← Chapters

လောကရှန့်ထို သုံးဦး၏ ကံကြမ္မာ

Vol. 131 Ch. 1833

လောကရှန့်ထို သုံးဦး၏ ကံကြမ္မာ

Vol. 131 Ch. 1833

"ငါတို့ ဒီမှာ ဘယ်လောက်ကြာကြာ ပိတ်မိနေဦးမှာလဲ"

ဟူမေဖန်းသည် ကောင်းကင်ယံကို စိုက်ကြည့်ရင်း ခါးထောက်ကာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ရိုးရှင်းသော်လည်း ခါးထောက်ထားသည့် ဟန်ပန်ကြောင့် ရင်သပ် ရှုမောဖွယ် ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသည်။ ရင့်ကျက် တည်ငြိမ်သည့် ပညာရှိ ဆန်ဆန် ပုံသဏ္ဌာန်နှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ ဒေါသထွက်နေသာ အမူအရာမှာပင် မြင်သူတကာ ငေးမောဖွယ် ဖြစ်နေတော့သည်။

သူတို့ သုံးယောက် ဤအင်ပါယာကောင်းကင်ဂြိုဟ်ပေါ်တွင် ပိတ်မိနေသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ဟူမေဖန်းမှာ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမ၏ စိတ်ဓာတ်တို့မှာ တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာရ၏။

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ထိပ်သီး လောကရှန့်ထို တစ်ယောက် အနေဖြင့် ယခုလို အတင်းအကြပ် အကျဉ်းချခံနေရသည့် အဖြစ်မျိုး သူမ၏ အသက်နှင့် တစ်ကိုယ် မကြုံတွေ့ဖူးပါချေ။

ကျန်းကျဲဝူရှုကတော့ တိတ်ဆိတ်စွာပင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ ပေါင်ပေါ်တွင် ဖြန့်ခင်းထားသည့် ပုရပိုက် စာလိပ်ကို အာရုံစိုက်နေခဲ့၏။

ထိုစာလိပ်ပေါ်ရှိ လျှို့ဝှက် သင်္ကေတလေးများမှာ ထူးခြားသော အလင်းတန်းများနှင့် တလက်လက် တောက်ပနေခဲ့၏။ သူမက လက်ထိပ် အဖျားလေးများဖြင့် စာကြောင်းတစ်ကြောင်းချင်းစီကို ထိတွေ့ကာ အလွန် ဂရုတစိုက် ဖတ်ရှုနေသည်။ သူမ၏ အမူအရာက မည်သည့် စိုးရိမ်ပူပန်မှု အရိပ်အယောင်မျှ မရှိဘဲ အေးဆေးတည်ငြိမ်နေလေ၏။

သူတို့နှင့် ပေရာဂဏန်းခန့် အကွာတွင်မူ ပုံရိပ်တစ်ခုမှာ ဖြူရော်နေသည့် မျက်နှာထားဖြင့် အသက်ပြင်းပြင်း ရှူနေရသည်။ သူမ၏ အသက်ရှူသံများက မမှန်တော့သလို သူမ၏ အော်ရာမှာလည်း ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ခတ် နေခဲံသည်။

အကယ်၍ အနီးကပ် စစ်ဆေးကြည့်မည်ဆိုပါက သူမ၏ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက်စွမ်းအားများမှာ လုံးဝ ခမ်းခြောက်လုနီးပါး ဖြစ်နေပြီး ရုပ်ခန္ဓာ အင်အားများမှာလည်း အလွန်အမင်း နည်းပါးနေသည်ကို တွေ့ရပေလိမ့်မည်။

သူမက လျူယင်လန်းပင် ဖြစ်လေတော့သည်။

တောင်တန်းကို လွှမ်းခြုံထားသည့် စွမ်းအင်များမှာ အလွန်ပင် ခိုင်မာလွန်းလှသဖြင့် ဖောက်ထွင်းဖို့ မဖြစ်နိုင်ကြောင်း ကျန်းကျဲဝူရှုက ဝန်ခံခဲ့ပြီး နောက်တွင် လျူယင်လန်းမှာ လုံးဝ ရူးသွပ်သွားခဲ့သည်။ သူမက အာကာသ ကျင့်စဉ်များကို အသုံးပြု၍ တောင်ကို အတင်းအဓမ္မ ဖောက်ထွင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ပထမတွင် သူမ အောင်မြင်ခဲ့သည်။

