နေကောင်းလား... စီနီယာ အမ
Vol. 131 Ch. 1823
သခင်လေးရှန့်နှင့် အဘိုးအိုတို့မှာ ကြယ်ကိုးပွင့် ရှန့်ထို နန်းတော်၏ အထူးဧည့်သည်တော်များအဖြစ် ဧည့်ခံခြင်း ခံနေရသည်။ ချောင်ချောင်က သူတို့ကို အကောင်းဆုံးသော ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် အဆင့်မြင့်ဆုံး အခန်းများကို ပေးအပ်ထားသည်။
သခင်လေးရှန့်မှာ ဖြူလွလွ အိစက်စက် ထိုင်ခုံကြီးပေါ်တွင် လဲလျောင်းရင်း ဝိုင်ကို တစ်ငုံချင်း သောက်ကာ အေးအေးလူလူ ရှိနေသည်။ စောစောက ဝေ့ဝူယင်၏ ကန်ချက်တစ်ချက်ကြောင့် အရိုးများ ကျိုးကြေသွားခဲ့သူဟုပင် ထင်ရက်စရာပင် မရှိပေ။ ဝေ့ဝူယင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း သူ ဘာကိုမျှ စိုးရိမ်နေပုံ မရတော့ချေ။
တစ်ဖက်တွင်မူ အဘိုးအို၏ မျက်နှာအမူအရာက မှောင်မိုက်ခြင်း၊ အံ့ဩခြင်းနှင့် တည်ငြိမ်ခြင်းတို့ကြား တရစပ် ပြောင်းလဲနေ၏။ မည်သူမျှ စောင့်ကြည့်ခြင်း မရှိကြောင်း သေချာသဖြင့် သူ စိတ်ခံစားချက်များကို ဖုံးကွယ် မထားတော့ပေ။ ရုတ်တရက် သူ၏ မျက်ဝန်းများက တဖျပ်ဖျပ် ဝင်းလက်သွားသဖြင့် သခင်လေးရှန့်ပင် သတိထားမိသွား၏။
"ဘာဖြစ်လို့လဲ"
သခင်လေးရှန့်က အသံဖြင့်ပင် ထုတ်ကာ မေးလိုက်သည်။ ဝေ့ဝူယင် လုပ်စရာရှိသည်များကို အဆုံးသတ်သည် အထိ စောင့်ဆိုင်းပြီးနောက် သူတို့သည် ဝမ်မျိုးနွယ်စု အင်ပါယာဆီသို့ သွားကာ အိမ်ပြန်ကြမည် ဖြစ်သည်။ ဝေ့ဝူယင်က ဤနေရာတွင် စောင့်နေရန် ပြောထားသဖြင့် သခင်လေးရှန့်မှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေကို လျှောက်လည်ရန် မကြိုးစားတော့ပေ။ နယ်မြေရှင်၏ စကားကို နားထောင်ခြင်းက အကောင်းဆုံး ဖြစ်သည်။
အဘိုးအို၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွား၏။
"ဒီအနီးအနားမှာ နက်ခရိုတွေရဲ့ အသိုက်အမြုံတစ်ခု ရှိလုနီးပါးပဲ... အဲ့ဒါက သေဆုံးသွားသင့်တဲ့ ဝိညာဉ်တွေကို စုဆောင်းထားပြီး သဘာဝအတိုင်း သံသရာလည်ရမယ့် လုပ်ငန်းစဉ်ကို နှောင့်ယှက်နေတယ်"
"ဪ... ဝေ့ဝူယင် လုပ်တာလား"
သခင်လေးရှန့်က ပျင်းရိနေသော အမူအရာမှ ခါးကို ဆန့်ရင်း ပြန်ထိုင်လိုက်သည်။ သူ၏ အမူအရာမှာလည်း အနည်းငယ် လေးနက်သွားသည်။ ဆိုးယုတ်သည့် အင်အားစုများမှာ ကောင်းကင်ဘုံ၏ သဘာဝ နိယာမများကို နှောင့်ယှက်တတ်သဖြင့် လျစ်လျူရှု၍ မရပေ။ ဥပမာအားဖြင့် နက်ခရို ရည်ရွယ်ချက်မှာ အသက် ရှင်သန်ခြင်းနှင့် သေခြင်း နိယာမများကို နှောင့်ယှက်ခြင်းမျိုး ဖြစ်သည်။
သခင်လေးရှန့် မသိလိုက်သည့် အရာကား.. ၎င်းမှာ ဝေ့ဝူယင်အတွက်မူ အပြစ်သား ကျမ်းစာတွင် ဖော်ပြထားသည့် အဆိုးရွားဆုံး အပြစ်များထဲမှ တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။
အဘိုးအိုက ခေါင်းခါလိုက်၏။
"သူလုပ်တာ မဟုတ်ဘူး... ဝေ့ဝူယင် မမွေးခင်ကတည်းက ရှိနေခဲ့တာ... အတင်းအကြပ် ပေါင်းစပ်ထားတဲ့ ကြယ်တာရာ နယ်မြေတစ်ခုရဲ့ အရိပ် သွေးကြောပေါ်မှာ ရှိနေတာ... ကြည့်ရတာ ကောင်းကင်မျိုးနွယ်ဝင် တ်စယောက်ရဲ့ ပိုင်ဆိုင်မှု ဖြစ်ပုံရတယ်... သူ့ရဲ့ ကျင့်ကြံခြင်းက အခု လောကရှန့်ထို အဆင့်ကို ရောက်နေပြီ"
"ဪ..."
