အခန်း (၁၆၀၅-၁၆၀၇)
Vol. 83 Ch. 1605-1607
အခန်း (၁၆၀၅) - ဝင်ငွေ ယွမ် သန်း (၇၀၀) ပါလား
~ကျူးရှောင်ကျောင်း၏ မျက်နှာလေး ရဲတက်သွားလေသည်။
"သူက ဟောလိဝုဒ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး တရုတ် စူပါစတား မဟုတ်ဘူးလား။"
ယဲ့ဖန်က အားကိုးရာမဲ့စွာ မျက်လုံး လှန်ကြည့်လိုက်သည်။ ဒီလောက်ပဲ သူမ သိထားပုံ ရသည်။
"ဘရုစ်လီက မင်းသား တစ်ယောက်တင် မဟုတ်ဘူး... ကမ္ဘာကျော် သိုင်းပညာရှင်၊ ခေတ်သစ် သိုင်းပညာ တော်လှန်ရေးရဲ့ ရှေ့ဆောင်လမ်းပြ တစ်ယောက်လည်း ဖြစ်တယ်။"
"အရင်ခေတ်တွေတုန်းက နိုင်ငံရပ်ခြားမှာ ကရာတေးနဲ့ တခြား သိုင်းပညာတွေ ခေတ်စားခဲ့တယ်... ပြိုင်ပွဲ စည်းကမ်းတွေလည်း ရှိခဲ့တာပေါ့။"
"ဒါပေမဲ့ အားကစားသမားတွေကို အကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ပြီး အပြည့်အဝ ထိတွေ့ တိုက်ခိုက်ဖို့ ပထမဆုံး စတင် တိုက်တွန်းခဲ့သူက ဘရုစ်လီပဲ။"
"အခုခေတ် နိုင်ငံတကာ အကန့်အသတ်မဲ့ တိုက်ခိုက်ရေး ပြိုင်ပွဲကြီးတွေမှာဆိုရင် ဘရုစ်လီကို တည်ထောင်သူ အဖြစ် တရားဝင် လေးစားသမှု ပြုကြတယ်လေ။"
"ဒါက ပြိုင်ပွဲကို စိတ်ဝင်စားလာအောင် ဆွဲဆောင်မှု တစ်ခု၊ ဝါဒဖြန့်မှု တစ်ခု ဆိုပေမဲ့... ကမ္ဘာပေါ်မှာ ဘရုစ်လီရဲ့ လွှမ်းမိုးမှု ဘယ်လောက် ကြီးမားလဲ ဆိုတာကိုလည်း ထင်ဟပ်စေပါတယ်။"
"ဒါပေမဲ့ ဘရုစ်လီ ကွယ်လွန်ပြီးနောက်ပိုင်း လူအများစုက ဒီသိုင်းပညာရှင်ကြီး ချန်ထားခဲ့တဲ့ သိုင်းပညာ ရတနာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မကြည့်နိုင်ကြတော့ဘူး။"
"တချို့က အမွှန်းတင်လွန်းကြတယ်... တချို့ကကျတော့ နှိမ်ချလွန်းကြတယ်။"
"နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဘရုစ်လီကို ပြည်ပက လူတွေ ပိုပြီး တန်ဖိုးထား ရှာဖွေကြတာပေါ့။"
ယဲ့ဖန်က ကျူးရှောင်ကျောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေလေသည်။
"သူက အဲဒီလောက်တောင် အစွမ်းထက်သလား။"
ကျူးရှောင်ကျောင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဂျပန်တွေကတောင် သူ့ကို 'စစ်သည်တော် သူတော်စင်'လို့ ခေါ်ကြတာ။"
"သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးချွန်ပြောင်မြောက်တဲ့ အကျိုးပြုမှုတွေ လုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ ထိပ်တန်း သိုင်းပညာရှင် (၇) ဦး စာရင်းမှာ သူ တစ်ကြိမ် ပါဝင်ခဲ့ဖူးတယ်။"
"သူ ကွယ်လွန်ပြီး နှစ်တွေ ကြာတဲ့အထိ ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို ဂုဏ်ပြုဖို့အတွက် အမေရိကန်တွေက ဆုတံဆိပ်တွေ အများကြီး ပေးအပ်ခဲ့ကြသေးတယ်လေ။"
"ဂျပန်နဲ့ အမေရိကန်မှာ ဘယ်လို လူစားမျိုးတွေ ရှိလဲ နင် သိပါတယ်... အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်ကြတယ်... သူတို့က အားကြီးတဲ့သူကိုပဲ လေးစားကြတာ။"
"မစ္စတာ ဘရုစ်လီသာ အင်အားမကြီးမားခဲ့ရင် ဒီက လူပေါင်း သောင်းချီရဲ့ လေးစားမှုကို ရနိုင်ပါ့မလား။"
ယဲ့ဖန်က နှုတ်ခမ်းကို စေ့လိုက်သည်။
"ဒါဆို ဒီမှတ်စုစာအုပ်တွေကို ရှင် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ... အမေရိကန်မှာပဲ လေလံတင်မလား... ဒါမှမဟုတ် ပြည်တွင်း ပြန်ယူသွားပြီးမှ လေလံတင်မလား။"
ကျူးရှောင်ကျောင်းက မေးလိုက်သည်။
ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်သည်။
"ငါ ပြည်တွင်း ပြန်ယူသွားပြီးမှ လေလံတင်တာ ပိုကောင်းမယ်။"
ဘရုစ်လီသည် တရုတ်-အမေရိကန် ကပြား ဖြစ်သော်လည်း တရုတ်လူမျိုးများအပေါ် နက်ရှိုင်းသော အမှတ်တရများ မချန်ထားခဲ့နိုင်ပေ။ (၂၀၀၀) ပြည့်နှစ် နောက်ပိုင်း မွေးဖွားသူ အများစုသည် သူ့ကို သိချင်မှ သိကြလိမ့်မည်။ သူ၏ အဓိက လွှမ်းမိုးမှုက ပြည်ပမှာပင် ရှိနေတုန်းပင်။
ဆရာကြီး ဘရုစ်လီ တီထွင်ခဲ့သော ဂျစ်ကွန်ဒို သည် အမေရိကန်တွင် အဓိက ပျံ့နှံ့ခဲ့သည်။
သူ ချန်ထားခဲ့သော ဆဌမမြောက် မှတ်စုစာအုပ်သည် လက်ရှိ ဂျစ်ကွန်ဒို လေ့ကျင့်ရေး စနစ်မှ လစ်ဟာချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
အမေရိကန်မှာသာ လေလံတင်လိုက်ရင် ဘရုစ်လီ၏ ပရိသတ်တွေနှင့် ဂျစ်ကွန်ဒို လေ့ကျင့်သူ အများအပြားကို ဆွဲဆောင်နိုင်မှာ သေချာ၏။ ဒါက အကောင်းဆုံး ရွေးချယ်မှု ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပေ။
တကယ်တမ်းကျတော့ ယဲ့ဖန်က ဂျပန်မှာ လေလံတင်ဖို့တောင် မျှော်လင့်မိသေးသည်။
ဘာဖြစ်လို့လဲဆိုတော့ ဂျပန်တွေက ဆာမူရိုင်း စိတ်ဓာတ်ကို အလေးထားကြသည်... ။
