← Chapters

အခန်း (၁၅၉၆-၁၅၉၈)

Vol. 83 Ch. 1596-1598

အခန်း (၁၅၉၆-၁၅၉၈)

Vol. 83 Ch. 1596-1598

အခန်း (၁၅၉၆) - အခြေအနေတွေက ပြောင်းလဲလွယ်တယ်နော်

"မင်္ဂလာပါ... မစ္စတာယဲ့... ကျွန်တော့် နာမည်က ဒေးဗစ် ပါ... ဒီ ဈေးဝယ်စင်တာရဲ့ တာဝန်ခံပါခင်ဗျာ။"

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ ရှိရာ နားနေခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ထို ဝဖိုင့်ဖိုင့် ပုဂ္ဂိုလ်ကြီးသည် ယဲ့ဖန်၏ ရှေ့သို့ ယဉ်ကျေးစွာ လျှောက်လာပြီး ခါးကို အနည်းငယ် ကိုင်းညွှတ်ကာ လက်ကမ်းပေးလိုက်လေသည်။

ယဲ့ဖန်လည်း မတ်တတ်ထရပ်ပြီး သူ့လက်ကို ပြန်ဆွဲနှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ..မစ္စတာ ဒေးဗစ်။"

"ခင်ဗျား ဒီကို ရောက်လာတာက..."

ဒေးဗစ်က ပြုံးလိုက်ပြီး ချက်ချင်း ရှင်းပြလေသည်။

"ကျွန်တော့်ကို ဒေးဗစ် လို့ပဲ ခေါ်နိုင်ပါတယ်ဗျာ။"

"ကျွန်တော်က မိတ်ဆွေဖွဲ့ရတာ ကြိုက်ပါတယ်... အထူးသဖြင့် ကမ္ဘာအနှံ့က လူတွေနဲ့ပေါ့။"

"ဒီက တာဝန်ခံ ပြောလို့ သိရတာ... မစ္စတာယဲ့က ကျွန်တော်တို့ဆီက စုဆောင်းပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို အရမ်း သဘောကျတယ် ဆိုပဲ... ဒီမှာတင် တန်ဖိုး ဒေါ်လာ သန်း (၃၀) ကျော်ဖိုးလောက် တစ်ခါတည်း ဝယ်သွားတယ်ဆိုလို့... ကျွန်တော် ကိုယ်တိုင် လာကြည့်တာပါ။"

"ဘယ်လိုလဲ မစ္စတာယဲ့... ကျွန်တော်တို့ ဆီယက်တဲလ် ဈေးဝယ်စင်တာက ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိရဲ့လားခင်ဗျာ။"

ယဲ့ဖန်က ခေါင်းငြိမ့်ပြလိုက်သည်။

"စုဆောင်းပစ္စည်းနဲ့ ယဉ်ကျေးမှု အမွေအနှစ် အရောင်းပြခန်းက ဝန်ဆောင်မှုကတော့ တော်တော်လေး ကောင်းပါတယ်။"

"ဒါပေမဲ့ ဆီယက်တဲလ် ဈေးဝယ်စင်တာထဲကို စဝင်တုန်းကတော့... ကျွန်တော့်ရဲ့ အသားအရောင်ကြောင့် ဒီက ဝန်ထမ်းတချို့ရဲ့ ခွဲခြားဆက်ဆံတာကို ခံလိုက်ရတယ်..."

"အဲဒါကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်။"

ယဲ့ဖန်၏ စကားကို ကြားလိုက်ရသောအခါ ဒေးဗစ်၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။

"ဒီက ဝန်ထမ်း ဆိုတာ သေချာလို့လား ခင်ဗျာ။"

"တကယ်သာ ဟုတ်တယ်ဆိုရင် အသေးစိတ် ပြောပြပေးပါ... ကျွန်တော် မစ္စတာယဲ့ ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ်။"

"ကျွန်တော်တို့ ဆီယက်တဲလ် ဈေးဝယ်စင်တာက ဖောက်သည်တိုင်း... အထူးသဖြင့် အဆင့်မြင့် ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို အရမ်း အလေးထားတယ် ဆိုတာ ယုံကြည်ပေးပါခင်ဗျာ။"

"ပြီးတော့ ကျွန်တော်တို့ ဆီယက်တဲလ် ဈေးဝယ်စင်တာမှာ မကောင်းတဲ့ အပြုအမူ လုပ်တဲ့သူတွေကို လုံးဝ ခွင့်မလွှတ်ပါဘူး။"

ယဲ့ဖန်က ကျူးရှောင်ကျောင်းကို လှမ်းကြည့်လိုက်သည်။

"တစ်ဖက်လူက ဈေးဝယ်စင်တာ အဝင်ဝနားက ပထမဆုံး ဒီအော (Dior) ဆိုင်က ဧည့်ကြိုဝန်ထမ်း ဆိုတာ ကျွန်တော် သေချာတယ်။"

"သူက ကျွန်တော်တို့ကို စော်ကားတယ်... ကျွန်တော်တို့လို အသားဝါတဲ့ အာရှသားတွေကို မြင်ရတာ မုန့်ပွဲထဲက ပိုးဟပ်တွေကို မြင်ရသလို ရွံစရာ ကောင်းတယ်တဲ့။"

"သူက ကျွန်တော့် အဖော်ကိုတောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သေးတယ်။"

ကျူးရှောင်ကျောင်းက ဝင်ထောက်ခံလေသည်။

"ဟုတ်တယ်..."

"အဲဒီ မိန်းမက အရမ်း ဆိုးတာပဲ။"

"သူ့ စကားလုံးတွေကလည်း အရမ်း ရိုင်းစိုင်းတယ်။"

"အဲဒီတုန်းက သူက အာရှသားတွေ အကုန်လုံးကို စော်ကားခဲ့တာ... ဆီယက်တဲလ် ဈေးဝယ်စင်တာထဲကို ဝင်လာမယ့် ဖောက်သည်တွေ အများကြီးကိုလည်း မောင်းထုတ်လိုက်သလို ဖြစ်သွားတယ်။"

ဒီစကားက ဒေးဗစ်၏ အားနည်းချက်ကို ထိမှန်သွားတော့သည်။

သူက နောက်မှ လက်အောက်ငယ်သားများဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။

"ဈေးဝယ်စင်တာ အဝင်ဝက CCTV မှတ်တမ်းတွေကို အခုချက်ချင်း ယူခဲ့စမ်း။"

သူ့ ဝန်ထမ်းများက CCTV မှတ်တမ်းများကို အမြန်ဆုံး ယူဆောင်လာပေးကြ၏။ ဒေးဗစ်က ချက်ချင်းပင် ဖွင့်ကြည့်လိုက်လေ၏။

ယဲ့ဖန်ကတော့ အလောတကြီး မဖြစ်ပေ။

ဝန်ထမ်းမလေးက သူဝယ်ထားသော ပစ္စည်းများ အားလုံးကို သယ်ဆောင်လာပေးချိန်တွင် သူက အေးအေးဆေးဆေးပင် ထပ်မံ စစ်ဆေးကြည့်ရှုနေလိုက်သေးသည်။

သို့သော် CCTV မှတ်တမ်းကို ကြည့်ပြီးနောက် ဒေးဗစ် တစ်ယောက် ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။

"ခွေးမ..."

