အခန်း (၁၅၈၇-၁၅၈၉)
Vol. 82 Ch. 1587-1589
အခန်း (၁၅၈၇) - ဒီထဲက ကျွမ်းကျင်ပညာရှင်က ဘယ်သူများပါလိမ့်
~ဘလက်ဘဲနှင့် သူ့လူများ သီးသန့်ခန်းထဲမှ လှိမ့်ထွက်သွားကြချိန်တွင် အခန်းပြင်ပမှ ဆူညံသံများ ထွက်ပေါ်လာလေ၏။
"ဘုရားရေ... ဒါ ကရာတေးသင်တန်းကျောင်းက ဘလက်ဘဲ မဟုတ်ဘူးလား..."
"ဘာတွေ ဖြစ်ကုန်ကြတာလဲ"
"ငါ ကြားဖူးတာတော့ သူ့ယောက်ဖက ယာမာဂူချီဂိုဏ်း ဆိပ်ကမ်းခွဲရဲ့ တာဝန်ခံတဲ့... ကျန်းနန်မြေအောက်လောကက ဇာမဏီ သုံးကောင်ဂိုဏ်းတောင်မှ သူ့ကို မျက်နှာသာ ပေးရတယ်ဆိုပဲ... အရင်တုန်းက ဒီကောင်က ဒီနယ်တစ်ဝိုက်မှာ ဗိုလ်ကျနေတာ ဘယ်သူမှ သူ့ကို မထိရဲကြဘူး... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး အရှုံးသမား ဖြစ်သွားရတာလဲ... ဘာလို့ သူ့လူတွေရော သူရော သီးသန့်ခန်းထဲကနေ လှိမ့်ထွက်လာကြတာလဲ"
"သူ ဘယ်လို လူကြမ်းမျိုးနဲ့ သွားတိုးမိလို့လဲ"
"အမှန်အတိုင်းပြောရရင် ငါ ကျန်းနန်မှာ နေလာတာ ကြာလှပြီ... ဘလက်ဘဲက တခြားသူတွေကို အနိုင်ကျင့်နေတာပဲ မြင်ဖူးတယ်... သူ ခံရတာ ဒါပထမဆုံး မြင်ဖူးတာပဲ"
"ဒါပေမဲ့လည်းကွာ... ဒီလို အရှုံးသမား ခံနေရတာ မြင်ရတော့လည်း ကျေနပ်စရာကြီးပဲ"
"ဒီကောင် အရင်တုန်းက မကောင်းမှုတွေ လုပ်လွန်းလို့ ဝဋ်လည်တာ နေမှာပါ"
"အရင်တုန်းက ငါ သူ့ရဲ့ ကရာတေးကလပ်မှာ ရှိတုန်းကလေ... သူက ကရာတေး သင်ပေးသလိုလိုနဲ့ ကျောင်းသူလေးတွေကို အခွင့်ကောင်းယူပြီး နှိုက်တာကို ငါမြင်ဖူးတယ်... ကျောင်းသားယောကျာ်းလေးတွေက ဝင်ပြောရဲရင်လည်း အဝိုင်းခံရတာပဲ... အဲဒီတုန်းက တော်တော်လေး ချောတဲ့ ကျောင်းသူလေး တစ်ယောက်ဆိုရင် သူ့အကြံအစည်ကို ငြင်းဆန်မိလို့ ရေခွက်ထဲ ဆေးခပ်ခံလိုက်ရသေးတယ်..."
"အရင်တုန်းက လူတိုင်းက သူ့နောက်က ယာမာဂူချီဂိုဏ်း ဆိပ်ကမ်းခွဲ တာဝန်ခံ ယောက်ဖကို ကြောက်နေကြရတာလေ... ဘယ်သူမှ သူ့ကို မထိန်းချုပ်နိုင်ကြဘူး"
"ဒီနေ့မှ သူ့ကို ရက်ရက်စက်စက် ကိုင်တွယ်ရဲတဲ့သူနဲ့ တွေ့တာပဲ"
"ဘုရားသခင် မျက်စိပွင့်လာပြီနဲ့ တူတယ်"
"အဲဒီ သီးသန့်ခန်းထဲမှာ ဘယ်လို ပညာရှင်မျိုး ရှိနေလဲ ဆိုတာတော့ မသိဘူး"
သီးသန့်ခန်းထဲတွင် မန်နေဂျာရှန် တစ်ယောက် အလွန်အမင်း ကြောက်ရွံ့နေရှာပြီး ယဲ့ဖန်ကို အကြိမ်ကြိမ်အခါခါ တောင်းပန်နေလေ၏။
"မစ္စတာယဲ့... ကျွန်မ တကယ်ကို တောင်းပန်ပါတယ်ရှင့်"
"ကျွန်မက နေရာသေးသေးလေးက လာတာဆိုတော့ ဗဟုသုတ နည်းပါးပါတယ်... တကယ်တော့ မစ္စတာယဲ့ကို မမှတ်မိလိုက်ဘူး..."
"ဒီလိုလုပ်ပါလား... မစ္စတာယဲ့တို့အတွက် ဒီက အကောင်းဆုံး ဆူပရင်းပက်ကေ့ချ် (Supreme Package) ကို စီစဉ်ပေးပါ့မယ်... ပြီးတော့ ဒီဆိုင်မှာ စုဆောင်းထားတဲ့ နှစ် ၃၀ သက်တမ်းရှိတဲ့ ရိုမနီကွန်တီ (Romanée-Conti) ဝိုင်ကိုပါ လက်ဆောင်ထည့်ပေးပါ့မယ်..."
"ရပါတယ်"
ယဲ့ဖန်က လက်ကာပြလိုက်သည်။
သူ မန်နေဂျာရှန်အပေါ် အငြိုးအတေး မထားပေ။
သူမ ရှုထောင့်မှ ကြည့်လျှင် မည်သို့မျှ မပတ်သက်သော အခြေအနေ တစ်ခုတွင် စောစောက သူမ ပြောခဲ့သော စကားများသည် လူသားဆန်သည်ဟု ဆိုနိုင်သည်။
သူမ လုပ်ရပ်တွင် မည်သည့်အမှားမျှ မရှိပေ။
မန်နေဂျာရှန်၏ စကားကို ဖြတ်ပြောပြီးနောက် သူက သီးသန့်ခန်းအတွင်း အခြေအနေကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလိုက်သည်။
"ခုနက ဖြစ်ခဲ့တာတွေက ပြီးသွားပါပြီ"
"ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းအတွက် သီးသန့်ခန်း အသစ် တစ်ခန်းသာ အခုချက်ချင်း စီစဉ်ပေးပါ"
"ဒီနေရာကြီးက ရှုပ်ပွနေပြီ... သူငယ်ချင်းကို ဧည့်ခံဖို့ သိပ်အဆင်မပြေတော့ဘူး"
မန်နေဂျာရှန်သည် ဝမ်းပန်းတသာဖြင့် ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလေ၏။
"မစ္စတာယဲ့ ပြောတာ မှန်ပါတယ်"
"ကျွန်မ အခုချက်ချင်း သီးသန့်ခန်း အသစ်နဲ့ အဖျော်ယမကာတွေ စီစဉ်ပေးပါ့မယ်"
"မစ္စတာယဲ့နဲ့ သူငယ်ချင်းက အရက်ပြင်း သောက်မလား... ဝိုင်သောက်မလား... ဒါမှမဟုတ်..."
