အခန်း (၁၅၉၉-၁၆၀၁)
Vol. 83 Ch. 1599-1601
အခန်း (၁၅၉၉) - နှစ် (၅,၀၀၀) ကြာပြီးမှ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီ
~ယဲ့ဖန်၏ စိတ်အာရုံများသည် ရောဘတ် ကိုချက်၏ နောက်ဆုံးလက်ရာပေါ်၌သာ ရှိနေလေသည်။
စနစ်၏ နက်ရှိုင်းသော စကင်န်ဖတ်မှု ရလဒ်များတွင် စာသားအချို့သာ ပါဝင်သော်လည်း ယဲ့ဖန်သည် သူ့ဖုန်းထဲတွင် သက်ဆိုင်ရာ ပုံရိပ်အပြည့်အစုံကို ရှာတွေ့ထားပြီး ဖြစ်လေသည်။
(၂၄) ကာရက် ရွှေစင်ဖြင့် ပြုလုပ်ထားသော လွတ်လပ်ရေး ရုပ်တုသည် အမြင့် (၅၀) စင်တီမီတာ ရှိပြီး စုစုပေါင်း အလေးချိန် (၁၀၀) ကီလိုဂရမ် ကျော်လေသည်။ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဟယ်ရီဆင် (Harrison) မြစ်ဝအနီးရှိ ရုပ်တုကြီးနှင့် ပုံစံတူပင် ဖြစ်၏။ ရုပ်တုသည် ရှေးဟောင်း ဂရိစတိုင်လ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် တောက်ပသော သရဖူကို ဆောင်းထားလေသည်။ ချွန်ထက်သော အလင်းတန်း ခုနစ်ခုသည် တိုက်ကြီး ခုနစ်တိုက်ကို ကိုယ်စားပြုသည်။ သူမ၏ ညာလက်တွင် လွတ်လပ်ခြင်း အထိမ်းအမှတ် မီးရှူးတိုင်ကို ကိုင်ဆောင်ထားပြီး ဘယ်လက်တွင် လွတ်လပ်ရေး ကြေညာစာတမ်းကို ကိုင်ဆောင်ထားလေသည်။ ခြေဖဝါးအောက်ရှိ ကျိုးပဲ့နေသော သံချေးတက် သံခြေကျင်းများက အကြမ်းဖက်မှု၏ ချုပ်နှောင်ထားခြင်းမှ လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှုကို ရှာဖွေခြင်းတို့ကို ကိုယ်စားပြုနေလေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖြားယောင်း ဆွဲဆောင်မှု ကောင်းလွန်းလှသည်။
ယဲ့ဖန် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။
အနောက်တိုင်းသားများ၏ အမြင်တွင် ရောဘတ် ကိုချက် ဆိုသည်မှာ ဘဏ်လုပ်ငန်းနှင့် ရွှေပန်းထိမ် လုပ်ငန်း၏ ဘိုးဘေး တစ်ယောက် ဖြစ်၏။ အနုပညာလောကတွင် အဓိကကျသော နေရာတစ်ခုကို ရယူထားသူ ဖြစ်လေသည်။
သူ ကွယ်လွန်ပြီးမှ ကျန်ရစ်ခဲ့သော ဤလက်ရာသာ ကမ္ဘာလောကကြီးထဲသို့ ထွက်ပေါ်လာခဲ့လျှင် အနုပညာလောက တစ်ခုလုံးတွင် မုန်တိုင်းကြီး တစ်ခု တိုက်ခတ်သွားစေလိမ့်မည်။ အနုပညာရှင် အားလုံး ရူးသွပ်သွားကြပေလိမ့်မည်။
စနစ်၏ တန်ဖိုးဖြတ်မှုတွင် ပြဿနာ ရှိနေသည်ဟုပင် ယဲ့ဖန် သံသယ ဝင်မိလိုက်သည်။ ဤမျှ ကြီးမားသော ရွှေရုပ်တုကြီး တစ်ခုအတွက် ကုန်ကြမ်း တန်ဖိုး သက်သက်ကပင် မနည်းလှပေ။ ထို့အပြင် ရောဘတ်၏ ပါရမီရှင် ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်လျှင် တန်ဖိုးက ဒေါ်လာ (၁၀) သန်းမက ရှိလောက်သည်။
ဘေးနားရှိ ကျူးရှောင်ကျောင်းကလည်း ယဲ့ဖန်၏ ထူးဆန်းသော အမူအရာကို သတိထားမိလိုက်သည်။
ယဲ့ဖန်၏ ဂရုမစိုက်သလို မျက်နှာထား၊ ထို့နောက် ရုတ်တရက် တောက်ပလာသော မျက်လုံးများနှင့် မြန်ဆန်လာသော အသက်ရှူသံများကို မြင်လိုက်ရသောအခါ သူမ စိတ်ပူသွားရှာသည်။
ဘာအကြောင်းမှ မရှိဘဲ သိုင်းရွိုက် ဟော်မုန်းများလွန်းတဲ့ ရောဂါ (Hyperthyroidism) ခံစားနေရတာများလား။
"ရှောင်ဖန်... နေမကောင်းဘူးလား။"
"နေမကောင်းရင် စောစောစီးစီး ဆေးရုံသွားပြနော်။"
"အချိန်ဆွဲမနေနဲ့... ရောဂါ အခြေအနေ ပိုဆိုးသွားပြီး ရုတ်တရက်ကြီး သေသွားရင် ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့။"
ကျူးရှောင်ကျောင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ယဲ့ဖန် အသိပြန်ဝင်လာပြီး ဒရာမာဘုရင်မလေး ကျူးရှောင်ကျောင်းကို ကြည့်ကာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
‘ဒီလောက် လှပပြီး စကားပြောကောင်းတဲ့ ကောင်မလေး ရှိနေမှတော့... ငါ သေချင်ရင်တောင် သေရမှာ မဟုတ်ပါဘူးဟာ။
ပြီးတော့ ငါတို့က အဲဒီ အဆင့်ကိုတောင် မကျော်ဖြတ်ရသေးဘူးလေ...မင်းကို တစ်ယောက်တည်း ထားခဲ့မယ် ဆိုတဲ့ စကားက ဘယ်လိုလုပ် ပြောထွက်ရတာလဲ။’
ရစ်ချတ်နောက်သို့ လိုက်ပါပြီး ဂိုဒေါင်များကို လှည့်လည် ကြည့်ရှုရင်း ယဲ့ဖန်၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
မိမိကိုယ်ကို အံ့သြစရာလေး တစ်ခု ပေးချင်သဖြင့် ဤဂိုဒေါင်များကို စနစ်၏ နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက်ဖြင့် ကြိုတင် မစစ်ဆေးခဲ့ပေ။ ဂိုဒေါင်တံခါး ပွင့်သွားပြီး အပေါ်ယံ ကြည့်ရုံဖြင့် ဘာမှ မမြင်ရသော အခါမှသာ နက်ရှိုင်းသော လမ်းကြောင်းပြ စနစ်ကို အသုံးပြုမည် ဖြစ်၏။
ရစ်ချတ်က ဂိုဒေါင်တံခါးများကို တစ်ခုပြီးတစ်ခု ဖွင့်ပြရင်း အချိန်များ ကုန်ဆုံးသွားသည်။ ဂိုဒေါင်ပေါင်း (၁၀၀) ကျော်ကို စစ်ဆေးပြီးသည့်တိုင်အောင် မည်သည့် ပစ္စည်းကောင်းမှ မတွေ့ရသေးပေ။
ဂိုဒေါင် အချို့ရှိ ပစ္စည်းများတွင် စနစ်က ရတနာပါကြောင်း အလင်းစက်လေးများ ပြသနေသော်လည်း အများစုမှာ ယွမ်ငွေ ထောင်ဂဏန်းလောက်သာ တန်ဖိုးရှိကြ၏။ ယဲ့ဖန်အတွက် ပျင်းစရာ ကောင်းနေသဖြင့် ဂရုမစိုက်တော့ပေ။
ဂိုဒေါင် အားလုံးကို ကြည့်ရှုပြီးနောက် လူတိုင်းသည် မိမိတို့ နှစ်သက်သော ဂိုဒေါင် နံပါတ်များကို တိတ်တဆိတ် မှတ်သားထားကြလေသည်။
ထို့နောက် ယဲ့ဖန်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး လေလံပွဲတွင် ပါဝင်ရန် ပြင်ဆင်လိုက်လေသည်။