ချက်ချင်းပင် သူက ခေါင်းမော့လိုက်ပြီး သူ့လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။

"ဒီအော (Dior) ဆိုင်ရှင်ကို အခုချက်ချင်း အကြောင်းကြားလိုက်... ဒီ ခွေးမကို အလုပ်ထုတ်ပစ်လိုက်လို့ ပြော... သူသာ အလုပ်မထွက်ရင် ဒီအိုဆိုင် တစ်ဆိုင်လုံးကို ပိတ်ပစ်မယ်လို့ ပြောလိုက်..."

"ပြီးတော့ အကောင်းဆုံး ရှေ့နေကို ချက်ချင်း စီစဉ်ပြီး အဲဒီ မိန်းမယုတ်ကို တရားစွဲမယ်... စွဲချက်ကတော့ ငါတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ဖောက်သည် အများအပြား ဆုံးရှုံးစေမှုပဲ... သူ့ကို ဒေဝါလီခံသွားအောင် လုပ်ပစ်မယ်..."

"ဒီ မိန်းမယုတ်ကြောင့် ငါတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာက ဖောက်သည် ဘယ်လောက်တောင် ဆုံးရှုံးသွားလဲ ကြည့်စမ်း... ဒါတွေ အကုန်လုံးက ပိုက်ဆံတွေချည်းပဲ..."

သူ့လက်အောက်ငယ်သားများလည်း ကြောက်လန့်သွားကြပြီး ကိစ္စကို ဖြေရှင်းရန် အမြန် ထွက်ခွာသွားကြတော့၏။

ဒေးဗစ်က CCTV မှတ်တမ်းကို ခဏလောက် စိုက်ကြည့်နေပြီးနောက် စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်ပုံ ရသည်။ ထို့နောက် ယဲ့ဖန်ကို နွေးထွေးသော အပြုံးဖြင့် ပြန်ကြည့်လိုက်လေသည်။

"တကယ်ကို တောင်းပန်ပါတယ် မစ္စတာယဲ့..."

"ကျွန်တော်တို့ကြောင့် မစ္စတာယဲ့နဲ့ သူငယ်ချင်း... ဆီယက်တဲလ် ဈေးဝယ်စင်တာအပေါ် အထင်လွဲလုနီးပါး ဖြစ်သွားရပြီ။"

"ဆီယက်တဲလ် ဈေးဝယ်စင်တာ စီမံခန့်ခွဲမှု အဖွဲ့ကို ကိုယ်စားပြုပြီး ကျွန်တော် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျာ။"

"ဒါ့အပြင်... နောက်နောင် ကျွန်တော်တို့ ဈေးဝယ်စင်တာရဲ့ ဘယ်နေရာမှာမဆို အဲဒီ ဒီအော (Dior) ဧည့်ကြိုလို လူစားမျိုး လုံးဝ မရှိစေရပါဘူး ဆိုတာ ယုံကြည်ပေးပါ။"

"ဒီကိစ္စကြောင့် ကျွန်တော်တို့ ဈေးဝယ်စင်တာအပေါ် အမြင်မကြည်တာမျိုး မဖြစ်စေချင်ပါဘူး။"

ပြောပြောဆိုဆိုနှင့် သူက ရွှေရောင်ကွပ်ထားသော လိပ်စာကတ် တစ်ကတ်ကို ထုတ်ပေးလိုက်လေသည်။

"ဒါ ကျွန်တော့်ရဲ့ ကိုယ်ပိုင် လိပ်စာကတ်ပါ။"

"နောက်တစ်ခါ ဆီယက်တဲလ် ဈေးဝယ်စင်တာမှာ အလားတူ ကိစ္စမျိုး ကြုံရရင်... ဒါမှမဟုတ် အကူအညီ တစ်ခုခု လိုအပ်ရင် ကတ်ပေါ်က ဖုန်းနံပါတ်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။"

"ကျွန်တော် ကိုယ်တိုင် ဖုန်းကိုင်ပြီး ဖြေရှင်းပေးပါ့မယ်... ပြီးတော့ ဟို သောက်ရမ်းဆိုးတဲ့ မိန်းမယုတ်ကိုလည်း မစ္စတာယဲ့ နစ်နာသွားတဲ့အတွက် ဆယ်ဆ... ရာဆလောက် ပြန်လျော်ခိုင်းလိုက်ပါ့မယ်။"

သူ့ ကိုင်တွယ်ဖြေရှင်းပုံကို ယဲ့ဖန် မအံ့သြသော်လည်း လိပ်စာကတ်ကို လှမ်းယူလိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့ ဆီယက်တဲလ် ဈေးဝယ်စင်တာရဲ့ စီမံခန့်ခွဲမှုကို ကျွန်တော် ယုံကြည်ပါတယ်။"

"ခင်ဗျားတို့ လုပ်တာ ကောင်းပါတယ်။"

ထို့နောက် ဒေးဗစ် ပေးသော ဝယ်ယူမှု တန်ဖိုး၏ (၁၀) ရာခိုင်နှုန်း ပြန်အမ်းငွေ (Rebate) ကို လက်ခံလိုက်သည်။ ထိုပမာဏသည် ဆီယက်တဲလ် ဈေးဝယ်စင်တာက ဆိုသဘီး (Sotheby's) ထံမှ ရရှိမည့် ကော်မရှင်ခ အားလုံး ဖြစ်လေသည်။

ထို့နောက် ဒေးဗစ်နှင့် အဖွဲ့ လိုက်ပို့ပေးမှုဖြင့် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းနှင့်အတူ ထွက်ခွာလာခဲ့လေသည်။

...

ဆီယက်တဲလ် ဈေးဝယ်စင်တာမှ ထွက်ခွာလာချိန်တွင် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ဒီအို (Dior) ဆိုင်မှ ဧည့်ကြို အမျိုးသမီးကို တွေ့လိုက်ရလေသည်။

သို့သော် ယခင်နှင့် မတူတော့ပေ။ သူမသည် ဆိုင်ရှင်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။

အရင်က မောက်မာဝင့်ကြွားမှုနှင့် ယုံကြည်မှုများ သူမ မျက်နှာပေါ်တွင် မရှိတော့ချေ။

သူမ၏ မျက်နှာထားမှာ အလွန် အရုပ်ဆိုး အကျည်းတန်နေလေသည်။

အထူးသဖြင့် ဆီယက်တဲလ် ဈေးဝယ်စင်တာ၏ ရှေ့နေအဖွဲ့က သူမကို တရားစွဲမည် ဆိုသော သတင်းကို ကြားလိုက်ရသောအခါ သူမသည် စင်တာ အဝင်ဝတွင်ပင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ လဲကျသွားပြီး အကြာကြီး ပြန်မထနိုင်တော့ပေ။

“ကျွတ် .. ကျွတ် ... အခြေအနေတွေက ပြောင်းလဲလွယ်တယ်နော်။"