ပြောပြောဆိုဆိုနှင့် သူမက ခါးလေးကိုင်းကာ လမ်းပြခေါ်ဆောင်သွားလေ၏။
ယဲ့ဖန်က ထိုအပြုအမူကို မြင်သောအခါ အန်းကျူပရင့်စ်ဘက်သို့ လှည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ပြဿနာ ပြေလည်သွားပြီ"
"ပိုသန့်ရှင်းတဲ့ သီးသန့်ခန်း အသစ်မှာ သွားသောက်ကြတာပေါ့"
အန်းကျူပရင့်စ်သည် ချက်ချင်းပင် လိုက်ပါလာပြီး လမ်းတစ်လျှောက်လုံးတွင် ယဲ့ဖန်၏ လက်မောင်းနှင့် ခန္ဓာကိုယ်ကို မကြာခဏ အကဲခတ်ကြည့်ရှုနေလေ၏။ သူမ၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေ၏။
အလွန် တိတ်ဆိတ်ပြီး ခမ်းနားထည်ဝါသော သီးသန့်ခန်းထဲသို့ ရောက်ရှိပြီး မန်နေဂျာရှန် ကိုယ်တိုင် အဖျော်ယမကာနှင့် သရေစာများ ပြင်ဆင်ရန် ထွက်သွားချိန်တွင် သူမသည် ယဲ့ဖန်၏ မျက်နှာကို ထပ်မံကြည့်ရှုမိပြန်သည်။
"ယဲ့ဖန်... ရှင်တို့ တရုတ်လူမျိုးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ကျွန်မတို့ အနောက်တိုင်းသားတွေနဲ့ မတူဘူးလားဟင်"
"ရှင်တို့ ဘရုစ်လီ (Bruce Lee) တို့ရဲ့ ခန္ဓာကိုယ်က ကြည့်လိုက်ရင် သိပ်ပြီး ထွားကျိုင်းသန်မာတဲ့ပုံ မပေါက်ပေမဲ့ ဘာလို့ ဒီလောက် အံ့သြစရာကောင်းတဲ့ ခွန်အားတွေ ပေါက်ကွဲထွက်လာနိုင်ရတာလဲ"
"ရှင်က လူတစ်ယောက်ကို ခြေကန်ချက်တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်ရုံတင်မကဘူး... ကန်လိုက်တဲ့ အရှိန်က သစ်သားတံခါးကိုပါ တစစီ ကြေမွသွားစေတယ်... ပြီးတော့ လက်သီးတစ်ချက်တည်းနဲ့ ဟိုလူဆိုးရဲ့ လက်သီးနဲ့ လက်ကောက်ဝတ်ကို ကြေမွသွားအောင် လုပ်နိုင်လိုက်သေးတယ်..."
"နေမဝင်အင်ပါယာနဲ့ အနောက်တိုင်းမှာ ကျွန်မမြင်ဖူးသမျှ သန်မာတဲ့ ယောကျာ်းတွေတောင် ဒီလိုမလုပ်နိုင်ဘူး... ဒါက သိပ်ကို ချဲ့ကားလွန်းရာ ကျနေပြီ"
ပြောရင်းဆိုရင်းနှင့် အန်းကျူပရင့်စ်က ယဲ့ဖန်၏ လက်မောင်းကို ကြည့်ကာ စပ်စုလိုက်လေ၏။
"ဒီနားက ကြွက်သားတွေကို တို့ကြည့်လို့ ရမလား"
"သိပ်မိုက်တာပဲ"
ယဲ့ဖန်သည် ကွာခြားချက်ကို သူမအား မည်သို့ ရှင်းပြရမည်မသိ ဖြစ်နေလေ၏။
သူမကို နှစ်ချက်ခန့် တို့ထိခွင့်ပေးလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်လေ၏။
"ဒီတစ်ခေါက် တရုတ်ပြည်မှာ ဘယ်လောက်ကြာကြာ နေဖို့ အစီအစဉ်ရှိလဲ"
"နှစ်ရက် သုံးရက်လောက်ပါပဲ"
အန်းကျူပရင့်စ်က ထိုအကြောင်း ပြောလိုက်ချိန်တွင် အနည်းငယ် အားကိုးရာမဲ့ပုံ ပေါက်သွားသည်။
"ကျွန်မ ဆိုသဘီးလေလံအိမ် ရုံးချုပ်နဲ့ မိသားစုဆီ ပြန်ပြီး ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိနေသေးတယ်"
"ဒီတစ်ခေါက် ကျန်းနန် ခရီးစဉ်ကလည်း မူလက စီစဉ်ထားတဲ့ အရေးကြီးပွဲတစ်ခုကို ဖျက်ပြီး အချိန်ကို အတင်းလုယူလာခဲ့ရတာလေ"
"အခု ဒီမှာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စ ပြီးသွားပြီဆိုတော့ စောစောပြန်မသွားရင် နေမဝင်အင်ပါယာက လူတွေက နောက်ကျဆုံး မနက်ဖြန် မနက်လောက်ဆို ပြန်လာဖို့ လှမ်းပြီး ဂျီကျနေလောက်ပြီ"
နေမဝင်အင်ပါယာနှင့် တရုတ်ပြည်တို့၏ အချိန်ကွာခြားမှုကို ယဲ့ဖန် သိထားသည်။
တရုတ်ပြည်တွင် ည ၁၀ နာရီ ရှိနေပြီဖြစ်သော်လည်း နေမဝင်အင်ပါယာတွင် ညနေ ၃ နာရီခန့်သာ ရှိသေးသည်။
အန်းကျူပရင့်စ်နှင့် ချုပ်ဆိုထားသော စာချုပ်ကိစ္စ ပြီးစီးကြောင်း သတင်းသည် ဟိုဘက်သို့ မကြာမီ ရောက်ရှိသွားပေလိမ့်မည်။
ရုံးချိန်အတွင်း ဖြစ်နေသေးသဖြင့် သူတို့ဘက်မှ တုံ့ပြန်မှုသည် အလွန်မြန်ဆန်ပေလိမ့်မည်။
ယဲ့ဖန်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ဆက်မေးလိုက်သည်။
"ဒါဆို မင်းဆိုလိုတာက မနက်ဖြန် ဒါမှမဟုတ် သဘက်ခါလောက်ဆိုရင် နေမဝင်အင်ပါယာကို ပြန်တော့မယ်ပေါ့"
"ပိုတိတိကျကျ ပြောရရင် မနက်ဖြန်ပါ"
အန်းကျူပရင့်စ်က ပခုံးကို တွန့်ပြလိုက်သည်။
"ကျွန်မတို့ စာချုပ်လက်မှတ်ထိုးပြီးကတည်းက ကျွန်မလက်ထောက်က မနက်ဖြန်အတွက် လေယာဉ်လက်မှတ် ဝယ်ထားပြီးပြီလေ"
