← Chapters

အခန်း (၁၅၉၃-၁၅၉၅)

Vol. 82 Ch. 1593-1595

အခန်း (၁၅၉၃-၁၅၉၅)

Vol. 82 Ch. 1593-1595

အခန်း (၁၅၉၃) - မင်း ငါတို့ကို တောင်းပန်ဖို့ အကြွေးတင်သွားပြီ

~"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ... အဲဒီ သူငယ်ချင်း ဆိုတာက ရှင် ကိုယ်တိုင် မဟုတ်လား"

ကျူးရှောင်ကျောင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးလိုက်လေ၏။

"တကယ်လို့ ရှင်ကိုယ်တိုင် ဆိုရင်တော့ ကျွန်မ ရှင်ကို လျှို့ဝှက် ဝက်ဘ်ဆိုက် လင့်ခ် (Links) တချို့ ပေးလို့ရတယ်"

"ရှင်နဲ့အတူ အွန်လိုင်းတက်ပြီး ကြည့်ပေးရမယ် ဆိုရင်တောင် ကျွန်မက မငြင်းပါဘူး"

"တော်ပါပြီဟာ... မလုပ်ပါနဲ့"

ယဲ့ဖန် တစ်ကိုယ်လုံး ကြက်သီးထသွားလေ၏။

ကျူးရှောင်ကျောင်းနဲ့ အတူတူ အဲဒီ လျှို့ဝှက် ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်ရမယ် ဟုတ်လား။

တကယ်လို့များ သူ အဲဒီလို လုပ်လိုက်မိလျှင် အဘိုးကြီး ကျူးက သူ့ကို အပိုင်းပိုင်း ခုတ်ပစ်လိုက်မှာ သေချာသည်။

ဒီလို မီးမျိုးနှင့်တော့ သွားမကစားတာ အကောင်းဆုံးပင်။

"ကားသွားငှားပြီး အခုပဲ ထွက်ကြရအောင်"

ယဲ့ဖန်က စကားလမ်းကြောင်း လွှဲလိုက်လေ၏။

ကျူးရှောင်ကျောင်းလည်း သိပ်အများကြီး တွေးမနေတော့ပေ။

သူမသည် ဟိုတယ် ကောင်တာသို့ ကျွမ်းကျင်စွာ သွားရောက်ပြီး ဝန်ထမ်းများနှင့် ခဏတာ ပြောဆိုပြီးနောက် မာစီးဒီးဘင့်ဇ် GLS (Mercedes-Benz GLS) တစ်စီးကို အောင်မြင်စွာ ငှားရမ်းနိုင်ခဲ့လေ၏။

ထိုအချိန်အတွင်း ကောင်တာဝန်ထမ်းက ယာဉ်မောင်း လိုသလားဟု မေးမြန်းခဲ့သော်လည်း ယဲ့ဖန်က သဘာဝကျကျ ငြင်းပယ်လိုက်သည်။

သူစိမ်း ယာဉ်မောင်းတစ်ယောက် ပါလာလျှင် ကားထဲ၌ လွတ်လပ်ပြီး လုံခြုံသော ကိုယ်ပိုင်အချိန်များကို ရရှိနိုင်တော့မည် မဟုတ်ပေ။ စကားပြောလျှင်လည်း ပွင့်ပွင့်လင်းလင်း ပြော၍ရတော့မည် မဟုတ်။

သူ့ဘာသာ မောင်းတာက ပိုကောင်းသည်။

ကားငှားရမ်းခနှင့် စပေါ်ငွေ ပေးချေပြီးနောက် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ခေါ်ပြီး စပေ့နီဒဲလ် (Space Needle) သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့၏။

စောစောက ကျူးရှောင်ကျောင်း ပြောခဲ့ဖူးသည်။

‘စပေ့နီဒဲလ် ဆိုတာ ဆီယက်တဲလ်ရဲ့ အထင်ကရ နေရာပဲ။ အဲဒီကို မရောက်ဖူးရင် နယူးယောက်ရောက်ပြီး အင်ပါယာစတိတ် အဆောက်အဦးကို မမြင်ဖူးတာနဲ့ အတူတူပဲတဲ့။’

ဒါကြောင့် ယဲ့ဖန်က ဒီနေရာကို အများကြီး မျှော်လင့်ထားခဲ့မိသည်။

သို့သော် ဆီယက်တဲလ်၏ အထင်ကရ နေရာဆိုသည်ကို ပိုက်ဆံအကုန်ခံပြီး ရောက်ရှိသွားသောအခါ သာမန်ကာ လျှကာ အဆင့်လောက်သာ ရှိကြောင်း သိလိုက်ရတော့သည်။

အမြင့်နှင့် ခမ်းနားမှု အပိုင်းတွင် ကွမ်ကျိုး ရှိ ယန်ချန်း မျှော်စင် (Yangcheng Tower) ကိုပင် မယှဉ်နိုင်ပေ။

ပျော်စရာကောင်းမှု အပိုင်းတွင်လည်း ယန်ချန်မျှော်စင် အပေါ်ဆုံးထပ်ရှိ Sky Paradise လောက် မကောင်းပေ။

လည်ပတ်နေသော စားသောက်ဆိုင် ဆိုသည်မှာ သူ့အားသာချက်နှင့်သူ ရှိသော်လည်း ယခုခေတ်တွင်မူ သိပ်ပြီး ထူးဆန်းသော အရာ မဟုတ်တော့ပေ။

ထို့ကြောင့် စပေ့နီဒဲလ်ကို လည်ပတ်ပြီးနောက် ကျူးရှောင်ကျောင်းက နောက်တစ်နေရာသို့ အတင်းဆွဲခေါ်သွားချိန်တွင် ယဲ့ဖန်သည် သူမကို မသိမသာ လှမ်းကြည့်လိုက်မိသည်။

"ဒါက ဆီယက်တဲလ်ရဲ့ အထင်ကရ ဆိုတဲ့နေရာလား"

"အရမ်းကြီး မျှော်လင့်မထားပါနဲ့"

ကျူးရှောင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

"ပြည်တွင်း စက်မှုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးပြီး ဒေသတွေ သိပ်မတိုးတက်သေးတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလို မဟုတ်တော့ဘူးလေ... ထူးခြားတယ်လို့ ပြောဖို့က အရမ်းခက်သွားပြီ"

"ဒါ့အပြင် ဒီလိုအရာတွေက တရုတ်ပြည်မှာ မရှားဘူး ဆိုပေမဲ့ ဆီယက်တဲလ်မှာ တည်ဆောက်ထားတာလေ... ဓာတ်ပုံရိုက်ပြီး ဝေချက် (WeChat) ပေါ် တင်လိုက်ရင်တော့ မိုက်နေတုန်းပဲ"

