← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈) - နတ်ဘုရား စွမ်းရည်

~"ဆဌမ အဆင့် ဆေးပညာရှင်တဲ့လား... ဆရာက ဘယ်တုန်းက ဆဌမ အဆင့် ဖြစ်သွားတာလဲ..."

ကျန်းကျွင့်လန်ပင်လျှင် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဖုန်းဝူချန်၏ တိုးတက်နှုန်းကို သူ လိုက်မမီနိုင်တော့ပေ။

လင်မိုယန်နှင့် ပိုင်လီဟန်တို့မှာတော့ ကြောက်လွန်း၍ ဝိညာဉ်လွင့်မတတ် ဖြစ်နေကြပြီ။

"မျက်တောင်မခတ်ကြနဲ့... ဆရာ့ရဲ့ နတ်ဘုရား စွမ်းရည်တွေကို သေချာ ကြည့်ထားကြ..."

ကျန်းကျွင့်လန်က သတိပြန်ဝင်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ဖုန်းဝူချန်၏ အံ့မခန်း ဆေးဖော်စပ်ပုံကို သူတစ်ယောက်တည်းသာ မြင်ဖူးခဲ့သည် မဟုတ်ပါလော။

"ဟွန်း... အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်က ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်တယ်ဆိုတာ ငါ့ကို ယုံခိုင်းနေတာလား..."

ဟန်ခွန်းက မယုံကြည်နိုင်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအား ကြီးမားကြောင်း သိသော်လည်း၊ ဆဌမ အဆင့် ဆိုတာတော့ မဖြစ်နိုင်ဘူးဟု ထင်နေဆဲ။

ဖုန်းဝူချန်၏ လက်ဖဝါး ဖြည်းညှင်းစွာ လည်ပတ်သွားသည်။ စိမ်းပြာရောင် မီးတောက်များအကြားတွင် ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာသည် အရေခွံလဲသကဲ့သို့ အပေါ်ယံ အလွှာများ ကွာကျသွားပြီး အဆီအနှစ်များ စုစည်းလာကြသည်။

"ဆေးပေါင်းအိုး မပါဘဲ ဆေးဖော်နေတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဟန်ခွန်း မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားသည်။

"ဒါ ဘာမီးတောက်လဲ... ဆေးပစ္စည်းတွေကို သန့်စင်တာ မြန်လိုက်တာ..."

နီဖုန်းယွင်မှာလည်း ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားရရှာသည်။

ဖုန်းဝူချန်၏ ဆေးဖော်စပ်နှုန်းသည် သူတို့ တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးသော အမြန်နှုန်းမျိုး ဖြစ်သည်။

ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာသည် ဖုန်းဝူချန်၏ အမိန့်ကို နာခံသကဲ့သို့ တပြိုင်နက်တည်း အရည်ပျော်ကျလာကြသည်။

အဆီအနှစ်များ စုစည်းလာပြီး ဆေးလုံးသဏ္ဍာန် စတင် ပေါ်ပေါက်လာတော့သည်။

"ဆေးလုံး ပုံဖော်နေပြီ..."

ဟန်ခွန်း အာမေဋိတ်သံ ထွက်သွားသည်။

"မဖြစ်နိုင်တာ..."

လင်မိုယန်နှင့် အကြီးအကဲ သုံးယောက်လုံး ပါးစပ်အဟောင်းသား။

တစ်မိနစ်... တစ်မိနစ်တောင် မကြာလိုက်သော အချိန်တိုအတွင်းမှာပင် ဆေးလုံးထဲမှ ကြီးမားသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် စိမ်းပြာရောင် အလင်းတန်းများ တောက်ပနေသော ဆေးလုံးတစ်လုံး ပေါ်ထွက်လာသည်။

အောင်မြင်သွားပြီ။

" ပြီးသွားပြီလား..."

လင်မိုယန်မှာ အိပ်မက်မက်နေသလို ခံစားနေရသည်။

"ဂျိမ်း... ဂျိမ်း... ဂျိမ်း..."

ထိုအချိန်တွင်... ရှင်းကျဲမြို့တော် ကောင်းကင်ယံထက်၌ မည်းနက်သော တိမ်တိုက်များ လွှမ်းခြုံလာပြီး မိုးကြိုးသံများ ဟိန်းညံလာတော့သည်။

ဆဌမ အဆင့် ဆေးလုံး ပေါ်ထွန်းလာခြင်းကြောင့် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး ကောင်းကင် မိုးကြိုးကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

"ရာသီဥတုက ဘာဖြစ်သွားတာလဲ... ခုနကမှ သာယာနေတာကို ရုတ်တရက် မိုးအုံလာပါလား..."

"မိုးကြိုးပစ်တော့မယ်... ဆဌမ အဆင့် ဆေးလုံး ပေါ်လာပြီ... ဟန်ခွန်း အောင်မြင်သွားပြီ ထင်တယ်..."

"သေချာတယ်... မူးယစ်နတ်ဘုရား စံအိမ်ရဲ့ ဒုတိယထပ်မှာ ဟန်ခွန်း ရှိနေတာ... ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်မျိုးက ဆဌမ အဆင့် ဆေးလုံးပဲ ဖြစ်နိုင်တယ်..."

ရှင်းကျဲမြို့တော် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

"ဂျိမ်း..."

မည်းနက်နေသော ကောင်းကင်ယံမှ စည်ပိုင်းလောက် တုတ်သော မိုးကြိုးတန်းကြီး တစ်ခုသည် မူးယစ်နတ်ဘုရား စံအိမ်ကို ထိုးဖောက်ကာ ဖုန်းဝူချန် လက်ထဲရှိ ဆေးလုံးပေါ်သို့ ကျရောက်သွားလေသည်။

ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသော်လည်း၊ ဖုန်းဝူချန်၏ မျက်နှာထားသည် တည်ငြိမ်နေဆဲပင်။ မိုးကြိုးဒဏ်ကို ဂရုမစိုက်သလိုပင်။

"..."

ထိုမြင်ကွင်းကို ကြည့်ရင်း ဟန်ခွန်းနှင့် လူတိုင်း စကားမပြောနိုင်အောင် ဖြစ်ကုန်ကြသည်။

‘ဒီလူက လူရော ဟုတ်ရဲ့လား။ ဒီလောက် ပြင်းထန်တဲ့ မိုးကြိုး ပစ်ချတာတောင် ဘာမှမဖြစ်ဘူးတဲ့လား။’

ခဏအကြာတွင် ဖုန်းဝူချန် ပတ်လည်ရှိ မိုးကြိုးများ ပျောက်ကွယ်သွားပြီး၊ ကောင်းကင် မိုးကြိုး၏ စမ်းသပ်မှုကို ခံယူပြီးသော ဆဌမ အဆင့် ဆေးလုံးသည် ပိုမို အားကောင်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေတော့သည်။

"အောင်မြင်တယ်... တကယ်ကြီး အောင်မြင်သွားတယ်..."

