နှစ်ကိုယ်ကြား တာအို ဆွေးနွေးမယ် တဲ့
Vol. 131 Ch. 1834
"ရှင်က ဝေ့ဝူယင် လို့ ပြောခဲ့တယ်မဟုတ်လား... ထျန်းတိုက်ကျုံးကို ရှင် ကိုင်တွယ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား... ရှင် ဒီနားမှာ ရှိနေမှန်း ကျွန်မ သိတယ်..."
“...”
ဟူမေဖန်၏ ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် အော်ဟစ်သံကြောင့် ကျန်းကျဲဝူရှုနှင့် လျူယင်လန်တို့ နှစ်ဦးသား မှင်သက်သွားကြပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။
ဟူမေဖန်း၏ အသက်ရှူသံများက မြန်ဆန်လာကာ ကျန်းကျိရီကို တစ်လှည့်၊ လျူယင်လန်းကို တစ်လှည့် ကြည့်လိုက်သည်။ နောက်ဆုံး၌ သူမက ကျန်းကျဲဝူရှုကိုသာ စိုက်ကြည့်ကာ ရှင်းပြလိုက်၏။
"သူ အဲဒီတုန်းက ဒီမှာ ရှိနေခဲ့တာ... သူ့ကိုယ်သူ ဝေ့ဝူယင်လို့လည်း ပြောတယ်... ကျွန်မကို ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေ တဲ့... သူ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောစေချင်ဘူး... သူ ထျန်းတိုက်ကျုံး ကို ရှင်းထုတ်ပြီးမှ ကျွန်မဆီ ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်"
ဟူမေဖန်း၏ စကားကြောင့် ကျန်းကျဲဝူရှုပင် ထိုင်နေရာမှ ထရပ်လိုက်မိ၏။
"ဝေ့ဝူယင်က အဲဒီလို ပြောခဲ့တာလား"
သူတို့ သိထားသလောက် ဝေ့ဝူယင်မှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည့် သေမျိုး တစ်ဦး ဖြစ်သည်။ အသက်တစ်ရာ မပြည့်ခင်မှာပင် လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်နေခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်က ဂြိုဟ်တစ်ခုကို ဖျက်ဆီးလိုက်သည်ဆိုသကဲ့သို့ မယုံနိုင်စရာ ကောင်းသော်လည်း ထိုလူငယ်၏ ထူးခြားလှသော အရည်အချင်းများကြောင့် ကျန်းကျဲဝူရှု အနေဖြင့် ယုံကြည်ချင်စိတ် ဖြစ်ပေါ်နေမိသည်။
အပြင်လောကရှိ လောကရှန့်ထိုများနှင့် ခြားနားစွာပင် ဤမိန်းကလေး သုံးဦးမှာ ဝေ့ဝူယင်၏ ဒဏ္ဍာရီများကို အကုန်အစင် မသိကြသေးချေ။ သူတို့၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သည်။ သို့သော် ဟူမေဖန်းမှာမူ မည်သည့်သံသယမျှ မရှိတော့ပေ။
သူမ၏ ကျင့်ကြံခြင်း အခြေခံဖြင့်ပင် ထိုအချိန်က ဝေ့ဝူယင် အနားမှာ ရှိနေသည်ကို လုံးဝ မရိပ်မိခဲ့သလို၊ ကျန်နှစ်ယောက် မကြားအောင် သူမကို စကားပြောသွားနိုင်ခဲ့သည် မဟုတ်ပါလား။
သာမန် သေမျိုး တစ်ယောက်က ထိုသို့ ပြုလုပ်နိုင်ပါမည်လော။
