ရွေးချယ်ခံလေး နောက်ဆုံးတော့ ရောက်လာပြီ
Vol. 12 Ch. 168
ပုံရိပ်အတွင်း၌... ဗင်းဆင့်မှာမူ ထူးခြားမှုကို သိရှိဟန်မတူဘဲ ထိုမည်းနက်သည့် အရိပ်ကြီးထံသို့ သွားကာ စကားစမြည် ပြောဆိုနေသည်။ ခဏအကြာတွင်မူ အရိပ်ကြီးက ဗင်းဆင့်ကို ရိပ်မိစေရန် အတွက် သတိပေးချက် တစ်ခုအနေဖြင့် ဂါဂွိုင်းရုပ်၊ ဆန္ဒမျိုးစေ့တို့နှင့် အတင်းအကြပ် ထိတွေ့စေလိုက်သည်။
စင်စစ်အားဖြင့် ဤပုံမှန်ဆန်လှသော စာအုပ်ဆိုင်မှာ နတ်ဆိုးများ ခိုအောင်းရာ ဂူတစ်ခုနှင့်သာ တူနေကာ ထိုမျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရာဝတ္ထုများနှင့် သတ္တဝါများမှာလည်း သိသိသာသာ ပြန့်ကျဲနေသည်။
နောက်ဆုံး ဗင်းဆင့်မှာ ထိုအရာများ ဘာဖြစ်သွားသည်ကို တွေ့ရှိသွားခဲ့ကာ ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။ သို့သော်လည်း သူ့ ရှေ့တည့်တည့်တွင် ရှိနေသည့် ကြောက်စရာ အကောင်းဆုံး အရာကိုမူ ယခုတိုင် သတိမပြုမိသေးပေ။
အရိပ်သဏ္ဍာန်ကြီးက ဗင်းဆင့်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အနားသို့ တိုးကပ်လာချိန်တွင် ဗန်နက်ဆာ၏ ရင်မှာ တဒိတ်ဒိတ် ခုန်လာ၏။
သူမ၏ မြင်ကွင်းထဲတွင် အရိပ်သဏ္ဍာန်ကြီး နီးကပ်လာသည်နှင့်အမျှ... ၎င်းမှာ ထာဝရ မငြိမ်သက်စွာ လှုပ်ခတ်နေသော အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုနှင့် တူနေသည်ကို သူမ မြင်လိုက်ရသည်။ ထိုချောက်နက်ကြီးထဲတွင် ညကောင်းကင်ယံမှ ကြယ်ပွင့်များအလား မျက်လုံးပေါင်း သန်းနှင့်ချီ၍ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကိုလည်း ဝေဝါးစွာ မြင်နေရ၏။ သူမ ထိုချောက်နက်ကြီး အတွင်းမှ ရုန်းထွက်နိုင်စွမ်း မရှိပါတော့ချေ။
‘မဟုတ်ဘူး... မဟုတ်ဘူး... ငါ သေလိမ့်မယ်... ငါ ဒီအတိုင်း ထိုင်နေပြီး အသေမခံနိုင်ဘူး... တွန်းလှန်ရမယ်”
ဗန်နက်ဆာ စိတ်ထဲမှ အော်ဟစ်နေမိ၏။ ဤသည်မှာ စိတ်လှည့်စားမှု မှော်အတတ်ပညာ သေမျိုး ဖြစ်လိမ့်မည်ဟု ယူဆကာ ပတ်ဝန်းကျင်ရှိ အီသာ စွမ်းအင်အားလုံးကို ရပ်တန့်စေရန် သူမ၏ 'တိတ်ဆိတ်သော နယ်မြေ' ကို အတင်းအကြပ် အသက်သွင်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူမ၏ စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများအားလုံးက သူမကို စိုက်ကြည့်လာကြ၏။ စေးကပ်ပြီး ချွဲကျိနေသည့် ဒြပ်မဲ့ အကောင်များက သူမ၏ ခြေကျင်းဝတ်နှင့် လည်ပင်းတို့ကို စတင် ရစ်ပတ်ကာ အလွန်အမင်း တင်းကြပ်လာသဖြင့် သူမ အသက်ရှူကြပ်လာခဲ့သည်။
ဗန်နက်ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးစက်သွားပြီး တောင့်တင်းသွားကာ မလှုပ်ဝံ့တော့ပေ။
မြင်ကွင်းထဲတွင်မူ ဗင်းဆင့်မှာ ထိုလူသားပုံသဏ္ဍာန် အရိပ်ကြီးနှင့် စကားပြောနေဆဲပင်။
သူတို့ ပြောဆိုနေသော စကားလုံးများမှာ မမြင်ရသော အင်အားတစ်ခုကြောင့် ပုံပျက်နေပြီး စူးရှရှ အသံပေါင်းစုံနှင့် ရောထွေးနေသည်။ သို့သော်လည်း... ဗင်းဆင့်မှာမူ တစ်စုံတစ်ခုကို သိရှိသွားပြီးနောက် သိသိသာသာ စိတ်လှုပ်ရှားသွားပုံရသည်။
နောက်ဆုံးတွင် အရိပ်ကြီးက စာအုပ်တစ်အုပ်ကို ဗင်းဆင့်ထံ ကမ်းပေးလိုက်၏။
