← Chapters

အခန်း (၁၅၈၁-၁၅၈၃)

Vol. 82 Ch. 1581-1583

အခန်း (၁၅၈၁-၁၅၈၃)

Vol. 82 Ch. 1581-1583

အခန်း (၁၅၈၁) -ဖွဲ့စည်းပုံကို နည်းနည်း ပိုချဲ့လို့ ရတာပဲ

~ကမ္ဘာ့ထိပ်တန်း ယာဉ်မောင်းတစ်ယောက်၊ အထူးသဖြင့် ဖန်းလုံတောင် ပြိုင်ကွင်းကို အကြိမ်ကြိမ် လေ့ကျင့်ရင်းနှီးခဲ့ဖူးသူ တစ်ယောက်အနေနှင့်... ရာဖာ (Rafah) ရှင်းရှင်းလင်းလင်း သိထားသည်က တစ်ခုရှိ၏။

ထောင့်မှန်ချိုး အကွေ့ပါဝင်သော ဖြတ်လမ်းကိုသာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လျှင် အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။

သို့သော် ဖြတ်လမ်းကို အသုံးပြုရခြင်း၏ ခက်ခဲမှုသည်လည်း မြင့်မားလွန်းလှသည်။

အနည်းဆုံး အခက်အခဲ (၂) ခု ရှိ၏။

ပထမအချက်က... ကားအရှိန် မလုံလောက်လျှင် ဖြတ်လမ်းပေါ်သို့ တက်ရောက်နိုင်မည် မဟုတ်ပေ။

ဒုတိယအချက်က... ကားအရှိန် များလွန်းလျှင် ရေပိုက်ခေါင်းထဲသို့ ဝင်ရောက်ချိန်နှင့် ပြန်ထွက်ချိန်တွင် ဘယ်ဘက်ခြမ်းရှိ ပိုက်နံရံနှင့် ဝင်တိုက်မိနိုင်ပြီး နောက်ဆက်တွဲ အရှိန်ကို ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ပြီးပြည့်စုံသော ဖြတ်လမ်းအသုံးပြုနည်း တစ်ခုသာ ရှိ၏။

ကုန်းက်ို အရှိန်ဖြင့် တက်ရောက်ချိန်တွင် ကား၏ အရှိန်ကို ထိန်းချုပ်ထားရမည် ဖြစ်ပြီး... ရေပိုက်ထဲ ရောက်သည်နှင့် နံရံကို မတိုက်မိစေရန် ကြိုတင်၍ ဒရစ် (Drift) ဆွဲထားရမည် ဖြစ်သည်။

သို့သော် လက်တွေ့ လုပ်ဆောင်ရန်မှာမူ အလွန် ခက်ခဲလှပေသည်။

ကုန်းက်ို အရှိန်ဖြင့် တက်ရောက်ချိန်တွင် အရှိန်ထိန်းချုပ်ရန် လွယ်ကူသော်လည်း... ကားက လေထဲတွင် ဝဲပျံပြီး ပိုက်ထဲသို့ ဝင်ရောက်သွားသည့် တိုတောင်းလှသော အကွာအဝေးအတွင်း ကြိုတင်၍ ပြေပြစ်သော လှုပ်ရှားမှုကို ပြုလုပ်ရန်မှာ မလွယ်ကူလှချေ။

ပုံမှန် အခြေအနေအရဆိုလျှင်... ကားက လေထဲတွင် ဝဲပျံပြီး မြေကြီးပေါ် ပြန်ကျလာချိန်၌ ဟန်ချက်ညီစေရန် ပြန်လည် ထိန်းညှိရသည့် ကာလတိုတစ်ခု လိုအပ်သည်။ ကား ပိုက်ထဲရောက်ပြီးနောက် ကြိုတင် ဒရစ်ဆွဲချင်လျှင် ထိုထိန်းညှိကာလကို ကျော်လွှားပြီး အကောင်းဆုံး မောင်းနှင်မှု အခြေအနေကို ပြန်လည် ရယူနိုင်မှ ဖြစ်မည်။

သာမန် ပရော်ဖက်ရှင်နယ် ယာဉ်မောင်း မပြောနှင့်၊ ရာဖာ ကိုယ်တိုင်ပင် ဤအချက်ကို လုပ်ဆောင်နိုင်ရန် (၁၀၀) ရာခိုင်နှုန်း ယုံကြည်မှု မရှိပေ။

ပြုပြင်မွမ်းမံထားသော ပေါ်ရှေး 918 ကုန်းစောင်းသို့ နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ ရာဖာသည် သူမ၏ အခြေအနေကို အကောင်းဆုံး ဖြစ်စေရန် အသက်ပြင်းပြင်း ရှူပြီး ပြင်ဆင်လိုက်၏။

သို့သော် သူမ မထင်မှတ်ထားသည်မှာ... သူမ အသက်ပြင်းပြင်း ရှူလိုက်သည့် တစ်ခဏ၌ပင် ပေါ်ရှေး 918 သည် ကုန်းစောင်းကို ရုတ်တရက် အရှိန်ဖြင့် တက်သွားခြင်းပင်။

ထို့နောက် ငွေရောင် အလင်းတန်းလေး တစ်ခုအလား... လေထဲတွင် ခဏတာ ပျံသန်းပြီးနောက် ဖြတ်လမ်းဥမင်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားတော့သည်။

ထို့နောက် တာယာနှင့် မြေကြီး ပွတ်တိုက်သံ ကျွီခနဲ ထွက်ပေါ်လာ၏။

ပေါ်ရှေး 918 သည် ငွေရောင် လျှပ်စီးကြောင်း တစ်ခုကဲ့သို့ ထောင့်မှန်ချိုး အကွေ့ကို ဖြတ်ကျော်ပြီး ဖြတ်လမ်းမှ ပျံသန်း ထွက်ခွာသွားလေတော့သည်။

"သောက်ကျိုးနည်း"

ရာဖာ ဆဲရေးလိုက်မိသည်။

"ဒီကောင်... ဘာလို့ ဖြတ်လမ်းက သွားတာလဲ"

"ပြီးတော့ ဒီလောက် ချောမွေ့နေရတာလဲ"

"ကြည့်ရတာ စောစောက ပြိုင်ပွဲစမှတ်မှာ တည်ငြိမ်စွာ ပြန်ကျလာတာက ကံကောင်းလို့ မဟုတ်ဘူးပဲ"

"ငါ သူ့ကို တကယ် လျှော့တွက်မိတာလား"

ဆဲရေးရင်း တွေးတောနေသော်လည်း ရာဖာ၏ လက်များက ရပ်တန့်မနေပေ။ သူမလည်း ကား၏ အရှိန်နှင့် ထောင့်ချိုးကို ထိန်းချုပ်လိုက်သည်။

ကုန်းစောင်းပေါ်သို့ အရှိန်ဖြင့် တက်လိုက်ပြီး... နောက်တစ်စက္ကန့်တွင် ကားက မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြန်ကျလာသည်နှင့် တစ်ပြိုင်နက်... ကားကို လျင်မြန်စွာ ထိန်းညှိပြီး ကြိုတင် ဒရစ်ဆွဲလိုက်လေ၏...