သူမ၏ အမြင်တွင် ဝေ့ဝူယင် မှာ အသွင်ပြောင်းထားသည့် လျှို့ဝှက် အာဏာရှင် တစ်ဦးသာ ဖြစ်ပေလိမ့်မည်။ သူက အမှန်တကယ်ပင် လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် ဖြစ်နိုင်သလို၊ နတ်ဘုရား တမျှ ချောမောလှသည့် ရုပ်ရည်နှင့် ပွင့်လင်းပြတ်သားမှုတို့ကြောင့်လည်း အလိုလိုပင် ယုံကြည်ချင် နေမိသည်။
မိန်းကလေးမှာ မိုက်မဲသူ တစ်ယောက် မဟုတ်ချေ။ အကယ်၍ ထျန်းတိုက်ကျုံးသာ အနိုင်ရသွားပါက သူတို့အားလုံး သေရမည်မှာ အမှန်ပင်။ လျူယင်လန်း၏ ကြိုးပမ်းမှုမှာလည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်ရာ သူမအနေနှင့် ဝေ့ဝူယင် ကိုသာ လုံးလုံးလျားလျား ယုံကြည်ကိုးစားရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်... သူ ပြောခဲ့တာ"
ဟူမေဖန်းက ကျန်းကျဲဝူရှုကို ခေါင်းညိတ်ပြလိုက်၏။
"နောက်ထပ် သူ ဘာပြောသေးလဲ"
ကျန်းကျဲဝူရှုက တစ်ခုခု ကျန်နေသေးသည်ဟု ထင်သဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
"သူ... သူ ပြောတာက..."
ဟူမေဖန်းမှာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် အားလုံးကို ထုတ်ပြောလိုက်တော့သည်။
"ကိစ္စတွေ အားလုံး ပြီးသွားရင် ကျွန်မကို နှစ်ကိုယ်ကြား တာအို ဆွေးနွေးပွဲ တစ်ခုအတွက် ဖိတ်ခေါ်မယ်လို့ ပြောတယ်"
"..."
ကျန်းကျဲဝူရှု၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွား ခဲ့၏။ နှစ်ကိုယ်ကြား တာအို ဆွေးနွေးပွဲ ဆိုသည်မှာ အဇူရာ မူလ ဂလက်ဆီ နယ်မြေတွင် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို ဆိုလိုသည့် ယဉ်ကျေးသော အသုံးအနှုန်း တစ်ခု ဖြစ်သည်။
သူမ ဟူမေဖန်း၏ ဆွဲဆောင်မှုရှိလှသည့် ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။ ထျန်းတိုက်ကျုံး လက်ထဲ ကျရောက်မည့်အစား ဤသို့ ဖြစ်ရခြင်းကပင် ပို၍ တော်သေးသည်ဟု သူမ တွေးမိလိုက်သည်။
ထိုအချိန်တွင် ဝေ့ဝူယင်မှာ ကောင်းကင်ယံထက်ရှိ အမြင့်ပေ ရာဂဏန်းခန့်တွင် ဟင်းလင်းပြင် ပုံရိပ်ယောင် အဖြစ်ဖြင့် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ ဟူမေဖန်း၏ ပွင့်ပွင့်လင်းလင်း ဝန်ခံမှုကို ကြားလိုက်ရသော အခါတွင်တော့ သူ စိတ်ထဲမှ ညည်းတွားလိုက်မိ၏။ ထိုအမျိုးသမီးက သူ ပြောခဲ့သည့် စကားကို ယခုလို ထုတ်ပြောလိမ့်မည်ဟု လုံးဝ ထင် မထားခဲ့ပေ။
ရုတ်တရက် သူ ခေါင်းကို အနည်းငယ် မော့ကာ ကောင်းကင်ယံထက်သို့ ကြည့်လိုက်၏။ ထို့နောက် သူ၏ ပုံရိပ်ယောင်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့၏။
ခရက်...
စက္ကန့်မခြားပင် ကောင်းကင်ယံထက်၌ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်ပေါက်လာ၏။ ထိုတံခါးဝမှနေ၍ လူတစ်ယောက် အေးဆေးတည်ငြိမ်စွာပင် လှမ်းထွက်လာလေတော့သည်။
...
