ဒက်ဘရာ
Vol. 12 Ch. 162
ဒက်ဘရာ...
ဒက်ဘရာတွင် အမည်နာမ စစ်စစ် ဟူ၍ မရှိပေ။ သူမက ငယ်စဉ်ကတည်းက မွေးစားခံရပြီး လုပ်ကြံသတ်ဖြတ်သူ သက်သက် ဖြစ်လာစေရန် လေ့ကျင့်ပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒက်ဘရာ မွေးဖွားလာချိန်မှစ၍ ပိုင်ဆိုင်ခဲ့သမျှထဲတွင် အသုံးဝင်ဆုံးသော အရာဟူ၍ အသုံးတည့်လှသည့် ဓားမြှောင်တစ်စင်းသာ ရှိခဲ့သည်။
နှစ်ပေါင်းများစွာ ကြမ်းတမ်းလှသော လေ့ကျင့်မှုများကို ခံယူခဲ့ရုံမျှမက၊ ခန္ဓာကိုယ်ကိုပင် ပုန်းကွယ်နိုင်စွမ်း မြင့်မားလှသော အမှောင်သတ္တဝါ တစ်ပိုင်း အဖြစ် ပြောင်းလဲပစ်ခြင်း ခံခဲ့ရသော်လည်း ဒက်ဘရာမှာ မည်သူ့ကိုမျှ အပြစ်မတင်ခဲ့ချေ။ အဖွဲ့အစည်းအတွက် သူမ၏ အစွမ်းသတ္တိများအား အသုံးချခွင့်ရရှိခဲ့ခြင်း အပေါ်တွင်သာ ဂုဏ်ယူနေမိသည်။
သူမမှာ အဖွဲ့အစည်း၏ အမည်ရင်းကို သိခွင့်ရလောက်အောင် အဆင့်မမြင့်သေးသဖြင့် မီးလျှံများ ဝန်းရံထားသည့် သံလျက်ရှည် ပုံသဏ္ဌာန် အမှတ်တံဆိပ်ကိုသာ မှတ်မိနေခဲ့သည်။
ဒက်ဘရာမှာ အဖွဲ့အစည်းအပေါ် အလွန်အမင်း သစ္စာရှိသူဖြစ်သည်။ ကြီးမားလှသော အရင်းအမြစ်များ၊ ကျယ်ပြန့်လှသော သြဇာအာဏာများကို ပိုင်ဆိုင်ထားပြီး အလင်းရောင်နှင့် ဖြောင့်မတ်ခြင်း လမ်းစဉ်ဆီသို့ အစဉ်တစိုက် ချီတက်နေသည့် အဖွဲ့အစည်း၏ အင်အားကို သူမ ကောင်းကောင်း သိထားသည်။
သူတို့တွင် ရန်သူများစွာ ရှိနေသည်။ တစ်ကမ္ဘာလုံးနှင့်ပင် ရန်သူဖြစ်နိုင်သော်လည်း သူတို့၏ ရည်မှန်းချက်မှာ လုံးဝ ဖြောင့်မတ်မှန်ကန်လှသဖြင့် နောက်ဆုံးတွင် အောင်ပွဲခံမည်မှာ ဧကန်မလွဲပင်။
ဤအကြောင်းကြောင့်ပင် ဒက်ဘရာမှာ ကမ္ဘာသစ်အား တည်ဆောက်မည့် လမ်းစဉ်တွင် အရေးမပါလှသော ခြေနင်းကျောက်တုံးလေး တစ်ခုအဖြစ် ပါဝင်ပေးဆပ်ရန် ဝန်မလေးခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာပင် သူမ၏ ဘဝရည်မှန်းချက် ဖြစ်ပေသည်။ ခံစားခဲ့ရသမျှ ဝေဒနာနှင့် ပေးဆပ်မှုအားလုံးမှာ ကြီးမြတ်လှသော ရည်မှန်းချက်အတွက် ဖြစ်သဖြင့် သေရမည်ဆိုလျှင်ပင် သူမ ကျေနပ်သည်။
ထို့ကြောင့် ဝယ်လ်အား လုပ်ကြံရန် တာဝန်ပေးအပ်ခြင်း ခံရသောအခါ သူမ နောက်တွန့်ခြင်း မရှိဘဲ လက်ခံခဲ့ခြင်း ဖြစ်သည်။