သခင်လေးရှန့်က ဝိုင်တစ်ငုံ ထပ်သောက်ရင်း ပြန်လည် လဲလျောင်းလိုက်သည်။ ရှိလုနီးပါး ဆိုမှတော့ မရှိသေးဟု ဆိုလိုပေသည်။ သိပ်စိတ်ဝင်စားစရာ မရှိပါချေ။
“နောက်ထပ် တစ်ခုလည်း ရှိသေးတယ်...”
အဘိုးအိုက တစ်စုံတစ်ခုကို စဉ်းစားဟန်ဖြင့် ထပ်ပြောလိုက်၏။ သူ့ မျက်ဝန်းထဲတွင် ထူးခြားလှပသော မိန်းကလေး တစ်ဦး၏ ပုံရိပ် ထင်ဟပ်လာသည်။ မှားယွင်းစရာ မရှိလောက်အောင် သူမက ယွီစွန်းလီပင် ဖြစ်သည်။
"ဒီမှာ မိန်းကလေး တစ်ယောက် ရှိနေတယ်... သူက"
သူ့ စကားမဆုံးသေးပေ။
"ဒီမှာ မိန်းကလေးတွေ အများကြီး ရှိတာပဲ..."
သခင်လေးရှန့်က ရယ်မောကာ မှတ်ချက်ပေးလိုက်၏။ သို့သော် အဘိုးအို၏ စိတ်ထဲတွင် မည်မျှအထိ လှုပ်ခတ်သွားသည်ကို သူ မသိရှိချေ။ လူအိုကြီး၏ မျက်ဝန်းများ တောက်ပလာပြီးနောက် မျက်လုံးများကို မှိတ်လိုက်၏။
"ကျုပ် ခဏသွားလိုက်ဦးမယ်"
...
အစစ်အမှန် မွေးဖွားခြင်း၏ ကြယ်တာရာ နယ်မြေ၏ အစွန်အဖျား တစ်နေရာတွင် အဘိုးအို၏ ပုံရိပ် ပေါ်ထွက်လာ၏။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ မြေကြီးရှန့်ထို အဆင့်တွင်သာ ရှိပြီး ဤသည်ကလည်း သူ၏ ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
လူအိုကြီးက စိတ်ကူးတစ်ခုတည်းဖြင့် မြေကြီးရှန့်ထို ကိုယ်ပွား ငါးခုကို တစ်ပြိုင်နက် ဖန်တီးလိုက်သည်။
"ဒါဆို လုံလောက်ပြီ"
သူတို့က တစ်ပြိုင်တည်း ပြောလိုက်ကြ၏။ ကျင့်ကြံခြင်းမှာ ကန့်သတ်ခံထားရသော်လည်း ကိုယ်ပွားများ ဖန်တီးရန်အတွက်မူ အနှောင့်အယှက် မရှိချေ။ အကယ်၍ ချိပ်ပိတ် ခံထားရခြင်းသာ မရှိပါက သူသည် အသက်တစ်ချက် ရှူလိုက်ရုံဖြင့် မြေကြီးရှန့်ထို အဆင့် ကိုယ်ပွား ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်ပေလိမ့်မည်။
ထိုအချိန်၌... အဆင့်တက်ရန် ကြိုးစားနေသည့် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်မှာမူ သူ့ထံ ရောက်ရှိလာတော့မည့် ကပ်ဘေးကြီးအား မသိရှိခဲ့ပါချေ။
ဝှစ်... ဝှစ်...