သိုင်းပညာ လေ့လာသူ ပိုများ၏။ ယခုလို သိုင်းပညာ ကျမ်းစာအုပ်တွေကို ပိုပြီး စိတ်ဝင်စားကြသည်လေ။
ဂျပန်မှာ လူတော်တော်များများက နေ့ခင်းဘက် အလုပ်သွားကြ၏။ အလုပ်ဆင်းလျှင်တော့ အဝတ်အစားလဲပြီး သိုင်းပညာ သင်တန်းကျောင်းတွေမှာ သွားရောက် လေ့ကျင့်ကြလေ့ ရှိသည်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က WBO ပရော်ဖက်ရှင်နယ် လက်ဝှေ့ စင်မြင့်ထက်မှာ ပြည်တွင်း လက်ဝှေ့ချန်ပီယံကို အနိုင်ယူသွားသည့် ဂျပန်က ဝိုင်ပို့သမားလေး တစ်ယောက် ရှိခဲ့ဖူး၏။ ထိုစဉ်တုန်းက ပရော်ဖက်ရှင်နယ် လက်ဝှေ့လောက တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်လေ။
သို့သော် မနေ့က အတွေ့အကြုံကြောင့် ယဲ့ဖန်သည် ဤပစ္စည်းများကို နိုင်ငံတွင်း ပြန်ယူသွားပြီးမှ လေလံတင်ရန် ဆုံးဖြတ်လိုက်၏။
မနေ့က ရက်စက်ကြမ်းကြုတ်သည့် ဓားပြများနှင့် ကြုံတွေ့ခဲ့ရမှုက ယဲ့ဖန်အား စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်စေခဲ့၏။ ထပ်မံ ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခြင်းကား မဟုတ်ပေ။ ဒေသခံ မြေအောက်ဂိုဏ်းအဖွဲ့များ၏ ပစ်မှတ်ထားခြင်း ခံရပါက အခြေအနေများ ရှုပ်ထွေးသွားမည်ကို စိုးရိမ်မိခြင်းသာ ဖြစ်လေသည်။ ထို့ပြင် ကျူးရှောင်ကျောင်း၏ လုံခြုံရေးကိုလည်း ထည့်သွင်း စဉ်းစားရပေဦးမည်။
တရုတ်ပြည်မကြီးတွင် ဘရုစ်လီ၏ သိုင်းပညာ လက်ရေးမူသည် ထင်သလောက် ဂယက်ရိုက်ချင်မှ ရိုက်ခတ်ပေလိမ့်မည်။ သို့သော် နိုင်ငံခြားသားများ လေလံပွဲသို့ လာရောက်စေရန် သတင်းကြိုတင် လွှင့်ထား၍ ရနိုင်ပေ၏။
ချန်းချုံရှန်းသည် ကွမ်တုံတောင်ပိုင်း ဆိုသဘီး လေလံကုမ္ပဏီ ရုံးခွဲ၏ တာဝန်ခံ ဖြစ်လေရာ... ဤကိစ္စကို စီမံခန့်ခွဲနိုင်စွမ်း ရှိမည်မှာ သေချာလှသည်။ အချိန်တန်လျှင် သူ့ထံမှ အကူအညီ တောင်းခံလိုက်ရုံသာ ရှိလေ၏။
ဘရုစ်လီ၏ လက်ရေးမူကို သိမ်းဆည်းပြီးနောက် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ တံခါးပိတ်ပြီး ထွက်ခွာလာခဲ့ကြ၏။
အခန်းထဲက အမှိုက်တွေကိုတော့ သူ ရှင်းပေးမှာ မဟုတ်ချေ။ အိမ်ရှင် သတိရသည့် အချိန်ကျမှ သူ့ဘာသာ ရှင်းပါစေတော့။
မနေ့က ထောက်လှမ်းမိထားသော ဝှက်ထားသည့် ရတနာ တည်ရှိရာ နေရာက ဒီနေရာ တစ်ခုတည်း မဟုတ်ပေ။ နောက်ထပ် တစ်နေရာ ကျန်သေးသည်။ ဒါက ဂိုဒေါင် ဧရိယာ တစ်ခုထဲမှာ ဖြစ်လေသည်။
ယဲ့ဖန်သည် တက္ကစီပေါ်တွင် ထိုင်ရင်း ဒီတစ်ခေါက် အမေရိကန် ခရီးစဉ်မှ ရရှိလာသော အကျိုးအမြတ်များကို တွက်ချက်နေလိုက်သည်။
‘ဒေါ်လာ သန်းရာချီ တန်ဖိုးရှိတဲ့ ပီကာဆိုရဲ့ လက်ရေးမူကြမ်း (၃) ခု... ဒေါ်လာ သန်း (၇၀) တန်ဖိုးရှိတဲ့ ရွှေရောင် လွတ်လပ်ရေး ရုပ်တု... ပြီးတော့ နာမည်ကြီး မီးဖို (၅) ခုက ထွက်တဲ့ ကြွေထည် အလုံး (၁၀၀) ကျော်။ ရူကြွေထည် သက်သက်တင် ယွမ် သန်း (၃၀၀) တန်ဖိုးရှိတယ်။ ကျန်တဲ့ နာမည်ကြီး မီးဖို (၄) ခုက ကြွေထည်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်း တန်ဖိုးက ယွမ် သန်း (၆၀၀) ဝန်းကျင်လောက် ရှိလိမ့်မယ်။
ဘရုစ်လီရဲ့ လက်ရေးမူပါ ထပ်ပေါင်းလိုက်ရင် ရှေးရိုးစွဲ တွက်ရင်တောင် ယွမ် သန်း (၁၀၀) တန်ဖိုး ရှိတယ်။
အခုချိန်ထိ ဒီအမေရိကန် ခရီးစဉ်မှာ ရတနာ တန်ဖိုး စုစုပေါင်း ယွမ် သန်း (၇၀၀) နီးပါး ရခဲ့ပြီပဲ။
ရှယ်ပဲဟေ့... ခံစားရတာ သိပ်ကောင်းတာပဲ။’
‘အမေရိကန်တွေက ဟိုတုန်းက တရုတ်ပြည်က ရတနာတွေ အများကြီး လုယက်ယူငင်ခဲ့ကြတာလေ။ ဒီတစ်ခေါက် ငါ ရလိုက်တာတွေက အမေရိကန်တွေ ယူသွားခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်သေးဘူး။ အတိုး နည်းနည်းလောက် ပြန်ကောက်တာတောင် မရှိသေးဘူး။’
ဒါကို တွေးမိတော့ ယဲ့ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘ဒီကို ရောက်နေမှတော့ ဘိုးဘေးတွေအတွက် အတိုး နည်းနည်းလောက် ပြန်ကောက်ပေးရမှာပေါ့။’
ဂိုဒေါင် ဧရိယာသို့ ရောက်ရှိသောအခါ ယဲ့ဖန်သည် ရတနာ တည်ရှိရာ တိကျသော နေရာကို အတည်ပြုရန် လမ်းကြောင်းပြ စနစ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်လေသည်။
နောက်ဆုံး ရလဒ်က ယဲ့ဖန်ကို အံ့သြသွားစေခဲ့သည်။ သူ့ရှေ့က ဂိုဒေါင် (၅) လုံးစလုံးမှာ ရတနာတွေ ရှိနေသည်တဲ့။
ဒီဂိုဒေါင်တွေကို လေလံမတင်ထားသဖြင့် ယဲ့ဖန်သည် ဂိုဒေါင် မန်နေဂျာကို ချက်ချင်း ရှာဖွေပြီး ငှားရမ်းရေး ကုမ္ပဏီကို ဆက်သွယ်လိုက်လေသည်။