"ဒါကြောင့်လည်း ကျွန်မက အချိန်ကို လုနေရတာပေါ့"
"တစ်ညလုံး ရှင့်ကို ရာဖာရဲ့ ပြိုင်ပွဲဆီ အတင်းဆွဲခေါ်သွားတယ်... ပြီးတော့ ရှင့်တစ်ယောက်တည်းကိုပဲ အပြင်ထွက် သောက်ဖို့ ဆွဲခေါ်လာခဲ့တာလေ"
သူမ၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ဖန်သည် သူမကို ကိုယ်ချင်းစာသွားမိသည်။
မန်နေဂျာရှန်က ဝိုင်ပုလင်းများ ယူဆောင်လာပြီး သူတို့နှစ်ဦးအတွက် ဂရုတစိုက် ပြင်ဆင်ငှဲ့ပေးကာ ထွက်ခွာသွားပြီးနောက် ယဲ့ဖန်က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး သူမ၏ ခွက်နှင့် ထိလိုက်လေ၏။
"မင်း ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ကြိုပြီး ဆုတောင်းပေးပါတယ်"
"ကျေးဇူးပါပဲ"
အန်းကျူပရင့်စ်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး ခွက်ထဲမှ ဝိုင်ကို မော့သောက်လိုက်သည်။
ထို့နောက် သူမက ကိုယ့်ခွက်ကိုယ် ပြန်ငှဲ့သလို ယဲ့ဖန်၏ ခွက်ကိုလည်း ဖြည့်ပေးလိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေ၏။
"ဒါပေမဲ့ နေမဝင်အင်ပါယာက ကိစ္စတချို့ ပြီးသွားရင် ကျွန်မ ဒီကို မကြာခင် ပြန်လာဖြစ်မှာပါ"
"ဘာလို့လဲ"
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
အန်းကျူပရင့်စ်က သူ့ကို တပ်မက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေ၏။
"ဘာလို့လဲဆိုတော့ ကျွန်မ တရုတ်ပြည်ကို ပိုပိုပြီး သဘောကျလာလို့လေ"
"ပြီးတော့ ရှင်နဲ့ ထပ်တွေ့ဖို့လည်း မျှော်လင့်နေမိတယ်"
"ရှင်က အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ"
ယဲ့ဖန် အနည်းငယ် သံသယဝင်သွားမိသည်။ ဒီည သူမ သူ့ကို အပြင်ခေါ်ထုတ်လာခြင်းက သူ့ခန္ဓာကိုယ်ကို လိုချင်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဝိုင် သုံးပတ်လည် သောက်ပြီးနောက် အန်းကျူပရင့်စ် တစ်ယောက် အနည်းငယ် မူးဝေလာပြီဖြစ်သဖြင့် ယဲ့ဖန်သည် သောက်ဝိုင်းကို အချိန်ကိုက် သိမ်းလိုက်တော့သည်။
ယဲ့ဖန်က သူမကို တွဲထူပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။
မမျှော်လင့်ဘဲ သူမတည်းခိုသည့် အနီးဆုံး ကြယ်ငါးပွင့် ဟိုတယ်၏ သမ္မတအဆင့် အခန်း (Presidential Suite) သို့ လိုက်ပို့ပေးပြီး ကုတင်ပေါ်သို့ တွဲပို့ပေးရန် တံခါးပိတ်လိုက်စဉ်မှာပင်...
အန်းကျူပရင့်စ်က ရုတ်တရက် လှည့်လာပြီး ယဲ့ဖန်ကို ပွေ့ဖက်ကာ နံရံနှင့် ဖိကပ်လိုက်လေတော့သည်။
အခန်း (၁၅၈၈) -ကျွန်မက ပညာ သိပ်မတတ်ဘူးနော်... လာမလိမ်နဲ့
~ထိုညက အရိုင်းဆန်ပြီး ပြင်းပြသော ညတစ်ည ဖြစ်ခဲ့လေ၏။
သို့သော် အန်းကျူပရင့်စ်မှာ ကျွမ်းကျင်မှု မရှိဘဲ အတွေ့အကြုံ နုနယ်သေးကြောင်းကိုလည်း ယဲ့ဖန် ခံစားမိလိုက်၏။
သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို နံရံနှင့်ကပ်ကာ အတင်းဖိထားသော်လည်း ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက်မှ အသိပြန်ဝင်လာပုံ ရသည်။
ယဲ့ဖန်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ လက်ပြန်ရိုက်ကာ ထိုးစစ်နှင့် ခံစစ်ကို ပြောင်းလဲလိုက်ပြီး အန်းကျူပရင့်စ်ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်လေ၏။
မည်သို့ပင်ဆိုစေ သူသည် တရုတ်ပြည်မှ ယောကျာ်းသားအားလုံးကို ကိုယ်စားပြုနေသူ ဖြစ်သည် မဟုတ်ပါလော။ မိန်းမတစ်ယောက်၏ အောက်တွင် အဖိနှိပ်ခံရလျှင် တရုတ်ပြည်မှ ယောကျာ်းသားများ၏ သိက္ခာကျဆင်းသွားပေလိမ့်မည်။
အန်းကျူပရင့်စ်ကို ဖိထားလိုက်ပြီးနောက် အရာအားလုံးသည် ချောမွေ့သွားလေတော့သည်။
အတိုချုပ်ပြောရလျှင် သူ အလွန် ပျော်ရွှင်ခဲ့ရသည်။
ထူးခြားသော ခံစားမှုလည်း ဖြစ်သည်။
ဖူမာကျန်းဝူ၊ ချန်းရွှမ်နှင့် ဖုန်းကျင်းယီတို့ကဲ့သို့ အာရှသူ မိန်းကလေးများနှင့် ဆက်ဆံရသည်နှင့် လုံးဝ မတူကွဲပြားသော အတွေ့အကြုံသစ် တစ်ခုပင်။