"စိတ်အေးအေးထားပါ... ကမ္ဘာလှည့် ခရီးသည် တစ်ယောက်အနေနဲ့ မဖြစ်မနေ သွားရမယ့် နေရာကို လာကြည့်တယ်လို့ပဲ သဘောထားလိုက်"

သူမ ပြောတာလည်း ဟုတ်သလိုလိုပင်။

"အခု စပေ့နီဒဲလ် ပြီးသွားပြီဆိုတော့... နောက်ထပ် ဘယ်သွားကြမလဲ"

"ရှင့်မှာ တွေးထားဝာာ ရှိလား"

ကျူးရှောင်ကျောင်းက မေးလိုက်သည်။

"ပိုက်ဈေးတန်း (Pike Place Market)၊ ချီဟူလီ ပန်းဥယျာဉ်နဲ့ ဖန်ပြတိုက် (Chihuly Garden and Glass)၊ လေကြောင်းပြတိုက် (Museum of Flight)၊ ဆီယက်တဲလ် ဘီးကြီး (Seattle Great Wheel)၊ ကိုလံဘီယာ စင်တာ (Columbia Center)၊ ပစိဖိတ် သိပ္ပံစင်တာ (Pacific Science Center)၊ ဆူဇာလို စာကြည့်တိုက် (Suzzallo Library)... အဲဒါတွေ အကုန်လုံးက ဆီယက်တဲလ်ကို ရောက်ရင် မဖြစ်မနေ သွားသင့်တယ်လို့ အွန်လိုင်းက လူတွေ ညွှန်းထားတဲ့ နေရာတွေပဲ"

"ကျွန်မကတော့ အဲဒီနေရာတွေကို ရောက်ဖူးပြီးသား... ယေဘုယျအားဖြင့်တော့ ကြိုက်တဲ့ နေရာ သွားလို့ ရတယ်"

"အရမ်းကြီး ရင်သပ်ရှုမော ဖြစ်သွားမှာ မဟုတ်ပေမဲ့ အရမ်း ဆိုးရွားတာမျိုးလည်း ဖြစ်မှာ မဟုတ်ဘူး"

ယဲ့ဖန်ကတော့ ထိုနေရာများကို စိတ်မဝင်စားပေ။

အင်တာနက်ပေါ်တွင် နာမည်ကြီးသော နေရာများ၌ အချိန်ဖြုန်းမနေချင်တော့။

ဆီယက်တဲလ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ရမည် ဖြစ်သော်လည်း လဲလှယ်ဝတ်ဆင်စရာ အဝတ်အစား သိပ်မပါလာသည်ကို သတိရသွားပြီး ရုတ်တရက် အကြံဉာဏ် တစ်ခု ရလိုက်သည်။

"ဒီမှာ နာမည်ကြီးတဲ့ ဈေးဝယ်စင်တာ (Shopping Mall) တွေ ရှိလား... ဈေးဝယ်ထွက်ကြမယ်လေ"

ထင်ထားသည့် အတိုင်းပင် ကျူးရှောင်ကျောင်းက စိတ်ဝင်စားသွားလေ၏။

"အကြံကောင်းပဲ... ဆီယက်တဲလ်က ဈေးဝယ်စင်တာတွေကလည်း အရမ်း နာမည်ကြီးတယ်"

"ကမ္ဘာ့ထိပ်တန်း ဇိမ်ခံပစ္စည်း အရောင်းဆိုင်တွေ စုံနေရုံတင်မကဘူး... တခြားနေရာတွေမှာ ဝယ်လို့မရတဲ့ လီမိတက် အေးဒစ်ရှင်း (Limited Edition) ပစ္စည်းသစ်တွေလည်း အများကြီး ရှိတယ်"

"အရေးအကြီးဆုံးကတော့ အထဲမှာ နေရာကျယ်တယ်... ဈေးဝယ်စင်တာကြီးက အရမ်းကြီးတာ... လျှောက်သွားပြီး ဈေးဝယ်ရတာ အရမ်း ပျော်ဖို့ကောင်းတယ်..."

သူမ၏ ပေါက်ပေါက်ဖောက်သလို ပြောနေသည်များကို ယဲ့ဖန် စိတ်မဝင်စားပေ။

သူမ ကန့်ကွက်စရာ မရှိသည်ကို မြင်သောအခါ မာစီးဒီးဘင့်ဇ် GLS ကို ဆီယက်တဲလ် ဈေးဝယ်စင်တာ (Seattle Mall) သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့၏။

သို့သော် မမျှော်လင့်သော အဖြစ်အပျက် တစ်ခု ကြုံတွေ့လိုက်ရသည်။

သူနှင့် ကျူးရှောင်ကျောင်းတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာသို့ ရောက်ရှိပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်လာစဉ်မှာပင် အဝင်ဝရှိ ပထမဆုံး ဆိုင်ခန်းအပြင်ဘက်တွင် ရပ်နေသော အသားဖြူဖြူ အမျိုးသမီး တစ်ဦးက ရွံရှာသော လေသံဖြင့် ပြောလိုက်လေ၏။

"အိုး... သောက်ကျိုးနည်း... အာရှသားတွေ လာပြန်ပြီ"

"ငါ အာရှသားတွေကို မုန်းတယ်... အထူးသဖြင့် တရုတ်တွေကိုပဲ"

"သူတို့က နွေရာသီ နေ့လည်ခင်းမှာ လက်ဖက်ရည် သောက်ပြီး အနားယူနေတုန်း မုန့်ပွဲထဲကနေ ရုတ်တရက် ခုန်ထွက်လာတဲ့ ပိုးဟပ်တွေလိုပဲ... ရွံစရာ ကောင်းလိုက်တာ"

"ငါတို့နိုင်ငံ အစိုးရက ဘာတွေ တွေးနေလဲဆိုတာ တကယ် နားမလည်တော့ဘူး... အာရှသားတွေ... အထူးသဖြင့် တရုတ်တွေကို ငါတို့ရဲ့ လှပတဲ့ မြေပေါ် ခြေချခွင့် မပေးဘဲ တားမြစ်လိုက်သင့်တာ... အခုတော့ နေရာတိုင်းမှာ အသားဝါတွေချည်းပဲ... ငါ အသက်ရှူကျပ်သလို ခံစားနေရပြီ"

ထိုလူဖြူ အမျိုးသမီး၏ ဖုံးကွယ်ခြင်း မရှိဘဲ ပြောဆိုလိုက်သော စော်ကားသံများကို ကြားလိုက်ရသောအခါ ဈေးဝယ်စင်တာထဲသို့ ဝင်ရောက်လာသော အာရှသားအချို့မှာ ရှက်ရွံ့သွားကြပြီး သိမ်ငယ်သလို ခံစားလိုက်ကြရသည်။

သူတို့သည် ထိုနေရာကို အမြန် ရှောင်ကွင်းပြီး ခေါင်းငုံ့ကာ ဈေးဝယ်စင်တာ အတွင်းသို့ ဝင်ရောက်သွားကြရှာ၏။