ဒက်ဘရာမှာ အစစ်အမှန် 'အမှောင်ထု သတ္တဝါ' ဖြစ်လာနိုင်ရန် အလွန်အမင်း နာကျင်လှသော ဒုတိယအကြိမ်မြောက် ပြုပြင်ပြောင်းလဲမှုကိုပင် ခံယူခဲ့သည်။ ပကတိ လက်တွေ့လောကနှင့် အိမ်မက်လောက ကြားတွင် အရိပ်နယ်ပယ် ဟု ခေါ်သော ထူးခြားသည့် ကြားခံနယ်မြေတစ်ခု ရှိပြီး အမှောင်ထု သတ္တဝါများမှာ ထိုနေရာ၌ ခေတ္တ ခိုလှုံနေထိုင်နိုင်ကြသည်။
ပုံမှန်အားဖြင့် အမှောင်ထု သတ္တဝါများမှာ ရန်လိုတတ်သူများ မဟုတ်ကြဘဲ အရိပ်များကြားတွင် ကူးလူးသွားလာရင်း အစာရှာခြင်း၊ ပေါင်းစပ်ခြင်းနှင့် ရှင်သန်ခြင်းတို့ဖြင့်သာ အချိန်ကုန်လေ့ရှိကြသည်။
သူတို့မှာ လက်တွေ့လောကနှင့် အံဝင်ခွင်ကျ မရှိလှသဖြင့် မှော်ဆရာ အနည်းငယ်သာလျှင် သူတို့ကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်... ထိုသို့ ထိန်းချုပ်ခြင်းမှာလည်း အရိပ်၏ ပုံသဏ္ဌာန်ကို ပြောင်းလဲခြင်း သို့မဟုတ် အမှောင်ထု သတ္တဝါကို အရိပ်ထဲမှ ထွက်လာအောင် ပြုလုပ်ခြင်းမျှသာ ဖြစ်သည်။
သို့ရာတွင်... အမှောင်ထု သတ္တဝါများမှာ ကုန်းပေါ် ရောက်ရှိလာသည့် ငါးတစ်ကောင်ကဲ့သို့ပင် အရိပ်နယ်ပယ်ပြင်ပတွင် ကြာရှည် အသက်မရှင်နိုင်ကြပေ။
ဤသတ္တဝါများအား ဆင့်ခေါ်ခြင်းမှာ အသုံးမဝင်လှသဖြင့် အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ စိတ်မဝင်စားကြတော့ပေ။
ဒက်ဘရာမှာ အဖွဲ့အစည်း၏ အရိပ်နယ်ပယ် စမ်းသပ်ချက်အသစ်တွင် မအောင်မြင်ခဲ့သည့် စမ်းသပ်ခံ တစ်ဦးဖြစ်သည်။ ထိုစမ်းသပ်ချက်မှာ လူသားနှင့် အမှောင်ထု သတ္တဝါကို အတင်းအဓမ္မ ပေါင်းစပ်စေခြင်း ဖြစ်သည်။
သူမကဲ့သို့သော သူများကို အဖွဲ့အစည်းက 'အရိပ်ပိုးကောင်' ဟု ခေါ်ဝေါ်ကြပြီး ပြင်ပလောကကမူ သူတို့ကို 'အရိပ် လုပ်ကြံသတ်ဖြတ်သူ' များ အဖြစ် သမုတ်ကြသည်။
ဒက်ဘရာမှာ လက်တွေ့လောကနှင့် အရိပ်လောက ကြားတွင် လွတ်လပ်စွာ ကူးလူးနိုင်သော်လည်း အရိပ်နယ်ပယ်ထဲသို့ ဝင်ရောက်တိုင်း စိတ်ဝိညာဉ် တစ်ခုလုံး ဆွဲနှုတ်ခံရသကဲ့သို့ ပြင်းထန်သော ဝေဒနာကို အမြဲ ခံစားရလေ့ရှိသည်။
အရိပ်ပိုးကောင် အတော်များများမှာ ဤဝေဒနာကြောင့်ပင် ရူးသွပ်သွားကြကာ မိမိကိုယ်ကို အဆုံးစီရင်သွားကြရသည်။
'ဘာပဲဖြစ်ဖြစ် အားလုံးက ပေးဆပ်ရတာ ထိုက်တန်ပါတယ်... အဖွဲ့အစည်းရဲ့ လမ်းမှာ ပိတ်ဆို့နေသူမှန်သမျှ သေရမယ်...'