နောက်တစ်နေ့ နံနက်တွင် နိုးလာသောအခါ ယဲ့ဖန်သည် အန်းကျူပရင့်စ်နှင့်အတူ အချိန်ပို ဆင်းမိပြန်သည်။
အန်းကျူပရင့်စ်က အသနားခံ တောင်းပန်လာမှသာ သူမကို အနားပေးလိုက်တော့သည်။
သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေခြင်း ရပ်တန့်သွားချိန်မှာပင် အန်းကျူပရင့်စ်၏ ဖုန်းမြည်လာလေ၏။
တစ်ဖက်မှ လူသည် လန်ဒန်လေသံ စစ်စစ်ဖြင့် ပြောဆိုနေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ အသံမှာ အလွန် ရိုသေလေးစားမှု ရှိသော်လည်း အန်းကျူပရင့်စ်၏ မျက်နှာထားမှာမူ အားကိုးရာမဲ့သွားပုံ ရသည်။
ဖုန်းချပြီးနောက် သူမက ယဲ့ဖန်ကို နှမြောတသစွာ နမ်းရှုံ့လိုက်လေ၏။
"ဟန်နီ... ကျွန်မ သွားရတော့မယ်"
"ကျွန်မ လက်ထောက်က လေဆိပ်ကို သွားရမယ့်အချိန် ရောက်ပြီလို့ လှမ်းသတိပေးနေတယ်"
"ကျွန်မတို့ အခုမှ အတူရှိခွင့်ရပေမဲ့ ပြန်ခွဲခွာရတော့မယ်နော်"
ယဲ့ဖန်က သူမကို ပြန်လည် နမ်းရှုံ့လိုက်သည်။
"ကိစ္စမရှိပါဘူး... ကိုယ်တို့ မကြာခင် ပြန်တွေ့ရမှာပါ"
"ခဏလောက်တော့ မဖြစ်နိုင်လောက်သေးဘူး ထင်တယ်"
အန်းကျူပရင့်စ်က တစ်စုံတစ်ခုကို အထင်လွဲသွားပုံ ရသည်။ သူမက ထထိုင်ပြီး အဝတ်အစားများကို စတင်ဝတ်ဆင်ရင်း ခေါင်းခါပြလိုက်လေ၏။
"နေမဝင်အင်ပါယာမှာ ကိစ္စကြီး တစ်ခု ဖြစ်နေတယ်"
"ကျွန်မတို့ မိသားစုလည်း အဲဒီကိစ္စထဲမှာ ပါဝင်ပတ်သက်နေတယ်လေ"
"ဒါကြောင့် အချိန်တိုအတွင်းမှာတော့ ပြီးပြတ်နိုင်မယ့်ပုံ မပေါ်ဘူး"
ယဲ့ဖန်က ထပ်မံ ရှင်းပြမနေတော့ပေ။ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အကွေးအကောက်များနှင့် အသားအရေကို ကြည့်ရင်း ပြုံးလိုက်လေ၏။
"အချိန်တန်ရင် မင်း သိလာရမှာပါ"
ပြောပြောဆိုဆိုနှင့် သူက အိပ်ရာမှထကာ သူမနှင့်အတူ မနက်စာ စားလိုက်သည်။ ထို့နောက် ဟိုတယ်၏ သီးသန့်ကားကို ခေါ်ပြီး သူမကို လေဆိပ် ပြည်ပထွက်ခွာဆောင်သို့ လိုက်ပို့ပေးလိုက်လေ၏။
အန်းကျူပရင့်စ် ကားပေါ်မှ ဆင်းသွားသည်ကို ကြည့်ရင်း သူမ၏ လမ်းလျှောက်ပုံမှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေသည်ကို ယဲ့ဖန် သတိထားမိလိုက်သည်။
ကားဆရာကလည်း ထိုအချက်ကို သတိထားမိသွားပြီး မြို့ထဲသို့ ပြန်မောင်းလာချိန်တွင် ယဲ့ဖန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေလေ၏။
ယဲ့ဖန်က ကားဆရာ၏ အကြည့်ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ အပြန်လမ်းတွင် အန်းကျူပရင့်စ်ထံသို့ စာပို့ရင်း သူမ၏ မိသားစုအကြောင်း အင်တာနက်တွင် ရှာဖွေကြည့်လိုက်သည်။
ရှာဖွေကြည့်ပြီးမှသာ ချန်းချုံရှန်း ပြောခဲ့သော "အန်းကျူပရင့်စ်၏ နောက်ခံမိသားစုမှာ အလွန် အင်အားကြီးမားသည်" ဆိုသည့် စကားမှာ လျှော့ပြောထားခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။
အန်းကျူမိသားစုသည် အင်အားကြီးမားရုံသာ မကပေ။ နေမဝင်အင်ပါယာ တစ်ခုလုံးတွင် အင်အားအကြီးဆုံး မိသားစုကြီး လေးခုထဲမှ တစ်ခု ဖြစ်နေလေ၏။
မိသားစုခေါင်းဆောင်ဖြစ်သူ အန်းကျူဘရီတွန် (Anjou Breton) ဆိုလျှင် အန်းကျူပရင့်စ်၏ အဘိုးဖြစ်ပြီး နေမဝင်အင်ပါယာ၏ ထိပ်တန်း အထက်တန်းလွှာ (၂၈) ဦးထဲမှ မြို့စားကြီး လေးဦးတွင် တစ်ဦး အပါအဝင် ဖြစ်လေ၏။
သူ့မိသားစုသည် လေကြောင်း၊ လောင်စာဆီ၊ အာမခံ၊ အိမ်ခြံမြေ၊ ဘဏ္ဍာရေးနှင့် အခြား နယ်ပယ်များစွာရှိ နာမည်ကြီး ကုမ္ပဏီအုပ်စုများနှင့် ရှယ်ယာများကို နေမဝင်အင်ပါယာတွင် သာမက ကမ္ဘာအနှံ့အပြားတွင်ပါ ထိန်းချုပ်ထားလေ၏။ သူသာ ခြေဆောင့်လိုက်လျှင် နေမဝင်အင်ပါယာ တစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်လှုပ်သွားလိမ့်မည်ဟု ပြောလျှင်ပင် ပိုရာကျမည် မဟုတ်ပေ။
"ဒီလောက် အင်အားကြီးတဲ့ စူပါမိသားစုကြီးက သမီးပျိုလေးကို တစ်ရက်တည်းနဲ့ ချစ်မိသွားအောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး အတွေ့အကြုံကို ရယူနိုင်ခဲ့တယ်ပေါ့..."