သို့သော် ယဲ့ဖန်ကမူ မသိစိတ်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

သူ့လက်ကို တွဲထားသော ကျူးရှောင်ကျောင်းပင်လျှင် ခြေလှမ်းတုံ့သွားလေ၏။

ကျူးရှောင်ကျောင်း ဒေါသထွက်နေပြီ ဆိုတာ သိသာလှသည်။

ယဲ့ဖန်နှင့်အတူ ရပ်တန့်လိုက်ပြီးနောက် သူမသည် ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေး တစ်ကောင်အလား လူဖြူအမျိုးသမီးကို စိုက်ကြည့်လိုက်လေ၏။

"အခု နင် ဘာပြောလိုက်တာလဲ"

အမေရိကန်တွင် အမြဲတမ်း အားနည်းပြီး အနိုင်ကျင့်ခံနေရတတ်သော တရုတ်လူမျိုးများက သူမကို ပြန်ပြောရဲလိမ့်မည်ဟု လူဖြူအမျိုးသမီး ထင်မှတ်မထားခဲ့ပုံ ရသည်။

သူမက ကျူးရှောင်ကျောင်းကို အံ့သြတကြီး ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် လှောင်ပြောင်ကာ ပြန်ပြောလိုက်လေ၏။

"ငါပြောတာ မကြားလိုက်ဘူးလား... အာရှသူ ကောင်မစုတ်ရဲ့"

"ဒါဆို ထပ်ပြောပြမယ်"

"နင်တို့ အာရှသားတွေ... အထူးသဖြင့် တရုတ်တွေက အခွံဝါနေတဲ့ ပိုးဟပ်တွေနဲ့ တူတယ်လို့ ပြောလိုက်တာ..."

"ငရဲကိုသာ သွားလိုက်တော့"

ကျူးရှောင်ကျောင်းက ချက်ချင်းပင် ထိုအမျိုးသမီးကို ပါးရိုက်ထည့်လိုက်လေ၏။

"ငါတို့ တရုတ်လူမျိုးတွေက နင့်ထမင်းကို စားထားလို့လား"

"နင်က ဘာကိစ္စ လူမျိုးရေး ခွဲခြားနေရတာလဲ"

"တရုတ်လူမျိုး တစ်ယောက်ယောက်က နင့်ကို စော်ကားခဲ့တာ... ဒါမှမဟုတ် မှားယွင်းတာ တစ်ခုခု လုပ်ခဲ့တယ်ဆိုရင် အဲဒီလူကို သွားပြောလေ"

"ခေါင်းတော့ ကြီးပါရဲ့... အထဲမှာ ဦးနှောက်မပါဘဲ အလှဆင်ထားရုံ သက်သက်ပဲလား"

ကျူးရှောင်ကျောင်းက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု လူဖြူအမျိုးသမီး ထင်မှတ်မထားခဲ့ပေ။ သူမ ကြောင်အမ်းသွားရလေ၏။

ကျူးရှောင်ကျောင်း ရိုက်ပြီးသွားမှ အသိဝင်လာတော့သည်။ အရူးမ တစ်ယောက်ကဲ့သို့ အော်ဟစ်ရင်း ကျူးရှောင်ကျောင်း၏ မျက်နှာကို ကုတ်ဖဲ့ရန်နှင့် အဝတ်အစားများကို ဆွဲဖြဲရန် ပြေးဝင်လာတော့၏။

ယဲ့ဖန်က သဘာဝကျကျပင် သူမ အောင်မြင်ခွင့် ပေးမည် မဟုတ်ပေ။

ထိုအမျိုးသမီး ကျူးရှောင်ကျောင်းဆီသို့ ခုန်အုပ်လာသည့် တခဏချင်းမှာပင် သူက ကျူးရှောင်ကျောင်းကို အနောက်သို့ ဆွဲပို့လိုက်ပြီး ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေ၏။

သူ့တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပူပြင်းစွာ ထွက်ပေါ်လာသည်။

တစ်ဖက်လူကို ခြိမ်းခြောက်လိုက်ခြင်းပင်။

ထို့နောက် သူက အေးစက်စွာ ကြည့်လိုက်လေ၏။

"ငါ့ သူငယ်ချင်း ပြောတာ မှန်တယ်"

"တကယ်လို့ အာရှသား ဒါမှမဟုတ် တရုတ်လူမျိုး တစ်ယောက်ယောက်က အမှားလုပ်ပြီး မင်းကို နာကျင်အောင် လုပ်ခဲ့တယ်ဆိုရင်... လူမျိုးရေး ခွဲခြားပြီး လူတိုင်းကို တိုက်ခိုက်နေမယ့်အစား အဲဒီလူကိုပဲ အပြစ်တင်သင့်တယ်"

"အဲဒီလို မဟုတ်ရင်... မင်းက အရူးမ တစ်ယောက် ဖြစ်ကြောင်း သက်သေပြလိုက်သလိုပဲ ဖြစ်နေလိမ့်မယ်"

ယဲ့ဖန်၏ စကားကို ကြားသောအခါ လူဖြူအမျိုးသမီးမှာ ပြန်လည် ချေပလိုစိတ် ဖြစ်ပေါ်လာသည်။

သို့သော် ယဲ့ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း အသံထွက်မလာတော့ပေ။

"မင်း ငါတို့ကို တောင်းပန်ဖို့ အကြွေးတင်သွားပြီ"

ယဲ့ဖန်က သူမကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။

"စိတ်ကူးမယဉ်နဲ့"

လူဖြူအမျိုးသမီးက တွန့်ဆုတ်ခြင်းမရှိဘဲ အော်ဟစ်လိုက်သည်။

"အောက်တန်းကျတဲ့ တရုတ်တွေ ရှေ့မှာ ငါ ဘယ်တော့မှ ခေါင်းမငုံ့ဘူး"

"နင် ငါ့ကို ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ... အလကားပဲ"

"ဒါ ဆီယက်တဲလ် ဈေးဝယ်စင်တာနော်... နင် ငါ့ကို တစ်ခုခု လုပ်ရဲတာနဲ့ ဒီက လုံခြုံရေးတွေက နင့်ကို သေနတ်နဲ့ ပစ်သတ်လိမ့်မယ်”

အခန်း (၁၅၉၄) - ဒီနေ့ ကုန်ကျစရိတ် အားလုံးကို သခင်လေးယဲ့က ရှင်းမယ်

~သူမ အဲဒီလို ပြောလိုက်သည့် အခါ လူဖြူအမျိုးသမီးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသွားပြီး ခါးကို မတ်လိုက်လေ၏။

ကျူးရှောင်ကျောင်းလည်း တစ်စုံတစ်ခုကို တွေးမိသွားပုံ ရသည်။ ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီး ယဲ့ဖန်ကို အသာဆွဲလိုက်လေ၏။

