အခန်း (၁၆၀၂-၁၆၀၄)
Vol. 83 Ch. 1602-1604
အခန်း (၁၆၀၂) - လက်စားချေတယ်ဆိုတာ အခင်းဖြစ်တဲ့နေရာမှာ ချက်ချင်း လုပ်ရတာမျိုး
~ဒီတက္ကစီ ယာဉ်မောင်း ပေါ်လာခြင်းက တိုက်ဆိုင်မှု တစ်ခု မဟုတ်ကြောင်း ယဲ့ဖန် ကောင်းကောင်း သိလေသည်။
ဂိုဒေါင် လောင်းကစားပွဲမှာ သူ၏ ငွေရှာနိုင်စွမ်းကို ထုတ်ပြလိုက်ကတည်းက အမေရိကန် ပြည်ထောင်စုက ရာဇဝတ်ကောင်တို့၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
သို့သော် ယဲ့ဖန်က သူ့အင်အားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသည်။ ရှေ့ဆက်ပြီး အန္တရာယ်တွေ ကြုံတွေ့ရမည် ဆိုတာ သိနေသော်လည်း သူ လုံးဝ မလောပေ။
ကားက စည်ကားတဲ့ မြို့ထဲကနေ ထွက်လာပြီး လူသူကင်းမဲ့သည့် ဆင်ခြေဖုံး ဒေသဆီသို့ ဦးတည် မောင်းနှင်လာခဲ့သည်။
ကျူးရှောင်ကျောင်း နောက်ဆုံးတော့ သတိထားမိသွားသည်။
"ဟေး... သူငယ်ချင်း... လမ်းမှားနေပြီ ထင်တယ်နော်။"
ယာဉ်မောင်းက သူမ စကားကို နားမကြားချင်ယောင်ဆောင်ပြီး ရှေ့ကိုသာ ဆက်မောင်းနေလေသည်။
"သူ လမ်းမှားနေတာ မဟုတ်ဘူး..ကိုယ်တို့က ကားမှားစီးမိတာ။"
ယဲ့ဖန်က လက်နှစ်ဖက်ကို ယှက်ပြီး ခေါင်းနောက် ပို့ထားလိုက်လေသည်။
ကျူးရှောင်ကျောင်း ကြားလိုက်ရသည့်အခါ ဘာဖြစ်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး စိတ်မသက်မသာ ဖြစ်သွားရှာ၏။
"မကြောက်ပါနဲ့... အရာအားလုံးအတွက် ကိုယ် ရှိပါတယ်။"
ယဲ့ဖန်က ပြုံးပြီး သူမ ပခုံးကို ပုတ်ပေးလိုက်သည်။
"ပြီးတော့ ဒါက ပထမဆုံးအကြိမ် ကြုံရတာမှ မဟုတ်တာ။"
"စိတ်အေးအေးထား။"
"ကိုယ် တို့ရဲ့ သာမန် နေ့ရက်တွေထဲက ဟင်းခတ်အမွှေးအကြိုင်လေး တစ်ခုလို့ပဲ သဘောထားလိုက်။"
ကျူးရှောင်ကျောင်း ရင်ထဲ၌… ယဲ့ဖန်အပေါ် ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက နှစ်သိမ့်ပေးလိုက်ပြီးနောက် စိတ်နည်းနည်း လျော့သွားသော်လည်း သူမ မျက်လုံးထဲတွင်တော့ သတိထားနေမှု အပြည့်ရှိနေဆဲပင်။
"သူငယ်ချင်း... ခင်ဗျားကြောင့် ကျုပ်ကောင်မလေး ကြောက်သွားပြီဗျ... ကားရပ်ပေးဖို့ အစီအစဉ် မရှိဘူးလား။"
ယဲ့ဖန်က ကားမောင်းနေသော လူမည်းကို မေးလိုက်လေသည်။
ဒီအချိန်မှာ ကားက လူပြတ်သော ကမ်းခြေ ဧရိယာ တစ်ခုထဲကို ရောက်ရှိနေပြီ ဖြစ်၏။ ထိုနေရာမှာ ရပ်ထားသည့် ကားအချို့လည်း ရှိနေလေ၏။
ယာဉ်မောင်းက လမ်းကြောင်းပြောင်းပြီး ဘရိတ်ကို နင်းလိုက်သည်။ ကားက သဲတွေ ဖုန်တွေ ထသွားအောင် (၁၈၀) ဒီဂရီ ဒရစ်ဖ် (Drift) ဆွဲပြီး ရပ်တန့်လိုက်လေသည်။
ကား ဒရစ်ဖ်ဆွဲလိုက်သော အချိန်မှာ ယဲ့ဖန်က ကြောက်လွန်း၍ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသည့် ကျူးရှောင်ကျောင်းကို ထိခိုက်မှု မရှိအောင် ဖက်ထားလိုက်သည်။
ယာဉ်မောင်းက ကားပေါ်က ဆင်း၊ ခါးကြားထဲက ပစ္စတိုကို ဆွဲထုတ်ပြီး နောက်ခန်းတံခါးကို ဖွင့်လိုက်လေသည်။ ယဲ့ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဟေး... သူငယ်ချင်း... မင်းရဲ့ ကောင်မလေးကို မကြောက်ဖို့ ပြောလိုက်ပါ... အခု မင်း ဆင်းလာလို့ ရပြီ။"
တပြိုင်နက်တည်းမှာပင် ရပ်ထားသော အခြားကားများပေါ်မှ လူမည်း၊ လူဖြူ (၁၀) ယောက်ကျော် ဆင်းလာကြ၏။
သူတို့အားလုံး လက်ထဲတွင် သေနတ် ကိုယ်စီ ပါလာကြ၏။ ယာဉ်မောင်း လက်ထဲမှာတော့ ပစ္စတို အသေးလေး တစ်လက်သာ ရှိ၏။
ဒီလူတွေ၏ လက်နက်တွေကတော့ နည်းနည်း ရယ်စရာ ကောင်းနေလေ၏။ အော်တိုမက်တစ် ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ ပါလာပြီး နှစ်ယောက်ကတော့ ပြောင်းဝကျယ်သည့် ရမ်မင်တန် (Remington) သေနတ်ကြီးတွေကို ကိုင်ဆောင်ထားကြ၏။
ယဲ့ဖန် ခါးသက်သက် ပြုံးလိုက်မိသည်။ သူ သိပ်ပြီး ပေါ့ဆမိသွားပြီဟု တွေးလိုက်မိသည်။ တစ်ဖက်လူ၏ အင်အား အနေအထားအရ သူ၏ သိုင်းပညာနှင့်ဆိုလျှင် လွတ်အောင် ပြေးဖို့ မခက်ခဲပေမဲ့ ကျူးရှောင်ကျောင်း ပါနေတော့ နည်းနည်း အဆင်မပြေ ဖြစ်နေရ၏။
အနည်းဆုံးတော့ သူ ထင်ထားတဲ့ လွယ်ကူတဲ့ အဆင့် (Easy Mode) ထက် တစ်ဆင့် ပိုခက်သွားပြီ။
"သူငယ်ချင်း... ဘာတွေ တုံ့ဆိုင်းနေတာလဲ... ငါ့သေနတ်ထဲမှာ ကျည်ဆန် ရှိမရှိ လောင်းချင်လို့လား။"
လူမည်းက စိတ်မရှည်တော့ဘဲ ယဲ့ဖန်၏ နားထင်ကို သေနတ်ဖြင့် ချိန်လိုက်လေသည်။
