မတူညီသည့် ဆုံးဖြတ်ချက်များ
Vol. 131 Ch. 1832
"အဲ့တာက..."
မေ့မေ့တစ်ယောက် တည်ငြိမ်မှုများ ပျက်ယွင်းလုနီးပါး ဖြစ်သွားကာ မျက်နှာ တစ်ခုလုံး ဖြူရော်သွားခဲ့၏။ လက်ဖဝါးများ၊ နဖူး၊ ကျောနှင့် ချိုင်းကြားများတွင် ချွေးစက်များ ထွက်ပေါ်လာသည်။ ၎င်းမှာ ကြောက်လန့်ခြင်း မဟုတ်ဘဲ ပြင်းထန်မှုကြောင့် ဖြစ်သည်။ အလွန်တရာ သန့်စင်ပြီး အတားအဆီးမဲ့သော ပြင်းထန်မှုပင်...။
"ကျွန်တော်ရဲ့ ဝိညာဉ်က သေမျိုးအဆင့်မှာပဲ ရှိနေသေးပေမဲ့ ခန္ဓာကိုယ်ကတော့ လျှို့ဝှက်တာအိုထဲကို ရောက်နေတာ ကြာပြီ... အခြေအနေ အမျိုးမျိုးကြောင့် ဒါက နည်းနည်း ထူးခြားနေပေမဲ့ ကျွန်တော် အသေအချာ ပြောနိုင်တာ တစ်ခုကတော့... သေမျိုး မိန်းကလေး တစ်ယောက်က ကျွန်တော်နဲ့ ကလေး ယူချင်တယ်ဆိုရင် သန္ဓေသား မဖြစ်ပေါ်လာခင်မှာတင် သူ သေဆုံးသွားနိုင်တယ်"
ဝေ့ဝူယင်က တိုက်ရိုက်ပင် ဝန်ခံလိုက်သည်။ သူ့ ခန္ဓာကိုယ်တွင် လျှို့ဝှက်အဆင့် အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် သွေးမျိုးဆက် ရှိနေရုံသာမက ယန်အသက်ဓာတ် အမတေတွင်လည်း 'ကြယ်တာရာ ပါရဂွန် ခန္ဓာ’ ၏ နက်ရှိုင်းလှသော အရည်အသွေးများ ကိန်းအောင်းနေပေသည်။ ထို့ပြင် အပြစ်သား သွေးမျိုးဆက်ကလည်း သူ့ သားသမီးများအပေါ် မည်သို့ သက်ရောက်မည်ကိုလည်း သူ သေချာ မသိပေ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝေ့ဝူယင်မှာ သားသမီးများနှင့် အတူတူ ရှိမပေးနိုင်လျှင် ကလေးမယူဟု ဆုံးဖြတ်ချက် ချခဲ့ဖူးသည်။ သူကို ငရဲ၏ ကပ်ဘေးများက အမြဲတမ်း ခြိမ်းခြောက် နေလေရာ မိန်းကလေးများ၏ ခံစားချက်များကို မစဉ်းစားမိဘဲ နေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် ကလေးမယူရန် အကြောင်းပြချက်ပေါင်း တစ်သန်းလောက် ရှိသည်။
အလွယ်ကူဆုံး အဖြေမှာ ကျင့်ကြံခြင်း အခြေခံနှင့် ယှဉ်လျှင် သူက သားနှင့် သမီးနှင့် အခြေတကျ နေထိုင်ရန် အလွန်ပင် ငယ်ရွယ်သေးသည်ဟူသော အချက်ပင်။
ကြယ်တာရာ သခင် အဆင့်တွင်ပင် အသက်တစ်ရာအောက် ဆိုသည်မှာ ကလေးအရွယ်မျှသာ ရှိပါသေးသည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူတစ်ဦး၏ ပျမ်းမျှ သက်တမ်းပင်လျှင် ထောင့်ငါးရာ မဟုတ်ပါလား။
သို့သော်လည်း... ဝေ့ဝူယင်က ဤနေရာတွင် အကြောင်းပြချက် ပေးရန် မလိုအပ်ဟု ခံစားရသည်။ သူက မေ့မေ့ကို အမှန်အတိုင်းသာ ပြောပြလိုက်ခြင်း ဖြစ်သည်။
“အရူးလေး...”
