ကံကြမ္မာ ဒင်္ဂါး
Vol. 12 Ch. 161
၁
ဝယ်လ် တစ်ယောက် ယဇ်ပလ္လင် ရှေ့တွင် ရပ်ရင်း ထူးဆန်းသော ပုံသဏ္ဌာန်များရှိသည့် ပူဇော်သက္ကာရများကို ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
ထာဝရ အိပ်စက်ခြင်း ခေါင်းတလား အတွင်း၌ ယုတ်ညံ့သော ဆေးရည်များဖြင့် စိုရွှဲနေသော်လောဘသားမှာ ခြေလက်နှင့် အရိုးအဆစ်များ ဖယ်ရှားခြင်း ခံထားရပြီး ဖြူဖွေးသော အသားတစ်ဆိုင်အဖြစ် သပ်ရပ်စွာ တည်ရှိနေသည်။ ထိုအသားဆိုင်ကို သစ်သားတံကျင် လေးခုဖြင့် ထိုးဖောက်ထားပြီး၊ အူလမ်းကြောင်းများကို ထိုတံကျင်များတွင် ရစ်ပတ်ကာ အနီရောင် ကန့်နဂါး၏ ပုံဆောင်ခဲဖြင့် ထူးခြားသော အင်းကွက်တစ်ခုသဖွယ် ဖော်ဆောင်ထားသည်။
အနီရောင် ကန့်နဂါးများမှ ထွက်ပေါ်လာသည့် အပူရှိန်ကြောင့် ယိုယွင်းပျက်စီးခြင်း ဆေးရည်များမှာ အငွေ့ပျံသွားပြီး အင်းကွက်တစ်ခုလုံးကို မြူနှင်းများကဲ့သို့ ဖုံးလွှမ်းသွားကာ ကြယ်ကလေးများ မှိတ်တုတ်မှိတ်တုတ် လင်းနေသကဲ့သို့ ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေသည်။
အောက်ဘက်ရှိ အသားဖြူဖြူများမှာလည်း ကျန်ရှိနေသော အပူရှိန်ကြောင့် အလျင်အမြန်ပင် ကျက်သွားကာ မီးကျွမ်းရာ အက်ကြောင်းများပင် ထင်နေပြီ ဖြစ်သည်။
ထို့ကြောင့်ပင်... အောက်လမ်း မှော်ဆရာကြီး ဝယ်လ်မှာ မည်းနက်သွားသည့် အသားတစ်ပိုင်းကို စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်မိသည်။
“ကျက်ပါပြီ... ဆရာလေးလင်... အတော်လေးကို ကောင်းကောင်းမွန်မွန် ကျက်သွားပါပြီ”
ရုတ်တရက် ဝယ်လ်မှာ ဤထုံးတမ်းစဉ်လာ၏ အဓိပ္ပာယ်ကို နားလည်သွားသယောင် ရှိသည်။ အပေါ်နှင့် အောက်သည် မိုးနှင့် မြေကဲ့သို့ပင် ဖြစ်ချေသည်တကား။
စကြဝဠာနှင့် တူညီသည့် အချိုးအစားဖြင့် ပြုလုပ်သော ဤပူဇော်မှုမှာ အမှန်တကယ်ပင် ခန့်ညားလှပေသည်။ ကံကောင်းခြင်းအား တိုးပွားစေနိုင်သည့် စွမ်းအား ရှိနေသည်မှာလည်း မဆန်းတော့ပေ။
ထိုအခိုက်တွင် ခေါင်းတလား အပေါ်ဘက်၌ တင်ထားသည့် ဖလော်ဆိုဖာ ကျောက်တုံးမှာ အနီရောင် ကန့်နဂါး၊ လောဘသားနှင့် ယိုယွင်းပျက်စီးခြင်း ဆေးရည်တို့ဆီမှ သွေးနှင့် စွမ်းအင်များကို စုပ်ယူတော့သည်။
သွေးရောင် လွှမ်းသော အလင်းတန်းများမှာ ပိုမို တောက်ပလာပြီး ယဇ်ပလ္လင်အထက်တွင် တံခါးတစ်ချပ်ကဲ့သို့သော ထူးဆန်းသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ပူဇော်မှု အခမ်းအနားမှာ အမှန်တကယ် စတင်ပြီ ဖြစ်သည်။