GT-R ကားသည် မီးမြွေတစ်ကောင်အလား ပိုက်ထဲမှ ပြေးထွက်လာချိန်တွင်... ရှေ့မှ ပေါ်ရှေး 918 ၏ နောက်မီးများကို သူမ လှမ်းမြင်လိုက်ရပြန်သည်။

"ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်"

"နောက်ဆုံးတော့ ငါ့ကို တိုက်ခိုက်ချင်စိတ် ဖြစ်လာအောင် လုပ်နိုင်တဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီ"

"အခုဆို ငါ့အစွမ်းအကုန် ထုတ်သုံးလို့ ရပြီ"

ရာဖာ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

ထို့နောက် မနှိပ်ဖြစ်တာ ကြာပြီဖြစ်သော S+ ခလုတ်ကို ကျွမ်းကျင်စွာ နှိပ်လိုက်လေ၏။

GT-R စူပါစပေါ့ စွမ်းအင်အပြည့် မုဒ် (Super Sports Full Power Mode) ကို ဖွင့်လိုက်သည်

စွမ်းအင်အပြည့် မုဒ်ကို ဖွင့်လိုက်သည်နှင့် GT-R ၏ အင်ဂျင်သံသည် ဆေးပြာသောက်ထားသကဲ့သို့ ရုတ်တရက် နှစ်ဆ တိုးလာသည်။

"ဝုန်း"

ကားတစ်စီးလုံး၏ အရှိန်သည် ရုတ်ချည်း ရူးသွပ်စွာ တိုးမြင့်လာတော့သည်။

အနောက်ဘက်တွင် ပေါ်ရှေး 918 နှင့် GT-R တို့၏ ဖြတ်ထားခဲ့မှုကို ခံလိုက်ရသော ယာဉ်မောင်းများသည် ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြ၏။

"သောက်ကျိုးနည်း... ပွဲစတာနဲ့ ငါတို့က အရှုံးသမားတွေ ဖြစ်သွားသလို ခံစားရတယ်ကွာ"

"ငါတို့ လှောင်ခဲ့တဲ့ ကောင်လေးက တော်တော် ကြမ်းမယ့်ပုံပဲ"

"စထွက်တုန်းက သေမင်းတမန် လွှတ်တင်မှု (Death Ejection) လုပ်တာရော... ခုနက ကုန်းစောင်းမှာ ကျော်တက်သွားတာရော... အကုန်လုံးက အရမ်း ချောမွေ့နေတယ်"

"ရာဖာ က သူ့ရဲ့ စွမ်းရည်ကို အထင်ကြီးသွားပြီး အတည်ပေါက် ဖြစ်သွားပြီ ထင်တယ်"

"ငါ မမှားဘူးဆိုရင်... GT-R ရဲ့ ချဲ့ကားလွန်းတဲ့ အသံလှိုင်းတွေနဲ့ အရှိန်မြှင့်တင်မှုက ဒဏ္ဍာရီလာ စူပါစပေါ့ စွမ်းအင်အပြည့် မုဒ် မဟုတ်လား"

"အရင်တုန်းက ရာဖာက သူမနဲ့ ယှဉ်နိုင်တဲ့ ပြိုင်ဘက် တွေ့မှပဲ ဒီမုဒ်ကို ရံဖန်ရံခါ ဖွင့်လေ့ရှိတာ"

လမ်းကြောင်း၏ ရှေ့ဆုံးရှိ ပေါ်ရှေး 918 ကားပေါ်မှ အန်းကျူ ပရင့်စ် လည်း နောက်ကို လှမ်းကြည့်ပြီး အံ့ဩစွာ ပြောလိုက်လေ၏။

"ကြည့်ရတာ ရှင့်ရဲ့ ကားမောင်းစွမ်းရည်က ရာဖာ ကို ခြိမ်းခြောက်နိုင်ပုံ ရတယ်"

"ဒီ အသံလှိုင်းက GT-R ရဲ့ စွမ်းအင်အပြည့် စူပါစပေါ့ မုဒ် လေ"

"ဒါကို ဖွင့်လိုက်တာနဲ့ ယာဉ်တစ်စီးလုံးရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်ထိ ရောက်သွားပြီး တကယ့် ဘီလူး တစ်ကောင် ဖြစ်သွားတာ"

"ရာဖာက သူမကို အန္တရာယ် ပေးနိုင်တဲ့ ပြိုင်ဘက်နဲ့ တွေ့မှပဲ ဒီမုဒ်ကို ဖွင့်လေ့ရှိတာ"

"နောက်ဆုံးအကြိမ် သုံးခဲ့တာက လွန်ခဲ့တဲ့ (၂) နှစ်... နေမဝင်အင်ပါယာ အမျိုးသား ပြိုင်ပွဲတုန်းကပဲ"

ယဲ့ဖန် လုံးဝ ဂရုမစိုက်။

"စွမ်းဆောင်ရည် ဘီလူးက သူမရဲ့ အမြန်နှုန်းနဲ့ အရှိန်မြှင့်တာကိုပဲ တိုးပေးနိုင်တာပါ"

"ပြိုင်ဘက်ကင်း နည်းစနစ်တွေ ရှေ့မှာတော့... ဘာမှ မဟုတ်ပါဘူး"

ပြောရင်းနှင့် သူ အကြည့်ကို ရှေ့သို့ ပို့လိုက်သည်။

"ဒီအကွေ့ကို ကျော်ပြီးရင် ဒီသဘောတရားကို သူမ နားလည်သွားလိမ့်မယ်လို့ ကိုယ် ယုံတယ်"

ဒါကိုမြင်တော့ အန်းကျူ ပရင့်စ် လည်း သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်မိသည်။

ရှေ့မှ အကွေ့အသေးလေး အနည်းငယ် ကျော်လွန်သွားပြီးနောက်... တောင်အောက်သို့ ဆင်းသည့် ကွေ့ကောက်ပြီး ကြမ်းတမ်းသော မြွေလိမ်မြွေကောက် လမ်းကြောင်း တစ်ခု ရှိနေလေ၏။

စုစုပေါင်း အကွေ့ (၉) ခု။

ဒါဟာ ဖန်းလုံတောင်၏ "သေမင်းစက်ဝိုင်း" (Circle of Death)ဟု လူသိများသော အပိုင်းပင်။

ယာဉ်မောင်း တစ်ယောက်၏ စွမ်းရည် အကန့်အသတ်ကို စမ်းသပ်ဖို့ အလွယ်ကူဆုံးနှင့် ယာဉ်မောင်းတွေကြားက စွမ်းရည် ကွာခြားချက်ကို အမြင်သာဆုံး နေရာလည်း ဖြစ်သည်။

"ဒီအပိုင်းကို ဘယ်လို ကျော်ဖြတ်ဖို့ စဉ်းစားထားလဲ"