မေ့မေ့က ပြုံးလိုက်၏။
"အခုချက်ချင်း ဖြစ်ရမယ်လို့ ငါ မပြောပါဘူး... ငါလည်း အခု ကလေးယူဖို့ ငယ်ပါသေးတယ်... နင်လည်း အလုပ်များ နေတာနဲ့ ကလေးထိန်းနိုင်မှာ မဟုတ်ဘူး... အနားမှာ မရှိနိုင်တဲ့ အဖေမျိုးဆီက ကလေးကို ငါ မလိုချင်ဘူး"
သို့သော်လည်း... မေ့မေ့၏ စိတ်အတွင်းတွင်တော့ ဝေ့ဝူယင်မှာ ကလေးယူပြီးသည်နှင့် အကောင်းဆုံး အဖေ တစ်ယောက် ဖြစ်လာမည် ဖြစ်ကြောင်း သေချာသိနေပေသည်။ ငွေရောင် မျက်ဝန်းများနှင့် ကောင်လေး၏ စိတ်ဓာတ်ကို သူမထက် ပို၍ မည်သူက သိနိုင်မည်နည်း။
"ကံပါလာမယ်ဆိုရင်တော့ အနာဂတ်မှာ ဖြစ်လာမှာပါ..."
ဝေ့ဝူယင်က ကုတင်ခေါင်းရင်းကို မှီရင်း ပြုံးပြလိုက်သည်။ သူ ငယ်စဉ်အခါက လှပသည့် ဇနီးမယားများစွာ ပိုင်ဆိုင်လိုပြီး နိုင်ငံအနှံ့ ကြီးမားသည့် စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ထူထောင်လိုခဲ့သည်။ ဤသည်မှာ သူ၏ ရှေးဦးအကျဆုံး အိပ်မက်များထဲမှ တစ်ခု ဖြစ်ပေသည်။ တစ်နေ့တွင် ဝေ့ကလန်ကို သူ ပြန်လည်၍ ထူထောင်ဖို့လည်း ဆန္ဒ ရှိသည်။
မေ့မေ့၏ မျက်ဝန်းများ တောက်ပသွား၏။ ၎င်းမှာ တိုက်ရိုက် သဘောတူသည် ဟူသော အဖြေမျိုး မဟုတ်သော်လည်း ငြင်းဆိုခြင်း လည်း မဟုတ်ပေ။
သူမက ခေါင်းညိတ်လိုက်၏။
"နင့်ဆီက ဒီလောက်ပဲ ငါလည်း မျှော်လင့်ထားတာပါ... ငါ မသေဘဲ ကလေးမွေးနိုင်မယ့် နည်းလမ်းကို ရှာဖို့ကတော့... နင့်လို လောကရှန့်ထို အဂ္ဂိရတ်ဆရာကြီးသာ သေချာပေါက် အားကြိုးမာန်တက် ကြိုးစားမယ် ဆိုရင် စီမံကိန်း တစ်ခုခုတော့ ရှိမှာပါ"
“ဒါပေါ့...”
ဝေ့ဝူယင်က ရယ်မောရင်း မျက်နှာကျက်ကို မော့ကြည့်လိုက်၏။
“ဒါပေမဲ့ အစ်မ သေသေချာချာ ကျင့်ကြံဖို့တော့ လိုလိမ့်မယ်... အကောင်းဆုံးက အစကနေ ပြန်စတာပဲ... စိတ်၊ ရုပ်၊ ဝိညာဉ် သုံးခုစလုံး မပြည့်စုံရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဒါနဲ့ စကားမစပ် နောက်တစ်ချီ ဆက်ဦးမလား”
"ရတာပေါ့... နှစ်ချီလောက် လုပ်ကြမယ်"
မေ့မေ့က ဝေ့ဝူယင်၏ အပေါ်သို့ ခုန်တက်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် အသစ်တစ်ဖန် ဖြစ်ပေါ်လာသည့် တပ်မက်မှုများ ရှိနေခဲ့သည်။
"ဟင့်အင်း... သုံးချီ..."
