← Chapters

အလည်အပတ် ခရီး

Vol. 12 Ch. 157

အလည်အပတ် ခရီး

Vol. 12 Ch. 157

နောက်ထပ် ရက်အနည်းငယ်အတွင်း လင်ကျဲ ဆစ်ဗာထံမှ ဓားသိုင်းပညာနှင့် အိပ်မက်ဘုံ ဖန်တီးခြင်း အတတ်ပညာများကို ဆက်လက် သင်ယူခဲ့သည်။

လင်ကျဲက သူ့ အခက်အခဲများနှင့် သံသယများကို ပြောပြသောအခါ ဆစ်ဗာက လူသားများမှာ အီသာကို မည်သို့ ခံစားသိရှိပြီး အသုံးပြုကြသည်ကို သူမ မသိရှိကြောင်းကိုသာ ရိုးရှင်းစွာ ပြန်လည်ဖြေကြားခဲ့သည်။ သို့သော်လည်း... သူမမှာ လင်ကျဲ လုပ်ဆောင်နိုင်လိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေပြီး သူမ၏ ကိုယ်ပိုင်နည်းလမ်းကိုသာ သင်ကြားပေးခဲ့သည်။

လင်ကျဲကမူ ဆစ်ဗာမှာ သူတွေ့ဖူးသမျှ ဆရာများထဲတွင် တာဝန်အမဲ့ဆုံး ဆရာတစ်ဦးဖြစ်သည်ဟု မကြာခဏ တွေးမိတတ်သည်။

ဆစ်ဗာမှာ လူသားတစ်ဦး မဟုတ်ကြောင်းကိုလည်း သူ သိရှိခဲ့ရသည်။ သို့သော် သူမက မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သို့သော်လည်း လင်ကျဲကတော့ ဆစ်ဗာအပေါ် ရိုသေလေးစားမှုကို အမြဲ ထိန်းသိမ်းထားသည်။ အကြောင်းကား... သူက ဆစ်ဗာ၏ အိပ်မက်ထဲတွင် ရှိနေခြင်းဖြစ်ပြီး သူမ စိတ်ကြိုက် ထိန်းချုပ်ထားသည့် သားရဲကြီးများနှင့် တိုက်ခိုက်နေရခြင်းကြောင့် ဖြစ်သည်။

ဆစ်ဗာ စိတ်အနှောင့်အယှက် ဖြစ်သွားသည့် ညများတွင် ဆိုလျှင်... လင်ကျဲမှာ နောက်တစ်နေ့ နံနက် နိုးလာပြီးနောက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကို ခံစားရတတ်သည်။

အိပ်မက်ထဲတွင် ဖြစ်ပျက်သမျှမှာ လက်တွေ့ဘဝတွင် အတိုင်းအတာတစ်ခုအထိ ရောင်ပြန်ဟပ်လိမ့်မည်ဟူသော အချက်ကို အသုံးချ၍ ဆစ်ဗာက လင်ကျဲအား ကြိုးစားလာအောင် တိုက်တွန်းလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ... လင်ကျဲ ဆစ်ဗာ၏ နည်းလမ်းအတိုင်း အသုံးပြု၍ သူ့ ပထမဆုံး အိပ်မက်ဘုံငယ်ကို စတင်ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

အချို့သော ညများတွင် အလွန်ပင် ပင်ပန်းနွမ်းနယ်လှသဖြင့် လင်ကျဲ နေ့ခင်းဘက်တွင် အချိန်အတော်ကြာ အနားယူရလေ့ရှိသည်။ ထို့ကြောင့် သူ့ကို ကြည့်ရသည်မှာ အချိန်ပြည့် အိပ်စက်နေတတ်သည့် လူပျင်းတစ်ယောက်နှင့်ပင် တူနေတော့သည်။

နောက်ဆုံး၌ မွန်းမှာ ကန်ဒယ်လာ၏ တော်ဝင်ဓားကို ထည့်ဖို့ အတွက် အိတ်တစ်ခု ပြုလုပ် ပြီးစီး သွားခဲ့တော့သည်။

လင်ကျဲ မွန်းအား ဆိုင်ကို စောင့်ရှောက်ရန် မှာကြားခဲ့ပြီးနောက် အဘိုးဝယ်လ်အား ကယ်တင်ရန်အတွက် ခရီးစတင်ခဲ့တော့သည်။