ဟယ်ရစ်၏ အမည်သည်လည်း သူတို့ အဖွဲ့အစည်းက ပျိုးထောင်ပေးထားသည့် စာရင်းတစ်ခုတွင် ပါဝင်နေကြောင်း ဒက်ဘရာ သိထားသည်။
သူမနှင့် ခြားနားစွာပင်... ဟယ်ရစ်မှာ ပိုမို အသုံးဝင်သော်လည်း ထိန်းချုပ်ရ ခက်ခဲသော လက်နက် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင်... အဖွဲ့အစည်းအနေဖြင့် သူ့အတွက် အရင်းအနှီးများစွာ စိုက်ထုတ်ခဲ့ရသည်။
ဟယ်ရစ်မှာ လန်စီ မှော်ကြေးမုံကို အသုံးပြု၍ အဖွဲ့အစည်း အတွက် လိုအပ်သည့် 'အခရာ အဆင့်' အိပ်မက် သားရဲတစ်ကောင်ကို ဆင့်ခေါ်ရမည် ဖြစ်ပြီး၊ စကားလက် ဝါဒီဂိုဏ်းနှင့် မုဆိုးအဖွဲ့ငယ်များကိုပါ စုစည်းကာ အဖွဲ့အစည်းအတွက် ပိုမို အသုံးဝင်သော ကိရိယာတစ်ခု ဖြစ်လာစေရမည်။
သို့သော်လည်း ဝယ်လ်၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဟယ်ရစ် သေဆုံးသွားခဲ့ပြီး ယခုတွင်မူ ယစ်ပလ္လင်ထက်၌ ပူဇော်သက္ကာရ တစ်ခု ဖြစ်ခဲ့ရသည်။ ထို့အပြင် 'ဝံပုလွေဖြူ' နှင့် ‘စကားလက် ဝါဒီဂိုဏ်း' တို့မှာလည်း ပျက်စီးသွားခဲ့သည်။ ဟယ်ရစ် စုစည်းရမည့် မုဆိုး အင်အားစုများမှာလည်း မုဆိုးအဖွဲ့အစည်း အသစ်တစ်ခု ဖြစ်သွားခဲ့ရသည်။
အဖွဲ့အစည်း၏ နှစ်ပေါင်းများစွာ စိုက်ထုတ်ခဲ့သော အစီအစဉ်များမှာ ရေစုန်မျောသွားခဲ့ရလေပြီ။
ဤသည်မှာ ဒက်ဘရာ ရရှိထားသော သတင်းအချက်အလက် ဖြစ်သည်။ သူမ၏ တာဝန်မှာ အဖွဲ့အစည်းအတွက် အဟန့်အတားမှန်သမျှကို ဖယ်ရှားရမည် ဖြစ်သဖြင့် ဝယ်လ် သေရမည်သာ ဖြစ်သည်။
ပျက်သုဉ်းခြင်း အဆိပ်သည် ဝယ်လ်၏ အတွေးနှင့် စိတ်အာရုံကို အရည်ပျော်သွားစေပေလိမ့်မည်။ အစပိုင်းတွင် ဦးရေပြားပေါ်၌ ပုရွက်ဆိတ်များ တက်နေသကဲ့သို့ ခံစားရမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ဦးနှောက်ထဲအထိ ထိုးဖောက်သွားမည် ဖြစ်သည်။
အလွန်အမင်း ယားယံသည့် ထိုဝေဒနာက သူ့ကို ရူးသွပ်သွားစေပြီး မိမိ၏ ဦးရေပြားကို ဆွဲခွာခြင်း၊ ဦးခေါင်းခွံကို ဖောက်ခြင်းနှင့် ခြောက်ကပ်နေသော ဦးနှောက်များကို ကော်ထုတ်သည်အထိ ကိုယ့်ကိုယ်ကိုယ် ပြုလုပ်မိစေမည် ဖြစ်သည်။
ထိုသို့ လုပ်မှသာလျှင် ဝေဒနာမှ လွတ်မြောက်နိုင်မည် မဟုတ်ပါလား။
