← Chapters

ဗန်နက်ဆာ

Vol. 12 Ch. 167

ဗန်နက်ဆာ

Vol. 12 Ch. 167

"ကျွန်တော်... ကျွန်တော် အခုတလော အရမ်း စိတ်မသက်မသာ ဖြစ်နေရပါတယ်... ကိုယ်တော်မြတ်"

ဗင်းဆင့်က တုန်တုန်ရီရီဖြင့် စတင်ကာ အပြစ်ဝန်ခံလိုက်လေ၏။ ဗန်နက်ဆာ၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် အေးခဲသွားသည်။

"စိတ်မသက်မသာ ဖြစ်တယ် ဟုတ်လား"

ဗင်းဆင့်က ကြောက်ရွံ့တုန်လှုပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော် ခဏခဏ စိုးရိမ်ပူပန်နေရတယ်... စိတ်တိုလွယ်လာတယ်... တရားထိုင်လို့လည်း မရတော့ဘူး... အသက်ရှူရတာ ခက်ခဲလာပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေတတ်ပါတယ်... နောက်ပြီး အသံဆန်းတွေလည်း ကြားနေရသလို အရာဝတ္ထုဆန်းတွေကိုလည်း မြင်နေရပါတယ်..."

"ခဏနေပါဦး"

ဗန်နက်ဆာ၏ အပြုံးက ပြန်လည် ဖြစ်ပေါ်လာ၏။

"ဒါတွေက အပြစ်တွေ မဟုတ်ပါဘူး ဖာသာ..."

ဗင်းဆင့်က ခေါင်းခါလိုက်သည်။

"ကျေးဇူးပြုပြီး ဆက်နားထောင်ပေးပါ... အစကတော့ အလုပ်များလို့ ဖြစ်မယ် ထင်တာ၊ ဒါပေမဲ့ အခြေအနေက ကျွန်တော် ထင်ထားတာထက် ပိုဆိုးလာပါတယ်... ကိုယ်တော်မြတ်"

သူ ဝေဒနာများကို အသေးစိတ် ရှင်းပြပြီးနောက်၊ ထိတ်လန့်တကြားဖြင့် လွှတ်ခနဲ ပြောလိုက်သည်။

"ကိုယ်တော်မြတ်... ကျွန်တော်... ကျွန်တော့်ရဲ့ စိတ်အာရုံထဲမှာ လမင်းကြီးကို မြင်လိုက်ရတယ်... ကျွန်တော် အပြစ်ကျူးလွန်မိပါပြီ..."

ဗန်နက်ဆာ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ မျက်ဝန်းများမှာ ခဏတာ အေးစက်သွားသည်။ သို့သော်လည်း... သူမက ဖော်ရွေသော အမူအရာသို့ ချက်ချင်း ပြန်လည် ပြောင်းလဲလိုက်ကာ ဗင်းဆင့်ကို နှစ်သိမ့်လိုက်သည်။

"လမင်းကြီးကို မြင်လိုက်ရတယ် ဟုတ်လား... အဲဒါ လမင်းကြီးဆိုတာ သေချာရဲ့လား..."

"ကျွန်တော်... ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး... ဒါပေမဲ့ ဖတ်ဖူးတဲ့ ဖော်ပြချက်တွေအရတော့ အဲဒါ လမင်းကြီး ဖြစ်ရမယ်၊ ရေထဲမှာ ရှိနေတာပါ"

ဗင်းဆင့်က ဆက်မေးလိုက်၏။

"ကိုယ်တော်မြတ်... ကျွန်တော် ဘာလုပ်ရမလဲ.... ကျွန်တော် ကိုးကွယ်မှုက မစစ်မှန်လို့လား..."