ဗန်နက်ဆာ၏ မျက်လုံးများမှာ ထိုစာအုပ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော်လည်း... သူမ စာအုပ်အမည်ကို စတင်မြင်ရခါနီးမှာပင် ခန္ဓာကိုယ်မှ ရစ်ပတ်ထားမှုများ ရုတ်တရက် ပျောက်ကွယ်သွားကာ ဖယောင်းတိုင်မီးမှာလည်း ငြိမ်းသွား၏။ မြင်ကွင်းတစ်ခုလုံးက ချက်ချင်းပင် ပြတ်တောက်သွားတော့သည်။
တိတ်ဆိတ်သော နယ်မြေမှာ ပြန့်ကားသွားကာ ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည့် အီသာစွမ်းအင်များကိုလည်း ငြိမ်သက်သွားစေခဲ့ပြီး အရာအားလုံး တိတ်ဆိတ်သွားခဲ့၏။
ဗန်နက်ဆာ၏ ပြတ်တောင်းပြတ်တောင်း အသက်ရှူသံကိုသာ ကြားနေရတော့သည်။
မျက်နှာ တစ်ခုလုံး ပြာနှမ်းနေလျက် ဗန်နက်ဆာက တွေးတောနေမိ၏။
‘အဲဒါက ဘာကြီးလဲ... အိမ်မက်သားရဲလား၊ နတ်ဆိုးလား... ဒါမှမဟုတ်... မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါးရဲ့ မိစ္ဆာပုံသဏ္ဍာန်လား...’
အချိန်အတော်ကြာပြီးနောက် ဗန်နက်ဆာ၏ လမင်းအပေါ် ယုံကြည်မှုက ပြန်လည် အားကောင်းလာသည်။ သူမ တုန်လှုပ်နေသော စိတ်ကို တည်ငြိမ်စေရန် ခဏမျှ မျက်စိမှိတ်ထားလိုက်၏။
‘အဲဒီ သတ္တဝါကြီးက ဘာကောင်ပဲဖြစ်ဖြစ်... ဒီဗင်းဆင့်ဆိုတဲ့ကောင်ကတော့ တစ်ခုခုနဲ့ ပတ်သက်နေတာ သေချာတယ်... သူက ငါ့ကို စူးစမ်းဖို့အတွက် တမင်တကာ လွှတ်လိုက်တာပဲ နေမယ်... နောက်ပြီး အဲဒီ စာအုပ်ကလည်း ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်... ငါ တစ်ခုခု လုပ်မှ ဖြစ်မယ်...’
ဗန်နက်ဆာ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး အခိုင်းအစေကို ဆင့်ခေါ်လိုက်သည်။
အခိုင်းအစေက သူမ၏ ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။ သူမက လက်လှမ်း၍ ထိုသူ၏ ဆံပင်များကို နွေးထွေးယဉ်ကျေးသော အပြုံးဖြင့် ပွတ်သပ်ပေးလိုက်သည်။
"သွားတော့ ဟိုင်းမန်း... သူ့ကို သတ်ပြီး အဲဒီစာအုပ်ကို ငါ့ဆီ ယူလာခဲ့... ဘာအပြစ်အနာအဆာမှ မရှိစေနဲ့၊ ဘာခြေရာလက်ရာမှလည်း မကျန်စေနဲ့... အရင်တစ်ခေါက်ကအတိုင်းပဲ"
အခိုင်းအစေမှာ ဗန်နက်ဆာ၏ လှပသော မျက်နှာကို စွဲမက်စွာ ကြည့်နေမိ၏။ ထို့နောက် သူက ဖြည်းညှင်းစွာ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ဗန်နက်ဆာ၏ ခြေအစုံကို နမ်းရှိုက်လိုက်သည်။
"ကိုယ်တော်မြတ် အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်... ကိုယ်တော်မြတ်ကို အလုပ်အကျွေး ပြုခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်သလို၊ ဘဝရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်"
သူက ရူးသွပ်သော ယုံကြည်ချက်များဖြင့် ပြောလိုက်သည်။
ဗန်နက်ဆာက ခေါင်းညိတ်ပြလိုက်ရင်း အခိုင်းအစေ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် အပြစ်ဝန်ခံခန်း၏ ထောင့်တစ်နေရာရှိ ရေဇလုံဆီသို့ လျှောက်သွားလိုက်၏။ လက်ချောင်းများကို ရေထဲသို့ နှစ်လိုက်ရင်း စက်ဝိုင်းတစ်ခု ဆွဲလိုက်ရာ၊ ရေလှိုင်းများကြားတွင် ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ဆုတောင်းနေသည့် ပုံရိပ် ပေါ်လာသည်။
ထိုအဘိုးအိုက မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ... သတ္တမမြောက် တမန်တော်..."