ဒက်ဘရာ တစ်ယောက် သူမ၏ ပစ်မှတ် အကူအညီမဲ့စွာဖြင့် ရုန်းကန်နေရမည့် ပုံရိပ်ကို ကြိုတင် မြင်ယောင်ရင်း ကျေနပ်နေမိသည်။ နောက်ဆုံးတွင် အောင်မြင်မှုမှာ သူမနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ သူမ၏ လုပ်ကြံမှု စတိုင်ပင် ဖြစ်သည်။ ပြတ်သားပြီး နှောင့်နှေးမှု မရှိပေ။ ဝယ်လ် သာမန်လူတစ်ယောက်နှင့် စကားပြောနေခြင်းကို သူမ ဂရုမစိုက်သော်လည်း၊ ပုန်းကွယ်နေရင်း အခွင့်အရေးရသည်နှင့် အဆိပ်ခတ်ရန်သာ သူမ လိုအပ်သည်။
သို့သော်လည်း သူမ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ်မှာပင်... သာမန် လူသား တစ်ယောက်ဟု ထင်ရသော လူငယ်လေးမှာ အိတ်ထဲမှ ဒင်္ဂါးပြားတစ်ခုကို ထုတ်ယူကာ ပြုံးလျက် အထက်သို့ မြှောက်တင်လိုက်သည်ကို မြင်လိုက်ရသည်။
ထင်...
လေထဲတွင် လည်ပတ်နေသည့် ဒင်္ဂါးပြားမှာ ခဏမျှ တန့်သွား၏။ ဒင်္ဂါးပြားပေါ်တွင် ထွင်းထုထားသော သင်္ကေတများမှာ မျက်စိသူငယ်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး ဒင်္ဂါးပြား တစ်ခုလုံးမှာလည်း အသက်ဝင်နေသည့် မျက်လုံးကြီးတစ်လုံးသဖွယ် ပြောင်းလဲ သွားတော့သည်။
ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုမှာ ဒက်ဘရာ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးသွား၏။
မမြင်နိုင်သည့် အရာတစ်ခုက စိုက်ကြည့်နေသလိုမျိုး...
ဒြပ်မဲ့ လက်ကြီးတစ်ဖက်က သူမကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသလိုမျိုး...
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြီးမားလှသည့် ဖိအား၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက် သွားခဲ့တော့၏။
'ပြေး...'
'ပြေး...'
'အခုချက်ချင်း ပြေးတော့...'
ကြီးမားလှသည့် ဘေးအန္တရာယ်တစ်ခု ရောက်လာတော့မည် ဖြစ်ကြောင်း သူမ၏ ဗီဇက အော်ဟစ် အချက်ပေးနေခဲ့သည်။
သို့သော်လည်း... သူမအနေဖြင့် တုံ့ပြန်ရန် အချိန်မရခဲ့သလို၊ တုံ့ပြန်နိုင်စွမ်းလည်း မရှိခဲ့ပေ။
လေထဲတွင် ခေတ္တ တန့်နေသော ဒင်္ဂါးပြားမှာ အောက်သို့ ကျဆင်းလာကာ ဝယ်လ်၏ ဖန်ခွက်နှုတ်ခမ်းသားကို ထိမှန်သွား၏။ ဒင်္ဂါးမှာ ဖန်ခွက်၏ အားနည်းချက်ကို တည့်တည့်ထိမှန်သွားပုံရပြီး အက်ကြောင်းလေး တစ်ခု စတင်ပေါ်ပေါက်လာကာ ဖန်ခွက်တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွား၏။
ခွမ်း...