ယဲ့ဖန်က ကြောက်လွန်း၍ တုန်နေသော ကျူးရှောင်ကျောင်းကို ကြည့်ပြီး မိခင်ဘာသာစကားဖြင့် ပြောလိုက်သည်။
"ကိုယ် ကားပေါ်က ဆင်းလိုက်မယ်... မင်း ချက်ချင်း ဝပ်နေလိုက်... မှတ်ထားနော်... လုံးဝ မထနဲ့။"
"ပေါက်ကရတွေ ပြောမနေနဲ့... ကားပေါ်က ဆင်းစမ်း။"
လူမည်းက အော်ဟစ်ပြီး လက်ထဲက သေနတ်ကို မြှောက်လိုက်သည်။
ယဲ့ဖန်က လက်မြှောက်ကာ အရှုံးပေးသလို ဟန်ဆောင်ပြီး ကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်လေ၏။
လူအုပ်ထဲမှာ အာရှသား တစ်ယောက် ပါနေတာကို ယဲ့ဖန် သတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက သူ ဂိုဒေါင် လောင်းကစား လုပ်တုန်းက တွေ့ခဲ့ရသည့် ဂျပန်ပင်။
လူမည်းက ကျူးရှောင်ကျောင်းကို ကားပေါ်ကဆင်းဖို့ တိုက်တွန်းရန် ပြင်လိုက်စဉ်မှာပင် ယဲ့ဖန်က ရုတ်တရက် ကားတံခါးကို ခြေထောက်ဖြင့် ဆောင့်ကန် ပိတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ သေနတ်ကို လုယူပြီး ထိုသေနတ်ဖြင့်ပင် ပြန်ရိုက်ချလိုက်ရာ လူမည်းမှာ သတိလစ်သွားတော့သည်။
ထို့နောက် ယဲ့ဖန်သည် တံခါးပင် မပိတ်တော့ဘဲ ယာဉ်မောင်းခုံသို့ ခုန်ဝင်လိုက်သည်။ ကလပ် (Clutch) ကို နင်း၊ ဂီယာထိုး၊ ကလပ်လွှတ်ပြီး လီဗာကို နင်းချလိုက်လေသည်။
ကားဆီမှ နားကွဲလုမတတ် ဟိန်းသံကြီး ထွက်ပေါ်လာပြီး နောက်ဘီးနှစ်လုံးက ဝါထိန်နေသော ဖုန်မှုန့်များကို လွင့်ပျံသွားစေသည်။
လူတိုင်းက သူ မောင်းပြေးတော့မည်ဟု ထင်မှတ်ပြီး သေနတ်များဖြင့် ဝိုင်းပစ်ကြလေသည်။ ကားနောက်ပိုင်းမှ မီးလုံးများ ချက်ချင်း ပေါက်ကွဲသွားပြီး ကျည်ဆန်ပေါက်များဖြင့် ပြည့်နှက်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျူးရှောင်ကျောင်းက ယဲ့ဖန်၏ သတိပေးချက်ကို မှတ်မိနေပြီး နောက်ခန်းတွင် ဝပ်နေသဖြင့် ထိခိုက်မှု မရှိခဲ့ပေ။
သို့သော် ယဲ့ဖန်က ဦးတည်ချက် ပြောင်းလိုက်သည်။ ရုတ်တရက် ကားကို လှည့်လိုက်ပြီး စတီယာရင်ကို ကိုင်ကာ ရမ်မင်တန် သေနတ်ကြီး ကိုင်ထားသော ဂျပန်လူမျိုးဆီသို့ ဝင်တိုက်လိုက်လေသည်။
"ဘက " (Baka- ဂျပန်လို အရူး)
ဂျပန်လူမျိုး၏ မျက်နှာ ရှုံ့မဲ့သွားသည်။ ကားရှေ့မှန်ကို နှစ်ချက် ပစ်ခတ်လိုက်သဖြင့် မှန်များ ကွဲကြေသွားသော်လည်း သူကိုယ်တိုင်လည်း ကားတိုက်ခံရပြီး လွင့်ထွက်သွားလေတော့သည်။
ယဲ့ဖန်က လီဗာကို မလျှော့ပေ။ ဂျပန်လူမျိုးကို တိုက်ရုံတင် မကဘဲ တက်ကြိတ်ပစ်လိုက်ရာ သွေးများ ပန်းထွက်လာတော့သည်။
သူက နောက်ပြန်ဂီယာ (Reverse Gear) ထိုးလိုက်ပြန်သောအခါ နိုင်ငံခြားသား တစ်သိုက်မှာ ဒီတရုတ်ကောင်လေး ကြမ်းလွန်းသည်ကို မြင်ပြီး ကြောက်လန့်တကြား ထွက်ပြေးကြတော့၏။
ယဲ့ဖန်က ချက်ချင်း ကားပြန်လှည့်ပြီး မြို့ထဲဘက်သို့ ဦးတည်မောင်းနှင်လိုက်လေသည်။
"သောက်ကျိုးနည်းကွာ..."
"လိုက်... မြန်မြန် လိုက်စမ်း... ဒီကောင်ကို လွတ်ခွင့် မပေးနဲ့။"
အမေရိကန်ကောင်များက သူတို့ ကားများပေါ်သို့ ခုန်တက်ပြီး ယဲ့ဖန်နောက်သို့ လိုက်ကြလေသည်။ တစ်အုပ်စုလုံး ကားပြတင်းပေါက်များမှ ခေါင်းပြူထွက်ကာ သေနတ်များဖြင့် စတင် ပစ်ခတ်ကြတော့၏။ သေနတ်ပြောင်းဝများမှ မီးပွားများ ထွက်ပေါ်လာပြီး ကျည်ဆန်များ ပျံဝဲလာကြ၏။
"သောက် အမေရိကန်ကောင်တွေ... မင်းတို့ ရုပ်ရှင် ကြည့်တာ များသွားပြီ။"
ယဲ့ဖန်က နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။ ဒီကောင်စုတ်တွေက သူ့ကားတာယာကို ပစ်ဖောက်ဖို့ ကြိုးစားနေတာ မြင်တော့ တံတွေးထွေးလိုက်ပြီး စတီယာရင်ကို လက်နှစ်ဖက်ဖြင့် ဆွဲကာ ကွေ့လိုက်သည်။ ကားက လမ်းပေါ်တွင် ဘယ်ညာ ယိမ်းထိုးသွားပြီး S ပုံသဏ္ဍာန် ကွေ့ဝိုက် မောင်းနှင်သွားလေသည်။
အနောက်မှ သေနတ်သံများ ဆူညံနေပြီး ကျည်ဆန်များက လမ်းဘေးကို ရှပ်ထိကာ မီးပွားများ လွင့်စင်နေလေ၏။
ကားများ လမ်းပေါ်တွင် အပြိုင်အဆိုင် မောင်းနှင်နေကြ၏။ ယဲ့ဖန်က လီဗာကို ကုန်အောင် နင်းထားချင်သည်။ ကားက အရှိန်အမြင့်ဆုံးဖြင့် ပြေးနေပြီး မြေကြီးပေါ်မှ ကြွတက်လုမတတ် ဖြစ်နေလေသည်။
"ယဲ့ဖန်... ဘာဖြစ်တာလဲ...ရှင် သေနတ်မှန်သွားတာလား။"