ဟန်ခွန်း အသက်ရှုမှားမတတ် ဖြစ်နေရှာသည်။

ဖုန်းဝူချန် လက်ဖဝါးကို ဖြန့်လိုက်ရာ နဂါးမျက်လုံး အရွယ်အစားရှိသော စိမ်းပြာရောင် ဆေးလုံးလေး တစ်လုံး ဝဲပျံနေသည်။

ဆဌမ အဆင့် အစစ်အမှန်နတ်ဘုရား ဝိညာဉ်ဆေးလုံး ။

ဆေးလုံးပေါ်ရှိ အကွက်အဆင်များက ကြည်လင်ပြတ်သားပြီး အရောင်အသွေး တောက်ပလှသည်။ ဆဌမ အဆင့် ဆေးလုံးများထဲတွင် ထိပ်တန်း အရည်အသွေးပင်။

နှစ်မိနစ် မပြည့်ခင်မှာပင် ဆဌမ အဆင့် ဆေးလုံးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

'စိတ်အာရုံဖြင့် ဆေးဖော်စပ်ခြင်း' ၏ စွမ်းအားက ဤမျှ ကြောက်စရာ ကောင်းလှသည်။

"စိတ်အာရုံဖြင့် ဆေးဖော်စပ်ခြင်း... ဒါ ဆေးဧကရာဇ် အဆင့်ပဲ..."

ဟန်ခွန်း စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်လိုက်မိသည်။ အကြောက်တရားနှင့် ကြည်ညိုလေးစားမှုများ ရောပြွန်းနေသည်။

"ဟုတ်တယ်... ဒဏ္ဍာရီလာ ဆေးဧကရာဇ် အဆင့်ပဲ... စိတ်အာရုံ တစ်ချက် လှုပ်ရှားရုံနဲ့ ဆေးဖော်နိုင်တယ် ဆိုတာ ဒါမျိုးကိုး..."

နီဖုန်းယွင်လည်း အာမေဋိတ်သံ ထွက်သွားသည်။

"ဆေးဧကရာဇ်..."

လင်မိုယန်နှင့် ပိုင်လီဟန်တို့မှာ ဒူးများ ပျော့ခွေကျမတတ် ဖြစ်ကုန်ကြသည်။

"ဒါမှ ဆေးပညာ အစစ်အမှန်လေ... ကျုပ်ဆရာက ဆေးဧကရာဇ် အဆင့်ပဲ... ခင်ဗျားတို့ ဆရာ့ရဲ့ ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်တာက မရှိလို့ မဟုတ်ဘူး... ခင်ဗျားတို့ အဆင့်က နိမ့်လွန်းလို့ မမီတာ..."

ကျန်းကျွင့်လန်က နှာခေါင်းရှုံ့ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

ဖုန်းဝူချန်၏ လက်စွမ်းပြမှု တစ်ခုတည်းဖြင့် ဟန်ခွန်း၏ ဝိညာဉ်ကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားစေသည်။

"သခင်လေးကျန်းရဲ့ ဆရာက ဆေးဧကရာဇ်တဲ့လား..."

နီဖုန်းယွင် မျက်နှာ ဖြူဖျော့သွားသည်။

"ဒဏ္ဍာရီလာ ဆေးဧကရာဇ်..."

လင်မိုယန် တွေးလေ ကြောက်လေ ဖြစ်နေသည်။ ကျန်းမိသားစု ဘာကြောင့် ဒီလောက် လေးစားရသလဲ ဆိုတာ အခုမှ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။

ဆေးဧကရာဇ်လို ပုဂ္ဂိုလ်မျိုးကို ဘယ်သူက မျက်နှာလိုမျက်နှာရ မလုပ်ချင်ဘဲ နေပါမည်နည်း။

"တပည့် မျက်စိကန်းမိပါတယ်... ဆေးဧကရာဇ်ကို မယုံကြည်ခဲ့မိတဲ့အပြင် စော်ကားမိပါသေးတယ်... ခွင့်လွှတ်ပါ ..."

ဟန်ခွန်းသည် ကြောက်လန့်တကြား ဒူးထောက်ချလိုက်ပြီး ခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်သည်အထိ ဦးညွှတ်တောင်းပန်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကိုးကွယ်မှုများ ပြည့်နှက်နေသည်။

ဆေးပညာ လောကတွင် ဆေးဧကရာဇ် ဆိုသည်မှာ ဘုရားသခင် တစ်ပါးကဲ့သို့ပင်။

"ဆေးဧကရာဇ်... ဒါ သတ္တရောင်ခြယ် လမင်းမြက် ပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ..."

ဟန်ခွန်းက ဆေးပင်ကို အလျင်အမြန် ထုတ်ယူပြီး ဖုန်းဝူချန်အား ရိုသေစွာ ပေးအပ်လိုက်သည်။

ကျန်းကျွင့်လန်၏ ဆရာသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီး ဖြစ်မှန်း သိခဲ့လျှင် စောစောစီးစီး ဆက်သလိုက်ပြီး ဖြစ်ပေမည်။

"ခင်ဗျားက အင်မော်တယ် ဆေးပေါင်းအိုး လိုချင်တယ် ဆို..."

ကျန်းကျွင့်လန်က ပြုံးစစ မေးလိုက်သည်။

"တပည့် မဝံ့ရဲပါဘူး..."

ဖုန်းဝူချန်၏ ရှေ့တွင် ဟန်ခွန်း အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။

"ကျွန်တော် ပြောဖို့ မေ့နေတာ... ကျွန်တော့်ဆရာက အင်မော်တယ် လက်နက်လည်း သွန်းလုပ်နိုင်တယ်ဗျ..."

ကျန်းကျွင့်လန်က နောက်တစ်ခွန်း ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

"ဘာ... အင်မော်တယ် လက်နက်ပါ သွန်းလုပ်နိုင်တယ် ဟုတ်လား..."

ဟန်ခွန်းနှင့် လင်မိုယန်တို့ မူးလဲမတတ် ဖြစ်ကုန်ကြသည်။

ဒီနေ့ မြင်တွေ့ရသမျှ အရာအားလုံးက သူတို့ဘဝတွင် အထိတ်လန့်ဆုံး အတွေ့အကြုံများ ဖြစ်နေသည်။

ကျန်းကျွင့်လန်က သူတို့ကို သေအောင် ခြောက်လှန့်နေသလိုပင်။

"ဆေးပင်လေး တစ်ပင်တည်းနဲ့ အင်မော်တယ် လက်နက် လိုချင်တယ်ပေါ့လေ..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။

"တပည့် မှားပါတယ်... ဆေးဧကရာဇ် ခွင့်လွှတ်ပါ..."

