← Chapters

ဆန္ဒမျိုးစေ့

Vol. 12 Ch. 155

ဆန္ဒမျိုးစေ့

Vol. 12 Ch. 155

အ

ကျိကျစ်ရှို့ သူမ၏ လက်မောင်းပေါ်တွင် လှုပ်ခါနေသည့် နှင်းဆီပွင့်ကို အသာအယာ ပွတ်သပ်လိုက်သည်။ ချက်ချင်းပင်... ပွင့်ဖတ်များအတွင်းမှ လောဘဇော တရိပ်ရိပ်နှင့် သွေးဆာနေသော မျက်လုံးမျာ် ပြူးထွက်လာကြ၏။

ဟူး... ဟူး...

နှင်းဆီပင်၏ အမြစ်များမှာ လှုပ်ရှားလာကာ မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ တစ်ချိန်တည်းတွင်ပင်... အပြင်ဘက်ရှိ အမှာင်ထုထဲ၌ တိုက်ခိုက်လာသူများအတွက် မမေ့နိုင်သော အိမ်မက်ဆိုးကြီး စတင်နေပြီ ဖြစ်သည်။

...

‘ပင့်ကူ’ အဖွဲ့မှ မုဆိုးများ ဆုတ်ခွာထွက်ပြေးသွားသဖြင့် တိုက်ခိုက်သူ မုဆိုးများမှာ အောင်ပွဲခံသည့် အမူအရာဖြင့် ကြွေးကြော်ရင်း အထဲသို့ ဝင်ရောက်လာကြ၏။

သို့သော်လည်း... သူတို့ သတ်ဖြတ်ပွဲ စတော့မလို ပြင်ဆင်လိုက်ချိန်တွင်ပင် မြေကြီးမှာ စတင်တုန်ခါလာခဲ့တော့သည်။

ဂျိန်း... ဂျိန်း...

ကျူးကျော်သူများမှာ ပထမက ငလျင်လှုပ်သည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မကြာမီမှာပင် ကြီးမားထူထဲသော နွယ်ပင်ကြီးများမှာ နံရံနှင့် ကြမ်းပြင်များတစ်လျှောက် ပေါ်ထွက်လာပြီး သူတို့ကို ဝန်းရံလိုက်ကြသည်။ လှုပ်ရှားနေသည့် ထိုနွယ်ပင်များပေါ်တွင် ပုပ်ပွနေသည့် အသားစများကဲ့သို့ မျက်လုံးများနှင့် ခြေလက်များ ပေါက်လာပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ယူဆောင် လာတော့သည်။

“ဘာလဲ...”

မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း စဉ်းစားလို့ မရသေးခင်မှာပင် ထိုနွယ်ပင်များမှာ ကျူးကျော်သူများ၏ ခြေလက်များကို ရစ်ပတ်ဖမ်းဆီးကာ ခန္ဓာကိုယ်၏ ဒွါရပေါက် မှန်သမျှအတွင်းသို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်သွားကြတော့၏။

အကယ်၍ ထိုသူများထဲတွင် သတိရှိနေသေးသူ ရှိပါက... ရဲဘော်ရဲဘက်များ၏ အသားအရေအောက်၌ တစ်စုံတစ်ရာက လှုပ်ရှားနေကာ ခန္ဓာကိုယ်များမှာလည်း မတွေးဝံ့စရာ ပုံသဏ္ဍာန်များအဖြစ် ကောက်ကွေးသွားကြောင်း တွေ့ရပေလိမ့်မည်။

သို့သော်လည်း... ယခုအခါတွင်တော့ သူတို့ အားလုံးမှာ မည်သည့်ဆန္ဒမျှ မရှိတော့ဘဲ ပြင်းထန်သည့် နာကျင်မှုကိုသာ ခံစားနေကြရကာ အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခံရရင်း အော်ဟစ်နေကြရတော့သည်။

၎င်းမှာ ငရဲခန်းတစ်ခုကဲ့သို့ပင်။

ကျိကျစ်ရှို့မှာ အထက်စီးမှနေ၍ ကျူးကျော်သူများအား အသွေးများ၊ အသားများဖြင့် ပြုလုပ်ထားသော ထောင်ချောက်အတွင်း အကိုက်ခံ၊ အသတ်ခံနေရသည်ကို ပြုံး၍ ကြည့်နေခဲ့သည်။ နောက်ဆုံး၌... ထိုသွေးနှင့် အသားများမှာ ကြီးမားသော ပန်းပွင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပွင့်ဖတ်များမှာ ချွန်ထက်လှသည့် ငါးမန်းစွယ်များနှင့် ပါးစပ်တစ်ခုအဖြစ် ပွင့်အာလာကာ ဝလင်စွာဖြင့် ဟိန်းဟောက်လိုက်တော့၏။

ဝေါင်း...

