျဲမြို့တော်ရှိ 'မူးယစ်နတ်ဘုရား စံအိမ်' တွင် ယာယီ တည်းခိုနေလေသည်။
ဖုန်းဝူချန်နှင့် အဖွဲ့သားများ 'မူးယစ်နတ်ဘုရား စံအိမ်' အရှေ့သို့ ရောက်သည်နှင့် ဟန်ခွန်း၏ အားကောင်းမောင်းသန် ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။
ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက်အနေဖြင့် ဟန်ခွန်း၏ ဝိညာဉ်စွမ်းအားသည် သာမန်ထက် ထူးကဲနေသည်မှာ အမှန်ပင်။
"ဝိညာဉ်စွမ်းအားက တော်တော်လေး ကောင်းမွန်တာပဲ... ဝူကျိနယ်မြေရဲ့ အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တန်ပါတယ်..."
ဖုန်းဝူချန်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
နီဖုန်းယွင်က ဝင်ပြောသည်။
"ဟန်ခွန်းရဲ့ ဆေးပညာက တကယ် ကောင်းပါတယ်... ဒါပေမဲ့ လူကတော့ စည်းကမ်းမရှိဘူး၊ မောက်မာတယ်..."
"တော်တဲ့ ဆေးပညာရှင်တွေ ..အကုန်လုံး အဲ့လိုချည်းပဲ မဟုတ်ဘူးလား..."
ဖုန်းဝူချန်က ရယ်မောလိုက်သည်။ သူက ဒီလိုကိစ္စသေးသေးမွှားမွှားတွေကို ဂရုမစိုက်တတ်ပေ။
ခဏနားပြီးနောက် ဖုန်းဝူချန် ဆက်ပြောလိုက်သည်။
"သူ့ရဲ့ အစစ်အမှန် မီးက သားရဲမီး ပဲ... သာမန် မီးထက်တော့ အများကြီး ပိုစွမ်းတယ်... သူ့အဆင့်နဲ့ဆိုရင် ဆဌမ အဆင့် ဝိညာဉ်ဆေးလုံး ဖော်စပ်ရတာ မခက်ခဲပါဘူး... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
နီဖုန်းယွင်က စိတ်ဝင်စားစွာ မေးလိုက်သည်။
နီဖုန်းယွင် ကိုယ်တိုင်လည်း ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သော်လည်း ဟန်ခွန်းလောက် မတော်ပေ။ သို့သော် ဟန်ခွန်း၏ ဆေးဖော်စပ်မှုတွင် အားနည်းချက်ကို သူ ရှာမတွေ့ခဲ့ပေ။
ဖုန်းဝူချန်က အပြုံးနုနုဖြင့် ရှင်းပြလိုက်သည်။
"သူက ဆေးလုံး ပုံဖော်တဲ့ အဆင့်မှာ မီးအပူချိန်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နေတယ်... ဆဌမ အဆင့် ဝိညာဉ်ဆေးလုံး ဖော်လို့ရနိုင်ပေမယ့်... ဆေးပစ္စည်း ပမာဏက များလွန်းနေတယ်... 'ဝိညာဉ်နက်မြက်' တစ်မျိုးတည်းနဲ့တင် ဆေးလုံးနှစ်လုံးစာလောက် ဖြစ်နေပြီ... သူက ဆေးအဆီအနှစ် မလုံလောက်မှာ စိုးရိမ်ပြီး ပိုထည့်ထားတာ... ပြီးတော့ သူက ဉာဏ်များပြီး ဆေးပေါင်းအိုးထဲမှာ ဆေးရည်တချို့ကို ချန်ထားသေးတယ်... အဲ့ဒီဆေးရည်က မီးအပူဒဏ် မခံရဘဲ အဆီအနှစ်ကို ဆက်တိုက် ထောက်ပံ့ပေးနေလို့ ဆေးဖော်တာ ကျရှုံးနိုင်ခြေ နည်းသွားတာ..."
"ဆေးပမာဏ များလွန်းတယ် ဟုတ်လား... ဆရာဖုန်းက အဲ့ဒါကို အာရုံခံမိတယ်ပေါ့... အပြင်ကနေ လှမ်းအာရုံခံရုံနဲ့ ဆေးပေါင်းအိုးထဲက အခြေအနေကို သိနေတာလား..."
