← Chapters

ရလဒ်ကို တင်ပြခြင်း

Vol. 12 Ch. 163

ရလဒ်ကို တင်ပြခြင်း

Vol. 12 Ch. 163

“အာ...”

လင်ကျဲမှာ ဖန်စလေးများ ပျံ့ကျဲနေသော စားပွဲကို ကြည့်ရင်း အခြေအနေများ မည်သို့ ဤသို့ ဖြစ်သွားရသည်ကို မသိသဖြင့် ခေါင်းကုတ်လိုက်မိသည်။

ဝယ်လ်၏ မျက်နှာမှာမူ ချက်ချင်း မှောင်မိုက်သွားပြီး ချက်ချင်းပင် ထရပ်လိုက်ကာ ဖန်စလေးများ၏ အရိပ်ကို တွေးတောနေဟန်ဖြင့် စိုက်ကြည့်နေတော့၏။

သာမန်လူများသာဆိုလျှင် ဤမျှ သေးငယ်သော အပြောင်းအလဲကို သတိထားမိကြမည်မဟုတ်ပေ။ ရေစက်များ ကျရောက်သွားချိန်တွင် အရိပ်မှာ အနည်းငယ် ရွေ့လျားသွားသယောင် ရှိသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ သတိထားမိခဲ့လျှင်ပင် သဘာဝလွန် ပုဂ္ဂိုလ်များ အပါအဝင် လူအတော်များများမှာ ထိုအရာက ဘာလဲဆိုသည်ကို နားလည်ကြလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဝယ်လ်မှာ ဗဟုသုတ ကြွယ်ဝလှသော အောက်လမ်း မှော်ဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ အရိပ်ကမ္ဘာ၏ အရှားပါးဆုံးသော လျှို့ဝှက်ချက်များကို အနည်းနှင့်အများ သိရှိထားသူ ဖြစ်သည်။

သူ၏ လက်ရှိ စွမ်းအားအဆင့်အတန်းနှင့်ဆိုလျှင် အခရာ အဆင့် သတ္တဝါများပင် ဖြစ်လင့်ကစား သူ့ မျက်စိအောက်တွင် ရိပ်မိခြင်းမရှိဘဲ ပေါ်လာနိုင်ရန်မှာ အလွန် ခဲယဉ်းလှသည်။

အရိပ်သတ္တဝါများမှာမူ ထိုကဲ့သို့ ပုန်းကွယ်နိုင်သည့် ခြွင်းချက်အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေသည်။

‘တစ်ယောက်ယောက်က အရိပ်သတ္တဝါကို သုံးပြီး ဒီရေခွက်ထဲကို အဆိပ်ခတ်ခဲ့တာပဲ... ဒီနေ့ ဆရာလေးလင်သာ ရောက်မလာရင် ငါတော့ ခံရတော့မှာပဲ'

'မဟုတ်သေးဘူး... ဆရာလေးလင်က ဒါကို ကြိုသိနေလို့ ငါ့ကို ကယ်ဖို့ သီးသန့် လာခဲ့တာ ဖြစ်ရမယ်... လာရင်းနဲ့မှ ယဇ်ပူဇော်မှုလုပ်တဲ့ နည်းလမ်းမှန်ကို သင်ပေးသွားရုံတင်မကဘဲ ငါ့ကို သတိပါ ပေးသွားတာပဲ...'

ဝယ်လ်၏ လင်ကျဲ အပေါ် လေးစားမှု၊ ကျေးဇူးတင်မှုများမှာ အတိုင်းအဆမဲ့စွာ ကြီးထွားလာခဲ့၏။ နှစ်ကြိမ်တိုင်တိုင် အသက်ဘေးမှ ကယ်တင်ခြင်း ခံရသည်ဟု ယူဆထားသဖြင့် ကျေးဇူးဆပ်လိုသော ဆန္ဒမှာလည်း ပိုမို ပြင်းပြလာခဲ့သည်။

သို့သော်လည်း သူ့ အတွေးထဲ၌ သိချင်စိတ် တစ်ခုကလည်း နေရာယူနေသည်။

'အရိပ်နယ်ပယ်နဲ့ လက်တွေ့လောကက သီးခြားစီ ဖြစ်ရမှာ... အရိပ်သတ္တဝါ တစ်ကောင်က ဘယ်လိုလုပ် ရေထဲက အဆိပ်ရဲ့ သက်ရောက်မှုကို ခံလိုက်ရတာလဲ...'