အန်းကျူ ပရင့်စ် အလိုအလျောက် မေးလိုက်မိသည်။

ပြောရင်းနှင့် နောက်ကို လှမ်းကြည့်လိုက်၏။

"GT-R ရဲ့ စွမ်းဆောင်ရည်က မြင့်တက်လာပြီ... ကားနှစ်စီးကြားက အကွာအဝေးက တိုသထက် တိုလာပြီနော်"

ယဲ့ဖန် သူမ၏ နောက်ဆုံးစကားကို ဂရုမစိုက်။ သူမကို ပြန်မေးလိုက်သည်။

"မင်း စိတ်ကူးနိုင်သလောက် အကောင်းဆုံး နည်းလမ်းက ဘာလဲ"

"ဆက်တိုက် ဒရစ် (Continuous Drift) ဆွဲတာပေါ့"

အန်းကျူ ပရင့်စ် ချက်ချင်း ပြန်ဖြေလိုက်သည်။

"အရှိန်လျှော့ပြီး ဒီဆက်တိုက် အကွေ့တွေကို ဖြတ်မယ်ဆိုရင်... အချိန် အရမ်း ကြာသွားလိမ့်မယ်"

"အရှိန်မြန်မြန်နဲ့ ကွေ့မယ်ဆိုရင်လည်း... လမ်းကြောင်းအပြင်ဘက်ကို ရောက်သွားပြီး တောင်အောက် ပြုတ်ကျနိုင်တယ်... ကားမှောက်ပြီး သေသွားနိုင်တယ်"

"ဒါကြောင့် အကွေ့ကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနဲ့ အစွန်းရောက်ဆုံး နည်းလမ်းက ဆက်တိုက် ဒရစ်ဆွဲတာပဲ"

"ဒါပေမဲ့ ဒီလို လမ်းပိုင်းမှာ ဆက်တိုက် ဒရစ်ဆွဲဖို့ဆိုတာ ယာဉ်မောင်းဆီက အလွန်မြင့်မားတဲ့ နည်းစနစ် ကျွမ်းကျင်မှု လိုအပ်တယ်... ပြီးတော့ ကားအရှိန်ကိုလည်း နည်းနည်း လျှော့ထားရဦးမှာ... မဖြစ်နိုင်သလောက်ပဲ..."

"ဖွဲ့စည်းပုံ (Structure) ကို နည်းနည်း ပိုချဲ့လို့ ရတာပဲ"

ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။

"အတိတ်က အတွေ့အကြုံတွေထဲမှာပဲ အကန့်အသတ် ခံမနေပါနဲ့"

"တရုတ်ပြည်က ခေါင်းဆောင်ကြီး တစ်ယောက် ပြောဖူးတယ်... 'လေဆိုတာ ရေရှည်အတွက် သင့်တော်တယ်' (Feng Yi Chang Wu) တဲ့" (ဘာသာပြန်သူမှတ်ချက် - အရာရာကို ရေရှည်အမြင်၊ အမြင်ကျယ်ကျယ်ဖြင့် ကြည့်သင့်ကြောင်း ဆိုလိုပါသည်။)

"လောကကြီးက အရာရာကို ပိုကျယ်ပြန့်ပြီး ရေရှည်အမြင်နဲ့ ကြည့်တတ်ရတယ်"

အန်းကျူ ပရင့်စ် ထပ်မမေးနိုင်ခင်မှာပင် ယဲ့ဖန်သည် သူနှင့် ယှဉ်လုနီးပါး ဖြစ်နေသော GT-R ကို တစ်ချက် ကြည့်လိုက်သည်။

"နောက်တစ်ဆင့်အနေနဲ့... ဒီ သေမင်းစက်ဝိုင်းရဲ့ စစ်မှန်တဲ့ အကန့်အသတ်ဆိုတာ ဘာလဲဆိုတာ ကိုယ် ပြမယ်"

တစ်ချိန်တည်းမှာပင်... ဘေးနားမှ ပြုပြင်မွမ်းမံထားသော GT-R လို အရှိန်လျှော့ပြီး ကွေ့ရန် ပြင်ဆင်ခြင်း မပြုဘဲ... ယဲ့ဖန်က လီဗာကို နင်းချလိုက်လေ၏။

"ဝုန်း"

ကားအရှိန်က တစ်နာရီ (၃၀၀) ကီလိုမီတာကျော် ရောက်သွားသည့် အခိုက်အတန့်တွင်... သူ ကျွမ်းကျင်စွာဖြင့် ဒရစ် စတင် ဆွဲလိုက်တော့သည်။

"ကျွီ......"

တစ်နာရီ (၃၀၀) ကီလိုမီတာ အခြေခံအရှိန်နှုန်းမှာ... သူသည် စွမ်းအင်အပြည့်ဖြင့် ဆက်လက် အရှိန်မြှင့်လိုက်ပြီး အကန့်အသတ်အထိ ဆက်တိုက် ဒရစ်ဆွဲလိုက်လေတော့သည်…။

အခန်း (၁၅၈၂) - လက်ပါရင် ပြီးတာပဲ မဟုတ်လား

~ဖန်းလုံတောင်ထိပ်ရှိ ဧရာမ အီလက်ထရောနစ် ဖန်သားပြင်ကြီးမှတဆင့် ယင်းမြင်ကွင်းကို ကြည့်ရှုနေကြသော ပရိသတ်အပေါင်းမှာ ရူးသွပ်မတတ် ဖြစ်ကုန်ကြလေ၏။

"သောက်ရူး... ဒီကောင်က သောက်ရူးပဲဟ"

"ရူးနေလို့သာ ဒီလိုမောင်းရဲတာ... သာမန်လူဆိုရင် သေချာပေါက် လုပ်ရဲမှာ မဟုတ်ဘူး"

"ငါက ဘေးကကြည့်နေတဲ့ ပရိသတ်သက်သက်ပါ... ကြည့်နေရင်းနဲ့တောင် ငါ့ခြေထောက်တွေ တုန်လာပြီ"

"သေမင်းတမန်ကွေ့ဝိုင်းထဲကို ဝင်သွားတုန်းက သူ့ရဲ့ ပေါ့ရှ် ၉၁၈ ကားအရှိန်က အနည်းဆုံး ၂၇၀ လောက်တော့ ရှိမယ်ထင်တယ်"

"ဒီလောက်အရှိန်နဲ့ မောင်းနှင်နေရင်းကနေ ထပ်ပြီး အရှိန်မြှင့်လိုက်သေးတာလား... သူက အစွန်းရောက် ဒရစ်ဖ် (Drift) ဆွဲမလို့လား... ဒီလူသာ အရူးတစ်ယောက် မဟုတ်ရင် ဒီလိုလုပ်ရဲမယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး"

"၂၇၀ မကဘူးကွ"

ယင်းအချိန်တွင် လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ပုံစံ အမိုက်စားနှင့် အမျိုးသားတစ်ဦးက ယုံကြည်မှုရှိစွာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"ကျွန်တော်က ကျွမ်းကျင်အဆင့် အမြန်နှုန်းတိုင်းတာသူ တစ်ယောက်ပါ... ပြုပြင်မွမ်းမံထားတဲ့ ပေါ့ရှ် ၉၁၈ က ကွေ့ဝိုင်းထဲကို ဝင်သွားတုန်းက ဘေးပတ်ဝန်းကျင်က အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်တွက်ချက်ကြည့်မယ်ဆိုရင် သူ့အရှိန်က ၃၀၀ ဝန်းကျင်လောက် ရှိပါလိမ့်မယ်"

