← Chapters

ပြန်လည် တွေ့ဆုံခြင်း

Vol. 12 Ch. 156

ပြန်လည် တွေ့ဆုံခြင်း

Vol. 12 Ch. 156

ဟေးဝုဒ်အား လတ်တလောတွင် အခန်းလွတ်တစ်ခု၌ နေရာပေးထားသည်။ ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကပင် ငှားရမ်းရသည့် အထက်လမ်း မှော်ဆရာတစ်ဦးအနေဖြင့် ဟေးဝုဒ်မှာ ငွေကြေးကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ ထို့ကြောင့်ပင်... ယခုလိုမျိုး စုတ်ပြတ်သတ်နေသည့် နေရာမျိုးအား သူ အလွန် စက်ဆုပ်ရွံရှာနေသည်။

သို့သော်လည်း... ကျိကျစ်ရှို့ကို မြင်လိုက်ရသော အခါတွင်တော့ သူက ဝင်းပသော အပြုံးတစ်ခုဖြင့် ကြိုဆိုလိုက်၏။

“သခင်မလေး... သစ္စာစောင့်သိမှု တံဆိပ် အသစ်တစ်ခု လုပ်ဖို့ အတွက် ကျွန်တော့်ကို အလိုရှိနေတယ်လို့ ကြားပါတယ်...”

ရွှတ်...

ကျိကျစ်ရှို့၏ ကြိမ်လုံးမှာ ရုတ်တရက် လည်ပတ်သွားကာ ဓားသွား အဖြစ် ပြောင်းလဲ သွားခဲ့၏။ သူမက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း အေးစက်သော အပြုံးဖြင့် ဆိုလိုက်သည်။

“ဟုတ်တယ်... ရှင့်ကိုယ်တိုင် သုံးဖို့ အတွက် သစ္စာစောင့်သိမှု တံဆိပ် တစ်ခု လိုနေတာ”

ဟေးဝုဒ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။

“မင်း... မင်း ဘာကို ဆိုလိုတာလဲ”

သူ မျက်နှာပျက် နေခဲ့ပြီ ဖြစ်သည်။

“မင်းရဲ့ စကားလုံးတွေက အထက်လမ်း မှော်ဆရာတစ်ယောက်ကို စော်ကားနေပြီ ဆိုတာ နားလည်ရဲ့လား... မင်းအဖေတောင်မှ ငါ့လို ဂုဏ်သိက္ခာရှိတဲ့ အထက်လမ်း မှော်ဆရာတစ်ယောက်ကို မလေးမစား မဆက်ဆံရဲဘူး... မင်း ငါ့ကို...”

ဟေးဝုဒ်၏ ခြိမ်းခြောက် စကားများ မဆုံးခင်မှာပင် အက်ကာမန်မှာ သူ့ နောက်ကျောဘက်တွင် အသံမထွက်ဘဲ ပေါ်လာကာ လည်ပင်းသို့ မြှောင်ဓားဖြင့် တေ့လိုက်၏။

ဟေးဝုဒ်၏ တစ်ကိုယ်လုံး တုန်ရီသွားလေ၏။ သူ့ အခြေအနေက သားရဲတွင်းထဲကို ဝင်လာမိသလို ဖြစ်နေပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။ ခြိမ်းခြောက်စကားများ ပြောနေလို့ အသုံးမဝင်တော့ပါချေ။

“မင်း ဘာလိုချင်လို့လဲ...”

“ရှင် ရှင့်ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားသလား... ဒါမှမဟုတ် ရှင့်အသက်ကို တန်ဖိုးထားသလား”

ကျိကျစ်ရှို့က အနည်းငယ် ပြုံးရင်း မေးလိုက်သ၏။

ဟေးဝုဒ် တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်ရ၏။

“ကျွန်တော့်... ကျွန်တော့်အသက်ပါ...”

သစ္စာစောင့်သိမှု တံဆိပ် ဖျက်ဆီးနည်းများအား ခိုးယူရောင်းချနေသည့် သူ့ အကြံအစည် ပေါက်ကြားသွားပြီဖြစ်ကြောင်း ဟေးဝုဒ် ကောင်းစွာ နားလည်လိုက်ပြီ ဖြစ်သည်။

“ဒါဆိုရင် ရှင့်ရဲ့ သစ္စာစောင့်သိမှု တံဆိပ်က ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ပျက်ပြယ်သွားရတာလဲဆိုတာ ကျွန်မ သိချင်တယ်”

“ကျွန်တော်... ကျွန်တော်...”