ဝယ်လ် ခေါင်းတလား၏ အခြားတစ်ဖက်တွင် တင်ထားသော ဟယ်ရစ်၏ ရုပ်အလောင်းကို လှမ်းကြည့်လိုက်၏။ ဟယ်ရစ်၏ ကိုယ်ခန္ဓာမှ သွေးများမှာ ခေါင်းတလား၏ ဘေးဘောင်များအတိုင်း စီးကျလာကာ ဖလော်ဆိုဖာ ကျောက်တုံးဆီသို့ စုရုံးသွားကြသည်။
ထိုသွေးများမှာ သန့်စင်ခြင်း ခံလိုက်ရပြီး အနီရောင် မြူခိုးများအဖြစ် တဖြည်းဖြည်း အငွေ့ပျံတက်သွားကာ ကြယ်စုတန်း တစ်ခုသဖွယ် စုဖွဲ့သွားသည်။ ထို့နောက် လျှပ်စီးများကဲ့သို့ လက်ခနဲ လက်ခနဲ ဖြစ်နေသည့် အာရုံကြောနှင့် ကြွက်သားမျှင်များသဖွယ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
မြူခိုး အစုအဝေး၏ အလယ်ဗဟိုတည့်တည့်တွင် ဟင်းလင်းပြင် ဟက်တက်ကွဲနေသော အာကာသ တွင်းပေါက် တစ်ခုကဲ့သို့ နယ်ပယ်တစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ ကောင်ကင် ဝံပုလွေ၏ အမိဝမ်းတွင်း သန္ဓေလောင်း ပုံသဏ္ဌာန် ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
ပြီးပြည့်စုံလိုက်ပါဘိ။
ဝယ်လ် တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ဆရာလေးလင်၏ လမ်းညွှန်မှုကို ခံယူလိုက်ခြင်းက ဤပြန်လည် ရှင်သန်ထမြောက်ခြင်း အခမ်းအနားကို သူ ယခင်က ပြုလုပ်ခဲ့ဖူးသမျှ အခမ်းအနားအားလုံးထက် ပိုမို ခိုင်မာပြီး ထိရောက်စေခဲ့သည်။
ထိုမျှမက... ညစ်ညမ်းသော ဆေးရည်ကို ထည့်သွင်းလိုက်ခြင်းက ရှင်သန် ထမြောက်လာမည့် သတ္တဝါ၏ စိတ်ဆန္ဒကို အားနည်းသွားစေသဖြင့် မှော်ဆရာအတွက် ထိန်းချုပ်ရ ပိုမို လွယ်ကူစေသည်။ အနီရောင် ကန့်နဂါး၏ စွမ်းအင်က ၎င်းကို ပိုမို ကြမ်းတမ်းပြီး ပေါက်ကွဲအား ကောင်းစေကာ၊ လောဘသား၏ ဝိညာဉ်ကမူ ၎င်းကို ဉာဏ်ရည်ထက်မြက်ပြီး ဖျတ်လတ်စေသည်။
ပူဇော်သက္ကာရတိုင်းက ထိန်းချုပ်နိုင်စွမ်းနှင့် စွမ်းအားအတွက် ပြီးပြည့်စုံသော အားဖြည့်မှုများကို ပေးစွမ်းနေသည်။
အံ့သြဖွယ် ကောင်းလှပါပေသည်။
“ကျက်သွားရင်တော့ အားလုံး အဆင်ပြေပါတယ်”
လင်ကျဲသည် စိတ်အေးသွားသည့် လေသံဖြင့် ပြောလိုက်၏။
“အော်... ဒါနဲ့ အဘိုးဝယ်... သွေးတွေကို ဖောက်ထုတ်ပြီး သိမ်းထားလိုက်ရဲ့လား”
လင်ကျဲက မေးလိုက်၏။
“သိမ်းထားပါတယ်”
ဝယ်လ်က ခေါင်းညိတ်လိုက်သည်။ ဖောက်ထုတ်ထားသော သွေးများကို သူ၏ ဘေးတွင် အသင့် ထားရှိထားသည်။