ထိုစကားကြောင့် ပရိသတ်ကြီးမှာ ပွက်လောရိုက်သွားကြတော့သည်။

"၃၀၀ ဟုတ်လား... ဒီလိုအရှိန်မျိုးဆိုတာ လမ်းဖြောင့်အတိုင်း မောင်းရင်တောင်မှ ယာဉ်မောင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ တုံ့ပြန်နိုင်စွမ်းကို အတော်လေး စမ်းသပ်ရာရောက်နေပြီ... အခုလို သေမင်းတမန်ကွေ့ဝိုင်းမျိုးမှာ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး"

"ငါ ကားပြိုင်ပွဲတွေ ကြည့်လာတာ နှစ်ပေါင်းမနည်းတော့ဘူး... ဒီလိုအကွေ့အကောက်များတဲ့ နေရာမှာ ဒီလောက်အရှိန်နဲ့ မောင်းရဲတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး"

"ဆက်တိုက်ကွေ့ရမယ့် ကိုးကွေ့ကို မပြောနဲ့ဦး... သုံးကွေ့လောက်ကိုတောင် ဒီအရှိန်နဲ့ မောင်းတာ တွေ့ရခဲတယ်"

"ကမ္ဘာ့ပြိုင်ကားလောကရဲ့ ဘုရားသခင်လို့ တင်စားကြတဲ့ ကျန်းချီတောင်မှ သူ့ရဲ့ အထွတ်အထိပ်အချိန်တွေမှာ ဒီလိုမျိုး စိန်ခေါ်မောင်းနှင်တာမျိုး မလုပ်ရဲခဲ့ဘူး"

"ဒီကောင်လေးက စွမ်းရည်ရှိတယ် ဆိုပေမယ့် သူသေသွားလိမ့်မယ်လို့ ငါအတပ်ပြောရဲတယ်"

"သေမင်းတမန်ကွေ့ဝိုင်းလို့ ခေါ်ရတဲ့အကြောင်းရင်းက ကိုးကွေ့ဆက်တိုက် ဖြစ်နေတာတစ်ခုတည်းကြောင့် မဟုတ်ဘူး... အဲ့ဒီအကွေ့တွေရဲ့ လမ်းဘေးတစ်ဖက်မှာ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတွေ ရှိနေလို့ပဲ"

"ကားက လမ်းချော်ထွက်သွားတာနဲ့ ဘာမှပြောစရာ မလိုတော့ဘူး... ကားရောလူပါ ကြေမွပြီး သေဆုံးသွားဖို့ပဲ ရှိတော့တယ်"

လေထုတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေသော်လည်း စက္ကန့်ပိုင်း အကြာတွင်မူ လူတိုင်း ပြောစရာစကားမဲ့ကာ ဆွံ့အသွားကြလေ၏။

လူတိုင်း၏ မျက်နှာတွင် ကော်ပီကူးချ (Copy & Paste) လုပ်ထားသကဲ့သို့ တညီတညွတ်တည်းသော အံ့သြမှင်သက်သည့် အမူအရာများ ပေါ်ပေါက်လာတော့၏။

အဘယ်ကြောင့်ဆိုသော် ဒရုန်းကင်မရာမှ ဖမ်းယူထားပြီး ဖန်သားပြင်ကြီးပေါ်တွင် ပြသနေသော မြင်ကွင်းကြောင့် ဖြစ်ပေသည်။

ယဲ့ဖန် မောင်းနှင်နေသည့် လီမိတက်အေးဒစ်ရှင်း ပေါ့ရှ် ၉၁၈ ကားလေးသည် စည်းမျဉ်းများကို ဖောက်ဖျက်ကာ ဂိမ်းထဲတွင် Cheat ကုဒ် ရိုက်ထားသကဲ့သို့ပင်။

ကားအရှိန်က မြင့်တက်လာသည်နှင့်အမျှ တာယာနှင့် လမ်းသား ပွတ်တိုက်ရာမှ မီးပွားများ လျှပ်စီးများ လက်ခနဲ ဖြာထွက်လာပြီး ဒရစ်ဖ်ဆွဲကာ ကွေ့ဝိုင်းများကို ကျော်ဖြတ်သွားလေ၏။

နောက်ဆုံးတွင် သူသည် သေမင်းတမန်ကွေ့ဝိုင်းဟု တင်စားခေါ်ဝေါ်ကြသည့် ကိုးကွေ့ဆက် လမ်းကြောင်းကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်မှ လိုက်ပါလာသည့် ပြုပြင်မွမ်းမံထားသော GT-R ကားနှင့် ယှဉ်လိုက်လျှင် မီတာရာပေါင်းများစွာ ကွာဟသွားခဲ့လေပြီ။

ဖန်းလုံတောင်ထိပ်မှ ပရိသတ်များသာမက GT-R ကားထဲမှ ရာဖာ ကိုယ်တိုင်လည်း တုန်လှုပ်နေမိသည်။

ရှေ့မှသွားနေသော ပေါ့ရှ် ၉၁၈ ၏ တာယာများက မြေကြီးကို ကုတ်ခြစ်လိုက်သည့် စူးရှသော အသံကို ကြားလိုက်ရပြီးနောက် အင်ဂျင်သံသည် ပိုမိုကျယ်လောင်လာကာ တဖြည်းဖြည်း ဝေးကွာသွားသည်ကို သတိထားမိလိုက်သည်။ ရာဖာ့ မျက်လုံးအိမ်များမှာ ထိန်းချုပ်မရအောင် တုန်ခါသွားရရှာ၏။

'တစ်နာရီ ကီလိုမီတာ ၃၀၀ ကျော် အရှိန်နဲ့ ဒရစ်ဖ်ဆွဲပြီး ကိုးကွေ့ဆက်တိုက် မောင်းသွားတာလား'

'ဒီလိုမောင်းနှင်ပုံမျိုးကို ကမ္ဘာ့ပြိုင်ကားလောကရဲ့ ဘုရားသခင် ကျန်းချီတောင်မှ သူ့ရဲ့ အကောင်းဆုံးအချိန်တွေမှာ မလုပ်နိုင်ခဲ့ဘူး... ဒါပေမဲ့ ဒီလူက လုပ်ပြသွားတယ်'

'ဒါ့အပြင် ဒရစ်ဖ်ဆွဲပြီးတိုင်းမှာ သူ့ရဲ့ အရှိန်က လျော့မသွားဘဲ ပိုပိုပြီး မြန်လာသေးတယ်'

'ဒါက...'

