လမ်းညွှန်ခြင်း
Vol. 12 Ch. 159
“ကျွန်တော် တောင်းပန်ပါတယ်...”
လင်ကျဲ သွေးများကို မြင်သွားပြီ ဖြစ်ကြောင်း သတိထားလိုက်မိသော အခိုက်၌ ဝယ်လ်၏ အမူအရာက ပျက်ရွင်းသွားကာ အလျှင်အမြန် တောင်းပန်လိုက်လေသည်။
“ကျွန်တော် အလျင်စလို ရှင်းလင်းလိုက်လို့ အခုလို ဖြစ်သွားမယ်လို့ မထင်ထားမိဘူး...”
“ဒါဟာ တကယ့်ကို အရှက်ရစရာပါပဲ... ဆရာလေးလင်ကို ဒီလို မသန့်ရှင်းတဲ့ မြင်ကွင်းမျိုး ပြသမိလို့ တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော် အခုချက်ချင်း ရှင်းလိုက်ပါ့မယ်... ခဏလောက် စောင့်ပေးပါဦး”
ဝယ်လ်၏ အမူအရာက ထူးဆန်း မနေပဲ သူ အမြဲလုပ်နေကျ အလုပ်တစ်ခုကဲ့သို့ပင် သဘာဝကျနေသည်။ ထို့ကြောင့် လင်ကျဲ စိတ်အေးသွားကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
“ဒီသွေးတွေက ဘာဖြစ်လို့လဲဗျ...”
ဝယ်လ်သည် အားနာဟန်ဖြင့် ပြုံးလိုက်ပြီး အပြစ်မကင်းသလိုလည်း ခံစားလိုက်ရသည်။
‘ဆရာလေးလင်တော့ တော်တော်လေး စိတ်ပျက်သွားမှာပဲ...’
သူ ဆရာလေးလင် ကိုယ်တိုင်ရေးသားထားသည့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း - ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ ကျမ်းထဲမှ ယဇ်ပူဇော်မှု နည်းလမ်းအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် မြင့်မြတ်ပြီး ခန့်ညားထည်ဝါရမည့် ထုံးတမ်းစဉ်လာမှာ ယခုအခါတွင်တော့ အရုပ်ဆိုး အကျည်းတန် သွားခဲ့ရပြီ ဖြစ်သည်။
ဝယ်လ် စိတ်ထဲတွင် မိမိကိုယ်မိမိ ပြန်လည်ဆင်ခြေပေးနေမိ၏။
‘ဘာပဲဖြစ်ဖြစ် ငါက အမြဲတမ်း သတ်ဖြတ်နေကျ အောက်လမ်းမှော်ဆရာ တစ်ယောက်ပဲ... ဖျက်ဆီးခြင်းဆိုတာ ငါ့ရဲ့ သွေးထဲမှာ ရှိနေတာ... ဒီကုန်ကြမ်းတွေကို ကိုင်တွယ်တဲ့နေရာမှာ နည်းပညာပိုင်းအရ မကျွမ်းကျင်သေးတာ ဖြစ်မှာပါ...’
‘နောက်တစ်ခါကျရင်... နောက်တစ်ခါကျရင်တော့ ဒီထုံးတမ်းစဉ်လာကို ငါ ပိုပြီး ဂရုစိုက်ရမယ်...’
မည်သူမျှ မမြင်လျှင် ကိစ္စမရှိသော်လည်း ဆရာလေးလင်၏ ရှေ့မှောက်တွင် သူ လုပ်ဆောင်နေသည့် ညံ့ဖျင်းသော နည်းစနစ်များ ပေါ်ထွက်သွားခြင်းကတော့ အလွန်ပင် ရှက်စရာကောင်းလှသည်။
ဆရာလေးလင်၏ စကားများမှာ သူ့ ပေါ့ဆမှုကို ပြစ်တင်နေခြင်း ဖြစ်ပေလိမ့်မည်။
အခြားသူများ၏ အမြင်တွင် ရက်စက်ကြမ်းကြုတ်သော ဖျက်ဆီးခြင်း အဆင့် အောက်လမ်းမှော်ဆရာကြီး ဝယ်လ်မှာ ယခုအခါ ဓာတ်ခွဲခန်းတွင် အမှားလုပ်မိသည့် ကျောင်းသားလေးတစ်ယောက်နှင့်ပင် တူနေလေတော့သည်။
ဝယ်လ်က ဂရုတစိုက်ဖြင့် ထပ်မံ ရှင်းပြရန် ကြိုးစားလိုက်၏။
“ဟို... ဆရာလေးလင်ရဲ့ စာအုပ်ကို ဖတ်ပြီးနောက်မှာ ဒီထုံးတမ်းစဉ်လာအချို့ကို လုပ်ဖို့ ကျွန်တော် ကြိုးစားနေတာပါ... ဒါပေမဲ့...”