ကျူးရှောင်ကျောင်းက နောက်ကြည့်မှန်ထဲမှ တဆင့် ယဲ့ဖန်၏ နှုတ်ခမ်းထောင့်တွင် သွေးစများ တွေ့လိုက်ရသဖြင့် အလွန် စိတ်ပူသွားရှာသည်။
"ငါ ဘာမှ မဖြစ်ဘူး။"
ယဲ့ဖန်က ဒီအချိန်မှာ သူမကို စကား ပြန်ပြောဖို့ စိတ်မပါပေ။ အရှိန်မြှင့်ပြီး နောက်က ကားတွေကို ဖြတ်ထားခဲ့ဖို့သာ ကြိုးစားလိုက်သည်။
မြို့ထဲ ရောက်သွားတာနှင့် ဒီလူတွေ ဆက်လိုက်ရဲမှာ မဟုတ်ဟု သူ ယုံကြည်သည်။
နှုတ်ခမ်းထောင့်က သွေးတွေကတော့ ဟိုဂျပန်လူမျိုးကို ဝင်တိုက်တုန်းက စတီယာရင်နှင့် ဆောင့်မိသွား၍ ထွက်လာသည်။ အသေးအမွှားပါပင်။
ဒီကောင်စုတ်တွေ အနောက်ကနေ တကောက်ကောက် လိုက်နေတာ မြင်ရသောအခါ၊ ယဲ့ဖန် စိတ်ထဲမှာ သတ်ဖြတ်ချင်စိတ်တွေ ပြင်းထန်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် သူ့အရှေ့မှာ လမ်းခွဲကျဉ်းကျဉ်းလေး တစ်ခု ပေါ်လာလေသည်။
ယဲ့ဖန်က လမ်းခွဲထဲသို့ ရုတ်တရက် ဒရစ်ဖ်ဆွဲ ဝင်ရောက်လိုက်ပြီး ယာဉ်မောင်းခုံမှ ခုန်ဆင်းကာ ကျူးရှောင်ကျောင်းကို လှမ်းအော်လိုက်လေ၏။
"မောင်း... ဒီကနေ မောင်းပြေးတော့။"
"ယဲ့ဖန်"
ကျူးရှောင်ကျောင်းက သွေးပျက်မတတ် အော်ဟစ်လိုက်သည်။
သို့သော် သူမ ယဲ့ဖန်ကို စိတ်ပူနေတုန်းမှာပင် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။ ဒါက သူမ ဘဝမှာ ဘယ်တော့မှ မေ့နိုင်တော့မည့် မြင်ကွင်း မဟုတ်ပေ။
ပထမဆုံး ဓားပြကား လမ်းခွဲထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ယဲ့ဖန်က အမြောက်ဆန် တစ်ခုပမာ ပစ်ဝင်သွားပြီး သူ့ဆီသို့ တိုးဝင်လာသော ကား၏ ရှေ့မှန်ကို ခြေထောက်ဖြင့် ပျံကန်ထည့်လိုက်လေသည်။
ချက်ချင်းပင် ကားတံခါးများ ပွင့်ထွက်သွားပြီး လွင့်စင်သွားကြ၏။ ရှေ့ခန်းမှ ရာဇဝတ်ကောင် နှစ်ယောက်မှာ လေတိုက်လို့ လွင့်ပါသွားသော အိတ်တွေလို ကားထဲကနေ လွင့်ထွက်သွားပြီး လမ်းပေါ် ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးသွားကြတော့၏။
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသဖြင့် နောက်ခန်းမှ ရာဇဝတ်ကောင် နှစ်ယောက်မှာ ကြောက်လန့်တကြား ဖြစ်သွားပြီး မျက်စိမှိတ် ပစ်ခတ်ကြတော့၏။
သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက မြန်ဆန်လွန်းလှသည်။ သူတို့ မပစ်ခင်မှာပင် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ကားက အရှိန်အပြည့်ဖြင့် သွားနေဆဲ ဖြစ်ပြီး ကျူးရှောင်ကျောင်း၏ ကားကို ဝင်တိုက်လုနီးပါး ဖြစ်နေလေ၏။
ရင်ထဲတွင် ဒေါသအမျက်များနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ယဲ့ဖန်သည် နှစ်ပေါင်းများစွာ အိပ်ပျော်နေရာမှ နိုးထလာသော ရှေးဟောင်း သားရဲကြီး တစ်ကောင်အလား တိုးဝင်သွားလေသည်။
သူက ခြေလှမ်းကျဲကျဲဖြင့် ရှေ့တက်လိုက်ပြီး ဓားပြကား၏ ဘေးဘက်ကို ပခုံးဖြင့် ဝင်ဆောင့်လိုက်လေသည်။ ပြင်းထန်လှသော ပေါက်ကွဲအားကြောင့် ကားကြီးမှာ ချက်ချင်းပင် ဇောက်ထိုးမှောက်သွားလေတော့သည်။
အခန်း (၁၆၀၃) - မင်းက ဒါကို စိတ်ကြီးတယ်လို့ ခေါ်တာလား
~ယဲ့ဖန်က ကားတံခါးကို အားဖြင့် ဆွဲဖြဲဖွင့်လိုက်ပြီး ရာဇဝတ်ကောင် တစ်ယောက်၏ နားထင်ကို လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
ဤလက်သီးချက်တွင် ပြင်းထန်လှသော အတွင်းအားများ ပါဝင်နေသဖြင့် ဓားပြ၏ ဦးနှောက်မှာ ချက်ချင်းပင် ကြေမွသွားပြီး မျက်လုံးအိမ်များ ပေါက်ထွက်သွားလေတော့သည်။
ဘေးတွင် ထိုင်နေသော ဓားပြမှာ ကျောက်ရုပ်ကြီးပမာ ဖြစ်သွားရရှာသည်။
လူသား တစ်ယောက်... အထူးသဖြင့် အာရှသား တစ်ယောက်က ဒီလောက် ကြောက်စရာကောင်းသည့် ခွန်အားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေမိသည်။
ယဲ့ဖန်က သေဆုံးသွားသော ရာဇဝတ်ကောင် လက်ထဲမှ ရမ်မင်တန် သေနတ်ကြီးနှင့် ကျည်ဆန်ခါးပတ်ကို ယူလိုက်သည်။ ထို့နောက် လက်ကို မြှောက်ကာ ကြောက်လန့်ပြီး ကြောင်အမ်းနေသော ဓားပြ၏ ခေါင်းကိုပါ ချေမွပစ်လိုက်လေသည်။
ဤအဖြစ်အပျက် အားလုံးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ယဲ့ဖန်က ထိုဓားပြများကို အဆုံးသတ်လိုက်ချိန်မှသာ အနောက်မှ ဓားပြများ လမ်းခွဲသို့ ရောက်ရှိလာကြလေသည်။
"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ။"
"ဝှက်သယ်ဖာ့ခ်"
...
