← Chapters

ကျန်းရှောင်နူ၏ အသွင်ပြောင်းမှု

Vol. 1 Ch. 385

ကျန်းရှောင်နူ၏ အသွင်ပြောင်းမှု

Vol. 1 Ch. 385

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးနေခဲ့ပြီး ဆယ်စက္ကန့် အချိန်အပိုင်းအခြားတိုင်းတွင် မိုးကြိုးတစ်စင်း ကျဆင်းလာလိမ့်မည်။ ၎င်းသည် အလင်းလွှာအတွင်း ဝင်ရောက်လာပြီးလျှင် ခေါင်းတလားကို လာရောက်ထိမှန်လိမ့်မည်။ ရှေးဟောင်းခေါင်းတလား တစ်မျိုးထူးခြားနေခဲ့သည်။ မိုးကြိုးကျဆင်းလာတိုင်းတွင် ခပ်လှမ်းလှမ်းမှ ကျန်းရီ၏ကိုယ်နှင့် စိတ်ဝိဉာဉ်ပင် တုန်လှုပ်သွားရသော်လည်း ခေါင်းတလားမှာ မည်သို့မှ မနေပေ။ ခေါင်းတလားထဲတွင် ရှိနေသည့် အဝတ်မပါသော မိန်းကလေးသည် အသက်မရှိသည့်အလား မည်သည့်အသံမှ ထွက်မလာခဲ့ပေ။

ဒီမိန်းမက ဘယ်သူလဲ...သေနေတာလား၊ ရှင်နေသေးလား...

ကျန်းရီသည် ထိုမိန်းကလေးအား မမြင်ရပေ။ အနည်းငယ် ချောင်းကြည့်လိုက်သော် ထိုမိန်းကလေးမှာ ပြိုင်ဘက်ကင်းအောင် လှပကြောင်းသာ သိလိုက်ရသည်။ သူမ၏အလှအပမှာ စုလောရွှယ်အောက် မလျော့ပေ။ သူမသည် ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ်ခန့်သာ ရှိလိမ့်မည်။

ကျန်းရီသည် ထိုမိန်းကလေးထံမှ အသက်ရှူမှုကို မခံစားမိပေ။ ထိုမိန်းကလေး သေနေသလား၊ ရှင်နေသလားကိုလည်း သူမသိပေ။

အိုး...ဟုတ်သားပဲ၊ ကောင်းကင်စိတ်အာရုံ...

ကျန်းရီသည် အကြံရသွားခဲ့သည်။ သူ့စိတ်ဝိဉာဉ်သည် ချန်းဖူအရွက်ကို စုပ်ယူပြီးနောက် အဆင့်မြင့်သွားခဲ့သည်။ သူမကို သူ့မျက်လုံးဖြင့် ကြည့်ရန်မလိုပေ။ ကောင်းကင်စိတ်အာရုံဖြင့်သာ ကြည့်၍ရလေသည်။

မကြာခင်တွင် သူသည် ကောင်းကင်စိတ်အာရုံကို ခေါင်းတလားထံသို့ ထုတ်လွှင့်လိုက်သည်။ သို့သော်လည်း သူ၏ ကောင်းကင်စိတ်အာရုံသည် ခေါင်းတလားနှင့် ထိရုံပင် ရှိသေးသည်၊ ခေါင်းတလားမှ အဖြူရောင်အလင်းတစ်ချက် တောက်ပလာခဲ့သည်။ သူ့စိတ်ဝိဉာဉ်သည် နာကျင်မှုကြောင့် ရှုံ့တွသွားခဲ့သည်။ မီးဝိဉာဉ်ပုလဲမှ စွမ်းအင်တစ်စ၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် သူ့စိတ်ဝိဉာဉ်ပင် ပျက်စီးသွားနိုင်လေသည်။

သူသည် လှုပ်ပင်မလှုပ်တော့ဘဲ ငြိမ်သက်စွာ လဲလျောင်းရင်း ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးများကို စောင့်ကြည့်ရင်း၊ ပိန်းပေါက်အောင် မည်းမှောင်နေသော ပင်လယ်ပြင်အားကြည့်ရင်း သေရမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