သူ ဂိုဒေါင် နှစ်လုံးကိုသာ မှတ်သားထားသည်။ တစ်လုံးမှာ ရောဘတ် ကိုချက်၏ ရွှေရောင် လွတ်လပ်ရေး ရုပ်တု ရှိသော အမှတ် (၈) ဂိုဒေါင် ဖြစ်ပြီး၊ နောက်တစ်လုံးမှာ သစ်သားစင်အိုကြီးများနှင့် ပုလင်းများ ရှိသော အမှတ် (၁၀) ဂိုဒေါင် ဖြစ်လေသည်။
အမှတ် (၁၀) ဂိုဒေါင်ထဲမှ ပစ္စည်းများ အားလုံး ဖုန်များ ဖုံးလွှမ်းနေလေ၏။ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူ ပညာရှင် တစ်ယောက်ပင်လျှင် ဘာမှ မြင်နိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ သူ့မှာ စနစ်ရဲ့ နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက် ရှိနေတယ်လေ။
အဲဒီ ပုလင်းတွေ၊ အိုးတွေ အကုန်လုံးက နာမည်ကြီး မီးဖို (၅) ခုက ထွက်တဲ့ အဖိုးတန် ကြွေထည်တွေချည်းပဲ။ အကုန်လုံးက စုန့် မင်းဆက် ခေတ်က ပစ္စည်းတွေ။
[Translator's Note: စုန့်မင်းဆက် (၉၆၀-၁၂၇၉) သည် တရုတ်ကြွေထည် သမိုင်းတွင် အထွတ်အထိပ် ကာလဖြစ်ပြီး နာမည်ကြီး မီးဖို (၅) ခုမှ ထွက်သော ကြွေထည်များမှာ အလွန် တန်ဖိုးကြီးလှသည်။]
‘သစ်သားစင်တွေတောင်မှ သာမန် မဟုတ်ဘူး။ အကုန်လုံးက အဝါရောင် နှင်းဆီသစ်သား (Yellow Rosewood) တွေနဲ့ လုပ်ထားတာ။
ဒီ နိုင်ငံခြားသား အရိုင်းအစိုင်းတွေက ဒါတွေ ဘာလဲ ဆိုတာ သိမှာ မဟုတ်ဘူး... နာမည်တောင် ခေါ်တတ်မှာ မဟုတ်ဘူးပဲ။’
လေလံပွဲ စတင်သောအခါ ယဲ့ဖန်သည် ပထမ ဂိုဒေါင် အနည်းငယ်ကို စိတ်မဝင်စားပေ။ သို့သော် အမှတ် (၈) ဂိုဒေါင် အလှည့် ရောက်သောအခါ ယဲ့ဖန်က ပထမဆုံး ရှေ့ထွက်လာလေသည်။
နှစ် (၅,၀၀၀) ကြာပြီးမှ... နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီဟေ့။
"ဒေါ်လာ ငါးရာ။"
ယဲ့ဖန်က ပထမဆုံး ဈေးဖွင့်လိုက်သည်။
လူတိုင်းက သူ့ကို အံ့သြတကြီး ကြည့်လိုက်ကြ၏။ ဘယ်လိုပဲ ကြည့်ကြည့် အမှတ် (၈) ဂိုဒေါင်ထဲမှာ အမှိုက်တွေပဲ ရှိသည်လေ။ အမှိုက်ပုံနှင့် ဘာမှ မခြားနားပေ။
‘ဒီလို အမှိုက်မျိုးအတွက် သာမန်လူက ဒေါ်လာ (၁၀၀) ပေးရင်တောင် များနေပြီ။’
လူအုပ်ထဲတွင် အမှတ် (၈) ဂိုဒေါင်ကို စိတ်ဝင်စားသူ အနည်းငယ် ရှိသော်လည်း ယဲ့ဖန်၏ ဈေးကို ကြားလိုက်ရသောအခါ ရပ်တန့်သွားကြ၏။
အကြောင်းရင်းက ရှင်းရှင်းလေးပင်။ ဂိုဒေါင်ထဲမှ ပစ္စည်းများမှာ ယခင် ပိုင်ရှင်များ စွန့်ပစ်ခဲ့သော သို့မဟုတ် မေ့လျော့ခဲ့သော ပစ္စည်းများသာ ဖြစ်၏။ စွန့်ပစ်ခံရသော၊ မေ့လျော့ခံရသော ပစ္စည်းများ ဆိုသည်မှာ တန်ဖိုး မရှိသလောက် နည်းပါးပေလိမ့်မည်။ ဒေါ်လာ (၁၀၀) ဆိုသည်မှာပင် ထိုပစ္စည်းများ၏ တန်ဖိုးထက် ကျော်လွန်နေနိုင်သည်။ ဒေါ်လာ (၅၀၀) သုံးပြီး လေလံဆွဲခြင်းမှာမူ ဘယ်လိုပဲ စဉ်းစား စဉ်းစား မတန်ပေ။
"ရှင် ဘာလုပ်နေတာလဲ။"
ကျူးရှောင်ကျောင်းက ယဲ့ဖန်၏ အင်္ကျီစကို နားမလည်နိုင်စွာ ဆွဲလိုက်လေသည်။
သူမတို့နှစ်ဦးစလုံး ပိုက်ဆံ မရှားပါ။ ဒီ ဒေါ်လာ (၅၀၀) ဆိုတာ သူမတို့အတွက် ဘာမှ မဟုတ်ပေ။ သမုဒ္ဒရာထဲက ရေတစ်စက် လောက်ပါပဲ။ သို့ရာတွင်၊ ယဲ့ဖန်က ဘာအတွက် စက္ကူပုံးတွေ၊ ပီနံအိတ်တွေကို လေလံဆွဲချင်ရသည်လဲ ဆိုတာ သူမ နားမလည်နိုင် ဖြစ်နေရသည်။
"ကိုယ့် အာရုံခံစားမှုက ပြောနေတယ်... အထဲမှာ ပစ္စည်းကောင်းတွေ ရှိတယ်တဲ့။"
ယဲ့ဖန်က ကျူးရှောင်ကျောင်း၏ သေးသွယ်သော ခါးလေးကို ဖက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်လေသည်။
ကျူးရှောင်ကျောင်းက ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်၏။
"အဲ့ဒီလို မလုပ်ပါနဲ့ဟယ်... ကြွက်သေ အသိုက်ကြီး တူးမိနေပါဦးမယ်။"
ယဲ့ဖန်လည်း ရယ်မောလိုက်သည်။
"မင်း ပြောတာ ဟုတ်တယ်...ကိုယ် အထဲမှာ ကြွက်ပေါက်စလေး တစ်ကောင် လျှောက်သွားနေတာ တွေ့လိုက်တယ်... ဒါကြောင့် ဓာတ်ပုံရိုက်ထားလိုက်တာ...မင်းကို အံ့သြသွားအောင် လုပ်မလို့လေ။"
"အင်... မဟုတ်ပါဘူးနော်... မလုပ်ပါနဲ့။"
ကျူးရှောင်ကျောင်း ကြောက်လန့်လွန်းသဖြင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရှာသည်။ သူမက ကြွက်ကို အကြောက်ဆုံးပင်။ ကြားလိုက်ရုံ၊ မြင်လိုက်ရုံဖြင့် ကြက်သီးထမိ၏။
"စတာပါ...ကိုယ် မင်းကို လိမ်လိုက်တာ။"
ယဲ့ဖန်က သူမ နားနားကပ်ပြီး တီးတိုး ပြောလိုက်လေသည်။
ကျူးရှောင်ကျောင်း၏ နားရွက်လေးများမှာ ယဲ့ဖန် ပါးစပ်မှ ထွက်လာသော လေနွေးနွေးလေးများကြောင့် ယားယံသွားရသည်။
"လူဆိုးကောင်။"
သူမက ပြောလိုက်လေ၏။
ယဲ့ဖန် ရယ်မောလိုက်သည်။ ရွှေရောင် လွတ်လပ်ရေး ရုပ်တုကြီး သူ့အိတ်ထဲ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။
ရစ်ချတ်လည်း ယဲ့ဖန်က ဒေါ်လာ (၅၀၀) ပေးသည်ကို အံ့သြနေမိ၏။
"ဟေး... အခွင့်အရေးက ခင်ဗျားတို့ ရှေ့တည့်တည့် ရောက်နေပြီနော်... အားလုံးပဲ... လက်လွတ်မခံကြနဲ့။"
"ကဲ... လောင်းကြည့်လိုက်စမ်းပါ... စက်ဘီးကနေ မော်တော်ဆိုင်ကယ် ဖြစ်လာနိုင်တယ်နော်။"
"ကံစမ်းကြည့်လိုက်ကြပါ... မော်တော်ဆိုင်ကယ်ကို ဇိမ်ခံကားနဲ့ လဲနိုင်မလား ဘယ်သူသိမလဲ။"
"အခွင့်အရေးကို ဆုပ်ကိုင်ထားကြ... တစ်ညတည်းနဲ့ သူဌေး ဖြစ်လာနိုင်တယ်ဗျ။"
ရစ်ချတ်က ဈေးနှုန်း မြှင့်တင်နိုင်မည့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ အခြားသူများကို တိုက်တွန်းလေတော့သည်။
ဘယ်သူမှ နားမထောင်ကြပေ။
သူတို့အားလုံးက ဂိုဒေါင် လောင်းကစား ဝါရင့်တွေချည်း ဖြစ်ကြ၏။