နောက်ကားများပေါ်မှ ရာဇဝတ်ကောင်များ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြပြီး ယဲ့ဖန် ဘယ်လိုလုပ်လိုက်လဲ ဆိုတာ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြ၏။
ဆိုရိုးစကားအတိုင်းပင် မသိနားမလည်သူက အကြောက်အလန့် မရှိပေ။ သူတို့က ယဲ့ဖန်၏ လှုပ်ရှားမှုများကို မျက်မြင်ကိုယ်တွေ့ မမြင်လိုက်ရသဖြင့် ကြောက်ရွံ့ခြင်း မရှိဘဲ ကားပေါ်မှ ခုန်ဆင်းကာ စတင် ပစ်ခတ်ကြတော့၏။
ယဲ့ဖန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ...သည်လောက် များပြားသော အော်တိုမက်တစ် လက်နက်တွေ၊ ရိုင်ဖယ်တွေနှင့် ကြီးမားသော ကျည်ဆန်တွေ သုံးသည့် ရမ်မင်တန်တွေကိုတော့ မကာကွယ်နိုင်ပေ။
တွန့်ဆုတ်မနေဘဲ သူက ဇောက်ထိုးမှောက်နေသော ကားအနောက်တွင် ချက်ချင်း ဝင်ပုန်းလိုက်သည်။ ရမ်မင်တန်နှင့် ကျည်ဆန်ခါးပတ်ကို ပခုံးတွင် လွယ်လိုက်ပြီး ကားထဲမှ အော်တိုမက်တစ် ရိုင်ဖယ်တစ်လက်ကို ဆွဲထုတ်လိုက်လေသည်။
‘သစ်ပင်ပေါ်က ပုစဉ်းရင်ကွဲတွေက ရွှေရောင်လေပြေကို အရင်ဆုံး သတိထားမိကြတယ်... တချို့ကတော့ ဘာမှ မသိလိုက်ဘဲ တိတ်တဆိတ် သေလမ်းကို ပို့ဆောင်ခံလိုက်ရတယ်လေ။’
ယဲ့ဖန်က ရန်သူများ၏ သေနတ်သံများကို နားထောင်လိုက်သည်။ ရာဇဝတ်ကောင်များ ကျည်ဖြည့်နေချိန်ကို အခွင့်ကောင်းယူပြီး သူ မတ်တတ်ထရပ်လိုက်လေသည်။
သူ့ သေနတ်ပစ် စွမ်းရည်က အလွန် တိကျနေဆဲပင်။ ဒီတစ်ခေါက် ပစ်ခတ်မှုမှာ ရာဇဝတ်ကောင် နှစ်ယောက် ချက်ချင်းပင် မြေကြီးပေါ် လဲကျသွားကြတော့၏။
ကျန်ရှိနေသော ရာဇဝတ်ကောင်များက ထိုအခြေအနေကို မြင်သောအခါ ကားအနောက်သို့ အမြန် ဝင်ပုန်းလိုက်ကြ၏။ ကျည်ကတ်များ လဲလှယ်ပြီး ပြန်လည် ပစ်ခတ်ကြလေသည်။
ယဲ့ဖန်က ကျည်ကုန်သွားသော အော်တိုမက်တစ် ရိုင်ဖယ်ကို လွှင့်ပစ်လိုက်ပြီး ရမ်မင်တန်ကို ကျည်ဖြည့်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေလိုက်သည်။
သူ အကာအကွယ် ယူထားသော ကားမှာ ယခုအခါ ကျည်ဆန်ပေါက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။ ရာဇဝတ်ကောင် နှစ်ယောက်၏ အလောင်းများလည်း ကျည်ဆန်ဒဏ်ကြောင့် စုတ်ပြတ်သတ်နေပြီ။ အသားစများ နေရာအနှံ့ လွင့်စင်နေပြီး သွေးများက သူ့မျက်နှာပေါ်သို့ ပက်ဖျန်းလာလေသည်။
ဓားပြများက ယဲ့ဖန် ဒီလောက် ကိုင်တွယ်ရ ခက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပုံ ရသည်။ သူတို့က ကျည်ဆန် သိပ်အများကြီး ယူမလာခဲ့ကြပေ။ အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားပြီးနောက် သူတို့၏ ကျည်ဆန်များ ကုန်ခန်းသွားကြတော့၏။
ဒီအချိန်မှာ ယဲ့ဖန် ပုန်းနေစရာ မလိုတော့ပေ။ လူမည်းကောင် တစ်ယောက်ဆီသို့ ပြေးဝင်သွားလိုက်လေသည်။
"ဘုရားရေ"
ယဲ့ဖန်က (၇) မီတာ၊ (၈) မီတာ အကွာလောက် ရောက်လာချိန်မှာပင် လူမည်းကောင် တစ်ယောက် သူ့ဦးနှောက်နှင့် အရိုးများ တုန်ခါသွားသလို ခံစားလိုက်ရသည်။
"မင်းတို့ ဘုရားသခင်ဆီသာ သွားလိုက်တော့"
ယဲ့ဖန်က ရမ်မင်တန်ကို မွှေနှောက်လိုက်ရာ လူမည်း၏ ခေါင်း ပွင့်ထွက်သွားလေသည်။
ဘေးနားမှ လူဖြူ ရာဇဝတ်ကောင် တစ်ယောက်က နောက်လှည့်ပြီး ကြောက်လန့်တကြား ထွက်ပြေးလေသည်။
ယဲ့ဖန်က သူ့ကို အမီလိုက်ပြီး သေနတ်ပြောင်းဝကို လူဖြူ၏ ကျောဘက်သို့ ချိန်လိုက်လေသည်။
"မင်းလည်း ဘုရားသခင်နဲ့ သွားတွေ့လိုက်ပါဦး"
"ဒိုင်း"
သေနတ်သံ ဟိန်းထွက်လာသည်နှင့်အမျှ လူဖြူ၏ နှလုံးသား အနောက်ဘက်မှ သွေးများ ပန်းထွက်လာပြီး မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေဆဲပင်။
"သောက်ကျိုးနည်း... သောက် အသားဝါ မျောက်ကောင်"
နောက်ထပ် လူဖြူ လူမိုက် နှစ်ယောက်က ကျိန်ဆဲရင်း ဓားမြှောင်များကို ဆွဲထုတ်ကာ ယဲ့ဖန်၏ ကျောဘက်သို့ ခုန်အုပ်လာကြ၏။
ယဲ့ဖန်က ဒီလူဖြူတွေ တရုတ်လူမျိုးတွေကို ခေါ်ဝေါ်သော ပုံစံကို အမုန်းဆုံးပင်။
ခေါင်းနောက်မှ လေတိုးသံကို ကြားလိုက်ရသည်နှင့် သူက ရုတ်တရက် နောက်လှည့်လိုက်ပြီး လူနှစ်ယောက်၏ လက်ထဲမှ ဓားမြှောင်များကို ကန်ထုတ်လိုက်လေသည်။ ထို့နောက် ဘယ်ဘက်မှ လူကို ပစ်ခတ်လိုက်လေသည်။
ယဲ့ဖန်က သူ့ကို ချက်ချင်း သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိပေ။ ဒါကြောင့် သေနတ်ကို လက်မအနည်းငယ် ရွှေ့ပြီး ပစ်လိုက်သည်။