ထိုအခိုက်တွင် အရိပ်ဆီမှ သွေးညှီနံ့ ခပ်ပါးပါး ရလိုက်သည်ကို သူ သတိရသွား၏။ အသွေး၊ အသားများနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ အရိပ်များဖြင့်သာ တည်ဆောက်ထားသည့် အရိပ်သတ္တဝါများအတွက် ဤသည်မှာ မဖြစ်နိုင်သော အရာပင်။

'သွေးနံ့က ဘယ်က ထွက်လာတာလဲ... ဒါက သဘာဝမကျဘူး...'

ဝယ်လ် ဖန်စလေးများကို စိုက်ကြည့်ရင်း မျက်ဝန်းများမှာ ပိုမို မှောင်မှိုင်လာသည်။

'ဒါက ထိန်းချုပ်ခံထားရတဲ့ သာမန် အရိပ်သတ္တဝါ မဟုတ်ဘဲ တစ်ယောက်ယောက်က ပေါင်းစပ်ဖန်တီးမှု စမ်းသပ်ချက်တွေ လုပ်ထားတာ ဖြစ်ရမယ်...'

ဖန်တီးမှုပညာရပ်ကို ကောင်းစွာ နှံ့စပ်သော အောက်လမ်း မှော်ဆရာ တစ်ဦး ဖြစ်သည့်အတွက် ဤကဲ့သို့သော ပေါင်းစပ်မှုများမှာ မည်မျှ အန္တရာယ်များပြီး ကြမ်းတမ်းလှကြောင်း ဝယ်လ် ကောင်းစွာ သိသည်။ ဤသို့သော စမ်းသပ်ချက်များတွင် ဆင်ခြင်တုံတရားကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ ထွက်ပေါ်လာသော ရလဒ်များမှာလည်း သက်တမ်းတိုသည့် အသုံးချခံ များသာ ဖြစ်တတ်ကြသည်။

'ဒါပေမဲ့ ဒါက လုပ်ကြံသတ်ဖြတ်မှုတွေအတွက်တော့ တကယ့်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ... တကယ်လို့ ဒီလို သတ္တဝါတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ ထိတ်လန့်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ရှိလာလိမ့်မယ်... အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေ အကြောင်းမဲ့ လုပ်ကြံခံရတာဟာ ဒီလို ပေါင်းစပ်အရိပ်သတ္တဝါတွေကြောင့်များလား'

'ဒါက အရိပ် လုပ်ကြံသတ်ဖြတ်သူ လို့ ခေါ်ကြတဲ့ သူ တွေရဲ့ ပကတိ အမှန်တရားလား...'

ဝယ်လ် တစ်ယောက် ကွဲကြေသွားသည့် ဖန်စများကို အလွန်အမင်း အာရုံစိုက်ကာ စိုက်ကြည့်နေသဖြင့် လင်ကျဲ ပို၍ပင် အားနာသလို ခံစားလာရသည်။

'အဟမ်း... ဒီမတော်တဆမှု ဖြစ်တာ ငါ့အပြစ်တော့ မဟုတ်ဘူးနော်...'

သူက ဒင်္ဂါးပြားကို မြှောက်လိုက်ရုံသာ ရှိသေးသော်လည်း ၎င်းမှာ ဖန်ခွက်ကို သွားမှန်ခဲ့ခြင်း ဖြစ်သည်။ ဤဖန်ခွက်မှာ ဤမျှအထိ အားနည်းပြီး ချက်ချင်း ကွဲကြေသွားလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

‘ဒင်္ဂါးပြားကပဲ မာလွန်းသလား... ဖန်ခွက်ကပဲ ကြွပ်လွန်းတာလား...’