သေဆုံးရမည်ကို စောင့်ဆိုင်းရသည့် ခံစားချက်သည် လူကို တမင် ညှင်းပန်းနေသည့်အလားပင်။ သူသည် ချက်ချင်းသာ ဓားတစ်ချောင်းဖြင့် ထိုးသတ်ခံရချင်တော့သည်။ ယခု သူသည် အစွမ်းအစအချို့ ပိုင်ဆိုင်ထားသော်လည်း သူအသုံးမပြုနိုင်ပေ။ သူသည် ရန်သူ မည်သူမှန်းပင် မသိလိုက်ရပေ။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး နာရီအနည်းငယ်သာ ကြာသေးသော်လည်း ကျန်းရီမှာ ရာစုနှစ်များပင် ကြာသွားသည့်ပမာ ခံစားနေရသည်။ ရုတ်တရက် ကောင်းကင်မှ မိုးကြိုးသံများ တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင်မှာလည်း အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ သူသည် ပင်လယ်အောက်တွင် ရှိနေရာ မမြင်ရသော ဖိအားတို့မှာ ပိုမိုများပြား လာခဲ့သည်။ ကျန်းရီအတွက် အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။

ရုတ်တရက် မလှမ်းမကမ်းမှ ရေမှော်ပင်တစ်ခုသည် လှုပ်ရှားလာခဲ့သည်။ ၎င်းသည် မြားတစ်စင်းပမာ ရေပြင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ ၎င်းသည် ပင်လယ်နတ်ဆိုးသားရဲကြီးတစ်ကောင်ကို ရစ်ပတ်လာခဲ့သည်။ အရှိန်အဝါအရ ၎င်းသည် ဒုတိယအဆင့် ပင်လယ်နတ်ဆိုးသားရဲဖြစ်မှန်း ကျန်းရီသိလိုက်သည်။

"ဂါး...ဂါး"

ထိုပင်လယ်နတ်ဆိုးသားရဲသည် လင်းပိုင်တစ်ကောင်နှင့် ဆင်တူပြီး ခေါင်းတွင် ဦးချိုငါးခု ရှိလေသည်။ ၎င်းသည် အဆက်မပြတ် အော်ဟစ်ရင်း ရုန်းကန်နေခဲ့သည်။ ၎င်းပိုရုန်းကန်လေလေ ရေမှော်ပင်များမှာ ပို၍တင်းကြပ်လာလေလေ ဖြစ်သည်။ ကျန်းရီသည် ထိုပင်လယ်နတ်ဆိုးသားရဲမှာ သေလောက်အောင် ညှစ်သတ်ခံရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

"ဂါး...ဂါး"

ထိုပင်လယ်နတ်ဆိုးသားရဲသည် အသိဉာဏ်မရှိပေ။ ၎င်းသည် ပို၍ ကျယ်လောင်စွာ အော်ပြီး ပိုမိုရုန်းကန်လာခဲ့သည်။ အဆုံးတွင် ၎င်းသည် သေအောင် ညှစ်သတ်ခံလိုက်ရလေသည်။ ရေမှော်ပင်များသည် ၎င်း၏ အသားများထဲ နစ်ဝင်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့သည်။

ထိုရေမှော်ပင်သည် အလင်းရောင် ဖျော့ဖျော့တောက်ပလာခဲ့ပြီး ပင်လယ်နတ်ဆိုးသားရဲ၏ကိုယ်မှာ စတင် ဆွေးမြေ့ပျက်စီးလာကာ နောက်ဆုံးတွင် အရိုးစုသာ ကျန်ရစ်ခဲ့တော့သည်။ အောက်ရှိ သွေးစများမှာလည်း ရေမှော်ပင်များ၏ စုပ်ယူခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။

ကျန်းရီသည် အလွန်ထိတ်လန့် အံ့အားသင့်သွားခဲ့သည်။ ပုံရိပ်တစ်ခုသည် သူ့ခေါင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။ သူသည်လည်း ရေမှော်များ၏ ရစ်ပတ်သတ်ပစ်ခြင်း ခံရပြီး အရိုးစုတစ်ခုဖြစ်လာကာ ပင်လယ်ရေအောက်တွင်ပင် တစ်သက်လုံး နေရစ်ရတော့မည်။