ကျည်တစ်ချက်တည်းဖြင့် လူဖြူ၏ ပါးစပ် တစ်ခုလုံး ကြေမွသွားလေသည်။ သွားများ လွင့်စင်ထွက်သွားပြီး မျက်နှာ တစ်ခြမ်း ပျောက်သွားကာ မြေကြီးပေါ်တွင် ဖြူဖွေးသော အရိုးများ ပေါ်လာလေသည်။
ပြင်းထန်လှသော နာကျင်မှုက လူဖြူ၏ ဦးနှောက်ကို ရိုက်ခတ်သွားပြီး သတိလစ်သွားစေသည်။
ထို့နောက် ယဲ့ဖန်က နောက်တစ်ယောက်၏ ရှေ့သို့ ခုန်ဝင်လိုက်သည်။ ညာဘက် လက်ညှိုးနှင့် လက်ခလယ်ကို ချိတ်ကွေးသဏ္ဍာန် ပြုလုပ်ပြီး ထိုလူ၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ အားကုန် ဆွဲလိုက်လေသည်။ ထိုလူ၏ ပါးစပ်ထောင့်မှ နားရွက်အထိ သွေးစိမ်းရှင်ရှင် ဒဏ်ရာကြီး ကွဲအက်သွားပြီး သွားများ ပေါ်လာတော့သည်။
ကျန်ရှိနေသော ရာဇဝတ်ကောင် အနည်းငယ်က ယဲ့ဖန်သည် ငရဲဘုံမှ ထွက်လာသော သေမင်းတမန် တစ်ပါးနှင့် တူနေသည်ကို မြင်သောအခါ ကြောက်လွန်းသဖြင့် ခြေထောက်များ တုန်ရီလာပြီး ကားမောင်းထွက်ပြေးရန် ပြင်ကြလေသည်။
သို့သော် ယဲ့ဖန်က ဘယ်လိုလုပ် သူတို့ကို လွတ်ပေးမှာလဲ။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဒီလူတွေရဲ့ ကျူးကျော်ချင်တဲ့ အရိုင်းအစိုင်း မျိုးရိုးဗီဇတွေက မပျောက်ပျက်သေးဘူး။ သူတို့ကို လူလို့ ခေါ်လို့ မရဘူး။ ယဲ့ဖန်က သူတို့ကို သည်းခံမှာ မဟုတ်ဘူး။
ထိုအခိုက်အတန့်တွင် လူသားတစ်ယောက် မပိုင်ဆိုင်နိုင်လောက်သော ပေါက်ကွဲအားကြီး တစ်ခု သူ့ဆီမှ ထွက်ပေါ်လာသည်။ သူက စက်နှိုးပြီး ထွက်ခွာတော့မည့် ကားကို အမီလိုက်သွားလိုက်သည်။ ကားခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး ဘွန်းနစ်ကို ခြေထောက်နှစ်ဖက်ဖြင့် ဆောင့်နင်းလိုက်ရာ ကြီးမားသော ချိုင့်ခွက်ကြီး နှစ်ခု ဖြစ်ပေါ်သွားတော့သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ရမ်မင်တန်၏ မီးပွားများ ထွက်ပေါ်လာပြီး ရှေ့လေကာမှန်ကို ခွဲပစ်လိုက်သည်။ ရှေ့ခန်းမှ လူနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားက ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ဘေးဘက်သို့ ထိုးကျသွားလေသည်။ နောက်ခန်းမှ ရာဇဝတ်ကောင် နှစ်ယောက်မှာ ပျာယာခတ်သွားပြီး တံခါးဖွင့်ကာ ခုန်ချကြ၏။
သူတို့နှစ်ဦး ကားပေါ်မှ ခုန်ချလိုက်နိုင်သော်လည်း ကား၏ အရှိန်ကြောင့် မြေကြီးပေါ်သို့ ရောက်သောအခါ လမ်းပေါ်တွင် လိမ့်ပါသွားကြလေသည်။
ယဲ့ဖန်က ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး နှစ်ချက် ပစ်ခတ်လိုက်ရာ ရာဇဝတ်ကောင် နှစ်ယောက်၏ အသက် ဆုံးရှုံးသွားတော့သည်။
"ကောင်းကင်ဘုံကိုသွားဖို့ လမ်းရှိရက်နဲ့ မင်းတို့ မရွေးချယ်ခဲ့ကြဘူး... တံခါးမရှိတဲ့ ငရဲဘုံကိုမှ တက်တက်ကြွကြွ လာကြတာကိုး"
ယဲ့ဖန်က တံတွေးထွေးလိုက်ပြီး ရမ်မင်တန်ကို လွှင့်ပစ်လိုက်လေသည်။
တက္ကစီဆီသို့ ပြန်ရောက်သောအခါ ယဲ့ဖန်က မှင်သက်နေသော ကျူးရှောင်ကျောင်းကို ကြည့်ပြီး မေးလိုက်သည်။
"ငါ မင်းကို ခြောက်မိသွားသလား။"
"ဘာဖြစ်လို့ အရင်တုန်းက...ကျွန်မ သတိမထားမိခဲ့တာလဲ..."
ကျူးရှောင်ကျောင်းမှာ ထိတ်လန့်နေဆဲပင်။ ရာဇဝတ်ကောင်တို့၏ သနားစရာ ကောင်းလှသော အဖြစ်အပျက်ကို သူမ မကြည့်ရဲသော်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်က သွေးတွေက အရမ်းကို ထင်ရှားနေလေ၏။
ထို ရာဇဝတ်ကောင်တွေ အကုန် သေကုန်ပြီ ဆိုတာ သူမ သိလိုက်ပါသည်။
ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲနှင့် လက်နက်ကိုင် ရာဇဝတ်ကောင် (၁၀) ယောက်ကျော်ကို သူတစ်ယောက်တည်း သတ်ပစ်လိုက်တာ။ သူ၏ အင်အားက မည်မျှတောင် ကြောက်စရာ ကောင်းလိုက်သနည်း။
"အခု သိလိုက်ရတာလည်း နောက်မကျသေးပါဘူး။"
ယဲ့ဖန်က ကျူးရှောင်ကျောင်း၏ ဆံပင်များကို သပ်ပေးလိုက်သည်။ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ခုနက သူ နည်းနည်း လွန်သွားပြီ ထင်သည်။ ဒီကောင်မလေးကို ကြောက်အောင် လုပ်မိသွား၏။
ကျူးရှောင်ကျောင်း စိတ်ငြိမ်သွားပြီးနောက် ယဲ့ဖန်သည် စုတ်ပြတ်နေသော တက္ကစီကို မောင်းပြီး မြို့ထဲသို့ ပြန်လာခဲ့လေသည်။
ဟိုတယ်ရောက်သောအခါ ယဲ့ဖန်က ကိုယ်ပေါ်မှ သွေးများကို ဆေးကြောပြီး သန့်ရှင်းသော အဝတ်အစား တစ်စုံ လဲလှယ်လိုက်သည်။
ကျူးရှောင်ကျောင်း ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် အပြည့်အဝ ပြန်လည် သက်သာလာပြီ ဖြစ်၏။ အစက ယဲ့ဖန် သွေးတွေနဲ့ ဖြစ်နေတာ မြင်ပြီး သေနတ်မှန်ထားသည်ဟု ထင်ပြီး စိတ်ပူနေခဲ့တာ။ ယဲ့ဖန် ရှင်းပြပြီးမှသာ သူ့ကိုယ်ပေါ်က သွေးတွေက ရာဇဝတ်ကောင်များ၏ သွေးတွေ ဖြစ်ပြီး သူက ဘေးကင်းသည် ဆိုတာ သိလိုက်ရသည်။