ဒီလောကမှာတောင်မှ လူနည်းစုလောက်သာ တကယ် သူဌေး ဖြစ်လာကြ၏။ အများစုက ရှုံးကြ၏။ချည်းပဲ။
သူတို့ထဲက အများစုလည်း ဒီလောကထဲ စဝင်တုန်းက ရစ်ချတ် အလိမ်အညာ ခံခဲ့ရဖူးသူတွေချည်း ဖြစ်၏။
ရစ်ချတ်က ထိုသူများ စိတ်မဝင်စားမှန်း သိလိုက်သော်လည်း ရှက်ရွံ့ခြင်း မရှိပေ။ သွားဖြဲနားဖြဲ လုပ်ရင်း နောက်ထပ် ဂိုဒေါင် တစ်လုံးကို ဆက်လက် လေလံတင်လေသည်။
အမှတ် (၁၀) ဂိုဒေါင်သို့ ရောက်သောအခါ အများစုမှာ လေလံဆွဲရန် စိတ်မပါကြတော့ပေ။
"ဒေါ်လာ (၂၀)။"
သို့သော် တစ်စုံတစ်ယောက်က ဈေးစဖွင့်လိုက်သေးသည်။
"ဒေါ်လာ (၂၀)။"
"ဒေါ်လာ (၃၀)။"
"ဒေါ်လာ (၄၀)။"
"ဒေါ်လာ (၄၅)။"
ဈေးနှုန်းက ဆက်တိုက် မြင့်တက်လာပြီး မကြာမီမှာပင် ဒေါ်လာ (၅၀) အထိ ရောက်ရှိသွားသည်။ သို့သော် ဒီအချိန်မှာ ဘယ်သူမှ ဆက်ပြီး ဈေးမပေးကြတော့ပေ။
"ဈေးပိုပေးချင်တဲ့သူ ရှိသေးလား။"
"မရှိရင်တော့ ဒီဂိုဒေါင်ထဲက ပစ္စည်းတွေက ဂျယ်ရီ ပိုင်တာ ဖြစ်သွားပါပြီ။"
ရစ်ချတ်က ဂျယ်ရီ အမည်ရှိ လူမည်းတစ်ယောက်ကို ကြည့်လိုက်ပြီး တူထုရန် ပြင်လိုက်လေတော့သည်။
အခန်း (၁၆၀၀) - သူများတွေက ငါ့ကို အရူးလို့ ထင်ပြီး ရယ်မောနေကြတာကိုး
~"ငါ ဒေါ်လာ (၅၀၀) ပေးမယ်။"
ကျူးရှောင်ကျောင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဈေးနှုန်းကို (၁၀) ဆ တိုးပေးလိုက်လေသည်။
လူတိုင်း ပွက်လောရိုက်သွားကြ၏။
‘ဒီနေ့ ဘာတွေ ဖြစ်ကုန်ကြတာလဲ။ ဟို တရုတ်ကောင်လေးက အမှိုက်ပုံကြီးကို ဒေါ်လာ (၅၀၀) ပေးပြီး လေလံဆွဲသွားတယ်။ အခု ဒီကောင်မလေးကလည်း ပုလင်းခွံတွေ၊ ဘူးခွံတွေကို ဒေါ်လာ (၅၀၀) ပေးပြီး လေလံဆွဲပြန်ပြီ။’
ယဲ့ဖန်ကတော့ မအံ့သြမိပေ။
ကျူးရှောင်ကျောင်း ဆိုတာ အမြင်ကျယ်ပြီး ဗဟုသုတ ကြွယ်ဝသည့် သူပင်။ အခြေခံ ဆုံးဖြတ်နိုင်စွမ်းတော့ သေချာပေါက် ရှိမည်ပေါ့။ ထိုပုလင်းတွေ၊ အိုးတွေ၏ တန်ဖိုးကို အတိအကျ မဆုံးဖြတ်နိုင်သော်လည်း ကြွေထည်တွေ ဆိုတာတော့ သူမ ပြောနိုင်၏။ ဒီသဲလွန်စလေး တစ်ခုတည်းနှင့်တင် သူမ လောင်းကြေးထပ်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
လူတိုင်းက တီးတိုး တိုင်ပင်နေကြ၏။ သူတို့လည်း လိုက်ပြီး လောင်းသင့်သလား ဆိုတာ စဉ်းစားနေကြ၏။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း အတူတူ လာကြတာကိုလည်း သူတို့ သတိထားမိကြ၏။ ဒီလူနှစ်ယောက်က သူများတွေ စိတ်မဝင်စားသည့် ပစ္စည်းတွေကို ဈေးကြီးပေးပြီး လေလံဆွဲနေမှတော့ သူတို့မှာ ထူးခြားသော အမြင် တစ်ခုခု ရှိ၍သာ နေမည်။
ယဲ့ဖန်က လူတိုင်း ပြောနေကြတာကို ကြားလိုက်ရပြီး တိတ်တဆိတ် ရယ်မောလိုက်မိသည်။
မစ္စစ် ကျူးနဲ့ ယှဉ်ပြိုင်ချင်တယ် ဟုတ်လား။ မင်းတို့မှာ အဲ့ဒီလောက် အင်အား ရှိလို့လား။
ဒီလူတွေက တစ်လမှ ဒေါ်လာ (၃၀၀) လောက် ဝင်ငွေရှိသည်။ ကျူးရှောင်ကျောင်း၏ တစ်လ မုန့်ဖိုးလောက်တောင် မရှိချေ။ သူတို့ စုဆောင်းထားတာတွေ အကုန် ထုတ်သုံးလျှင်တောင်မှ ကျူးရှောင်ကျောင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
လူတိုင်းက ဈေးပိုပေးသင့် မပေးသင့် ငြင်းခုန်နေကြပြီး ရစ်ချတ်ကလည်း အလျင်စလို မတိုက်တွန်းသည်ကို မြင်သောအခါ ယဲ့ဖန် ဆက်ပြီး သည်းမခံနိုင်တော့ပေ။
"ဒေါ်လာ (၅,၀၀၀)။"
ယဲ့ဖန်က ချက်ချင်း ဈေးခေါ်လိုက်သည်။ သူ၏ ငွေကြေး အင်အားကို အသုံးပြုပြီး ဒီလူတွေ ဝင်မပြိုင်နိုင်အောင် ပိတ်ပင်လိုက်ခြင်းပင်။
လူအုပ်ကြီး ထပ်မံ ပွက်လောရိုက်သွားပြန်၏။ အကြောင်းရင်းကို သူတို့ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြ၏။
ကျိုးပဲ့နေတဲ့ ပုလင်းခွံတွေ၊ ဘူးခွံတွေ အတွက်နဲ့ ဒေါ်လာ (၅,၀၀၀) တောင် သုံးလိုက်တာလား။ ဒီကောင် ရူးနေတာလား။
"နင် ဘာလုပ်နေတာလဲ။"
ကျူးရှောင်ကျောင်းက ယဲ့ဖန် အင်္ကျီစကို ဆွဲလိုက်သည်။ ဒေါ်လာ (၅,၀၀၀) ဆုံးရှုံးသွားလည်း ကိစ္စမရှိပါ။ သူမတို့က ပိုက်ဆံမရှားပါချေ။
သို့သော်၊ ဈေးနှုန်းကို ဖြည်းဖြည်းချင်း တင်သွားသင့်တာ မဟုတ်ဘူးလား။
“ကိုယ့်ကို ယုံစမ်းပါ... အထဲက ပစ္စည်းတွေက နာမည်ကြီး မီးဖို (၅) ခုက ထွက်တဲ့ ပစ္စည်းတွေ... တန်ဖိုး ဖြတ်မရဘူး”
ယဲ့ဖန်က အသံနှိမ့်ပြီး ပြောလိုက်၏။
ကျူးရှောင်ကျောင်း ခေါင်းငြိမ့်လိုက်သည်။
ယဲ့ဖန် ဖန်တီးခဲ့သည့် အံ့ဖွယ်အမှု (miracle) တွေကို သူမ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။ ဒါကြောင့် ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို မျက်စိမှိတ်ပြီး ယုံကြည်နေမိပြီ ဖြစ်၏။
အတိုချုပ် ပြောရလျှင်၊ ယဲ့ဖန် ရွေးချယ်လိုက်ပြီ ဆိုသည်နှင့် ဒါက မှန်ကန်သော ရွေးချယ်မှုပဲ ဖြစ်ရမည်။
"ဟေး... သူငယ်ချင်း... မင်းက ဒီပစ္စည်းတွေကို ဝယ်ဖို့ ဒေါ်လာ (၅,၀၀၀) တောင် သုံးလိုက်တာလား... စားသောက်ဆိုင် ဖွင့်မလို့လား။"
"ဒီလို စုတ်ပြတ်နေတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ ဆိုရင်တော့ ငါ ဘယ်တော့မှ လာစားမှာ မဟုတ်ဘူး... မင်းဆိုင်တော့ ဒေဝါလီ ခံရတော့မှာပဲ။"
"အသားဝါ မျောက်ကောင်ရေ... ငါ့မှာ မော်တော်ဆိုင်ကယ် တစ်စီး ရှိတယ်ကွ... ငါ့ဆိုင်ကယ်ကို ဒေါ်လာ (၅,၀၀၀) နဲ့ ဝယ်ပါလား... ဒီပုလင်းခွံတွေ၊ ဘူးခွံတွေထက် စာရင် အများကြီး တန်သေးတယ်..."