ဟန်ခွန်း ခေါင်းကို ကြမ်းပြင်နှင့် တဒုန်းဒုန်း ဆောင့်ကာ တောင်းပန်နေရှာသည်။

"ထပါ..."

ဖုန်းဝူချန်က အပြစ်ယူမည့်ပုံ မပေါ်ပေ။

သူက မေးလိုက်သည်။

"နဂါးနတ်ဘုရား နန်းတော်မှာ ဆေးပညာရှင် လိုအပ်နေတယ်... ခင်ဗျား လိုက်ချင်သလား..."

ဟန်ခွန်း အစပိုင်းတွင် နားကြားမှားသလား ထင်လိုက်သော်လည်း သဘောပေါက်သွားသည့်အခါ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

"လိုက်ပါ့မယ်... တပည့် လိုက်ပါ့မယ်..."

စဉ်းစားနေစရာပင် မလိုပေ။ ဆေးဧကရာဇ်၏ နောက်လိုက် ဖြစ်ခွင့်ရခြင်းသည် အိပ်မက်ထဲတွင်ပင် မမက်ဖူးသော အခွင့်အရေးကြီး မဟုတ်ပါလော။

ဟန်ခွန်း ပါဝင်လာပါက နဂါးနတ်ဘုရား နန်းတော်၏ အင်အား တိုးတက်လာမည် ဖြစ်သလို၊ ဖုန်းဝူချန် အနေဖြင့်လည်း ဆေးလုံးကိစ္စများအတွက် အချိန်ကုန်ခံစရာ မလိုတော့ပေ။

ဘေးမှ နီဖုန်းယွင်မှာ အားကျလွန်း၍ သွားရည်ကျမတတ် ဖြစ်နေရှာသည်။

ဟန်ခွန်းကတော့ ဆေးဧကရာဇ်ထံမှ ပညာသင်ခွင့် ရတော့မည်။

"ခင်ဗျား တော်တော် ကံကောင်းတာပဲ..."

ကျန်းကျွင့်လန် မှတ်ချက်ချလိုက်သည်။

ဖုန်းဝူချန်သည် နဂါးမီးတောက်ကို ထပ်မံ လှုံ့ဆော်လိုက်ပြီး ဟန်ခွန်း၏ ပခုံးကို အသာအယာ ပုတ်လိုက်ကာ သူ့ကိုယ်ထဲမှ မီးအဆိပ်များကို စုပ်ယူဖယ်ရှားပေးလိုက်သည်။

"မီးအဆိပ်တွေ.. ပျောက်သွားပြီ..."

ဟန်ခွန်း တုန်လှုပ်သွားသည်။ ဆေးဧကရာဇ်က သူ့ကို မီးအဆိပ် ကုပေးလိုက်ခြင်း ဖြစ်သည်။

...ဒါဆို ခုနက မီးအဆိပ် ထကြွတာလည်း ဆေးဧကရာဇ် လက်ချက်ပဲ ဖြစ်ရမယ်...

ထိုအတွေး ဝင်လာသည်နှင့် ဟန်ခွန်း ချွေးစေးများ ပြန်လာသည်။ မီးအဆိပ်၏ နာကျင်မှုကို သူ ပြန်မတွေးရဲတော့ပေ။

"ကျွန်တော့်အပေါ် သစ္စာမရှိတဲ့သူက သေလမ်းပဲ ရှိတယ်... နားလည်လား..."

ဖုန်းဝူချန်က ပြုံးပြီး မေးလိုက်သည်။

"နားလည်ပါပြီ... တပည့် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး..."

ဟန်ခွန်း ထိတ်လန့်တကြား ကတိပေးလိုက်သည်။ သစ္စာဖောက်ဖို့ ဆိုတာ သူ့မှာ သတ္တိ အဆတစ်သောင်း ရှိရင်တောင် မလုပ်ရဲတော့ပါချေ။

အခန်း (၄၇၉) - နဂါးဘိုးဘေး

~"ဆေးဧကရာဇ်က ငါ့ကို အသိအမှတ်ပြုလိုက်ပြီ..."

ဟန်ခွန်း ဝမ်းသာလွန်း၍ ရူးမတတ် ဖြစ်နေရှာသည်။ ဒီလို အခိုက်အတန့်မျိုး သူ့တစ်သက်လုံး မကြုံဖူးခဲ့ပေ။ အိပ်မက်သာ ဖြစ်ခဲ့လျှင် သူ ဘယ်တော့မှ မနိုးထချင်တော့ပေ။

'စိတ်အာရုံဖြင့် ဆေးဖော်စပ်ခြင်း' ဆိုသည်မှာ ဆေးဧကရာဇ်၏ အမှတ်အသား ဖြစ်သည်။

ဆေးဧကရာဇ်၏ နောက်လိုက် ဖြစ်ခွင့်ရခြင်းသည် ဟန်ခွန်းအတွက် ရှစ်ဘဝဆက် ကုသိုလ်ထူး ဖြစ်သလို၊ လူတိုင်း အားကျမဆုံး ဖြစ်နေမည့် အခွင့်အရေးကြီး ဖြစ်လေ၏။

ဟန်ခွန်းသည် ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်သည့်အတွက် ဝူကျိနယ်မြေတွင် သြဇာကြီးမားသူ ဖြစ်သည်။ သူ ပါဝင်လာပါက နဂါးနတ်ဘုရား နန်းတော်၏ လုံခြုံရေးအတွက် ဖုန်းဝူချန် စိတ်ပူစရာ မလိုတော့ဘဲ စိတ်အေးလက်အေး ခရီးထွက်နိုင်ပြီ ဖြစ်ပါသည်။

"ဆေးဧကရာဇ်... ခင်ဗျား ပြောတဲ့ နဂါးနတ်ဘုရား နန်းတော် ဆိုတာ ခုတလောမှ တည်ထောင်လိုက်တဲ့ အင်အားစုလား..."

ဟန်ခွန်း ရိုသေစွာ မေးလိုက်သည်။

"ဟုတ်တယ်... ကျွန်တော်က နဂါးနတ်ဘုရား နန်းတော်သခင်ပဲ..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

အင်အားစုသစ် တစ်ခု အနေဖြင့် ဆေးပညာရှင်များကို အလွန် လိုအပ်နေသည်။ ဆေးပညာရှင် တစ်ယောက်သာ ရှိနေလျှင် မည်သူက လာရောက် ရန်စရဲဦးမည်နည်း။

ဟန်ခွန်းသည် လူနုံလူအ မဟုတ်ပေ။ ဖုန်းဝူချန်က သူ့ကို သဘောကျရုံသက်သက် မဟုတ်ဘဲ၊ နဂါးနတ်ဘုရား နန်းတော်က ဆေးပညာရှင် လိုအပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် သူ ကံကောင်းသွားခြင်း ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်လေ၏။

"ဆေးဧကရာဇ်... ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ.. ဆေးဧကရာဇ်ရဲ့ အနားမှာ တစ်သက်လုံး သစ္စာရှိရှိ ခစားပါ့မယ်..."