ဟူး... ဟူး...
ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည့် လူငယ်၏ ပုံရိပ်ကို မိန်းကလေး သုံးဦးစလုံး မှတ်မိလိုက်ကြသည်။
လူငယ်မှာ တန်ခိုးရှင် တစ်ဦးကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားသလို ဓားသူရဲကောင်း တစ်ဦး၏ ရဲရင့်မှု၊ ဧကရာဇ်တစ်ဦး၏ ဂုဏ်သိက္ခာ၊ သိုင်းပညာရှင်တစ်ဦး၏ တည်ကြည်မှုနှင့် ဆေးလုံးရနံ့များ သင်းပျံ့နေသော အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အသိဉာဏ်တို့ စုပေါင်းထားသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။
ထိုမျှမက ပြိုင်ဘက်ကင်းလှသော သူ၏ ရုပ်ရည်သွင်ပြင်မှာလည်း ကြည့်ရှုသူတိုင်းအား မှင်သက် သွားစေနိုင်၏။
"သူ လာပြီ..."
ဟူမေဖန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူမက ဆယ်ကျော်သက် မိန်းကလေး တစ်ယောက် မဟုတ်ပဲ နှစ်ပေါင်းသောင်းချီ အသက် ရှင်သန်လာခဲ့သည့် လောကရှန့်ထို တစ်ဦး ဖြစ်သည်။ ငွေလ စာကြည့်တိုက်မှူး တစ်ဦးအနေနှင့်လည်း လုံလောက်သည့် အသိပညာနှင့် ဉာဏ်ပညာတို့ ရှိသူဖြစ်သည်။
သို့သော်လည်း စွမ်းအားနှင့် အဆင့်အတန်းများ မည်သို့ပင်ရှိစေကာမူ... မလွဲမသွေ သေရတော့မည်ဟူသော အသိကြီး လွင့်ပျယ်သွားသည့်အခါ... မည်သူက ထိုကဲ့သို့ အခြေအနေမျိုးတွင် စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။
တစ်ချိန်တည်း၌ ကျန်းကျဲဝူရှု၏ မျက်လုံးများမှာ အသိဉာဏ် အလင်းတန်းများဖြင့် တောက်ပနေ၏။ ဝေ့ဝူယင်မှာလည်း ကောင်းကင်မှ ဆင်းသက်လာနေစဉ် သူ့ ငွေရောင်မျက်ဝန်းများ အတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဧဒင် နန်းတော် အတွင်းရှိ ပညာရှိ မြူခိုးများမှာလည်း တလက်လက် တောက်ပသွားခဲ့သည်။
ပညာရှိ တစ်ဦးမှာ မိုင်ပေါင်း ထောင်ချီ ခရီးနှင်ရင်း လမ်းခုလတ်၌ အခြား ပညာရှိ တစ်ဦးနှင့် ဆုံတွေ့ကြသည် ဆိုပါစို့...။ အဆိုပါ ပညာရှိ နှစ်ဦးမှာ အကြည့် တစ်ချက်မှာပင် သူတို့ဖတ်ရှုခဲ့ဖူးသော စာအုပ်ပေါင်း ထောင်ချီ၏ အတွေ့အကြုံများကို ထင်ဟပ်စေနိုင်သည်။ ထိုသို့သော အခွင့်အလမ်းမျိုး ကြုံကြိုက်ရခြင်းမှာ ပညာရှိများအဖို့ အလွန်ပင် တန်ဖိုးရှိလှပေသည်။
ဤသည်မှာ အဇူရာ မူလ ဂလက်ဆီ နယ်မြေ၏ 'စာအုပ်ထောင်ချီနှင့် ခရီးမိုင်ထောင်ချီ' အမည်ရှိ စာအုပ်တွင် ရေးသားထားသည့် အစစ်အမှန် ပညာရှိမြူခိုးများ၏ အပြန်အလှန် တုံ့ပြန်မှုပင် ဖြစ်သည်။