"ရှင် ဘယ်လောက် ကြမ်းတမ်းလဲ ဆိုတာ ကျွန်မ သိတယ်လို့ ထင်ခဲ့ပေမဲ့... ဒီနေ့မှ ရှင်က ထင်ထားတာထက် ပိုကြမ်းတယ် ဆိုတာ သိလိုက်ရတယ်။"
ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
ယဲ့ဖန် ဒဏ်ရာ မရ၍ သူမ ဝမ်းသာသော်လည်း စောစောက ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိတိုင်း ကြောက်လန့်စိတ်တွေ ကျန်ရှိနေသေးသည်။
ပြီးခဲ့သည့် အကြိမ် လေဆိပ်မှာ ဓားပြတွေကို ဖြေရှင်းတုန်းက ယဲ့ဖန် သည်လောက် မရက်စက်ခဲ့ပါ။
‘ဒီတစ်ခါ ဘာဖြစ်သွားတာလဲ။
သူ စိတ်လှုပ်ရှားသွားတာလား။’
"ငါက ဘယ်နေရာမှာ ကြမ်းလို့လဲ... ငါ ယဲ့ဖန်က နူးညံ့သိမ်မွေ့တယ်... ကြင်နာတတ်တယ်... ရိုသေလေးစားတတ်တယ်... ခြိုးခြံချွေတာတတ်တယ် ဆိုတာ ဘယ်သူ မသိလို့လဲ... လူယုတ်မာတွေနဲ့ တွေ့ရင်တော့ နည်းနည်း စိတ်ကြီးတတ်ရုံပါပဲ။"
ယဲ့ဖန်က ပြုံးလိုက်ပြီး ကျူးရှောင်ကျောင်းကို ပြန်လည် ဖက်ထားလိုက်သည်။
ကျူးရှောင်ကျောင်းက မျက်လုံး လှန်ကြည့်လိုက်သည်။
"ဒါကို ရှင်က စိတ်ကြီးတယ်လို့ ခေါ်တာလား…"
ဒီနေ့ ဓားပြကိစ္စ ဖြစ်ပြီးနောက် ယဲ့ဖန် ပိုပြီး သတိထားလာသည်။ အမေရိကန်မှာ နောက်ထပ် ရက်အနည်းငယ် နေရဦးမည် ဖြစ်သဖြင့် အသံတိတ် နေထိုင်ပြီး ဓားပြများ၏ ပစ်မှတ် မဖြစ်အောင် နေရမည်။
တစ်ခါတလေ ပိုက်ဆံ ရှိတာက ကောင်းသော ကိစ္စ မဟုတ်ပေ။
ခုနက ပြန်ရောက်ရောက်ချင်း ပစ္စည်းကောင်းတွေ ဘယ်မှာ ရှိလဲ သိရအောင် နက်ရှိုင်းသော လမ်းကြောင်းပြ စနစ်ကို အသုံးပြုခဲ့၏။ သို့သော် ကျူးရှောင်ကျောင်း လန့်သွားသည်ကို ထောက်ထားပြီး မနက်ဖြန်မှ သွားတာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။
အခန်း (၁၆၀၄) - ဘရုစ်လီရဲ့ သိုင်းပညာ လက်ရေးမူ ဟုတ်လား
~နောက်တစ်နေ့ မနက်တွင် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ခေါ်ပြီး တစ်နေရာသို့ ထွက်လာခဲ့ပြန်သည်။ သူတို့၏ ပန်းတိုင်မှာ ဆီယက်တဲလ်မြို့ရှိ တရုတ်တန်း (Chinatown) အနီး ဖြစ်လေသည်။
"ကျွန်မတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ။"
ကျူးရှောင်ကျောင်း နားမလည်နိုင် ဖြစ်သွားရှာသည်။
ယဲ့ဖန်က ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်၏။
"ကိုယ့် အာရုံခံစားမှုက ပြောနေတယ်... ဒီမှာ ရတနာ ရှိတယ်တဲ့။"
"အာရုံခံစားမှု ဟုတ်လား။"
ကျူးရှောင်ကျောင်း မျက်လုံး လှန်ကြည့်လိုက်သည်။
ယဲ့ဖန်က သူမအပေါ် ထားရှိသော ခံစားချက်က သိပ်ကို ဆန်းကြယ်လွန်းနေလေ၏။ ရတနာတွေထက် စာလျှင် သူမက ယဲ့ဖန်ကို ပိုပြီး စိတ်ဝင်စားနေမိသည်။
သူတို့နှစ်ဦးသည် စီးပွားရေး အဆောက်အဦးတန်း တစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ အတွင်းပိုင်းသို့ ဝင်ရောက်လာလေလေ... ယဲ့ဖန်၏ ခံစားချက်က ပိုမို ပြင်းထန်လာလေလေ ဖြစ်၏။
ရတနာက စီးပွားရေး အဆောက်အဦး တစ်ခုခုထဲမှာ ရှိနေတာ သေချာ၏။
နက်ရှိုင်းသော လမ်းကြောင်းပြ စနစ်ကို အသုံးပြုလိုက်လျှင် ရတနာ အကြောင်း အသေးစိတ် သိနိုင်သော်လည်း ယဲ့ဖန်က ထိုအချက်အလက်များကို လက်ခံရယူခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဖြေ မသိရသေးခင် စူးစမ်းရှာဖွေရခြင်း၏ ပြင်းပြသော စိတ်လှုပ်ရှားမှုကို သူ ခံစားချင်သေးသည်။ အဖြေ သိလိုက်ရပြီ ဆိုသည်နှင့် နည်းနည်း ပျင်းစရာ ကောင်းသွားလိမ့်မည်လေ။
အိမ်ရှေ့ တံခါးတွင် အငှားကြော်ငြာနှင့် ဖုန်းနံပါတ်ကို ကပ်ထားသည်။ ယဲ့ဖန်က နံပါတ်ကို ခေါ်ဆိုလိုက်ပြီး အိမ်ရှင်အား တစ်လ ငှားချင်ကြောင်း ပြောလိုက်လေသည်။
တစ်လတည်း ငှားမည်ဟု ကြားသောအခါ အိမ်ရှင်က လာချင်ပုံ မရပေ။ သို့သော် ယဲ့ဖန်က ဒေါ်လာ (၂၀,၀၀၀) ဆိုသော ဈေးနှုန်းဖြင့် မြှူဆွယ်လိုက်သောအခါ အိမ်ရှင်မှာ စိတ်လှုပ်ရှားသွားပြီး အပြေးအလွှား ရောက်ရှိလာတော့သည်။
အိမ်ရှင်၏ ပြောစကားအရ ဤဆိုင်ခန်းကို အရင်က နာရီပြင်ဆရာ အဘိုးအို တစ်ယောက် ငှားရမ်းခဲ့ဖူးသည်။ သို့သော် ထိုအဘိုးအိုမှာ ကမ္ဘာမြေပေါ်မှ အငွေ့ပျံသွားသကဲ့သို့ ရုတ်တရက် ပျောက်ဆုံးသွားခဲ့၏။ ဆိုင်ထဲမှ ပစ္စည်းများကိုပါ ယူဆောင်သွားပြီး အသုံးမဝင်သော အမှိုက်သရိုက် အချို့ကိုသာ ချန်ထားရစ်ခဲ့လေသည်။