ယဲ့ဖန် တစ်ယောက် အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။
"ဒီကိစ္စကိုသာ သူများတွေ သိသွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"
သို့သော် သူ ဆက်မတွေးရသေးခင်မှာပင် ဖုန်းတုန်ခါလာတော့သည်။
ဖုန်းဝင်လာခြင်း ဖြစ်သည်။
ခေါ်ဆိုသူနေရာတွင် ကျူးရှောင်ကျောင်းဟု ပေါ်နေ၏။
ယဲ့ဖန်က အတွေးများကို အမြန်စုစည်းလိုက်ပြီး ဖုန်းကို ကိုင်လိုက်လေ၏။
"ယဲ့ဖန် စုတ်... အခု ဘာလုပ်နေလဲ"
ကျူးရှောင်ကျောင်း၏ ချစ်စဖွယ် အသံလေး ထွက်ပေါ်လာသည်။
ယဲ့ဖန်သည် သူမ၏ ဤကဲ့သို့သော အမူအရာနှင့် ကျင့်သားမရသေးသဖြင့် ကပျာကယာ ချောင်းဟန့်လိုက်မိသည်။
"ပြောစရာရှိရင် ပြောပါဟာ"
"အဲဒီလိုကြီး မလုပ်ပါနဲ့"
"ငါ နားမယဉ်လို့ပါ"
"ဟွန့်... ကျွန်မက ဒီလိုလုပ်တော့ ဘာဖြစ်လို့လဲ"
ကျူးရှောင်ကျောင်းက မကျေမနပ် ဖြစ်သွားပုံရသည်။
"တခြားမိန်းကလေးတွေ ဒီလိုလုပ်ရင်ကျတော့ ရှင် သဘောကျနေပြီးတော့..."
"ကျွန်မကိုကျတော့ ရွံနေတာလား"
"အဟမ်း... မဟုတ်ပါဘူးဟာ"
ယဲ့ဖန်က အမြန် ဖြည့်စွက်ပြောလိုက်ရသည်။
"ငါ ဆိုလိုတာက... မင်းမှာ မင်းရဲ့ စတိုင်လ် ရှိပြီးသားပါလို့..."
"မင်းဘာသာ မင်းပဲ နေပါ..."
"ထူးထူးဆန်းဆန်းလေး နေတာက ပိုချစ်ဖို့ကောင်းပါတယ်"
"တကယ်လား...ရှင် တကယ်ပြောတာလား"
ကျူးရှောင်ကျောင်း၏ အသံမှာ မြင့်တက်သွားပြီး အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
“ကျွန်မက ပညာ သိပ်မတတ်ဘူးနော်...ကျွန်မကို လာမလိမ်နဲ့... ဟီးဟီး…”
"ဘယ်ကသာ လိမ်ရမှာလဲ"
ယဲ့ဖန်က မျက်နှာပြောင်တိုက်ပြီး လိမ်ပြောလိုက်သည်။
"ငါ့အကျင့်စရိုက်ကို မင်း မသိတာမှ မဟုတ်တာ..."
"ကျုံဟိုင်းမှာဆို ငါက ရိုးသားပြီး တည်ကြည်တယ်လို့ နာမည်ကြီးပြီးသားပါ... ငါ ဘယ်တော့မှ မလိမ်ဘူး"
"ကျွန်မ ရှင့်ကို ယုံပါတယ်"
ကျူးရှောင်ကျောင်း၏ အသံမှာ ရွှင်မြူးနေဆဲပင်။
"ဒါဆို ကျွန်မ ရှင့်ကို အလေးအနက်ထားပြီး ပြောစရာရှိတယ်"
"ပြောလေ"
ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။
"ကျွန်မ ကြားတာတော့ နေမဝင် အင်ပါယာမှာ အပြောင်းအလဲကြီး တစ်ခု ဖြစ်နေပုံ ရတယ်... တရုတ်ပြည်က အဖိုးတန် ရှေးဟောင်းပစ္စည်းတွေနဲ့ ရတနာတွေ အများကြီး အဲဒီမှာ ပြန့်ကျဲနေတယ်တဲ့...ကျွန်မတို့ တရုတ်ပြည်က အဲ့ဒီကိစ္စကို အတော်လေး အလေးထားနေတယ်..."
ကျူးရှောင်ကျောင်းက ခဏ ရပ်လိုက်သည်။
"ရှင် မကြာခင် နေမဝင်အင်ပါယာကို သွားပြီး အမျိုးသား ရတနာတွေကို ပြန်ယူတော့မှာမလား"
သူ နေမဝင်အင်ပါယာသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်ရမည့် အကြောင်း သူမ သိပြီးနေပြီဟု ယဲ့ဖန် ခန့်မှန်းမိလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်လေ၏။
"ဟုတ်တယ်"
"အဲဒီကိစ္စအတွက် ငါ့ဆီ လူလာခေါ်ပြီးပြီ"
"နောက် ခြောက်ရက်နေရင် ငါတို့ ထွက်ရတော့မယ်"
ကျူးရှောင်ကျောင်း တစ်ယောက် ခဏမျှ တိတ်ဆိတ်သွားသည်။
ထို့နောက် သူမက မေးလိုက်လေ၏။
"ဒီတစ်ခေါက်ရော ဂျပန်တုန်းကလိုပဲ အကြာကြီး သွားရမှာလား"
"နေမဝင်အင်ပါယာက အခြေအနေက ဂျပန်ထက် ပိုရှုပ်ထွေးတယ်... ပိုကြာချင်လည်း ကြာလိမ့်မယ်"
"ဒီရက်ပိုင်း ရှင် အားလား"
ကျူးရှောင်ကျောင်းက မေးလိုက်ပြန်သည်။
ယဲ့ဖန်က စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။
"လုပ်စရာ သိပ်မကျန်တော့ပါဘူး"
"ကျန်းနန်က ကိစ္စတွေလည်း ငါ ရှင်းပြီးသလောက် ရှိနေပြီ... လင်းနန်က ကိစ္စတွေကိုတော့ မင်းတို့အစ်မရွှမ်တို့ ကိုင်တွယ်နေကြတယ်... ဒီရက်ပိုင်း ငါ အားလပ်နေလောက်ပါတယ်"
"ဒါဆို ကျွန်မနဲ့အတူ နေရာ တစ်ခု လိုက်ခဲ့..."
ကျူးရှောင်ကျောင်း၏ လေသံမှာ မြင့်တက်သွားသည်။
တဆက်တည်းမှာပင် သူမက ငြင်းဆန်၍ မရသော လေသံဖြင့် အမိန့်ပေးလိုက်လေ၏။
"ကျွန်မကို မငြင်းနဲ့နော်..."