"ပုပ်ရဟန်းမင်းကြီး... ကျွန်မမှာ တင်ပြစရာ ထူးခြားတဲ့ အစီရင်ခံစာ တစ်ခု ရှိပါတယ်..."
...
"ဟူး..."
ဗင်းဆင့်သည် အပြစ်ဝန်ခံခန်းထဲမှ ထွက်လာစဉ် သက်ပြင်းတစ်ချက်ကို အားပါပါ မှုတ်ထုတ်လိုက်ပြီး လပြည့်ဝန်း မျက်လုံးများ ကို အသုံးပြု၍ ကျဉ်းမြောင်းရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် အကဲခတ်ကြည့်လိုက်သည်။
ဗန်နက်ဆာ၏ တုံ့ပြန်မှုကို ကြည့်ရခြင်းအားဖြင့် သူ၏ သရုပ်ဆောင်မှုမှာ အပေါက်အလမ်း တည့်သွားပုံရ၏။
ယခု အသစ်ခန့်အပ်ထားသော သတ္တမမြောက် တမန်တော်မှာ အပြင်ပန်း မြင်တွေ့ရသကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသူတစ်ဦး မဟုတ်ပေ။ သူမက နောက်လိုက်များနှင့် လက်အောက်ငယ်သားများအပေါ် လွှမ်းမိုးနိုင်ရန် တမင် ဟန်ဆောင်ထားခြင်းပင် ဖြစ်သည်။
ဗင်းဆင့်၏ တွေးထင်ချက်များက အခြေအမြစ်မရှိသည်တော့ မဟုတ်ချေ။ အမိုးခုံး ဘုရားကျောင်းအတွင်း၌ပင် အတင်းအဖျင်း သတင်းများမှာ ပေါများလှပေရာ၊ တမန်တော်လောင်းအဖြစ် ရွေးချယ် မခံရမီ ကတည်းက ဗန်နက်ဆာ၏ စရိုက်သဘာဝအကြောင်းကို ဗင်းဆင့် ကြားသိထားပြီးသား ဖြစ်သည်။
တမန်တော်တိုင်းမှာ မိမိတို့၏ ဆက်ခံမည့်သူကို ကြိုတင် ပြင်ဆင်လေ့ရှိကြသည်။ ဗန်နက်ဆာမှာ ယခင် လကွယ် တမန်တော်၏ လက်ထောက်နှင့် လက်ရုံးဖြစ်ခဲ့ပြီး သတ္တမမြောက် စီရင်စုနယ်မြေကို စီမံခန့်ခွဲရာတွင် ကူညီပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ယခင်တမန်တော် ကွယ်လွန်သွားသောအခါ သူမက သဘာဝကျကျပင် ထိုရာထူးကို ဆက်ခံနိုင်ခဲ့ခြင်း ဖြစ်၏။ ဤစီရင်စုရှိ ဘုန်းတော်ကြီးများနှင့် သီလရှင် အများစုမှာ သူမကို ကောင်းစွာ သိကြသည်။
ဗန်နက်ဆာ၏ စရိုက်ကို ပြောရလျှင် 'ကြမ်းတမ်းရက်စက်သူ' ဟု ဆိုရပေလိမ့်မည်။ သူမက အသေးအမွှား ကိစ္စလေးကိုပင် လက်တုံ့ပြန်တတ်သူဖြစ်ပြီး၊ ပြတ်သားလှသလို သည်းခံခွင့်လွှတ်ခြင်းလည်း အလျှင်းမရှိသူ ဖြစ်သည်။
အကယ်၍ ဗန်နက်ဆာသာ သူ့ စိတ်ထဲရှိ ဘာသာမဲ့ အတွေးများနှင့် သံသယများကို ရိပ်မိသွားပါက၊ သူမ လက်အောက်ငယ်သားများကို စေခိုင်း၍ အပြစ်ဝန်ခံခန်းကို ပိတ်ဆို့ကာ၊ သန့်ရှင်းသော လပြည့်ဝန်း အဆီအနှစ် နှင့် ပတ်သက်သည့် ပြဿနာများ အပြင်သို့ မပေါက်ကြားစေရန် သူ့ကို နှုတ်ပိတ် ရှင်းလင်းခိုင်းလိုက်မည်မှာ အသေအချာပင်။