ဗန်နက်ဆာက ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။

"ဒါက ကိစ္စမရှိပါဘူး... အဲဒါ အစစ်အမှန် လမင်းမဟုတ်ပါဘူး... သင့်ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပါ... သင် လမင်းကြီးကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"

"စိတ်မပူပါနဲ့... သင် လိုအပ်တာက အနားယူဖို့ပါပဲ... သင်က လွန်ခဲ့တဲ့ တစ်ပတ်ကမှ လပြည့်ဝန်း အဆီအနှစ်ကို ရရှိထားသူတွေထဲက တစ်ယောက်ပဲ... စိတ်မသက်မသာ ဖြစ်နေရင် အဲဒါကို ပိုပြီး သုံးလိုက်ပါ... အဲဒါရဲ့ ထိရောက်မှုကို သင်ကိုယ်တိုင်လည်း သိမှာပါ... တကယ်လို့ ကိုးကွယ်မှု မစစ်မှန်တော့ဘူးလို့ ခံစားရရင် အဲဒီ အဆီအနှစ်က သင့်ကို လမင်းရဲ့ ကာကွယ်မှုဆီ လမ်းပြပေးပါလိမ့်မယ်"

ဗင်းဆင့်က သူမ၏ စကားကို အယုံအကြည်ရှိသွားဟန်ဖြင့် သရုပ်ဆောင်ကာ ခဏမျှ ထပ်မံ စကားပြောဆိုပြီးနောက် ပြန်လည် ထွက်ခွာခဲ့သည်။

ဗင်းဆင့် တဖြည်းဖြည်း ထွက်သွားသည်ကို ကြည့်ရင်း ဗန်နက်ဆာ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွား၏။

"ဗင်းဆင့်ရဲ့ စောင့်ကြည့်ရေး မှတ်တမ်းတွေကို ယူလာခဲ့"

သူမက အေးစက်စွာ အမိန့်ပေးလိုက်၏။

“သူ အခုတလော ဘာတွေ လုပ်နေသလဲ ဆိုတာ..."

ဝှစ်...

စောစောက အစေအပါးမှာ ပြန်လည် ပေါ်လာကာ သူမထံသို့ ဖယောင်းတိုင် တစ်ခုကို ကမ်းပေးလိုက်၏။

စိတ်လွတ်ကိုယ်လွတ် ထွက်သွားခဲ့သည့် ဗင်းဆင့် မသိလိုက်သည့် အချက်ကား 'လပြည့်ဝန်း အဆီအနှစ်' ကို ရရှိထားသည့် ဘုန်းတော်ကြီးများအားလုံးကို သူတို့၏ ဓမ္မ အမှတ်တံဆိပ် များမှတစ်ဆင့် လျှို့ဝှက် စောင့်ကြည့်နေခြင်းပင် ဖြစ်လေတော့သည်။

"ဗင်းဆင့်က လပြည့်ဝန်း အဆီအနှစ်ကို သုံးစွဲတဲ့အခါ ဘေးထွက်ဆိုးကျိုး ခံစားရတာက သူက လမင်းနဲ့ အတော်လေး နီးစပ်မှုရှိလို့ပဲ ဖြစ်မှာပါ... အဲဒီတော့ ဆက်တိုက် သုံးစွဲတဲ့အခါ သူရဲ့ အာရုံခံစားမှုတွေက မြင့်တက်လာပြီး လမင်းရဲ့ ပုံရိပ်အစစ်အမှန်ကို မြင်ယောင်လာတာပေါ့... ဒါက ပုံမှန်ပါပဲ"

"သူကိုယ်တိုင် လာသတင်းပို့တယ်ဆိုတော့ သူ့မှာ သံသယစိတ် ရှိနိုင်ခြေ နည်းသွားပြီ... ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ကိစ္စမျိုးကိုတော့ သတိထား ကိုင်တွယ်ရမယ်... သူကြုံတွေ့ခဲ့ရတဲ့ ထူးခြားမှုတွေကို တခြားဘယ်သူမှ မရိပ်မိစေဖို့လည်း သေချာအောင် လုပ်ရမယ်"

ဗန်နက်ဆာသည် ဖယောင်းတိုင်ဖြူကို ကိုင်ထားရင်း တိုးညင်းစွာ ရေရွတ်လိုက်ပြီး အစေအပါးကို ပြန်လွှတ်လိုက်သည်။

ဝှစ်...