ဝေ့ဝူယင်က သူမ၏ ခါးကို ဆွဲဖက်လိုက်ရင်း လောက၏ သဘာဝ အကျဆုံးသော ခေါင်းအုံးနှစ်လုံးကြားသို့ သူ့ ခန္ဓာကိုယ်ကို တိုးဝင်လိုက်လေတော့သည်။
....
သူတို့ နှစ်ယောက် ဆုံးဖြတ်ချက်ကို နောက်မှသာ ချရန်၊ ကံပါလာမှသာ လုပ်ဆောင်ရန် သဘောတူခဲ့ကြသော်လည်း... အပြောကျယ်လှသော အချိန်မြစ်ကြီးအတွင်း၌ အခြားသော ဝေ့ဝူယင်နှင့် အခြားသော မေ့မေ့တို့မှာမူ အနည်းငယ် ကွဲပြားသော ဆုံးဖြတ်ချက်၊ အနည်းငယ် ကွဲပြားသော ရွေးချယ်မှုတို့နှင့် အတူ လုံးဝကို ကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့ကြလေသည်။
ထိုနေရာမှ ဝေ့ဝူယင်မှာ မေ့မေ့၏ အတွေးများကို မကန့်ကွက်ပဲ သဘောတူခဲ့သည်။
"ကျွန်တော့် ရင်သွေးလေးရဲ့ မိခင် ဖြစ်ပေးပါ မေ့မေ့... ကြယ်တာရာတွေရဲ့ အဝေးက ကမ္ဘာသစ် တစ်ခုဆီကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ... ဇနီးတစ်ယောက်အနေနဲ့ ကျွန်တော့်ဘေးမှာ ရှိပေးပါ”
ထိုဝေ့ဝူယင်မှာ အပျိုစင် မဟုတ်သည့် မိန်းကလေးများကို ဇနီးအဖြစ် မသတ်မှတ်လိုသည့် သူ့ အယူအဆဟောင်းကို ဖယ်ရှားခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူက မေ့မေ့ကို သူမ၏ နာမည်ဖြင့် ခေါ်ဆိုခဲ့သည်။ ထိုမေ့မေ့သည်လည်း စိတ်လှုပ်ရှားမှု၊ ချစ်မြတ်နိုးမှု၊ မျှော်လင့်ချက်များနှင့် အတူ မျက်ရည်များကြားမှပင် ခေါင်းညိတ်ခဲ့လေသည်။
...