သို့သော် ယခုမူ ဗန်နက်ဆာက ထိုကဲ့သို့ မပြုလုပ်ခဲ့ပေ။ သူမသည် ဗင်းဆင့်ကို နှစ်သိမ့်ပေးခဲ့ရုံသာမက သန့်ရှင်းသော လပြည့်ဝန်း အဆီအနှစ်ကို ပို၍ သုံးစွဲရန်ပင် တိုက်တွန်းခဲ့သေးသည်။ ဤသည်မှာ သူမအနေဖြင့် ဗင်းဆင့်၏ စူးစမ်းမှုကို မရိပ်မိဘဲ၊ သူက ကြောက်လန့်တကြားဖြင့် လာရောက် အစီရင်ခံခြင်းသာ ဖြစ်သည်ဟု အောင်မြင်စွာ လှည့်ဖျားခံလိုက်ရခြင်း ဖြစ်ပေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဤအချက်က သန့်ရှင်းသော လပြည့်ဝန်း အဆီအနှစ်တွင် အမှန်တကယ် ပြဿနာရှိနေကြောင်း သက်သေပြနေခြင်းလည်း ဖြစ်၏။ ဗင်းဆင့်ကဲ့သို့ပင် အလားတူ သံသယရှိနေသူ အချို့ ရှိနေနိုင်ပြီး၊ ဗန်နက်ဆာ၏ တုံ့ပြန်မှုများ ကျွမ်းကျင်လွန်းနေသည်မှာ ထိုကိစ္စများကို အကြိမ်ကြိမ် ကိုင်တွယ်ဖြေရှင်းဖူးကြောင်း သိသာစေသည်။
ဗင်းဆင့်ကို ပြန်လည် ဖြေကြားနေစဉ်အတွင်း သူမက တိတ်ဆိတ်သော နယ်မြေကို အသက်သွင်း၍ သူမ၏ စွမ်းအားဖြင့် ဗင်းဆင့်ကို နာခံလာအောင် ကြိုးစားခဲ့သေးသည်။
သို့သော် သူမ မသိလိုက်သည့် အချက်က... သူမ၏ စွမ်းအားများနှင့် ထိတွေ့မိသောအခါ ဗင်းဆင့်မှာ ခဏတာ မိန်းမောသွားသော်လည်း.... သူ့ ရင်ခွင်ထဲရှိ နေမင်းကျမ်းစာက ဗန်နက်ဆာထံမှ စိမ့်ထွက်လာသော အီသာလှိုင်းများကို စုပ်ယူလိုက်သဖြင့် သူ သတိပြန်လည်လာခဲ့ခြင်း ဖြစ်သည်။
ဗင်းဆင့်၏ ရင်ထဲတွင် လေးလံနေခဲ့၏။
‘စာအုပ်ဆိုင်ပိုင်ရှင် ပြောတာ မှန်နေတာပဲ... သူတို့တွေ ငါတို့ကို လှည့်စားထားတာ တော်တော် ကြာနေခဲ့ပြီ ထင်ပါရဲ့... ‘
သို့သော်လည်း ဗင်းဆင့်မှာ ငယ်စဉ်ကတည်းက စွဲလမ်း လာခဲ့သည့် အတိတ်ဘဝနှင့် လွယ်လင့်တကူ မခွဲခွာနိုင်သေးဘဲ၊ တစ်သက်လုံး ကိုးကွယ်လာခဲ့သည့် ယုံကြည်မှုများ ပြိုလဲပျက်စီးနေသည်ကို လက်ခံနိုင်ရန် ရုန်းကန်နေရဆဲပင်။
သူ့ နှလုံးသားမှာ မရေရာမှုများဖြင့် ပြည့်နှက်နေ၏။ အမှန်တရားကို လူတိုင်းအား သူ ပြောပြသင့်သလော။ သူ့ထံတွင် ပြောပြနိုင်စွမ်းရော ရှိရဲ့လော။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်များကိုကော သူ ခံနိုင်ရည် ရှိပါ့မလား။
ဗင်းဆင့် တစ်ယောက် လွန်စွာ စိတ်ရှုပ်ထွေးနေပြီး ရှေ့ဆက် ဘာလုပ်ရမည်ကို မသိတော့ပေ။ ထို့ကြောင့် သူ ဝတ်ပြုကျောင်းတော်၏ ဘေးတစ်ဖက်ရှိ ဘုန်းတော်ကြီးဆောင်များတွင် တည်းခိုရင်း ထိုကိစ္စကို အနုစိတ် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