ကျန်းရီသည် ထိုအကြောင်းကို မတွေးမိခင်က အဆင်ပြေနေသေးသည်။ သူတွေးတောနေခဲ့စဉ်တွင် ရေမှော်ပင်များသည် စတင်လှုပ်ရှားလာခဲ့သည်။ ၎င်းတို့သည် ကျန်းရီအား ဖျစ်ညှစ်ကြပေတော့မည်။

သေဆုံးခြင်း...

ကျန်းရီမကြောက်ချေ။ သူနောင်တရသည့် တစ်ခုတည်းသောအရာမှာ ဟဲလောင်နှင့် ကျန်းရှောင်နူကိုပါ ဒုက္ခကြားထဲ ဆွဲခေါ်လာမိခြင်းဖြစ်သည်။ ဤတစ်ခေါက်တွင် သူသည် ယာ့ဇီသားရဲရှိနေ၍ မည်သည့်အန္တရာယ်မှ မကြုံလောက်ဟု တွေးကာ ကျန်းရှောင်နူအား ပျော်ရစေရန် ခေါ်လာခဲ့မိသည်။ ဤသို့ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

ငါ ရှောင်နူနဲ့ ဟဲလောင်ကို ထုတ်လိုက်သင့်လား။ ငါသေရင် သူတို့လည်း အသက်ရှင်တော့မှာမဟုတ်ဘူး။ ဟဲလောင်မှာ အကြံတစ်ခုခုရှိမလားလို့ ကြည့်ကြည့်မယ်...

ကျန်းရီ သေသွားလျှင် မီးဝိဉာဉ်ပုလဲသည် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်သွားပြီး ဤနေရာတွင် ကျန်ရစ်ခဲ့လိမ့်မည်။ မြစိမ်းကြည်လင်ပန်းအိုးသည် မီးဝိဉာဉ်ပုလဲထဲတွင် ရှိနေရာ ဟဲလောင်နှင့် ကျန်းရှောင်နူ ထွက်လာနိုင်ကြတော့မည်မဟုတ်။ ဟဲလောင်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းထားသော အစာနှင့်ရေများ ကုန်ဆုံးသွားလျှင် သူတို့နှစ်ယောက် ငတ်မွတ်၍ သေကြလိမ့်မည်။

ကျန်းရီ၏ ပထမကြယ်ထဲမှ အနီရောင်အတွင်းအားတို့သည် သွေးကြောများထံ အလွန်လျင်မြန်စွာ စီးဆင်းလာကြသည်။ သို့သော် အတွင်းအားများ ဒန်တျန်းထဲမှ ထွက်သောခဏတွင် နှေးကွေးသွားခဲ့ပြီး တစ်ဆင့်ချင်းစီတိုင်းသည် အလွန်ခက်ခဲလာခဲ့သည်။ သူသာ အတွင်းအားကို အတင်းအကြပ် လှည့်ပတ်စေမိလျှင် သူ့သွေးကြောများ ပျက်စီးကုန်လိမ့်မည်။

ပျက်စီးပါစေ...မည်သို့ပင်ဖြစ်စေ သူသေရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူဂရုစိုက်မနေတော့ပေ။ သူသည်အတွင်းအားများကို အတင်းအကြပ် လှည့်ပတ်လိုက်ပြီး ညာဘက်လက်ဆီ ပို့ဆောင်လိုက်သည်။ သူ့ထင်ထားသည့်အတိုင်း သွေးကြောများ ပျက်စီးကုန်ပြီး သူ့ကိုယ်မှာ နာကျင်မှုကြောင့် တုန်ယင်လာခဲ့သည်။ သို့သော်လည်း သူသည် အတွင်းအားတစ်စကို အတင်းထုတ်ဖော်လိုက်ပြီး မြစိမ်းကြည်လင်ပန်းအိုးထံ ပို့ဆောင်လိုက်သည်။