သတင်းရရှိသည်မှာ ဤဂိုဒေါင် (၅) လုံးကို လွန်ခဲ့သော နှစ်ပေါင်းများစွာက လူတစ်ယောက်တည်း ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က ငှားရမ်းသူ ရုတ်တရက် ပျောက်ဆုံးသွားခဲ့၏။ နေရာလွတ် ရစေရန်အတွက် ငှားရမ်းရေး ကုမ္ပဏီက တစ်ခါတည်း လေလံပစ်ချင်ခဲ့သည်။ သို့သော် ဒီမှာ ဂိုဒေါင်တွေက အရမ်း များလွန်းနေလေ၏။ ဂိုဒေါင် လောင်းကစား လုပ်သည့် ပရော်ဖက်ရှင်နယ်တွေက ဆင်းရဲကြတော့ အကုန်လုံးကို လေလံ မဆွဲနိုင်ကြပေ။
တစ်ဖက်လူနှင့် ဆွေးနွေးပြီးနောက် ယဲ့ဖန် ဈေးညှိလိုက်လေသည်။
ဒီတစ်တန်းလုံးမှာ စုစုပေါင်း ဂိုဒေါင် (၅) လုံး ရှိပြီး တစ်လုံးကို ဒေါ်လာ (၂၀,၀၀၀) တန်ကြေး ရှိသည်။ နောက်ဆုံးတွင် သူက ဒေါ်လာ (၁၀၀,၀၀၀) ဖြင့် အားလုံးကို ဝယ်ယူလိုက်လေတော့သည်။
နှစ်ဖက်စလုံး စာချုပ် လက်မှတ်ထိုးပြီးနောက် ဂိုဒေါင် မန်နေဂျာက အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့သော ဂိုဒေါင်များကို ဖွင့်ပေးလိုက်လေသည်။ ဂိုဒေါင်ထဲတွင် ဖုန်များ တက်နေသော သစ်သားသေတ္တာများ ရှိနေလေ၏။
ဂိုဒေါင် တစ်လုံးထဲသို့ ဝင်ရောက်ပြီးနောက် ဒီတစ်တန်းလုံးရှိ ဂိုဒေါင်များအားလုံး အတွင်းပိုင်းတွင် ချိတ်ဆက်ထားကြောင်း ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ သိလိုက်ရလေသည်။
ဂိုဒေါင်ထဲတွင် သစ်သားသေတ္တာများမှ လွဲ၍ ဘာမှ မရှိပေ။
"ဝိုး... သေတ္တာတွေ အများကြီးပဲ... အထဲမှာ ဘာတွေ ရှိလဲဟင်။"
ကျူးရှောင်ကျောင်းက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
ယဲ့ဖန်က အရမ်း အစွမ်းထက်လွန်းသည်။ ယဲ့ဖန်နောက် လိုက်နေသမျှ ရတနာ မတွေ့မှာ ပူစရာ မလိုပေ။
ဒါကြောင့် ဒီသေတ္တာတွေကို မဖွင့်ရသေးသော်လည်း အထဲမှာ ရတနာတွေ အများကြီး ရှိမည်ဟု ကျူးရှောင်ကျောင်း ခံစားနေရသည်။
ဒီသစ်သားသေတ္တာတွေ အကုန်လုံး သော့ခတ်ထားသော်လည်း သော့ဖျက်ဖို့က ယဲ့ဖန်အတွက် မခက်ခဲပေ။ သို့သော် ဂိုဒေါင် မန်နေဂျာက ဘေးမှာ ရှိနေသေးသဖြင့် လက်သက်သက်ဖြင့် သော့ဖျက်လိုက်လျှင် ဒီသူငယ်ချင်းကြီး လန့်သေသွားမှာ စိုးရိမ်ရသည်။
နောက်ဆုံးတွင် ယဲ့ဖန်က ဂိုဒေါင် မန်နေဂျာဆီမှ သံတူရွင်း တစ်ချောင်း ငှားပြီး သစ်သားသေတ္တာကို ဖွင့်လိုက်လေသည်။ ဒီအင်အားက ဂိုဒေါင် မန်နေဂျာကို အံ့သြစေခဲ့ပေမဲ့ လန့်သေသွားလောက်သည့် အထိတော့ မဟုတ်ပေ။
သို့သော် ဂိုဒေါင် မန်နေဂျာ တုန်လှုပ်သွားရသေးသည်။ အဘယ်ကြောင့်ဆိုသော် သစ်သားသေတ္တာထဲတွင် ငွေတုံး ဖြူဖြူဖွေးဖွေးများ ပြည့်နှက်နေသောကြောင့် ဖြစ်လေသည်။
"ဒီလောက် ရိုးရှင်းပြီး အကြမ်းစားလား။"
ယဲ့ဖန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ သူ လိုချင်သော မျှော်လင့်ချက်နှင့် ဆန်းကြယ်မှုကို ထိန်းသိမ်းရန်အတွက် သစ်သားသေတ္တာထဲမှ ပစ္စည်းများကို အသေးစိတ် မစစ်ဆေးခဲ့ပေ။
‘သစ်သားသေတ္တာထဲမှာ ရှေးဟောင်းပစ္စည်းတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ပါမယ်လို့ သူ ထင်ထားခဲ့တာ။ ငွေတုံးတွေ ဖြစ်နေမယ်လို့ မထင်ထားမိဘူး။’
ကျူးရှောင်ကျောင်း တစ်ယောက် တံတွေး တစ်ချက် မျိုချလိုက်မိသည်။
"ကျန်တဲ့ သေတ္တာတွေထဲမှာလည်း ငွေတွေချည်းပဲလားဟင်။”
အခန်း (၁၆၀၆) - ငွေတုံး ငါးသန်း (Five Million Taels)
~ယဲ့ဖန်က ဘာမှ ပြန်မပြောပေ။
သူ့ လုပ်ရပ်များဖြင့်သာ ကျူးရှောင်ကျောင်း၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြလိုက်လေသည်။ သူက သစ်သားသေတ္တာ ဆယ်လုံးကျော်ကို ဆက်တိုက် ဖွင့်ပြလိုက်ရာ အားလုံးတွင် ငွေတုံးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ယဲ့ဖန် ဆက်ပြီး တူးဖော်လိုစိတ် မရှိတော့ပေ။ စနစ်ကို အသုံးပြုပြီး နက်နက်ရှိုင်းရှိုင်း စစ်ဆေးကြည့်လိုက်ရာ ဒီဂိုဒေါင်တွေထဲမှာ သစ်သားသေတ္တာပေါင်း ထောင်ချီ ရှိနေပြီး အားလုံးမှာ ငွေတုံးတွေနှင့် ပြည့်နေကြောင်း... စုစုပေါင်း ငွေတုံး ငါးသန်း ရှိကြောင်း အတည်ပြုနိုင်လိုက်သည်။ [Translator's Note: ငွေတုံး ဆိုသည်မှာ ရှေးဟောင်း တရုတ် ငွေကြေး အလေးချိန် ယူနစ် ဖြစ်၏။ ငွေတုံး ၁ခု လျှင် ၃၇.၅ ဂရမ် (သို့) ၁.၃ အောင်စ ခန့် ရှိသည်။]
တရုတ်ယွမ်ငွေနဲ့ တွက်ရင် သန်းပေါင်း (၆၅၀) တန်ဖိုးရှိသည်။
ယဲ့ဖန် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။ ကျူးရှောင်ကျောင်းလည်း ဆက်ပြီး တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။ ဒီလောက် ပိုက်ဆံ အများကြီး စုမိဖို့ဆိုတာ ဘဝပေါင်း ဘယ်လောက်တောင် ကျင်လည်ရမလဲ။
ဂိုဒေါင် မန်နေဂျာကတော့ ဒေါသထွက်လွန်းလို့ ဘုရားသခင်ဆီ သွားပြီး တိုင်တောချင်စိတ် ပေါက်နေလောက်ပြီ ဖြစ်၏။
သူသည် ဤဂိုဒေါင်ကို စောင့်ကြပ်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း... အဘယ်ကြောင့်များ ဖွင့်လှစ်ကြည့်ရှုရန် စိတ်ကူးမရခဲ့မိလေသနည်း။