နီဖုန်းယွင်လည်း ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် ဒူးထောက်ကာ ဦးခိုက်လိုက်သည်။

ဆေးဧကရာဇ် ဆိုတာ နတ်ဘုရား တစ်ပါးလို ပုဂ္ဂိုလ်မျိုး။ သူ့တပည့် ဖြစ်ခွင့်ရလျှ င် အနာဂတ်မှာ အောင်မြင်မှုတွေက အတိုင်းအဆ ရှိတော့မည် မဟုတ်ပေ။

သည်ရွှေရောင် အခွင့်အရေးကို လက်လွှတ်လိုက်မိပါက နောင်တရလွန်း၍ ငိုစရာ မျက်ရည်တောင် ကျန်မှာ မဟုတ်ပါ။

ဖုန်းဝူချန်က နီဖုန်းယွင်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။

"နဂါးနတ်ဘုရား နန်းတော်က ဆေးပညာရှင်တွေ လိုအပ်နေတာ အမှန်ပဲ... ခင်ဗျားကို ကျွန်တော် တပည့်အဖြစ် လက်ခံလိုက်မယ်... ဒါမှ ကျွန်တော်လည်း တခြားကိစ္စတွေကို စိတ်အေးလက်အေး လုပ်နိုင်မှာ..."

ထိုစကားကို ကြားလိုက်ရသောအခါ နီဖုန်းယွင် ပျော်လွန်း၍ ရင်ဘတ်ပေါက်မတတ် ဖြစ်သွားသည်။ ဖုန်းဝူချန် ဒီလောက် လွယ်လွယ်ကူကူ လက်ခံလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ်..."

နီဖုန်းယွင် ခေါင်းကို ကြမ်းပြင်နှင့် တဒုန်းဒုန်း ဆောင့်ကာ ဂါရဝပြုနေသည်။

တပည့်ခံခွင့် ရဖို့ ဒီလောက် လွယ်လိမ့်မည်ဟု သူ ကိုယ်တိုင်တောင် မထင်ထားခဲ့ပါ။

"မဖြစ်နိုင်တာ..."

ကျန်းကျွင့်လန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

သူ့ဆရာက လူတစ်ယောက်ကို တပည့်အဖြစ် ဒီလောက် လွယ်လွယ် လက်ခံတာမျိုး သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

"ကျွန်တော် ခင်ဗျားရဲ့ မီးအဆိပ်ကို ဖယ်ရှားပေးမယ်... ပြီးရင် ခင်ဗျား လေလံရုံမှာပဲ ဆက်နေပြီး ဆေးပစ္စည်း ကိစ္စတွေကို တာဝန်ယူရမယ်... တန်ဖိုးရှိတဲ့ ဆေးပစ္စည်း မှန်သမျှ နဂါးနတ်ဘုရား နန်းတော်ကို ပို့ပေး... ပြီးတော့ 'နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်'ကို ရှာပေးပါ..."

"နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်..."

လင်မိုယန်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။

အင်မော်တယ် ဝိညာဉ်ကျောက် ဆိုတာကတင် ရှားပါးလှပြီ ဖြစ်၏။ နှစ်တစ်ထောင် သက်တမ်း ဆိုတာကတော့ ရှာမတွေ့နိုင်လောက်အောင် ရှားပါးလွန်းသည်။ မဖြစ်နိုင်ပါ…။

"ဟုတ်ကဲ့... တပည့် အစွမ်းကုန် ကြိုးစား ရှာဖွေပေးပါ့မယ်..."

နီဖုန်းယွင်က ရိုသေစွာ ကတိပေးလိုက်သည်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဆရာ ပေးသည့် ပထမဆုံး တာဝန်ကို ဓားတောင်ကိုကျော်၊ မီးပင်လယ်ကို ဖြတ်ပြီးမဆို အောင်မြင်အောင် လုပ်ပေးရမည်။

"နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက် ရှာရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး... သတင်းရရင်တောင် လုံလောက်ပြီ..."

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်ပြီး နဂါးမီးတောက်ကို ထပ်မံ လှုံ့ဆော်ကာ နီဖုန်းယွင်၏ ကိုယ်ထဲမှ မီးအဆိပ်များကို စုပ်ယူဖယ်ရှားပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ..."

နီဖုန်းယွင် ထပ်မံ ဦးခိုက်လိုက်သည်။ အရာအားလုံးက မြန်ဆန်လွန်းလှသဖြင့် အိပ်မက်မက်နေသလိုပင်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းရည်များသည် လင်မိုယန်နှင့် ပိုင်လီဟန်တို့ကို ကျောချမ်းသွားစေသည်။

‘ဒီလောက် ကြောက်စရာကောင်းတဲ့ မီးအဆိပ်ကို လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ ကုသပေးနိုင်တဲ့သူ ဒီလောကမှာ ဘယ်သူရှိဦးမှာလဲ။’

‘ဆေးဧကရာဇ် အဆင့် ဆိုတာ ပြည်မကြီးက ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ အားလုံးရဲ့ ကံကြမ္မာကို ချုပ်ကိုင်ထားနိုင်တဲ့ အဆင့်ပဲ…’

လင်မိုယန် တွေးလေ ကြောက်လေ ဖြစ်နေသည်။

"ဆေးဧကရာဇ်က နဂါးနတ်ဘုရား နန်းတော်ကို တည်ထောင်လိုက်ပြီ ဆိုတော့... မကြာခင် ဝူကျိနယ်မြေရဲ့ ကောင်းကင် ပြောင်းလဲသွားတော့မယ်... ပြည်မကြီး တစ်ခုလုံးတောင် တုန်လှုပ်သွားနိုင်တယ်..."

ဖုန်းဝူချန်က ဟန်ခွန်း ဘက်သို့ လှည့်လိုက်ကာ၊

"ဟန်ခွန်း... ကျွန်တော် ခင်ဗျားကို ဆေးဖော်နည်းတချို့ ပေးမယ်... နဂါးနတ်ဘုရား နန်းတော်က ညီအစ်ကိုတွေ ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ဆေးလုံးတွေကို ခင်ဗျား တာဝန်ယူ ဖော်စပ်ပေးရမယ်..."

"ဟုတ်ကဲ့..."

"ဆေးဧကရာဇ်... နောက်တစ်လ နေရင် 'ဝင်္ကပါ ပင်လယ်နယ်မြေ' မှာ ဆေးပညာ ဆွေးနွေးပွဲ ကျင်းပတော့မယ်... ဆေးဧကရာဇ်များ စိတ်ဝင်စားမလားလို့ပါ..."

"ဆေးပညာ ဆွေးနွေးပွဲ ဟုတ်လား..."