"ဂျပန်မှာ ရတနာ သွားရှာတုန်းကလည်း ရှင် ကျွန်မကို မခေါ်သွားဘူး... မကြာသေးခင်က ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို သွားရှာတုန်းကလည်း ကျွန်မကို မခေါ်ဘူး... ဒီတစ်ခါတော့ ကျွန်မ အဖော်လိုက်ပေးဖို့ အခွင့်အရေး ရတုန်းလေး ခေါ်တာ... ရှင်သာ ငြင်းမယ်ဆိုရင် ကျွန်မ ငိုပြပြီး ရှင့်ကို ကျွန်မသွားစွယ်နဲ့ နှစ်ချက်လောက် ကိုက်ပစ်လိုက်မယ်..."
ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ စကားများကို နားထောင်ရင်း စဉ်းစားလိုက်သည်။
ဒီကောင်မလေးက သူ့ကို အများကြီး ကူညီပေးခဲ့ဖူးသည်။ သို့သော် သူက ဟိုကိစ္စ၊ ဒီကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် သူမ၏ ခံစားချက်ကို လျစ်လျူရှုထားမိသလို ဖြစ်နေခဲ့၏။
အခု ရက်ပိုင်း အားလပ်ချိန် ရတုန်းလေး သူမနှင့်အတူ လိုက်ပါပြီး ကစားပေးသင့်သည်ဟု တွေးမိလိုက်သည်။
ထို့အပြင် အရေးအကြီးဆုံး အချက်မှာ...၊
ဒီကောင်မလေး ကစားတတ်သည့် အရာများက အမြဲတမ်း မထင်မှတ်ထားသော အရာများ ဖြစ်လေ့ရှိ၏။
ဒီတစ်ခါ သူမနှင့်အတူ လိုက်ပါသွားလျှင် မထင်မှတ်ထားသော ဆုလာဘ်များ ရရှိနိုင်ခြေ မြင့်မားနေသည် မဟုတ်ပါလော။
အခန်း (၁၅၈၉) - နင်က ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ
~အမှန်တရားက ယဲ့ဖန် ထင်ထားသည့်အတိုင်းပင် ဖြစ်လေ၏။
နေ့လည်စာ စားချိန်ခန့်တွင် လေဆိပ်၌ ကျူးရှောင်ကျောင်းနှင့် တွေ့ဆုံချိန်တွင် သူမ ပေးလာသော ဖတ်စ်ကလပ်စ် (First Class) လေယာဉ်လက်မှတ်နှင့် အမေရိကန် ဗီဇာကို မြင်လိုက်ရသည့်အခါ အရာအားလုံးက ရိုးရှင်းမည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။
ကျူးရှောင်ကျောင်းသည် ခရီးဆောင်အိတ် အသေးလေး တစ်လုံးကို ဆွဲလာပြီး သူမ၏ နောက်တွင် လူအချို့ တိတ်တဆိတ် လိုက်ပါလာကြသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်က ချက်ချင်းပင် မေးလိုက်၏။
"ဒီတစ်ခေါက် ငါတို့သွားမယ့် ခရီးစဉ်က အမေရိကန်လား"
"အတိအကျ ပြောရရင် အမေရိကန်က ဆီယက်တဲလ် (Seattle) မြို့ကို သွားမှာ"
"အဲဒီမှာ ဘာသွားလုပ်ကြမှာလဲ"
ယဲ့ဖန်က ထပ်မံမေးမြန်းလိုက်သည်။
ကျူးရှောင်ကျောင်းက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်လေ၏။
"အမေရိကန်မှာ ဂိုဒေါင် လောင်းကစား (Warehouse Gambling) ဆိုတာ အရမ်းခေတ်စားနေတယ်... ရှင် ကြားဖူးလား"
"ဂိုဒေါင်ကို လောင်းကြေးထပ်တာလား"
ယဲ့ဖန် သေချာ စဉ်းစားကြည့်လိုက်သည်။
သူ အမေရိကန်နှင့် တစ်ခါမှ မပတ်သက်ဖူးသော်လည်း ဖုန်းဖြင့် ဂိမ်းဆော့ရင်း နိုင်ငံခြားမှ နာမည်ကြီးသော ရသစုံ အစီအစဉ်အချို့ကို ကြည့်ဖူးသည်။
အမေရိကန်မှ ဂိုဒေါင်လောင်းကစားအကြောင်း ပြောထားသည်ကို သူ မှတ်မိနေလေ၏။
"ကြားတော့ ကြားဖူးတယ်... ဒါပေမဲ့ အသေးစိတ်တော့ မသိဘူး"
"ဘယ်လို ကစားရတာလဲ... ပျော်စရာ ကောင်းလား"
ဒီအကြောင်း ပြောလာသည့်အခါ ကျူးရှောင်ကျောင်း စိတ်လှုပ်ရှားလာပုံ ရသည်။
"ပျော်စရာ ကောင်းတာပေါ့... ကံစမ်းမဲ ဖောက်ရတာထက် ပိုပျော်ဖို့ကောင်းတယ်"
"ဒါက အမေရိကန်လို ထူးခြားတဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်လာနိုင်တဲ့ အရာလေ"
"အမေရိကန်မှာ ဂိုဒေါင်အငှား လုပ်ငန်းတွေ အများကြီး ရှိတယ်... အဲဒီတော့ ပိုင်ရှင်မဲ့ ဂိုဒေါင်တွေလည်း အများကြီး ကျန်ခဲ့တာပေါ့... အဲဒီကနေမှ ဂိုဒေါင် လောင်းကစားဆိုတာ ပေါ်ပေါက်လာပြီး အမေရိကန်မှာ ပိုခေတ်စားလာတာ"
ယဲ့ဖန်သည် ဂိုဒေါင် လောင်းကစားနှင့် ပတ်သက်ပြီး စိမ်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်သူ ကျူးရှောင်ကျောင်းကို မေးမြန်းရတော့သည်။ သူမကလည်း စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။
"အမေရိကန်မှာ အမှိုက်ခွဲခြားမှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေတွေ စည်းမျဉ်းတွေ ရှိတယ်... ပိုင်ရှင်မဲ့ ဂိုဒေါင်တစ်ခုကို ပြန်သိမ်းမယ်ဆိုရင် ဆက်ပြီး ငှားချင်ရင် ဂိုဒေါင်ထဲက ပစ္စည်းတွေကို ကိုယ့်ဘာသာ ရှင်းထုတ်ရတယ်"