ငွေသေတ္တာ အနည်းငယ်မျှ ထုတ်ယူရောင်းချလိုက်လျှင်ပင် သူတစ်ပါး ခိုင်းဖတ်ဘဝမှ လွတ်မြောက်ကာ သူဌေးကြီးတစ်ဦး ဖြစ်လာနိုင်ပေမည် မဟုတ်ပါလော။
ထိုခဏ၌ သူသည် ကုမ္ပဏီ အကြီးတန်း စီမံခန့်ခွဲသူများထံ ဆက်သွယ်၍ ဤကိစ္စကို သတင်းပို့လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရလေ၏။ ကုမ္ပဏီမှ သူ့အား ဆုလာဘ်များစွာ ချီးမြှင့်လာမည်လော... မည်သူ ခန့်မှန်းနိုင်မည်နည်း။
သို့သော် ကုမ္ပဏီနှင့် ယဲ့ဖန်တို့ စာချုပ်ချုပ်ဆိုပြီး ဖြစ်နေလေပြီ။ လက်မှတ်ရေးထိုး လက်ဗွေနှိပ်ထားပြီးဖြစ်သည့် စာချုပ်စာတမ်း ခိုင်မာစွာ ရှိနေပြီဖြစ်ရာ နောင်တရနေလျှင်လည်း အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်ချေသည်။
"ဘယ်လို လုပ်ကြမလဲ။"
ကျူးရှောင်ကျောင်းက စက်ရုပ်တစ်ရုပ်လို ယဲ့ဖန်ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်လေသည်။
ယဲ့ဖန်က လေတစ်ချက် ရှူသွင်းလိုက်ပြီး သေတ္တာထဲမှ ငွေတုံးများ၏ ပုံသဏ္ဍာန်နှင့် အရည်အသွေးကို သေချာ ကြည့်ရှုလိုက်သည်။
ငွေတုံးများ၏ အရောင်မှာ အနည်းငယ် မည်းနက်နေပြီး ကြာရှည်စွာ လေဒဏ်ခံထားရခြင်းကြောင့် ဓာတ်တိုးခြင်း ဖြစ်ပေါ်နေလေ၏။ ဆိုလိုသည်မှာ ဤငွေတုံးများသည် အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်၏။ ချင်မင်းဆက် နှောင်းပိုင်း ကာလတွင် အမေရိကန်များ လုယက်ယူငင်ခဲ့သော ပစ္စည်းများ ဖြစ်လောက်သည်။
ဤပစ္စည်းများသည် မူလက တရုတ်ပြည်မှ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ခေတ်ကာလများ ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။ ခေတ်သစ် အမေရိကန်များ အနေဖြင့် ဤအရာများကို အလေးထား ဂရုစိုက်နေမည် မဟုတ်ပေ။ ထို့ပြင် ငွေဟူသည် အဖိုးတန် သတ္တုတစ်မျိုးသာ ဖြစ်ချေသည်။ ဤမျှ များပြားလှသော ငွေတုံးများကို တရုတ်ပြည်သို့ ပြန်လည်သယ်ဆောင်သွားရန်မှာ လက်တွေ့မကျလှပေ။ အကောက်ခွန် လုပ်ငန်းစဉ်များကို ဖြတ်ကျော်နိုင်ရန်လည်း မဖြစ်နိုင်ချေ။
ဤမျှလောက် များပြားသော ငွေများကို ပြန်လည်ယူဆောင်မသွားနိုင်သဖြင့် ယဲ့ဖန်တစ်ယောက် နောင်တရမိသော်လည်း ရွေးချယ်စရာ လမ်းမရှိတော့ပေ။ အမေရိကန်၌သာ ထုတ်ရောင်းရန် နည်းလမ်းရှာရတော့မည် ဖြစ်လေသည်။
သူ့မှာ အမေရိကန် အဆက်အသွယ် မရှိသဖြင့် သမုဒ္ဒရာ တစ်ဖက်ကမ်းမှာ ရှိနေသော ချန်းချုံရှန်းထံသာ ဖုန်းဆက်ရတော့သည်။
"ဟေး...အစ်ကိုယဲ့... ဘာကိစ္စ ရှိလို့လဲ။"
ဒီတစ်ခါတော့ ချန်းချုံရှန်း မကျိန်ဆဲတော့ပေ။ အကြောင်းရင်းက ရှင်းရှင်းလေး။ ယဲ့ဖန်က အမေရိကန် စံတော်ချိန် မနက် (၉) နာရီလောက်မှာ ဆက်လိုက်ခြင်းပါ။ တရုတ်ပြည်မှာ ည (၉) နာရီလောက်ပဲ ရှိသေးတော့ သူ မအိပ်သေးပါလေ။
"ကိစ္စက နည်းနည်း အရေးကြီးတယ်... တိုတိုပဲ ပြောမယ်။"
ယဲ့ဖန်က ချန်းချုံရှန်း စကားတစ်လုံးမှ လွတ်သွားမှာ စိုးရိမ်သဖြင့် ဖုန်းကို တင်းကျပ်စွာ ကိုင်ထားပြီး အော်ပြောလိုက်သည်။
"ငါ အမေရိကန်မှာ ငွေတုံး (၅) သန်း
ရထားတယ်... ဒီပစ္စည်းတွေကို ပြည်တွင်း ပြန်သယ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး... ဒါတွေကို မြန်မြန် ရှင်းထုတ်ဖို့ နည်းလမ်း ရှာပေးစမ်းပါကွာ။"
"ဘာ... (၅) သန်း ဟုတ်လား။"
"အစ်ကိုယဲ့... မင်းက တော်တယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ကြွားတာ လျှော့ပါဦးကွာ။"
ချန်းချုံရှန်း မျက်လုံးပြူးသွားသည်။
"ငါက အဲဒီလို လူစားမျိုး မို့လို့လား... တကယ်ကြီး ငွေတုံး (၅) သန်းပါဆို... ဒါတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် လူတစ်ယောက်ယောက်ကို မြန်မြန် ဆက်သွယ်ပေးစမ်းပါ။"
ယဲ့ဖန် အော်ပြောလိုက်သည်။
ချန်းချုံရှန်း လေတစ်ချက် ရှူသွင်းပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ယဲ့ဖန် အမှန်အတိုင်း ပြောနေမှန်း သူ သိသည်။ ငွေတုံး (၅) သန်း ဆိုတာ ကြားလိုက်ရတော့ သူ စိတ်လှုပ်ရှားလွန်းပြီး သွေးတွေ ဆူပွက်လာကာ ဒိုက်ထိုးချင်စိတ် ပေါက်သွားသလိုပင်။
"ကျွန်တော် ပြောတာ နားထောင်... ငွေတုံး (၅) သန်း ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး... အမေရိကန်မှာ ရှိတဲ့ ကျွန်တော့် အဆက်အသွယ်တွေနဲ့ ဒါတွေ အကုန်လုံးကို တစ်ခါတည်း ရှင်းထုတ်ဖို့ မဖြစ်နိုင်ဘူး။"
ချန်းချုံရှန်းက ပြောလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ။"
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
‘ပါးစပ်နား ရောက်နေတဲ့ အမဲသားတုံးကြီး ထွက်ပြေးသွားမှာလား။’