သို့သော်လည်း ကံဆိုးစွာပင်... ထျန်းတိုက်ကျုံး ၏ အင်ပါယာစွမ်းအားကို ဖောက်ထွက်ပြီးချိန်၌ ထိုထက် ပိုမို ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလှသော နောက်ထပ် စွမ်းအားအလွှာတစ်ခုနှင့် သူမ ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ထိုစွမ်းအားမှာ အစစ်အမှန် အင်ပါယာ ဥပဒေသ အော်ရာ ဖြစ်ပြီး အာကာသနှင့် အချိန်ဆိုင်ရာ ဥပဒေသ ကန့်သတ်ချက်များကြောင့် သူမ၏ စွမ်းအားများမှာ သိသိသာသာ လျော့ပါးသွားရသည်။ ထို့နောက်တွင်တော့... သူမ မည်မျှပင် ကြိုးစားစေကာမူ အရာမထင်ဘဲ အရှုံးနှင့်သာ အဆုံးသတ်ခဲ့ရလေသည်။

ကျန်းကျဲဝူရှုကတော့ ထိုဥပဒေသအော်ရာကို ဖောက်ထွင်းဖို့ အတွက် မည်သည့် ကြိုးစားမှုကိုမှ မပြုလုပ်ခဲ့ပါချေ။ သူမ၏ အမြင်တွင် ထိုသို့ကြိုးစားနေခြင်းမှာ အပိုသာ ဖြစ်သည်။

လက်သည်က ထျန်းတိုက်ကျုံး ဖြစ်စေ၊ အခြားသူ တစ်ဦး ဖြစ်စေ သူတို့အားလုံးကို မလွတ်စတမ်း ဖမ်းဆီးနိုင်ထားနိုင်သည့် ကွန်ရက်ကြီးတစ်ခုအတွင်းသို့ ဆွဲသွင်းလိုက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မ၍ လွတ်မြောက်သွားခဲ့လျှင်ပင် ပြင်ပလောကရှိ အခြေအနေကို စုနန်ကျူး၊ ကျန့်ယန် နှင့် အခြားလူများ မဖြေရှင်းနိုင်ပါက သူတို့၏ ကံကြမ္မာမှာ သုံ့ပန်းဘဝဖြင့်သာ အဆုံးသတ်ပေလိမ့်မည်။

ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှာ ယခုအခါ သူတို့အတွက် အမှန်တကယ်ပင် လှောင်အိမ်ကြီးတစ်ခု ဖြစ်နေချေပြီ ဖြစ်သည်။

သူတို့ မည်သည့်နေရာကို ပြေးနိုင်မည်နည်း။ မည်သည့် နေရာတွင် ပုန်းနိုင်မည်နည်း။

ထို့အပြင် တောင်တန်းကို ပိတ်ဆို့ထားသည့် စွမ်းအားမှာလည်း သာမန်အဆင့် မဟုတ်ပဲ လောက သုံးထောင်နှင့် ပဲ့တင်ထပ်နေသည့် အစစ်အမှန် ဥပဒေသ စွမ်းအားများ ဖြစ်နေခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံထံမှ တိုက်ရိုက် ဆင်းသက်လာသည့် မချိုးဖောက်နိုင်သော စွမ်းအားများပင် ဖြစ်သည်။

ကျန်းကျဲဝူရှုမှာ အမြဲတစေ လက်တွေ့ဆန်သူ ဖြစ်သည်။ အကယ်၍ ထျန်းတိုက်ကျုံးသာ သူတို့ သုံးဦးကို ပိတ်လှောင်ထားသည့် ဤထောင်ချောက်၏ နောက်ကွယ်က လူဆိုလျှင် သူမတို့ အသက်ရှင်သန်ဖို့ အခွင့်အလမ်းမှာ များစွာ မသေချာတော့ပေ။

ပင်ကိုယ်စရိုက်အရ ကျန်းကျဲဝူရှုမှာ လိုအပ်လျှင်... သူမ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ပင် အသက်ရှင်လမ်းကို ရှာဖွေဖို့ ဝန်လေးလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ရှက်ရွံ့ စက်ဆုပ်ဖွယ် ကောင်းသော်လည်း သူမ ဆက်လက် ရှင်သန်ချင်သေးသည်။

မည်သူက အသေခံလိုပါမည်နည်း။

သူမက လောကရှန့်ထို တစ်ဦးဖြစ်သည်။ ငယ်ရွယ်သူ တစ်ယောက် မဟုတ်သော်လည်း အိုမင်းခြင်းလည်း မရှိသေးချေ။ သူမထံတွင် နောင်လာမည့် နှစ်ပေါင်းသောင်းချီတိုင်အောင် ရှင်သန်နိုင်သည့် စွမ်းအားများ ရှိနေသေးသည်။ အကယ်၍ သူမသာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ပါက ပိုမို ထူးခြားသည့် အခွင့်အလမ်းများနှင့်ပင် ကြုံတွေ့ရနိုင်ပေသည်။