“ဘယ်လို ပြောရမလဲ... ဒါက နည်းနည်း ခက်ခဲလို့ပါ... အဓိပ္ပာယ်အချို့ကို နားလည်ဖို့ ခက်ခဲပြီး အဲဒါအတိုင်း ပုံတူကူးချဖို့က မလွယ်ကူလှဘူး... ဒါကြောင့်...”
ဝယ်လ် ကြမ်းပြင်ပေါ်ရှိ သွေးများကို ညွှန်ပြရင်း ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။
“ဒါကြောင့် ဒီလို ဖြစ်သွားတာပါ”
လင်ကျဲမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ နှုတ်ခမ်းများ တွန့်သွားတော့၏။
‘ဘာကြီး... ကြိုးစားနေတယ် ဟုတ်လား...’
သူ့စာအုပ်ထဲတွင် ရေးသားထားသော အကြောင်းအရာများမှာ အများအားဖြင့် တရုတ်ရိုးရာ ဓလေ့ထုံးတမ်းများသာ ဖြစ်ပြီး ရှေးခေတ်က ယဇ်ပူဇော်မှု အချို့ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ရှေးခေတ် ဧကရာဇ်မင်းမြတ်များမှာ နတ်ဘုရားများကို ပူဇော်ရာတွင် ‘ထိုက်လောင်’ (နွား၊ သိုး၊ ဝက်) တို့ကို အသုံးပြု၍ ပူဇော်လေ့ရှိကြပြီး၊ အဆင့်နိမ့် အရာရှိများကမူ ‘ရှောင်လောင်’ (သိုး၊ ဝက်) တို့ဖြင့် ပူဇော်ကြသည်။
ထို့အပြင် ရှေးခေတ် တာအိုယုံကြည်မှုများတွင်လည်း သမင်မျိုးစိတ် သုံးမျိုးမှာ နတ်ဘုရားများ နှစ်သက်သော ယဇ်ကောင်များ ဖြစ်ကြသည်။
စာအုပ်ထဲတွင် နတ်ဘုရားများအား ပူဇော်သည့် ထုံးတမ်းစဉ်လာများ၊ အဆင့်ဆင့် လုပ်ဆောင်ပုံများ၊ ပူဇော်ရမည့် ပစ္စည်းများနှင့် ၎င်းတို့၏ အဓိပ္ပာယ်များကို အသေးစိတ် ရှင်းပြထားသည်။
စာအုပ်ကို ပိုမို စိတ်ဝင်စားစရာ ကောင်းစေရန်နှင့် ရှေးခေတ် တရုတ်ယဇ်ပူဇော်မှု အခမ်းအနားများမှာ အစားအစာနှင့် ယဉ်ကျေးမှုတို့အပေါ် အခြေခံထားသောကြောင့်... လင်ကျဲ အစားအသောက် ဓလေ့များနှင့် ၎င်းတို့ကို ပြင်ဆင်ပုံ နည်းလမ်းအချို့ကိုလည်း ထည့်သွင်းထားခဲ့သည်။ သို့မှသာ စာအုပ်မှာ ဖတ်ရသည်မှာ ပျင်းစရာ မကောင်းမည် မဟုတ်ပါလား။
‘အဘိုးဝယ်လ်... အဘိုးဝယ်လ်... ခင်ဗျားက တကယ့်ကို သိချင်စိတ် ပြင်းပြတဲ့ လူပဲ’
ဝယ်လ်မှာ စာအုပ်ကို ဖတ်ရုံတင်မကဘဲ စာအုပ်ထဲက အစားအသောက် ပြင်ဆင်သည့် နည်းလမ်းများကိုပါ အမှန်တကယ် လိုက်လုပ်ကြည့်လိမ့်မည်ဟု လင်ကျဲ လုံးဝ ထင်မထားခဲ့ပေ။
စမတ်ကျပြီး ယဉ်ကျေးသိမ်မွေ့သည့် အနောက်တိုင်း လူကြီးမင်း တစ်ယောက်က အင်္ကျီလက်ကို လိပ်တင်ကာ၊ ဓားတစ်လက်ကို ကိုင်ပြီး ကြက်၊ ဘဲ သို့မဟုတ်ပါကလည်း ဝက်တစ်ကောင်ကို သတ်ဖြတ်နေသည့် မြင်ကွင်း...
