အပြစ်ဝန်ခံခြင်း
Vol. 12 Ch. 166
"ကိုယ်တော်မြတ်က သင့်ကို အပြစ်ဝန်ခံဖို့အတွက် ဝင်ခွင့်ပြုလိုက်ပြီ..."
အဖြူရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အစေအပါး တစ်ဦးက လျှောက်လာကာ အေးစက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ဗင်းဆင့် ဦးတစ်ချက် ညွှတ်ကာ ပြောလိုက်၏။ သို့သော်လည်း... အစေအပါးက သူ့ကို ဂရုမစိုက်ဘဲ ကျောခိုင်း လှည့်ထွက်သွားလေပြီ ဖြစ်သည်။
ဗင်းဆင့် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ပြန်မော့လိုက်ရင်း သူ့ရှေ့ရှိ အမိုးခုံး ဘုရားကျောင်း၏ ဝတ်ပြုကျောင်းဆောင်ကြီးကို စိုက်ကြည့်နေမိသည်။
ဤနေရာမှာ သတ္တမမြောက် ခရိုင်ရှိ အမိုးခုံး ဘုရားကျောင်း၏ ဝတ်ပြုကျောင်းဆောင်ဖြစ်ပြီး၊ သတ္တမမြောက် တမန်တော်သစ်၏ နေအိမ်လည်း ဖြစ်သည်။ ဗင်းဆင့်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဤနေရာသို့ ရောက်ရှိခဲ့ဖူးသော်လည်း၊ ယခုအခါ... အပြစ်ဖြေရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အတိတ်ကာလကမူ ဗင်းဆင့်မှာ ဤနေရာကို ကြည့်လိုက်တိုင်း ရိုသေလေးစားမှုနှင့် ကြည်ညိုမှုများ စိတ်ထဲတွင် လျှံတက်နေခဲ့သည်။
သို့သော်လည်း... ယခုအခါတွင်မူ သူ၏ ဘုန်းတော်ကြီးဝတ်ရုံအတွင်း၌ 'နေမင်းကျမ်းစာ' ကို ထည့်သွင်းထားလျက်၊ ခမ်းနားထည်ဝါလှသော ဝတ်ပြုကျောင်းဆောင်ကြီးကို ကြည့်ရင်း သူ့ စိတ်ထဲတွင် ပဋိပက္ခများဖြင့် ပြည့်နှက်နေခဲ့သည်။
အသင်းတော်အတွင်း၌ လမင်းအပေါ် ယုံကြည်မှုသာ ရှိရမည်ဖြစ်ပြီး၊ ကျန်သည့် မိစ္ဆာအယူအဆ မှန်သမျှကို မောင်းထုတ် ရှင်းလင်းရမည် ဖြစ်သည်။ သို့သော်လည်း 'နေမင်းကျမ်းစာ' မှာမူ ယခုတိုင် ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင်။
အတွေးပေါင်းစုံ စိတ်ထဲတွင် ရှုပ်ထွေးနေလျက်ပင် ဗင်းဆင့် ဝတ်ပြုကျောင်းဆောင်အတွင်းသို့ လှမ်းဝင်လိုက်လေ၏။
...
ဗင်းဆင့် ရင်ဘတ်အတွင်း၌ နေမင်းကျမ်းစာကို တင်းကျပ်စွာ ပွေ့ပိုက်ထားလျက်၊ သံသယစိတ်များ ပြည့်နှက်နေသည့် နှလုံးသားဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော ဝတ်ပြုကျောင်းဆောင်အတွင်း လျှောက်လှမ်းလာခဲ့သည်။
ပတ်ဝန်းကျင်ရှိ မှန်စီရွှေချ ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာသော လရောင်သည် သူ့ ဘုန်းတော်ကြီးဝတ်ရုံပေါ်သို့ ရောင်ပြန်ဟပ်နေ၏။
ယခုမှာ ညအချိန် ဖြစ်ပေရာ လရောင်ကို တိုက်ရိုက်မကြည့်မိစေရန် သူ မျက်လုံးများပေါ်တွင် ပိုးပုဝါကို စည်းထားဆဲပင်။
အတိတ်ကာလကမူ ဤသို့ပြုလုပ်ခြင်းမှာ ယုံကြည်သူတို့၏ နှိမ့်ချမှုကို ပြသရန်နှင့် လမင်း၏ ကာကွယ်စောင့်ရှောက်မှုနှင့် စွမ်းအားကို ရရှိရန်အတွက် ပေးဆပ်ရသော ရိုသေမှုဆိုင်ရာ ကျင့်ထုံးတစ်ခုဟု သူ ယုံကြည်ခဲ့ဖူးသည်။