နီဖုန်းယွင် အကြီးအကျယ် တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်သော နီဖုန်းယွင်ပင်လျှင် ဟန်ခွန်း၏ ဝိညာဉ်စွမ်းအားနှင့် ပျံ့လွင့်လာသော ဝိညာဉ်စွမ်းအင်များကိုသာ အာရုံခံနိုင်သည်။ အတွင်းပိုင်း အခြေအနေကို သိဖို့ မဖြစ်နိုင်ပေ။
...ဆရာဖုန်းရဲ့ ဆေးပညာ အဆင့်က ဘယ်လောက်တောင် မြင့်မားနေလို့လဲ...
ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ဟန်ခွန်း၏ အခန်းရှေ့သို့ ရောက်လာကြသည်။
"စီနီယာဟန်ခွန်း..."
ကျန်းကျွင့်လန်က တံခါးဝမှ လှမ်းခေါ်လိုက်သည်။
"ဝင်ခဲ့ကြ..."
အခန်းထဲမှ ဟန်ခွန်း၏ အသံ ထွက်ပေါ်လာသည်။
အခန်းထဲတွင် ဟန်ခွန်းသည် ဆေးဖော်စပ်နေဆဲ ဖြစ်၏။ ဆဌမ အဆင့် ဆေးလုံး ဖြစ်သည့်အတွက် ဖုန်းဝူချန်တို့ ဝင်သွားပြီးနောက် စကားမပြောဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
ဆေးလုံး ပုံဖော်နေရင်း ဟန်ခွန်းသည် မျက်လုံးကို အနည်းငယ်ဖွင့်ကာ နီဖုန်းယွင်ကို တစ်ချက်ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် မောက်မာသော အပြုံးရိပ်တစ်ခု ပေါ်လာသည်။
"အကြီးအကဲနီ... ခင်ဗျားအဆင့်နဲ့ဆိုရင် ဝိညာဉ်ဆေးလုံးတောင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး..."
ဟန်ခွန်းက နီဖုန်းယွင်၏ သိက္ခာကို ငဲ့ညှာခြင်းမရှိဘဲ တိုက်ရိုက် ဝေဖန်လိုက်သည်။ မောက်မာလွန်းလှပေသည်။
"ဝိညာဉ်ဆေးလုံး ဖော်စပ်ရတာ အဲ့လောက်ကြီး အထင်ကြီးစရာ မဟုတ်ပါဘူး..."
ဟု ဖုန်းဝူချန်က အေးစက်စွာ ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဟန်ခွန်း မျက်မှောင်ကြုတ်သွားပြီး ဖုန်းဝူချန်ကို မှုန်ကုပ်စွာ ကြည့်လိုက်သည်။
"ကောင်စုတ်... မင်းစကားကြောင့် ငါမင်းကို သတ်ပစ်သင့်ပေမယ့် သခင်လေးကျန်း မျက်နှာကို ထောက်ပြီး ခွင့်လွှတ်လိုက်မယ်..."
ဝူကျိနယ်မြေ၏ အစွမ်းအထက်ဆုံး ဆဌမ အဆင့် ဆေးပညာရှင်ကို ဒီလို စော်ကားပြောဆိုရဲသူ မရှိခဲ့ဖူးပေ။ ဖုန်းဝူချန်က သေချင်နေသည်ဟု ဟန်ခွန်း ယူဆလိုက်သည်။
ကျန်းကျွင့်လန်၏ မျက်နှာထား မည်းမှောင်သွားသည်။ ဖုန်းဝူချန်ကို စော်ကားခြင်းသည် သူ့ကို စော်ကားခြင်းနှင့် အတူတူပင်။ ဟန်ခွန်း လက်ထဲတွင် ဆေးပင် ရှိနေသည် ဆိုသော်ငြား သည်းခံနိုင်စွမ်း ကုန်ဆုံးတော့မည်။
ကျန်းကျွင့်လန် ပေါက်ကွဲတော့မည့် အချိန်တွင် ဖုန်းဝူချန်က ချက်ချင်း ဝင်တားလိုက်သည်။
"ကျန်းလေး လိုချင်တဲ့ 'သတ္တရောင်ခြယ် လမင်းမြက်' ခင်ဗျားဆီမှာ ရှိနေလို့ ကျွန်တော်လည်း သည်းခံပေးလိုက်မယ်... ဒါပေမဲ့ ခင်ဗျား ဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်မလား ဆိုတာကတော့ မသေချာသေးဘူးနော်..."