အိမ်ရှင်က အမှိုက်ရှင်းလင်းခ မတတ်နိုင်သဖြင့် ယဲ့ဖန်ကို အခန်းထဲမှ အမှိုက်များကို ကိုယ်တိုင် ရှင်းလင်းခိုင်းလေသည်။
ယဲ့ဖန်က ငြင်းပယ်ခြင်း မပြုပေ။ ရတနာ ဆိုသည်မှာ ထိုအမှိုက်သရိုက်များ ကြားထဲတွင် ရှိနေနိုင်သည် မဟုတ်ပါလော။ အိမ်ရှင်သာ ရှင်းလင်းလိုက်လျှင် သူ ဘယ်လိုလုပ် ရတနာ ရှာတွေ့နိုင်တော့မည်နည်း။
ယဲ့ဖန်က ပိုက်ဆံပေးချေလိုက်ပြီး အိမ်ရှင်က ပြုံးရွှင်စွာဖြင့် ထွက်ခွာသွားလေသည်။
ထို့နောက် ယဲ့ဖန်သည် အမှိုက်ပုံထဲတွင် စတင် ရှာဖွေလေတော့သည်။ မကြာမီ သူက ခရီးဆောင်အိတ် အသေးလေး တစ်လုံးကို ဆွဲထုတ်လိုက်လေသည်။
"ဒါက ရှင်.. ပြောတဲ့ ရတနာ ဆိုတာလား။"
ကျူးရှောင်ကျောင်းက အိတ်အိုကြီးကို ကြည့်ပြီး သံသယဖြင့် မေးလိုက်လေသည်။
"ရတနာက အထဲမှာ ရှိတာ။"
ယဲ့ဖန်က အိတ်ကို ဖွင့်လိုက်ရာ မှတ်စုစာအုပ် အထပ်လိုက်ကြီး ပေါ်ထွက်လာတော့သည်။
ကျူးရှောင်ကျောင်းက မှတ်စုစာအုပ် တစ်အုပ်ကို ကောက်ယူပြီး လှန်လှောကြည့်ရှုလိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်မိသည်။
"ဘယ် ဒဿန ပညာရှင်ကြီး ရေးထားတာလဲ... နားလည်ရ ခက်လိုက်တာ။"
"ပေးပါ... ကိုယ် ကြည့်မယ်။"
ယဲ့ဖန်က သူမ လက်ထဲမှ မှတ်စုစာအုပ်ကို ယူလိုက်သည်။
မှတ်စုစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားလေသည်။ ယဲ့ဖန်က ဘာသာစကား (၈) မျိုး ကျွမ်းကျင်သူ ဖြစ်သဖြင့် ဖတ်ရှုရန် အခက်အခဲ မရှိပေ။ သို့သော် လက်ရေးမူ အချို့မှာ ဝေဝါးနေသဖြင့် ဖတ်ရ အနည်းငယ် ခက်ခဲနေလေ၏။
ဖတ်လေလေ... မှတ်စုစာအုပ်ထဲမှ စာသားများနှင့် ရင်းနှီးလေလေ ဖြစ်လာသည်။ တစ်နေရာရာမှာ ဖတ်ဖူးသလို ခံစားနေရသည်။
ပထမဆုံး စာမျက်နှာ၏ နောက်ဆုံး စာကြောင်းဖြစ်သော "ရေလို ကျင့်ပါ... သူငယ်ချင်း (Be water, my friend)" ဆိုသည့် စာသားကို ဖတ်မိမှသာ ယဲ့ဖန် ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဒါက ဝင်းချွန်း (Wing Chun) သိုင်းပညာရှင် ဘရုစ်လီ (Bruce Lee) ရဲ့ နာမည်ကြီး စကားတစ်ခွန်း မဟုတ်ဘူးလား။ [Translator's Note: ဘရုစ်လီ (Bruce Lee)က တရုတ်-အမေရိကန် သိုင်းပညာရှင်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ သူ၏ ဂျစ်ကွန်ဒို (Jeet Kune Do) သိုင်းပညာနဲ့ ဒဿနများက ကမ္ဘာကျော်ပါတယ်။]
ဟိုတုန်းက အမေရိကန် စကားဝိုင်း အစီအစဉ် တစ်ခုမှာ ဘရုစ်လီ ဒီစကားကို ပြောခဲ့ဖူးသည်။ ဒီစကားလုံးတွေက သူ၏ သိုင်းပညာ ဒဿနတွေကို အပြည့်အဝ ဖော်ပြနေတာ မဟုတ်ဘူးလား။
ဒီမှတ်စုစာအုပ်က ဘရုစ်လီ ချန်ထားခဲ့တာများလား။
ယဲ့ဖန် မယုံကြည်နိုင်စွာဖြင့် ဆက်လက် လှန်လှော ကြည့်ရှုလိုက်သည်။ နောက်ဆုံး အပိုင်းတွင် သိုင်းပညာ အကြောင်း မဟုတ်တော့ဘဲ သိုင်းပညာကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာထားမှုများနှင့် လက်ဝှေ့ လေ့ကျင့်စဉ် တွေ့ကြုံရသော အတွေ့အကြုံများကို ရေးသားထားသည်ကို တွေ့ရ၏။
ယဲ့ဖန် မှတ်စုစာအုပ်ပါ အကြောင်းအရာများကို အမြန် ဖတ်ရှုလိုက်သည်။ မှတ်စုများတွင် လူတစ်ယောက်၏ သိုင်းပညာ အတွေ့အကြုံများကို ရေးသားထားပြီး "ဘရုစ်လီ သိုင်းပညာ စတူဒီယို" (Bruce Lee Martial Arts Studio) ဆိုသော စာလုံးများလည်း ပါဝင်နေလေ၏။ ၎င်းက ဂျစ်ကွန်ဒို (Jeet Kune Do) သိုင်းပညာကို မတည်ထောင်မီ ဘရုစ်လီ၏ အတွေ့အကြုံ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
ယဲ့ဖန် ဒီအကြောင်းကို ကောင်းကောင်း မှတ်မိနေလေ၏။ ဘရုစ်လီက အမေရိကန်တွေကို တရုတ်သိုင်းပညာ စတင် သင်ကြားပေးတုန်းက ဆီယက်တဲလ် တရုတ်တန်းက မြေအောက်ခန်း တစ်ခုမှာ "ဘရုစ်လီ သိုင်းပညာ စတူဒီယို" ကို ဖွင့်လှစ်ခဲ့တာလေ။
ကျန်သည့် မှတ်စုစာအုပ်တွေကို ကြည့်လိုက်တော့ အားလုံးက သိုင်းပညာနှင့် သက်ဆိုင်နေတာ ချည်းပါပဲ။
စုစုပေါင်း မှတ်စုစာအုပ် (၆) အုပ် ရှိပြီး အရေးအကြီးဆုံးကတော့ နောက်ဆုံး တစ်အုပ် ဖြစ်လေသည်။
သိုင်းပညာ လေ့လာလိုက်စားသူ တိုင်း သိကြ၏။မှာ ဆရာကြီး ဘရုစ်လီ သည် သူ့ဘဝ နောက်ဆုံး နှစ်အနည်းငယ် အတွင်းတွင် ဂျစ်ကွန်ဒိုကို တီထွင်ခဲ့ခြင်း ဖြစ်၏။
သူ့မှာ သီအိုရီပိုင်းအရ အပြစ်ဆိုဖွယ် မရှိသော်လည်း ကျင့်ကြံမှုစနစ်မှာမူ ပြည့်စုံခြင်း မရှိသေးချေ။ တစ်နည်းဆိုရသော် ထိုစဉ်က ဂျစ်ကွန်ဒိုသည် ဘရုစ်လီ စိတ်ကူးပုံဖော်ထားသလောက် ရင့်ကျက် တည်ငြိမ်မှု မရှိသေးဟု ဆိုရမည်။”