ရှေးဟောင်း ချိပ်ပိတ်နယ်မြေအတွက်တော့ လွန်ခဲ့သည့် ရက်အနည်းငယ်မှာ အပြောင်းအလဲများစွာနှင့် အတူ ခေတ်သစ်တစ်ခုကို အုတ်မြစ်ချသည့် ဖြစ်ရပ်များဖြင့် ပြည့်နှက်နေခဲ့လေသည်။
အရင်ဆုံး ပြင်ပလောကမှ ကျူးကျော်သူများမှာ အင်အားအပြည့်ဖြင့် ကျူးကျော်ဝင်ရောက်လာကာ ဒေသခံများ၏ နေအိမ်များ၊ ဂြိုဟ်များ၊ လများနှင့် ကုန်းမြေတိုက်ကြီးများကို ရက်စက်စွာ လုယက်ဖျက်ဆီးခဲ့ကြသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်းအင်အားစုဖြစ်သော ထျန်းကလန်သည်ပင် အစွမ်းထက်ကျင့်ကြံသူများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း... နှစ်ပေါင်းနှစ်သောင်း တိုင်အောင် လှုပ်ရှားမှုမရှိခဲ့သည့် ထျန်းထိုက်ကျုံးမှာ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သူ၏ အစွမ်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ယခင် အထွတ်အထိပ်စံနှုန်းဖြစ်သော လောကရှန့်ထိုအဆင့်ထက် များစွာ သာလွန်နေကာ ကျူးကျော်သူများကို အပြတ်အသတ် နှိမ်နင်းပြခဲ့သည်။
သို့သော်လည်း... ထျန်းတိုက်ကျုံး၏ လွှမ်းမိုးမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင်ပင် အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ သူ့ မီးဖီးနစ်ကို စီးနင်းလျက် ရောက်ရှိလာကာ ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးကို အားစိုက်ထုတ်စရာပင် မလိုပဲ စကားလုံး အနည်းငယ်ဖြင့် အနိုင်ယူ ပြခဲ့သည်။
ထို့နောက် ကျူးကျော်သူများကို ခွေးမောင်း မောင်းထုတ်ခဲ့ကာ လောက တစ်ခုလုံးကို သိမ်းပိုက်လျက် ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာကြောင်း ကြေညာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်... အစစ်အမှန် မွေးဖွားခြင်း ကြယ်ကွင်းပြင်မှာ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းမှာ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ စနက်ကြောင့်ဟု လူအများက ယူဆကြသဖြင့် ထိုသေမျိုး အပေါ် ဂုဏ်သတင်းနှင့် ကိုးကွယ်ယုံကြည်မှုများမှာ မကြုံစဖူး မြင့်တက်လာခဲ့သည်။
‘အာရုဏ်ဦး ဖီဆန်ခေတ်...’
လူများမှာ ထိုအမည်နာမကို ကြွေးကြော်ကြသည်။ ပူဇော်ပသကြသည်။ အပြောင်းအလဲကို စိတ်နှလုံးအကြွင်းမဲ့ လက်ခံခဲ့ကြသည်။
ယခင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုဟု ကျော်ကြားခဲ့သည့် နေရာတစ်ခုလုံးမှာ ယခုအခါ အာရုဏ်ဦး၏ အရိပ် အာဝါသကို ခံယူပြီး အာရုဏ်ဦး ကြယ်ကွင်းပြင် အဖြစ် ပေါင်းစည်း သွားခဲ့သည်။ အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ကို ယခုအခါ အမွှာ မီးပြတိုက် နယ်မြေဟုသာ ခေါ်ဆိုကာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကိုတော့ နဂါးငွေ့တန်း နယ်မြေဟု ခေါ်ဆိုကြသည်။