"ဂိုဒေါင်ကို ရှင်းလင်းဖို့အတွက် အမှိုက်ရှင်းလင်းခ အမြောက်အမြား ကုန်ကျတယ်... အမြတ်အစွန်းကို ဦးစားပေးတဲ့ စီးပွားရေးသမားတွေအတွက် ဒီလိုလုပ်တာက မတန်ဘူးလေ... ဒါကြောင့် ပါးနပ်တဲ့သူတွေက ဂိုဒေါင်ကို လောင်းကြေးထပ်ခိုင်းပြီး ကစားတဲ့ ထူးဆန်းတဲ့ နည်းလမ်းတစ်ခုကို တီထွင်လိုက်ကြတာ... ဂိုဒေါင်ထဲက ပစ္စည်းတွေကို လေလံတင်တာပေါ့... အဲဒါကိုပဲ ဂိုဒေါင် လောင်းကစားလို့ ခေါ်ကြတာ"
"ဂိုဒေါင်ထဲမှာ တန်ဖိုးရှိတာ ပါပါ မပါပါ... ရင်းနှီးမြှုပ်နှံသူကတော့ ငွေပမာဏ တစ်ခု ရလိုက်တာပဲ... အမြတ်ရမလား ရှုံးမလား ဆိုတာကတော့ ဂိုဒေါင်ကို လေလံဆွဲတဲ့သူအပေါ်ပဲ မူတည်သွားပြီ"
ကျူးရှောင်ကျောင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန်သည် ဂိုဒေါင်လောင်းကစား၏ နောက်ကွယ်မှ အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။
သို့သော် ကျူးရှောင်ကျောင်းက ဘာကြောင့် နိုင်ငံခြားအထိ သွားပြီး ဒီကစားနည်းကို ကစားချင်ရသလဲ ဆိုတာကိုတော့ သူ စပ်စုချင်နေမိသည်။
"မင်း အရင်က ဒါမျိုး ကစားဖူးလား"
"အရင်က ဂိုဒေါင်လောင်းကစား အတွေ့အကြုံလေး ပြောပြပါဦး"
"ဘာပြောစရာ ရှိလို့လဲ"
ကျူးရှောင်ကျောင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
သူမ၏ အမူအရာကို မြင်လိုက်ရသောအခါ ယဲ့ဖန် ပိုပြီး သိချင်သွားသည်။
ဒီကောင်မလေးက အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်သူ မဟုတ်ပါလော။ ဒီအကြောင်း ပြောလိုက်မှ ဘာလို့ အနေခက်သွားရတာလဲ။
"တကယ်တော့ ဘာမှ မဟုတ်ပါဘူး..."
"အရင်တုန်းက အမေရိကန်မှာ ဂိုဒေါင် ဆယ်လုံးကျော်လောက် လောင်းဖူးတယ်... အကုန် ရှုံးတာပဲ"
ကျူးရှောင်ကျောင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာ၏။
ယဲ့ဖန် တစ်ယောက် မှင်သက်သွားလေ၏။ 'မင်း ကံတရားက ဘယ်လို ဖြစ်နေတာလဲ' ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
ဂိုဒေါင် ဆယ်လုံးကျော်လောက် လောင်းတာ အကုန်ရှုံးတယ် ဟုတ်လား။
ကျူးရှောင်ကျောင်း ဆိုတဲ့ နာမည်ကို ကျွမ်ဘတ်လတ် (Zhuang Badluck/ကံဆိုးမလေး ကျွမ်) လို့ ပြောင်းလိုက်ရင် ကောင်းမလား။
"ဘာရယ်တာလဲ"
ယဲ့ဖန်က ခေါင်းတစ်ဖက်လှည့်ပြီး ခိုးရယ်နေသည်ကို မြင်သောအခါ ကျူးရှောင်ကျောင်းက ဒေါသတကြီး မေးလိုက်သည်။
"အာ... ဘာမှမဖြစ်ပါဘူး... အဲဒီတုန်းက မင်း အလိမ်ခံလိုက်ရတာ မဟုတ်ပါဘူးနော်"
"မင်းက ချမ်းသာမှန်း သိသာနေတော့... သူတို့က ပစ္စည်းတွေ ရှင်းထုတ်ပြီးသား ဂိုဒေါင်နဲ့ မင်းကို လာမလိမ်ပါစေနဲ့"
ယဲ့ဖန်က မျက်နှာထား တည်တည်ဖြင့် ပြောလိုက်သော်လည်း ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသဖြင့် အတွင်းဒဏ်ရာပင် ရတော့မတတ် ဖြစ်နေလေ၏။
"အဲလိုတော့ မဖြစ်နိုင်ပါဘူး... အဲဒီလူတွေမှာ ဂုဏ်သိက္ခာ နည်းနည်းတော့ ရှိပါသေးတယ်... ဒီလိုကိစ္စမျိုးသာ ပေါက်ကြားသွားရင် သူတို့ကုမ္ပဏီရဲ့ ယုံကြည်မှု ကျဆင်းသွားပြီး နောင်ကျရင် ဘာပွဲပဲလုပ်လုပ် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်တော့ဘူးလေ"
"ပြီးတော့ သူတို့က ဘယ်သူ့ကိုပဲ လိမ်ရဲလိမ်ရဲ... ကျွန်မကိုတော့ မလိမ်ရဲပါဘူး"
ကျူးရှောင်ကျောင်းက လက်သီးလေး ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။
ယဲ့ဖန်အတွက်တော့ အတော်လေး ထူးဆန်းနေလေ၏။ သူကိုယ်တိုင်က ဂိမ်းထဲမှာ Cheat ကုဒ် ရိုက်ထားသလို ကံကောင်းတတ်သူ တစ်ယောက်။ သူ့နားကပ်သည့် သူတွေကလည်း ယေဘုယျအားဖြင့် ကံကောင်းတတ်ကြစမြဲ။
အထူးသဖြင့် ကျူးရှောင်ကျောင်း ဆိုလျှင် သူ့နားကပ်နေသူ ဖြစ်ရုံသာမက လူကြီးမင်း တစ်ဦး၏ တစ်ဦးတည်းသော မြေးမလေးလည်း ဖြစ်နေလေ၏။ သူမက ကံကောင်းခြင်း လက်ဆောင်ကို ပိုင်ဆိုင်ထားသူပင်။
ဒီရုပ်ရည်လေးနဲ့... ဘယ်လိုလုပ်ပြီး ဒီလောက် ကံဆိုးနိုင်ရတာလဲ။