"ဟုတ်ပါတယ်... အဲ့ဒီအချိန်ကျရင် ဝူကျိနယ်မြေက ဆေးပညာရှင် အများအပြား တက်ရောက်ကြမှာပါ..."

"အခြေအနေ ကြည့်ပြီး ငါ အချိန်ရရင် သွားကြည့်တာပေါ့..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

ဟန်ခွန်း ဝမ်းသာအားရ ပြောလိုက်တော့သည်။

"ဝမ်းသာလိုက်တာဗျာ... ဆေးဧကရာဇ်သာ ပါဝင်မယ် ဆိုရင် လူတိုင်း အံ့အားသင့်သွားကြမှာ သေချာတယ်... ဆေးပညာ အစစ်အမှန် ဆိုတာ ဘာလဲဆိုတာ သူတို့ သိသွားကြလိမ့်မယ်... ဆေးဧကရာဇ်ရဲ့ စွမ်းရည်နဲ့ဆိုရင် သူတို့ကို အနိုင်ယူဖို့က လက်ဖဝါး တစ်ဖက်လှန်လိုက်သလောက်ပဲ လွယ်ကူမှာပါ..."

လေလံရုံမှ ထွက်ခွာပြီးနောက် ဟန်ခွန်းသည် ဖုန်းဝူချန်နှင့်အတူ နဂါးနတ်ဘုရား နန်းတော်သို့ လိုက်ပါသွားသည်။

ကျန်းကျွင့်လန်သည် ဆေးပစ္စည်းများ အားလုံး စုဆောင်းမိပြီ ဖြစ်သဖြင့် နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ဖုန်းဝူချန်သည် ချက်ချင်းပင် 'ဝိညာဉ်ဆေးရည်'ကို ဖော်စပ်ပေးပြီး ယန်ရန်အား ဆေးရည်စိမ်ကာ ကုသစေလိုက်၏။

ယန်ရန်၏ သွေးကြောများသည် သိမ်မွေ့လွန်းသဖြင့် ပြင်းထန်သော ဆေးလုံးများကို ခံနိုင်ရည်မရှိပေ။ ဝိညာဉ်ဆေးရည်ဖြင့်သာ ဆေးအရှိန်ကို လျှော့ချပြီး ဖြည်းညှင်းစွာ စုပ်ယူစေမှ သွေးကြောများကို ပြန်လည် ပြုပြင်နိုင်မည် ဖြစ်သည်။

ဝိညာဉ်ဆေးရည်၏ အာနိသင်သည် အလွန် ထိရောက်လှသည်။ ဘေးမှ စောင့်နေသော ကျန်းကျွင့်လန်သည် ပျော်ရွှင်နေသော ကြောင်လေးတစ်ကောင်အလား ခုန်ပေါက်နေလေသည်။

...

ဟန်ခွန်း ရောက်ရှိလာသဖြင့် ဖုန်းဝူချန် စိတ်အေးလက်အေး ကျင့်ကြံနိုင်ပြီ ဖြစ်ပါသည်။

ကိုးထပ် ချန်ခွင်း မျှော်စင်၏ သတ္တမမြောက် အလွှာတွင်...

ဖုန်းဝူချန်သည် တင်ပျဉ်ခွေ ထိုင်နေပြီး လက်ဖဝါးနှစ်ဖက်မှ သွေးရောင် အလင်းတန်းများ တောက်ပနေသည်။

ဒါက သူ့သွေးကြောထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား ဖြစ်ပါ၏။

ဒီစွမ်းအားက ဘာလဲဆိုတာ ဖုန်းဝူချန် သိအောင် လုပ်ရမည်။

"ဒီလျှို့ဝှက်စွမ်းအားက လုံးဝ မတိုးလာဘူး... ငါ နည်းနည်းလေး နိုးထအောင် လုပ်လိုက်တာတောင် သိပ်ကြောက်စရာ ကောင်းနေပြီ... ငါ့ခန္ဓာကိုယ်ကတောင် သိပ်မခံနိုင်ချင်ဘူး... တကယ်လို့သာ အကုန် ပေါက်ကွဲထွက်လာရင် ငါ ပြာကျသွားလိမ့်မယ်..."

ဖုန်းဝူချန် စိတ်ထဲတွင် စိုးရိမ်နေမိသည်။

ဒီစွမ်းအား၏ အရင်းအမြစ်သည် သူ၏ 'ချီပင်လယ်' အလယ်ဗဟိုတွင် ရှိနေသည်။ ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုအလား ဖြစ်နေပြီး အလယ်ဗဟိုတွင် သွေးရောင် စွမ်းအင်တစ်ခု ရှိနေ၏။ ဒါသည် လျှို့ဝှက်စွမ်းအား၏ အရင်းအမြစ်ပင်။

သို့သော်... ထူးဆန်းသည်မှာ ထိုစွမ်းအား၏ အရင်းအမြစ်သည် 'ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်' ထဲမှ လာနေခြင်းပင်။

"ဒါ ဘာစွမ်းအားလဲ..."

ဖုန်းဝူချန် အဖြေရှာမရ ဖြစ်နေသည်။ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များထဲတွင်လည်း ဒီအကြောင်း မပါရှိပေ။ တွေးတောနေစဉ်မှာပင်... သူ့နဖူးပေါ်ရှိ ရှေးဟောင်း ရွှေနဂါး တံဆိပ်တော် သည် ရုတ်တရက် ရွှေရောင် အလင်းတန်းများ တောက်ပလာသည်။

ဖုန်းဝူချန် လုပ်လိုက်ခြင်း မဟုတ်ပေ။ သူ့အလိုလို ဖြစ်လာခြင်း ဖြစ်သည်။

သူ အံ့ဩသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဒီလို ထူးဆန်းသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးပေ။

‘ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်က ငါ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး…’’

ဖုန်းဝူချန် ထိတ်လန့်လာသည်။

ထိုအချိန်တွင် ရွှေနဂါး တံဆိပ်တော်သည် သက်ရှိသတ္တဝါ တစ်ကောင်အလား လှုပ်ရှားလာပြီး နဂါးခေါင်းသည် ဖုန်းဝူချန်၏ နဖူးမှ ဖောက်ထွက်ချင်နေသကဲ့သို့ ဖြစ်နေသည်။

ဖုန်းဝူချန် ကြောင်နေစဉ်မှာပင် ရွှေနဂါး တံဆိပ်တော်ထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ရွှေနဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။

"ဝေါ..."

ရွှေနဂါး ပေါ်လာသည်နှင့် တပြိုင်နက် ဟိန်းဟောက်သံက ဟင်းလင်းပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု ပါဝင်နေသည်။

လူတစ်ရပ်စာလောက် ရှိသော ရွှေနဂါးကို ကြည့်ရင်း ဖုန်းဝူချန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ရှေးဟောင်း ရွှေနဂါး... ငါ့ရဲ့ သိုင်းဝိဉာဥ်က အသက်ရှိနေတာလား..."