...
လူတိုင်းက ဝိုင်းဝန်း ရယ်မောကြပြီး ယဲ့ဖန်ကို အားရပါးရ လှောင်ပြောင်နေကြ၏။ အမေရိကန်တို့၏ အရိုးထဲထိ စွဲနေသည့် မောက်မာမှုနှင့် ရိုင်းစိုင်းမှုတွေကို ထုတ်ပြနေကြ၏။
ယဲ့ဖန်သည် ထို ရုပ်ဆိုးအကျည်းတန်သော မျက်နှာများကို ကြည့်ပြီး အလွန် ရွံရှာသွားမိ၏။
သို့သော် အမေရိကန် ဥပဒေတွေက အလှဆင်ထားရုံ သက်သက်သာ။ ဒီအချိန်မှာ ဒီလူတွေနှင့် ပြဿနာ သွားဖြစ်လျှင် ဥပဒေ၏ မတရား သက်ရောက်မှုကို ခံရဖို့ များသည်။
‘ထားလိုက်ပါတော့လေ။ ဒီလူတွေဆီကနေ ဂဏန်း (၉) လုံးပါတဲ့ ဝင်ငွေ (သန်းရာချီ) ရရှိခဲ့တာကို ထောက်ထားပြီး ဒီတစ်ခါတော့ အပြစ်မယူတော့ပါဘူး။’
[Translator's Note: တရုတ်လူမျိုးများသည် ငွေကြေး ပမာဏကို ဂဏန်း အရေအတွက်ဖြင့် တင်စားလေ့ ရှိပါသည်။ ဂဏန်း ၉ လုံးဆိုသည်မှာ သန်း ၁၀၀ နှင့် အထက်ကို ဆိုလိုပါသည်။]
ယဲ့ဖန် သူတို့ကို လျစ်လျူရှုလိုက်သည်။
နောက်ဆုံးတွင် ဂိုဒေါင် (၁၀၀) ကျော် လေလံပွဲ ပြီးဆုံးသွားသောအခါ ယဲ့ဖန်သည် အမှိုက်သိမ်းသမားကို ခေါ်ပြီး အမှတ် (၈) ဂိုဒေါင်ထဲမှ အမှိုက်များကို ရှင်းထုတ်ခိုင်းလိုက်သည်။ လွတ်လပ်ရေး ရုပ်တု ပါဝင်သော စက္ကူပုံး တစ်ပုံးတည်းကိုသာ ချန်ထားခဲ့သည်။
ကျူးရှောင်ကျောင်းက လွတ်လပ်ရေး ရုပ်တုကို ဖုံးအုပ်ထားသော စက္ကူပုံးကို ကြမ်းတမ်းစွာ ဖွင့်လိုက်ပြီး သံသယဖြင့် မေးလိုက်လေသည်။
"ဒါက ရှင် ပြောတဲ့ ရတနာ ဆိုတာလား။"
"ဒေါ်လာ (၅၀၀) ပေးဝယ်ရတာတော့ မရှုံးပါဘူး... ဒါပေမဲ့ ဘယ်သူက ဒီလောက် အားနေလို့ ရုပ်တုလုပ်ဖို့ ရွှေတွေ အများကြီး သုံးရမှာလဲ... ရွှေရည်စိမ် ထားတာတော့ မဟုတ်ပါဘူးနော်။"
ကျူးရှောင်ကျောင်းက လွတ်လပ်ရေး ရုပ်တုကို အားပါးတရ ကိုင်လှုပ်နေသည်ကို မြင်သောအခါ ယဲ့ဖန်၏ နဖူးမှ သွေးကြောများ ထောင်ထလာတော့သည်။
‘ဘုရားရေ... ဒါက (၂၄) ကာရက် ရွှေစင်နဲ့ လုပ်ထားတာဟ။ သိပ်သည်းဆက အရမ်း ပျော့တယ်။ တစ်ခုခုနဲ့ တိုက်မိတာနဲ့ ပုံပျက်သွားပြီး တန်ဖိုး ကျသွားမှာ သေချာတယ်။’
ကျူးရှောင်ကျောင်းက ရွှေရည်စိမ်လား၊ ရွှေစစ်လား စမ်းသပ်ဖို့ ရုပ်တုကို ကိုက်ကြည့်ရန် ပြင်နေသည်ကို တွေ့လိုက်ရသောအခါ ယဲ့ဖန် ချက်ချင်းပင် သူမကို ပွေ့ချီလိုက်လေသည်။
"ရှင် ဘာလုပ်တာလဲ... ကျွန်မကို အောက်ချပေး။"
ကျူးရှောင်ကျောင်း နှုတ်ခမ်းစူလိုက်သည်။
"လုပ်ပါနဲ့... သွားမကိုက်ပါနဲ့... ဒါက ဂေါလ် (ပြင်သစ်) အနုပညာရှင် ရောဘတ် ကိုချက်ရဲ့ လက်ရာပါဗျာ။"
ယဲ့ဖန်က သူမကို အောက်ချပေးလိုက်သည်။ သူမ ရုပ်တုကို ထပ်ကိုက်မည် စိုးသဖြင့် ခါးလေးကို ဖက်ထားလိုက်ရသည်။
"ရှင်က ဘာလာလိမ်နေတာလဲ... ရောဘတ် ကိုချက်ကို ကျွန်မ သိတယ်... သူက ဆုတံဆိပ်တွေနဲ့ ဒင်္ဂါးပြားတွေ လုပ်တဲ့ နေရာမှာပဲ တစ်သက်လုံး မြှုပ်နှံထားတာ... ဒီလောက်ကြီးတဲ့ ရွှေရုပ်တုကြီးကို သူ လုပ်မှာ မဟုတ်ဘူး။"
"ပြီးတော့ လွတ်လပ်ရေး ရုပ်တုကို ဒီဇိုင်းဆွဲတာက ဘာသိုလ်ဒီ (Bartholdi) လေ... ရောဘတ်လို နာမည်ကြီး အနုပညာရှင် တစ်ယောက်က ဘာကိစ္စ သူများ ဒီဇိုင်းကို ယူပြီး ကိုယ်ပိုင် လက်ရာ အဖြစ် ဖန်တီးရမှာလဲ။"
ကျူးရှောင်ကျောင်းက နှုတ်ခမ်းစူပြီး သူမ၏ ဗဟုသုတများဖြင့် ယဲ့ဖန်ကို ပြန်လည် ချေပလိုက်သည်။
"ဟုတ်တယ်... သာမန်လူတွေက အဲဒီလိုပဲ တွေးကြမှာ... ဘယ်သူမှ ဒါကို ရောဘတ်ရဲ့ လက်ရာလို့ ထင်မှာ မဟုတ်ဘူး။"
"ဒါပေမဲ့ ရောဘတ်က ဒီရွှေရောင် လွတ်လပ်ရေး ရုပ်တုပေါ်မှာ သူ့ရဲ့ အမှတ်အသားကို ချန်ခဲ့တယ်... နတ်သမီးရဲ့ ဝတ်ရုံပေါ်မှာ ဆုတံဆိပ်တွေနဲ့ ဒင်္ဂါးပြားတွေရဲ့ ပုံစံကို ထွင်းထုထားတယ်... ဒါပေမဲ့ ပုံစံတွေက အရမ်း သေးငယ်လွန်းတော့ အားကောင်းတဲ့ မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမှာ။"
ယဲ့ဖန်က ရှင်းပြလိုက်သည်။
"မဖြစ်နိုင်တာ။"
ကျူးရှောင်ကျောင်း၏ ပါးစပ်လေးက "O" ပုံစံ ဖြစ်သွားလေသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။"
ယဲ့ဖန်က မျက်လုံး လှန်ကြည့်လိုက်သည်။
"ဒီလို လက်ရာမြောက်တဲ့ ထွင်းထုနည်းပညာမျိုးက ရှေးခေတ် တရုတ်ပြည်မှာ ရှိပြီးသားလေ... မင် မင်းဆက် တုန်းက ဝေ့ရွှယ်ရီ ရေးခဲ့တဲ့ 'နျူကလီးယား လှေအကြောင်း ပုံပြင်' (The Story of the Nuclear Boat) ကို မေ့သွားပြီလား... ဆံပင်ပေါ်မှာတောင် စာလုံးထွင်းတဲ့ လူတွေ ရှိသေးတယ်... အဲဒါတွေက ဒီဟာထက် အများကြီး ပိုခက်ခဲတယ်။"