မူလက စွမ်းအားကို ထိန်းချုပ်ပြီး'ကံဆိုးခြင်းဘက်ကို ပြကာ အဘိုးဝယ်အား မသွားရန် တားမြစ်လိုခြင်း ဖြစ်သည်။ သို့သော်လည်း... မျှော်လင့်မထားသော အခြေအနေ ဖြစ်ပေါ်ခဲ့သည်။ ကံဆိုးခြင်း ဘက် ပေါ်လာသော်လည်း ဖန်ခွက်ကို ထိမှန်သွားသဖြင့် ရလဒ်ကို အတည်ပြု၍ မရတော့ပေ။

ထိုမျှမက လင်ကျဲမှာ အပြင်သို့ ထွက်လေ့ထွက်ထ မရှိသူ ဖြစ်သည်။ ယခု ဖောက်သည်တစ်ဦး၏ အိမ်ကို အလည်လာရင်း ကံစမ်းခြင်း ပြုလုပ်ရာမှ ဖန်ခွက်ကို ခွဲမိသကဲ့သို့ ဖြစ်သွားခြင်းမှာ အလွန်ပင် မျက်နှာပူစရာ ကောင်းလှပေသည်။

'အဘိုးဝယ်ကတော့ သိပ်ကျေနပ်ပုံမရဘူး... ငါ့ကို လျော်ကြေးများ တောင်းမလား မသိဘူး...'

“ဟိုဟာ... အဟမ်း... အဘိုးဝယ်... ဒါက သက်သက် မတော်တဆ ဖြစ်သွားတာပါ... တိုက်ဆိုင်မှုသက်သက်ပါပဲ... ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားဘူး... အဘိုးဝယ်လ်လည်း မထင်ထားဘူး မဟုတ်လား...”

“ကြည့်ရတာ ဒီဒင်္ဂါးပြားက အတော်လေး မှန်ပုံရတယ်... ကျွန်တော် တကယ်ပဲ ကံမကောင်းဘူးလို့ ခံစားရတယ်... ကဲပါ... ထားလိုက်ပါတော့... ဒီတစ်ခါ ရလဒ်ကိုတော့ ပယ်လိုက်ရအောင်... နောက်တစ်ခါ ပြန်လုပ်ကြည့်တာပေါ့။”

အားနာနေသော လင်ကျဲမှာ ဘေးသို့ လိမ့်သွားသော ဒင်္ဂါးပြားကို သွားကောက်လိုက်သည်။ ထို့နောက် ဖုန်များကို ခါလိုက်ရင်း စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်၏။

“ဒါနဲ့... အဘိုးဝယ်လ်ရဲ့ မိတ်ဆွေဟောင်းကြီး ဂျိုးဇက်က ၅၂ လမ်းမပေါ်မှာ ခင်ဗျား ချန်ခဲ့တဲ့ အထောက်အထားတွေကို ရှာတွေ့ထားပြီး အခု ခင်ဗျားကို လိုက်ရှာနေတယ်... သူ့ဆီကနေ ဆက်ပြီး ပုန်းနေဦးမှာလား...”

‘မိတ်ဆွေဟောင်းကြီး တစ်ယောက်အကြောင်းက ဖန်ခွက်ကွဲတာထက်တော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ ငါ ယုံကြည်တယ်...’

ဝယ်လ်က လက်ကို ဆန့်လိုက်ရာ ဝတ်ရုံနက်ထဲမှ အခမ်းအနားသုံး ဓားမြှောင်တစ်စင်း ထွက်ပေါ်လာသည်။ ချွန်ထက်သော ဓားဖျားမှာ စားပွဲပေါ်ရှိ ရေနှင့် အရိပ်များအား ထိတွေ့လိုက်သောအခါ၊ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ လက်ရာမြောက်သော အင်းကွက်များမှာ ရဲရဲနီလာပြီး ရေထဲရှိ အဆိပ်များကို စုပ်ယူလိုက်တော့သည်။

အခမ်းအနားသုံး ဓားမြှောင်များမှာ အောက်လမ်း မှော်ဆရာများအတွက် ပူဇော်မှုများ၊ တိုက်ခိုက်မှုများ၊ အင်းအိုင်ပြုလုပ်ခြင်းများ သို့မဟုတ် အခြားသော မှော်ပညာရပ်များအတွက် မရှိမဖြစ် အရေးပါသော မှော်လက်နက်များ ဖြစ်ကြသည်။