ထို့နောက်... သူမ၏ နုနယ်သော လက်ချောင်းလေးဖြင့် တစ်ချက် ပွတ်သပ်လိုက်ရာ ဖယောင်းတိုင်မီးစာမှာ တောက်လောင်လာ၏။ လှုပ်ခါနေသည့် မီးလျှံပေါ်မှ တစ်ချက်တစ်ချက် တက်လာသော မီးခိုးဖြူတန်းလေးများမှာ လိမ်ယှက်သွားကာ မီးခိုး ကန့်လန့်ကာ တစ်ခုအလား ဖြစ်ပေါ်လာ၏။

အောက်ခြေအဆင့် ဘုန်းတော်ကြီးများ နှစ်ပေါင်းများစွာ မဖော်ထုတ်နိုင်ခဲ့သည့် အချက် တစ်ချက်မှာ သူတို့၏ ဝိညာဉ်အစိတ်အပိုင်းအချို့ ပါဝင်သော ဓမ္မ အမှတ်တံဆိပ်များမှာ အကောင်းဆုံး မှော်လက်နက်များသာမကဘဲ အထက်ပိုင်းလူကြီးများအတွက် စောင့်ကြည့်ရေး ကိရိယာများလည်း ဖြစ်နေခြင်းပင်။

ပထမဆုံး အကြိမ် ဗတ္တိဇံ ခံယူ၍ အထိမ်းအမှတ်တံဆိပ်ကို ထုတ်ပေးလိုက်သည်နှင့် စောင့်ကြည့်ခြင်း ခံရပြီဟု ဆိုလိုလေရာ... သူတို့၏ အပြုအမူနှင့် စကားပြောဆိုမှုတိုင်းမှာ အထက်လူကြီးများ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ဗန်နက်ဆာ၏ လက်ထဲမှ ဖယောင်းတိုင်ဖြူမှာ ထိုဓမ္မ အထိမ်းအမှတ်တံဆိပ်များကို သွန်းလုပ်ရာတွင် သုံးသည့် ပုံစံခွက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖယောင်းတိုင်ကို ထွန်းထားသရွေ့ ဗန်နက်ဆာမှာ ဓမ္မ အမှတ်တံဆိပ်မှ တစ်ဆင့် စောင့်ကြည့်ခံရသူ ကြုံတွေ့နေရသမျှကို မြင်တွေ့နိုင်ပေသည်။

ထို့ကြောင့်လည်း အထိမ်းအမှတ်တံဆိပ်များကို ရင်ဘတ်တွင် အမြဲတပ်ထားရန် သို့မဟုတ် အမြဲကိုင်ဆောင်ထားရန် လိုအပ်ခြင်း ဖြစ်သည်။

“ဉုံ...”

ဗန်နက်ဆာ ဂါထာကို ရွတ်ဆိုလိုက်ရာ မီးခိုးလိုက်ကာပေါ်တွင် ဝေဝါးသော မြင်ကွင်းတစ်ခု ပေါ်လာ၏။ ထိုမြင်ကွင်း၌ လူတစ်ယောက်မှာ သူ့ လက်ကို ဝတ်ပြုသူတစ်ဦးပေါ်သို့ တင်ထားသည်ကိုသာ မြင်ရသည်။ ဆုတောင်းစာများ ရွတ်ဆိုနေသော ဗင်းဆင့်၏ နူးညံ့သောအသံကိုလည်း ကြားနေရ၏။

ထို့နောက်... ဗင်းဆင့် ဖုန်ထူသော လမ်းမထက်တွင် ခရီးရှည်နှင်၍ ဤဝတ်ပြုကျောင်းရှိ လကွယ် တမန်တော်ထံ လာရောက်သည့် မြင်ကွင်းများနှင့် အမျိုးမျိုးသော တစ္ဆေနှင်ထုတ်သည့် မြင်ကွင်းများ ဆက်တိုက် ပေါ်လာသည်။

ဤအရာများမှာ ဗင်းဆင့် သူ့ စီရင်စုနယ်မြေငယ်လေးတွင် နေ့စဉ် လုပ်ဆောင်နေကျ ကိစ္စများသာ ဖြစ်သဖြင့် များစွာ အသုံးမဝင်လှပေ။

သို့သော်လည်း... မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး ရုပ်မြင်သံကြား ဆိုင်ပိုင်ရှင် ကိုလင်ထံမှ နတ်ဆိုးနှင်ပေးရန် တောင်းဆိုသည့် နောက်ဆုံး မက်ဆေ့ခ်ျ ပေါ်လာချိန်၌ ဗန်နက်ဆာ၏ ရင်ခုန်သံ တစ်ချက် မြန်သွားသည်။