ဟေးဝုဒ် ပထမ၌ အနည်းငယ် တုန့်ဆိုင်း နေခဲ့၏။ သို့သော်လည်း... အခြေအနေက မထူးတော့ပြီ ဖြစ်လေရာ သူ အားလုံးကို ဖွင့်ဟ ဝန်ခံလိုက်လေတော့သည်။

“ဒါတွေ အားလုံးက အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ အပြစ်တွေပါပဲ... သူတို့က ကျွန်တော့်ကို လျှို့ဝှက်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ချရတဲ့ ဖောက်သည်တွေ ပေးမယ်ဆိုပြီး ဆွဲဆောင်ခဲ့တာပါ”

...

တစ်ချိန်တည်းတွင်ပင် သွေးချောင်းစီးနေသည့် ထိုည၏ အဖြစ်အပျက်များနှင့် ဝေးကွာလှသော စာအုပ်ဆိုင်ကလေးအတွင်း၌မူ အရာအားလုံးက အေးချမ်းငြိမ်သက်နေဆဲပင်။

မီးအိမ်အလင်းရောင်အောက်တွင် လင်ကျဲမှာ ဝယ်လ်၏ လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို ရှာဖွေဖို့ အတွက် မှတ်တမ်းစာအုပ်ကို လှန်လှောကြည့်နေမိလေ၏။

ယခင်က ဂျိုးဇက် မေးမြန်းစဉ်က လင်ကျဲ ဝယ်လ်၏ လိပ်စာကို မသိရှိကြောင်း ပြောဆိုခဲ့ဖူးသည်။ အမှန်စင်စစ် ၎င်းမှာ လိမ်ညာခဲ့ခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ... ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထိန်းသိမ်းပေးခြင်းမှာ စီးပွားရေးလုပ်ငန်းတိုင်း လိုက်နာရမည့် ကျင့်ဝတ်တစ်ခုပင် ဖြစ်သည်။

လင်ကျဲမှာ ရိုးရာဓလေ့ထုံးတမ်းများကို လေ့လာသူ တစ်ဦးမျှသာ ဖြစ်သော်လည်း စာအုပ်ဆိုင် ဖွင့်လှစ်ထားသူ ဖြစ်သဖြင့် လိုက်နာရမည့် မူဝါဒအချို့တော့ ရှိပေသည်။

ကလောက် ပြန်သွားပြီးနောက်တွင် လင်ကျဲ မှတ်တမ်းစာအုပ်ကို ထုတ်ယူ၍ ဝယ်လ်၏ လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို စတင်ရှာဖွေတော့သည်။

မှတ်တမ်းစာအုပ်မှာ အလွန်အမင်း ထူထဲခြင်း မရှိသော်လည်း ဝယ်လ်မှာ စာအုပ်တစ်အုပ်ကို ငှားရမ်းလျှင် အချိန်အတော်ကြာမှ ပြန်လာအပ်လေ့ရှိသည်။ ဝယ်လ် ပထမဆုံးအကြိမ် စာအုပ်လာငှားစဉ်က ဆက်စပ် အချက်အလက်များကို ရေးမှတ်ထားခဲ့ဖူးကြောင်း လင်ကျဲ ဝေဝါးစွာ မှတ်မိနေသည်။ သို့သော်လည်း... အကြောင်းအရာ အတိအကျကို မမှတ်မိတော့သဖြင့် စာမျက်နှာများကို တစ်ရွက်ချင်း ပြန်လှန်ကြည့်နေရသည်။

စာမျက်နှာများအားလုံးကို လှန်လှောကြည့်ပြီးနောက်... ပထမဆုံး စာမျက်နှာသို့ ရောက်သောအခါမှ လွန်ခဲ့သော နှစ်နှစ်ခန့်က ဝယ်လ် ရေးမှတ်ထားခဲ့သည့် ဖုန်းနံပါတ်နှင့် လိပ်စာကို လင်ကျဲ တွေ့ရှိလိုက်ရလေသည်။