“သွေးထဲကို ရေနဲ့ ဆားနည်းနည်းထည့်ပြီး ကျိုလိုက်... ပြီးရင် ခဲသွားအောင် ထားလိုက်ပါ... အဲဒါဆိုရင် အတုံးလေးတွေ တုံးပြီး ပူဇော်သက္ကာရအဖြစ် သုံးလို့ရတာပေါ့”
ဝယ်လ်မှာ ခဏမျှ ကြောင်အသွားပြီးနောက် အံ့သြဝမ်းသာ ဖြစ်သွားရ၏။
'သွေးတွေကို သိုလှောင်ဖို့ ဘယ်လောက်တောင် အဆင်ပြေတဲ့ နည်းလမ်းလဲ... ဒီလိုသာ သိမ်းထားလို့ ရမယ်ဆိုရင် ပူဇော်မှုတွေကို ဘယ်နေရာမှာမဆို လုပ်နိုင်တော့မှာ’
အတိတ်ကာလတုန်းက ဝယ်လ်မှာ ပူဇော်မှု ပြုလုပ်လိုသော်လည်း လိုအပ်သော ပစ္စည်းများကို ထိုနေရာတွင်ပင် ရှာဖွေနေရသဖြင့် အခက်တွေ့ခဲ့ရသော အကြိမ်များစွာ ရှိခဲ့ဖူးသည်။ နှေးကွေးသည့်အပြင် ဘေးအန္တရာယ် များလှသော အခြေအနေမျိုး၌ ပူဇော်မှု ပြုလုပ်ရခြင်းမှာ ရန်သူ့လက်ထဲ မိသွားနိုင်သည့် အခွင့်အလမ်းလည်း များလှသည်။
'ဒီလောက် ကောင်းတဲ့ နည်းလမ်းကို ဘာလို့ ဘယ်သူမှ မတီထွင်နိုင်ခဲ့ကြတာပါလိမ့်... သောက်ချီးပဲ... ငါတို့တွေက တကယ့်ကို တုံးအလွန်းကြတာပဲ'
နှိုင်းယှဉ်ကြည့်မည်ဆိုပါက အလောင်းကောင်ဝါးမျိုခြင်း ဂိုဏ်း၏ ပူဇော်မှု နည်းစနစ်များသည်ပင် အနုပညာ တစ်ရပ်သဖွယ် ဖြစ်နေတော့သည်။
'ငါ အရင်က လုပ်ခဲ့သမျှ ယဇ်ပူဇော်မှုတွေကတော့ တကယ်တမ်းတော့ အကြမ်းထည်ဆန်တဲ့ အတုအယောင်တွေပါပဲလား... ဒါကမှ တကယ့် အစစ်အမှန်ပဲ'
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ဆရာလေးလင်...”
ဝယ်လ် တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေရရှာ၏။
“ဒီနည်းလမ်းတွေကို ကျွန်တော် သေချာပေါက် လူသိများအောင် ဖြန့်ဝေပါ့မယ်... ဒါတွေက လူတိုင်း သင်ယူသင့်တဲ့ ပြီးပြည့်စုံတဲ့ လက်ရာမွန်ကြီးပါပဲ”
'ဒီလို မြှောက်ပင့်စကားမျိုးတွေလည်း တတ်လာပြီပဲ... အဘိုးဝယ် တစ်ယောက်တော့ တော်တော်လေး အရည်အချင်း တက်လာတာပဲ'
လင်ကျဲ စိတ်ထဲမှ ကျိတ်ကာ တွေးရင်း ပြုံးလိုက်မိ၏။
“အားနာမနေပါနဲ့ဗျာ... ဒါက ဘာမှ မဟုတ်ပါဘူး...”
သူတို့ နှစ်ယောက်ကြားတွင် ခဏမျှ ငြိမ်သက်သွားပြီးနောက် လင်ကျဲကပင် ပြန်လည် စကားစလိုက်၏။
“အဘိုးဝယ်... ဘလပ်စ်ဖိကို သွားချင်သေးတာလား... ကျွန်တော့် အမြင် ပြောရရင် အဲဒီကို သွားရမှာ နည်းနည်းတော့ အန္တရာယ် များမလားလို့... ဒီလိုလုပ်... သိပ်မကြာသေးခင်က ကျွန်တော် ရထားတဲ့ ကံကြမ္မာ ဒင်္ဂါးပြား တစ်ခု ရှိတယ်... တစ်ဖက်က ကံကောင်းခြင်းကို ကိုယ်စားပြုပြီး၊ နောက်တစ်ဖက်ကတော့ ကံဆိုးခြင်းကို ကိုယ်စားပြုတယ်...”