ရွှေရောင် လွတ်လပ်ရေး ရုပ်တုကို ကြည့်ပြီးနောက် သူတို့နှစ်ဦးသည် အမှတ် (၁၀) ဂိုဒေါင်သို့ သွားရောက်ပြီး သစ်သားစင်များနှင့် ကြွေထည်များကို ကြည့်ရှုလိုက်ကြ၏။
ကျူးရှောင်ကျောင်းက သစ်သားစင်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး သေချာ ကြည့်ရှုလိုက်သည်။ သစ်သားစင်သည် ဝါရွှေရောင် အဆင်းသဏ္ဍာန် ရှိပြီး၊ ညက်ညောချောမွေ့ကာ နူးညံ့သော အထိအတွေ့မျိုး ပေးစွမ်းနိုင်သည်ကို တွေ့ရှိလိုက်ရ၏။ နမ်းရှိုက်ကြည့်လိုက်သော အခါ၌လည်း စိတ်ဝိညာဉ်ကို လန်းဆန်းစေသည့် သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်မျိုးကို ရရှိလိုက်လေသည်။
ကျူးရှောင်ကျောင်း အံ့အားသင့်သွားရလေတော့သည်။
"ရှင် ဒါကို ဒေါ်လာ (၅,၀၀၀) ပေးပြီး လေလံဆွဲတာ မဆန်းပါဘူး... ဒါက အဝါရောင် နှင်းဆီသစ်သား (Yellow Rosewood) နဲ့ လုပ်ထားတာကိုး... ပြည်မကြီးမှာ ဆိုရင် ဒီစင်တစ်ခုတည်းနဲ့တင် ယွမ် တစ်သန်းကျော် တန်နေပြီ။"
အဝါရောင် နှင်းဆီသစ်သား၏ သဘာဝသည် အလွန် တည်ငြိမ်သည်။ ဘယ်လောက်ပဲ အေးအေး၊ ဘယ်လောက်ပဲ ပူပူ... ပုံပျက်သွားခြင်း၊ အက်ကွဲသွားခြင်း မရှိပေ။ ထို့အပြင် ကြံ့ခိုင်မှု ကောင်းမွန်သဖြင့် အထူးပုံသဏ္ဍာန် ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ မင်းမင်းဆက်နှင့် ချင်မင်းဆက် (Qing Dynasty) ခေတ်များတွင် အဝါရောင် နှင်းဆီသစ်သားဖြင့် ပြုလုပ်သော ပရိဘောဂများ အလွန် ခေတ်စားခဲ့သည်။
[အဝါရောင် နှင်းဆီသစ်သား (Yellow Rosewood) ဆိုတာ တရုတ်လို "ဟွာလီသစ်" (Huanghuali - 黄花梨) လို့ ခေါ်ပါတယ်။ စာပေအသုံးအနှုန်းအရ တိုက်ရိုက်ပြန်မယ်ဆိုရင်တော့ "အဝါရောင် သစ်ခွသစ်သား" (Yellow Flowering Pear) လို့ အဓိပ္ပါယ်ရပေမဲ့၊ နိုင်ငံတကာမှာတော့ Yellow Rosewood လို့ လူသိများပါတယ်။
ဒါက ရိုးရိုးသစ်သား မဟုတ်ပါဘူး။ တရုတ်ယဉ်ကျေးမှုမှာ တန်ဖိုးအကြီးဆုံး သစ်သားအမျိုးအစား တစ်ခုပါ။
ရှေးခေတ် တရုတ်ပြည်မှာ ဒီသစ်သားကို "သစ်သားလောကရဲ့ ရွှေတုံး" လို့တောင် တင်စားကြပါတယ်။ မင်မင်းဆက် နဲ့ ချင်မင်းဆက် လက်ထက်က နန်းတွင်းသုံး ပရိဘောဂတွေကို ဒီသစ်သားနဲ့ပဲ အဓိက လုပ်လေ့ ရှိပါတယ်။ အခုခေတ်မှာဆိုရင် ဒီသစ်သားနဲ့ လုပ်တဲ့ ရှေးဟောင်းပရိဘောဂ တစ်ခုဟာ ဒေါ်လာ သန်းချီ တန်ကြေး ရှိပါတယ်။
သူက စိတ်ကို ငြိမ်းချမ်းစေတဲ့ သဘာဝ ဆေးဖက်ဝင် ရနံ့သင်းသင်းလေး ထွက်ပါတယ်။ သစ်သားသားက အရမ်းကျစ်လစ်ပြီး ပိုးမထိုးပါဘူး။ ရာသီဥတုဒဏ်ကို အရမ်းခံနိုင်လို့ နှစ်ရာချီကြာတာတောင် ပုံမပျက်ပါဘူး။ အထူးခြားဆုံးကတော့ သူ့ရဲ့ သစ်သားအကွက်တွေပါ။ တချို့အကွက်တွေက လူမျက်နှာလိုလို၊ တစ္ဆေမျက်နှာလိုလို ပုံစံမျိုး ပေါ်နေတတ်လို့ "Ghost Face" (တစ္ဆေမျက်နှာ) လို့ ခေါ်ပြီး အရမ်း ရှားပါး တန်ဖိုးကြီးပါတယ်။
ဇာတ်လမ်းထဲမှာ ဒီသစ်သားစင်ကို ဒေါ်လာ ၅,၀၀၀ နဲ့ ရလိုက်တာက အရမ်းတန်လွန်းလို့ ကျူးရှောင်ကျောင်း အံ့သြသွားရတာ ဖြစ်ပါတယ်။]
"ကြွေထည်တွေကို ကြည့်ပါဦး။"
ယဲ့ဖန်က ပြုံးလိုက်သည်။
စနစ်၏ နက်ရှိုင်းသော စစ်ဆေးမှု လုပ်ဆောင်ချက် (Deep Detection Function) က အလကား ပေးထားတာမှ မဟုတ်သည်ကိုး။
ယဲ့ဖန်က ကြွေပုလင်း တစ်လုံးကို ကောက်ယူလိုက်ပြီး ဖုန်များကို သုတ်လိုက်သည်။ အောက်ခြေကို ညွှန်ပြပြီး ပြောလိုက်လေသည်။
"ကြည့်စမ်း... ဒီကြွေပုလင်းရဲ့ အောက်ခြေမှာ သံမှိုရာတွေ တွေ့လား... ဒါက ရူကြွေထည် (Ru Porcelain) ရဲ့ ထူးခြားချက်ပဲ... သံမှိုဖုတ် နည်းစနစ် လေ။" [Translator's Note: ရူကြွေထည်က စုန့်မင်းဆက်ခေတ်က အလွန် ရှားပါးပြီး တန်ဖိုးကြီးသော ကြွေထည်အမျိုးအစား ဖြစ်ပါတယ်။]
"ရူမီးဖိုက အဓိကအားဖြင့် စိမ်းပြာရောင် ကြွေထည်ကို ထုတ်လုပ်တယ်... ကြွေရည် အရောင်တွေက ပန်းရောင်၊ ပဲစိမ်းရောင်၊ ကြက်ဥအစိမ်းရောင်၊ ပုစွန်စိမ်းရောင် စသဖြင့် ရှိတယ်... ရူမီးဖို ကြွေထည်တွေရဲ့ ကိုယ်ထည်က ပါးလွှာပေမဲ့ ကြွေရည်အလွှာက ထူထဲတယ်... ကျောက်စိမ်းလို အသားအရည်မျိုး ရှိတယ်... ကြွေရည်ပေါ်မှာ အလွန် သေးငယ်တဲ့ အက်ရာလေးတွေ ပါတတ်တယ်။"
"ပုံသဏ္ဍာန် အားဖြင့် ကြည့်မယ်ဆိုရင်လည်း ရူမီးဖိုက ရှေးဟောင်း ကြေးထည်တွေရဲ့ စတိုင်လ်ကို တုပထားတာ... အဓိကအားဖြင့် ရှီ ၊လု ၊ ဇွန်၊ ပန် စတဲ့ ပုံစံတွေပေါ့။"