“၃၈၇ လမ်းမကြီး... ဒါက အောက်ပိုင်းခရိုင်နဲ့ နီးတာပဲ... အဘိုးဝယ်လ်ခမျာ ဒီလောက်ဝေးတဲ့နေရာကနေ လာရတာ တော်တော်လေး ပင်ပန်းမှာပဲ”

လင်ကျဲ သက်ပြင်းချလိုက်မိ၏။ ထိုအကွာအဝေးမှာ ကားဖြင့် သွားလျှင်ပင် သုံးနာရီ၊ လေးနာရီခန့် ကြာမြင့်နိုင်ပေသည်။

ထိုမျှ ဝေးလံလှသော်လည်း အဘိုးဝယ်လ်မှာ စာအုပ်များ ဖတ်ရှုရန်အတွက် ဤနေရာအထိ လာရောက်ခဲ့သည်။ လင်ကျဲ ထိုအထီးကျန်လူအိုကြီးအတွက် ပို၍ပင် စိတ်ပူမိသွားရ၏။

လူတစ်ယောက်၏ စိတ်နှလုံးတွင် မျှော်လင့်ချက် များများစားစား မရှိတော့လျှင် အခြားသူများ၏ လှည့်ဖြားမှုကို ခံရရန် ပိုမို လွယ်ကူသွားတတ်သည် မဟုတ်ပါလား။

လင်ကျဲသည် ဝယ်လ်ထံသို့ ဖုန်းမဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ အကြောင်းကား ဝယ်လ်နှင့် ဘလပ်ဖိစ် အဖွဲ့တို့ မည်သို့ ပတ်သက်နေသည်ကို မသိသေးသောကြောင့်ပင်။ အကယ်၍ ရုတ်တရက် ဖုန်းဆက်လိုက်ပါက ဝယ်လ်အား မလိုအပ်ဘဲ သတိပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် သူကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး အဘိုးဝယ်လ်၏ အခြေအနေကို အကဲခတ်ပြီးမှသာ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။

အကယ်၍ အဘိုးဝယ်လ်သာ သတိတရား ရှိနေသေးပါက ပြဿနာမရှိနိုင်ပေ။ အကယ်၍များ ဝယ်လ် အိမ်မှာ မရှိခဲ့ပါကလည်း ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းကြည့်ကာ သူ ထိုရာဇဝတ်ဂိုဏ်းကို ကူညီနေသည့် သဲလွန်စများ ရှိ၊ မရှိ စုံစမ်းရမည် ဖြစ်သည်။

ယခုအခါ ဆိုင်တွင် မွန်း ရှိနေပြီဖြစ်ရာ လင်ကျဲအနေဖြင့် အချိန်အနည်းငယ်ကြာအောင် ခရီးဝေး သွားနိုင်သည့် အခွင့်အရေး ရရှိသွားပြီဖြစ်သည်။

အကယ်၍ အဘိုးဝယ်လ်သာ ထိုရာဇဝတ်ဂိုဏ်း၏ ဝါဒဖြန့်မှုကို ခံရပြီး အဖွဲ့ဝင်တစ်ဦး ဖြစ်သွားခဲ့ပြီဆိုလျှင် လင်ကျဲအနေဖြင့် နည်းလမ်းမျိုးစုံသုံး၍ သူ့ကို လမ်းမှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်ရပေလိမ့်မည်။ မှန်ပါသည်။ ထိုသို့ သွားရောက်ခြင်းမှာ အန္တရာယ်ရှိနိုင်ကြောင်းကိုလည်း လင်ကျဲ ထည့်သွင်းစဉ်းစားထားသည်။

သို့သော်လည်း... အဘိုးဝယ်လ်မှာ သူ့ကို အတော်လေး ခင်မင် ယုံကြည်သူ ဖြစ်သည်။ သူ့အနေဖြင့် တစ်ခုခု ထူးခြားပါက သူ့ထံသို့ အရင်ဆုံး လာရောက်ရှာဖွေလိမ့်မည်ဟု သူ ယုံကြည်သည်။