သို့သော်လည်း... သူမ၏ ကျန်းကျန်မျိုးနွယ်နှင့် ထျန်းတိုက်ကျုံး တို့ကြားရှိ ရန်ငြိုးကြောင့်လည်းကောင်း၊ ထိုပုဂ္ဂိုလ်၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့်လည်းကောင်း အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ သနားညှာတာတတ်သူ၊ လာဘ်ထိုး၍ ရမည့်သူမျိုး မဟုတ်ကြောင်း ကျန်းကျဲဝူရှု သိနေခဲ့သည်။

အကယ်၍ အခြားသူသာ ဖြစ်ခဲ့ပါက သူမ အတွက် အခွင့်အလမ်းများ ရှိနိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ... သူမက သေမှာကို သည်အတိုင်း ထိုင်စောင့်နေမည့်လူ တစ်ယောက် မဟုတ်သလို လျူယင်လန်းလိုလည်း အကျိုးမရှိပဲ ခွန်အားများ ကုန်သည် အထိ ဖြုန်းတီးမည့်လူမျိုး မဟုတ်ပါချေ။

“ဟေး...”

ရုတ်တရက်.. ဟူမေဖန်း၏ အော်ဟစ်သံကြောင့် ကျန်းကျဲဝူရှု လှည့်ကြည့်လိုက်မိ၏။ မိန်းကလေးမှာ ကောင်းကင်သို့ မော့ကြည့်ရင်း အော်ဟစ်နေကာ သူတို့အား ဖမ်းဆီးထားသူ၏ အာရုံကို ဆွဲဆောင်ဖို့ ကြိုးပမ်း နေခြင်းပင်။

ဟူမေဖန်း၏ ရိုင်းစိုင်းသော အမူအရာကြောင့် ကျန်းကျဲဝူရှု မျက်မှောင်ကြုတ်မိသွား၏။ နှစ်ပေါင်း နှစ်သောင်း တိုင်အောင် ချုပ်နှောင်ခံထားရသည့် ညီအစ်မ ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံလိုသည့် လျူယင်လန်း၏ စိတ်လောကြီးမှုကို သူမ နားလည်သော်လည်း၊ ဟူမေဖန်း၏ အပြုအမူကတော့ အလိုလိုက်ခံထားရသည့် ကလေးငယ် တစ်ယောက် ကဲ့သို့ ပေါချာချာ နိုင်လှသည်။

"ဟေး... ဟေး..."

ဟူမေဖန်းမှာ ကောင်းကင်သို့ မော့ကြည့်ကာ အဆက်မပြတ် အော်ဟစ်နေဆဲ ဖြစ်သည်။ ကျန်းကျိရီက သူမကို လျစ်လျူရှုကာ အသက်ပြင်းပြင်း ရှူနေရသည့် လျူယင်လန်းကို ကြည့်လိုက်၏။

လျူယင်လန်းမှာ ပတ်ဝန်းကျင်ရှိ အမတေများနှင့် စွမ်းအားများကို စုပ်ယူရန် ကြိုးစားနေသော်လည်း လေထုထဲရှိ အင်ပါယာ အော်ရာများက သူမ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်အောင် တားဆီးထားလေသည်။

ထို့အပြင် ထူးခြားသည့် စွမ်းအား၏ ပိတ်ဆို့မှုကြောင့် သူတို့၏ အဆောင်များနှင့် အသက်ကယ် ရတနာများကိုပင် အသုံးပြု၍ မရတော့ပေ။

ကျန်းကျဲဝူရှုမှာ ဤအဖြစ်အပျက်မှ သင်ခန်းစာ ကောင်းကောင်း ရလိုက်သည်။ နောက်တစ်ကြိမ် အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည် ဆိုပါက သူမ အသက်ကယ် ကိရိယာများကို ဘယ်တော့မှ အတွင်းပိုင်း ကမ္ဘာထဲတွင် ထည့်သွင်းထားတော့မည် မဟုတ်ချေ။

"တစ်ပတ်တောင် ရှိတော့မယ်..."

ဟူမေဖန်းက နှုတ်ခမ်းဆူကာ ပြောလိုက်၏။

"နင် ဘာလို့ အမောခံပြီး အော်နေတာလဲ"

လျူယင်လန်း၏ ပါးစပ်မှ ခက်ထန်သော အသံ ထွက်ပေါ်လာသည်။

"ကျားယန်က လာကယ်မယ်လို့ ထင်နေတာလား..."

လျူယင်လန်း၏ စိတ်ရှည်နိုင်စွမ်းမှာ ကုန်ဆုံးနေပြီ ဖြစ်သည်။ နှစ်ပေါင်း နှစ်သောင်းကြာ အကျဉ်းချခံထားရသည့် ညီအစ်မ ဖြစ်သူနှင့် အလွန် နီးကပ်နေပြီ ဖြစ်သော်လည်း လက်လှမ်းမမီနိုင်သည့် အခြေအနေက ခံရ ခက်လွန်းလှသည်။ သူမ ထျန်းတိုက်ကျုံး ကို နည်းမျိုးစုံဖြင့် ကျိန်ဆဲရင်း မျက်ရည်ကို အတင်းအဓမ္မ ထိန်းထားရ၏။

လျူယင်လန်း စိတ်ထဲတွင် နောင်တရ နေမိ၏။ တကယ်ဆိုလျှင် သူမ စောင့်ဆိုင်းခဲ့သင့်သည်။

“အား...”