"ရူမီးဖို ဆိုတာ မြောက်ပိုင်း စုန့်မင်းဆက် ရဲ့ ဟွေ့ဇုံး လက်ထက်မှာ တည်ထောင်ခဲ့တဲ့ တော်ဝင် မီးဖိုပဲ... နှစ်ပေါင်း (၂၀) အောက်သာ ကြာမြင့်ခဲ့တဲ့အတွက် လက်ဆင့်ကမ်း ကျန်ရစ်ခဲ့တဲ့ ကြွေထည် အရေအတွက်က (၁၀၀) အောက်မှာပဲ ရှိတယ်... တစ်ခုချင်းစီက တန်ဖိုး ဖြတ်မရအောင် ရှားပါးတယ်ကွ။"
ယဲ့ဖန်က ကျူးရှောင်ကျောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေလေတော့သည်။
[ ရှီ ၊လု ၊ ဇွန်၊ ပန် …ဒီလေးခုက တရုတ်ရှေးဟောင်း ပစ္စည်းတွေရဲ့ ပုံသဏ္ဍာန်နဲ့ အသုံးပြုပုံကို ခေါ်တဲ့ နာမည်တွေပါ။ ရူမီးဖို ထွက် ကြွေထည်တွေက ရှေးဟောင်း ကြေးထည် ဒီဇိုင်းတွေကို အတုယူပြီး လုပ်ထားတာမို့လို့ ဒီနာမည်တွေကို သုံးတာပါ။
တစ်ခုချင်းစီကို ရှင်းပြရမယ်ဆိုရင် -
၁။ ရှီ (Xi - 洗)
ဒါက "စုတ်တံဆေးခွက်" ကို ပြောတာပါ။ ရှေးခေတ် စာပေပညာရှင်တွေ စာရေးတဲ့အခါ စုတ်တံကို ဆေးကြောဖို့ ရေထည့်ထားတဲ့ ခွက်ပြားဝိုင်းလေးတွေပါ။ ရူမီးဖို မှာ ဒီ "ရှီ" ပုံစံ ခွက်ပြားလေးတွေက အတော်လေး နာမည်ကြီးပြီး ရှားပါးပါတယ်။
၂။ လု (Lu - 炉)
ဒါက "အမွှေးတိုင်ထွန်းသည့် မီးဖိုအိုး" ပါ။ ဘုရားကျောင်းတွေ၊ နန်းတော်တွေမှာ အမွှေးနံ့သာတွေ ထွန်းညှိဖို့ သုံးပါတယ်။ များသောအားဖြင့် ခြေထောက်သုံးချောင်း ပါတဲ့ "တင်း" (Ding) အိုး ပုံစံမျိုးကို ကြွေထည်နဲ့ ပြန်လုပ်ထားတာ ဖြစ်တတ်ပါတယ်။
၃။ ဇွန် (Zun - 尊)
“ပွဲတော်သုံး ဝိုင်အရက်အိုး” ပါ။ ရှေးဟောင်း ကြေးခေတ်တုန်းက နတ်ပူဇော်ပွဲတွေမှာ သုံးတဲ့ အိုးကြီးတွေပါ။ ပါးစပ်ဝကျယ်တယ်၊ ဗိုက်ပူတယ်၊ လည်ပင်းရှည်တယ်။ ကြွေထည်လုပ်တဲ့အခါ အဲဒီ ရှေးဟောင်းကြေးအိုး ပုံစံအတိုင်း လိုက်လုပ်ထားတာပါ။
၄။ ပန် (Pan - 盘)
ဒါကတော့ "ပန်းကန်ပြားကြီး" ကို ပြောတာပါ။ ရေထည့်ဖို့ပဲ ဖြစ်ဖြစ်၊ အစားအစာ ထည့်ဖို့ပဲ ဖြစ်ဖြစ် သုံးပါတယ်။ ပုံမှန် ပန်းကန်ပြားထက် နည်းနည်း ပိုကြီးပြီး နှုတ်ခမ်းသား ကော့နေတတ်ပါတယ်။
ခြုံငုံပြောရရင် -
ဒီဇာတ်ကွက်မှာ ပြောချင်တာက "ရူမီးဖို" ဆိုတာ စုန့်မင်းဆက် လက်ထက်က ပေါ်ခဲ့တာ ဖြစ်ပေမဲ့၊ သူတို့ ဖန်တီးတဲ့ ဒီဇိုင်းတွေက သူတို့ထက် ပိုစောတဲ့ ရှေးဟောင်း ကြေးခေတ်က ပစ္စည်းပုံစံတွေ (ရှီ၊ လု၊ ဇွန်၊ ပန်) ကို မှီငြမ်းပြီး ပြုလုပ်ထားတယ်ဆိုတဲ့ သဘောပါပဲ။]
အခန်း (၁၆၀၁) - ဒါက ကိုယ်တော် မင်းအတွက် တည်ဆောက်ပေးထားတဲ့ အင်ပါယာပဲ
~"ဒါဆို... ဒီတစ်ခါ ကျွန်မတို့ တကယ်ပဲ ရတနာတွေ ကောက်ရလိုက်တာပေါ့..."
ကျူးရှောင်ကျောင်း၏ မျက်လုံးများ အရောင်တောက်သွားလေ၏။
"မေးနေစရာ လိုသေးလို့လား..."
ယဲ့ဖန် နဖူးကို လက်ဖြင့် အသာအုပ်လိုက်မိသည်။ ဤမိန်းကလေးနှင့် စကားပြောရသည်မှာ စကားကုန်ရုံသာ ရှိသည်ဟု ခံစားရသော်လည်း သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
"ဒီလို ပြောပြမယ်... စစ်မှန်တဲ့ 'ရူ' မီးဖို ထွက် ပစ္စည်းတွေက အရမ်း ရှားပါးလွန်းတယ်... အခု
ကိုယ့်လက်ထဲက တစ်ခုတည်းနဲ့တင် လေလံတင်ရင် အနည်းဆုံး ယွမ် (၁၀) သန်းလောက် တန်ဖိုးရှိတယ်... ခုနက လွတ်လပ်ရေး ရုပ်တုလိုပဲ... အဓိက ကုန်ကြမ်းပစ္စည်း တန်ဖိုးကြီးတာပေါ့..."
"တကယ်လို့ သံနဲ့ လုပ်ထားတာ ဆိုရင်... အခုလောက် တန်ဖိုးရှိမှာ မဟုတ်ဘူး..."
ကျူးရှောင်ကျောင်း ပျော်ရွှင်လွန်းသဖြင့် ယဲ့ဖန်ကို လေးဘက်ထောက် ဦးချတော့မတတ်ပင် ဖြစ်သွားရလေသည်။
ယဲ့ဖန်လည်း အလွန် ပျော်ရွှင်နေမိ၏။ ကျူးရှောင်ကျောင်းနှင့် အတူ လိုက်လာမိတာ မှန်ကန်သွားသည်ဟု တွေးမိသည်။ ရတနာသိုက်ကြီး တစ်ခုကို ကောက်ယူရရှိခဲ့သည် မဟုတ်ပါလော။
ဆီယက်တဲလ် ရှော့ပင်းမောလ်မှ ရရှိခဲ့သော ယွမ် သန်း (၁၀၀) ကို ခဏထားလိုက်ဦး... ဒီ ဂိုဒေါင် လောင်းကစားပွဲလေး တစ်ခုတည်းကနေတင် အသားတင်အမြတ် ဂဏန်း (၉) လုံး (သန်း ရာချီ) ရရှိခဲ့ပြီ ဖြစ်သည်။
"မြန်မြန်... ကြည့်ပါဦး... ကျန်တာတွေကော အစစ်တွေပဲလား..."
ကျူးရှောင်ကျောင်း၏ မျက်လုံးများမှာ သိုးအုပ်ထဲ ကျရောက်သွားသော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ တောက်ပနေတော့သည်။
ယဲ့ဖန်သည် ဤမိန်းကလေး၏ ငွေမက်သော မျက်နှာထားကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။
‘မင်းရဲ့ မိသားစု နောက်ခံက ဒီလောက် ကြီးမားတာ... ဒီပိုက်ဆံလောက်ကို မက်စရာ လိုလို့လား...