"ယဲ့ဖန်... ကျွန်မတို့ ဒေါသထွက်စရာ ရှိတာလည်း ပြောပြီးပြီဆိုတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြရအောင်။"

"အမေရိကန်မှာ လူမျိုးရေး ခွဲခြားမှု ဆိုတာက တော်တော်လေး ကြီးမားတဲ့ ပြဿနာပဲ... ပြီးတော့ အာရှသားတွေက အထင်သေးခံရတဲ့ သံသရာထဲမှာ အောက်ဆုံး အဆင့် ရောက်နေတာလေ။"

"ငါတို့သာ ဒီကိစ္စကို ကြီးကျယ်အောင် လုပ်လိုက်ရင် ဟို လူဖြူရဲတွေက ငါတို့ဘက်ကိုပဲ ဦးလှည့်လာလိမ့်မယ်။"

အမေရိကန် ရဲတွေက လူမည်းတွေကို ကျည်ကုန်သည်အထိ ပစ်ခတ်ဖမ်းဆီးတတ်သော ဇာတ်လမ်းတွေကို ယဲ့ဖန် ကြားဖူးထားသည်။

ဆူညံသံများကြောင့် ရဲအရာရှိ အများအပြား ရောက်ရှိလာသည်ကို မြင်သောအခါ သူက လူဖြူအမျိုးသမီး၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ကျူးရှောင်ကျောင်း ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားလိုက်လေ၏။

ရဲများ၏ သေနတ်ကို ယဲ့ဖန် ကြောက်နေတာတော့ မဟုတ်ပေ။

သို့သော်၊ ပြောရကျိုးမနပ်သော လူဖြူအမျိုးသမီး တစ်ယောက်ကြောင့်နှင့်တော့ ထိုအကောင်တွေနှင့် ပြဿနာ အဖြစ်မခံနိုင်ပေ။

ကျူးရှောင်ကျောင်းနောက်သို့ လိုက်ပါပြီး ဆီယက်တဲလ် ဈေးဝယ်စင်တာထဲ ဝင်ရောက်လာချိန်တွင် ယဲ့ဖန်၏ စိတ်ထဲ၌ မကျေမနပ် ဖြစ်နေဆဲပင်။

လူဖြူအမျိုးသမီး၏ မျက်နှာကို ပြန်တွေးမိပြီး သူ မေးလိုက်လေ၏။

"ရှောင်ကျောင်း..မင်းက အမေရိကန်နဲ့ ပိုရင်းနှီးတာပဲ... အဲဒီ မိန်းမကို ပညာပေးလို့ ရမယ့် နည်းလမ်းမျိုး ရှိလား။"

"အရိုးရှင်းဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းလမ်းကတော့ လူလစ်တဲ့ အချိန် စောင့်ပြီး သူ့ကို ဆုံးမလိုက်ဖို့ပဲ။"

ကျူးရှောင်ကျောင်းက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။

"ဒါမှမဟုတ် သူ့ကို လှည့်စားပြီး တစ်ခုခု ဒုက္ခရောက်အောင် လုပ်လိုက်တာက ပိုပြီး ပညာသားပါလိမ့်မယ်။"

"ဆီယက်တဲလ်က တရုတ်ပြည်လို မဟုတ်ဘူး... CCTV ကင်မရာတွေက နေရာတိုင်းမှာ မရှိဘူးလေ။"

"ဒီမှာက အကြမ်းဖက်မှုတွေလည်း များတော့ တိုင်ချက် ဖွင့်ရင်တောင်မှ အမှုပေါ်နိုင်ခြေက တော်တော်လေး နည်းတယ်။"

"သီးသန့် ဆုံးမလိုက်တာ... ဒါမှမဟုတ် ထောင်ချောက်ဆင်လိုက်တာမျိုး လုပ်ရင် သူ အသံတိတ် ခံလိုက်ရုံပဲ ရှိမှာပေါ့။"

"ဒါပေမဲ့ အဲ့ဒီလို လုပ်ရင် ဘယ်သူ လက်ချက်လဲဆိုတာ သူ သိလိုက်မှာ မဟုတ်ဘူး... နောက်နောင် ငါတို့ တရုတ်လူမျိုးတွေကို တွေ့ရင် ပိုပြီး လေးစားတတ်အောင် လုပ်ပေးရမှာ။"

ယဲ့ဖန်က သူမ၏ နည်းလမ်းများကို သဘောမကျပေ။

"ဒါဆို ရှင်က သူ့ကို နောက်နောင် တရုတ်လူမျိုးတွေ မြင်တာနဲ့ ကြောက်သွားအောင် လုပ်ချင်တာပေါ့လေ။"

ကျူးရှောင်ကျောင်းက ပြုံးလိုက်သည်။

"ရှင့်မှာ ဒီလောက်တောင် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။"

"ဒါဆိုရင် နောက်ထပ် ဖြတ်လမ်းနည်း တစ်ခု ပြောပြမယ်။"

"အမေရိကန်နဲ့ ကျွန်မတို့ကြားက အကြီးမားဆုံး ကွာခြားချက်က သူတို့က လုံးဝဥဿုံ အရင်းရှင် နိုင်ငံ ဖြစ်နေတာပဲ။"

"အရင်းရှင် နိုင်ငံဆိုတာ ဘာလဲ သိလား... အတိုချုပ် ပြောရရင် ရှင့်မှာသာ ပိုက်ဆံ လုံလောက်အောင် ရှိနေရင် ဒီနေရာမှာ ရှင် ကြိုက်တာ လုပ်လို့ရတယ်... ဒီ ဆီယက်တဲလ် ဈေးဝယ်စင်တာရဲ့ တာဝန်ရှိသူ ကိုယ်တိုင်က ဟို ဒီအော (Dior) ဆိုင်ရှေ့က ဧည့်ကြို လူဖြူမကို အပြစ်ပေးအောင် ခိုင်းတာမျိုး အပါအဝင်ပေါ့။"

"ဒါဆို မေးစရာ ရှိလာပြီ။"

ယဲ့ဖန်လည်း ပြန်ပြုံးလိုက်လေ၏။

"ကိုယ်က ပိုက်ဆံ ရှိတယ် ဆိုတာကို ဒီ ဆီယက်တဲလ် ဈေးဝယ်စင်တာ တာဝန်ခံ သိအောင် ဘယ်လိုလုပ်ရမလဲ။"

"ရှင့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်သုံးလိုက်လေ... ဝယ်...ဝယ်ပစ်လိုက်။"

ကျူးရှောင်ကျောင်းက လက်သီးလေး ဝှေ့ယမ်းပြလိုက်သည်။

"ဒီ ဈေးဝယ်စင်တာမှာက မရှိတာ မရှိဘူး... အနုပညာ စုဆောင်းပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေတောင် ရှိသေးတယ်။"