သို့သော်လည်း... ယခုကိစ္စမှာ ရုတ်တရက်ကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝယ်လ်ထံမှလည်း မည်သည့် သတင်းစကားမျှ မရရှိခဲ့ပေ။ ထို့ကြောင့်ပင် ဝယ်လ် တစ်ယောက် တည်ငြိမ်သော အခြေအနေတွင် ရှိနေခြင်းဖြစ်စေ၊ တစ်စုံတစ်ဦးထံ အကူအညီတောင်းရန် အချိန်မရဘဲ ထောင်ချောက်အတွင်း ကျရောက်နေခြင်းဖြစ်စေ နှစ်မျိုးအနက် တစ်မျိုးမျိုး ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ... လင်ကျဲအနေဖြင့် သွားရောက်ရန် လိုအပ်သည်ဟု ခံစားရသည်။

‘အန္တရာယ် ရှိနိုင်ပေမဲ့ ဆစ်ဗာ ပြောပုံအရဆိုရင် အခု ငါက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေပြီ တဲ့’

လင်ကျဲ ကလောင်တံကို ချလိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ အတွေးနက်နေမိသည်။

‘အဲဒီညတုန်းက စားလိုက်တဲ့ အဲဒီအသီးက ငါ့ခန္ဓာကိုယ်ကို ဘယ်လို ပြောင်းလဲပစ်လိုက်လဲ မသိဘူး... အရင်ကထက် ပိုသန်မာလာသလို ခံစားရပေမယ့် တခြား ထူးထူးခြားခြားတော့ မရှိဘူး’

‘ဓားသိုင်းပညာကတော့ တကယ့်တိုက်ပွဲတွေမှာ အသုံးဝင်မှာပါ... မွန်းကို ဗိုင်အိုလင် အိတ်တစ်လုံးလောက် လုပ်ခိုင်းပြီး ကန်ဒယ်လာရဲ့ တော်ဝင်ဓားကို အထဲထည့် သယ်သွားရမယ်... ဒီဓားသိုင်းကို ငါ ကျွမ်းကျင်သွားပြီဆိုရင် ဆစ်ဗာက ဒုတိယခေတ်ရဲ့ သမိုင်းကြောင်းတွေကို ပြောပြမယ်တဲ့... ငါ တကယ် သိချင်နေပြီ”

‘တကယ်တမ်း ပြဿနာက အသုံးမပြုရသေးတဲ့ အီသာ တွေပဲ... ငါ့လည်း ကိုယ်ပိုင်အိပ်မက်ဘုံတစ်ခုကို ဖန်တီးဖို့ လိုနေပြီ... ဒါပေမဲ့ တိုးတက်မှုက တော်တော်လေး နှေးကွေးနေတယ်’

အိပ်မက်မက်ဖို့က လွယ်ကူသော်လည်း မိမိစိတ်ကူးထားသည့် အတိုင်း အိပ်မက်တစ်ခုကို ကြည်လင်ပြတ်သားစွာ ဖန်တီးဖို့မှာမူ အလွန်ခက်ခဲလှသော အလုပ်ဖြစ်သည်။ ဆစ်ဗာက သူ့ကို အခက်ခဲဆုံးနည်းလမ်းကို တမင်တကာ သင်ပေးနေခြင်းလားဟုပင် လင်ကျဲ သံသယဝင်မိသည်။

လင်ကျဲ လက်ရှိပြဿနာများကို စနစ်တကျ စီစဉ်နေမိ၏။ အတော်ကြာအောင် တွေးတောပြီးနောက်တွင်မှ အချိန် တော်တော်နောက်ကျနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူ သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်ရင်း အပေါ်ထပ်သို့ တက်၍ အိပ်စက်လိုက်တော့သည်။

ထိုညတွင်လည်း သူ အိပ်မက်ထဲ၌ ဆစ်ဗာနှင့် ထပ်မံတွေ့ဆုံခဲ့ပြန်သည်။ အမှောင်ထုမှာ ထုံးစံအတိုင်း ရောက်ရှိလာပြီးနောက် နှင်းပွင့်ကလေးများလည်း လွင့်ပျံလာကြလေ၏။

***

All Chapters