နောက်ဆုံး မှတ်စုစာအုပ်မှ လက်ရေးမူများက အခြား စာအုပ်များထက် ပိုမို ရှင်းလင်းနေလေ၏။ ဆိုလိုသည်မှာ ဤစာအုပ်ကို ဘရုစ်လီ နောက်ပိုင်းမှ ရေးသားခဲ့ခြင်း ဖြစ်၏။
ပထမ (၅) အုပ်တွင် ဘရုစ်လီ၏ မတူညီသော ကာလများအလိုက် သိုင်းပညာအပေါ် နားလည်မှုနှင့် တိုးတက်မှုများကို ရေးသားထားသည်။ ဆဌမမြောက် စာအုပ်တွင်မူ ဂျစ်ကွန်ဒို၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘရုစ်လီ၏ စိတ်ကူးများ၊ သူ့သိုင်းပညာ ဒဿနနှင့် အပြည့်အဝ ကိုက်ညီပြီး ရင့်ကျက်သော လေ့ကျင့်ရေး စနစ် ပါဝင်သည့် ဂျစ်ကွန်ဒို အကြောင်း ရေးသားထားလေသည်။
ယဲ့ဖန်က ချက်ချင်းပင် နက်ရှိုင်းသော စစ်ဆေးမှု စနစ်ကို ဖွင့်လိုက်ပြီး လက်ထဲမှ မှတ်စုစာအုပ် (၆) အုပ်၏ တန်ဖိုးကို အကဲဖြတ်လိုက်လေသည်။
"စစ်ဆေးချက် ရလဒ် - ဘရုစ်လီ၏ သိုင်းပညာ လက်ရေးမူ... ဘရုစ်လီ၏ ဂျစ်ကွန်ဒို ကနဦး ပုံစံကို အသေးစိတ် မှတ်တမ်းတင်ထားသည်... တန်ဖိုး ယွမ် (၁၀) သန်း။"
"စစ်ဆေးချက် ရလဒ် - ဘရုစ်လီ၏ သိုင်းပညာ လက်ရေးမူ... ဆီယက်တဲလ်တွင် ရှိနေစဉ် ဘရုစ်လီ၏ 'ဘရုစ်လီ သိုင်းပညာ စတူဒီယို' ပြောင်းလဲတိုးတက်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားသည်... တန်ဖိုး ယွမ် (၁၀) သန်း။"
"စစ်ဆေးချက် ရလဒ် - ဘရုစ်လီ၏ သိုင်းပညာ လက်ရေးမူ... ဂျစ်ကွန်ဒို ရင့်ကျက်သည့် အဆင့်တွင် ဆရာကြီး တစ်ဦး၏ သိုင်းပညာ ဖွဲ့စည်းပုံကို အသေးစိတ် မှတ်တမ်းတင်ထားသည်... လက်ရှိ ဂျစ်ကွန်ဒို လေ့ကျင့်ရေး စနစ်မှ လစ်ဟာချက်များကို ဖြည့်ဆည်းပေးနိုင်သည်... တန်ဖိုး ယွမ် သန်း (၅၀) အောက် မနည်းရှိသည်။"
စနစ်က အဖြေထုတ်ပေးလိုက်သည်။ ပထမ (၅) အုပ်က တစ်အုပ်လျှင် (၁၀) သန်းစီ တန်ကြေးရှိပြီး ဆဌမမြောက် စာအုပ်က အလွန် အရေးကြီးသဖြင့် သန်း (၅၀) အောက် မနည်းဟုသာ ခန့်မှန်းထားသည်။ ဆိုလိုသည်မှာ တန်ဖိုးက ဒီထက် ပိုများနိုင်သည်။
ယဲ့ဖန်၏ မျက်နှာထား တည်ငြိမ်မနေနိုင်တော့ပေ။ သူကိုယ်တိုင်လည်း သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သဖြင့် ဒီလက်ရေးမူတွေက ဘာအဓိပ္ပာယ် ရှိလဲဆိုတာ ကောင်းကောင်း သိသည်။
ဘရုစ်လီ ဆိုတာ အင်္ဂလိပ် အဘိဓာန်ထဲမှာ "ကွန်ဖူး (Kung Fu)" ဆိုသော စကားလုံးကို ထည့်သွင်းပေးခဲ့ရုံသာမက အမေရိကန်မှာ ရှိနေသည့် "ဖူမန်ချူး (Fu Manchu)" ပုံရိပ်ကိုပါ ပြောင်းလဲပေးနိုင်ခဲ့သူ ဖြစ်၏။ ကမ္ဘာတစ်ဝှမ်းမှာ သူ့ပရိသတ်တွေ မရေမတွက်နိုင်အောင် ရှိသည်။ [Translator's Note: ဖူမန်ချူး (Fu Manchu)က အနောက်တိုင်း ဝတ္ထုနဲ့ ရုပ်ရှင်တွေမှာ ပါဝင်တဲ့ လူဆိုးဇာတ်ကောင် ဖြစ်ပြီး အာရှသားများတွေကို မကောင်းမြင်ဝါဒနဲ့ ပုံဖော်ရာမှာ အသုံးပြုလေ့ ရှိပါတယ်။]
ဥပမာအားဖြင့် နေမဝင်အင်ပါယာက အန်းကျူပရင့်စ် ဆိုရင် ဘရုစ်လီရဲ့ ပရိသတ် တစ်ယောက်လေ။
ဘရုစ်လီ ကွယ်လွန်ပြီးနောက် သူ့ဇနီးနှင့် တပည့်ဖြစ်သူ ဂေးလ်ဘတ် ဂျွန်ဆင် (Gilbert Johnson) တို့က သူ၏ သိုင်းပညာ လက်ရေးမူ အများစုကို စုစည်းပြီး ထုတ်ဝေခဲ့ကြ၏။ ပထမ (၅) အုပ်မှ အကြောင်းအရာ အများစုက အရင် ထုတ်ဝေခဲ့သော စာအုပ်တွေထဲမှာ ပါဝင်ပြီးသား ဖြစ်၏။
ဆဌမမြောက် စာအုပ်ထဲက အကြောင်းအရာတွေက ယခုထိ မပေါ်ထွက်လာသေး။ သူ့ဇနီးပင် သိချင်မှ သိလိမ့်မည်။
ကျူးရှောင်ကျောင်းက ယဲ့ဖန် တစ်ယောက် အရူးလို ပြုံးနေသည်ကို မြင်သောအခါ ခြေထောက်ဖြင့် လှမ်းကန်လိုက်လေသည်။
"ဟေး... ဟေး... ဟေး... ကြည့်စမ်းပါဦး... စာအုပ်အိုကြီးတွေ ရတာနဲ့များ ဒီလောက်တောင် ပျော်နေရသလား။"
"စာအုပ်အိုကြီးတွေ ဟုတ်လား။"
ယဲ့ဖန် မျက်လုံးပြူးသွားသည်။
"ဒါ ဘရုစ်လီရဲ့ သိုင်းပညာ လက်ရေးမူတွေကွ"
ထိုအခါ၊ ကျူးရှောင်ကျောင်းက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"အရမ်း တန်ဖိုးကြီးလို့လား။"
"ဒီ (၆) အုပ်ပေါင်းရင် အနည်းဆုံး သန်း (၁၀၀) တန်တယ်ကွ။"
ယဲ့ဖန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သန်း (၁၀၀) ဟုတ်လား။"
ကျူးရှောင်ကျောင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
"အဲ့ဒီလောက်တောင် တန်ဖိုးရှိတာလား။"
ယဲ့ဖန်က မှတ်စုစာအုပ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ကျူးရှောင်ကျောင်းကို သံသယဖြင့် ကြည့်လိုက်လေသည်။
"မင်း… ဘရုစ်လီ ဆိုတာ ဘယ်သူလဲ မသိဘူးလား။”