လင်ကျဲ ဆိုင်အပြင်သို့ ထွက်လာပြီး ခဏအကြာတွင် ဘေးဘက်ရှိ လမ်းကြားတစ်ခုအတွင်းမှ နံရံပေါ်တွင် နွယ်ပင်အချို့ ပေါက်ရောက်လာပြီး စာလုံးများအဖြစ် ပုံဖော်နေသည်ကို သတိပြုမိလိုက်သည်။

“ဒီဘက်ကို”

စိမ်းလန်းသော နွယ်ပင်များမှာ လမ်းကြားအတွင်းသို့ ညွှန်ပြနေသည့် မြှားအမှတ်အသားတစ်ခုအဖြစ် ပုံဖော်နေကြသည်။

“ဘလက်ကီ လား”

ဘလက်ကီမှာ သူ့ကို ကူညီရန် ထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်း လင်ဲ ချက်ချင်း နားလည်လိုက်သည်။

‘ဘလက်ကီက နောက်ပိုင်းမှာ ခဏခဏ ပေါ်လာတတ်သလို ငါ့ကို ကူညီဖို့လည်း တော်တော်လေး စိတ်အားထက်သန်နေတဲ့ပုံပဲ’

မကြာသေးမီက သူ လုပ်ဆောင်ခဲ့သော အရာတစ်ခုခုက ဘလက်ကီကို စိတ်ကျေနပ်စေခဲ့ခြင်း ဖြစ်ရပေမည်ဟု သူ ယူဆလိုက်သည်။

လင်ကျဲမှာ လွန်ခဲ့သည့် ရက်ပိုင် အတွင်း သူ့လက်ရာ စာအုပ်များကို ကြော်ငြာနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း၊ ဟုဒ် ဦးဆောင်သည့် လူငယ်ဂိုဏ်းကို လမ်းမှားမှ လမ်းမှန်သို့ ရောက်ရှိအောင် ကောင်းမွန်စွာ လမ်းညွှန်ပေးခဲ့ဖူးသည်။

ထို့အပြင် စိတ်ဓာတ်ကျနေသော ဖာသာ ဗင်းဆင့်အားလည်း မျှော်လင့်ချက်အသစ်များ ရရှိစေကာ အမှန်တရားကို ရှာဖွေနိုင်အောင် ကူညီပေးခဲ့သည်။

‘ကြည့်ရတာ ဘလက်ကီက ငါ့ရဲ့ လုပ်ရပ်တွေကို သဘောကျပြီး ဆက်လုပ်စေချင်တဲ့ ပုံပဲ’

လင်ကျဲ တွေးတောရင်း လမ်းကြားအတွင်းသို့ လျှောက်လှမ်းဝင်သွားလိုက်၏။

ခရက်... ခရက်...

ရုတ်တရက် ထူးဆန်းသည့် အသံတစ်ခု ကြားလိုက်ရကာ သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ချည်းပင် မှောင်အတိ ကျသွားတော့၏။ သို့သော်လည်း... ခြေလှမ်းနှစ်လှမ်းခန့် ထပ်မံလျှောက်လှမ်းလိုက်ပြီးနောက်မူ အမှောင်ထုမှာ ပျောက်ကွယ်သွားပြီး သူ့ ရှေ့တည့်တည့်တွင် အိမ်ကြီးတစ်လုံး၏ တံခါးကို တွေ့လိုက်ရသည်။

လင်ကျဲ မျက်ခုံးပင့်လိုက်မိ၏။ ဘလက်ကီ၏ စွမ်းအားမှာ သူ ဤကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က ခံစားချက်မျိုးနှင့် ဆင်တူလှသည်။

မည်သို့ပင်ဖြစ်စေ... သူ အဘိုးဝယ်လ်၏ အခြေအနေကို အရင်ဆုံး စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

လင်ကျဲ လက်ကို ဆန့်ထုတ်၍ တံခါးကို ခေါက်လိုက်လေ၏။

...

အိမ်အတွင်း၌မူ...

ဝယ်လ်မှာ လတ်ဆတ်သော သွေးများနှင့် အိပ်မက်သားရဲများ၏ ခြေလက်အင်္ဂါများကို အသုံးပြု၍ ယဇ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ် နေခဲ့လေ၏။ ထိုယဇ်ပူဇော်မှု၏ ဗဟိုချက်တွင်မူ ရုပ်ပျက်ဆင်းပျက် ပြောင်းလဲနေသည့် ဟယ်ရစ်၏ ခန္ဓာကိုယ် ရှိနေသည်။

ဒေါက်... ဒေါက်...