"ရှင်သာ ဒီမှာ ဒေါ်လာ သန်းချီ သန်းရာချီ သုံးပစ်လိုက်ရင် ဘာမှ စဉ်းစားနေစရာ မလိုတော့ဘူး... ဆီယက်တဲလ် ဈေးဝယ်စင်တာ တာဝန်ခံက ဘယ်လောက်ပဲ တုံးနေပါစေ... ရှင်က သူဌေးဆိုတာ သိသွားလိမ့်မယ်။"

"ဒီအကြံကို ကိုယ် ကြိုက်တယ်... သွားကြစို့။"

ယဲ့ဖန်က အဝတ်အစား ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်ရင်း ပြောလိုက်သည်။

"ဒီနေ့ ကုန်ကျစရိတ် အားလုံးကို သခင်လေးယဲ့က ရှင်းမယ်။"

"ဟားဟား...ရှင် ကိုယ်တိုင် ပြောတာနော်။"

ကျူးရှောင်ကျောင်း ပျော်သွားသည်။

ချက်ချင်းပင် ယဲ့ဖန်၏ လက်ကို ဆွဲပြီး ဇိမ်ခံပစ္စည်း အရောင်းပြခန်း တစ်ခုထဲသို့ ဝင်ရောက်သွားလေ၏။

ယဲ့ဖန်က ဂရုမစိုက်ပေ။

သူမ နောက်သို့ လိုက်ပါပြီး ကြည့်ရှုနေလိုက်သည်။

မျက်စိကျစရာ တစ်ခုခု တွေ့လျှင် ကောက်ယူလိုက်ရုံပင်။

ဆယ်မိနစ် မပြည့်ခင်မှာပင် သူသည် Suit တစ်စုံနှင့် အဝတ်အစား အစုံအနည်းငယ်ကို ဝယ်ယူလိုက်ပြီး ကျူးရှောင်ကျောင်း အတွက်လည်း နှစ်စုံ လက်ဆောင် ဝယ်ပေးလိုက်လေ၏။

စုစုပေါင်း ဒေါ်လာ တစ်သိန်းခွဲခန့် ကုန်ကျသွားသည်။

ယွမ်ငွေနှင့် တွက်လျှင် တစ်သန်းခန့် တန်ဖိုးရှိ၏။

သို့သော် ဒေါ်လာ တစ်သိန်းခွဲလောက် သုံးရုံဖြင့် ဆီယက်တဲလ် ဈေးဝယ်စင်တာ တာဝန်ခံ၏ အာရုံစိုက်မှုကို ရရှိရန် မလုံလောက်သေးပေ။

ထို့ကြောင့် အဝတ်အစားများ ဝယ်ယူပြီး မကြာမီမှာပင် ယဲ့ဖန်သည် စုဆောင်းပစ္စည်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ရောင်းချရာ နေရာသို့ ခေါ်သွားခိုင်းလိုက်လေ၏။

ဆီယက်တဲလ် ဈေးဝယ်စင်တာ၏ စုဆောင်းပစ္စည်း တန်းသည် စင်တာ၏ အရှေ့ဘက်ခြမ်းရှိ ဘာရော့ခ် (Baroque) စတိုင်လ် အဆောက်အဦးကြီး အတွင်း၌ တည်ရှိလေ၏။

[- Baroque (ဘာရော့ခ်) စတိုင်လ်ဆိုတာ ၁၇ ရာစုဝန်းကျင်လောက်က ဥရောပမှာ အရမ်းခေတ်စားခဲ့တဲ့ ဗိသုကာလက်ရာ ပုံစံတစ်မျိုးပါနော်။

သူက ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ အဆောက်အဦးတစ်ခုလုံးကို အနုစိတ်ပန်းပုတွေ၊ ကောက်ကြောင်းတွေ၊ ရွှေရောင် ငွေရောင်တွေနဲ့ မွမ်းမံပြီး အရမ်းကို ခမ်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ပုံစံမျိုးပေါ့။

စာဖတ်သူတို့ မြင်အောင်ပြောရရင် ရှေးခေတ် ဥရောပ နန်းတော်ကြီးတွေ၊ ဘုရားကျောင်းကြီးတွေလိုမျိုး... ဝင်လိုက်တာနဲ့ ကြီးကျယ်ခမ်းနားမှုကြောင့် အံ့သြမှင်သက်သွားစေမယ့် ဒီဇိုင်းမျိုးကို ဆိုလိုတာပါ။]

အတွင်းပိုင်း ဖွဲ့စည်းပုံမှာ အနုပညာ ပစ္စည်းများဖြင့် ပြည့်နှက်နေသော ပြခန်းတစ်ခုနှင့် တူနေလေ၏။

ထိုနေရာတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းများက ဧည့်သည်များကို တီးတိုး ရှင်းပြနေကြ၏။

"လူကြီးမင်း... ဒါက ကျွန်မတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာရဲ့ စုဆောင်းပစ္စည်း ပြခန်းပါ။"

"ဒီပစ္စည်းတွေ တစ်ခုချင်းစီကို ဆိုသဘီး လေလံအိမ် ရုံးချုပ်က နာမည်ကြီး တန်ဖိုးဖြတ် ပညာရှင်တွေ ကိုယ်တိုင် စစ်ဆေးထားပြီး သက်ဆိုင်ရာ ထောက်ခံချက် လက်မှတ်တွေလည်း ထုတ်ပေးထားပါတယ်... အစစ်အမှန် ဖြစ်နိုင်ခြေက ၁၀၀ ရာခိုင်နှုန်း နီးပါးပါပဲ။"

"ဥပမာ ပြောရရင် ရှင် ကြည့်နေတဲ့ ဒီရုပ်တုဆိုရင် 'ငန်းပိုက်ထားသော ကောင်လေး' (The Boy Holding a Goose) လို့ ခေါ်ပါတယ်... ဂရိနိုင်ငံ ဟယ်လ်ကီဒွန် (Halkidon) မြို့က နာမည်ကြီး ပန်းပုပညာရှင် ဘိုအဲသော့စ် (Boethos) ဖန်တီးခဲ့တာပါ... မူရင်းက ကြေးရုပ် ဖြစ်ပြီး ဒီနေ့အထိ ကျန်ရစ်နေတဲ့ ရုပ်တုတွေထဲမှာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ရောမခေတ် လက်ရာတူ (၃၆) ခုထဲက တစ်ခု ဖြစ်ပါတယ်... ဆိုသဘီး လေလံအိမ်က ထုတ်ပေးထားတဲ့ တရားဝင် စစ်ဆေးချက် လက်မှတ်နဲ့ တန်ဖိုးဖြတ် စာရင်းလည်း ပါပါတယ်... လက်ရှိ ပေါက်ဈေးက ဒေါ်လာ ၁.၉၅ သန်း ရှိပါတယ်။"

ဤကဲ့သို့ ဆန်းသစ်သော ရောင်းချမှု ပုံစံမျိုးကို ယဲ့ဖန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် အံ့သြသွားမိသည်။