"စိတ်မပူပါနဲ့... ကျွန်တော် ပြောတာ နားထောင်။"
ချန်းချုံရှန်းက သားသမီးကို ဂရုစိုက်သော ဖခင်အိုကြီး တစ်ယောက်လို လေးလေးနက်နက် ပြောလိုက်သည်။
"အမေရိကန်မှာ ရှိတဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို ဆက်သွယ်ပေးမယ်... ခင်ဗျား အကုန်လုံးကို သူ့လက်ထဲ အပ်လိုက်ပြီး ရောင်းခိုင်းလိုက်... အကုန်လုံး ရောင်းထွက်ဖို့ တစ်နှစ်လောက်တော့ ကြာလိမ့်မယ်... အဲဒီကျရင် သူ့ကို ကော်မရှင်ခ ကောင်းကောင်းလေး ပေးလိုက်ရင် ရပြီ။"
"စိတ်ချရပါ့မလား။"
ယဲ့ဖန်က ချန်းချုံရှန်းကို ယုံကြည်သဖြင့် ချက်ချင်း ဖုန်းဆက်လိုက်ခြင်း ဖြစ်၏။ သို့သော် ချန်းချုံရှန်း၏ သူငယ်ချင်းကို သူ မသိသဖြင့် အနည်းငယ် စိတ်ပူနေမိသည်။
"စိတ်မပူပါနဲ့ကွာ။"
"တရုတ်အချင်းချင်း မလိမ်ပါဘူး။"
ချန်းချုံရှန်းက ပြောလိုက်သည်။
"ကျွန်တော့် သူငယ်ချင်းက ဟို အမေရိကန် အရှုံးသမား ကောင်တွေလို မဟုတ်ဘူး... သူက လူ အမှန်အကန်ပါ။"
"ကောင်းပြီလေ... သူ့ကို ဆက်သွယ်ပေးလိုက်... ငါ စည်းကမ်းတွေကို နားလည်ပါတယ်... ဒီကိစ္စ ပြီးသွားရင် သူ့ကို ကော်မရှင် (၅) ရာခိုင်နှုန်း ပေးမယ်။"
ယဲ့ဖန် ဆုံးဖြတ်ချက် ချလိုက်၏။
"အိုခီ"
ချန်းချုံရှန်း ဖုန်းချလိုက်သည်။
ယဲ့ဖန်က ဖုန်းကို ကိုင်ပြီး အမေရိကန်က နာမည်ကြီး သက်တော်စောင့် ကုမ္ပဏီ တစ်ခုကို ဆက်သွယ်လိုက်သည်။ ဂိုဒေါင်ကို စောင့်ကြပ်ဖို့အတွက် သက်တော်စောင့် အများအပြားကို ငွေအမြောက်အမြား သုံးပြီး ငှားရမ်းလိုက်လေသည်။
ထိုသက်တော်စောင့် ကုမ္ပဏီက ဆီယက်တဲလ်မှာ ရုံးခွဲ ရှိသည်။ သက်တော်စောင့် (၂၀) ကျော်က ဂိုဒေါင် ဧရိယာဆီကို ကားတွေနှင့် အမြန် ရောက်ရှိလာကြ၏။ အစကတော့ လူ တစ်ယောက်ယောက်ကို ကာကွယ်ပေးရမည် ထင်ပြီး လာခဲ့ကြသည်။ ဂိုဒေါင် စောင့်ပေးရမည် ဆိုတော့ အံ့သြသွားကြ၏။
ယဲ့ဖန် ပေးသည့် ဈေးက အရမ်း မြင့်မားသလို၊ ဂိုဒေါင် စောင့်ရတာက လူတစ်ယောက်ကို ကာကွယ်ရတာထက် အများကြီး ပိုလုံခြုံသည် ဆိုတော့ သူတို့ ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံလိုက်ကြ၏။
ဒီ သက်တော်စောင့်တွေ၏ အရည်အသွေးကို ယဲ့ဖန် သဘောကျသည်။
အများစုက စစ်မှုထမ်းဟောင်းတွေ ဖြစ်ပြီး လက်တွေမှာ အသားမာတွေ တက်နေကြ၏။ သေနတ် ကိုင်ဖူးတဲ့ အတွေ့အကြုံ ရှိကြပြီး ကိုယ်ပိုင် သေနတ်တွေလည်း ပါလာကြ၏။
ဒီလို အဖွဲ့မျိုး ရှိနေမှတော့ ယဲ့ဖန် စိတ်ချလိုက်ရပြီ ဖြစ်၏။
ဘယ်ကောင်က သေနတ်ပြောင်းဝကို ဝင်တိုးရဲမှာလဲ။
ဂိုဒေါင် စောင့်ဖို့အတွက်နှင့် သည်လောက် ငွေအများကြီး သုံးလိုက်သည်ကို သက်တော်စောင့်တွေက ပုံကြီးချဲ့သည်ဟု ထင်ကောင်း ထင်ကြလိမ့်မည်။ သို့သော်၊ ဂိုဒေါင်ထဲမှာ ဘာတွေ ရှိနေလဲ ဆိုတာ သူတို့ မသိကြချေ။
ဒါ့အပြင် ယဲ့ဖန်က ရာဇဝတ်ကောင်တွေကို ကာကွယ်ဖို့ သူတို့ကို ငှားတာ မဟုတ်။ ဂိုဒေါင် ငှားရမ်းရေး ကုမ္ပဏီက လူတွေကို ကာကွယ်ဖို့ ငှားခြင်းပင်။
ဂိုဒေါင်မန်နေဂျာသည် ကုမ္ပဏီအထက်လူကြီးများထံ ဤကိစ္စကို သတင်းပို့လိုက်မည်လော... သူ မရှိခိုက် ကုမ္ပဏီဘက်မှ အခွင့်ကောင်းယူကာ ဂိုဒေါင်ကို ဖောက်ထွင်းသွားကြမည်လော... မည်သူ တပ်ပ်ပြောနိုင်မည်နည်း။
"လူသည် စည်းစိမ်ကြောင့် အသက်သေရပြီး၊ ငှက်သည် အစာကြောင့် အသက်သေရ၏" ဟူသော ဆိုရိုးစကား ရှိလေသည်။ ၎င်းမှာ ရှေးဟောင်း တရုတ်စကားပုံ ဆိုသော်ငြား ကမ္ဘာ့ မည်သည့် နေရာတွင်မဆို မှန်ကန်နေဆဲ ဖြစ်လေသည်။
အထူးသဖြင့် အကျိုးအမြတ် ရမည်ဆိုပါက မိမိကိုယ်ကို ကြိုးပေးမည့် ကြိုးကိုပင် ထုတ်ရောင်းမည့် ဤအရင်းရှင်ကောင်များကို ယဲ့ဖန် လုံးဝ မယုံကြည်နိုင်ပေ။ သူတို့အနေဖြင့် စည်းကမ်း လိုက်နာလိမ့်မည်ဟုလည်း မထင်ထားချေ။
ထို့အပြင် ဝက်ဝံနှင့် ရင်ဆိုင်ရသည့်အခါ လက်ထဲမှ ပုဆိန်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည် ဆိုသည်ကို ယဲ့ဖန် ကောင်းစွာ နားလည်ထားလေ၏။
ငွေတုံး (၅) သန်း ကိစ္စ စီစဉ်ပြီးနောက် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းနှင့်အတူ အမေရိကန် လမ်းမတွေပေါ် လျှောက်လည်ခဲ့သည်။
နောက် (၂) ရက် အတွင်း ယဲ့ဖန် ဘယ်မှ မသွားတော့ပေ။ ကျူးရှောင်ကျောင်းနှင့်အတူ လည်ပတ်ပြီး ထူးခြားဆန်းပြားသော ယဉ်ကျေးမှုများကို ခံစားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်ကို အစပျိုးခဲ့တာ ကျူးရှောင်ကျောင်းပင်။ သူမ၏ အဓိက ရည်ရွယ်ချက်က ပျော်ဖို့သာ... ဂိုဒေါင် လောင်းကစား လုပ်ပြီး ရတနာ ရှာဖို့ မဟုတ်ပါချေ။
ဒီတစ်ခေါက် ဂိုဒေါင် လောင်းကစားကနေ သူ ပိုက်ဆံ အများကြီး ရလိုက်သော်ငြား.