ဖန်ခွက်မှာ ဒင်္ဂါးပြားကြောင့် ချက်ချင်းပင် အပိုင်းအစပေါင်း တစ်ထောင်မက ကွဲကြေသွားပြီး သေးငယ်သော ဖန်စလေးများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့၏။
ဖန်ခွက်ထဲရှိ ရေများမှာလည်း စားပွဲ၏ တစ်ဝက်ခန့်အထိ ပျံ့နှံ့သွားပြီး ဖန်စလေးများအားလုံးကို ဖုံးလွှမ်းသွားသည်။
သို့သော် ထူးဆန်းသည်က ထိုဖန်စလေးများ၏ အရိပ်များမှာ တခိခိ ရယ်မောသံနှင့်အတူ တုန်ခါနေသကဲ့သို့ပင်။
“အား... အား... အား... အား...”
ဒက်ဘရာ တစ်ယောက် အသံမထွက်ဘဲ အော်ဟစ်လိုက်မိသည်။ ပျက်သုဉ်းခြင်း အဆိပ်မှာ လက်တွေ့လောကနှင့် အရိပ်နယ်ပယ်ကြားထဲသို့ လျှောကျသွားပြီး သူမအပေါ်သို့ ကျရောက်သွားခြင်းပင် ဖြစ်သည်။
အကယ်၍ သူမသာ အစစ်အမှန် အမှောင်ထု သတ္တဝါ ဖြစ်နေပါက လက်တွေ့လောကမှာ သူမကို ထိခိုက်စေမည် မဟုတ်ပေ။
အကယ်၍ သူမသာ သာမန်လူသား တစ်ဦးသာ ဖြစ်နေပါကလည်း ပျက်သုဉ်းခြင်း အဆိပ်မှာ သူမ၏ စိတ်ကိုသာ လောင်မြိုက်စေမည် ဖြစ်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမည် မဟုတ်ပေ။
သို့သော်လည်း... ‘အကယ်၍’ ‘အကယ်၍’ ဟူသော စကားများမှာ အသုံးမဝင်တော့ပေ။
သူမမှာ လက်တွေ့လောကနှင့် အရိပ်လောက နှစ်ခုလုံး၏ သက်ရောက်မှုကို ခံစားနေရသော ပေါင်းစပ်သတ္တဝါ ဖြစ်သည်။ သူမထံတွင် အမှောင်ထု သတ္တဝါ၏ လက္ခဏာများ ပါဝင်နေသဖြင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှာ စိတ်ခံစားမှုရှိသော အင်္ဂါရပ်များ ဖြစ်နေသည်။
ပုရွက်ဆိတ်များ တက်နေသကဲ့သို့ ယားယံသော ဝေဒနာမှာ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာ၏။ ဤနာကျင်မှုက လက်တွေ့လောကနှင့် အရိပ်လောကကြား ကူးလူးစဉ် ခံစားရသော ဝေဒနာထက်ပင် ပိုမို ဆိုးရွားလှသဖြင့် သူမ မိမိကိုယ်ကို သတ်သေချင်သည့် စိတ်များ ပေါက်လာရသည်။
သူမ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း အရည်ပျော်လာပြီး မိမိကိုယ်ကိုယ် ပြန်လည် စုပ်ယူခြင်းနှင့် ပြန်လည် ဖြစ်ပေါ်ခြင်းတို့ အထပ်ထပ် ဖြစ်နေကာ အသံတိတ် အော်ဟစ်သံများနှင့်အတူ သံသရာလည်နေတော့သည်။
ထိုကဲ့သို့ ပျံ့ကျဲနေသော အရိပ်များကမူ မည်သူ၏ အာရုံကိုမျှ မဆွဲဆောင်နိုင်ခဲ့ပေ။
ဒက်ဘရာ ဤနေရာမှ ထွက်ခွာနိုင်စွမ်း မရှိတော့ပေ။ အမှောင်ထု၊ မျှော်လင့်ချက်မဲ့မှုနှင့် နာကျင်မှုတို့မှာ သူမနှင့်အတူ ထာဝရ ရှိနေပေတော့မည်... မည်သည့် အဆုံးသတ်မှ ရှိတော့မည် မဟုတ်ပေ။
ထင်... ထင်... ထင်...
ဒင်္ဂါးပြားမှာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး အကြိမ်အနည်းငယ် ခုန်ကာ လိမ့်သွားပြီးနောက် လဲကျသွား၏။ အနီရောင် အစက်အမှတ် မပါသော ဘက်က ပေါ်နေသည်။
'ကံဆိုးခြင်း' ပင်...။
***