ယဲ့ဖန်က ထိုမြင်ကွင်းကို မြင်သောအခါ ဒေးဗစ်တို့ လိုက်ပို့နေစဉ် သူမရှေ့မှ တမင် ဖြည်းဖြည်းချင်း လျှောက်သွားပြလိုက်လေသည်။

ထိုအခိုက်အတန့်တွင် လူဖြူအမျိုးသမီး၏ မျက်နှာသည် မစင်စားမိသလို ဖြစ်သွားလေတော့သည်။

ကျူးရှောင်ကျောင်း တစ်ယောက် အောင့်ထားရလွန်းသဖြင့် ရယ်ချင်စိတ် ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။

မာစီးဒီးဘင့်ဇ် GLS ကားပေါ်သို့ ပြန်ရောက်ပြီး ယဲ့ဖန် ကားတံခါး ပိတ်လိုက်သည်နှင့် သူမက လက်သီးဆုပ်လေးဖြင့် ယဲ့ဖန်ကို လှမ်းထုလိုက်လေတော့သည်။

"ဘုရားရေ... ယဲ့ဖန်...ကျွန်မ..ရှင့်ကို တကယ် လေးစားသွားပြီဟာ။"

"အပြင်လောကမှာက မိန်းမတွေ ရက်စက်တယ်လို့ ပြောကြတယ်... ဒါပေမဲ့ ရှင်နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ဘူး။"

"ရှင့်လောက် ရက်စက်ပြီး လူပါးဝတတ်တဲ့ သူမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။"

"ဟားဟားဟား... ဟို လူဖြူမရဲ့ မျက်နှာကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မယ် မထင်ဘူး။"

"သူ့ဟာသူ လုပ်တာလေ... ခံပေါ့။"

ယဲ့ဖန်က ဂရုမစိုက်ပေ။ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး နောက်ခန်းမှ စောစောက ဝယ်လာသော လက်ရေးမူ ကျမ်းစာအုပ်ကို ယူလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တန်ဖိုးကြီးပြီး လှပသော ထုပ်ပိုးမှုများကို ဖောက်ထွင်းပစ်လိုက်လေသည်။

"သူလို လူစားမျိုးကို သင်ခန်းစာ ပေးလိုက်မှ... နောက်နောင် တရုတ်လူမျိုးတွေ အပြင်ထွက်ရင် အနိုင်ကျင့်ခံရတာ သက်သာမှာပေါ့။"

"အမြင်ကျယ်သားပဲ။"

ကျူးရှောင်ကျောင်းက လက်မထောင်ပြလိုက်သည်။

ထို့နောက် ယဲ့ဖန် ထုတ်ယူလိုက်သော လက်ရေးမူ ကျမ်းစာအုပ်ကို လှည့်ကြည့်လိုက်လေသည်။

"ဒါပေမဲ့... ရှင်က ကားပေါ် ရောက်တာနဲ့ ဒီပစ္စည်းရဲ့ အခွံကို ခွာပစ်လိုက်တယ် ဆိုတော့... ဒီပစ္စည်းမှာ ထူးခြားတာ တစ်ခုခု ရှိနေလို့လား။”

အခန်း (၁၅၉၇) - မင်းက အမြတ်နည်းနည်း ရချင်ရမယ်... ငါကတော့ ဘယ်တော့မှ အရှုံးမရှိဘူး

~"ခဏနေရင် မင်း သိလာပါလိမ့်မယ်။"

ယဲ့ဖန်က ကျမ်းစာအုပ်ကို ဖွင့်လိုက်လေသည်။

ခဏမျှ ရှာဖွေပြီးနောက် စာအုပ်အလယ်တွင် ခေါက်ထည့်ထားသော စာရွက်သုံးရွက်ကို လျင်မြန်စွာ တွေ့ရှိလိုက်ရ၏။

သူက စာရွက်များကို ဖြန့်ခင်းလိုက်သည်။

ထင်ထားသည့်အတိုင်းပင် စာရွက်ပေါ်၌ စိတ်ကူးယဉ်ဆန်သော ပုံရိပ်များ ရေးဆွဲထားသည်ကို တွေ့လိုက်ရလေသည်။

"ဒါက ဘာကြီးလဲ။"

ကျူးရှောင်ကျောင်း နားမလည်နိုင် ဖြစ်သွားရှာသည်။

"မျဉ်းကြောင်းတွေက ရှုပ်ပွနေတာပဲ။"

"စာရွက်က နည်းနည်း ဟောင်းနေတာကလွဲရင် ဘာမှ ထူးခြားတာ မရှိပါဘူး။"

"ဒါလေးအတွက်နဲ့ ရှင်က ယွမ် (၁၀) သန်းကျော် သုံးလိုက်တာလား။"

ယဲ့ဖန်က ပြုံးလိုက်လေသည်။

"အနုပညာလောကမှာ အရမ်း နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကြားဖူးလား... ပီကာဆို (Picasso) လေ။"

"ပီကာဆို ဟုတ်လား... ကျူဘစ်ဇင် (Cubism) အနုပညာရဲ့ ကိုယ်စားပြု... (၂၀) ရာစုရဲ့ ဩဇာအကြီးမားဆုံး ပန်းချီဆရာ (၁၀) ဦးထဲက တစ်ဦးလေ။"

ကျူးရှောင်ကျောင်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့သည်။

"ဒီစာရွက်တွေက ပီကာဆိုနဲ့ ပတ်သက်နေတယ်လို့ မပြောနဲ့နော်။"

"မှန်တယ်။"

ယဲ့ဖန်က စာရွက်သုံးရွက်ကို သေချာ ဖြန့်လိုက်လေသည်။

"ဒီသုံးရွက်က ပီကာဆိုရဲ့ လက်ရေးမူကြမ်းတွေပဲ။"

"..."

ကျူးရှောင်ကျောင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

"ပီကာဆိုရဲ့ လက်ရေးမူကြမ်းတဲ့လား။"

"သုံးရွက်တောင်နော်။"

ယဲ့ဖန်၏ တန်ဖိုးဖြတ်နိုင်စွမ်းကို သူမ လုံးဝ သံသယ မရှိတော့ပေ။

"ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေက သာမန် မဟုတ်ဘူး။"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ယန်ကျင်း မြို့က ဆိုသဘီး လေလံပွဲမှာ ပီကာဆိုရဲ့ လက်ရေးမူကြမ်း တစ်စောင်ကို လေလံတင်ဖူးတယ်... ဈေးနှုန်းက (၂၃) သန်းအထိ မြင့်တက်ခဲ့တာ။"

"ဒါ့အပြင် နှစ်တွေ ကြာလာတာနဲ့အမျှ စုဆောင်းပစ္စည်း လောကမှာ ပီကာဆိုနဲ့ ပတ်သက်တဲ့ အရာတွေက တန်ဖိုး တရိပ်ရိပ် တက်လာနေတာလေ..."

