စစ်ပွဲ
Vol. 131 Ch. 1821
အမှန်တရားကို ဖွင့်ဟဝန်ခံပြီးနောက် ဝေ့စီ တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့၏။ ဝေ့ဝူယင်၏ တောက်ပသော အပြုံးနှင့် ပေါ့ပေါ့ပါးပါး ရယ်မောသံများက သူ့ စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေခဲ့ပြီး ဤလူမှာ သူ့ အစ်ကိုအစစ်အမှန်ပင် ဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပေ။ ၎င်းက ဆယ်စုနှစ်ပေါင်း များစွာ သူ ခံစားခဲ့ရသော အပြစ်ရှိစိတ်များကို သက်သာစေခဲ့သည်။ ဝေ့ဝူယင် သေဆုံးမှုအတွက် သူကိုယ်တိုင်တွင် တာဝန်ရှိသည်ဟူသော အတွေးက သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်။
တောင်စောင်းတွင် ထိုင်ရင်း... သူတို့နှစ်ဦးမှာ ငယ်စဉ်က လူကြီးမပါဘဲ တောင်တန်းများနှင့် တောအုပ်များထဲ၌ လျှောက်သွားရင်း စိတ်ထဲရှိသမျှ အကြောင်းအရာအားလုံးကို ပြောဆိုခဲ့ကြသည့် အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ရှိနေသည်။
"မင်း စကားပြောတတ်တာလား..."
ပိုင်လင်၏ စိတ်ချင်းဆက်သွယ်နိုင်စွမ်းကို သိရှိသွားသောအခါ ဝေ့စီ အံ့ဩသွားခဲ့၏။ ပိုင်လင်မှာ စောစောကတည်းကပင် စကားပြောရန် ကြိုးစားခဲ့သော်လည်း ဝေ့စီ၏ စိတ်ကို ကာကွယ်ထားသည့် ထူးဆန်းသော စွမ်းအားကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က ပိုင်လင်၏ စွမ်းရည်အကြောင်း ပြောပြပြီးနောက် ဝေ့စီဘက်မှ တက်ကြွစွာ ခွင့်ပြုလိုက်မှသာ ဆက်သွယ်၍ ရတော့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်အနေဖြင့် ထိုအတားအဆီးကို မည်သို့မျှ ကျော်ဖြတ်၍ မရနိုင်ချေ။ ၎င်းမှာ မက်ဂီ နှင့် စပါတန်တို့၏ ဗီဇအရ တုံ့ပြန်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ အင်အားသုံး၍ ဝင်ရောက်ရန် ကြိုးစားပါက ဝေ့စီ၏ စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ ထိခိုက်သွားနိုင်သည်။
ဝေ့စီနှင့် ပိုင်လင်တို့ နှစ်ယောက် အချိန်အတော်ကြာ စကားပြောဖြစ်ကြ၏။ လောကနယ်မြေ တစ်ခုလုံး၌ တိုက်တန် အလား သတ္တဝါကြီး တစ်ကောင်နှင့် မီးဖီးနစ်ငှက်ကြီးတစ်ကောင်တို့၏ ရယ်မောသံများက ဟိန်းထွက်နေသည်။ ပိုင်လင်က သူမအား အစစအရာရာ ပြုစုပေးနေရသော ထန်မျိုးနွယ်စုမှ အစေခံများအကြောင်းကိုပင် ကြွားလုံးထုတ်လိုက်သေးသည်။
ဝေ့စီမှာ ပထမတုန်းက အံ့ဩသွားသော်လည်း၊ ထန်မျိုးနွယ်စုက ပိုင်လင်၏ သွေးအမတေကို ထုတ်ယူရန် ကြိုးစားခဲ့ကြောင်း သိလိုက်ရသောအခါ သူ့ ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ယန်တောင်တန်း နယ်မြေ၏ လေထုလွှာများကိုပင် တုန်ခါ သွားစေခဲ့သည်။
"အခု ကျွန်တော်တို့က သေမျိုးနတ်ဘုရားတွေ ဖြစ်နေပြီလို့ အစ်ကိုလတ် ထင်လား"
ဝေ့စီက သူ့ စိတ်ခံစားချက်ကြောင့် ပြောင်းလဲသွားသော လေထုကို ကြည့်ရင်း မေးလိုက်၏။ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ဆန်းကြယ် နတ်ဘုရား ဟန်ရှဲ့မှာ သေမျိုးများကို ဂုဏ်ပြုရန် အတွက် ထိုနာမည်ကို ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အခုအခါ၌ ဝေ့ဝူယင်နှင့် ဝေ့စီတို့မှာ သေမျိုးဘဝဖြင့်ပင် ကောင်းကင်ကို အန်တုနိုင်သည့် ခွန်အားများကို ပိုင်ဆိုင်ထား ကြပြီ ဖြစ်သည်။
"ဖြစ်နိုင်တယ်..."