ဝယ်လ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားသည်။ အီသာ လှုပ်ရှားမှုကို သူ လုံးဝ သတိမပြုမိခဲ့ပေ။ မည်ကဲ့သို့သော လူမျိုးက အသိမပေးဘဲ သူ့ အိမ်ရှေ့သို့ ဤမျှ လျှို့ဝှက်စွာ မည်သို့ ရောက်ရှိလာနိုင်ပါသနည်း။

ဝယ်လ် လက်ကို ဝေ့ယမ်းလိုက်ရာ အိမ်ပြင်ပ မြင်ကွင်းက လေဟာနယ်ထဲတွင် ပေါ်ထွက်လာ၏။ ဗိုင်အိုလင်အိတ် တစ်လုံးကို ကိုင်ဆောင်ထားပြီး နူးညံ့သောအပြုံးဖြင့် ရပ်နေသော လူငယ်တစ်ဦးမှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာသလိုမျိုး သူ့အိမ် တံခါးအား ခေါက်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာလေးလင်ပါလား... သူ ဘာလို့ ဒီကို ရောက်လာတာလဲ... ငါ့ရဲ့ လျှို့ဝှက်အစီအစဉ်တွေကို သူ သိသွားတာများလား”

ဝယ်လ် တစ်ယောက် ခေတ္တမျှ မှင်တက်သွား၏။ ထို့နောက်မှ သူ့ လက်များတွင် သွေးများ စွန်းထင်နေဆဲ ဖြစ်သည်ကို သတိရလိုက်သည်။

၎င်းအပြင် သူ့ အိမ်အတွင်းပိုင်းမှာလည်း အလွန်ပင် ကျဉ်းမြောင်း ရှုပ်ထွေးနေပြီး ဤကဲ့သို့ ဧည့်သည်တော်မျိုးအား ကြိုဆိုရန် လုံးဝ မသင့်တော်လှပေ။

....

ကျွီ...

လင်ကျဲ အပြင်ဘက်တွင် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်မှ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာတော့၏။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော အဘိုးဝယ်လ်မှာ ရွှေရောင်ပန်းခက်ပုံစံများဖြင့် မွမ်းမံထားသည့် ပွပွယားယား မဟူရာဝတ်ရုံကြီးကို ဝတ်ဆင်၍ ပေါ်လာသည်။

ဝယ်လ်မှာ သူ အမြဲတမ်းတပ်လေ့ရှိသည့် မျက်နှာဖုံးကို တပ်မထားသဖြင့် အမာရွတ်များ ထင်ကျန်နေသည့် ဖြူရော်ရော် မျက်နှာမှာ ပေါ်လွင်နေပြီး တံခါးနောက်ကွယ်မှနေ၍ နွေးထွေးစွာ ပြုံးပြနေသည်။

လင်ကျဲ အတွက် ဝယ်လ်၏ မျက်နှာအစစ်ကို မြင်ဖူးသည်မှာ ဤသည်က ပထမဆုံး အကြိမ် မဟုတ်ပေ။ အမှန်စင်စစ်... သူတို့ စတင်တွေ့ဆုံခဲ့စဉ်က စိတ်ဓာတ်ကျနေသော ဝယ်လ်မှာ မည်သည့်မျက်နှာဖုံးမျှ တပ်ဆင်ထားခြင်း မရှိပေ။

သို့သော်လည်း... လင်ကျဲမှာ လူတစ်ယောက်၏ ရုပ်ရည်အသွင်အပြင်ကို ကြည့်၍ အကဲဖြတ်သူမျိုး မဟုတ်သဖြင့် ထိုစဉ်က အဘိုးဝယ်လ်အား ခွန်အားဖြစ်စေမည့် စကားများ ပြောကြားပေးခဲ့ကာ ‘ရှင်သန်ထမြောက်ခြင်း’ ဟူသော ပထမဆုံးစာအုပ်ကိုပင် အကြံပြုပေးခဲ့ဖူးသည်။

ဝယ်လ်က တံခါးကို ကျယ်ကျယ်ဖွင့်ပေးကာ လင်ကျဲအား အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်၏။ ထို့နောက်... သူက သတိထား၍ မေးလိုက်သည်သည်။

“ဆရာလေးလင်... ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲဗျ...”

“ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ... ဒါပေမဲ့ နောက်ပိုင်းမှာ ခင်ဗျားက စာအုပ်လာမငှားတော့ဘူးလေ... အခု ကျွန်တော့်ဆိုင်မှာ ဆိုင်အကူ အသစ်လေးက ကူကြည့်ပေးနေတာနဲ့ အချိန်ရတုန်း လာခဲ့တာပါ”

လင်ကျဲက ပြုံးရွှင်စွာဖြင့် ပြောရင်း အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။

“ကျွန်တော် ရုတ်တရက် ရောက်လာတာ အဘိုးဝယ်လ်ကို အနှောက်အယှက် ဖြစ်သွားသေးလား...”