ဆင်းရဲတဲ့ မိသားစုက လာတဲ့ ငါတောင် မင်းလောက် စိတ်မလှုပ်ရှားဘူး။’
"ဒီ ကြွေပုလင်းကို ကြည့်လိုက်... ကိုယ်ထည်က ထူထဲပြီး... မိုးပြာရောင် သန်းနေတဲ့ ပန်းရောင် ဖျော့ဖျော့ ကြွေရည်သုတ်ထားတယ်... အစင်းကြောင်းကြီးတွေ ပါတယ်... ဒါက အပူပေးပြီးတဲ့ နောက်မှာ ကိုယ်ထည်နဲ့ ကြွေရည်ရဲ့ ကျုံ့နိုင်ဆန့်နိုင်မှု ကွာခြားချက်ကြောင့် ဖြစ်လာတာ..."
"ကြွေထည်ရဲ့ ခြေရင်းမှာ ကြွေရည် မသုတ်ထားဘူး... မီးဖုတ်ပြီးတဲ့ အခါ သံရောင်လို မည်းနက်သွားတယ်... ပါးစပ်ဝက ကြွေရည်က ပါးလွှာပြီး... ကိုယ်ထည်ရဲ့ ဖွဲ့စည်းပုံကို အနည်းငယ် မြင်နေရတယ်... ဒါက တော်ဝင် မီးဖို ကြွေထည်တွေရဲ့ အထင်ရှားဆုံး လက္ခဏာရပ်ပဲ... 'ခရမ်းရောင် ပါးစပ်နဲ့ သံရောင် ခြေထောက်' လို့ ခေါ်တယ်..."
"ကဲ... ဒီ အဖြူရောင် ကြွေထည်ကို ကြည့်လိုက်... ကြွေသားက နူးညံ့ပြီး ပါးလွှာတယ်... ပြောင်လက်နေတယ်... ကြွေရည်က ကျောက်စိမ်းလို စိုပြေနေတယ်... ဒါက စုန့်မင်းဆက် က 'တင်း' ကြွေထည်ပဲ..."
ဂိုဒေါင်ထဲတွင် ကြွေထည် အများအပြား ရှိနေပြီး... ယဲ့ဖန်က ကျူးရှောင်ကျောင်းကို တစ်ခုချင်းစီ မိတ်ဆက် ရှင်းပြနေလေသည်။
အစပိုင်းတွင် ကျူးရှောင်ကျောင်း၏ အာရုံသည် ကြွေထည်များပေါ်တွင်သာ ရောက်နေပြီး... တန်ဖိုးကိုသာ အဓိကထား စိတ်ဝင်စားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သူမသည် ကြွေထည်များကို ဂရုမစိုက်တော့ဘဲ... ယဲ့ဖန်ကိုသာ ပိုမို စိတ်ဝင်စားလာတော့သည်။
ယဲ့ဖန်သည် ဤနေရာရှိ ကြွေထည် တစ်ခုချင်းစီကို အလွန် ရင်းနှီးကျွမ်းဝင်နေပြီး... ၎င်းတို့၏ မူလဇာစ်မြစ်နှင့် တန်ဖိုးများကို ရှင်းရှင်းလင်းလင်း သိရှိနေသည် မဟုတ်ပါလော။
သေချာသည်မှာ ယဲ့ဖန်သည် ဤအရာများက စနစ် ၏ အကဲဖြတ်မှု ရလဒ်များ ဖြစ်ကြောင်း သူမကို ပြောပြမည် မဟုတ်ပေ။ သူက ဤဂိုဒေါင်ကို ငှားရမ်းခဲ့သူအပေါ် ပိုမို စိတ်ဝင်စားနေမိသည်။
ဒီမှာ ကြွေထည် အခု (၁၀၀) ကျော် ရှိပြီး... အားလုံးက အစစ်တွေချည်း ဖြစ်သည်။ အဲ့ဒီအထဲမှာ 'ရူ' ကြွေထည် အခု (၃၀) ကျော် ပါဝင်သည်။ 'ရူ' ကြွေထည် သက်သက်တင် ရှေးရိုးစွဲ တွက်ချက်မှု အရ ယွမ် သန်း (၃၀၀) ကျော် တန်ဖိုးရှိနေတော့၏။
နာမည်ကျော် မီးဖို (၅) ခုလုံးက ကြွေထည်တွေကို ဒီလောက် အများကြီး စုဆောင်းနိုင်သည် ဆိုတော့... အဲ့ဒီလူက သာမန်လူ မဖြစ်နိုင်ပေ။ ဒီပစ္စည်းတွေကို သူ မေ့ကျန်ခဲ့တာ မဟုတ်ဘဲ... မတော်တဆမှု တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ပိုင်ရှင်မဲ့ ဖြစ်သွားသည်က ဖြစ်နိုင်ခြေ ပိုများသည်။
ယဲ့ဖန် အသိပြန်ဝင်လာသောအခါ... ကျူးရှောင်ကျောင်းက သူ့ကို မျက်တောင်မခတ်တမ်း ငေးမောကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီမိန်းကလေးတော့ ရူးသွပ်မှု ပြန်ထလာပြီ ဆိုတာ သူ သိလိုက်သည်။
သူက ဂိုဒေါင်ထဲက ကြွေထည်များကို လက်ညှိုးထိုးပြလိုက်ပြီး ကြွေးကြော် လိုက်လေသည်။
"ချစ်မိဖုရား... ကြည့်လိုက်စမ်း... ဒါက ကိုယ်တော် မင်းအတွက် တည်ဆောက်ပေးထားတဲ့ အင်ပါယာပဲ..."
"ဟိုဘက်ကရော..."
ကျူးရှောင်ကျောင်းက အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ချစ်မိဖုရား... ပြဿနာ မရှာပါနဲ့... ကိုယ်တော်တို့ ဟိုဘက်ကို မအောင်နိုင်သေးဘူး..."
ယဲ့ဖန်က ကျူးရှောင်ကျောင်း၏ ခေါင်းကို လှည့်ပေးလိုက်သည်။
‘ဒီမိန်းကလေးက တော်တော် သက်ဝင်လှုပ်ရှားနေတာပဲ။ သူမက အိမ်ဖြူတော် (White House) ဘက်ကို လက်ညှိုးထိုးပြနေသည်လေ။’
ကျူးရှောင်ကျောင်း ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်လေသည်။
ယဲ့ဖန်သည် ကမ္ဘာ့အကြီးဆုံး လေလံအိမ် ဖြစ်သော ဆိုသဘီး လေလံအိမ်၏ အမေရိကန် ဘဏ်ခွဲသို့ ဖုန်းခေါ်ဆိုလိုက်ပြီး... သူ့တွင် ဂေါ့လ် (Gaul) အနုပညာရှင် ရောဘတ် ကိုချက်၏ လက်ရာ၊ (၅၀) စင်တီမီတာ မြင့်သော ရွှေရောင် လွတ်လပ်ရေး ရုပ်တု ရှိကြောင်း ပြောပြလိုက်သည်။
ကြွေထည်များ အတွက်မူ... အမေရိကန်တွင် လေလံတင်ရန် အစီအစဉ် မရှိပေ။ အကြောင်းပြချက်က ရိုးရှင်းသည်။ ဤပစ္စည်းများသည် မူလက သူ့နိုင်ငံမှ စီးဆင်းလာခြင်း ဖြစ်သဖြင့်... သူ ပြန်လည် ယူဆောင်သွားရမည်။ နိုင်ငံရပ်ခြားတွင် လေလွင့်နေခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် သူသည် နိုင်ငံတော် သစ္စာဖောက် ဖြစ်သွားလိမ့်မည်။
ဖုန်းတစ်ဖက်ခြမ်းမှ ဆိုသဘီး လေလံအိမ် ဝန်ထမ်းသည် ယဲ့ဖန်၏ ဖုန်းကို လက်ခံရရှိသောအခါ... စီးပွားရေး အကြီးကြီး လာပြီဟု ထင်မှတ်ပြီး ယဉ်ကျေးစွာ မေးမြန်းခဲ့သည်။
"မင်္ဂလာပါ... ဘာကူညီပေးရမလဲ ခင်ဗျာ..."