ပန်းအိုးသည် ချက်ချင်းတောက်ပလာခဲ့ပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့ထွက်လာသည်နှင့် နှစ်ယောက်သားသည် ကျန်းရီထံ အရင်ဆုံးကြည့်လာခဲ့သည်။ ဟဲလောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ကျန်းရှောင်နူ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ သူမသည် အလန့်တကြား ရေရွတ်လိုက်မိသည်။

"သခင်လေး"

ကျန်းရီ စိတ်ပျက်သွားရသည်မှာ ထိုနှစ်ယောက်သည် လှုပ်ရှားချိန်ပင် မရလိုက်ဘဲ ရေမှော်ပင်နှစ်ပင်သည် ဆန့်ထွက်လာခဲ့ပြီး သူတို့နှစ်ယောက်အား ဖက်ထုပ်များပမာ ရစ်ပတ်လိုက်ကြလေသည်။

ဟူး...ပြီးသွားပြီ။

ကျန်းရီသည် ဝမ်းနည်းစွာ သက်ပြင်းချရင်း ထိုနှစ်ယောက် သူ့ဘေးရှိ ရေအောက်ကြမ်းပြင်ပေါ်သို့ ဆွဲချခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ ကျန်းရီသည် ခါးသီးစွာ ပြုံးရင်း ပြောလိုက်မိသည်။

"ဟဲလောင်၊ ရှောင်နူ...ငါမင်းတို့ကို ဒုက္ခ ရောက်စေမိပြီ။ ငါတို့ ဒီသောက်ကျိုးနဲ နေရာမှာပဲ သေရတော့မယ်ထင်တယ်"

"သခင်လေးရီ...ဒီဟာကြီးတွေက ဘာတွေလဲ။ ဘာလို့အတွင်းအားကို လှည့်ပတ်လို့ မရတော့တာလဲ"

ဟဲလောင်သည် ထိတ်လန့်စွာ မေးလာခဲ့သည်။ ကျန်းရှောင်နူသည် ကြောက်လန့်နေသည့် ယုန်လေးပမာ တစ်ဆတ်ဆတ် တုန်ယင်လာခဲ့သည်။ သို့သော်လည်း ရေမှော်ပင်များမှာ တင်းကြပ်၍သာ လာခဲ့သည်။ သူမ၏ မျက်နှာလေးသည် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်၍ မျက်ရည်များစိုရွှဲနေသော မျက်လုံးများဖြင့် အလွန်သနားစရာ ကောင်းနေလေသည်။

ဟူး...

ကျန်းရီသည် ထိုနှစ်ယောက်အား အလုံးစုံကို ခပ်သွက်သွက် ရှင်းပြလိုက်ပြီး အပြစ်ရှိသလို ခံစားရ၍ ခေါင်းငုံ့လိုက်မိသည်။

"ငါဟဲလောင်ကို ထုတ်ပေးပြီး သူ့မှာအကြံရှိမလားလို့ သိချင်ခဲ့တာ။ အခုတော့ နတ်ဘုရားတွေက ငါတို့ကို သေစေချင်နေတယ်နဲ့ တူပါတယ်"

တိတ်ဆိတ်စွာ နားထောင်၍ စဉ်းစားပြီးနောက် သူတို့မလွတ်မြောက်နိုင်ကြောင်း ဟဲလောင်သေချာနေခဲ့သည်။ သူသည် မချိပြုံးပြုံးရင်း ပြောလိုက်သည်။

"သခင်လေးရီ...အပြစ်ရှိသလို ခံစားနေဖို့ မလိုပါဘူး။ ဟဲလောင်က အသက်တော်တော်ကြီးနေပြီး နှစ်တွေများများစားစားလည်း မကျန်တော့ပါဘူး။ သခင်လေးရီနဲ့ အတူသေခွင့်ရတာကိုက ဂုဏ်ယူစရာကောင်းနေပါပြီ"