ထို့နောက် သွေးဖောက်ပြီး ကလီစာတွေ ထုတ်ယူနေသည့် ပုံရိပ်...
ထိုပုံရိပ်များက လှပခြင်း မရှိလေရာ လင်ကျဲအနေဖြင့် ဆက်၍ပင် မတွေးရဲတော့ပေ။
လင်ကျဲ ရယ်ရမလို ငိုရမလို ဖြစ်သွားသော်လည်း သူ့ စိတ်ထဲမှ စိုးရိမ်မှုများမှာမူ အနည်းငယ် လျော့ပါးသွား၏။
‘မအံ့သြပါဘူး... ပျက်စီးကုန်မှာပေါ့... ငါ့ စာအုပ်ထဲမှာ ရေးထားတာတွေက ရှေးဟောင်း တရုတ်ဟင်းလျာတွေချည်းပဲကိုး...’
၎င်းမှာ ချက်ပြုတ်ခြင်း အတွေ့အကြုံ ရှိသည့် တရုတ်လူမျိုး တစ်ယောက်အတွက်တောင်မှ အလွန်ခက်ခဲမှာ ဖြစ်သည်။ အဘိုးဝယ်လ်လို အနောက်တိုင်းသား တစ်ယောက်အတွက်ဆိုရင် ပြောစရာပင် မရှိတော့ချေ။
နံရံနောက်ကွယ်တွင် မည်မျှအထိ ရှုပ်ပွပြီး သနားစရာကောင်းသည့် မြင်ကွင်း ဖြစ်နေမည်ကို လင်ကျဲ ခန့်မှန်းကြည့်၍ ရပေသည်။
အဘိုးဝယ်လ်၏ အားနာနေသည့် မျက်နှာကို ကြည့်ရင်း လင်ကျဲ သက်ပြင်းချလိုက်မိသည်။
“ဒါဆိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်ပဲ သင်ပေးမယ်လေ”
ဝယ်လ်က လက်ကာပြရင်း ငြင်းဆိုလိုက်၏။
“ကျွန်တော် လုပ်ထားတာတွေက အရမ်းကို ကြည့်ရဆိုးလွန်းလို့ ဆရာလေးလင် ရွံသွားမှာ စိုးရိမ်လို့ပါ... နေပါစေ”
“ဒါဆိုရင်လည်း ကောင်းပြီ...”
လင်ကျဲက စိတ်အေးသွားသည့် အပြုံးဖြင့် ဆိုလိုက်သည်။ အမှားလုပ်မိသည့် အချက်အပြုတ် သင်တန်းသားလေးတစ်ယောက် ရှက်ရွံ့နေတာကို သူ နားလည်ပေးလိုက်သည်။
“ဒါဆိုလည်း... ကျွန်တော် ဒီကနေပဲ လှမ်းပြီး ညွှန်ကြားပေးမယ်လေ... ခင်ဗျား အခု ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ ပြောပြပါဦး”
...