ဝေ့ဝူယင်က ရယ်မောလိုက်၏။
"မရီး ရီဖေးက အရမ်းလှတယ်..."
ဝေ့စီက ပြောလိုက်၏။ ဝေ့ဝူယင် ရွှယ်ရီဖေးအား လက်ထပ်ခွင့် တောင်းသည့် နေ့တုန်းက တစ်လောကလုံး၌ ထုတ်လွှင့် ပြသခဲ့သည့် ပုံရိပ်များကို သူ မြင်ခဲ့ရသည်။ ဝေ့ဝူယင်ကလည်း ဂုဏ်ယူစွာဖြင့် နှာခေါင်းကို ပွတ်လိုက်မိ၏။
"ဒါနဲ့ ယွီစွန်းလီကရော... သူကလည်း မဟာစက်ဝန်း ကြယ်ကွင်းပြင်ရဲ့ နံပါတ်တစ် အလှမယ်လို့ ကြားဖူးတယ်... သူလည်း မရီးပဲလား"
ဝေ့စီက စူးစမ်းလိုသော မျက်ဝန်းများဖြင့် မေးလိုက်သည်။ သူက မိန်းကလေးများအပေါ် စိတ်ဝင်စားမှု မရှိသော်လည်း ဝေ့ဝူယင်နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများကိုတော့ စိတ်ဝင်စားနေမိသည်။
ဝေ့ဝူယင်ကလည်း ဘာမှဖုံးကွယ်မထားဘဲ သူ့ ချစ်သူများအကြောင်းကို ဂုဏ်ယူစွာ ပြောပြတော့သည်။ သွေးစီးကြောင်း ၊ မေ့ယန် ၊ ယန်ချောင်ယွီ ၊ ထျန်းလင်းယု ၊ ရှောင်ပင်း နှင့် ဟုန်းရု တို့အကြောင်းများပင် ပါဝင်သည်။ ထိုကဲ့သို့ ပတ်သက်မှု အခြေအနေများ အပြင် နောင်တွင် မည်သူက စေ့စပ်ထားသူ ဖြစ်လာနိုင်ကြောင်းကိုပါ ပြောပြခဲ့သည်။ နာ့ရှင်းရီမှာ သူ့ ဇနီးလောင်း ဖြစ်ကြောင်း တရားဝင် မကြေညာရသေးသော်လည်း သူမအတွက် အမြဲတမ်း နေရာတစ်ခု ရှိနေမည် ဖြစ်ကြောင်းကိုလည်း ထည့်ပြောခဲ့သည်။
ဝေ့စီမှာ ဝေ့ဝူယင်၏ ရှုပ်ထွေးလှသော ပတ်သက်မှုများကို နားလည်ဖို့ ကြိုးစားရင်း သူ့ မျက်လုံးများက တဖျပ်ဖျပ်တောက်ပ နေတော့သည်။ အချို့သော ပတ်သက်မှုများမှာ အကျိုးစီးပွားအပေါ် အခြေခံသော်လည်း ရွှယ်ရီဖေးနှင့် ယွီစွန်းလီတို့မှာမူ ပိုမို နက်ရှိုင်းသော သံယောဇဉ် ရှိကြသည်။
ခဏအကြာတွင် ဝေ့စီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။
"အစ်ကိုလတ်... မေ့မေ့ရော...”
"..."