ကြယ်ကွင်းပြင် အနှံ့အပြားရှိ အင်အားစုအသီးသီးမှာ ခေတ်အပြောင်းအလဲကို လိုက်လျောညီထွေပင် လက်ခံခဲ့ကြသည်။ အာရုဏ်ဦး အင်ပါယာ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ သဘောတူညီမှုများ ရရှိခဲ့ကြသည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း အပြတ်အသတ် ကျရှုံးပြီး၊ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အာရုဏ်ဦး ကြယ်ကွင်းပြင် အတွင်း ပေါင်းစည်းခဲ့သည်မှာ နှစ်ရက်တိတိ ကြာမြင့်ခဲ့ချေပြီ ဖြစ်သည်။ သို့သော်လည်း... မရေမတွက်နိုင်သည့် သေမျိုးများမှာ ယနေ့ထက်ထိ ဝမ်းသာ ပျော်ရွှင် နေကြဆဲ ဖြစ်သည်။
ဧကရီ လောင်းလျာ ရွှယ်ရီဖေး၏ ထက်မြက်လှသော လမ်းညွှန်မှုများကြောင့်ပင် အရှုပ်အထွေး အားလုံးကို လအနည်းငယ် အတွင်း လုံးဝ အပြီးသတ်နိုင်လိမ့်မည် ဖြစ်သည်။ ကျင့်ကြံသူများ၏ သက်တမ်းနှင့် ယှဉ်လျှင် ဤသည်မှာ အလွန့် အလွန် တိုတောင်းလှသော အချိန်ပင် ဖြစ်သည်။
ထိုအချိန်တွင် ဝေ့ဝူယင် တစ်ယောက်ကတော့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း လောကနယ်မြေကိုပင် ဖြန့်ကျက်ခြင်း မရှိပဲ မျက်လုံးများ မှိတ်လျက် လွင့်မျောနေခဲ့လေသည်။ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် တစ်ယောက် အနေဖြင့် သူ၏ ဝင်သက်ထွက်သက်တိုင်းမှာ အပျက်အစီး မန်နာနှင့် အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်များကို စုပ်ယူနေကာ ခန္ဓာကိုယ် အတွက် အာဟာရ အဖြစ် ပြောင်းလဲ ပေးနေခဲ့လေသည်။
သေမျိုး ကျင့်ကြံသူ တစ်ဦးအနေဖြင့် လောကနယ်မြေကို ထုတ်လွှတ်ခြင်း မပြုပဲ အမှောင် ဟင်းလင်းပြင် အတွင်း အသားလွတ် ရပ်တည် နေထိုင်နိုင်ခြင်းမှာ မယုံနိုင်စရာ ဖြစ်သဖြင့် အတိတ်မှာတုန်းက လူအများစုက ဝေ့ဝူယင်ကို လျှို့ဝှက် အာဏာရှင် တစ်ယောက် ဟု မှားယွင်း ယူဆခဲ့ကြဖူးသည်။
အချို့မှာမူ သူ၏ ခန့်ညား ထည်ဝါမှုနှင့် ထူးကဲလှသော ဂုဏ်သတင်းများကြောင့်ပင် ဤအချက်ကို သတိမပြုမိဘဲ ကျော်သွားခဲ့ကြသည်။
ဧဒင် ရုတ်တရက် အဆင့်တက်သွားပြီးနောက် ဝေ့ဝူယင်မှာ အမှောင်ဟင်းလင်းပြင်ထဲတွင် သီးသန့် လွင့်မြောရင်း မိမိ၏ အခြေအနေကို ပြန်လည် ဆင်ခြင်ခဲ့သည်။ ထိုအတောအတွင်း တစ်သက်တာ ဖြတ်သန်းခဲ့သမျှကို ပြန်လည် သုံးသပ်ခဲ့သည်။ ရှေ့ဆက်ရမည့် ကျင့်ကြံဖို့ အစီအစဉ်များကို ချမှတ်ခဲ့သည်။ နည်လမ်း တစ်နည်းအားဖြင့် လက်ရှိတွင် သူက သီးသန့် တံခါးပိတ် ကျင့်ကြံနေခြင်းမျိုးပင်။
နှစ်ရက်တိတိ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြန်လည် ပွင့်လာခဲ့၏။ သူ အာရုဏ်ဦး ကြယ်တာရာ နယ်မြေဘက်သို့ လှမ်းကြည့်လိုက်ရာ အိပ်ပျော်နေသည့် မေ့မေ့ကို တွေ့လိုက်ရသည်။ ဘာကြောင့်မှန်း မသိ... မေ့မေ့နှင့် မျက်နှာညီစုံညီ တွေ့ကာ အတိတ်မှ သင်ပုန်းများကို ချေလိုက်ပြီး နောက်တွင် ဝေ့ဝူယင် စိတ်လက် ပေါ့ပါးသွားသလို ခံစားနေရသည်။
သူသည် ဝူယုထံသို့ အချက်ပြ ဆက်သွယ်လိုက်၏။
လျူယင်လန်းအား ကိုင်တွယ်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
***