"ဟွန်း... မောက်မာလိုက်တဲ့ အကောင်စုတ်..."
ဟန်ခွန်း ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
"ခင်ဗျားရဲ့ ဆေးပေါင်းဖိုထဲမှာ 'ဝိညာဉ်နက်မြက်' ပမာဏက များလွန်းနေတယ်... သားရဲမီး ရှိပေမယ့် 'ဝိညာဉ်နက်မြက်' ကို လုံလောက်အောင် မလောင်ကျွမ်းနိုင်လို့ ပိုထည့်ထားတာမလား... 'ဝိညာဉ်နီ ပန်းပွင့်' ပမာဏကျတော့ နည်းလွန်းနေတယ်... ခင်ဗျား စုစည်းထားတဲ့ ဆေးအဆီအနှစ်တွေက ဝိညာဉ်ဆေးလုံး ဖြစ်လာဖို့ လုံလောက်တယ် ဆိုပေမယ့် အရည်အသွေးကတော့ အောက်တန်းစားပဲ ဖြစ်လိမ့်မယ်... အောင်မြင်မလား ဆိုတာ စောင့်ကြည့်ရဦးမယ်... ဒါပေမဲ့ ကျွန်တော် ပြောရဲတယ်... ခင်ဗျား မအောင်မြင်နိုင်ဘူး..."
ဖုန်းဝူချန်က လှောင်ပြောင်သလို ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဟန်ခွန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ ဖုန်းဝူချန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
...ဒီကောင်လေးက ဆေးပညာရှင် မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် တစ်ချက်ကြည့်ရုံနဲ့ သိနေရတာလဲ... မဖြစ်နိုင်ဘူး...
ဟန်ခွန်း တုန်လှုပ်နေစဉ်မှာပင်... ဖုန်းဝူချန်သည် နဂါးမျိုးနွယ်၏ မီးတောက်ကို တိတ်တဆိတ် လှုံ့ဆော်လိုက်ပြီး ဟန်ခွန်း၏ ကိုယ်ထဲရှိ မီးအဆိပ်ကို ထိန်းချုပ်လိုက်သည်။ အနည်းငယ် ဆွဲတင်လိုက်သည်နှင့် ဟန်ခွန်း၏ မျက်နှာထား ပျက်ယွင်းသွားတော့သည်။
"မီးအဆိပ်..."
ဟန်ခွန်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။ မီးအဆိပ်သည် သတိပေးချက် မရှိဘဲ ရုတ်တရက် ထကြွလာသဖြင့် ပြင်ဆင်ချိန် မရလိုက်ပေ။
"ဘုန်း..."
မီးအဆိပ် ထကြွလာသည့် တစ်ခဏ၌ ဟန်ခွန်း၏ အာရုံစူးစိုက်မှု ပျက်ပြားသွားပြီး ဝိညာဉ်စွမ်းအားများ ကမောက်ကမ ဖြစ်ကုန်သည်။ ဆေးပေါင်းအိုး ပေါက်ကွဲသွားပြီး မီးခိုးမည်းများ လိပ်တက်လာတော့သည်။
"ငါ့ဆေးလုံး..."
ဟန်ခွန်း ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။
မီးအဆိပ် ရုတ်တရက် ထကြွလာမှုကြောင့် ဟန်ခွန်း ချွေးစေးများ ပြန်နေသည်။
သို့သော် ဆေးပေါင်းအိုး ပေါက်ကွဲသွားပြီးနောက် မီးအဆိပ်သည် ထူးဆန်းစွာပင် ပြန်လည် ငြိမ်သက်သွားပြန်သည်။
"ဘာ... ဘာဖြစ်သွားတာလဲ..."
ဟန်ခွန်း နားမလည်နိုင် ဖြစ်နေသည်။ ကောင်းကင်ဘုံက သူ့ကို ကျီစားနေသလား အောက်မေ့ရသည်။ မီးအဆိပ်က စိတ်ရှိတိုင်း ထလိုက် ကျလိုက် ဖြစ်နေသည်။
လင်မိုယန်နှင့် ပိုင်လီဟန်တို့လည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
"ကြည့်ရတာ ကျွန်တော့်စကား မှန်သွားပုံရတယ်... မအောင်မြင်နိုင်ဘူးလို့ ပြောတာနဲ့ ပေါက်ကွဲသွားတော့တာပဲ... ဟား ဟား..."