အဘိုးအို၏ ကိုယ်ပွား ငါးခုမှာ ထိုကြယ်တာရာ နယ်မြေဆီသို့ ကြယ်တံခွန်များ အလား တစ်ဟုန်ထိုး ပျံသန်းသွားကြတော့၏။
ဝေ့ဝူယင်မှာ ထိုအရာကို သတိပြုမိသော်လည်း ဝင်ရောက် နှောင့်ယှက်ရန် မလိုအပ်ဟု ယူဆကာ သူ့ လမ်းကို ဆက်လျှောက်နေခဲ့လေသည်။
...
အာရုဏ်ဦး ကြယ်နယ်မြေ...
တစ်ကိုယ်တည်း ထီးထီး တည်ရှိနေသည့် ဂြိုဟ်တစ်ခုထက်ရှိ လယ်ကွင်းတစ်ခုထဲတွင် အမျိုးသမီး တစ်ဦးမှာ ကြယ်တာရာ အနှစ်သာရများ ပါဝင်သည့် ပြောင်းဖူးများကို ရိတ်သိမ်းနေသည်။ ထိုဂြိုဟ်မှာ ထာဝရဂြိုဟ်သစ် ဖြစ်ပြီး အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အခြေစိုက်ရနှင့် ယခင် ထာဝရ ကြယ်တာရာ နယ်မြေသားများ၏ မြို့တော် ဖြစ်သည်။ ထိုပြောင်းဖူးများမှာ အဆင့်မြင့် သားရဲများကို ကျွေးမွေးရန်နှင့် အဆင့်မြင့် ကျင့်ကြံသူများ၏ စားသောက်ပွဲများအတွက် အသုံးပြုရန် ဖြစ်သည်။
အမျိုးသမီးမှာ လယ်သမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ချွေးများ တစ်ကိုယ်လုံး ရွှဲနစ်နေ၏။ သူမထံတွင် ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ကောင်းကင်ပြိုလောက်သော အလှတရားမျိုး မရှိပေ။ သူမက ရိုးရှင်းကာ ချစ်စရာကောင်းသော အမျိုးသမီးတစ်ဦးသာ ဖြစ်ပြီး ပခုံးလောက်ရှိသော ဆံပင်ညိုလေးကို နောက်တွင် စုစည်းထားသည်။ မျက်နှာပေါ်ရှိ မှည့်ခြောက်လေးများက သူမကို ရိုးသားဖြူစင်သော ကျေးတောသူ မိန်းကလေးတစ်ဦးကဲ့သို့ ထင်မှတ်ရစေ၏။
အနီးအနားရှိ လယ်ကွင်းများတွင်တော့ ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနေကြ၏။ ဤသည်မှာ အာရုဏ်ဦး ကြယ်နယ်မြေ၊ ဘေးကင်းဇုံများ၏ မြင်ကွင်းပင်။ ဖျားနာမှုများအတွက်လည်း 'ယင် ဆေးခန်း' များက အခမဲ့ ကုသပေးနေသည်။ ဤသည်မှာ ကျင့်ကြံခြင်းလောကတွင် မရှိဖူးသေးသော ငြိမ်းချမ်းသည့် နေရာတစ်ခုပင် ဖြစ်သည်။
အမျိုးသမီးမှာ ချွေးများကို သုတ်လိုက်ပြီးနောက် ပြောင်းဖူးများအား ဆက်လက် မရိတ်သိမ်းခင် ရေတစ်ငုံ သောက်ဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူမ ရှေ့၌ ဟင်းလင်းပြင် အမည်းရောင် အစုအဝေးတစ်ခု ပေါ်ထွက်လာ၏။
ဟူး... ဟူး...
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပြောင်းဖူးပင်များက ယိမ်းထိုးသွားသည်။ အမျိုးသမီး၏ မျက်ဝန်းများက အနည်းငယ် ပြူးကျယ်သွား၏။
ဝှစ်...
အလွန် ရင်းနှီးလှသလို အလွန်လည်း သူစိမ်းဆန်သည့် လူရိပ်တစ်ခု ထိုအစုအဝေးထဲမှ ထွက်ပေါ်လာ၏။ ထို့နောက် ဝိညာဉ်ကို လှုပ်ခတ်စေနိုင်သည့် နူးညံ့သည့် အသံတစ်ခုဖြင့် သူမ ဘယ်သောအခါမျှ ထပ်ကြားရလိမ့်မည်ဟု မမျှော်လင့်ထားသော နှုတ်ဆက် စကားတစ်ခွန်းကို ကြားလိုက်ရလေသည်။
"နေကောင်းလား... စီနီယာ အမ"
***