ရာဖာ တစ်ယောက် သူမ၏ တည်ငြိမ်နေသော စိတ်အခြေအနေကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

သူမသည် မြန်နှုန်းမြင့် အရှိန်တစ်ခုကို ထိန်းထားနိုင်ပြီး သေမင်းတမန်ကွေ့ဝိုင်းကို သေသပ်လှပစွာ ဖြတ်ကျော်မောင်းနှင်နိုင်ခဲ့သော်လည်း ရှေ့မှ ပေါ့ရှ် ၉၁၈ ၏ အင်ဂျင်သံကို နားထောင်ရင်း ရှုံးနိမ့်ခြင်း၏ အရသာကို ခံစားလိုက်ရတော့သည်။

ကျန်ရှိနေသော လမ်းပိုင်းများတွင် ရာဖာသည် ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမား ပီသစွာဖြင့် အစွမ်းကုန် မောင်းနှင်ခဲ့ပြီး ပန်းဝင်နိုင်ခဲ့၏။

သို့သော် ဖန်းလုံတောင်ခြေသို့ ရောက်ရှိချိန်တွင်မူ သူမ၏ ခန္ဓာကိုယ်မှ အားအင်များ စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ပျော့ခွေနေလေပြီ။

ကားတံခါးကို ဖွင့်လိုက်ချိန်တွင် သူမ၏ ရှေ့၌ ရပ်ထားသော ပေါ့ရှ် ၉၁၈ နှင့် ကားဘေးတွင် အေးဆေးသက်သာစွာဖြင့် ဆေးလိပ်သောက်နေသော ယဲ့ဖန်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေတော့သည်။

"ကျွန်မ ရှုံးသွားပါပြီ"

"ကျွန်မရဲ့ အပြောအဆိုနဲ့ အပြုအမူတွေအတွက် တောင်းပန်ချင်ပါတယ်"

"ကျွန်မက တွင်းအောင်းဖား တစ်ကောင်ပါပဲ"

"ရှင့်ရဲ့ မောင်းနှင်နိုင်စွမ်းက ကျွန်မရဲ့ အမြင်အာရုံကို ကျယ်ပြန့်သွားစေခဲ့ပါပြီ"

ယဲ့ဖန်သည် ရာဖာက ပွင့်ပွင့်လင်းလင်း လာရောက်တောင်းပန်သည်ကို မြင်လိုက်ရသောအခါ သူမအပေါ် အမြင်ကြည်လင်သွားမိသည်။

"မဆိုးပါဘူး... အနည်းဆုံးတော့ မင်းက အမှားကို ဝန်ခံရဲတဲ့ သတ္တိရှိသားပဲ... ကိုယ့်အမှားကိုယ် ဝန်မခံရဲတဲ့ လူတွေထက်စာရင် မင်းက အများကြီး သာပါတယ်"

ရာဖာ့ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကျွန်မက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး"

"ဒါ့အပြင် ရှင့်ရဲ့ စွမ်းရည်က သံသယဖြစ်စရာ မလိုလောက်အောင်ပါပဲ"

"ရှင်က အရာအားလုံးကို ရှင့်ရဲ့ အင်အားနဲ့ သက်သေပြခဲ့ပြီးပြီလေ"

ထို့နောက် သူမသည် သိလိုစိတ်ကို မထိန်းနိုင်တော့သည့်ဟန်ဖြင့် ခေတ္တမျှ ချိန်ဆပြီးမှ မေးလိုက်လေ၏။

"ဒါပေမဲ့ ကျွန်မမှာ မေးစရာ တစ်ခု ရှိနေလို့ပါ... ရှင် ဖြေပေးနိုင်မလားဟင်"

ယဲ့ဖန်က ဆေးလိပ်တိုကို အမှိုက်ပုံးထဲသို့ လှမ်းပစ်ထည့်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ပြောလေ"

ရာဖာက တံတွေး တစ်ချက် မျိုချလိုက်မိသည်။

"စောစောက သေမင်းတမန်ကွေ့ဝိုင်းမှာလေ... ရှင်က တစ်နာရီ ကီလိုမီတာ ၃၀၀ ကျော် အရှိန်နဲ့ ဆက်တိုက် ဒရစ်ဖ်ဆွဲသွားတာ... အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ"

"အရှိန်တင်လိုက်... ပြီးရင် ဆက်တိုက် ဒရစ်ဖ်ဆွဲလိုက်ပေါ့... ရိုးရှင်းပါတယ်"

ယဲ့ဖန်၏ ဖြေကြားပုံမှာ ရေခဲသေတ္တာထဲသို့ ဆင်တစ်ကောင် ထည့်သကဲ့သို့ပင်။ ရေခဲသေတ္တာတံခါးဖွင့်၊ ဆင်ကိုထည့်၊ ပြီးရင် တံခါးပြန်ပိတ်လိုက်ရုံသာ ဟူသည့် သဘောမျိုး ဖြစ်နေလေ၏။

ရာဖာက လက်ကာပြလိုက်ရင်း ကပျာကယာ ရှင်းပြလာသည်။

"မဟုတ်ဘူး... ကျွန်မ ဆိုလိုတာက ရှင် ဒီအရာအားလုံးကို ဘယ်လို လုပ်ဆောင်နိုင်ခဲ့တာလဲလို့ မေးချင်တာပါ"

"အရင်တုန်းက ပြိုင်ကားလောကရဲ့ နတ်ဘုရား ကျန်းချီတောင်မှ တစ်နာရီ ကီလိုမီတာ ၃၀၀ အရှိန်နဲ့ သုံးကွေ့ဆက်တိုက် ဒရစ်ဖ်ဆွဲတာကိုပဲ စိန်ခေါ်နိုင်ခဲ့တာလေ"

"ပြီးတော့ ကျန်းချီ ဆိုတာက ပြိုင်ကားလောကမှာ လူသားခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်နဲ့ အနီးစပ်ဆုံးလို့ အားလုံးက အသိအမှတ်ပြုထားကြတဲ့သူပါ"

"သူတောင်မှ ဒီလို ချိတ်ဆက်မှုရှိတဲ့ ကိုးကွေ့ဆက်တိုက်ကို အခုလို အရှိန်မျိုးနဲ့ ဒရစ်ဖ်မဆွဲနိုင်ခဲ့ဘူး"

ယဲ့ဖန်သည် သူမ၏ လေးနက်သော အမူအရာကို ကြည့်ပြီးနောက် မနောက်ပြောင်တော့ပေ။

"မင်း အချက်တစ်ချက်ကို မေ့နေတယ်"

"ပြိုင်ကားလောကရဲ့ နတ်ဘုရား ကျန်းချီ ဆိုတာက သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ရောက်နေတာ... ငါ့ရဲ့ ကန့်သတ်ချက်ကို ရောက်တာမှ မဟုတ်တာ"

"ငါက စက်ပစ္စည်းပိုင်းဆိုင်ရာရော၊ သိုင်းပညာပိုင်း ဆိုင်ရာမှာပါ ကျွမ်းကျင်တယ်... ကားတစ်စီးရဲ့ စွမ်းဆောင်ရည် ကန့်သတ်ချက်နဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို နားလည်သဘောပေါက်တဲ့ နေရာမှာ ငါက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်... ပြီးတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ တုံ့ပြန်နိုင်စွမ်းမှာလည်း ငါက သူ့ထက် သာတယ်... ဒါကြောင့် သူ့ရဲ့ ကန့်သတ်ချက်က ငါနဲ့ တန်းတူ ဖြစ်မယ်လို့ မင်းက ဘာလို့ ထင်နေရတာလဲ"