"သိုင်းဝိဉာဥ် တစ်ခုက ဘယ်လိုလုပ် အသက်ရှိမှာလဲ..."

ဖုန်းဝူချန် စကားဆုံးသည်နှင့် ရွှေနဂါးဆီမှ ရှေးဆန်သော အသံ တစ်ခု ထွက်ပေါ်လာသည်။

ဖုန်းဝူချန်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ရွှေနဂါးကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်မိသည်။

"ခင်ဗျားက စကားပြောနေတာလား..."

"ငါက နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးပဲ..."

ရှေးဆန်သော အသံကြီး ထပ်မံ ထွက်ပေါ်လာပြီးနောက်၊ ရွှေနဂါးသည် ဖြည်းညှင်းစွာ လူသဏ္ဍာန် ပြောင်းလဲသွားသည်။ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

အဘိုးအို၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ ဖြူဖွေးနေပြီး နတ်ဘုရား တစ်ပါးအလား ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူသည် နဂါးမျိုးနွယ်၏ ဘိုးဘေးကြီးပင် ဖြစ်ပေသတည်း။

အခန်း (၄၈၀) - ကမ္ဘာပျက် စွမ်းအား

~"နဂါးမျိုးနွယ် ဘိုးဘေး..."

အဘိုးအို၏ စကားကို ကြားလိုက်ရသည့် တစ်ခဏ၌ ဖုန်းဝူချန်၏ ဝိညာဉ်လိပ်ပြာများ လွင့်ပျောက်သွားမတတ် ခံစားလိုက်ရသည်။ မျက်လုံးများ ပြူးကျယ်လျက် အံ့ဩတုန်လှုပ်နေမိသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဖုန်းဝူချန်သည် အဘိုးအိုကို မမှိတ်မသုန် ကြည့်နေမိသည်။ မိမိရှေ့တွင် ရှိနေသူသည် နဂါးမျိုးနွယ်၏ ဘိုးဘေးကြီး ဖြစ်နေသည် ဟူသော အချက်ကို ယုံကြည်ရန် ခက်ခဲနေပါ၏။

ထို့အပြင်... ဘိုးဘေးကြီးသည် သူ၏ သိုင်းဝိညာဉ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒါက လုံးဝ ယုတ္တိမရှိပေ။

အဘိုးအိုထံမှ ထွက်ပေါ်နေသော အထွတ်အထိပ် နတ်ဘုရား အရှိန်အဝါသည် နတ်ဆိုးနဂါးနတ်ဘုရား ထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။ ဤလောကတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်မည်မှာ သေချာသည်။

အဘိုးအို၏ ရှေ့တွင် ရပ်နေရသည်မှာ တောင်တန်းကြီး တစ်သိန်းလောက်က ကျောပေါ်တွင် ဖိထားသကဲ့သို့ လေးလံလွန်းလှပြီး အသက်ရှုရ ခက်ခဲစေသည်။ မိုးနှင့် မြေကြီးလောက် ကွာခြားသော အဆင့်အတန်း ကွာဟမှုကို ခံစားနေရသည်။

"ဧကရာဇ်မို.. ဒါက အစစ်အမှန်ယွမ်စွမ်းအား တစ်မျှင်မျှသာပါ... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်က မူလက အိပ်ပျော်နေခဲ့တာ... မင်းက စွမ်းအားတွေ အများကြီးကို ဝါးမြိုလိုက်လို့ ဘိုးဘေး ချိတ်ပိတ်ထားတဲ့ စွမ်းအားတွေ နိုးထလာတာပါ..."

အဘိုးအိုက အေးဆေးစွာ ရှင်းပြလိုက်သည်။

"အစစ်အမှန်ယွမ်စွမ်းအား တစ်မျှင်တည်းလား... ဘိုးဘေးက ရွှေနဂါး တံဆိပ်တော်ထဲမှာ စွမ်းအားတစ်မျှင်ပဲ ချိတ်ပိတ်ထားခဲ့တာလား..."

ဖုန်းဝူချန် တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းရင်း မေးလိုက်သည်။

"ဟုတ်တယ်... ရည်ရွယ်ချက်ကတော့ မင်းရဲ့ သွေးကြောထဲမှာ ရှိနေတဲ့ ဒီစွမ်းအားကို ထိန်းသိမ်းထားဖို့ပဲ..."

အဘိုးအို ခေါင်းညိတ်လိုက်သည်။

နဂါးမျိုးနွယ် ဘိုးဘေးကြီးသည် စွမ်းအားတစ်မျှင်မျှသာ ဖြစ်ပြီး ထဲတွင် အမြဲတမ်း ကိန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ဖုန်းဝူချန်က သိုင်းဝိဉာဥ်ကို အသုံးပြုပြီး စွမ်းအားများကို တဖြည်းဖြည်း ဝါးမြိုလာသောအခါမှ၊ နှစ်ပေါင်းများစွာ ငြိမ်သက်နေသော ဘိုးဘေး၏ စွမ်းအား နိုးထလာခြင်း ဖြစ်သည်။

"ထိန်းသိမ်းထားဖို့ ဟုတ်လား..."

ဖုန်းဝူချန် အံ့ဩသွားပြီး မေးလိုက်သည်။

"ဘိုးဘေး မသေဆုံးခင် အစစ်အမှန်ယွမ်စွမ်းအား တစ်မျှင် ချန်ထားရလောက်အောင် ဒီစွမ်းအားက ဘယ်လောက်တောင် ထူးခြားနေလို့လဲဗျ..."

"သာမန် စွမ်းအား မဟုတ်တာတော့ သေချာတယ်... နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအားတောင် ဒီစွမ်းအားရဲ့ ရှေ့မှာ အမှုန်အမွှားလောက်ပဲ ရှိတယ်..."

အဘိုးအိုက ပြုံးရင်း ပြန်ဖြေလိုက်သည်။

"အဲ့ဒီလောက်တောင် စွမ်းတာလား... ဘာစွမ်းအားလဲ ဆိုတာ သိခွင့်ရမလားဗျ..."ဟု ဖုန်းဝူချန် စိတ်ဝင်တစား မေးလိုက်သည်။

အဘိုးအိုက ဖြူဖွေးသော မုတ်ဆိတ်မွေးကို သပ်ရင်း ရယ်မောလိုက်ကာ၊

"နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအား ဆိုတာ 'ရှေးဦး ကမ္ဘာဦးခေတ်’ က စွမ်းအား တစ်မျိုးပဲ... နဂါးမျိုးနွယ် ဆိုတာလည်း ရှေးဦး ကမ္ဘာဦးခေတ်က သတ္တဝါတွေပဲ... ဒါပေမဲ့ မင်းသွေးကြောထဲမှာ ရှိနေတဲ့ စွမ်းအားကတော့ ရှေးဦး ကမ္ဘာဦးခေတ်ရဲ့ အရုဏ်ဦး အချိန်ကတည်းက ရှိနေခဲ့တာ... မူလ စွမ်းအားကြီးတွေထဲက တစ်ခုဖြစ်တဲ့ 'ကမ္ဘာပျက် စွမ်းအား' ပဲ..."