“မဖြစ်ပါဘူး... လုံးဝ မဖြစ်ပါဘူး”

ဝယ်လ်က လက်ကာပြရင်း အလျင်အမြန် ငြင်းဆိုလိုက်၏။

“ဆရာလေးလင် ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

“ဒါဆိုရင်တော့ တော်သေးတာပေါ့ဗျာ... တကယ်တော့ ခင်ဗျားအိမ်က တော်တော်လေး ဝေးတာပဲနော်... အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ လာရင်တောင် နာရီပေါင်းများစွာ ကြာမှာပဲလို့ ကျွန်တော် ထင်နေတာ”

ဝယ်လ် တံခါးပိတ်လိုက်ရင်း စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်မိ၏။

‘ဆရာလေးလင်... ခင်ဗျား ကျွန်တော့်အိမ်ရှေ့ကို ဘယ်ကမှန်းမသိ ရုတ်တရက်ကြီး ပေါ်လာတာကို ကျွန်တော် အတိုင်းသား မြင်လိုက်ရတာဗျ...’

သို့သော်လည်း... အပြင်ပန်းတွင်တော့ သူက အားနာဟန်ဖြင့် ရယ်မောရင်း ရှင်းပြလိုက်သည်။

“ကျွန်တော်က သုတေသနလုပ်ရတာဆိုတော့ နည်းနည်း တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေဖို့ လိုအပ်လို့ပါ...”

“ဟုတ်တာပေါ့... ခင်ဗျားရဲ့ အလုပ်သဘာဝအရ သုတေသနလုပ်ရတာဆိုတော့ အနှောင့်အယှက်ကင်းတဲ့ နေရာမျိုး မရှိရင် အလုပ်လုပ်ရတာ ခက်ခဲမှာပဲ... ဒါကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်”

လင်ကျဲက မိမိ၏ စာအုပ်ဆိုင်မှာလည်း ဝေးလံခေါင်သီသော နေရာတွင် ရှိနေသည်ကို သတိရကာ ခေါင်းညိတ် ထောက်ခံလိုက်သည်။

ထိုကဲ့သို့ အပြန်အလှန် စကားပြောနေစဉ် လင်ကျဲ၏ အကြည့်မှာ အဘိုးဝယ်လ် ဝတ်ဆင်ထားသည့် အဝတ်အစားများဆီသို့ မသိမသာ ရောက်သွား၏။

လူအိုကြီး၏ ဝတ်ရုံမှာ ရှေးဆန်ပြီး လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကာ မှော်ဆရာတစ်ဦး၏ ဝတ်ရုံနှင့် တူလှသည်။ သာမန်လူတစ်ယောက်အနေဖြင့် အပြင်သို့ ထွက်လျှင် ထိုကဲ့သို့ ဝတ်ဆင်မည် မဟုတ်ပေ။

‘အင်း... ဒါက အဘိုးဝယ်လ်ရဲ့ အိပ်ယာဝင်ဝတ်စုံများလား... ဟား ဟား... သူက အသက်ကြီးပေမယ့် စိတ်ကတော့ လူငယ်လေးတွေလိုပဲ... မှော်အတတ်တွေကို ဝါသနာပါနေတုန်းပဲ... ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားတွေဆိုတာ သေတဲ့အထိ ကလေးစိတ် မပျောက်ကြပါဘူး’

လင်ကျဲ စိတ်ထဲက ကြိတ်ကာ ပြုံးလိုက်မိ၏။

တစ်ချိန်တည်း၌ ဝယ်လ်မှာ သူ ဝတ်ဆင်ထားသည့် အော်ဂတ်စတပ်စ် အင်ပါယာ၏ တပည့်သာဝကဖြစ်ကြောင်း ဝတ်ရုံကို လင်ကျဲ စိုက်ကြည့်နေကြောင်း သတိပြုမိသွားသည်။ ထို့နောက် စာအုပ်ဆိုင်ပိုင်ရှင်က သူ့အား နားလည်မှုရှိစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။

လင်ကျဲမှာ ဝယ်လ် သူ့ကို တစ်မျိုးထင်သွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် အခြေအနေကို ထိန်းလိုက်ကာ ချီးကျူးလိုက်သည်။

“အဘိုးဝယ်လ်... ခင်ဗျားရဲ့ အဝတ်အစား အပြင်အဆင်က တော်တော်လေး မိုက်သားဗျ”

လူအိုကြီး ဝယ်လ် အနည်းငယ် ရင်ခုန်သွားခဲ့၏။

‘ဆရာလေးလင်က ဘာကို ဆိုလိုတာလဲ... ငါ့ရဲ့ ဆရာက အစွမ်းထက်တယ်လို့ ပြောချင်တာလား... ငါ ဆရာကောင်း ရွေးချယ်နိုင်ခဲ့တယ်လို့ ပြောတာလား...’