ဝေ့ဝူယင်၏ အပြုံးမှာ အေးစက်သွား၏။
ဝေ့စီမှာ သူပြောလိုက်သော စကားက ဝေ့ဝူယင်၏ ထိခိုက်လွယ်သော နေရာတစ်ခုကို ထိမှန်သွားကြောင်း သိရှိလိုက်သည်။ ဝေ့ဝူယင်က မေ့ယန်မှာ သူ့ အစေခံ တစ်ဦး၊ ချစ်သူတစ်ဦး အနေဖြင့် နန်းတော်တွင် ရှိနေကြောင်း ပြောပြသော်လည်း မေ့မေ့အကြောင်းကိုမူ မပြောခဲ့ချေ။
ဝေ့စီမှာ အပြင်ပန်းတွင် ရိုးအပုံရသော်လည်း သူ့ ပင်ကိုယ်အသိက အလွန် ထက်မြက်ပေသည်။
"အဲ့တာက..."
မိနစ်အနည်းငယ်ကြာပြီးနောက် ဝေ့ဝူယင်က လက်များကို ဆန့်တန်းရင်း အကြောဆန့် လိုက်၏။
"မကြာခင် သူ့ဆီကို ငါ သွားလည်မှာပါ"
ဝေ့စီက ခေါင်းညိတ်ပြလိုက်သည်။ ဝေ့ဝူယင်ထံတွင် အလွန်လှပသော ချစ်သူများစွာနှင့် မြင့်မားလှသည့် အဆင့်အတန်းများ ရှိနေသော်လည်း မေ့မေ့ လုပ်ဆောင်ပေးခဲ့သမျှကို သူ မေ့လျော့နေလိမ့်မည် မဟုတ်ကြောင်း ဝေ့စီ ယုံကြည်သည်။
"ဝေ့စီ... ငါ့ဘေးနားက လူတွေကို ငါ ကာကွယ်နိုင်လိမ့်မယ်လို့ မင်း ထင်လား"
ဝေ့ဝူယင်က ရုတ်တရက် မေးလိုက်၏။
"ကျွန်တော် ထင်တာကတော့..."
ဝေ့စီက ခေတ္တရပ်လိုက်၏။
"...အစ်ကိုလတ် ကာကွယ်နိုင်တဲ့အထိ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို့ ထင်တယ်"
ဝေ့ဝူယင်က လက်နှစ်ဖက်ကို ကောင်းကင်သို့ ဆန့်ထုတ်ကာ လေထုကို ဆုပ်ကိုင်လိုက်ရင်း "အင်း..." ဟု ဆိုလိုက်သည်။
ထို့နောက် သူက တောင်ကုန်းပေါ်သို့ လက်သီးဖြင့် အသာအယာ ထုလိုက်ရင်း "အင်း..." ဟု ထပ်ပြောသည်။
ထို့နောက် မတ်တပ်ရပ်ကာ ကောင်းကင်သို့ မော့ကြည့်ရင်း "အင်း..." ဟု ခပ်တိုးတိုးလေး ထပ်ပြောလိုက်သည်။
ထို 'အင်း' သုံးကြိမ်ကို ကြားလိုက်ရသောအခါ ဝေ့စီ မပြုံးဘဲ မနေနိုင်တော့ချေ။ ၎င်းမှာ သူ့ ဖခင် (ဝေ့ဝူယင်၏ ဦးလေး) ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်တော့မည့်အချိန်တွင် ပြုလုပ်လေ့ရှိသော အမူအရာပင်။ ထိုပုံစံကို မြင်လိုက်ရသောအခါ သူ့အား အစားအများကြီး မစားရန် အမြဲဆူပူတတ်သော်လည်း ဘယ်သောအခါမျှ ဗိုက်မဆာစေခဲ့သည့် ဖခင်ကို သတိရသွားမိသည်။
ထိုနေ့က အရာအားလုံး ဆုံးရှုံးခဲ့ရသူမှာ ဝေ့ဝူယင် တစ်ဦးတည်း မဟုတ်ပေ။ ဝေ့စီကိုယ်တိုင်လည်း သူ့ မိခင်၊ ဖခင်နှင့် မိသားစုအားလုံးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ဝေ့စီ တစ်ယောက် မျက်ရည်လည်လာသဖြင့် ခေါင်းကို ငုံ့လိုက်မိ၏။ သူ့ ခွန်အားများ မည်မျှပင် ကြီးမားပါစေ၊ အချစ်ရဆုံးလူများကိုတော့ အမှတ်တရများထဲတွင်သာ တန်ဖိုးထားနိုင်တော့သည်။
"ငါနဲ့ အတူ လိုက်မလား..."