ဆန္ဒမျိုးစေ့မှာ အသားများကို စားသုံးပြီးနောက် အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးအဖြစ် ပြောင်းလဲသွားချေပြီ ဖြစ်လေသည်။

နံရံနှင့် ကြမ်းပြင်များတွင် အသားစများ ကပ်ငြိကျန်ရစ်ခဲ့ပြီး၊ ထိုညမှ စတင်၍ မုဆိုးများကြားတွင် ‘အိမ်မက်ဆိုး ရက်ကန်းသည်’ ဟူသော အမည်မှာ စတင်ကျော်ကြားသွားခဲ့တော့သည်။

...

အက်ကာမန် တစ်ယောက် အရှေ့ရှိ မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေမိခဲ့၏။ ဝံပုလွေဖြူ အဖွဲ့ ခိုအောင်းရာ နေရာဟောင်း တစ်ခုလုံးမှာ ကြိတ်ခြေထားသော အသားစများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေလေသည်။ ပြင်းထန်လှသည့် သွေးညှီနံ့မှာ အပြင်လောက၌ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု မယုံနိုင်စရာပင်။ သွေးရောင်လွှမ်းသော မြူနှင်းစိုင်များကြောင့် မြင်ကွင်းမှာလည်း မှုန်ဝါးနေ၏။

လမ်းသစ်တစ်ခု...

မုဆိုးများ အတွက် လမ်းသစ်တစ်ခုက ထိုသွေးမှုန်များ ကြားတွင်ပင် ရှင်းလင်းစွာ ပေါ်လာခဲ့သည်။ ထိုလမ်းသစ်ကို ဖန်တီးနေသူက စာအုပ်ဆိုင်ပိုင်ရှင်၏ အကူအညီကို ရရှိထားသူ ဖြစ်ပေသည်။ ထိုအကူအညီဖြင့် ဆိုပါက သူတို့ အားလုံး အထွတ်အထိပ်ကို ရောက်ရှိလာမှာ မလွဲမသွေပင်။

ကျိကျစ်ရှို့ မျက်မှောင်ကြုတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူမ၏ နောက်ကျောဘက်၌ ‘သံမဏိစိတ်ဓာတ်’ ဟု ခေါ်သည့် မမြင်နိုင်သော စွမ်းအားစုမှာ ရေဘဝဲတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး သေဆုံးသွားသူတို့၏ ဝိညာဉ်များကို လိုက်လံသိမ်းဆည်းနေခဲ့သည်။

ထိုဝိညာဉ်များမှာ ဆန္ဒမျိုးစေ့ကြောင့် အနည်းငယ် ပျက်စီးနေသော်လည်း သဘာဝလွန် ပုဂ္ဂိုလ်များ၏ ဝိညာဉ်များ ဖြစ်ကြသောကြောင့် အလွန်ကောင်းမွန်သည့် ပူဇော်သက္ကာရများ ဖြစ်ကြသည်။ ကျိကျစ်ရှို့ ထိုဝိညာဉ်များကို စာအုပ်ဆိုင်ရှိ ကျောက်ဂါဂွိုင်း ထံတွင် သွားရောက်ပူဇော်ရန် စိတ်ကူးထားသည်။

ကျိကျစ်ရှို့အနေဖြင့် မိမိအား ဤမျှအထိ ကူညီခဲ့သည့် စာအုပ်ဆိုင်ပိုင်ရှင်ကို ကျေးဇူးဆပ်ရန် အခြားနည်းလမ်းမရှိသဖြင့် ထိုဂါဂွိုင်းကိုသာ တိတ်တဆိတ် အစာကျွေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

မစ္စတာလင်မှာ သူ့ အိမ်မွေးတိရစ္ဆာန်များအပေါ် အလွန်တင်းကျပ်လှပြီး ၎င်းတို့ကို အလှဆင်ပစ္စည်းများအဖြစ်သာ သဘောထားသည်။