"လျှော့တွက်ရင်တောင်မှ... ရှင့်ရဲ့ ဒီမူကြမ်း သုံးရွက်ပေါင်း တန်ဖိုးက သန်း (၁၀၀) ကျော်လောက် ရှိလိမ့်မယ်။"

ယဲ့ဖန်က ခေါင်းငြိမ့်ပြပြီး ပြုံးလိုက်လေသည်။

"အဲဒီ 'ကျမ်းစာအုပ်' ကို ကိုယ် ဘာလို့ (၁၀) သန်း ပေးဝယ်ခဲ့လဲ ဆိုတာ အခု သိပြီမလား။"

"သိပြီ..မင်းက အမြတ်နည်းနည်း ရချင်ရမယ်... ဒါပေမဲ့ ငါကတော့ ဘယ်တော့မှ အရှုံးမရှိဘူး..ဆိုတာပေါ့"

"ဘုရားရေ... ယဲ့ဖန်... နင်က တကယ့် ပါရမီရှင်ပဲ။"

ကျူးရှောင်ကျောင်း၏ မျက်လုံးများ အရောင်တောက်သွားလေသည်။

"ကျွန်မ နိမိတ် တစ်ခု ရနေတယ်... ဒီတစ်ခေါက် အမေရိကန်ကို လာပြီး ဂိုဒေါင် လောင်းကစား လုပ်တာက ကျွန်မရဲ့ အရင်က အရှက်ရခဲ့တာတွေကို ပြန်ချေဖျက်ပေးနိုင်ရုံတင် မကဘူး... ပိုက်ဆံတွေ အများကြီးပါ ရနိုင်လိမ့်မယ်။"

"သေချာတာပေါ့။"

ယဲ့ဖန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ပီကာဆို၏ လက်ရေးမူကြမ်း သုံးရွက်နှင့် ဒီနေ့ ဝယ်ယူခဲ့သော စုဆောင်းပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူသည် ကျူးရှောင်ကျောင်းကို ခေါ်ပြီး အရသာရှိသော ညစာ သွားရောက် စားသောက်လိုက်သည်။

ထို့နောက် နှစ်ခြိုက်စွာ အိပ်စက် အနားယူလိုက်လေ၏။

နောက်တစ်နေ့ မနက်တွင် ဂိုဒေါင် လောင်းကစား စတင်မည့်အချိန် နီးကပ်လာပြီ ဖြစ်သဖြင့် ကျူးရှောင်ကျောင်း နောက်သို့ လိုက်ပါပြီး လိုရာခရီးသို့ ထွက်ခွာလာခဲ့ကြ၏။

...

ထိုနေရာသည် မြို့ငယ်လေး တစ်မြို့စာမျှ ကျယ်ဝန်းသော နေရာကြီး တစ်ခု ဖြစ်လေသည်။

အမေရိကန်တွင် ဂိုဒေါင် ငှားရမ်းခြင်း လုပ်ငန်းသည် အလွန် ခေတ်စားပြီး ကုမ္ပဏီ အများအပြားက ဤလုပ်ငန်းကို အထူးပြု လုပ်ကိုင်ကြကြောင်း သိထားသော်လည်း ကိုယ်တိုင် ရောက်သွားချိန်တွင်မူ ယဲ့ဖန် အံ့သြသွားမိသည်။

နေရာတစ်ခုလုံးသည် မြို့တစ်မြို့စာမျှ ကျယ်ဝန်းပြီး ကုန်ပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်များဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ ရယ်စရာပင် ကောင်းနေသေးသည်။

ဒီလောက် ကျယ်ဝန်းတဲ့ မြေနေရာမှာ စက်ရုံတစ်ရုံလောက် ဆောက်လိုက်ရင် ပိုမကောင်းဘူးလား။

သို့သော် ပြန်စဉ်းစားကြည့်သောအခါ ယဲ့ဖန် နားလည်လိုက်သည်။

ခေတ်သစ် ကာလတွင် အနောက်တိုင်း လောကသည် အရှေ့တိုင်းထက် စက်မှုလုပ်ငန်းများကို စောစီးစွာ စတင်ခဲ့ကြ၏။ စက်မှုလုပ်ငန်း ပြည့်ဝလွန်ကဲမှု ပြဿနာများ စောစီးစွာ ပေါ်ပေါက်လာခဲ့သဖြင့် ဂိုဒေါင်များ ဆောက်လုပ်ခြင်းသည် မဖြစ်မနေ လုပ်ရမည့် ကိစ္စတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်ပေမည်။

ထိုအတွေးများနှင့်အတူ ယဲ့ဖန်သည် ကျူးရှောင်ကျောင်း နောက်သို့ လိုက်ပါပြီး ရုံးခန်းတွင် စာရင်းသွင်းလိုက်လေသည်။

"လူကြီးမင်း... မဒမ်..."

လေလံပွဲ တာဝန်ခံ အမျိုးသားက ရှင်းပြလေသည်။

"ဒီနေ့ လေလံတင်မယ့် ဂိုဒေါင်ပေါင်း (၁၀၀) ကျော် ရှိပါတယ်။"

"ဒီအခွင့်အရေးကို လက်လွတ်မခံကြနဲ့နော်။"

"ကစားနည်းနဲ့ ပတ်သက်လို့တော့ ကျွန်တော် အများကြီး ပြောမနေတော့ပါဘူး... လူကြီးမင်းတို့ သိပြီးသား နေမှာပါ။"

ယဲ့ဖန် မအံ့သြမိပေ။

ဂိုဒေါင်များ ဆိုသည်မှာ ပြန်လည် ပြည့်ဖြိုးမြဲ သယံဇာတများ မဟုတ်ပေ။ အလုံး (၁၀၀) ဆိုသည်မှာ တော်တော်လေး ကောင်းမွန်သော ပမာဏ ဖြစ်၏။

ကစားနည်း အပိုင်းကတော့ ကျူးရှောင်ကျောင်း ပြောပြဖူးသည့် အတိုင်းပင်။ ဝန်ထမ်းတစ်ယောက်က ဂိုဒေါင်တံခါးကို ဖွင့်ပြမည်။ ပြီးလျှင် လေလံဆွဲကြမည်။ ဒါပါပဲ။

...