အမှန်အတိုင်း ပြောရလျှင် အမေရိကန်၏ နိုင်ငံခြား ယဉ်ကျေးမှု ဆိုတာကြီးကို တန်ဖိုးထား လေးစားစရာ သိပ်မရှိဘူးဟု ယဲ့ဖန် ခံစားမိသည်။ အမေရိကန်တွေက ယဉ်ကျေးသလိုလို ရှိ သော်လည်း... လှပသော မိန်းကလေးတွေနှင့် စကားပြောလျှင် လူကြီးလူကောင်း ဆန်သလိုလို ရှိသော်လည်း... သူတို့၏ တောက်ပြောင်သော အပြင်ပန်း သွင်ပြင်ကို ခွာချလိုက်လျှင် တောရိုင်းတိရစ္ဆာန်တွေနှင့် ဘာမှ မခြားနားပေ။
ငွေတုံး (၅) သန်း အပါအဝင် ချန်းချုံရှန်း သူငယ်ချင်းကို ပေးရမည့် ကော်မရှင်ခ နှုတ်လိုက်လျှင်... ယဲ့ဖန် တွက်ချက်ကြည့်လိုက်သည်။
ဒီ အမေရိကန် ခရီးစဉ်မှ သူ တရုတ်ယွမ်ငွေ (၁.၄) ဘီလီယံလောက် အမြတ်ရလိုက်သည်။ ဒါက သေချာပေါက် နက္ခတာရာ ဂဏန်း (Astronomical Figure) ကြီး တစ်ခုပင်။
["Astronomical Figure" ဆိုတာကို ရိုးရိုးရှင်းရှင်း ပြောရရင်တော့ "ခေါင်းမူးသွားလောက်အောင် များပြားလွန်းတဲ့ ဂဏန်း" လို့ မှတ်ယူလို့ ရပါတယ်ဗျ။
စဉ်းစားကြည့်ဗျာ... ကောင်းကင်ပေါ်က ကြယ်တွေ၊ ဂြိုဟ်တွေရဲ့ အကွာအဝေးကို တိုင်းတဲ့အခါ မိုင်ပေါင်း သန်းချီ၊ ကုဋေချီပြီး တန်းနေအောင် များတယ်လေ။ သာမန်လူတွေ လိုက်တောင် မရေနိုင်ဘူးပေါ့။
အဲဒီသဘောတရားကို ယူပြီးတော့ ပိုက်ဆံပမာဏ အရမ်းများတဲ့အခါ၊ ဥပမာ - ဘီလီယံချီပြီး များတဲ့အခါမျိုးမှာ "နက္ခတာရာ ဂဏန်းကြီးပါလား" ဆိုပြီး တင်စားပြောကြတာပါ။ မြန်မာလို အရပ်စကားနဲ့ ပြောရရင်တော့ "မိုးထိအောင် များတာကွာ" ဆိုတဲ့ သဘောပါပဲ။]
အခန်း (၁၆၀၇) - တန်ဖိုး ယွမ် (၁) ဘီလီယံရှိသော ရတနာ
~သို့သော် ယဲ့ဖန်၏ စိတ်ထဲ၌ မလုံလောက်သေးပေ။ သူက လောဘကြီးခြင်း မဟုတ်ချေ။ မည်သို့ပင် တွက်ချက်နေစေကာမူ သူ ပြန်ကောက်ရသည့် အတိုးသည် အတန်ငယ် နည်းနေသေးသကဲ့သို့ ခံစားနေရ၏။
ကမ္ဘာကျော် လပ်စ်ဗီးဂတ်စ်သို့ ထပ်မံ ချီတက်ရန် သူ စိတ်ကူးမိသည်။ သူ၏ ပြောင်မြောက်သော လှည့်ကွက်များဖြင့် အမြတ် ထပ်ထုတ်ရန် ရည်ရွယ်ခဲ့သော်လည်း ထိုစိတ်ကူးကို ချက်ချင်းပင် ဖြတ်ချလိုက်လေသည်။ သူ၏ ထိတ်လန့်စရာ ကောင်းသော အရည်အချင်းများကို ထပ်မံ ထုတ်ဖော်ပြသ၍ လပ်စ်ဗီးဂတ်စ် လောင်းကစားဝိုင်းသို့ သွားပါလျှင် အမေရိကန် အထူးဌာနများ၏ ပစ်မှတ်ထားခြင်း ခံရမည်မှာ သေချာချေ၏။ 'တကယ်တမ်းကျတော့ အားကောင်းတဲ့ နဂါးက ဒေသခံ မြွေပွေးကို နှိမ်နင်းဖို့ မသင့်တော်ဘူး။' [Translator's Note: အခြေအနေကို သတိထားပြီး ဒေသခံ အင်အားစုများနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ဖို့ ဆိုလိုပါတယ်။]
ယဲ့ဖန် စိတ်ထဲ၌ သတိချပ်လိုက်သည်။ အသက်ရှင်ဖို့က ပိုအရေးကြီးသည်ပေ။
အမေရိကန်မှာ ရက်အနည်းငယ်ကြာ လည်ပတ်ပြီးနောက် သူတို့နှစ်ဦး ပြန်ရန် ပြင်ဆင်လိုက်ကြ၏။
နှစ်ဦးသား ဟိုတယ် ဇိမ်ခံကားပေါ် တက်ကာ လေဆိပ်သို့ ဦးတည် ထွက်ခွာရန် ပြင်လိုက်သည့် အခိုက်အတန့်၌ စနစ်၏ နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက်က အံ့အားသင့်စရာတစ်ခုကို သတင်းယူဆောင် လာလေသည်။
'မဖြစ်နိုင်တာ... ဒီအချိန်ကြီးမှ ပစ္စည်းကောင်း ပေါ်လာတယ် ဟုတ်လား။'
ယဲ့ဖန် အံ့ဩမှု အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ်သွား၏။
သို့သော် 'ပိုက်ဆံ မရှာချင်တဲ့ ယောကျာ်းဆိုတာ သောက်ရမ်း အသုံးမကျတဲ့ ကောင်ပဲ' ဆိုသော သူ၏ ကိုယ်ပိုင် ဒဿနကို မပစ်ပယ်နိုင်သဖြင့် ကားကို ဟိုတယ်သို့ ပြန်လှည့်ခိုင်းလိုက်တော့သည်။
"ဘာဖြစ်တာလဲ ကို... ဟိုတယ်မှာ တစ်ခုခု မေ့ကျန်ခဲ့လို့လား။" ကျူးရှောင်ကျောင်း မေးမြန်းလိုက်သည်။
"အင်း...ငါ ရုတ်တရက် ခံစားချက် တစ်ခု ထပ်ရလိုက်တယ်... ရှာမတွေ့သေးတဲ့ ရတနာတွေ ရှိနေသေးသလိုပဲ။" ယဲ့ဖန်က ဆီလျော်သော အကြောင်းပြချက်ကို ရှာဖွေ ဖြေကြားသည်။