လျူယင်လန်း စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အားကုန်အော်ဟစ်လိုက်မိ၏။ ထိုကဲ့သို့ အော်ဟစ်လိုက်ခြင်းနှင့် အတူ သူမ ထိန်းထားသမျှ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။ သူမထံတွင် မျက်ရည်များကို သုတ်ရန်ပင် အားအင်မရှိတော့ပေ။

နှစ်ပေါင်းနှစ်သောင်းတိုင်အောင် သူမ ကြိုးစားခဲ့သမျှ၊ ပေးဆပ်ခဲ့သမျှ၊ နာကျင်စွာ ဆုံးဖြတ်ခဲ့သမျှ အရာအားလုံး၏ ရလဒ်မှာ ဤကဲ့သို့လော။

"..."

ဟူမေဖန်းနှင့် ကျန်းကျဲဝူရှု အံ့အားသင့်သွားကြသည်။ လောကရှန့်ထို တစ်ဦး ကိုယ်ပိုင် ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ငိုကြွေးနေသည်ကို ကြည့်ရင်း သူတို့ မယုံနိုင်အောင် ဖြစ်နေကြရသည်။ လျူယင်လန်း တစ်ယောက် သူမ၏ ညီအစ်မ ဖြစ်သူကို ကယ်တင်ရန် မည်မျှအထိ ပေးဆပ်ခဲ့ရသည်ကို သူတို့ ကောင်းစွာ နားမလည်နိုင်ကြပေ။

သူတို့ သိထားသမျှမှာ လျူယင်လန်မှာ အလောသုံးဆယ်နှင့် အာကာသ ဝေဟင်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်များတုန်းက သူမသည် မိသားစုကို စွန့်ခွာခဲ့ပြီး လျူကလန်မှာလည်း အင်ပါယာမျိုးနွယ်စု၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ သူမ၏ ပေးဆပ်မှုကြောင့်သာ လျူကလန်၏ ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေသည်။

"တောင်းပန်ပါတယ်..."

လျူယင်လန်းက တရှုံ့ရှုံ့ ငိုရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ရှေ့ဆက်ရမည့် လမ်းကြောင်းများအားလုံး ပြိုလဲပျက်စီးသွားသည့်အခါ ခွန်အားနှင့် အဆင့်အတန်းတို့က မည်သို့ပင်ရှိစေကာမူ ကျင့်ကြံသူ တစ်ဦး၏ အတွင်းစိတ်အခံမှာ သာမန်လူသားတစ်ဦးသာ ဖြစ်ကြောင်း ထင်ရှားလာစမြဲပင်။

လျူယင်လန်းမှာ မိန်းမသားတစ်ဦးဖြစ်သလို၊ မိခင်တစ်ဦးလည်း ဖြစ်သည်။ လူသားတစ်ဦးလည်း ဖြစ်သည်။ သူမ တတ်နိုင်သမျှ နည်းလမ်းမှန်သမျှ အကုန်သုံးခဲ့သည့်တိုင် နောက်ဆုံး၌ ကျရှုံးသွားခဲ့ရလေရာ သူမ မည်သို့လျှင် မငိုဘဲ နေနိုင်ပါမည်နည်း။

မအောင်မြင်တော့ဘူးဆိုသည့် အတွေး၊ ထျန်းတိုက်ကျုံး ၏ ဖမ်းဆီးညှဉ်းပန်းမှုကို ခံရတော့မည်ဆိုသည့် အသိတို့က သူမ၏ ဝိညာဉ်ကို တဖြည်းဖြည်း ဝါးမြိုသွားကာ ကြံ့ခိုင်လှပါသည် ဆိုသော စိတ်ဓာတ် မဟာတံတိုင်းကြီး တစ်ခုလုံးမှာလည်း အရည်ပျော်ကာ ကျဆင်းသွားခဲ့တော့သည်။

ဟူမေဖန်းမှာလည်း ရင်ထဲ၌ နာကျင်လာရ၏။ သူမ ဆက်လက်၍ မအောင့်အီးနိုင်တော့ဘဲ ကောင်းကင်ယံကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။

"ရှင်က ဝေ့ဝူယင် လို့ ပြောခဲ့တယ်မဟုတ်လား... ထျန်းတိုက်ကျုံးကို ရှင် ကိုင်တွယ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား... ရှင် ဒီနားမှာ ရှိနေမှန်း ကျွန်မ သိတယ်..."

"..."

***

All Chapters