စာရင်းသွင်းပြီးနောက် သူတို့နှစ်ဦးကို ဝန်ထမ်းက ရိုးရှင်းသော လေလံပစ်ကွင်း တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။

ရိုးရှင်းသည်ဟု ပြောလျှင် လွန်မည်မထင်။ လေဟာပြင် အစည်းအဝေးခန်း တစ်ခုနှင့် တူနေလေ၏။

ရိုးရှင်းသော စင်မြင့်တစ်ခု၊ စင်မြင့်တစ်ခုနှင့် စင်အောက်တွင် ကုလားထိုင် ဒါဇင်အနည်းငယ်သာ ရှိသော နေရာတစ်ခုပင်။

လူ သိပ်မများလှပေ။ (၇၀)၊ (၈၀) ခန့်သာ ရှိပြီး အများစုမှာ လူမည်းများ ဖြစ်ကြ၏။

လူမည်းများမှလွဲ၍ ကျန်သူများမှာ ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် မောက်မာသော အမူအရာ ရှိကြသည့် လူဖြူများ ဖြစ်ကြ၏။ အာရှသားဟူ၍ အနည်းငယ်သာ ပါဝင်လေသည်။

ထိုအထဲတွင် ရုပ်ပျက်ဆင်းပျက် နိုင်လှသော လူအချို့ကိုလည်း တွေ့ရပြီး ယဲ့ဖန်က တစ်ချက်ကြည့်ရုံဖြင့် ထိုကောင်များသည် ဂျပန်လူမျိုးများ ဖြစ်ကြောင်း တန်းသိလိုက်လေသည်။

အမျိုးသမီး ဦးရေ နည်းပါးသဖြင့် ကျူးရှောင်ကျောင်း၏ အသွင်အပြင်မှာ ထင်ရှားပေါ်လွင်နေတော့သည်။

ဝန်ထမ်း၏ လမ်းပြမှုဖြင့် လူအုပ်ကြီးသည် ပထမဆုံး ဂိုဒေါင်ရှေ့သို့ ရောက်ရှိလာကြ၏။

လူတိုင်းလိုလိုပင် ကောင်းကင်မှ မုန့်ကျလာမည့် အခွင့်အရေးမျိုးကို အိပ်မက်မက်နေကြ၏။ အထူးသဖြင့် လောင်းကစား ဝါသနာပါသူများ အတွက်ပင်။

အားလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ပထမဆုံး ဂိုဒေါင် တံခါးကိုသာ အာရုံစိုက်နေကြလေသည်။

ယဲ့ဖန် အတွက်လည်း ဒါက ပထမဆုံး အတွေ့အကြုံ ဖြစ်သဖြင့် စိတ်ဝင်စားမိသည်။

ထိုအချိန်တွင် ဝန်ထမ်းက လူအများ၏ အကြည့်အောက်၌ ဂိုဒေါင်၏ ရှပ်တာတံခါးကို ဆွဲတင်ဖွင့်လှစ်လိုက်လေသည်။

ချက်ချင်းပင် ဖုန်မှုန့်များ အလုံးအရင်းနှင့် လွင့်ပျံလာပြီး ဆွေးမြေ့စော် နံနေသော အနံ့ဆိုးကြီး ထွက်ပေါ်လာတော့သည်။

ယဲ့ဖန်က နှာခေါင်းကို ချက်ချင်း ပိတ်လိုက်သည်။

တပြိုင်နက်တည်းမှာပင် ကျူးရှောင်ကျောင်း၏ နှာခေါင်းကိုပါ လှမ်းပိတ်ပေးလိုက်လေ၏။

သို့သော် ဘေးပတ်ဝန်းကျင်မှ လူများက ထိုအခြေအနေကို မြင်သောအခါ စိတ်ကြွဆေး ထိုးလိုက်သကဲ့သို့ တက်ကြွသွားကြ၏။

"ဖုန်တွေ ဒီလောက် ထူနေတာကို ကြည့်ရင် ဒီဂိုဒေါင် ပိတ်ထားတာ ကြာလှပြီပဲ။"

"ဒီလို နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ ဂိုဒေါင်မျိုးကမှ အောင်မြင်နိုင်ခြေ ပိုများတာ... အထဲမှာ ရတနာကောင်းတွေ ပါနိုင်တယ်။"

"ဒီဂိုဒေါင်က ရှယ်ပဲဟေ့။"

ယဲ့ဖန် ဘေးနားမှ ကျူးရှောင်ကျောင်း၏ မျက်လုံးများလည်း အရောင်တောက်သွားပြီး ကခုန်ချင်စိတ် ပေါက်သွားသကဲ့သို့ ဖြစ်နေလေ၏။

"ယဲ့ဖန်... ယဲ့ဖန်... ဒီဂိုဒေါင်က ကြည့်ရတာ မဆိုးဘူးနော်။"

ဒီကောင်မလေး ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။

ယဲ့ဖန်က အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ သို့သော် သူ့စနစ်၏ နက်ရှိုင်းသော လမ်းကြောင်းပြ စနစ် ကို တိတ်တဆိတ် ဖွင့်လိုက်လေ၏။

ဂိုဒေါင်ထဲတွင် မည်သည့် ကောင်းမွန်သော ပစ္စည်းမှ မရှိသည်ကို မြင်လိုက်ရသောအခါ သူက ကျူးရှောင်ကျောင်းကို အသာလေး ဆွဲလိုက်သည်။

အမှန်တရားက သူ မျှော်လင့်ထားသည့် အတိုင်းပင်။

ကျူးရှောင်ကျောင်းကို ဆွဲခေါ်ပြီး မကြာမီမှာပင် ဂိုဒေါင်တံခါး အပြည့်အဝ ပွင့်သွားလေသည်။ လူတိုင်း စိတ်ပျက်သွားကြတော့၏။ လူအချို့ဆိုလျှင် "သောက်ကျိုးနည်း" ဟုပင် အော်ဟစ်လိုက်ကြ၏။

ဂိုဒေါင်ထဲတွင် မှိုတက်ပြီး ဆွေးမြေ့နေသော သစ်သားပုံများနှင့် သံချေးတက်နေသော သံစင်အချို့သာ ရှိနေလေသည်။

ဒါတွေကလွဲလျှင် ဘာမှ မရှိတော့ပေ။

ဝန်ထမ်းကလည်း ကံဆိုးလိုက်တာဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဆွေးမြေ့နေသော သစ်သားပုံနှင့် သံတိုသံစများကို ဦးနှောက်ရှိတဲ့သူ ဘယ်သူမှ လေလံဆွဲမည် မဟုတ်ပေ။

"ဟေး... ရစ်ချတ် (Richard)... ဂိုဒေါင်တွေ အကုန်လုံးက ဒီလိုပုံစံကြီးပဲ မဟုတ်ပါဘူးနော်။"

"ငါက သစ်သားဆွေးတွေကို စိတ်မဝင်စားဘူး... ဒါက ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ။"

"ဒီလို ဂိုဒေါင်မျိုးကို ဘယ်သူမှ လေလံဆွဲချင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။"

လူအုပ်ထဲမှ လူမည်း တစ်ယောက်က ရယ်မောကာ လှမ်းအော်လိုက်သည်။

ကြည့်ရတာ ဒီလူက လောင်းကစား ဝါရင့် တစ်ယောက် ဖြစ်ပြီး ဝန်ထမ်းနှင့်လည်း ရင်းနှီးပုံရသည်။

လူမည်း၏ မေးခွန်းကို ရစ်ချတ်က လက်ကာပြပြီး ပခုံးတွန့်ပြလိုက်သည်။ သူလည်း မသိကြောင်း ပြောလိုက်ခြင်းပင်။

သူ့တာဝန်က ဂိုဒေါင်တံခါး လာဖွင့်ပေးရုံသာ။ ဂိုဒေါင်ထဲမှာ ဘာရှိလဲ၊ ဘာပစ္စည်းတွေလဲ၊ တန်ဖိုးရှိလား မရှိလား ဆိုတာကတော့... အရင်က ငှားထားသည့် ပိုင်ရှင်နှင့်၊ ဘုရားသခင်ပဲ သိလိမ့်မည်။