သို့သော် ယဲ့ဖန်၏ စကားများကို ကြားလိုက်ရသောအခါ... သူ့မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး... "F*ck" ဟု ဆဲဆိုကာ ဖုန်းချပစ်လိုက်တော့သည်။
"ဟေး... ကားလ် (Carl)... မရိုင်းပါနဲ့... ဖောက်သည်တွေက ဘုရားသခင် ဆိုတာ မင်း သိတယ် မဟုတ်လား... ငါ မင်းကို ခဏခဏ သတိပေးထားတယ်နော်..."
လေလံ ကုမ္ပဏီ မန်နေဂျာက ချက်ချင်းပင် သတိပေးလိုက်သည်။
"ဘောစ့်... သိလား..."
"ခုနက အရူး တစ်ယောက်က... သူ့ဆီမှာ ရောဘတ် ကိုချက်ရဲ့ ကွယ်လွန်ပြီးမှ ကျန်ရစ်ခဲ့တဲ့ လက်ရာ ရှိတယ်တဲ့... ရွှေသား လွတ်လပ်ရေး ရုပ်တု အကြီးကြီးတဲ့..."
"ဘာ..."
"ရောဘတ်က တူရိယာ အကြီးကြီးတွေ ပြုလုပ်တယ် ဆိုတာ ပထမဆုံး ကြားဖူးတာပဲ... ပြီးတော့ လွတ်လပ်ရေး ရုပ်တုတဲ့..."
"ဒီအရူး ဦးနှောက် ပျက်နေတာ နေမှာ... မဟုတ်ရင် လွတ်လပ်ရေး ရုပ်တုကို ဒီဇိုင်းဆွဲတာ ဘာသိုလ်ဒီ ဆိုတာ သိမှာပေါ့..."
ကားလ် ဟု ခေါ်သော ဝန်ထမ်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
"ကြည့်ရတာ... အဲ့ဒီ ဝက်တုံးရဲ့ ခေါင်းက တံခါးကြား ညပ်မိထားတာ နေမှာ..."
"မင်း လုပ်တာ မှန်ပါတယ် ကားလ်..."
ကြီးကြပ်ရေးမှူးက ကားလ်၏ ပခုံးကို ပုတ်လိုက်လေသည်။
မကြာမီ... တစ်စုံတစ်ယောက်က ရောဘတ်၏ ရွှေရောင် လွတ်လပ်ရေး ရုပ်တုကို လေလံတင်ရန် ကြိုးစားနေသည် ဆိုသော သတင်းက ဆိုသဘီး ဆီယက်တဲလ် ဘဏ်ခွဲတွင် ဟာသ တစ်ပုဒ်လို ပျံ့နှံ့သွားတော့သည်။
ဖုန်းချခံလိုက်ရသော ယဲ့ဖန်သည် အလွန် ဒေါသထွက်သွားရလေသည်။ အမေရိကန်တွေဆီမှာ အရိုးထဲ စွဲနေသော မာနတရား ရှိနေတာ အမှန်ပါပင်။
သို့သော်၊ သေသေချာချာ စဉ်းစားကြည့်လိုက်တော့... ဒီပစ္စည်းကို ကိုယ့်နိုင်ငံ ပြန်ယူသွားပြီး လေလံတင်တာ ပိုကောင်းမည်ဟု ယဲ့ဖန် ခံစားလိုက်ရသည်။ အမေရိကန်က လုံခြုံရေးက ကိုယ့်နိုင်ငံလောက် မကောင်းပေ။ ထိုမျှမက၊ သေနတ် ကိုင်ဆောင်ခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် မထိန်းချုပ်ထားပါ။ "ကိုယ့်အားကိုယ်ကိုး" ဖို့ ဆိုပြီး ဘဏ်ဓားပြတိုက်သည့် အမေရိကန်တွေ မကြာခဏ ရှိတတ်၏။
ရွှေရောင် လွတ်လပ်ရေး ရုပ်တုက အရမ်း ထင်ပေါ်လွန်းသည်။ နိုင်ငံထဲ ပြန်ယူသွားပြီး လေလံတင်တာ ပိုစိတ်ချရ၏။
တရုတ်ပြည် ပြန်ရောက်ပြီး သတင်းကို ကြိုတင် ထုတ်ပြန်လိုက်သည်နှင့်... ရောဘတ်ကို စွဲလမ်းသော ချမ်းသာသည့် အနုပညာရှင်တွေ မနာလို ဖြစ်မလာမှာကို ပူစရာ မလိုပါ။ သူတို့ တရုတ်ပြည်ထိ လိုက်လာပြီး ရွှေရောင် လွတ်လပ်ရေး ရုပ်တုကို လုယူကြလိမ့်မည်။
ထိုသို့ တွေးမိသောအခါ... ယဲ့ဖန်သည် ချန်းချုံရှန်အား ချက်ချင်း ဖုန်းခေါ်လိုက်လေသည်။
ဆီယက်တဲလ် ဆိုသဘီး လေလံအိမ်က ယဲ့ဖန်ကို မယုံကြည်သော်လည်း... ချန်းချုံရှန်းသည် တောင်ပိုင်း ကွမ်းတုန်း ဆိုသဘီး လေလံအိမ်၏ အကြီးအကဲ ဖြစ်သဖြင့် အမေရိကန်တွင် အဆက်အသွယ် များစွာ ရှိသည်။
ယဲ့ဖန်က သူ့ကို သင်္ဘောတင်ပို့ရေး ကုမ္ပဏီ တစ်ခုနှင့် ချိတ်ဆက်ပြီး... ရွှေရောင် လွတ်လပ်ရေး ရုပ်တုနှင့် ကြွေထည်များကို တရုတ်ပြည်သို့ ပြန်လည် တင်ပို့ပေးရန် အကူအညီ တောင်းလိုက်သည်။
"အစ်ကိုကြီး... ခင်ဗျားက အခု နေ့လည်ခင်းလို့ ထင်နေတာလား..."
ချန်းချုံရှန်း၏ အသံမှာ ဖုန်းထဲတွင် အနည်းငယ် ပျင်းရိလေးလံနေပုံ ရလေသည်။
"မဟုတ်ဘူးလား... ငါ ချွေးတွေတောင် အရမ်း ထွက်နေတာ..."
"မ... မဟုတ်ပါဘူးဗျာ... ခင်ဗျားက အနောက်ဘက် ပဉ္စမဇုန်မှာ ရောက်နေပြီး... ကျွန်တော်က အရှေ့ဘက် အဋ္ဌမဇုန်မှာ ရှိနေတာ မေ့သွားပြီလား... ကျွန်တော်တို့က အချိန်ဇုန် (၁၃) ခုတောင် ကွာခြားနေတာလေ..."
ချန်းချုံရှန်း ဆဲချင်စိတ် ပေါက်သွားသော်လည်း... ဒီ အစ်ကိုကြီးက လူတွေကို နှိပ်စက်ဖို့ အချိန်ကောင်း ရွေးတတ်ပါလား ဟုသာ တွေးလိုက်မိသည်။
ယဲ့ဖန် အနည်းငယ် ရှက်သွားရလေသည်။ သူ စိတ်လှုပ်ရှားလွန်းလို့ ဒီအချက်ကို မေ့သွားမိခြင်းပါ။
စကားပြောပြီးနောက်... ယဲ့ဖန် ဖုန်းချလိုက်လေသည်။
တစ်နေ့တာလုံး အမြတ်အစွန်းများ ရရှိခဲ့သဖြင့်... ယဲ့ဖန် အလွန် သက်တောင့်သက်သာ ခံစားလိုက်ရသည်။
သူတို့ နှစ်ဦး ဂိုဒေါင် ဧရိယာမှ ထွက်ခွာလာပြီး... ဟိုတယ်သို့ ပြန်ရန် တက္ကစီ တစ်စီး ငှားလိုက်ကြ၏။
တက္ကစီ ခဏလောက် မောင်းပြီးနောက်... ယဲ့ဖန် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အမေရိကန်ကို မရင်းနှီးသော်လည်း... သူတို့ လာခဲ့သော လမ်းကြောင်းများကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
ဒီလမ်းက သိသိသာသာကြီး မှားနေ၏။
တက္ကစီ ဒရိုင်ဘာက သူတို့ကို လူပြတ်တဲ့ နေရာဆီ တမင် သက်သက် ခေါ်သွားနေပုံ ရသည်။
ယဲ့ဖန် ခေါင်းလှည့်ပြီး ကျူးရှောင်ကျောင်းကို ကြည့်လိုက်ရာ... သူမက အန္တရာယ် နီးကပ်လာသည်ကို အာရုံမခံမိဘဲ ရှိနေသည်ကို တွေ့လိုက်ရသဖြင့်... သူမအတွက် သက်ပြင်းချမိလိုက်သည်။
‘ဒီကောင်မလေးက ပေါ့ဆလိုက်တာ…’