သူမက ယဲ့ဖန်ကို အလျော့မပေးဘဲ ယုံကြည်သွား၏။ ယဲ့ဖန်သာ တစ်ခုခု ဖော်ပြလိုက်ပြီဆိုကတည်းက ပစ္စည်းကောင်း တစ်ခုခု ရှိနေရမည်။
ယဲ့ဖန်က သူမ မေးခွန်း ထပ်မမေးတော့သည်ကို မြင်သောအခါ ဇိမ်ခံကားကို ဟိုတယ်ဆီသို့ ပြန်မပို့တော့ပေ။ စနစ်က ညွှန်ပြသော လမ်းကြောင်းအတိုင်း မောင်းနှင်လာခဲ့ရာ ဂိုဒေါင် ဧရိယာတစ်ခုဆီသို့ ရောက်ရှိလာလေသည်။ ထိုနေရာတွင် လူ ဒါဇင်ပေါင်းများစွာ စုဝေးနေကြပြီး သာမန်မဟုတ်သည့် လေလံပွဲ တစ်ခု စတင်နေလေ၏။
သူတို့နှစ်ဦး ရောက်ရှိချိန်တွင် လောင်းကစား ဝါသနာရှင်များနှင့် ဂိုဒေါင်ဝန်ထမ်းများသာ ရှိနေသည်ကို တွေ့ရသဖြင့် လေလံပွဲတွင် မပါဝင်တော့ပေ။ ချက်ချင်း ရုံးခန်းသို့ ပြေးဝင်ကာ မှတ်ပုံတင်ပြီး ဂိုဒေါင် ဧရိယာသို့ ပြန်ပြေးလာခဲ့ကြ၏။
သူတို့နှစ်ဦး ပြန်ရောက်လာချိန်တွင် ဝန်ထမ်းက လူအုပ်ကြီးကို တတိယ ဂိုဒေါင်ဆီသို့ ခေါ်ဆောင်သွားသည်။ ပထမ ဂိုဒေါင် (၂) လုံးကတော့ တန်ဖိုးရှိတာ ဘာမှ မပါကြောင်း စနစ်က စစ်ဆေးပြီး ဖြစ်လေသည်။
တတိယ ဂိုဒေါင်ထဲတွင် မဖောက်ရသေးသော အဝတ်အထည်များ ပုံနေလေ၏။ အရင် ငှားရမ်းသူမှာ အဝတ်ရောင်းသူ ဖြစ်ပုံရသည်။ ဤအဝတ်အစားများမှာ ဖုန်တွေ တက်နေသဖြင့် လူအုပ်ကြီးက မကျေမနပ် အော်ဟစ်ကြ၏။
စတုတ္ထ ဂိုဒေါင်၏ တံခါး ဖွင့်လိုက်သောအခါ ယဲ့ဖန် သတိမူလိုက်သည်။ စနစ်၏ လမ်းကြောင်းပြ စစ်ဆေးမှုက အထဲ၌ တန်ဖိုးဖြတ်မရသော ပစ္စည်းများ ပါဝင်နေကြောင်း အသိပေးလိုက်၏။
ဂိုဒေါင်ထဲတွင် သဲအိတ် အလေးကြီး (၂) လုံး ချိတ်ဆွဲထားသည်။ ပတ်ပတ်လည်တွင် သစ်သားတိုင်များ၊ ကောက်ရိုးရုပ်များနှင့် လက်ဝှေ့လက်အိတ်များ ရှိနေ၏။ အရေးအကြီးဆုံးကတော့ နံရံဘေးတွင် လက်နက်စင် (၃) ခု ရှိနေခြင်းပင်။ အလယ်ရှိ လက်နက်စင် ကျဉ်းကျဉ်းပေါ်တွင် ဟန်ဓား (Han sword)၊ ထန်ဓား (Tang sword) တို့နှင့်အတူ ဂျပန်ဓား (Samurai Sword) တစ်လက်ကိုပါ အတူတကွ တင်ထားလေသည်။
ဒီလက်နက်များ၏ နေရာချထားပုံကို ကြည့်ရုံနှင့် ယခင်က ငှားရမ်းသူသည် သိုင်းသမား တစ်ယောက် ဖြစ်ကြောင်း ယဲ့ဖန် တပ်အပ် သိလိုက်သည်။
ဤလက်နက်များမှာ ရှေးဟောင်း တရုတ်လက်နက်များ ဖြစ်သော်လည်း ဂျပန်ဓားပါ အတူတကွ ထားရှိခြင်းက ဤသိုင်းသမားသည် တရုတ်လူမျိုး မဖြစ်နိုင်ကြောင်း သက်သေပြနေလေသည်။
ယဲ့ဖန်က ချက်ချင်းပင် စနစ်ကို ဖွင့်လိုက်ပြီး ဂိုဒေါင်ကို စစ်ဆေးလိုက်သည်။ သူ၏ မျှော်လင့်ချက်မှာ ဤလူများ ဂိုဒေါင်ထဲမှ ပစ္စည်းများကို စိတ်မဝင်စားရန်သာ ဖြစ်၏။
"စစ်ဆေးချက် ရလဒ် - ယုံလေဓား (Yongle Sword)။ မင် မင်းဆက် ဘုရင် ကျူးတိ (Zhu Di) က တိဗက် (Xizang) ရှိ သက်ရှိဘုရား တစ်ပါးအား ပေးခဲ့သော ဓား ဖြစ်၏။ နိုင်ငံခြားသားများ၏ ကျူးကျော်မှုကြောင့် ပြည်ပသို့ ပါသွားခဲ့ရသည်... တန်ဖိုး ယွမ် (၁) ဘီလီယံ။"
ထန်ဓားနှင့် မူရာမာဆာဓား (ဂျပန်ဓား)က (၅) သန်းစီ တန်ကြေးရှိသော်လည်း ယဲ့ဖန်၏ စိတ်အာရုံမှာ ယုံလေဓားထံ၌သာ ရှိနေလေ၏။
'ဒီဓားက အတု မဟုတ်ဘူး... တကယ့် ရတနာပဲ။'
ယုံလေဓားကို မြင်လိုက်ရသည့်အခိုက်၌ ယဲ့ဖန်၏ အသက်ရှူသံများ မြန်ဆန်ပြီး လေးလံလာသည်။ မျက်ဝန်းအိမ်များမှ အပူရှိန်ပြင်းသော အလင်းများ တောက်ပ ထွက်ပေါ်လာ၏။
'ကောင်းကင်ပြိုကျလာရင်တောင် ဒီယုံလေဓားကိုတော့ ငါ ပြည်တော်ပြန်ယူရလိမ့်မယ်။'
"ရှောင်ဖန်... ဘာဖြစ်တာလဲ။"
ကျူးရှောင်ကျောင်းက သူ့ကို ဒီလို ပုံစံမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမ ထိတ်လန့်တကြား ဖြစ်သွားရှာသည်။
"နိုင်ငံတော် ရတနာ... နိုင်ငံတော် ရတနာ... ငါ ပြန်ယူရမယ်။"
ယဲ့ဖန် တီးတိုး ကြွေးကြော်လိုက်တော့သည်။