"ကမ္ဘာပျက် စွမ်းအား... မူလ စွမ်းအားကြီး တစ်ခု..."

ဖုန်းဝူချန် အကြီးအကျယ် တုန်လှုပ်သွားသည်။ စိတ်ကူးဖြင့်တောင် မမှန်းဆရဲအောင်ပင်။

အဘိုးအိုက ဖုန်းဝူချန် နားမလည်မှန်း သိသဖြင့် ပြုံးလိုက်ပြီး ရှင်းပြလေသည်။

"လောကကြီးမှာ စွမ်းအားတွေ အများကြီး ရှိတယ်... ရှေးဦး ကမ္ဘာဦးခေတ် (၊ အဆုံးမဲ့ ရှေးဟောင်းခေတ်၊ ရှေးဟောင်းခေတ် နဲ့ မင်းတို့ရဲ့ လက်ရှိခေတ် အထိပေါ့... စကြဝဠာကြီးက စွမ်းအားပေါင်းစုံကို မွေးဖွားပေးခဲ့တယ်... လွန်ခဲ့တဲ့ ခေတ်သုံးခေတ်က စွမ်းအားတွေ အကြောင်း ငါပြောပြမယ်..."

နဂါးမျိုးနွယ် ဘိုးဘေးကြီးသည် ခေတ်တစ်ခုစီ၏ ထိပ်တန်း စွမ်းအား (၁၀) မျိုးစီကို တစ်ခုချင်း ရွတ်ပြလိုက်သည်။ ခေတ်သုံးခေတ် ဆိုတော့ စုစုပေါင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား (၃၀) မျိုး ရှိပေသည်။

'ကမ္ဘာပျက် စွမ်းအား' သည် ရှေးဦး ကမ္ဘာဦးခေတ်တွင် အဆင့် ၃ ချိတ်သည်။ 'ဖရိုဖရဲ စွမ်းအား' က အဆင့် ၂ ဖြစ်ပြီး၊ ထိပ်ဆုံး အဆင့် ၁ မှာ 'ရှေးဦး နတ်ဘုရား စွမ်းအား' ဖြစ်သည်။

အဆုံးမဲ့ ရှေးဟောင်းခေတ်တွင် ထိပ်ဆုံး စွမ်းအားမှာ 'အဆုံးမဲ့ စွမ်းအား' ဖြစ်သည်။

ရှေးဟောင်းခေတ်တွင် ထိပ်ဆုံး စွမ်းအားမှာ 'မိုးကြိုး' ဖြစ်ပြီး၊ 'အင်မော်တယ် ဝိညာဉ်စွမ်းအား' သည် အဆင့် ၃ တွင် ရှိသည်။

'မူလ စွမ်းအား’ လို စွမ်းအားမျိုးကတော့ စာရင်းထဲတောင် မပါပေ။

နဂါးမျိုးနွယ် ဘိုးဘေးကြီး၏ ရှင်းပြချက်ကို နားထောင်ရင်း ဖုန်းဝူချန် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

နတ်ဆိုးနဂါးဘုရား၏ မှတ်ဉာဏ်များကို ရရှိထားသည့်တိုင် လောကကြီးတွင် ဤမျှ များပြားလှသော ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေကြောင်း သူ မသိခဲ့ပေ။

သူ့ကိုယ်ထဲက ကမ္ဘာပျက် စွမ်းအားက ဒီလောက် ကြောက်စရာ ကောင်းနေတာ မဆန်းတော့ပေ။ အဆုံးမဲ့ ရှေးဟောင်းခေတ် နှင့် ရှေးဟောင်းခေတ်က စွမ်းအားတွေထက် အများကြီး သာလွန်နေသည် မဟုတ်ပါလော။

ဖန်ဆင်းခြင်း နတ်ဘုရား စွမ်းအား နှင့် ဖရိုဖရဲ စွမ်းအား ပြီးလျှင် ကမ္ဘာပျက် စွမ်းအား သည် ကြောက်စရာ အကောင်းဆုံးပင်။

ဒီလောက် ကြောက်စရာကောင်းသည့် စွမ်းအားတွေ... တစ်ခု ရလိုက်လျှင်တောင် ပြည်မကြီး တစ်ခုလုံး ရူးသွပ်သွားနိုင်လောက်သည်။

"မင်းရဲ့ ကျင့်ကြံဆင့်က အားနည်းလွန်းသေးတယ်... ကမ္ဘာပျက် စွမ်းအား အများကြီးကို ခံနိုင်ရည် မရှိသေးဘူး... ကမ္ဘာပျက် စွမ်းအားကို ပိုသန်မာစေချင်ရင် မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ရမယ်... မင်းက နဂါးမျိုးနွယ်ရဲ့ သွေးကြောစွမ်းအားနဲ့ နဂါးနတ်ဘုရားရဲ့ အသက်ရှုသံကို ပေါင်းစပ်ထားပြီးပြီ... အခွင့်အရေးရှာပြီး သွေးမျိုးဆက် စွမ်းအားနဲ့ ကမ္ဘာပျက် စွမ်းအားကို ပေါင်းစပ်လိုက်ပါ..."

ဘိုးဘေးကြီးက ကြင်နာစွာ ပြုံးရင်း အကြံပေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ ကမ္ဘာပျက် စွမ်းအား၏ ပြင်းအားအကြောင်း နားလည်သွားပြီ ဖြစ်ရာ၊ သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိမှန်း သူလည်း သိသည်။ နည်းနည်းလေး ထုတ်သုံးနိုင်တာကိုက ကံကောင်းနေပြီ ဖြစ်လေ၏။

"လောကမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေသေးတာပဲ..."

ဖုန်းဝူချန် အံ့ဩမဆုံး ဖြစ်နေရသည်။

ဆန်းကြယ်သော ကမ္ဘာ၊ အံ့ဖွယ်ရာများနှင့် ပြည့်နှက်နေသော ကမ္ဘာ…။

ထိုအခါ၊ ဘိုးဘေးကြီးက ပြုံးရင်း ဆက်ပြောသည်။

"ကမ္ဘာပျက် စွမ်းအား ဆိုတာ ဘိုးဘေး မတော်တဆ တွေ့ရှိခဲ့တာ... သူ့စွမ်းအားက သိပ်ကြောက်စရာ ကောင်းလွန်းတယ်... အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီးမှ ငါ ထိန်းချုပ်နိုင်ခဲ့တာ... အခု ကမ္ဘာပျက် စွမ်းအားက မင်းဆီ ရောက်နေပြီ ဆိုတော့ မင်း ကံကောင်းတယ် မှတ်ပါ... ဘာပဲဖြစ်ဖြစ် မင်းက နဂါးမျိုးနွယ်ရဲ့ ဆက်ခံသူပဲလေ..."