ဝေ့ဝူယင်က လေအဝှေ့တွင် မေးလိုက်၏။
"လိုက်မလား... ဘယ်ကို လိုက်ရမှာလဲ"
ဝေ့စီသည် သူ့ ဆွဲပြားကို မသိစိတ်ဖြင့် ကိုင်လိုက်မိ၏။ ဗီဇအရ မက်ဂီများအားလုံးကို သတ်ဖြတ်ရန် တိုက်တွန်းနေသော်လည်း၊ အစ်ကိုလတ်ကို မည်သို့ လုပ်ရက်ပါမည်နည်း။ ကောင်းကင်နှင့် နတ်ဘုရားများကပင် တောင်းဆိုပါစေဦး၊ မိသားစုဝင် တစ်ယောက်ကို ထပ်မံ ဆုံးရှုံးရမည့်အစား သူ သေပွဲဝင်ရန်သာ ရွေးချယ်ပေလိမ့်မည်။
သို့သော်လည်း... သူတို့နှစ်ဦးစလုံး၏ မူလဇစ်မြစ် အမှန်တရားမှာ ပြောင်းလဲသွားမည် မဟုတ်ပေ။ ဝေ့ဝူယင် အသက်ရှင်နေခြင်းသည်သာ အရာအားလုံးထက် ပို၍ ပြည့်စုံလွန်းလှသည်။ သို့သော်လည်း ဤနေရာတွင် ဆက်ရှိနေခြင်းက အခြေအနေများကို ပိုမို ရှုပ်ထွေးစေရုံသာ ရှိပေလိမ့်မည်။ ဝေ့စီမှာ ဤအချက်ကို သိသော်လည်း အခုချက်ချင်း မထွက်ခွာလိုသေးချေ။
မိသားစု၏ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာဆိုသည်မှာ အလွန်တန်ဖိုးရှိလှပြီး၊ တစ်ခါ ထွက်ခွာသွားခဲ့လျှင် ဤခံစားချက်မျိုးကို နောက်တစ်ကြိမ် ထပ်မံ ခံစားရတော့မည် မဟုတ်ကြောင်း သူ၏ ဝိညာဉ်က သိရှိနေခဲ့သည်။
ဘယ်တော့မှ ထပ်မရနိုင်တော့မှာကို သူ ကြောက်ရွံ့နေသည်။
ဝေ့ဝူယင်က ပြုံးလိုက်ရင်း ကောင်းကင်သို့ လက်ညှိုးညွှန်ပြလိုက်၏။
"ကြယ်တာရာတွေရဲ့ အလွန်ကို..."
သူ၏ လက်ညှိုးရွေ့လျားသွားသည်နှင့်အမျှ ယန်တောင်တန်း နယ်မြေ၏ ကောင်းကင်ယံမှာ ပွင့်ဟသွားပြီး နတ်ဘုရားတို့၏ ဘုံဗိမာန်ကဲ့သို့ ခမ်းနားထည်ဝါလှသော ကြယ်တာရာ လောကကြီး ပေါ်ထွက်လာသည်။ ဝေ့စီ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်ခါသွားခဲ့၏။
သို့သော် သူ မမေးဘဲ မနေနိုင်ခဲ့သည့် မေးခွန်းတစ်ခု ရှိခဲ့ပေသည်။
"ဘာလို့လဲ..."