လူအုပ်ကြီးက တိုက်တွန်းစရာ မလိုဘဲ ရစ်ချတ်က နောက်ထပ် လေလံတင်မည့် ဂိုဒေါင်ဆီသို့ ဦးဆောင် ခေါ်သွားလေသည်။ တန်းတူ လမ်းကြောင်းပေါ်တွင်သာ ရှိပြီး သိပ်မဝေးသဖြင့် လမ်းလျှောက်ရ သက်သာလေသည်။

ရှပ်တာတံခါးကို ဖွင့်လိုက်သည်နှင့် ဖုန်မှုန့်များ ထွက်ပေါ်လာပြန်သည်။

သိသာထင်ရှားစွာပင်... ဤဂိုဒေါင်ကိုလည်း ဘယ်သူမှ မလာရောက်သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

အခန်း (၁၅၉၈) - ရတနာက ဒီမှာဟေ့

~ပထမဆုံး ဂိုဒေါင်ကြောင့် စိတ်ပျက်ခဲ့ရသော်လည်း လူအုပ်ကြီး၏ စိတ်အားထက်သန်မှု လျော့ကျမသွားခဲ့ပေ။ ဂိုဒေါင် လောင်းကစား ဆိုသည်မှာ ဖြစ်နိုင်ခြေ နည်းပါးသော ကိစ္စတစ်ခု ဖြစ်၏။ တန်ဖိုးနည်း ဂိုဒေါင် တစ်လုံးနှစ်လုံး ပေါ်လာခြင်းက ပုံမှန်ကိစ္စသာ ဖြစ်လေ၏။

ဖုန်မှုန့်များ လွင့်ပျံလာသည်နှင့် တပြိုင်နက် လူအုပ်ကြီး အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။

"ဒီဂိုဒေါင်က မဆိုးဘူးဟ။"

"ကြည့်ရတာ နောက်ထပ် ဂိုဒေါင်အဟောင်း တစ်လုံး ထပ်ပေါ်လာပြန်ပြီ။"

"ဘုရားသခင် ကောင်းချီးပေးပါစေ... အမှိုက်တွေချည်း မဖြစ်ပါစေနဲ့။"

ထို့နောက် ရစ်ချတ်က ရှပ်တာတံခါးကို အပေါ်သို့ ဆွဲတင်လိုက်ပြီး ဂိုဒေါင်၏ အစစ်အမှန် ရုပ်သွင်ကို အပြည့်အဝ ဖော်ပြလိုက်လေသည်။

ဂိုဒေါင်ထဲမှ ပစ္စည်းများကို မြင်လိုက်ရသောအခါ လူအုပ်ကြီး၏ ပျော်ရွှင်အော်ဟစ်သံများ နေရာတွင် မကျေမနပ် အော်ဟစ်သံများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

သူတို့ မြင်လိုက်ရသည်မှာ စက္ကူပုံး အပုံလိုက်နှင့် ပစ္စည်းများ ပြည့်ကျပ်နေသော ပီနံအိတ် အပုံလိုက်သာ ဖြစ်လေသည်။

စက္ကူပုံးတွေထဲမှာ ဘာရှိမလဲ။ မသေချာပေ။ ပီနံအိတ်တွေထဲမှာရော ဘာတွေ ပါမလဲ။ ဒါကလည်း မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေလေသည်။

လောင်းကြေးထပ်ခြင်း ဖြစ်သည့်အတွက် သူတစ်ပါး မြင်အောင် ဖွင့်ပြ၍ မရပေ။

လူအများအပြားသည် အနားသို့ တိုးကပ်သွားပြီး ပီနံအိတ်များနှင့် သေတ္တာများကြားရှိ နေရာလပ်များမှ တဆင့် သဲလွန်စ ရှာဖွေရန် ကြိုးစားကြသော်လည်း အကန့်အသတ် ရှိလွန်းလှသည်။

မဖွင့်ခင် ပစ္စည်းများကို မြင်နိုင် မမြင်နိုင် ဆိုသည်မှာ သူတို့၏ ကံတရားအပေါ်၌သာ မူတည်နေတော့သည်။

ယဲ့ဖန်ကတော့ သူတို့နောက် လိုက်မဝင်ပေ။

နှာခေါင်းကို အသာပိတ်လိုက်ပြီး နက်ရှိုင်းသော လမ်းကြောင်းပြ စနစ် (Deep Navigation) ကို တိတ်တဆိတ် ဖွင့်ကာ စက္ကူပုံးများနှင့် ပီနံအိတ်များထဲမှ အကြောင်းအရာများကို စစ်ဆေးလိုက်လေသည်။

"စစ်ဆေးချက် ရလဒ် - ဟောင်းနွမ်းနေသော အမျိုးသမီး အတွင်းခံများ... တန်ဖိုး အလွန် နိမ့်သည်။"

"စစ်ဆေးချက် ရလဒ် - အမျိုးသမီး ဆွဲဆောင်မှုရှိသော အတွင်းခံများ... တန်ဖိုး အလွန် နိမ့်သည်။"

"စစ်ဆေးချက် ရလဒ် - ရှီးမင် အရာရှိမင်း၏ ငွေလင်ပန်း... အစစ်အမှန် ဖြစ်သည်... တန်ဖိုး ယွမ် (၂၀,၀၀၀) ခန့်။"

"စစ်ဆေးချက် ရလဒ် - အစာအိမ် အာဟာရဖြည့် ခရင်မ် ဖော်မြူလာ... တန်ဖိုး ယွမ် (၃၀,၀၀၀) ခန့်။"

"စစ်ဆေးချက် ရလဒ် - ရှီးမင် အရာရှိမင်း၏ အချစ်စာ အစုံလိုက်... တန်ဖိုး ယွမ် (၈,၀၀၀) ခန့်။"

[စစ်ဆေးချက် ရလဒ် - သက်တမ်းကုန်နေသော အပြာရောင် ပူပန်မှုကင်း ဆေးလုံး... တန်ဖိုး မရှိ။]

...

စစ်ဆေးချက် အစီရင်ခံစာ အမြောက်အမြား သူ့ခေါင်းထဲသို့ ဝင်ရောက်လာသောအခါ ယဲ့ဖန်၏ နဖူးတွင် အမည်းရောင် မျဉ်းကြောင်းသုံးကြောင်း ပေါ်လာတော့သည်။

[အမည်းရောင် မျဉ်းကြောင်း (Black Lines ) - ဂျပန်အန်နီမေးရှင်းများတွင် စိတ်ပျက်ခြင်း၊ ပြောစရာစကားမဲ့ခြင်းတို့ကို ဖော်ပြသည့် သင်္ကေတပါ..]