ကျူးရှောင်ကျောင်းက ဝင်ရောက် ရှင်းပြလေ၏။

"ဒီနေရာက စုဆောင်းပစ္စည်းတွေ ရောင်းတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ နာမည်ကြီး လေလံအဖွဲ့အစည်း တချို့အတွက် လူသိများအောင် ကူညီပေးနေတာမျိုး ပိုဆန်တယ်။"

"တရုတ်ပြည်မှာ တွေ့ရတတ်တဲ့ ဆိုင်ခွဲတွေလိုမျိုးပေါ့... ဆိုင်တွေက လစဉ် အရှုံးပေါ်နေပေမဲ့ ဈေးဝယ်စင်တာကြီးတွေ ဖွင့်တာနဲ့ လိုက်ဖွင့်နေကြတာလေ။"

"သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က အမြတ်ရဖို့ မဟုတ်ဘဲ ဈေးဝယ်စင်တာကို လာတတ်တဲ့ အသိုင်းအဝိုင်း ကြားမှာ အမှတ်တံဆိပ်ကို လူသိများလာအောင် တည်ဆောက်ဖို့ပဲ။"

"ဒါကြောင့် ဒီက စုဆောင်းပစ္စည်းတွေကို ဆိုသဘီးက ရောင်းပေးဖို့ အပ်ထားတာလို့လည်း နားလည်လို့ ရသလို... တစ်ချိန်တည်းမှာ သူတို့ အမှတ်တံဆိပ်ကို ကြော်ငြာပေးနေတာလို့လည်း ပြောလို့ ရတာပေါ့။"

ယဲ့ဖန် ခေါင်းငြိမ့်လိုက်ပြီး တစ်ချက် ဝေ့ကြည့်လိုက်လေ၏။

"ဒါကြောင့်လည်း ဒီက ပစ္စည်းတွေက မဆိုးဘူးလို့ ပြောရမှာပဲ။"

"ဝန်ထမ်းမလေး ပြောသလိုပဲ... အစစ်အမှန် ဖြစ်နိုင်ခြေက ၁၀၀ ရာခိုင်နှုန်း နီးပါး ရှိတယ်။"

သို့သော် အစစ်အမှန် ဖြစ်နိုင်ခြေ များသော်လည်း ပြဿနာ တစ်ခုတော့ ရှိနေလေ၏။ ဈေးနှုန်းများက မြင့်လွန်းနေခြင်းပင်။

ဒီအတိုင်း ဝယ်လိုက်လျှင် မည်သည့် အမြတ်အစွန်းမှ ရရှိမည် မဟုတ်ပေ။

'အမြတ် သိပ်မကျန်တဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ စုဆောင်းပစ္စည်းတွေ ဆိုတာ အလကားပဲ။'

ထိုသို့ တွေးလိုက်ပြီးနောက် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းနောက်သို့ လိုက်ပါရင်း စနစ် (System) ၏ နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက်ကို ဖွင့်လိုက်လေ၏။

ဒီနေရာမှာ မထင်မှတ်ထားသော အံ့သြစရာများ ရှိမရှိ ကံစမ်းကြည့်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ လမ်းကြောင်းပြ လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်နှင့် ရွှေရောင် အလင်းစက်လေး တစ်ခုက သူ့စကင်န်ဖတ်နိုင်သော အကွာအဝေး အတွင်း၌ ပေါ်လာတော့သည်။

ယဲ့ဖန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျူးရှောင်ကျောင်းကို ဆွဲပြီး ထိုနေရာသို့ လျှောက်သွားလိုက်လေ၏။

ဝန်ထမ်းမလေးက မြင်သောအခါ အနောက်မှ ကမန်းကတန်း လိုက်ပါလာသည်။

"လူကြီးမင်း... မဒမ်... ဘာများ ကူညီပေးရမလဲ။”

အခန်း (၁၅၉၅) - ဆီယက်တဲလ် ဈေးဝယ်စင်တာ တာဝန်ခံ ကိုယ်တိုင် ရောက်လာပြီ

~ယဲ့ဖန်သည် လမ်းကြောင်းပြစနစ်က မီးမောင်းထိုးပြထားသော ပြကွက်ရှေ့သို့ လျှောက်လှမ်းသွားလိုက်လေ၏။

ထိုအရာသည် ကျည်ကာမှန်ထူကြီးများ ကာရံထားသည့် အလွန်လက်ရာမြောက်သော မှန်ဘောင်သွင်း ပြကွက်တစ်ခု ဖြစ်ချေ၏။

ဝန်ထမ်းမလေးသည် ယဲ့ဖန် စိတ်ဝင်စားနေသည်ကို ရိပ်မိသဖြင့် အနားသို့ ကပ်လာပြီး အားပါတရ ရှင်းပြလေတော့သည်။

"လူကြီးမင်းက တကယ် မျက်စိမြင့်တာပဲ။"

"ဒီ လက်ရေးမူ ကျမ်းစာအုပ်က ဗာတီကန်က ယခင် ပုပ်ရဟန်းမင်းကြီးရဲ့ ခေါင်းရင်းထား စာအုပ်ပါပဲ။"

"ဒဏ္ဍာရီလာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်ပြီး နေ့တိုင်း မှတ်စုတွေ ရေးမှတ်ခဲ့ရာကနေ ဒီလက်ရေးမူ ဖြစ်လာတာပါ။"

"သမိုင်းဝင် ကျမ်းစာအုပ်ကြီးတွေလောက် တန်ဖိုး မကြီးပေမဲ့ ဒီစာအုပ်ကို ဒေါ်လာ (၁.၇၉) သန်းနဲ့ လေလံအောင်ဖူးပါတယ်။"

"ဆိုသဘီး ရုံးချုပ်က ထိပ်တန်း တန်ဖိုးဖြတ် ပညာရှင်တွေကတောင် နောင်တစ်ချိန်ကျရင် ဒီစာအုပ်ရဲ့ တန်ဖိုးက ဖြတ်လို့မရနိုင်အောင် ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားကြတယ်။"

"လူကြီးမင်းသာ ဝယ်မယ်ဆိုရင်... မိသားစု အမွေအနှစ်အဖြစ် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း သွားလို့ရသလို... တန်ဖိုးတက်လာမှာကိုလည်း ခံစားလို့ ရမှာပါ။"

ယဲ့ဖန်က သူမ၏ စကားကို ကြားသော်လည်း မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။

သို့သော် ဘေးနားရှိ ကျူးရှောင်ကျောင်းကမူ မျက်လုံးကို ကလယ်ကလယ် လုပ်နေပြီး ယဲ့ဖန်အား တရုတ်လို တီးတိုး ကပ်ပြောလိုက်လေ၏။

"ဒီက ဝန်ထမ်းတွေ ပြောပုံဆိုပုံက အိမ်ခြံမြေ အရောင်းဝန်ထမ်းတွေနဲ့ တူလိုက်တာဟယ်။"