သူက ဓားမြှောင်ကို ကြားခံအဖြစ် အသုံးပြု၍ ရေထဲရှိ အဆိပ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ဤအရာမှာ မှော်ဆရာတိုင်း၏ အိပ်မက်ဆိုး ဖြစ်သော ပျက်သုဉ်းခြင်း အဆိပ်ပင် ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

မှော်ဆရာများမှာ သူတို့၏ ဉာဏ်ရည်ကို မြှင့်တင်ရန် အီသာကို အသုံးပြုလေ့ရှိကြသဖြင့် သူတို့၏ စိတ်အာရုံက အခြားသော သဘာဝလွန် သတ္တဝါများထက် အဆပေါင်းများစွာ ပိုမို နိုးကြားပြီး ထိလွယ်ရှလွယ် ဖြစ်နေတတ်သည်။ အကယ်၍ ပျက်သုဉ်းခြင်း အဆိပ်နှင့် ထိတွေ့မိပါက မှော်ဆရာများမှာ အလွန်တရာ နာကျင်စရာကောင်းလှသော နည်းလမ်းဖြင့် သေဆုံးရန် သေချာသလောက် ရှိနေသည်။

'ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ...'

သူ့အား လုပ်ကြံရန် ဤမျှအထိ ကြိုးပမ်းလာခြင်းကို ကြည့်ခြင်းအားဖြင့် သူ၏ ဖြစ်တည်မှုက တစ်စုံတစ်ယောက်အတွက် ဆူးတစ်ချောင်း ဖြစ်နေပြီမှာ အသေအချာပင်။

ဝယ်လ် အချိန် အတော်ကြာ တိတ်တဆိတ် တွေးနေမိ၏။ ဟယ်ရစ်၊ ဝံပုလွေဖြူ အဖွဲ့နှင့် စကားလက် ဝါဒီဂိုဏ်းတို့အား ပျက်စီးအောင် လမ်းညွှန်ခဲ့သည့် သူ့ လုပ်ရပ်များမှာ ယခုကိစ္စ၏ မီးပွားများ ဖြစ်လာခဲ့ပုံရသည်။ ဤကိစ္စမှာ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနိုင်ပြီး နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေမည်မှာ ဧကန်မလွဲပင်။

ကံဆိုးသည်က အရိပ် လုပ်ကြံသတ်ဖြတ်သူမှာ ဆရာလေးလင်၏ 'ကံကြမ္မာ ဒင်္ဂါးပြား' ကြောင့် ပျက်စီးသွားခဲ့ရပြီး ပျက်သုဉ်းခြင်း အဆိပ်၏ ဒဏ်ကိုလည်း ခံစားလိုက်ရခြင်း ဖြစ်သည်။

'အဲဒီ လုပ်ကြံရေးသမားက ရူးသွားတာ ကံဆိုးတာပဲ... မဟုတ်ရင်တော့ ငါ အနည်းဆုံးတော့ တစ်ခုခု စစ်မေးလို့ ရဦးမှာ...'

ဝယ်လ်၏ မျက်ဝန်းများမှာ အေးစက်စက် အလင်းတန်းများ ဟပ်နေသည့် မဟူရာပုတီးစေ့များကဲ့သို့ စူးရှသွားသည်။

လင်ကျဲ ပြောလိုက်သော စကားကို ကြားသောအခါ ဝယ်လ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဂျိုးဇက်... အဲဒီနာမည်ကို မကြားရတာ တော်တော်တောင် ကြာပြီပဲ... ကျွန်တော် သူ့ဆီက ပုန်းနေတာ မဟုတ်ပါဘူး... သူက မိတ်ဆွေဟောင်း တစ်ယောက်ပါပဲ၊ အရင်က ကျွန်တော်တို့ မကြာမကြာ ဆုံဖြစ်ကြပါတယ်... ကျွန်တော်က သိပ်မအားသေးလို့ပါ...”

“ကျွန်တော် အားတဲ့အခါကျရင်... ဒီနှစ်တွေအတွင်းက ကိစ္စတွေအားလုံးအတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့...”

'ဟူး... အဘိုးဝယ်ကတော့ ဂျိုးဇက်အပေါ် စိတ်ခုနေတုန်းပါပဲလား...'