ထိုည၌ ဗင်းဆင့်မှာ စိုးရိမ်ပူပန်မှုများဖြင့် ဟိုလှည့်ဒီလှည့် ဖြစ်နေပြီးနောက်၊ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်လွန်း၍ အိပ်ပျော်သွားတော့သည်။
အိပ်ပျော်ပျော်ချင်းပင် ဗင်းဆင့်မှာ ထူးဆန်း လှပလှသော အိပ်မက်တစ်ခုအတွင်းသို့ ခြေချ လိုက်မိသကဲ့သို့ ဝေဝါးစွာ ခံစားလိုက်ရသည်။
ကြယ်ပေါင်းစုံဖြင့် စီခြယ်ထားသည့် ကတ္တီပါရောင် ညကောင်းကင်ယံကြီးမှာ ဗင်းဆင့်၏ ခြေဖဝါးအောက်ရှိ တိတ်ဆိတ် အေးချမ်းသော ကန်ရေပြင်ပေါ်သို့ အရိပ်ထင်ဟပ်နေခဲ့သည်။ သူ့ရှေ့တွင်မူ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာမပါသည့် မိန်းကလေးတစ်ဦး ရပ်န၏။ သူမ၏ လက်နှစ်ဖက်အထက်တွင် နေမင်းနှင့် လမင်းတို့မှာ လွင့်မြောနေကြသည်။
အကြောင်းရင်းကို မသိသော်လည်း ထိုမိန်းကလေးမှာ အလွန် ရင်းနှီးနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူမကို တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ပင်...။
သို့သော် ဗင်းဆင့်၏ အာရုံများမှာ သူမ လက်ပေါ်ရှိ သေးငယ်သော နေနှင့် လဆီသို့ ရောက်ရှိသွား၏။
နေမင်းမှာ စူးရှတောက်ပနေသော မီးလုံးကြီးတစ်ခုနှယ်ဖြစ်ပြီး၊ ပေါက်ကွဲထွက်လုမတတ် ပြင်းထန်သော စွမ်းအင်များနှင့် ဟုန်းဟုန်းတောက်ပနေသည်။
ဆန့်ကျင်ဘက်အားဖြင့် လမင်းမှာမူ အေးချမ်းငြိမ်သက်နေပြီး၊ စိတ်ဝိညာဉ်ကို တည်ငြိမ်သွားစေနိုင်သည့် မှိန်ပျပျ အလင်းတန်းလေးများဖြင့် ဖြာထွက်နေခဲ့သည်။
အရေးကြီးဆုံးအချက်က ၎င်းတို့နှစ်ခုလုံးတွင် ကိုယ်ပိုင် ဇီဝအသက်ဓာတ်များ ရှိနေကြပြီး အစဉ်အမြဲ ကြီးထွားနေသည့် ခံစားချက်ကို ပေးစွမ်းနေခြင်းပင် ဖြစ်သည်။
ဤသည်မှာ ဗင်းဆင့် ခံစားနေကျဖြစ်သည့် အေးစက်စက် ဖြူရော်ရော် လမင်း၏ နတ်ဘုရား စွမ်းအားနှင့် များစွာ ကွာခြားလှပေသည်။
နှိုင်းယှဉ်စရာ မရှိစဉ်ကမူ ကိစ္စမရှိသော်လည်း၊ ယခုကဲ့သို့ ယှဉ်ကြည့်လိုက်သောအခါတွင်မူ သူ ယခင်က ခံစားခဲ့ရသော လမင်း၏ စွမ်းအားမှာ အေးစက်စိုစွတ်နေပြီး၊ မိမိကိုယ်ပေါ်တွင် မှိုများ တက်နေသကဲ့သို့ပင် ရွံရှာဖွယ်ရာ ကောင်းလှပေသည်။
"ရွေးချယ်ခံလေး... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"
မိန်းကလေးက ပြောလိုက်လေ၏။
***