"စောစောက သူတို့ရဲ့ ပုံစံကို ကြည့်ပြီး အဆင့်မြင့်မြင့် သွားမယ် ထင်နေတာ။"

"ပါးစပ်ဟလိုက်တာနဲ့ ကျွန်မတို့ဆီက အိမ်ခြံမြေ အရောင်းဌာန ရောက်နေသလိုပဲ။"

ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလိုက်လေ၏။

"အဲဒါတွေ လိုက်ဂရုမစိုက်ပါနဲ့။"

"စုဆောင်းပစ္စည်းကိုပဲ အာရုံစိုက်ကြတာပေါ့။"

"ဒီပစ္စည်းက တကယ် တန်ဖိုးရှိတယ်။"

ပြောပြောဆိုဆိုနှင့် သူက ဝန်ထမ်းမလေးဘက်သို့ လှည့်လိုက်လေ၏။

"ဒါကို ယူမယ်။"

"ကျွန်တော်က ဒီလို ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို သဘောကျတယ်။"

ဝန်ထမ်းမလေးမှာ သူမ၏ ကုန်ပစ္စည်းကို မိတ်ဆက်ရောင်းချနေဆဲ ဖြစ်သည်။

ယဲ့ဖန်က ယူမယ်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ချက်ချင်း မတုံ့ပြန်နိုင်ဘဲ ဆက်ပြောနေမိသေး၏။

ခဏကြာမှ အသိဝင်လာပြီး ကြောင်အမ်းသွားရှာ၏။

ထို့နောက် ကမန်းကတန်း ခေါင်းညိတ်ကာ အရိုအသေ ပေးလိုက်လေ၏။

"ဟုတ်... ဟုတ်ကဲ့ပါ လူကြီးမင်း။"

"ကျွန်မ အခုပဲ ကြီးကြပ်ရေးမှူးကို ဆက်သွယ်ပြီး သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးပါ့မယ်။"

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါရှင်။"

ယဲ့ဖန်က အချိန်ဖြုန်းမနေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး ကျူးရှောင်ကျောင်းကို ဆွဲကာ ဆက်လက် လျှောက်ကြည့်နေလိုက်လေ၏။

ကျူးရှောင်ကျောင်းက အလွန် အံ့သြနေမိသည်။

"နေပါဦး... ရှင်က တကယ်ကြီး ဝယ်မလို့လား။"

"အဲဒီပစ္စည်းက ဒေါ်လာ (၁.၅) သန်းနော်... ယွမ်ငွေနဲ့ဆိုရင် (၁၀) သန်းလောက် ရှိတယ်။"

"ကျမ်းစာအုပ်တွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ခံစားချက်မျိုး ရှိလို့လား။"

"ကျွန်မတော့ နားမလည်ဘူး... ခုနက နိုင်ငံခြားသူမလေးက ဒီပစ္စည်းကို ဘယ်လောက်ပဲ မိုးမွှန်အောင် ပြောနေပါစေ... ဒီလက်ရေးမူက ဗာတီကန်က နာမည်မကြီးတဲ့ ပုပ်ရဟန်းမင်းကြီး တစ်ပါးပိုင်တာပဲလေ... စုဆောင်းတန်ဖိုး အရဆိုရင် သိပ်မကြီးပါဘူး။"

ယဲ့ဖန်က သူမကို ကြည့်လိုက်လေ၏။

"ကလေးတွေက လူကြီးကိစ္စ သိပ်မမေးရဘူး။"

"ပြီးတော့ မင်း ကိုယ်နဲ့ လိုက်နေတာ ဒီလောက် ကြာနေပြီ... ရှေးဟောင်းပစ္စည်း စုဆောင်းတဲ့ နေရာမှာ ငါ အရှုံးခံလိုက်ရတာ တွေ့ဖူးလို့လား။"

"စိတ်အေးအေးသာ ထားစမ်းပါ။"

ကျူးရှောင်ကျောင်းက ဟုတ်သလိုလို ရှိသဖြင့် ဆက်မမေးတော့ပေ။

သို့သော် ခဏကြာ တိတ်ဆိတ်သွားပြီးနောက် အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်လို ရုတ်တရက် ထအော်လေတော့သည်။

"ယဲ့ဖန် စုတ်... ဘယ်သူ့ကို ကလေးလို့ ခေါ်နေတာလဲ။"

"နင် ဘယ်မျက်လုံးနဲ့ ကြည့်ပြီး ငါ့ကို သေးတယ်လို့ ပြောတာလဲ။"

"နင်သာ သေးတာ... ဟွန်း။"

ယဲ့ဖန်က ဘာမှ ပြန်မပြောဘဲ သိပ်မထူးခြားလှသော သူမ၏ ရင်ဘတ်နေရာကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်လေ၏။

ထိခိုက်နစ်နာအောင် လုပ်ခြင်း မဟုတ်သော်လည်း အလွန် စော်ကားရာ ရောက်လေ၏။

ကျူးရှောင်ကျောင်း စိတ်တိုသွားသည်။

ယဲ့ဖန်၏ လက်ကို ဆွဲပြီး ဒေါသတကြီး ပြောလိုက်လေ၏။

"ငါ လုံးဝ မသေးဘူးနော်။"

"ငါက ခန္ဓာကိုယ် သေးသွယ်ပြီး ကျစ်လစ်နေရုံပဲ ရှိတာ... နှာဗူးကောင်တွေ သတိထားမိမှာ စိုးလို့ တမင် ဖုံးကွယ်ထားတာဟဲ့။"

"မယုံရင် စမ်းကြည့်လိုက်လေ။"

ယဲ့ဖန်က သူမလက်ကို အမြန် ရုန်းထွက်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။

"မစမ်းပါရစေနဲ့။"

"လူကြားထဲမှာလေ။"

ကျူးရှောင်ကျောင်း ဒေါသထွက်နေဆဲပင်။

"ဘာပဲဖြစ်ဖြစ် ငါ ငယ်တော့တာ မဟုတ်ဘူး။"

"နောက်ဆို ငါ့ကို ကလေးလို မဆက်ဆံနဲ့။"

"မဟုတ်ရင် နင့်ကို အသေ ကိုက်သတ်ပစ်မယ်။"

ပြောပြောဆိုဆိုနှင့် သူမက သွားစွယ်လေးများကို ပေါ်အောင် ဖြဲပြလိုက်သေးသည်။

"ကောင်းပါပြီဗျာ... မငယ်တော့ပါဘူး။"

ယဲ့ဖန်က သူမကို ဆက်မစတော့ပေ။

"နင့်ကို ကလေးလို့ မခေါ်တော့ဘူး။"

"ပစ္စည်း ဆက်ရွေးကြရအောင်။"

"ဟွန့်။"