ထို့နောက် ဖာသာဗင်းဆင့်မှာ ကိုလင်ထံသို့ ရောက်ရှိရန် ခရီးရှည် သွားရသည့် မြင်ကွင်းများ ပေါ်လာသည်။ တစ်ညလုံး တရားထိုင်ကာ မိမိ၏ အခြေအနေကို သံသယဝင်နေပြီးသည့်နောက် နောက်ဆုံးတွင် သူ အလုပ်ပြီးမြောက်ရန် စာအုပ်ဆိုင်သို့ ဦးတည်သွားခဲ့တော့သည်။

ဤနေရာတွင် ဟောင်းနွမ်းနေသည့် စာအုပ်ဆိုင်၏ မြင်ကွင်းအချို့ ပေါ်လာသော်လည်း အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေသေးသည်။

ထို့ပြင် ဤစာအုပ်ဆိုင်မှာ ရိုးရိုးရှင်းရှင်းနှင့် အလွန်ပင် သာမန်ဆန်လွန်းလှသည်။

ဗန်နက်ဆာသည် မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြန်လည် ဖြေလျှော့လိုက်ကာ စိတ်ထဲမှ တွေးတောမိသည်။

‘ငါ အလွန်အကျွံ တွေးမိနေတာ ထင်ပါရဲ့... ကြည့်ရတာ ဗင်းဆင့်က သန့်ရှင်းတဲ့ လမင်း အဆီအနှစ်ကို အချိန်တိုအတွင်း အများကြီး သုံးစွဲလိုက်လို့ ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုသက်သက်ပဲ ဖြစ်မှာပါ... အဲဒါကြောင့် သူ့ရဲ့ အာရုံခံစားမှုတွေ ပေါက်ကွဲထွက်ပြီး အခုလို ဖြစ်ရတာပေါ့...’

‘သူ့ကို အချိန်အတော်ကြာအောင် နောက်ထပ် နည်းနည်းလောက် ထပ်သုံးခိုင်းလိုက်ရင် အားလုံး ပြန်မျှတသွားမှာပါ...’

ဗန်နက်ဆာ တွေးနေစဉ်မှာပင် မြင်ကွင်းက စာအုပ်ဆိုင် အတွင်းပိုင်းသို့ ပြောင်းလဲသွားသည်။ ပထမဆုံး သူမ မြင်လိုက်ရသည်က စာအုပ်ဆိုင်၏ ဟောင်းနွမ်းနေသော သစ်သားကြမ်းပြင် ဖြစ်သည်။ မြင်ကွင်းက အပေါ်သို့ တဖြည်းဖြည်း တက်လာသောအခါ ကောင်တာ၊ ထိုင်ခုံများနှင့် ကောင်တာနောက်ကွယ်တွင် ထိုင်နေသော စာအုပ်ဆိုင်ပိုင်ရှင်ကို မြင်လိုက်ရသည်။

ဗန်နက်ဆာ အသက်ရှူရပ်မတတ် တုန်လှုပ်သွားခဲ့၏။ သူမ မျက်စိမှားခြင်း မဟုတ်ကြောင်း သေချာစေရန် မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်လိုက်မိသည်။

ကောင်တာနောက်တွင် ထိုင်နေသော ထိုလူ... မဟုတ်သေး... လူမဟုတ်ချေ။ ထိုင်နေသည့် အရာမှာ အပြင်ပန်းအားဖြင့် လူသား ပုံသဏ္ဌာန် ရှိသော်လည်း အမှန်စင်စစ် မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်သည့် မည်းနက်သော အရိပ်သဏ္ဍာန် ကြီးသာ ဖြစ်သည်။

ဗန်နက်ဆာ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး နောက်သို့ ဆုတ်လိုက်မိသည်။ သူမ၏ ရင်ခုန်သံများက အဆက်မပြတ် မြန်ဆန်လာပြီး နားထင် သွေးကြောများမှာလည်း တဒိတ်ဒိတ် ခုန်လာလျက် ထိုမြင်ကွင်းကို စိုက်ကြည့်နေမိသည်။

‘ဒါ... ဒါ ဘာတွေ ဖြစ်နေတာလဲ...’

***

All Chapters