ဂိုဒေါင် လောင်းကစား အတွေ့အကြုံကို ပြန်တွေးမိပြီး ကျူးရှောင်ကျောင်း စိတ်ပျက်သွားပုံရသည်။ ဒါက သူမဘဝ၏ အကြီးမားဆုံး ကျရှုံးမှု ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဒါဆိုရင် ဒီတစ်ခေါက် အမေရိကန်ခရီးစဉ်မှာ မင်းအတွက် ကလဲ့စားချေပေးရမှာပေါ့"
ယဲ့ဖန်က ပြုံးလိုက်သည်။
"ရှင် လုပ်နိုင်ပါ့မလား"
ကျူးရှောင်ကျောင်းက မျက်လုံး လှန်ကြည့်လိုက်သည်။
"လုပ်နိုင်တာပေါ့... ငါ့အကြောင်း မင်း မသိတာမှ မဟုတ်တာ... ငါ အပြင်ထွက်လာရင် ကံမကောင်းတာမျိုး ရှိလို့လား... ဒီကံတရားဆိုတာ ပေါ့သေးသေး မဟုတ်ဘူးနော်"
ယဲ့ဖန်က ရယ်မောလိုက်သည်။
"ငါ ရတနာတချို့ ကောက်ရပြီး ချင်မင်းဆက်မတိုင်ခင် ခေတ်က ကြေးထည် ပူဇော်ပွဲသုံး ပစ္စည်းတွေ ရလာမလား ဘယ်သူသိမလဲ"
ဒီအကြောင်း ပြောမိတော့ လွန်ခဲ့သော နှစ်တစ်ရာလောက်က တရုတ်လူမျိုးတွေ၏ အရှက်ရစရာ သမိုင်းကြောင်းကို ယဲ့ဖန် ပြန်တွေးမိသွားသည်။ ထိုစဉ်က၊ အမေရိကန်တွေလည်း အကျိုးအမြတ် အများကြီး ရခဲ့ကြ၏။ သူတို့က နဂါးနိုင်ငံတော်၏ ရတနာပေါင်းများစွာကို လုယက်ယူငင်ခဲ့ကြသည် မဟုတ်ပါလော။
"တော်စမ်းပါ... နင့်မှာ ဒီလို အတွေ့အကြုံမှ မရှိတာ... ငါက ဘေးကနေ ကူညီပေးရဦးမှာ"
ကျူးရှောင်ကျောင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ယဲ့ဖန် တိတ်တဆိတ် ရယ်မောလိုက်မိပြန်သည်။ ဒီကောင်မလေးက သူ့ထက်တောင် လောင်းကစားကို စိတ်ဝင်စားနေပါလား။
သို့သော် ကျူးရှောင်ကျောင်း၏ ဟန်ဆောင်မှုကို သူ မဖွင့်ဟလိုက်ပေ။
အမေရိကန် ခရီးစဉ် ပြီးလျှင် နေမဝင်အင်ပါယာကို သွားရတော့မည်။ ဟိုရောက်လျှင် ဘယ်လောက်ကြာမလဲ မသိနိုင်သဖြင့် ဒီအတောအတွင်း သူမနှင့်အတူ ပျော်ပျော်ပါးပါး နေလိုက်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
ကျူးရှောင်ကျောင်းထံမှ ဂိုဒေါင် လောင်းကစား စည်းမျဉ်းများနှင့် အသေးစိတ် အချက်အလက်များကို မေးမြန်းပြီးနောက် သူမ၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးကာ လေယာဉ်ပေါ်သို့ အတူတက်ရောက်ခဲ့ကြ၏။
တပြိုင်နက်တည်းမှာပင် ကျူးရှောင်ကျောင်းထံမှ အမေရိကန်နှင့် တရုတ် ယဉ်ကျေးမှု ကွာခြားချက်များကို စတင် လေ့လာမေးမြန်းနေလိုက်သည်။
နာရီအနည်းငယ် စကားပြော၊ နာရီအနည်းငယ် အိပ်စက်ပြီးနောက် လေယာဉ်သည် ဆီယက်တဲလ်မြို့သို့ ဆိုက်ရောက်သွားလေတော့သည်။
ယခုအချိန်တွင် ယဲ့ဖန် တစ်ယောက် ထုံကျဉ်နေသလို ခံစားလိုက်ရသည်။
အမေရိကန်နှင့် တရုတ်ပြည်သည် အချိန်ဇုန် ဆယ်ခုကျော် ကွာခြားလေ၏။ သူနှင့် ကျူးရှောင်ကျောင်း ထွက်ခွာလာစဉ်က တရုတ်ပြည်တွင် နေ့လည်ခင်း ဖြစ်သည်။
သို့သော် ဆယ်နာရီကျော် ပျံသန်းပြီးနောက် လေယာဉ်ဆိုက်ရောက်ချိန်တွင် အမေရိကန်၌ နံနက်ခင်း ဖြစ်နေဆဲပင်။
ဆိုလိုသည်မှာ သူသည် ဂျက်လက်ဂ် (Jet lag) [လေယာဉ် ခရီးပန်းခြင်း]
ဒဏ်ကို နောက်တစ်ကြိမ် ခံစားရဦးမည် ဖြစ်သည်။
ယဲ့ဖန်သည် ခွန်အားအပြည့် ရှိနေသော်လည်း ဤအခြေအနေကို ခံနိုင်ရည်မရှိသလို ခံစားနေရသည်။
ခရီးဆောင်အိတ်များ ရွေးယူပြီး လေဆိပ်အပြင်ဘက်သို့ ထွက်လာကြသောအခါ ယဲ့ဖန်က ကျူးရှောင်ကျောင်းကို ဦးဆောင်ခိုင်းပြီး ဟိုတယ်သို့ သွားရောက် အနားယူရန် ပြင်ဆင်လိုက်သည်။
ကျူးရှောင်ကျောင်းလည်း ပင်ပန်းနေရှာပြီ။
သူမသည် အမေရိကန်သို့ အကြိမ်ကြိမ် ရောက်ဖူးပြီး ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်သော်လည်း ဟိုတယ် ကြိုတင်မှာယူရန် သို့မဟုတ် ဟိုတယ်မှ ကားလွှတ်ပြီး လာကြိုခိုင်းရန် ပျင်းရိနေခဲ့၏။
ယဲ့ဖန်၏ အကြံပြုချက်ကို ကြားသောအခါ သူမက သန်းဝေလိုက်ပြီး လေဆိပ်အထွက်တွင် တက္ကစီ ငှားရန် ပြင်လိုက်လေ၏။
ထိုစဉ် ကောက်ကျစ်သော မျက်လုံးများ ရှိသည့် လူမည်းတစ်ယောက်က အနားသို့ တိုးကပ်လာပြီး မပီကလာ ပီကလာ တရုတ်စကားဖြင့် မေးမြန်းလေတော့သည်။
"သူငယ်ချင်းတို့... ကားလိုမလား"
"ကျုပ်ကားက ဈေးပေါတယ်နော်... အသစ်စက်စက်... မာစီးဒီးဘင့်ဇ် (Mercedes-Benz) ဗျ..."
"သွားကြမလား”