ဝယ်လ် အခန်းတွင်းသို့ ပြန်ဝင်သွားပြီး မပြီးဆုံးသေးသည့် ယဇ်ပူဇော်မှု မြင်ကွင်းကို အကဲခတ်လိုက်သည်။ ဤတစ်ကြိမ် သူ ယဇ်ပူဇော်မှု လုပ်ရသည့် ရည်ရွယ်ချက်မှာ ဟယ်ရစ်၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဝံပုလွေ၏ သွေးကို ထုတ်ယူရန်ဖြစ်သည်။
ထို့နောက် မိစ္ဆာ နတ်ဘုရား၏ စွမ်းအားကို အသုံးပြု၍ မူလရင်းမြစ်ကို လိုက်လံရှာဖွေကာ အချိန်နှင့် ဟင်းလင်းပြင်အား ထိန်းချုပ်နိုင်သည့် အစစ်အမှန် ကောင်းကင်ဝံပုလွေတစ်ကောင်ကို ပြန်လည် ဖန်တီးယူရန် ဖြစ်သည်။
အကယ်၍ အောင်မြင်ခဲ့ပါက ဖျက်ဆီးခြင်း အဆင့် ရှိသည့် အိပ်မက်သားရဲကြီးတစ်ကောင်ကို သူ အလိုရှိရာ ခိုင်းစေနိုင်မည့် ဝိညာဉ်သားရဲအဖြစ် ရရှိပေလိမ့်မည်။
ဤယဇ်ပူဇော်ပွဲအတွက် ဖရန့်ခ်ဝယ်လ်မှာ မော်ဖီ ၏ ထာဝရအိပ်စက်ခြင်း ခေါင်းတလားကို ယဇ်ပလ္လင်အဖြစ် ရွေးချယ်အသုံးပြုထားသည်။ ၎င်းတွင် ပါရှိသော ရှင်ပြန်ထမြောက်ခြင်း စွမ်းအားမှာ လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေပြီး ခိုင်မာသော ရည်ရွယ်ချက်ကို ဖြစ်ထွန်းစေမည် ဖြစ်သည်။
စကားလက် ဝါဒီ ခေါင်းဆောင်၏ အဓိက လက်နက်ဖြစ်သည့် ဤအစွမ်းထက် မှော်ပစ္စည်းမှာ သူမ သေဆုံးပြီးနောက်ပိုင်း လူအများ လုယက်တိုက်ခိုက်ခဲ့ကြရာမှ နောက်ဆုံးတွင် ဝယ်လ်၏ လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း - ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်တွင် ရေးသားထားသည့် ယဇ်ပူဇော်ရာတွင် အသုံးပြုရသော ပစ္စည်းများမှာ -
(၁) အနီရောင်အမောက်နှင့် ထက်ရှိသော လက်သည်းများပါရှိသည့် တောင်ပံနှစ်ဖက်ပါ နေမင်း တမန်တော်
(၂) အတိုင်းအဆမဲ့ လောဘဇော၊ မစွမ်းဆောင်နိုင်မှုနှင့် မိုက်မဲမှုတို့ကို ကိုယ်စားပြုနေသော ဖြူလျော်ဖောင်းကြွနေသည့် ခြေလက်လေးဖက်ပါ ခန္ဓာကိုယ် နှင့်
(၃) စိတ်လှုပ်ရှားခြင်း၊ ထုံထိုင်းခြင်းနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းတို့ကို ဖြစ်စေသည့် မူးယစ်စေသော အရည်
တို့ ဖြစ်ကြသည်။
နှံ့စပ်ကျွမ်းကျင်သော အောက်လမ်းမှော်ဆရာကြီး ဝယ်လ်မှာ ထိုတင်စားချက်များကို ချက်ချင်းပင် နားလည်လိုက်သည်။ ၎င်းတို့မှာ ‘ကြက်သွေးရောင် ကန့်ကျောက် နဂါးပျံ’ ၊ ‘လောဘလူသား’ တစ်ယောက် နှင့် ‘ယုတ်ညံ့သော ဆေးရည်’ တို့ပင် ဖြစ်ကြသည်။
ဤထုံးတမ်းအတွက် ယဇ်ကောင်များ ရှာဖွေရသည်မှာ မခက်ခဲသော်လည်း လုပ်ဆောင်ရမည့် အဆင့်ဆင့်မှာမူ သူ့ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ခဲ့ဖူးသမျှ အခမ်းအနားများထက် ပိုမို ရှုပ်ထွေးလှသည်။ ဤသည်က ဝယ်လ် တတိယအကြိမ်မြောက် ကြိုးစားနေခြင်း ဖြစ်သည်။
ထုံးတမ်းစဉ်လာ၏ ထိရောက်မှုကို သေချာစေရန် ဝယ်လ် အကောင်းဆုံးသော ယဇ်ကောင်များကို ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ဥပမာအားဖြင့် ‘လောဘသား’ ယဇ်ကောင်အဖြစ် ပူဇော်ရန်အတွက် နော်ဇင်မြို့မှ ထင်ရှားသည့် တော်ဝင် မိသားစုတစ်ခု၏ အကြီးအကဲကို ရွေးချယ်ခဲ့သည်။
ဤသူ၏ အမှန်တကယ် အဆင့်အတန်းမှာ သာမန်အရပ်သားတစ်ဦး၏ သားသာ ဖြစ်ပြီး ထိုတော်ဝင် မိသားစုကြီးနှင့် မည်သည့် သွေးသားမှ မတော်စပ်ပေ။