လင်ကျဲ တွေးလိုက်မိ၏။

‘သူတို့ကြားမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ငါမသိပေမယ့် အဘိုးဝယ် ဒီလောက်အထိ တေးမှတ်ထားတာကို ကြည့်ရင် တော်တော်လေး ပြင်းထန်တဲ့ ကိစ္စဖြစ်ရမယ်...’

‘ဒါပေမဲ့ ပိုပြီး အရေးကြီးတာက... စကားလမ်းကြောင်း လွှဲလို့ အောင်မြင်သွားပြီ...’

လင်ကျဲ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။ ဘေးဘီကို ကြည့်လိုက်သောအခါ လက်ဖက်ရည်ခွက် အောက်တွင် ခင်းထားသော အဝတ်စတစ်ခုကို တွေ့သဖြင့် ၎င်းကို သုံး၍ ဖန်စများကို သတိထား၍ ကောက်ကာ အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်သည်။

“နှစ်တွေလည်း အတော်ကြာခဲ့ပြီပဲ... တစ်ချို့ ကိစ္စတွေကိုတော့ မေ့ပစ်လိုက်သင့်ပါတယ်... အဓိက အရေးကြီးဆုံးက ပျော်ပျော်ရွှင်ရွှင် နေဖို့ပဲ မဟုတ်လား...”

ဝယ်လ်က ဓားမြှောင်ကို ပြန်သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“နားလည်ပါပြီ... ဆရာလေးလင် ပြောတာ မှန်ပါတယ်... သူ ကျွန်တော့်ကို လာမရှာသရွေ့တော့ ကျွန်တော့်ဘက်က အရင်သွားမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သူ လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်ကလည်း ဒီအတိုင်း ထိုင်စောင့်နေမှာ မဟုတ်ဘူးလေ...”

'ဆရာလေးလင်က ဖောက်သည်တစ်ယောက်ကို အဆုံးရှုံးမခံချင်တာပဲ... အဲဒီညတုန်းက ပေါ်လာခဲ့တဲ့ ကန်ဒယ်လာရဲ့ ဝိညာဉ်က ဂျိုးဇက်ရဲ့ နတ်ဆိုးဓားကနေ လာတာ ဖြစ်နိုင်ပေမယ့် အဲဒါကို အမှန်တကယ် ဆင့်ခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ သူ မဟုတ်နိုင်ဘူး... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ငါ့ခြေရာကို ရှာတွေ့နေပြီဆိုတော့ မိတ်ဆွေဟောင်းကြီးနဲ့ ပြန်ဆုံဖို့က သိပ်မဝေးတော့ဘူး ထင်ပါတယ်'

အခြားတစ်ဖက်၌ လင်ကျဲမှာ ဤသူငယ်ချင်းဟောင်းကြီး နှစ်ဦးကြားရှိ အထင်အမြင်လွဲမှားမှုများကို စကားအနည်းငယ်ဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း နားလည်လိုက်သည်။ သို့သော်လည်း... လောလောဆယ်တွင် စကားလမ်းကြောင်း ပြောင်းသွားလျှင်ပဲ အဆင်ပြေနေပြီ ဖြစ်သည်။

သို့သော်လည်း... သူ့တွင် သံသယတစ်ခု ကျန်ရှိနေသေးသဖြင့် မေးလိုက်၏။

“ဒါနဲ့... ၅၂လမ်းမမှာ ရှိနေတုန်းက အဘိုးဝယ်လ် အတိအကျ ဘာတွေ လုပ်နေခဲ့တာလဲ”

လင်ကျဲ စကားမဆုံးမီမှာပင် ဝယ်လ်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

“ရလာတဲ့ ရလဒ်ကို အခုပဲ ပြပါ့မယ်... ဆရာကြီး စိတ်ပျက်မှာ မဟုတ်ပါဘူး...”

ထိုအခိုက်တွင် နံရံ နောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တောရိုင်းတိရစ္ဆာန် တစ်ကောင်၏ အမောတကော အသက်ရှူသံနှင့် ကိုက်ခဲဝါးမြိုသံများ ထွက်ပေါ်လာတော့သည်။

ဂါး... ဂျွတ်... ဂျွတ်...

***

All Chapters