သို့သော် ယခုအခါတွင်မူ သံသယများက စတင်အမြစ်တွယ်လာခဲ့လေပြီ။ နောက်လိုက်များအနေဖြင့် မိမိတို့ ကိုးကွယ်ရာ နတ်ဘုရားအပေါ် အကြွင်းမဲ့ ရိုသေမှု ရှိသင့်သည်မှာ မှန်သော်လည်း မိမိတို့ ကိုးကွယ်သည့် နတ်ဘုရား၏ အစစ်အမှန် ပုံသဏ္ဍာန်ကိုပင် မမြင်တွေ့ရခြင်းမှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိသည်။
သူတို့က လမင်းကို ယုံကြည်ကြပြီး လမင်း၏ နာမတော်ကို တသကြသည်။ သို့သော်လည်း... သူတို့ အမှန်တကယ် ကိုးကွယ်နေသည်မှာ လမင်းစစ်စစ် ဟုတ်မဟုတ်ကိုမူ မည်သူက သိနိုင်မည်နည်း။
ဗင်းဆင့် တစ်ယောက် သူ့ စိတ်ထဲတွင် ပေါင်းပင်များနှယ် ပေါက်ဖွားလာသော ထိုဘာသာမဲ့ အတွေးများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် ထိန်းကာ သူ သတ္တမမြောက် တမန်တော် ရှိရာ အပြစ်ဝန်ခံခန်း ဆီသို့ ဦးတည်သည့် ရှည်လျားသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။
သတ္တမမြောက် တမန်တော် တည်ရှိရာ အသင်းတော်မှာ အလွန်ပင် ကြီးမားလှပြီး၊ မြင့်မားလှသော အမိုးခုံးများက နတ်ဘုရားတို့၏ ကြီးမြတ်မှုကို ဖော်ညွှန်းနေသည်။ လက်ရာမြောက်သော မှန်စီရွှေချ ပြတင်းပေါက်များနှင့် ခမ်းနားသော စကျင်ကျောက်ဖြူ ရုပ်တုများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး၊ အပေါ်ဆုံးရှိ စက်ဝိုင်းပုံ အမိုးပေါက်မှတစ်ဆင့် လရောင်မှာ ဝင်ရောက်လာသူတိုင်းကို ဖြန်းပက်နေပေသည်။
ပင်မခန်းမကြီးမှာ အသင်းတော်၏ အလယ်ဗဟိုတွင် ရှိပြီး လူတစ်ထောင်ကျော် ဆံ့သည်။ ဘေးတစ်ဖက်တစ်ချက်တွင် ဘုန်းတော်ကြီးများ၏ နေထိုင်ရာ အခန်းများ ရှိ၏။ ခရိုင်တစ်ခုလုံးကို အုပ်ချုပ်သော တမန်တော်၏ အပြစ်ဝန်ခံခန်းမှာမူ သာမန်လူများ ဝင်ရောက်ခွင့်မရှိဘဲ ဘုန်းတော်ကြီးများသာ ဝင်ခွင့်ရသည့် နေရာဖြစ်သည်။
အမိုးခုံး ဘုရားကျောင်း သည် အဇီးပြည်တွင် ယုံကြည်သူ အများဆုံးရှိသော ဘာသာတရား ဖြစ်ပြီး သာမန်လူသားများ အတွက် သဘာဝလွန် စွမ်းအားရှင်များနှင့် အနီးကပ်ဆုံး ထိတွေ့နိုင်သည့် နေရာလည်း ဖြစ်သည်။
အမိုးခုံး ဘုရားကျောင်း၏ အထက်အောက် အဆင့်အတန်းမှာ ပုပ်ရဟန်းမင်းကြီး၊ သူတော်စင်များ၊ ဓမ္မဆရာများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် လူဝတ်ကြောင် အမှုထမ်းများဟူ၍ အစဉ်လိုက် ရှိကြသည်။
ပုပ်ရဟန်းမင်းကြီးမှာ တစ်ပါးတည်းသာရှိပြီး နတ်ဘုရား၏ အခွင့်အာဏာဖြင့် ရွေးချယ်ခံရသူ ဖြစ်သည်။ သူတော်စင်များမှာ နှစ်ဦးရှိပြီး လမင်း၏ အလင်းနှင့် အမှောင်ဘက်ခြမ်းကို ကိုယ်စားပြုကာ သန့်ရှင်းသော ဗျာဒိတ်တော်များကို လက်ဆင့်ကမ်းပေးရသူများ ဖြစ်သည်။