"ရှောင်ဖန်...အဆင်ပြေရဲ့လား။"
ကျူးရှောင်ကျောင်း တုန်လှုပ်သွားသည်။ ယဲ့ဖန် နဖူးကို သူမ စမ်းကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်... ရှောင်ကျောင်း။"
"မင်းသာ ဒီတစ်ခါ အမေရိကန် လာဖို့ မတိုက်တွန်းခဲ့ရင်...ကိုယ် ဒီပစ္စည်းကို တွေ့မှာ မဟုတ်ဘူး။" ယဲ့ဖန် အသိပြန်ဝင်လာပြီး ကျူးရှောင်ကျောင်းကို စိတ်လှုပ်ရှားစွာ ပွေ့ချီလိုက်လေတော့သည်။
[ တရုတ်လူမျိုးတစ်ယောက်ရဲ့ ခံစားချက်၊ သမိုင်းအမြင် ရှုထောင့် (POV) ကနေ "ယုံလေဓား (Yongle Sword)" အကြောင်းကို ရှင်းပြပေးပါမယ်။
ယုံလေဓား - မဟာမင်မင်းဆက်၏ ဝိညာဉ်၊ တရုတ်အမျိုးသားတို့၏ ကာလရှည်ကြာ ပျောက်ဆုံးနေသော ဂုဏ်သိက္ခာ
တရုတ်လူမျိုး တစ်ယောက်အနေနဲ့ "ယုံလေဓား" ဆိုတဲ့ အမည်ကို ကြားလိုက်ရုံနဲ့ ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုနဲ့ နာကြည်းမှု၊ ခံစားချက် နှစ်ခုစလုံး တပြိုင်နက် ဖြစ်ပေါ်လာလေ့ ရှိပါတယ်။
၁။ မူလဇာစ်မြစ်နှင့် ခမ်းနားကြီးကျယ်မှု
ဒီဓားဟာ ရိုးရိုးဓား တစ်လက် မဟုတ်ပါဘူး။ မဟာမင်မင်းဆက်ရဲ့ အာဏာအရှိဆုံး ဧကရာဇ်တစ်ပါးဖြစ်တဲ့ "ကျူးတိ" (ခေါ်) ယုံလေအရှင် ကိုယ်တိုင် ကိုင်စွဲခဲ့တဲ့၊ ဒါမှမဟုတ် အထူးစီမံ ဖန်တီးခဲ့တဲ့ "ဧကရာဇ်ဓား"ဖြစ်ပါတယ်။ ယုံလေအရှင် ဆိုတာ ပေကျင်းမြို့တော်နဲ့ တားမြစ်နန်းတော်ကြီးကို တည်ဆောက်ခဲ့တဲ့ မင်းမြတ်တစ်ပါးပါ။
သူက တိဗက်ဒေသနဲ့ ဆက်ဆံရေး ကောင်းမွန်စေဖို့၊ နိုင်ငံရေးနဲ့ ဘာသာရေး အာဏာ စည်းလုံးစေဖို့အတွက် တိဗက်က သက်ရှိဘုရား တစ်ပါးကို ဒီဓားကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဓားမှာ တရုတ်ဟန် သိုင်းပညာနဲ့ တိဗက်ဗုဒ္ဓဘာသာရဲ့ အနုပညာလက်ရာတွေ ပေါင်းစပ်ပါဝင်နေပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ရာမြောက် ဓားတစ်လက်အဖြစ် သတ်မှတ်ထားကြပါတယ်။
“သက်ရှိဘုရား” ဆိုတာ နားလည်လွယ်အောင် ပြောရရင် "တိဗက် ဝင်စားတော်မူ ဘုန်းကြီးတွေ" ကို ပြောတာဗျ။
တိဗက်ရိုးရာမှာကျတော့ ဒီဆရာတော်ကြီးတွေက ရိုးရိုးလူ မဟုတ်ဘူး။ သံသရာက လွတ်မြောက်နိုင်ပေမဲ့ လူတွေကို တရားပြဖို့၊ ကယ်တင်ဖို့အတွက် လူပြန်ဝင်စားတဲ့ "ဘုရားလောင်း" တွေလို့ ယူဆကြတယ်။ ဒါကြောင့် တရုတ်တွေက သူတို့ကို "ဟော်ဖော် (Huófó)" လို့ ခေါ်ကြတယ်၊ အဓိပ္ပာယ်က "အသက်ရှိနေသော ဘုရား" ပေါ့။
ဇာတ်လမ်းထဲမှာ ပါတဲ့ ယုံလေအရှင် (မင်းဧကရာဇ်) က အဲဒီခေတ်က တိဗက်မှာ တန်ခိုးအကြီးဆုံး ဆရာတော်ကြီး (ကမ္မပ ဆရာတော်) ကို ဆရာတင်ပြီး ကိုးကွယ်ခဲ့တာ။ ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ လေးလည်းလေးစားရတဲ့ ဆရာမို့လို့ သူ့ရဲ့ အမြတ်နိုးဆုံး ဓားကို လက်ဆောင်ပေးခဲ့တာဗျ။
အတိုချုပ်ပြောရရင်တော့ "ဘုရားလို ကိုးကွယ်ခံရတဲ့ ဝင်စားတော်မူ တိဗက် ဘုန်းတော်ကြီး" ပါပဲ။
၂။ သမိုင်းပေး ဒဏ်ရာ
ဒါပေမဲ့ တရုတ်လူမျိုးတွေအတွက် ရင်နာစရာကောင်းတာက... ၁၉၀၀ ပြည့်နှစ် ၀န်းကျင် (မဟာမိတ် ၈ နိုင်ငံ တပ်ပေါင်းစု ကျူးကျော်ချိန်) ကာလတွေတုန်းက နယ်ချဲ့ နိုင်ငံခြားသားတွေဟာ တရုတ်ပြည်ကို ကျူးကျော်ပြီး နန်းတော်တွေ၊ ဘုရားကျောင်းတွေကို ဖျက်ဆီးကာ အဖိုးတန် ရတနာတွေကို လုယက် ယူငင်သွားခဲ့ကြတယ်။
အဲဒီ လုယက်ခံရတဲ့ အထဲမှာ ဒီ "ယုံလေဓား" လည်း ပါသွားခဲ့ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အထွတ်အထိပ် ဧကရာဇ်တစ်ပါးရဲ့ ဓား၊ ကိုယ့်အမျိုးသားရေး အမှတ်အသားတစ်ခုက ပြည်ပရောက်ပြီး သူများနိုင်ငံ ပြတိုက်တွေ၊ လေလံပွဲတွေမှာ ရောက်နေတာကို မြင်ရတာဟာ တရုတ်လူမျိုးတွေအတွက်တော့ "သမိုင်းပေး အရှက်တရား" တစ်ခုလို ခံစားရစေပါတယ်။ ]