ကျူးရှောင်ကျောင်း နောက်ဆုံးတော့ ငြိမ်သွားပြီး ဆီယက်တဲလ် ဈေးဝယ်စင်တာရှိ စုဆောင်းပစ္စည်း အများအပြားကို လိုက်လံ ကြည့်ရှုလေ၏။

"ဟိုဘက်မှာ တရုတ်ပြည်က ရှေးဟောင်းပစ္စည်းတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတယ်... သွားကြည့်ကြမယ်။"

"ငါတို့နိုင်ငံကနေ ပျောက်ဆုံးသွားတဲ့ အဖိုးတန် ရတနာတချို့ကို ပြန်ယူသွားနိုင်မလား ဘယ်သူသိမလဲ။"

ယဲ့ဖန်က လမ်းကြောင်းပြစနစ်ကို အသုံးပြုနေလေ၏။

ကျူးရှောင်ကျောင်း ညွှန်ပြသော နေရာတွင် သတ်မှတ်ဈေးထက် တန်ဖိုးပိုကြီးသော ပစ္စည်းအချို့ ရှိနေကြောင်း စနစ်က ပြသနေသဖြင့် သူလည်း လိုက်ပါသွားလိုက်သည်။

ထို့နောက် ပစ္စည်းအားလုံးကို စကင်န်ဖတ်ပြီး ဝယ်ဈေးနှင့် ရောင်းဈေးကြားတွင် အမြတ်အစွန်း များစွာ ရနိုင်ကြောင်း အတည်ပြုပြီးနောက် စောစောက ဝန်ထမ်းမလေးကို တိုက်ရိုက် လှမ်းခေါ်လိုက်လေ၏။

"ကျန်းတာ့ချန်ရဲ့ လက်ရေးပန်းချီ... ချီပိုင်ရှီရဲ့ ပန်းချီ... ရေနက်ပိုင်းက အလင်းရောင်ထွက် ပုလဲ... ပြီးတော့ ဟိုရှားပါးတဲ့ 'နှစ်ဆယ့်လေး သမိုင်းဝင်' စာအုပ်... အဲဒါတွေ အကုန်ထုတ်ပေးပါ။"

"အကုန် ယူမယ်။"

ဒီတစ်ခါတော့ ဝန်ထမ်းမလေး ထပ်ပြီး ကြောင်အမ်းသွားရပြန်သည်။

သူမ စကားထစ်သွားရှာ၏။

"လူ... လူကြီးမင်း... သေချာလို့လားရှင့်။"

"ဒီပစ္စည်းတွေ အားလုံးပေါင်းလိုက်ရင် စုစုပေါင်း တန်ဖိုးက ဒေါ်လာ သန်း (၃၀) ကျော် ရှိပါတယ်ရှင့်။"

"ပြီးတော့ ကျွန်မတို့က ငွေသား အပြည့်ချေမှ ရောင်းပေးတာပါ... အကြွေး သို့မဟုတ် အရစ်ကျ စနစ် လက်မခံပါဘူး။"

အနီးအနားတွင် ရွေးချယ်ကြည့်ရှုနေကြသော အခြားဧည့်သည်များပင် လှည့်ကြည့်လာကြ၏။

ဒါက ယဲ့ဖန် လိုချင်သော အကျိုးသက်ရောက်မှုပင်။

သူမ စကားမပီမသ ဖြစ်နေသည်ကို မြင်သောအခါ သူက ပြုံးလိုက်လေ၏။

"မဒမ်... တရုတ်ပြည်မှာဆိုရင် ခင်ဗျားရဲ့ မေးခွန်းထုတ်ပုံက ဖောက်သည်ကို သံသယဝင်ပြီး စစ်ဆေးမေးမြန်းတာနဲ့ အတူတူပဲ။"

"တောင်း... တောင်းပန်ပါတယ် လူကြီးမင်း... ကျွန်မ အရမ်း အံ့သြသွားလို့ပါ... တခြား ရည်ရွယ်ချက် မရှိပါဘူး။"

ဝန်ထမ်းမလေးမှာ ကြောက်လန့်သွားပြီး ခါးကို ညွှတ်ကာ ကမန်းကတန်း တောင်းပန်လိုက်လေ၏။

ထို့နောက် သူမက လျင်မြန်စွာ ပြောလိုက်၏။

"ကျွန်မ ကြီးကြပ်ရေးမှူးကို ဆက်သွယ်ပြီး ဒီကို လာခဲ့ဖို့ ပြောလိုက်ပါ့မယ်... လုပ်ငန်းစဉ်တွေကို သူကိုယ်တိုင် ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။"

"ကျေးဇူးပြုပြီး VIP နားနေဆောင်မှာ ခဏလောက် အနားယူပေးပါရှင့်... အဖျော်ယမကာနဲ့ မုန့်တွေ စီစဉ်ပေးပါ့မယ်။"

"ခဏလောက် စောင့်ပေးပါနော်။"

ပြောပြောဆိုဆိုနှင့် သူမက ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို အလွန် ဇိမ်ကျသော နားနေခန်းသို့ ခေါ်ဆောင်သွားပြီး သူမ၏ အထက်လူကြီးထံသို့ အမြန် သတင်းပို့လိုက်လေ၏။

...

ယဲ့ဖန် မျှော်လင့်ထားသည့် အတိုင်းပင်။

သူတို့နှစ်ဦး နားနေခန်းထဲတွင် ထိုင်ပြီး ကော်ဖီနှင့် မုန့်များကို အရသာခံနေစဉ် မကြာမီမှာပင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေ၏။

"ဘုရားရေ... ဥက္ကဋ္ဌ ဒေးဗစ် ပါလား... ငါတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာရဲ့ တာဝန်ခံလေ။"

"သူ ဒီတစ်ခါ ကိုယ်တိုင် လာတာပဲ။"

"ငါတို့ စုဆောင်းပစ္စည်း ပြခန်းမှာ နိုင်ငံခြားသား သူဌေးကြီး တစ်ယောက် ရောက်နေတယ် ဆိုတာ ကြားလို့ သက်သက် လာနှုတ်ဆက်တာ နေမှာပေါ့... အရင်တုန်းကလည်း ဈေးဝယ်စင်တာမှာ ငွေအများကြီး သုံးတဲ့ ဖောက်သည်တွေ ရှိရင် သူတို့ကို ဆွဲဆောင်ထားဖို့ အထူး ဂရုစိုက်လေ့ ရှိတယ်လေ။"

"ဟို ငွေဖြုန်းနေတဲ့ နိုင်ငံခြားသား လူငယ်လေးဆီ လာတာ သေချာတယ်။"

"..."

ထို့နောက် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အနည်းငယ် ဝဖြိုးသော လူတစ်ယောက်က ပြုံးရွှင်စွာဖြင့် လူတစ်စုကို ဦးဆောင်ကာ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း ရှိရာ နားနေခန်းဆီသို့ လျှောက်လှမ်းလာလေတော့သည်။

All Chapters