မှန်ပါသည်။ သူ ထိုမိသားစုအတွင်း အယောင်ဆောင် ဝင်ရောက်ခဲ့ကာ နောက်ဆုံးတွင် မိသားစုအကြီးအကဲ ဖြစ်လာခဲ့သူဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ထိုတော်ဝင် မိသားစုသည် ဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ရစဉ် သူတို့၏ မွေးကင်းစသားငယ်လေးကို ဘေးကင်းရာသို့ ပို့ဆောင်ပေးရန် အတွက် သစ္စာရှိ အစေခံတစ်ဦးအား လွှဲအပ်ခဲ့သည်။
အစေခံမှာ ကလေးငယ်ကို ခေါ်ဆောင်၍ ထွက်ပြေးခဲ့သော်လည်း ရန်သူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်ပင်... သူသည် ကလေးငယ်ကို သူငယ်ချင်း ဇနီးမောင်နှံထံသို့ အပ်နှံခဲ့ပြီး လိုက်လံဖမ်းဆီးသူများကို လမ်းလွှဲကာ မိမိအသက်ကို စတေးခဲ့သည်။
အဆိုပါဇနီးမောင်နှံတွင်လည်း သားတစ်ယောက် မွေးဖွားထားသဖြင့် ကလေးနှစ်ဦးစလုံးမှာ အမြွှာဖြစ်သည်ဟု ဟန်ဆောင်ကာ အတူတူ ပြုစုပျိုးထောင်ခဲ့ကြသည်။
နောက်ဆုံးတွင် တော်ဝင် မိသားစုကြီးမှာ ဘေးဒုက္ခမှ လွတ်မြောက်ကာ ပြန်လည် တန်ခိုးထွားလာခဲ့သော်လည်း ပရမ်းပတာ ဖြစ်ရပ်များကြောင့် အမွေဆက်ခံမည့်သူများ အားလုံး ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူတို့က ပျောက်ဆုံးနေသော သားငယ်လေးကို လိုက်လံရှာဖွေရန် လူလွှတ်ခဲ့ကြသည်။
တစ်နေ့တွင် ဇနီးမောင်နှံ၏ သားမှာ သူ့ မိဘများ ပြောဆိုနေသည်ကို မတော်တဆ ကြားမိသွားရာ လောဘဇောများက နှလုံးသား တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ သူက သူ့ကို မိသားစုကြီး၏ အမွေခံ အဖြစ် တော်ဝင် မိသားစုထံ ပို့ပေးဖို့ အကြံပြုခဲ့သော်လည်း မိဘများက သဘောမတူခဲ့ကြပေ။
ထိုကန့်ကွက်မှုများကြောင့်ပင် သူက မိဘရင်းများကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။
ထို့နောက် မိသားစုကြီး၏ သားအရင်းကိုလည်း သတ်ပစ်ကာ အမှတ်တရ ပစ္စည်းတစ်ခုကို အသုံးပြု၍ အယောင်ဆောင်၍ မိသားစုကြီးအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထိုလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် သူ၏ လောဘမှာ ပိုမို တိုးပွားလာခဲ့သည်။ အောက်လမ်းမှော်ဆရာများနှင့် ပူးပေါင်၍ သူ အယောင်ဆောင်ထားသည့် မိခင်အရင်းနှင့် ညီမများကိုပင် ကျွန်များအဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။ အမှန်တရားအား သိနိုင်သူ မှန်သမျှကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
နောက်ဆုံးတွင် မိသားစုအကြီးအကဲအိုကြီးကိုပါ သတ်ပစ်ကာ မိမိကိုယ်ကိုယ် အကြီးအကဲအဖြစ် တင်မြှောက်၍ မိသားစုကြီး တစ်ခုလုံးကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
ဤမျှ ထူးခြားသော ရာဇဝင်ရှိသူမှာ အပြစ်သား ယဇ်ကောင်အဖြစ် ပူဇော်ရန် အကောင်းဆုံးဖြစ်ပေသည်။ ယခုအခါတွင် ထိုလူမှာ ယဇ်ပလ္လင်ပေါ်၌ သွေးစက်လက်ဖြင့် လဲလျောင်းနေသည့် အလောင်းတစ်ခု ဖြစ်နေချေပြီ။
ကြမ်းပြင်ပေါ်သို့ စီးကျနေသော သွေးအများစုမှာ ဂျက်ဖရီ နော်တန် ဟု ခေါ်သော ထိုလောဘဇောတက်သူထံမှ ထွက်လာခြင်း ဖြစ်ပေသည်။
***