ရာဖာ တစ်ယောက် ဆွံ့အသွားရတော့သည်။

သူမ၏ နှုတ်ခမ်းများမှာ အကြိမ်ကြိမ် ပွင့်ဟလာသော်လည်း စကားလုံး တစ်လုံးမှ ထွက်မလာနိုင်တော့ချေ။

ယဲ့ဖန်လည်း ဘာမှ ဆက်မပြောတော့ပေ။

သူမ နားလည်လက်ခံသွားပြီး တောင်းပန်စကားလည်း ဆိုပြီးပြီ ဖြစ်၍ ယဲ့ဖန်သည် လက်ကိုသာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်ပြီး ပေါ့ရှ် ၉၁၈ ဆီသို့ ပြန်လျှောက်သွားလိုက်၏။

ယာဉ်မောင်းခုံသို့ ပြန်ရောက်ပြီး ခါးပတ်ပတ်လိုက်ချိန်တွင် ဘေးခုံမှ အန်းကျူ မင်းသားကို လှမ်းကြည့်ကာ ပြောလိုက်လေ၏။

"မင်းသူငယ်ချင်းရဲ့ ပွဲကို ဝင်နွှဲပြီးပြီ ဆိုတော့ တော်တော်လေး ပျော်စရာကောင်းသားပဲ"

"ကဲ... အခု သောက်စရာ တစ်ခုခုသွားရှာကြမလား..."

သို့သော် ယဲ့ဖန် စကားမဆုံးခင်မှာပင် မွှေးပျံ့သော ရနံ့ တစ်ခု လွင့်ပျံ့လာတော့သည်။

နွေးထွေးပြီး အလွန် နူးညံ့သော အထိအတွေ့ တစ်ခုက သူ့ကို ရုတ်တရက် လာရောက်ပွေ့ဖက်လေတော့၏။

တဆက်တည်းမှာပင် နူးညံ့အိစက်သော အရာ တစ်ခုက သူ့ပါးပြင်ကို လာရောက် ဖိကပ်လိုက်လေ၏။

"ဘုရားရေ... ယဲ့ဖန်... ရှင်က အရမ်းမိုက်တာပဲ"

"ဒါက ဘုရားသခင် ကျွန်မကို ပေးတဲ့ အကောင်းဆုံး စိတ်ကြွဆေးပဲ”

အခန်း (၁၅၈၃) - မင်းတို့က ငါ ဝယ်တိုက်မယ့် အရက်ကို စောင့်နေကြတာလား

~ဥရောပသူ အလှမယ် တစ်ယောက်၏ အထိအတွေ့သည် အာရှသူ မိန်းကလေးများနှင့် လုံးဝ မတူကွဲပြားနေလေ၏။

အထူးသဖြင့် ငယ်စဉ်ကတည်းက ပြည့်ပြည့်စုံစုံ နေထိုင်လာခဲ့ပြီး အကောင်းဆုံး အချိန်ကာလသို့ ရောက်ရှိနေသည့် ဝန်ဒါဝူးမန်း (Wonder Woman) ကဲ့သို့သော အန်းကျူပရင့်စ်၏ အလှတရားက ပို၍ ထူးခြားနေ၏။

သူမ၏ အသားအရေနှင့် ခန္ဓာကိုယ်မှ ပေးစွမ်းလိုက်သော အထိအတွေ့သည် လူကို မူးမေ့သွားစေလောက်သည်။

အန်းကျူပရင့်စ်၏ ပွေ့ဖက်နမ်းရှုံ့ခြင်းကို ခံလိုက်ရသည့် ခဏ၌ ယဲ့ဖန် တစ်ယောက် ကြောင်အမ်းသွားရရှာ၏။

အဘယ်ကြောင့်ဆိုသော် ဤခံစားမှုသည် ချန်းရွှမ်၊ ဖုန်းကျင်းယီနှင့် ဖူမာကျန်းဝူတို့ထံမှ ရရှိသော ခံစားချက်မျိုးနှင့် လုံးဝ ကွဲပြားနေသောကြောင့် ဖြစ်ပေ၏။

ချန်းရွှမ်၊ ဖုန်းကျင်းယီနှင့် ဖူမာကျန်းဝူတို့ကဲ့သို့ အာရှသူ မိန်းကလေးများ၏ ခန္ဓာကိုယ်သည် ရေကဲ့သို့ နူးညံ့၏။

အလွန် နူးညံ့ပျော့ပျောင်းလွန်းသဖြင့် ထိတွေ့လိုက်သူကို ရစ်ပတ်ဆွဲဆောင်ထားနိုင်သော သဘောရှိ၏။

အန်းကျူပရင့်စ်၏ ခန္ဓာကိုယ်ကမူ ကျစ်လျစ်ပြီး တင်းရင်းသော သဘောကို ဆောင်နေပြန်သည်။

ထိလိုက်သည်နှင့် ပြန်ကန်ထွက်လာမည့် ကြက်ပေါင်ကွင်းကဲ့သို့သော ခံစားမှုမျိုး ဖြစ်ချေ၏။

အလွန်ပင် သက်ဝင်လှုပ်ရှားလွန်းလှသည်။

အန်းကျူပရင့်စ် သူ့အပေါ်သို့ ခုန်အုပ်လိုက်သည့် အချိန်၌ ယဲ့ဖန်သည် သူမ၏ ခန္ဓာကိုယ်မှ တင်းရင်းကြံ့ခိုင်မှုနှင့် အသက်ဝင်လှုပ်ရှားမှုတို့ကို တပြိုင်နက်တည်း ခံစားလိုက်ရတော့သည်။

သို့သော် အန်းကျူပရင့်စ်ကမူ သူ့ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေဆဲပင်။

"ယဲ့ဖန်… ရှင်…သိလား... ကျွန်မရဲ့ နှလုံးခုန်သံတွေ ဒီလောက် မြန်ဆန်နေတာမျိုး မကြုံရတာ တော်တော်ကြာနေပြီ"

"ရှင့်ရဲ့ ပြိုင်ကားမောင်းနှင်ပုံက ကျွန်မ မေ့ပျောက်နေတဲ့ ခံစားမှုဟောင်းတွေကို ပြန်လည် နိုးထလာစေရုံတင် မကဘူး... အသက်ရှူဖို့တောင် မေ့သွားလောက်အောင် စိတ်လှုပ်ရှားရတယ် ဆိုတာကိုပါ ပထမဆုံးအကြိမ်အဖြစ် ခံစားမိစေခဲ့တယ်"

"ကျွန်မ တစ်ခါမှ မကြုံဖူးတဲ့ စိတ်လှုပ်ရှားမှုမျိုးကို ရောက်နေပြီ"

ယဲ့ဖန်မှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေရသည်။

သူမ ဖက်ထားသည်ကို ငြိမ်ခံနေလိုက်ပြီး အခွင့်အရေး ယူလိုသလောက် ယူပါစေတော့ဟု လွှတ်ထားလိုက်မိသည်။