ဒီဂိုဒေါင်ကို အရင်က ငှားခဲ့သည့် ပိုင်ရှင်က အရူး တစ်ယောက် ဖြစ်ဖို့များသည်။ ဒီလူ့ ပစ္စည်းတွေ အကုန်လုံးက "ခန္ဓာကိုယ် အောက်ပိုင်း" နှင့် ပတ်သက်နေတာချည်း ဖြစ်နေလေ၏။

အရယ်ရဆုံး အချက်မှာ ရှေးဟောင်း တရုတ်ပြည်မှ တားမြစ်ထားသော စာအုပ်ထဲတွင် ပါဝင်သည့် အရာရှိမင်း ရှီးမင်၏ "အိပ်ခန်းသုံး ကိရိယာ" အများအပြား အမှန်တကယ် ရှိနေပြီး နိုင်ငံရပ်ခြားအထိ ရောက်ရှိနေခြင်းပင်။ [Translator's Note: အရာရှိမင်း ရှီးမင် သည် တရုတ်ဂန္တဝင် ဝတ္ထု "Jin Ping Mei" (ရွှေအိုးစည်ထဲမှ ဇီးသီး) ထဲမှ ဇာတ်ကောင်ဖြစ်ပြီး မိန်းမ လိုက်စားသူအဖြစ် နာမည်ကြီးပါသည်။]

ထိုအထဲတွင် တန်ဖိုးအကြီးဆုံး ပစ္စည်းက ယွမ် (၃၀,၀၀၀) ခန့်သာ တန်ကြေးရှိလေသည်။

ယဲ့ဖန် လက်လျှော့လိုက်၏။

ထိုပစ္စည်းတွေက တန်ဖိုး နည်းလွန်း၍ မဟုတ်ပေ။ သဘာဝအရကိုက မတန်ဘူး ဖြစ်နေလေ၏။

အမှန်အတိုင်း ပြောရလျှင် ဒီတစ်ခေါက် အမေရိကန် ခရီးစဉ်အတွင်း ပြည်ပသို့ ရောက်ရှိနေသော ပျောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်အချို့ကို ရှာဖွေပြီး နိုင်ငံတော်သို့ ပြန်လည် ယူဆောင်သွားရန် ယဲ့ဖန် ရည်ရွယ်ထားသည်။

အရာရှိမင်း ရှီးမင် အသုံးပြုခဲ့သော အသုံးအဆောင်များကို "ယဉ်ကျေးမှု အမွေအနှစ်" ဟု သတ်မှတ် နိုင်သော်လည်း...

ဒီလို "ယဉ်ကျေးမှု အမွေအနှစ်" မျိုးကတော့ နိုင်ငံရပ်ခြားမှာပဲ ဆက်ပြီး ပျံ့လွင့်နေပါစေတော့။

အခြား လေလံဆွဲမည့် သူများမှာတော့ ယဲ့ဖန်လို စွမ်းရည်မျိုး မရှိကြပေ။ သူတို့က စက္ကူပုံးတွေနှင့် ပီနံအိတ်တွေထဲမှာ ဘာတွေ ပါနိုင်မလဲ ဆိုတာကို လေ့လာရင်း တီးတိုး တိုင်ပင်နေကြ၏။

"ဒီပစ္စည်းတွေက တော်တော် ဟောင်းနေပုံပဲ။"

"ဈေးနည်းနည်းနဲ့ လေလံဆွဲလိုက်ရင် ရှုံးဖို့ အခွင့်အရေး နည်းတယ် မဟုတ်လား။"

"မင်း ဘယ်လိုထင်လဲ။"

"..."

ကျူးရှောင်ကျောင်းကလည်း စက္ကူပုံးများနှင့် ပီနံအိတ်များကို စိတ်ဝင်စားနေပုံ ရသည်။ ဘေးနားမှ ယဲ့ဖန်၏ လက်မောင်းကို လှုပ်ယမ်းလိုက်လေသည်။

"အဟမ်း... အဟမ်း။"

ယဲ့ဖန်က သူမ ဆိုလိုသည်ကို သဘာဝကျကျ နားလည်လိုက်ပြီး သူမ ပခုံးကို ပုတ်လိုက်လေသည်။

"ငါ့စကား နားထောင်... အထဲက ပစ္စည်းတွေကို လောင်းကြေး မထပ်နဲ့။"

သူက မိခင်ဘာသာစကားဖြင့် ပြောနေသော်လည်း အသံကို နှိမ့်ထားလိုက်သည်။

ဒီမှာ လူတွေ အများကြီး ရှိနေပြီး တရုတ်စကား နားလည်သည့် နိုင်ငံခြားသားတွေ ပါမလာဘူးဟု ဘယ်သူမှ အာမမခံနိုင်ပေ။ ဂိုဒေါင်ထဲမှာ ဘာရှိလဲ ဆိုတာ သူ သိနေရုံနှင့် အဆင်ပြေသော်ငြား၊ ဂိုဒေါင်အငှား ကုမ္ပဏီကိုတော့ အနှောင့်အယှက် သွားပေး၍ မဖြစ်ပေ။

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို အလွန် ယုံကြည်သည်။ ယဲ့ဖန်၏ စကားကို ကြားသောအခါ သူမက ချက်ချင်းပင် လက်မောင်းကို ဆက်မလှုပ်တော့ဘဲ အခြား ပါဝင်သူများ ဆွေးနွေးနေကြသည်ကို တိတ်တဆိတ် ကြည့်ရှုနေလိုက်လေသည်။

ဒုတိယ ဂိုဒေါင်ကို စစ်ဆေးပြီးနောက် ရစ်ချတ်က လူတိုင်းကို တတိယ ဂိုဒေါင်ဆီသို့ ခေါ်ဆောင်သွားလေသည်။

ယဲ့ဖန်တွင်မူ အစက ခံစားချက်မျိုး မရှိတော့ပေ။

မပါဝင်ခင်တုန်းကတော့ ဒီကိစ္စမှာ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ ပါဝင်မည်ဟု သူ ထင်ထားခဲ့၏။

ဒါပေမဲ့ အခု ဂိုဒေါင် နှစ်လုံးကို ကြည့်ပြီးနောက် သူ တစ်ခုခုကို သဘောပေါက်သွားသည်။

ဒီနေရာမှာ ထင်ရှားသည့် စကားလုံး တစ်လုံးသာ ရှိ၏။ အဲဒါက "လောင်းကစား" ပဲ။

ကျွမ်းကျင်မှု ဆိုတာ ဘာမှ အရေးမပါချေ။

တခြားနည်းနှင့် ပြောရရင် ဒီနေရာက သူလို Cheat ကုဒ် သုံးထားသည့် လူမျိုးအတွက်တော့ အလကား ရသော နေ့လည်စာ တစ်နပ်လိုပါပင်။

တတိယ ဂိုဒေါင် ပွင့်သွားပြီး လူတိုင်း အလုအယက် တိုးဝှေ့ကြည့်ရှုနေကြသည်ကို မြင်သောအခါ ယဲ့ဖန် ပြုံးရုံသာ ပြုံးလိုက်လေသည်။