ဝေ့ဝူယင်မှာ ခေတ်တစ်ခေတ်ကို အုပ်စိုးမည့် အာရုဏ်ဦး လောကရှန့်ထို အဖြစ် ကျော်ကြားသူ ဖြစ်သည်။ ဤလောက၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်သည်။ ဂုဏ်သရေရှိသည့် လောကရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်သည်။ လှပသော ဇနီးမယားများ၊ ချောမောသော အစေခံများ၊ ခမ်းနားသော နန်းတော်များနှင့် အတိုင်းအဆမဲ့သော ကိုးကွယ်ဆည်းကပ်မှုများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ထွက်ခွာသွားရန် မလိုအပ်ချေ။ သူက အရာအားလုံးကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
ကံဆိုးစွာပင်... ကျင့်ကြံခြင်း လမ်းခရီးမှာ ထိုမျှ မရိုးရှင်းချေ။ မက်ဂီတို့၏ လျှို့ဝှက်ချက်များ စတင် ပေါ်ပေါက်လာခြင်း၊ ငရဲဘုံ၏ ဘေးဒုက္ခများက အမြဲတမ်း ချောင်းမြောင်းနေခြင်းနှင့် ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေသော အပြစ်သား သွေးမျိုးဆက် တို့ကြောင့် ဝေ့ဝူယင် ရပ်တန့်နေလို့ မရနိုင်ချေ။ သူက ရှေ့သို့သာ ဆက်လက် ချီတက်ရပေမည်။
အကယ်၍ ကောင်းကင်စစ် ဝိညာဉ်သာ မရှိခဲ့လျှင် သူ ကြယ်တာရာ ကပ်ဘေးကို အသုံးချ၍ အတင်းအဓမ္မ ရှေ့သို့ ဆက်တိုးသွားခဲ့ပေလိမ့်မည်။ ကောင်းကင် စစ်ဝိညာဉ်၏ ကျင့်ကြံခြင်းမှာ သူ့ ကြယ်တာရာ ဝိညာဉ်များ ကဲ့သို့ပင် အရေးကြီးသဖြင့် သူမအား တုံ့ဆိုင်းနေစေရန် သူ ခွင့်မပြုနိုင်ပေ။
"ဘာလို့လဲ ဟုတ်လား..."
ဝေ့ဝူယင်၏ အပြုံးမှာ ပိုမို တောက်ပလာကာ ဝေ့စီဘက်သို့ လှည့်ကြည့်လိုက်သည်။ ကောင်းကင်မှ ကြယ်တာရာ အလင်းတန်းများက သူ၏ ကိုယ်ပေါ်သို့ ဖြာကျနေ၏။ ဝေ့စီနှင့် ပိုင်လင်တို့၏ စိတ်ထဲတွင် ဝေ့ဝူယင်၏ ပုံရိပ်မှာ အနှိုင်းမဲ့စွာ တောက်ပနေလေသည်။
"ငါ စစ်ပွဲတစ်ခုကို စတင်တော့မယ်..."
ဝေ့ဝူယင်က သံမဏိကဲ့ အလား ခိုင်မာ ပြတ်သားလှသော အသံဖြင့် ဆိုလိုက်သည်။ သူ့ စကားလုံးများတွင် သံသယ အငွေ့အသက် မရှိသလို၊ မပြတ်သားမှုလည်း မရှိပေ။
စစ်ပွဲ...’
ထိုစကားလုံးမှာ ဝေ့စီ၏ ဝိညာဉ်ကို လှုပ်နှိုးလိုက်ကာ သူ့ ရင်ခုန်သံမှာ စည်တော်ပေါင်း တစ်သောင်းကို တစ်ပြိုင်နက် တီးခတ်လိုက်သည့်အလား ပြင်းထန်လာတော့သည်။ သူ့ ခန္ဓာကိုယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံများ ဆက်တိုက် ထွက်ပေါ်လာကာ ကြွက်သားများမှာလည်း ပိုမို၍ ဖောင်းကြွ လာခဲ့၏။
ဝေ့ဝူယင်သည် ဝေ့စီကို စိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်းစီတိုင်းကို ပြတ်သားစွာဖြင့် ဆက်ပြောလိုက်လေသည်။
"ပြီးတော့... ငါ အဲ့ဒီစစ်ပွဲကို အနိုင်ယူပြမယ်"
ဝေ့စီ သူ့ လက်သီးကြီးများကို အရင်ကထက် ပိုမို၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။
***