လမင်း၏ အဆင့်ဆင့် ပြောင်းလဲပုံကို အခြေခံ၍ တမန်တော် ခုနစ်ပါး ရှိပြီး ၎င်းတို့မှာ လဆန်း ၊ လခြမ်း၊ လတက်၊ လပြည့်၊ လဆုတ်၊ လငပုပ်၊ လကွယ် ဟူ၍ ဖြစ်ကြသည်။ တစ်ဦးချင်းစီ၌ ကိုယ်ပိုင် စွမ်းအားများ ရှိကြသည်။
ဗင်းဆင့်မှာ 'လကွယ် တမန်တော်' ၏ စီရင်စုနယ်မြေအတွင်း၌ ရှိနေခြင်း ဖြစ်သည်။
ဓမ္မဆရာများကတော့ အရပ်ရပ်သို့ လှည့်လည်၍ အမိုးခုံး ဘုရားကျောင်း၏ ယုံကြည်မှုကို ဟောပြောကြသူများ ဖြစ်သည်။ သူတို့၏ အလုပ်မှာ ဘုန်းတော်ကြီးများနှင့် သိပ်မကွာခြားလှဘဲ အဆင့်မြင့် ဘုန်းတော်ကြီးများကဲ့သို့ပင် ဖြစ်၏။
ဓမ္မဆရာများက ဘုန်းတော်ကြီးများထက် အဆင့်တစ်ဆင့် ပိုမြင့်နေရခြင်းမှာ သူတို့က အသင်းတော်၏ တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး စစ်ရေး ကျွမ်းကျင်သည့် ဘုန်းတော်ကြီးများ ဖြစ်သောကြောင့် ဖြစ်သည်။ ပရောဂ ကုသသည့် ဘုန်းတော်ကြီးများနှင့် နှိုင်းယှဉ်လျှင် ဓမ္မဆရာများကို အထက်ပိုင်းမှ ပိုမို မျက်နှာသာပေးကြသည်။
သူတို့က သာမန် ဘုန်းတော်ကြီးများကိုမူ စွမ်းဆောင်ရည် အနည်းငယ် လိုအပ်သူများအဖြစ် သတ်မှတ်ကာ သာမန်လူများကို တရားဟောရန်သာ စေလွှတ်လေ့ရှိသည်။
သီလရှင်များနှင့် လူဝတ်ကြောင် အမှုထမ်းများမှာမူ စွမ်းရည် ပိုမိုနိမ့်ကျသည့် သဘာဝလွန် စွမ်းအားရှင်များသာ ဖြစ်ကြပြီး၊ အရေအတွက် အလွန် များပြားသော်လည်း များသောအားဖြင့် လျစ်လျူရှုခြင်း ခံကြရသည်။
ဗင်းဆင့် အပြစ်ဝန်ခံခန်းမ၏ သစ်သားတံခါးပေါ်သို့ လက်တင်လိုက်ကာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်လေသည်။
ကျွီ...
တိတ်ဆိတ်နေသော စင်္ကြံလမ်း တစ်လျှောက် တံခါးဖွင့်သံမှာ သိသိသာသာ ထွက်ပေါ်လာ၏။ အပြစ်ဝန်ခံခန်းမမှာ အလွန်ကျဉ်းမြောင်းပြီး အလုံပိတ်ထားသလောက် ရှိသော်လည်း၊ အပေါ်ဆုံးရှိ ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် ငွေရောင်လရောင် ဖျော့ဖျော့လေး ကျရောက်နေကာ ရှေ့ဆုံးတွင် ရပ်နေသည့် ဝတ်ရုံနီနှင့် တမန်တော်ကို လင်းထိန်စေသည်။
ယခု အသစ်ခန့်အပ်လိုက်သော 'လကွယ် တမန်တော်' မှာ ဗန်နက်ဆာ ဟု အမည်ရသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမထံတွင် ရှည်လျားဖြောင့်စင်းသည့် အညိုရောင် ဆံပင်များ၊ နူးညံ့ချောမွေ့သော မျက်နှာနှင့် အမြဲတစေ နွေးထွေးမှုတို့ ပြည့်နှက်နေဟန်ရှိသော အပြုံးတစ်ခု ရှိသည်။
ဗင်းဆင့်ကဲ့သို့ပင် သူမက မျက်စိပိတ်ပုဝါ စည်းထားသော်လည်း၊ ပတ်ဝန်းကျင်ရှိ လူများအား တည်ငြိမ်သွားစေနိုင်သည့် သူမ၏ အရှိန်အဝါကတော့ လျော့ပါးသွားခြင်း မရှိပေ။