ထူးဆန်းစွာပင် ကျန်းရှောင်နူသည် ဘာမှမပြောဘဲ မျက်လုံးများကိုသာ မှိတ်ထားခဲ့သည်။ သူမမျက်နှာမှာ ဆီးနှင်းအလား ဖြူရော်နေသည်။ သူမသည် ကြောက်လန့်လွန်း၍ စကားပင်မပြောနိုင်တော့ပုံပေါ်သည်။

သူတို့သုံးယောက်အား ရေမှော်ပင်များ ဆက်လက်ဖျစ်ညှစ်နေခဲ့သည်။ ကျန်းရီသည် မူလတည်းက ဖျစ်ညှစ်ခံနေရရာ လက်ရှိအချိန်တွင် စကားပင်မပြောနိုင်တော့ဘဲ အရိုးများ ကျိုးကြေသွားတော့မည်ဟု ခံစားနေရသည်။ သူသည် ခက်ခက်ခဲခဲနှင့် ခေါင်းလှည့်၍ ဘေးမှ ကျန်းရှောင်နူအား ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အပြစ်ရှိမှုများ၊ နာကျင်မှုများ ပြည့်နှက်နေခဲ့သည်။ သူသည် အားကုန်သုံး၍ ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။

"ရှောင်နူ...မကြောက်နဲ့။ သခင်လေးက တမလွန်လောကကို မင်းနဲ့အတူတူ လိုက်ပေးမှာ"

ကျန်းရှောင်နူ၏ မျက်လုံးများမှာ ပိတ်နေဆဲဖြစ်ပြီး သူမ၏ကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ ကျန်းရီသည် သူမအား စိတ်မကောင်းစွာ ကြည့်နေခဲ့သည်။ ဟဲလောင်သည်လည်း တစ်ချက်ကြည့်၍ သက်ပြင်းအသာချလိုက်သည်။ ထို့နောက် သူသည် မျက်လုံးမှိတ်လိုက်ပြီး သေရမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ထိုခဏတွင် ကျန်းရှောင်နူ၏ မျက်ဝန်းများ ဖျတ်ခနဲ ပြန်ပွင့်လာခဲ့သည်။ သူမ၏အားနည်းသော ကိုယ်လေးမှ မျက်စိကျိန်းလောက်သည့် အစိမ်းရောင် အလင်းများ ဖြာထွက်လာခဲ့သည်။ ကျန်းရှောင်နူထံမှ အလွန်ကြောက်စရာကောင်းသည့် အရှိန်အဝါတို့လည်း ဖြာထွက်လာခဲ့သည်။

ထို့နောက်တွင်တော့ ပို၍ကြောက်လန့်စရာ ကောင်းသည်တို့ ဖြစ်ပွားလာခဲ့သည်။ ကျန်းရှောင်နူ၏ ဆံပင်များသည် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီး သူမ၏မျက်ဝန်းများမှာ အစိမ်းရောင်အလင်း တောက်ပနေခဲ့သည်။ သူမ၏ နားရွက်များသည်လည်း ရှည်ထွက်လာခဲ့သည်။ သူမ၏ဝတ်ရုံနောက်ကျောမှာ စုတ်ပြဲသွားခဲ့ပြီး အစိမ်းရောင်တောင်ပံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏လက်ချောင်းများမှာ ပိုမိုသေးသွယ်လာပြီး လက်သည်းများသည် အစိမ်းရောင်ပြောင်းသွားခဲ့သည်။

"ဒါ..."

ကျန်းရှောင်နူ၏ ရုတ်တရက် အသွင်ပြောင်းမှုသည် ကျန်းရီနှင့်ဟဲလောင် နှစ်ယောက်လုံးအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ကျန်းရီမှာ ထိတ်လန့်လွန်း၍ တစ်ကိုယ်လုံးထုံထိုင်းသွားခဲ့သည်။ ဤသူမှာ နူးညံ့၍ ချစ်စရာကောင်းသည့် အစေခံကောင်မလေး ဟုတ်ပါသေးရဲ့လော။ မဟုတ်ပါချေ၊ ၎င်းမှာ သန္ဓေပြောင်းနတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေကြောင်း အသိသာကြီးပင်။

*****

All Chapters