ကျန်းကျဲဝူရှုမှာ ဝေ့ဝူယင်ကို ကြည့်ကာ ပိုမို၍ပင် တည်ငြိမ်လာခဲ့သည်။ ယခင်က အဆုံးမဲ့ ခရီးသွား နယ်မြေ စာကြည့်တိုက်တွင် ဆုံတွေ့ခဲ့ဖူးသော ဝေ့ဝူယင် နှင့် ယခုတစ်ယောက်မှာ တစ်ဦးတည်းဖြစ်ကြောင်းကိုလည်း သူမ အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း... သေမျိုးတစ်ဦးက အစစ်အမှန် ပညာရှိမြူခိုးများအား ပိုင်ဆိုင်ထားခြင်းမှာ သူမကို အံ့အားသင့်စေဆဲ ဖြစ်သည်။
တစ်ချိန်တည်း၌... လျူယင်လန်၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခါ နေခဲ့၏။ ကောင်းကင်မှ ဆင်းသက်လာသော ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ရှိ မန်နာများကို သူ့ အမိန့်အား နာခံနေသကဲ့သို့ စေခိုင်းနိုင်ပြီး ငွေရောင် မျက်ဝန်းများမှာလည်း လ၏ အလင်းရောင်ကဲ့သို့ အေးချမ်းစွာ လှပနေသည်။
သေမျိုး တစ်ယောက်က မည်သည့် ကတိသစ္စာကိုမျှ မပြုလုပ်ဘဲ အာကာသ ဝေဟင်ဂိုဏ်းမှ ထွက်ခွာသွားနိုင်ခဲ့ခြင်းမှာ လောကရှန့်ထို များအတွက် ယခုတိုင် လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေဆဲပင်။
ထို့အပြင် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း သူ၏ ဂုဏ်သတင်းမှာလည်း တဟုန်ထိုး မြင့်တက်နေကာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အဖြစ်ပင် နာမည်ကြီးနေသည်။ အသက်တစ်ရာပင် မပြည့်သေးသည့် သေမျိုး တစ်ဦးအနေနှင့် ဤကဲ့သို့ စွမ်းဆောင်နိုင်ခြင်းမှာ အံ့မခန်းဖွယ်ရာပင်။
ထိုထက် ပိုမို၍ အရေးကြီးသည့် အရာက ဝေ့ဝူယင် ထျန်းတိုက်ကျုံး၏ အင်ပါယာ နယ်မြေ အထူးသဖြင့် အင်ပါယာ ကောင်းကင် တရား စီရင်ရေးတောင်ထဲကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ သူမ သိရှိထားသလောက် ထျန်းတိုက်ကျုံး၏ ဗီဇ အရဆိုလျှင် ထိုကဲ့သို့ ခွင့်ပြုရန် ဘယ်တော့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ရုတ်တရက် စောစောက ဟူမေဖန် ပြောခဲ့သည့် စကားလုံးများကို သူမ ပြန်လည် ကြားယောင် လာမိခဲ့၏။
"သူ အဲဒီတုန်းက ဒီမှာ ရှိနေခဲ့တာ... သူ့ကိုယ်သူ ဝေ့ဝူယင်လို့လည်း ပြောတယ်... ကျွန်မကို ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေ တဲ့... သူ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောစေချင်ဘူး... သူ ထျန်းတိုက်ကျုံး ကို ရှင်းထုတ်ပြီးမှ ကျွန်မဆီ ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်"
ဤသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေက...။
သူမ၏ မျက်ရည်စများမှာ ခြောက်သွေ့သွားခဲ့ပြီး မည်သည့်နေရာမှ ရလာမှန်းမသိသည့် အားအင်များဖြင့် ခန္ဓာကိုယ်ကို ပြန်လည် မတ်လိုက်တော့သည်။
***