ဤသည်မှာ လကွယ် တမန်တော်၏ စွမ်းအားဖြစ်သည့် အသံတိတ် နယ်မြေ ပင် ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ စိမ့်ထွက်လာသည့် စွမ်းအားအရှိန်အဝါမျှသာ ဖြစ်၏။ စွမ်းအား အစစ်အမှန်ကို အသက်သွင်းလိုက်ပါက ဧရိယာ အကျယ်အဝန်း တစ်ခု အတွင်းရှိ အီသာ စွမ်းအင်အားလုံး ငြိမ်သက်သွားလိမ့်မည် ဖြစ်ပြီး မည်သူမျှ ၎င်းကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။ ၎င်းက သေစေနိုင်သော လက်နက်တစ်ခု ဖြစ်ပေသည်။
ယခင် လကွယ် တမန်တော်မှာ 'အိမ်မက်သားရဲ' များ၏ ကျူးကျော်မှုကို တိုက်ခိုက်ရင်း အသေခံ သွားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတော်စင်များများနှင့် ပုပ်ရဟန်းမင်းကြီးတို့က ဓမ္မဆရာမ တစ်ဦးဖြစ်သည့် သူမကို သတ္တမမြောက် တမန်တော်အဖြစ် ရွေးချယ်ကာ စွမ်းအားများ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
ဗင်းဆင့်က ခေါင်းငုံ့၍ ဝင်လာကာ တုန်ယင်သော အသံဖြင့် ဦးညွှတ်လိုက်၏။
"ကိုယ်တော်မြတ်... ကျွန်တော်မျိုး အပြစ်ကျူးလွန်မိပါပြီ..."
ဗန်နက်ဆာမှာ ယခုမှ ရာထူးရခါစ ဖြစ်လေရာ ဤသည်မှာ ဘုန်းတော်ကြီးတစ်ပါးက သူမထံ ပထမဆုံးအကြိမ် လာရောက် အပြစ်ဖြေခြင်း ဖြစ်သည်။
သို့သော်လည်း ထူးဆန်းလှသည်တော့ မဟုတ်ပေ။ လမင်းအပေါ် ယုံကြည်မှုမှာ ကျယ်ပြန့်လွန်းလှသဖြင့် အောက်ခြေဝန်ထမ်းများက အထက်လူကြီးများထံ အပြစ်ဝန်ခံခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။
"ဖာသာ ဗင်းဆင့်... သင် ဘယ်လို အပြစ်တွေကို ကျူးလွန်မိတာလဲ"
ဗန်နက်ဆာက ကြင်နာသော အပြုံးဖြင့် မေးလိုက်၏။
"လမင်းကို အမှန်အတိုင်း လျှောက်ထားပါ... စစ်မှန်တဲ့ စိတ်နဲ့ နောင်တရပြီး သတိရှိရှိ ပြုပြင်မယ်ဆိုရင် လမင်းမြတ်က အမြဲတမ်း ကရုဏာ ထားမှာပါ"
ဗင်းဆင့်မှာ ဤစကားလုံးများကို ကောင်းစွာ ကျွမ်းကျင်နေပြီးသား ဖြစ်သည်။ သူကိုယ်တိုင်လည်း ယုံကြည်သူများကို ဤစကားများဖြင့် အကြိမ်ကြိမ် ဟောပြောခဲ့ဖူးသည်။ သို့သော် ယခုအခါ ဤစကားကို ပြန်လည် နားထောင်ရသည်က အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရသည်။
သူ ထိုအတွေးများကို ဖယ်ထုတ်ကာ အကယ်ဒမီတန်းတင် သရုပ်ဆောင်မှုအပေါ် အာရုံစိုက်လိုက်၏။ စာအုပ်ဆိုင်ပိုင်ရှင် ပြောသည်မှာ မှန်သည်။ သူ တုန်ဆိုင်းနေ၍ မဖြစ်ပေ။ အသင်းတော်အပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသည့် ဘုန်းတော်ကြီးတစ်ပါးအဖြစ်၊ သူကြုံတွေ့ရသမျှ ထူးခြားမှုအားလုံးကို အမှန်အတိုင်း တင်ပြရမည်ဖြစ်ပြီး သံသယဖြစ်စရာ တစ်စုံတစ်ရာ မကျန်ရှိအောင် လုပ်ရမည်။
ဗင်းဆင့်သည် သူကြိုတင် ပြင်ဆင်ထားသည့် ဇာတ်ညွှန်းအတိုင်းပင် ပြောလိုက်လေ၏။
"ကျွန်တော်... ကျွန်တော် အခုတလော အရမ်း စိတ်မသက်မသာ ဖြစ်နေရပါတယ်... ကိုယ်တော်မြတ်"
***