သို့သော် တစ်စုံတစ်ယောက်ကမူ သည်းမခံနိုင်တော့သည့်အလား ကားမှန်ကို လာရောက် ခေါက်လေတော့သည်။

ထိုသူက တမင်တကာ ချောင်းဟန့်လိုက်၏။

"အဟမ်း... အန်းကျူ... ဒီမှာ လူတစ်ယောက် အရှင်လတ်လတ် ရှိနေသေးတယ်နော်"

ထိုသူမှာ ရာဖာ ဖြစ်ချေ၏။

ရာဖာ၏ စကားသံကို ကြားလိုက်ရသည့်အခါ အန်းကျူပရင့်စ်၏ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားသည်ကို ယဲ့ဖန် သတိထားမိလိုက်သည်။

ထို့နောက် သူမ အသိဝင်လာဟန်ဖြင့် ယဲ့ဖန်ကို ကပျာကယာ လွှတ်ပေးလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည် ပြင်ဆင်လိုက်လေ၏။ သူမ၏ ဖြူဝင်းသော မျက်နှာလေးမှာလည်း ပန်းရောင်သန်းကာ ရှက်သွေးဖြာသွားတော့သည်။

"ဒါဆို... ဒါဆို... ယဲ့ဖန်... ဆောရီးပါနော်"

"ကျွန်မ စိတ်လှုပ်ရှားလွန်းသွားလို့ပါ"

"ကိုယ့်ကိုယ်ကို ခဏလောက် မထိန်းနိုင် ဖြစ်သွားတယ်... အဲ... မဟုတ်ပါဘူး... ဆိုလိုတာက ကျွန်မ ကိုယ့်ကိုယ်ကို သတိလက်လွတ် ဖြစ်သွားတာပါ"

အဝတ်အစားများကို ပြန်လည် ပြင်ဆင်နေချိန်တွင် သူမသည် ပျာယာခတ်နေဆဲ ဖြစ်သဖြင့် စကားများကို ဗလုံးဗထွေး ပြောဆိုနေရှာ၏။

ယဲ့ဖန်က ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

"ရပါတယ်... ကိစ္စမရှိပါဘူး... ကျွန်တော်က ကျင့်သားရနေပါပြီ"

"ရုပ်ချောတဲ့ သူတွေမှာ တစ်ခါတလေ ဒီလို ဒုက္ခမျိုး ရှိတတ်စမြဲလေ"

"ဘုရားရေ"

သူ၏ နောက်ပြောင်စကားကို ကြားလိုက်ရသည့်အခါ အန်းကျူပရင့်စ်သည် စောစောက အနေခက်နေမှုများ ပျောက်ကွယ်သွားပြီး မျက်နှာထား လေးနက်သွားလေ၏။

"ရှင်က အရမ်း နောက်တတ်တာပဲ မစ္စတာယဲ့"

"ကျွန်မ ရှင့်ကို ပိုပိုပြီး သဘောကျလာသလိုပဲ"

ယဲ့ဖန် တစ်ယောက် ကြောင်အမ်းသွားရပြန်သည်။

ကားစက်နှိုးရန် ပြင်နေရင်းမှ သူ ခေတ္တမျှ ငြိမ်သက်သွားမိသည်။

သို့သော် အန်းကျူပရင့်စ်က တစ်စုံတစ်ယောက်ကို နားလည်သွားဟန်ဖြင့် ပြုံးလိုက်လေ၏။

"ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါနော်"

"ကျွန်မတို့ အနောက်တိုင်း ယဉ်ကျေးမှုက ဒီလိုပါပဲ"

"ပါးနပ်လိမ္မာသလို ဟန်ဆောင်နေစရာ မလိုဘူး... ရှိတာကို ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်လေ"

သူမ သတိပေးမှ ယဲ့ဖန်လည်း သဘောပေါက်သွားတော့သည်။

မှန်ပေသည်။

မတူညီသော ယဉ်ကျေးမှု ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသော မိန်းကလေးများ၏ စိတ်နေသဘောထားနှင့် ပုံစံများမှာ လုံးဝ ကွဲပြားခြားနားကြပေသည်။

အရှေ့တိုင်းသူ မိန်းကလေးများက ရှက်ရွံ့တတ်ပြီး အတွင်းရေးကို လျှို့ဝှက်ထားတတ်ကြသော်လည်း အနောက်တိုင်းသူများကမူ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ပွင့်လင်းလွတ်လပ်ကြ၏။

အခြေအနေကို သဘောပေါက်သွားပြီးနောက် ယဲ့ဖန်လည်း စကားအများကြီး ဆက်မပြောတော့ဘဲ ဖန်းလုံတောင်ပေါ်မှ မောင်းနှင် ဆင်းသက်လာခဲ့တော့သည်။

သူတို့သည် အနီးဆုံးရှိ နိုက်ကလပ်ကြီး တစ်ခုသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့ကြ၏။

နိုက်ကလပ် အပေါက်ဝသို့ ရောက်ရှိချိန်တွင် သူတို့၏ လီမိတက်အေးဒစ်ရှင်း ဖာရာရီ ၉၁၈ ကားကြီးကြောင့်သော်လည်းကောင်း၊ သို့မဟုတ် အန်းကျူပရင့်စ်၏ ပြိုးပြိုးပြက်ပြက် တောက်ပလွန်းသော ရုပ်ရည်နှင့် ခန္ဓာကိုယ်ကြောင့်သော်လည်းကောင်း လူအများ၏ အကြည့်များသည် သူတို့ထံသို့ ရောက်ရှိလာကြ၏။

ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူများသာမက ချောမောလှပသော ဧည့်ကြို ကောင်မလေး တစ်ဦးပါ အပြေးအလွှား ရောက်ရှိလာပြီး ကြိုဆိုလေတော့သည်။

"မင်္ဂလာပါ ရှင့်... ဘာများ အလိုရှိပါသလဲ"

ယဲ့ဖန်သည် အန်းကျူပရင့်စ်နှင့် အေးအေးဆေးဆေး သောက်စားရင်း စကားပြောလိုခြင်းသာ ဖြစ်သည်။ နိုက်ကလပ်အတွင်းမှ ဆူညံသော ပတ်ဝန်းကျင်ကို သူ သဘောမကျပေ။ ထို့ကြောင့် ငွေတစ်ထပ်ကို ထုတ်ယူလိုက်ပြီး ဧည့်ကြိုမလေးထံသို့ ကမ်းပေးလိုက်သည်။

"ငါ့သူငယ်ချင်းနဲ့ အေးအေးဆေးဆေး သောက်ရင်း စကားပြောချင်လို့"

"မင်းတို့ဆီမှာ သီးသန့်ဆန်ပြီး တိတ်ဆိတ်တဲ့နေရာမျိုး ရှိမလား"

ဧည့်ကြိုမလေးသည် ယဲ့ဖန်က ဤမျှ ရက်ရောလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ငွေကို လက်ခံရရှိပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။

"ရှိပါတယ် ရှင့်"

"ဒီဘက်ကို ကြွပါ"