“ဒီဒင်္ဂါးပြားကို သုံးပြီး အဘိုးဝယ်အတွက် မှန်ကန်တဲ့ လမ်းညွှန်မှုကို ကြည့်ပေးမယ်... အဖြေက မကောင်းဘူးဆိုရင်တော့ မသွားနဲ့တော့ပေါ့”
လင်ကျဲ အဘိုးဝယ်အား ထိုနေရာသို့ မသွားစေရန် နည်းမျိုးစုံဖြင့် လှည့်ဖျားဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ သူ အိတ်ထဲမှ ဒင်္ဂါးပြားကို ထုတ်ယူလိုက်ပြီး အဘိုးဝယ်ကို လှမ်းကြည့်လိုက်၏။
ဝယ်လ်၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားပြီး သူ၏ သေးငယ်သော မျက်လုံးများမှာလည်း စူးစူးရဲရဲ တောက်ပ သွားခဲ့လေသည်။
'ဒါ... ဒါက ဒဏ္ဍာရီလာ ကံကြမ္မာ ဒင်္ဂါးပြားများလား'
...
အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသည့် အရိပ် လုပ်ကြံသတ်ဖြတ်သူ ဒက်ဘရာသည် ယဇ်ပူဇော်မှု အပြီးတွင် ထိုနေရာသို့ ရောက်ရှိလာ၏။
“ဒီလောက် ရက်စက်ပြီး ကြောက်စရာ ကောင်းလိုက်တဲ့ ပူဇော်မှု နည်းလမ်းမျိုး... မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ဆိုတဲ့ နာမည်ကြားရုံနဲ့တင် လူတွေကို တုန်နေအောင် ကြောက်ကြတာ မဆန်းတော့ဘူးပဲ”
ဒက်ဘရာသည် သွေးပျက်ဖွယ်ရာ ယဇ်ပလ္လင်ကို ကြည့်ရင်း ရွံရှာစွာဖြင့် ရေရွတ်လိုက်မိ၏။
သူမမှာ လုပ်ကြံသတ်ဖြတ်မှုများ၊ စစ်ဆေးမေးမြန်းမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို အမြဲ ပြုလုပ်နေရသူ ဖြစ်သော်ငြားလည်း ယခု မြင်တွေ့နေရသည့် မြင်ကွင်းကမူ သူမကိုပင် မသက်မသာ ဖြစ်စေသည်။
ဝယ်လ်၏ ရက်စက်ကြမ်းကြုတ်မှု သတင်းများကို အမြဲ ကြားဖူးသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုမူ မထင်ထားခဲ့မိပေ။
သူမက အရိပ်တစ်ခုအဖြစ် ငြိမ်သက်စွာ အသွင်ပြောင်းလိုက်ကာ ဝယ်လ် တစ်ယောက် အရာအားလုံးကို ရှင်းလင်းပြီး ဧည့်ခန်း အတွင်းသို့ ပြန်ဝင်သွား၍ လူငယ်လေးနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်အထိ အစအန ဖျောက်၍ စောင့်ကြည့်နေခဲ့သည်။
ထို့နောက်မှသာ သူမက ဝယ်လ်၏ ဖန်ခွက် အရိပ်ထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်ကာ အဆိပ်ကို သတိထား၍ ထည့်လိုက်တော့သည်။
ပျက်သုဉ်းခြင်း အဆိပ်...
ပျက်သုဉ်းခြင်း အဆိပ်မှာ အလွန် ပြင်းထန်လွန်းလှသဖြင့် ဖျက်ဆီးခြင်း အဆင့် ရှိသော အောက်လမ်း မှော်ဆရာ တစ်ယောက်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
'ဟမ့်... ငါတို့တွေ ပင်ပင်ပန်းပန်း မွေးမြူထားရတဲ့ လက်နက်ကို ပူဇော်သက္ကာရ လုပ်ရဲတယ်ပေါ့လေ...'
ဒက်ဘရာ စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်ရင်း ဝယ်လ် အဆိပ်သောက်မည့်အချိန်ကို စောင့်ဆိုင်း နေလိုက်သည်။
ထိုအချိန်တွင်ပင်... သာမန်ဟု ထင်ရသည့် လူငယ်လေးက ပြုံးလိုက်ပြီး ဒင်္ဂါးပြား တစ်ခုအား ထုတ်ယူလိုက်သည်ကို သူမ မြင်လိုက်ရလေ၏။
***