ရဲတင်းသော အတွေးတစ်ခုက သူ့ စိတ်ထဲသို့ ထပ်မံဝင်ရောက်လာပြန်သည်။

‘ဆရာလေးလင်က... သူ... သူက ငါ့ဆရာကို သိနေတာလား...’

လင်ကျဲ သူ့ကို ငှားပေးခဲ့ဖူးသည့် နားလည်ရ ခက်ခဲလှသော ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အမည်ရှိ စာအုပ်ကို ဝယ်လ် ပြန်လည် သတိရလိုက်သည်။ ထိုစာအုပ်မှာ သေခြင်းနှင့် ရှင်ခြင်း နိယာမများကို ဆက်သွယ်ပေးရန် ကြိုးစားထားသည့် ဆန်းကြယ်လှသော မှော်ကမ္ဘာအကြောင်း ဖြစ်သည်။ ထိုစဉ်က ဆရာလေးလင်က ထိုစာအုပ်ကို ဘီလူးကြီး (giant) တစ်ဦးက ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

(ဘာသာပြန် မှတ်ချက်။ လင်ကျဲက နာမည်ကျော် ပုဂ္ဂိုလ်ကြီး တစ်ယောက် (giant) တစ်ယောက် ရေးသားခဲ့ခြင်းဟု တင်စား၍ ပြောခဲ့ခြင်း ဖြစ်သည်။ ဝယ်လ်က တိုက်ရိုက် အဓိပ္ပာယ်ကောက်ကာ တကယ် ဘီလူး မျိုးနွယ် တစ်ယောက် ရေးသားခဲခြင်းဟု အထင်လွဲနေခြင်း ဖြစ်သည်။)

အော်ဂတ်စတပ်စ်မှာ ပထမခေတ်မှ ကျန်ရှိနေခဲ့သည့် နောက်ဆုံးသော ဘီလူးကြီး ဖြစ်သည်။ သူမှလွဲ၍ ကမ္ဘာပေါ်တွင် အခြားဘီလူးကြီးများ မရှိတော့ပေ။

သို့ဖြစ်လေရာ... ထိုစာအုပ်မှာ ပထမခေတ်ကတည်းက ကျန်ရစ်နေခဲ့ခြင်း ဖြစ်စေ၊ သို့မဟုတ် အော်ဂတ်စတပ်စ် ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်စေ တစ်မျိုးမျိုး ဖြစ်ရပေမည်။ ဝယ်လ်ကိုယ်တိုင်လည်း သူ့ အကောင်းဆုံး ဖန်တီးမှု တစ်ခုကို စာအုပ်ဆိုင်ပိုင်ရှင်အား လက်ဆောင်ပေးခဲ့သကဲ့သို့ အော်ဂတ်စတပ်စ်ကလည်း သူ့ အကောင်းဆုံးလက်ရာကို လင်ကျဲအား ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ... စာအုပ်ဆိုင်ပိုင်ရှင်၏ ဆန်းကြယ်မှုက မြူနှင်းစိုင်များ ထပ်ဆင့်ဖုံးလွှမ်းထားသကဲ့သို့ ပို၍ပင် နက်ရှိုင်းလာကာ မည်သည့်မျက်လုံးနှင့်မျှ ထိုးဖောက်မြင်နိုင်စွမ်း မရှိတော့ချေ။

‘ဒါမှမဟုတ် သူက အစစ်အမှန် ဘုရားသခင်တစ်ပါး ဖြစ်နေမလား’

ဝယ်လ် တစ်ယောက် မိမိ၏ ခန့်မှန်းချက်ကြောင့် စိတ်လှုပ်ရှားကာ ခေါင်းမူးသွားခဲ့လေ၏။ သူက လင်ကျဲအား ထိုင်ရန် နေရာပေးလိုက်ပြီး နှစ်ဦးစလုံးအတွက် ရေနွေးငှဲ့ပေးလိုက်ကာ စိတ်တည်ငြိမ်စေရန် အနည်းငယ် မော့သောက်လိုက်လေတော့သည်။

***

All Chapters