"ရှင်တို့လို ဧည့်သည်တော်တွေ အတွက် ကလပ်ရဲ့ ဒုတိယထပ်မှာ အထူးစီစဉ်ထားတဲ့ VIP အခန်း ရှိပါတယ်"

"ရှင်တို့ လာတာ ကွက်တိပဲ... အခုမှ သီးသန့်ခန်းအလွတ် တစ်ခန်းပဲ ကျန်တော့တာ... တစ်မိနစ် နှစ်မိနစ်လောက်သာ နောက်ကျသွားရင် မမီလိုက်ဘူး"

ယဲ့ဖန်သည် သူမ၏ ဂရုတစိုက် ဝန်ဆောင်မှုပေးခြင်းကို သဘောကျသွားသည်။ သူသည် အန်းကျူပရင့်စ်နှင့်အတူ ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ လိုက်ပါသွားလေ၏။ ဒီညတော့ ဘဝအကြောင်း ပြောရင်း အေးအေးဆေးဆေး သောက်စားရမည်ဟု သူ တွေးထားမိသည်။ ကံကောင်းလျှင် နောက်ပိုင်း အစီအစဉ်များပင် ပါလာနိုင်သေးသည် မဟုတ်ပါလော။

သို့သော် သူ ထင်မှတ်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာတော့သည်။

အန်းကျူပရင့်စ်နှင့်အတူ သီးသန့်ခန်းထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် တံခါးဝဆီမှ ဖြောင်းခနဲ ပါးရိုက်သံနှင့်အတူ နာကျင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရလေ၏။

သီးသန့်ခန်း၏ တံခါးသည် ဝုန်းခနဲ ကန်ဖွင့်ခြင်း ခံလိုက်ရ၏။

"နင် ဒီ အင်ပီရီရယ် နိုက်ကလပ်မှာ အလုပ်လုပ်တာ ဒီနေ့မှ ပထမဆုံးနေ့လား... ဒီအခန်းက ငါ ဘလက်ဘဲ (Black Bear) တို့ ညီအစ်ကိုတွေ ပျော်ပါးနေကျ အခန်းဆိုတာ မသိဘူးလား"

"ငါ့ကိုများ တားရဲသေးတယ်"

"နင်တို့ မန်နေဂျာကို အခုချက်ချင်း သွားခေါ်စမ်း... ငါ့ကို ဘယ်လို တောင်းပန်ရမယ်ဆိုတာ သူ့ကို သင်ပေးခိုင်းလိုက်မယ်"

ယဲ့ဖန်သည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ စောစောက သူတို့ကို ကြိုဆိုခဲ့သည့် ဧည့်ကြို ကောင်မလေးမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။

သူမသည် ရောင်ရမ်းနေသော ပါးပြင်ကို အုပ်ကိုင်ထားရင်း ကြောက်လန့်တကြား ဖြစ်နေရှာ၏။

ဧည့်ကြို ကောင်မလေး၏ ရှေ့တွင် ကရာတေး ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ် နှစ်မီတာကျော် မြင့်မားကာ မျက်နှာမည်းမည်းနှင့် လူကောင်ကြီး တစ်ယောက် ရပ်နေလေ၏။

ထို လူကောင်ကြီး၏ မျက်နှာပေါ်တွင် မောက်မာ ဝင့်ကြွားသော အမူအရာများ အထင်းသား ပေါ်လွင်နေ၏။

ဧည့်ကြိုမလေးကို ဆူပူ ကြိမ်းမောင်းပြီးနောက် သူက ထပ်မံ၍ ခြေထောက်ဖြင့် ကန်ကျောက်လိုက်ပြန်သည်။ ထို့နောက် ကရာတေး ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးနှင့်အတူ လူတစ်စုကို ဦးဆောင်ကာ အခန်းထဲသို့ ဝင်ရောက်လာကြတော့သည်။

အခန်းထဲသို့ ရောက်သောအခါ သူသည် ယဲ့ဖန်နှင့် အန်းကျူပရင့်စ် ရှိနေသည်ကို မမြင်သည့်နှယ်ပင်။ အခန်း၏ ထိပ်ဆုံးနေရာတွင် ဝင်ထိုင်လိုက်ပြီး ကိုယ့်ဘာသာ အရက်ငှဲ့ကာ ရင်ခွင်ထဲမှ ကျောင်းသူမလေးကို ကျီစယ်နောက်ပြောင် နေလေတော့၏။

သို့သော် သူနှင့်အတူ ပါလာသူများနှင့် သူ့ရင်ခွင်ထဲမှ မိန်းကလေးကမူ ယဲ့ဖန်နှင့် အန်းကျူပရင့်စ်ကို မြင်တွေ့သွားကြ၏။

"ဆရာ... သူတို့တွေ ဒီမှာ ရှိနေတုန်းပဲ"

"ဘယ်လို လုပ်ကြမလဲ"

ဘလက်ဘဲ ဟု သူ့ကိုယ်သူ အမည်တပ်ထားသော ကြမ်းတမ်း ခက်ထန်သည့် လူမည်းကြီးသည် ထိုအခါမှသာ ယဲ့ဖန်နှင့် အန်းကျူပရင့်စ်ကို သတိထားမိသွားပုံ ရသည်။

သူက ခေါင်းမော့ကာ ထိုနှစ်ယောက်ကို အေးစက်စွာ လှမ်းကြည့်လိုက်လေ၏။

"မင်းတို့ နှစ်ကောင်ကရော ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ"

"ငါ ဝယ်တိုက်မယ့် အရက်ကို စောင့်နေကြတာလား"

အန်းကျူပရင့်စ်သည် ထိုလူ၏ မောက်မာပြီး ရိုင်းစိုင်းလှသော အမူအရာကို မြင်လိုက်ရသောအခါ နားမလည်နိုင် ဖြစ်သွားပြီး ယဲ့ဖန်ဘက်သို့ လှည့်မေးလိုက်သည်။

"ဘာဖြစ်တာလဲဟင်... ဒါ ကျွန်မတို့ အခန်း မဟုတ်ဘူးလား"

"ဘာလို့ ဒီလူတွေက ကျွန်မတို့ကို ကြိုဆိုပေးတဲ့ ဝန်ထမ်းမလေးကို ရိုက်နှက်ပြီး ရုတ်တရက်ကြီး ဝင်လာကြတာလဲ"

"ပြီးတော့ သူက ကျွန်မတို့ကို သိပ်လေသံ မကောင်းဘူးနော်"

ယဲ့ဖန်က ပြုံးလိုက်ရင်း ပြန်ဖြေလိုက်လေ၏။

"ဘာမှမဟုတ်ပါဘူးကွာ... ကိုယ် ကံမကောင်းလို့ ခွေးရူးတစ်အုပ်နဲ့ လာတိုးတာပါ"

"ပွဲကြည့်သလိုပဲ သဘောထားပြီး ဘေးကနေ ခဏလောက် ထိုင်ကြည့်နေလိုက်"

"ကျန်တာ ကိုယ့်တာဝန်ထား"

စကားပြောနေရင်းပင် ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး ဘလက်ဘဲ ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေတော့သည်။

All Chapters