ဒီဂိုဒေါင်ထဲမှာလည်း အမှိုက်တွေ အများကြီး ပုံထားလေသည်။

ကြည့်ရတာ ဘာမှ ကောင်းတာ ပါမည့်ပုံ မပေါ်ပေ။

လူတိုင်းက လက်မလျှော့ချင်ကြသဖြင့် စိတ်ဝင်တစား တိုးကပ်သွားကြပြီး ပစ္စည်းများကြားမှ နေရာလပ်များကို ချောင်းကြည့်ကာ သဲလွန်စ ရှာဖွေနေကြ၏။

ယဲ့ဖန်က ချက်ချင်းပင် နက်ရှိုင်းသော လမ်းကြောင်းပြ စနစ်ကို ဖွင့်လိုက်ပြီး ဂိုဒေါင်ကို စကင်န်ဖတ်လိုက်တော့၏။

"စစ်ဆေးချက် ရလဒ် - နှစ်ယောက်အိပ် ကုတင်အို... တန်ဖိုး အလွန် နိမ့်သည်။"

"စစ်ဆေးချက် ရလဒ် - မျက်နှာကြက် မီးအိမ်အို... တန်ဖိုး အလွန် နိမ့်သည်။"

"စစ်ဆေးချက် ရလဒ် - တံခါးတစ်ချပ်ပါ ရေခဲသေတ္တာအို... တန်ဖိုး အလွန် နိမ့်သည်။"

...

စစ်ဆေးချက် ရလဒ် အမြောက်အမြား သူ့ခေါင်းထဲသို့ ဝင်ရောက်လာသောအခါ သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ဒါ ဂိုဒေါင် မဟုတ်ဘူးလား။ ဘာလို့ အထဲမှာ နေ့စဉ်သုံး ပစ္စည်းတွေပဲ ရှိနေရတာလဲ။

ဗီရိုတွေကနေ အိုးခွက်ပန်းကန်တွေ အထိ အကုန်ရှိနေသည်ဟု ပြောနိုင်သည်။

အရင်က ဂိုဒေါင်ငှားတဲ့ လူက ဒီနေရာကို အိမ်လို သဘောထားပြီး နေသွားတာများလား။

သို့သော် ယဲ့ဖန် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေချိန်တွင် နောက်ဆုံး စစ်ဆေးချက် အစီရင်ခံစာက သူ့မျက်လုံးများကို အရောင်တောက်သွားစေခဲ့၏။

"စစ်ဆေးချက် ရလဒ် - ရွှေရောင် လွတ်လပ်ရေး ရုပ်တု (The Golden Statue of Liberty)... ဂေါလ် (Gaul) [ပြင်သစ်] အနုပညာရှင် ရောဘတ် ကိုချက် (Robert Cochet) ၏ ဘဝနေဝင်ချိန် နောက်ဆုံး လက်ရာ... ဤသည်မှာ ရောဘတ်၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကြီးမားသည့် ရွှေထည် လက်ရာ ဖြစ်သည်... စနစ်၏ ခန့်မှန်းတန်ဖိုးမှာ ဒေါ်လာ (၁၀) သန်း ဖြစ်ပါသည်"

လူတိုင်းက အသည်းအသန် ရှာဖွေနေကြသော်လည်း မတွေ့ဘဲ ဖြစ်နေချိန်တွင်... ရတနာက ဒီဂိုဒေါင်ထဲမှာ အမှန်တကယ် ရှိနေခဲ့သည်။ [Translator's Note: တရုတ်စကားပုံ "လူအုပ်ထဲမှာ သူမကို အကြိမ်ထောင်ချီ ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူး... ရုတ်တရက် နောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူမက မီးအိမ်တွေ မှိန်ဖျော့နေတဲ့ နေရာမှာ ရှိနေခဲ့တယ်" (Zhong li xun ta qian bai du, mo ran hui shou, na ren que zai, deng huo lan shan chu) ကို ကိုးကားထားခြင်း ဖြစ်ပါ၏။]

ဒါ့အပြင် တန်ဖိုးက ဒေါ်လာ (၁၀) သန်း... တရုတ်ငွေနဲ့ ဆိုလျှင် သန်း (၇၀) ကျော်တောင် ရှိသည်။

ရောဘတ် ကိုချက် ဆိုတာ ဘယ်သူလဲ ယဲ့ဖန် သိသည်။

(၁၉) ရာစုတုန်းက ဂေါလ် (ပြင်သစ်) နိုင်ငံ၏ နာမည်ကြီး ရွှေပန်းထိမ် ဆရာ တစ်ဦး ဖြစ်၏။ သူက ဆုတံဆိပ်တွေ၊ ဒင်္ဂါးပြားတွေနှင့် မုန်ညင်းစေ့လောက် သေးငယ်သည့် ကြေးထည် ပစ္စည်းလေးတွေ ပြုလုပ်ရာမှာ နာမည်ကြီးသည်။ သူ၏ အောင်မြင်မှုတွေက မှတ်တမ်းတင်လောက်သော်ငြား ပစ္စည်းအကြီးစားတွေ လုပ်သည် ဟူ၍တော့ တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော် မကြားဖူးတာလည်း မဆန်းပါချေ။ ရောဘတ်က သူ့တစ်သက်မှာ ဒီတစ်ခုတည်းကိုပဲ လုပ်ခဲ့သည်ကိုး။

ယဲ့ဖန်က ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး ဒီဂိုဒေါင် နံပါတ်ကို မှတ်သားထားလိုက်သည်။

ဒီအချိန်မှာ ရစ်ချတ်၏ အလုပ်က ဂိုဒေါင်တွေကို လိုက်ပြဖို့သာ ရှိသေးသည်။ လေလံဆွဲရမည့် အချိန် မရောက်သေးပေ။

နောက်ထပ် ဂိုဒေါင် တစ်လုံး ပွင့်သွားသောအခါ လူတိုင်းက မကျေမနပ် အော်ဟစ်လိုက်ကြပြန်သည်။ အထဲတွင် သစ်သားဗီရို (၁၀) လုံးခန့်နှင့် ဖုန်တွေ တက်နေသော ပုလင်းခွံ၊ ဘူးခွံအချို့သာ ရှိလေ၏။

ဒီဂိုဒေါင်ကို မြင်လိုက်ရသောအခါ လူတိုင်း ထပ်မံ၍ မကျေမနပ် အော်ဟစ်လိုက်ကြပြန်သည်။ အရင်က ဒီဂိုဒေါင်ကို ငှားရမ်းခဲ့သူမှာ စားသောက်ဆိုင် ပိုင်ရှင် ဖြစ်မည်ဟု သူတို့ အသေအချာ တွက်ဆလိုက်ကြ၏။

"ဒါက... ဒေါ်လာ (၁၀၀) ပဲ တန်မယ်။"

"တစ်ရာ ဟုတ်လား... ငါကတော့ (၅၀) တောင် အကုန်မခံချင်ဘူး။"

"ကွဲနေတဲ့ အိုးတွေနဲ့ ပုလင်းအပြာတွေက ဘာများ ကောင်းလို့လဲ... နောက်တစ်လုံး မြန်မြန် ပြစမ်းပါ။"

လူအုပ်ကြီးက ရစ်ချတ်ကို စိတ်မရှည်စွာ တိုက်တွန်းလိုက်ကြလေသည်။

All Chapters