ဖုန်းဝူချန်က ကဲ့ရဲ့လှောင်ပြောင်လိုက်သည်။
ကျန်းကျွင့်လန် တစ်ယောက်တည်းသာ ဖုန်းဝူချန် လက်ချက်မှန်း သိပြီး ကြိတ်ရယ်နေမိသည်။
"ဆရာဖုန်း လက်ချက်လား..."
နီဖုန်းယွင် သံသယ ဝင်သွားသည်။ ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက် အနေဖြင့် မီးအဆိပ် ရုတ်တရက် ထကြွလာသည်ကို မယုံကြည်နိုင်ပေ။
ဟန်ခွန်းလည်း သံသယ မျက်လုံးများဖြင့် ဖုန်းဝူချန်ကို ကြည့်လိုက်သည်။
"မင်း ဘယ်လိုလုပ် သိတာလဲ... 'ဝိညာဉ်နီ ပန်းပွင့်' နည်းနေတာ၊ 'ဝိညာဉ်နက်မြက်' များနေတာကို မင်း ဘယ်လိုလုပ် သိတာလဲ... မင်းက ဆေးပညာရှင်မှ မဟုတ်တာ..."
ဟန်ခွန်း မေးခွန်းထုတ်လိုက်သည်။ မီးအဆိပ် ကိစ္စကိုတော့ ဖုန်းဝူချန် လက်ချက်ဟု မထင်မိသေးပေ။
"စီနီယာဟန်ခွန်း... ဒါ ကျွန်တော့် ဆရာပါ... သူက ဆေးပညာရှင် တစ်ယောက်ပါ..."
ကျန်းကျွင့်လန်က ဝင်ပြောသည်။
"ဆေးပညာရှင် ဟုတ်လား..."
ဟန်ခွန်း၏ မျက်နှာထား တောင့်တင်းသွားပြီး ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်ဘူး... သူ့ဆီမှာ ဝိညာဉ်စွမ်းအား အတက်အကျ လုံးဝ မရှိဘူး... သူက ဆေးပညာရှင် မဖြစ်နိုင်ဘူး..."
ကျန်းကျွင့်လန်က ပြုံးလိုက်ပြီး...
"ကျွန်တော့်ဆရာရဲ့ နတ်ဘုရား စွမ်းရည်တွေကို ခင်ဗျား ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..."
"ဖူး..."
ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် စိမ်းပြာရောင် မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အပူချိန် ရုတ်ချည်း မြင့်တက်လာသည်။
"လွှမ်းမိုးနိုင်လွန်းတဲ့ မီးတောက်ပဲ..."
ဟန်ခွန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွား၏။
"စိမ်းပြာရောင် မီးတောက်... တစ်ခါမှ မမြင်ဖူးဘူး..."
နီဖုန်းယွင် တုန်လှုပ်သွားသည်။
"ဆဌမ အဆင့် နတ်ဘုရား ဝိညာဉ်ဆေးလုံး (Divine Soul Elixir) က ကျင့်ကြံဆင့်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်တယ်... ကောင်းကင်ဘုံလူသား အဆင့်တွေအတွက်ပဲ အသုံးဝင်တယ်... ဆေးစွမ်းက တစ်နာရီပဲ ခံတယ်..."
ဖုန်းဝူချန်က ရှင်းပြရင်း ဆေးပစ္စည်းများကို ထုတ်ယူလိုက်သည်။
'ဝိညာဉ်နက်မြက်' တစ်ပင်၊ 'ဝိညာဉ်နီ ပန်းပွင့်' တစ်ပွင့်၊ 'ကိုးရောင်ခြယ် ကြာရွက်' တစ်ရွက်နှင့် အခြား ဆေးပစ္စည်းများ ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ စိမ်းပြာရောင် မီးတောက်က ထိုပစ္စည်းများကို ဝန်းရံလိုက်ပြီး ဖုန်းဝူချန်၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအားများက ပေါင်းစပ်ပေးလိုက်၏။
"ဆဌမ အဆင့် ဆေးပညာရှင်..."
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည့်အခါ ဟန်ခွန်းနှင့် နီဖုန်းယွင် နှစ်ယောက်စလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေးက ဆဌမ အဆင့် ဆေးပညာရှင်တဲ့လား။