ဤသည်မှာ ကျိကျစ်ရှို့၏ ကိုယ်ပိုင်အတွေးသက်သက် မဟုတ်ပေ။ ပန်းကလေး ဟု သူမ အမည်ပေးထားသည့် ဆန္ဒမျိုးစေ့က ဝါးမျိုထားသည့် လောဘ ဆန္ဒများကို ချေဖျက်ရင်း သူမအား ပြောပြခဲ့ခြင်း ဖြစ်သည်။

ဆန္ဒမျိုးစေ့၏ အငမ်းမရ စားသောက်မှုမှာ ၎င်း၏ မူလသဘာဝကြောင့်လည်း ပါဝင်သကဲ့သို့ အချိန်အတော်ကြာ အငတ်ဘေးဆိုက်နေခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

သားရဲများကို အချိန်အကြာကြီး အငတ်ထားပြီးမှ တိုက်ခိုက်ခိုင်းခြင်းမှာ ၎င်းတို့ကို ပိုမို ရက်စက်ကြမ်းကြုတ်လာစေရန် ယဉ်ပါးအောင် ပြုလုပ်သည့် နည်းလမ်းတစ်ခုလားဟု ကျိကျစ်ရှို့ မကြာခဏ တွေးတောမိသည်။

အက်ကာမန်မှာ ကျိကျစ်ရှို့၏ ဘေးတွင် ရပ်နေရင်းမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ထိုမြင်ကွင်းကို ကြည့်နေမိ၏။ တစ်ခဏကြာ တိတ်ဆိတ် နေပြီးနောက် သူက ပခုံးတွန့်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကြည့်ရတာ ကျွန်တော့်ရဲ့ အကူအညီတောင် မလိုတော့ဘူး ထင်တယ်”

အက်ကာမန်သည် ယခုမှပင် ကျိကျစ်ရှို့အား အမြင်သစ်ဖြင့် ကြည့်မိတော့သည်။ အစောပိုင်းက သူတို့နှစ်ဦးကြားတွင် စာအုပ်ဆိုင်ဟူသည့် ဘုံပတ်သက်မှု ရှိနေခဲ့သော်လည်း သူ့ အတွေ့အကြုံနှင့် အစွမ်းအရ မိန်းကလေးကို မျိုးဆက်သစ် မုဆိုးလေးတစ်ယောက်အဖြစ်သာ သဘောထားခဲ့သည်။

သို့သော်လည်း... ယခုမူ ကျိကျစ်ရှို့မှာ အက်ကာမန်၏ အကူအညီမပါဘဲ ကျူးကျော်သူများကို အပြတ်အသတ် နှိမ်နင်းပြခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့ ကျွမ်းကျင်လှသည့် ခေါင်းဆောင်မှုမျိုးကို စာအုပ်ဆိုင်ပိုင်ရှင်ကလည်း အလွန်အလေးထားပေလိမ့်မည်။ အက်ကာမန့် စိတ်ထဲတွင် ကျိကျစ်ရှို့ကို မိမိနှင့် တန်းတူအဆင့်ရှိသူ တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကျိကျစ်ရှို့က ခေါင်းခါလိုက်၏။

“ဒီကိစ္စကတော့ ပြီးသွားပါပြီ... ဒါပေမဲ့ ရှင့် အကူအညီ လိုအပ်မယ့် အရေးကြီး ကိစ္စတစ်ခု ရှိသေးတယ်...”

“ပြောပါ ခေါင်းဆောင်”

အက်ကာမန်က ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်ကာ အရိုအသေပြုလိုက်၏။

“ဒါဟာ စာအုပ်ဆိုင်ရဲ့ လမ်းစဉ်ပဲမို့ ကျွန်တော် နာခံပါ့မယ်”

ကျိကျစ်ရှို့ ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ အက်ကာမန်အား နောက်က လိုက်ခဲ့ရန်သာ အချက်ပြလိုက်သည်။ ထို့နောက်... သူမက သူ့ကို ခိုအောင်းရာနေရာ၏ ခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်သွားတော့၏။

‘ပင့်ကူ’ အဖွဲ့မှ မုဆိုးများသည် တိုက်ပွဲကရရှိသော လက်ရဖမ်းဆီးရမိသူများနှင့် ပစ္စည်းများကို စစ်ဆေးနေကြသည်။ စစ်တလင်းအား ရှင်းလင်းသည့် တာဝန်ကိုမူ ဆန္ဒမျိုးစေ့ ထံသို့သာ လွှဲအပ်ထားလိုက်သည်။

တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြသူများမှာ အခြားမုဆိုးအဖွဲ့ကြီးနှစ်ဖွဲ့မှ လက်ရွေးစင်များ ဖြစ်ကြသည်။ ယခု သူတို့ ချေမှုန်းခံလိုက်ရပြီ ဖြစ်လေရာ အခြေအနေမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကျိကျစ်ရှို့ ရောက်ရှိလာသည်ကို မြင်သည်နှင့် မားကပ်နှင့် ကိုင်ရီတို့က ချက်ချင်း ကြိုဆိုကြ၏။ သူတို့နှစ်ဦးမှာ ကျိကျစ်ရှို့ နှစ်ရှည်လများ ယုံကြည်အားကိုးရသော လက်ရုံးများ ဖြစ်ကြပြီး ယခုအခါတွင် ဒုတိယခေါင်းဆောင်များအဖြစ် ခန့်အပ်ခံထားရသူများ ဖြစ်သည်။

အက်ကာမန် ဝင်လာသည်ကို မြင်လျှင် သူတို့၏ အကြည့်များမှာ ထိုလူစိမ်း အပေါ်သို့ ရောက်ရှိ သွားကြသည်။ ထိုဝါရင့်မုဆိုးကြီးထံမှ ထွက်ပေါ်နေသည့် ဖိအားကို သူတို့ ခံစားမိကြပြီး ကျိကျစ်ရှို့၏ မိတ်ဆက်ပေးမှုကြောင့် မည်သူ ဖြစ်ကြောင်း သိရှိသွားကြသည်။

မားကပ်နှင့် ကိုင်ရီတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။ ဤမျှ အင်အားကြီးသည့် အကူအညီမျိုး ရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

သခင်မလေးတွင် ဆန္ဒမျိုးစေ့ ဟူသော ထူးဆန်းသည့် စွမ်းအား တစ်ခု ရှိနေသော်လည်း ဖျက်ဆီးခြင်း အဆင့် တိုက်ခိုက်ရေးသမားတစ်ဦး မိမိတို့ဘက်တွင် ရှိနေသည်ကို မည်သူကမှ ငြင်းပယ်မည် မဟုတ်ပေ။

ကိုင်ရီက အနားသို့ တိုးကပ်လာကာ ခပ်တိုးတိုး ပြောလိုက်၏။

“သခင်မလေး... ဆရာကြီး ဟေးဝုဒ် ရောက်နေပါတယ်.... သခင်မလေးကို တွေ့ချင်နေပါတယ်”

“သိပြီ”

ကျိကျစ်ရှို့က ကိုင်ရီ၏ ပခုံးကို ပုတ်ရင်း ပြုံးပြလိုက်သည်။

“ကျွန်မလည်း သူ့ကို ရှာမလို့ပဲ... သူ ဘယ်မှာလဲ... ကျွန်မကို ခေါ်သွားပေးပါ”

သံမဏိစိတ်ဓာတ်၏ စွမ်းအားကြောင့်ပင် ဟေးဝုဒ် ရောက်ရှိလာသည်ကို သူမ သိနှင့်နေပြီးသား ဖြစ်သည်။

ကိုင်ရီက ခေါင်းညိတ်ကာ လမ်းပြလိုက်၏။ ကျိကျစ်ရှို့က အက်ကာမန်ကို နောက်မှ လိုက်လာရန် အချက်ပြလိုက်သည်။

“မစ္စတာ အက်ကာမန်... ရှင်လည်း လိုက်ခဲ့ပါဦး... မစ္စတာ ဟေးဝုဒ်ဆိုတာ အစွမ်းထက်တဲ့ အထက်လမ်း မှော်ဆရာ တစ်ယောက်ဖြစ်သလို ကျွန်မအဖေရဲ့ အထူးဧည့်သည်ဆိုလည်း မမှားဘူး... သူက သူစိမ်းမဟုတ်ပါဘူး”

ကျိကျစ်ရှို့၏ အမူအရာတွင် အတွင်း သဘောတစ်ခု ပါဝင်နေသည်ကို အက်ကာမန် သတိပြုမိလိုက်၏။ သူမက သူ့ အကူအညီကို လိုအပ်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့်ပင် ခေါင်းညိတ်ကာ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။

“အလိုတော်အတိုင်းပါပဲ ခေါင်းဆောင်”

***

All Chapters