"ဘိုးဘေး... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်က ဘာလို့ ကျွန်တော့်ဆီ ရောက်နေတာလဲဗျ..."

"အဲ့ဒါကိုတော့ နဂါးမျိုးနွယ် ခေါင်းဆောင်ကို မေးရလိမ့်မယ်... ကမ္ဘာပျက် စွမ်းအားကို ရွှေနဂါး တံဆိပ်တော်ထဲ ချိတ်ပိတ်ပြီးနောက် ဘိုးဘေး သေဆုံးသွားခဲ့တာ... နောက်ပိုင်း.. ဘာဖြစ်ခဲ့လဲ ငါ မသိတော့ဘူး..."

"ဒါဆို ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်မှာ ဘယ်လို နတ်ဘုရား စွမ်းရည်တွေ ရှိသလဲ... ဝါးမြိုတာ တစ်ခုတည်းလား..."

"မဟုတ်ဘူး..."

ဘိုးဘေးကြီး ခေါင်းခါလိုက်သည်။

"ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ရဲ့ စွမ်းရည်အစစ်က ဝါးမြိုတာ မဟုတ်ဘူး... 'နေရာဒေသ ကူးပြောင်းခြင်း'ပဲ... မင်းသုံးနေတဲ့ 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ဆိုတာ ရွှေနဂါး တံဆိပ်တော်ဆီကနေ ဆင်းသက်လာတာ..."

"နေရာဒေသ ကူးပြောင်းခြင်း..."

ဖုန်းဝူချန် အကြီးအကျယ် အံ့အားသင့်သွားသည်။

"ဟုတ်တယ်... ကျင့်ကြံဆင့် တစ်ခု ရောက်လာရင် မင်း ကိုယ်တိုင် နေရာဒေသတွေကို ဖြတ်သန်းသွားလာနိုင်လိမ့်မယ်... လောကကြီးမှာ မရေမတွက်နိုင်တဲ့ နေရာဒေသတွေ ရှိတယ်... အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေတောင် တခြား နေရာဒေသတစ်ခုကို ကူးပြောင်းဖို့ မလွယ်ကူဘူး... ဒါပေမဲ့ ရွှေနဂါး တံဆိပ်တော်ကတော့ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်တယ်... ဒါ နဂါးမျိုးနွယ်ရဲ့ အားသာချက်ပဲ..."

"ကမ္ဘာပျက် စွမ်းအားကြောင့် မင်းက သိုင်းဝိဥာဉ်နဲ့ အပြည့်အဝ ပေါင်းစပ်လို့ မရသေးဘူး... ဒါကြောင့် နေရာဒေသ ကူးပြောင်းခြင်း ပညာကို မတတ်မြောက်သေးတာ..."

"နားလည်ပါပြီ... လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေး..."

ဖုန်းဝူချန် အလျင်အမြန် ဦးခိုက်လိုက်သည်။

နေရာဒေသ ကူးပြောင်းခြင်း ဆိုသော စွမ်းရည်သည် ဖုန်းဝူချန်ကို စိတ်လှုပ်ရှားစေသည်။

ဘိုးဘေးကြီးက လက်ဝှေ့ယမ်းလိုက်ပြီး ဆက်ပြောလာ၏။

"ရှေးဦး ကမ္ဘာဦးခေတ်က ထိပ်တန်း စွမ်းအား ၁၀ မျိုး... အဲ့ဒါတွေ အကုန်လုံး ရှာတွေ့ပြီး ပေါင်းစပ်နိုင်ရင် ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားတစ်ခု ရနိုင်လိမ့်မယ်... ငါ့ဆီမှာ စွမ်းအား ၂ မျိုးရဲ့ မှတ်တမ်း ရှိတယ်... မင်းအတွက် အသုံးဝင်လောက်တယ်..."

ပြောပြီးသည်နှင့် ဘိုးဘေးကြီးက ဖုန်းဝူချန်၏ နဖူးကို အသာ တို့ထိလိုက်ရာ ကြီးမားသော သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခု ဖုန်းဝူချန်၏ ခေါင်းထဲသို့ စီးဝင်သွားသည်။ စွမ်းအားနှစ်မျိုး၏ အသေးစိတ် အချက်အလက်များနှင့် ရှိနိုင်ခြေအများဆုံး နေရာများကို ဖော်ပြထားလေသည်။

ဖုန်းဝူချန် အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်သွားရ၏။

"အဆင့် ၆ 'နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအား’ နဲ့ အဆင့် ၈ 'အချိန် စွမ်းအား' ပါလား..."

"ကျန်တဲ့ စွမ်းအားတွေကတော့ မသေချာဘူး... တခြားသူတွေ ယူသွားတာလည်း ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ဒီစွမ်းအားတွေကို ရှာရတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး... မင်းဘာသာမင်း ကြိုးစားရမှာပဲ... ပြီးတော့ 'ရှေးဦး ဝူမီးတောက်' ဆိုတာလည်း ရှိသေးတယ်... အရာအားလုံးကို ဝါးမြိုနိုင်တဲ့ အနက်ရောင် မီးတောက်ပဲ... သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး မီးတောက်လို့ ကျော်ကြားတယ်..."

"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ကျွန်တော် အစွမ်းကုန် ကြိုးစား ရှာဖွေပါ့မယ်ခင်ဗျာ..."

"ကဲ…ဒီ အစစ်အမှန်ယွမ်စွမ်းအားက ကုန်ခမ်းတော့မယ်... ဘိုးဘေး သွားရတော့မယ်... မင်း ဒီစွမ်းအားတွေကို အမြန်ဆုံး ရှာတွေ့ပြီး ပေါင်းစပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

ဘိုးဘေးကြီး၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

ဖုန်းဝူချန် တစ်ယောက် အိပ်မက်မက်နေသလို ခံစားနေရသည်။ ဒါတွေ အားလုံးက သူ တစ်ခါမှ မသိခဲ့ဖူးသော အရာများ၊ နတ်ဆိုးနဂါး နတ်ဘုရားတောင် မသိခဲ့သော အရာများ ဖြစ်ပါသည်။

နဂါးမျိုးနွယ် ဘိုးဘေးကြီး ချန်ထားရစ်ခဲ့သော သတင်းအချက်အလက်များသည် တန်ဖိုးဖြတ်မရနိုင်အောင် အဖိုးတန်လွန်းလှပေ၏။

All Chapters