အတိတ်
Vol. 131 Ch. 1824
ဖီဆန်ပေါက်စလေး၏ တောက်ပလှသော ရောင်ခြည် အလင်းတန်းတို့မှာ ထာဝရဂြိုဟ်သစ်ထက်ရှိ သာယာအေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ လွှမ်းခြုံထားသော နယ်မြေတစ်ခုပေါ်သို့ ဖြာကျနေလေသည်။ လေထုမှာ လတ်ဆတ်သန့်စင်လျက် ရှိပြီး သွေးညှီနံ့များ၊ တိုက်ပွဲ အငွေ့အသက်များ ကင်းမဲ့နေသည်။
ဘေးကင်းဇုန်များ၏ သာယာဝပြောမှုမှာ အချိန်နှင့် အမျှ ပိုမို တိုးတက်လျှက် ရှိပြီး ရိုးရာဓလေ့သစ်များ၊ ပွဲတော်ရက်များနှင့် လူမှုရေး ယဉ်ကျေးမှု အသစ်အဆန်းများ တိုးတက်ထွန်းကားလာစေခဲ့သည်။
ထိုယဉ်ကျေးမှုမှာ သေမျိုး လူငယ် တစ်ဦး၏ မူဝါဒများနှင့် ခိုင်မာသော စိတ်ဓာတ်တို့အပေါ်တွင် အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ ရိုးရာပွဲတော်များကိုမူ ဂုဏ်သတင်း ကြီးမားလှသည့် မိန်းကလေး တစ်ဦး၏ လှပသော စိတ်ကူးစိတ်သန်းများဖြင့် အသက်သွင်းထားခြင်း ဖြစ်သည်။
ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့မှာ ပြီးပြည့်စုံသည့် လောကနိဗ္ဗာန် တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ခြင်း မဟုတ်သော်ငြားလည်း အကောင်းဆုံးသော အရာဟူသမျှမှာ သဘာဝအကျဆုံးသော လိုလားချက်များမှပင် ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သည်။ ဤကား အာရုဏ်ဦး ဖီဆန် ခေတ်ဦး၊ ပထမနှစ်ပင် ဖြစ်တော့သည်။
မြေပူစာငယ် တစ်ခု ပေါ်တွင် သေမျိုး လူငယ် တစ်ယောက်မှာ သက်သောင့်သက်သာ ထိုင်လျှက် ရှိနေခဲ့သည်။ ထိုလူငယ်ကို အာရုဏ်ဦး အင်ပါယာသားတိုင်းက သူတို့၏ ဧကရာဇ်အဖြစ် ကြည်ညိုလေးစားကြသည်။ လူငယ်မှာ ကောက်ရိုးတစ်မျှင်ကို ပါးစပ်တွင် ခဲထားရင်း မိုင်ပေါင်းများစွာ ရှည်လျားလှသည့် မြေသြဇာ ကောင်းမွန်သော စိုက်ပျိုးမြေများကို ငေးကြည့်နေခဲ့၏။
လယ်သမားများမှာ လယ်ကွင်းထဲတွင် အုပ်စုလိုက် စုပေါင်းကာ သီးနှံမျိုးစုံကို ရိတ်သိမ်းနေကြသည်။ ထိုသီးနှံတိုင်းမှာ ကြယ်တာရာ အဆင့် များဖြစ်ကြပြီး အဆင့်မြင့် အရည်အသွေးရှိကာ လူတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေသည့် အာဟာရစွမ်းအင်များ ကိန်းအောင်းနေကြသည်။
ရိတ်သိမ်းသူများက သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို အသုံးပြု၍ အံ့အားသင့်ဖွယ် နည်းစနစ်များဖြင့် အားသွန်ခွန်စိုက် အလုပ်လုပ်နေကြစဉ်၊ တဲနန်းငယ်များအောက်၌ အဆင်သင့် စောင့်ဆိုင်းနေသူများလည်း ရှိသည်။
သူတို့က ဆေးအနှစ်များ၊ ဆေးရည်များနှင့် အပင်မျိုးစေ့များ ထည့်သွင်းထားသော ခြင်းတောင်းများကို ကိုင်ဆောင်ထားကြသည်။ ရိတ်သိမ်းမှု ပြီးဆုံးသည်နှင့် ပြင်ဆင်ထားသည့် အဂ္ဂိရတ် ပစ္စည်းများကို အသုံးပြု၍ ပြန်လည် စိုက်ပျိုးရန် အသင့်ရှိနေကြခြင်း ဖြစ်၏။
ထိုနည်းလမ်းမှာ သီးနှံများကို ရာသီမရွေး စိုက်ပျိုးနိုင်စေရုံသာမက ၎င်းတို့၏ ကျန်းမာရေး၊ တည်ငြိမ်မှု၊ အရည်အသွေးနှင့် အရသာတို့ကိုပါ များစွာ မြှင့်တင်ပေးနိုင်လေသည်။
ထိုအရာများမှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၊ အဆင့်နိမ့် အဖွဲ့ဝင်များထံမှ ပေးပို့လိုက်သည့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်သော်လည်း မသန့်စင်ခြင်း အဆင့်နှင့် အဆင့်နိမ့် ဟူ၍ တစ်ခုမျှ မရှိဘဲ အားလုံးမှာ အရည်အသွေးမြင့် သို့မဟုတ် ထိုထက်မက မြင့်မားကြသည်ချည်းသာ ဖြစ်သည်။ ၎င်းမှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ ဘေးကင်းဇုန်များ အတွက် သတ်မှတ်ထားသော စံနှုန်းဖြစ်သည်။
တစ်ဖက်တွင်မူ အမျိုးမျိုးသော ကလန်များ၊ ဂိုဏ်းများက ဦးစီးသည့် ပြင်ပ လယ်ကွင်းများမှာမူ အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် အမြောက်အမြား ဝယ်ယူနိုင်ကြသည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် မှီတင်း နေထိုင်သူတိုင်းမှာ အငတ်ဘေးကို မကြုံရသလောက် ဖြစ်သည်။ အစားအစာနှင့် သန့်ရှင်းသော ရေများမှာ ပေါများလှပြီး... လိုအပ်ချက် ရှိလာလျှင်ပင် အင်ပါယာ၏ ဇနီးလောင်း တစ်ဖြစ်လည်း ကြယ်တာရာ နယ်မြေ၏ တာဝန်ခံ ဧကရီ ရွှယ်ရီဖေးက ဈေးနှုန်းချိုသာသော ကုန်စည်များကို ပေါများစွာ ထောက်ပံ့ပေးလေ့ရှိသည်။
သာမန် ပြည်သူတို့မှာ ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ကို အမြဲတမ်း ချီးမွမ်း စကားဆိုကြသည်။ အာရုဏ်ဦး အမှတ်တံဆိပ်မှာ ကိုးကွယ်ရာ ဖြစ်လာပြီး သေမျိုး အချို့မှာ ကံကောင်းခြင်းများကို ဖိတ်ခေါ်ရန်အတွက် ထိုအမှတ်တံဆိပ်ကို သူတို့၏ အိမ်ရှေ့တွင် ထွင်းထုထားတတ်ကြသည်။ အဆိုပါ ရိုးရာဓလေ့မှာ အာရုဏ်ဦး အင်ပါယာ၏ အစဉ်တစိုက် ကောင်းချီးပေးမှုများအပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
"လယ်ကွင်းတွေကတော့ အခြေအနေ တော်တော် ကောင်းနေတယ်"
အာရုဏ်ဦး၏ အာဏာရှင် အင်ပါယာ၏ ဘေးတွင် သက်သောင့်သက်သာ ထိုင်နေသည့် မှဲ့ခြောက်များရှိသော မိန်းကလေး နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။
သူမ၏ မျက်ဝန်းများက လယ်ကွင်းပြင်များကို လှမ်းငေး ကြည့်နေခဲ့၏။ မိန်းကလေး၏ လေသံမှာ ထူးဆန်းမှု သို့မဟုတ် အနေခက်မှု အလျဉ်းမရှိချေ။
သူမ၏ အသံက သာယာလှသည့် တေးသီငှက်ကလေးတစ်ကောင်၏ အသံမျိုး ကဲ့သို့ မဟုတ်သလို နားကြားမြင် ကပ်စရာ ဇီးကွက်အော်သံမျိုးလည်း မဟုတ်ချေ။ တည်ငြိမ်ကာ သဘာဝကျလှသည်။ တစ်နည်းပြောရလျှင် စိတ်ကို ကြည်လင် စေနိုင်သည့် အသံမျိုး ဖြစ်သည်။
"တကယ်ကို ကောင်းပါတယ်"
ဝေ့ဝူယင်က ပြုံးယောင်သန်းလျက် မှတ်ချက်ပေးလိုက်၏။ သို့သော်လည်း... သူ့ ငွေရောင် မျက်ဝန်းများထဲတွင်မူ ဖော်ပြ၍ မရနိုင်သော၊ မသေချာသော ခံစားချက်များ ကိန်းအောင်းနေခဲ့သည်။
အခြားသော အုပ်ချုပ်သူများနှင့် ခြားနားစွာပင်... ဝေ့ဝူယင်မှာ အစီရင်ခံစာ အမျိုးမျိုးမှတစ်ဆင့် သူ့ အင်ပါယာ နယ်မြေ အတွင်းရှိ လှုပ်ရှားမှုအားလုံးနှင့် လူအများ မမြင်နိုင်သည့် ရေအောက်လှိုင်းများကိုပင် ကောင်းစွာ သိရှိထားပေသည်။
သူ၏ ဒုတိယစိတ်မှာ ဝင်ရောက်လာသည့် အစီရင်ခံစာများကို စိစစ်ကာ အရေးကြီး အချက်အလက်များအဖြစ် စုစည်းပေးရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ပြန့်ကျဲနေသော အချက်အလက်အပိုင်းအစများကို ပြီးပြည့်စုံသည့် ပုံပြင်တစ်ပုဒ်အဖြစ် ပြောင်းလဲပစ်ရခြင်းမှာ ပဟေဠိတစ်ခုကို ဖြေရှင်းရသကဲ့သို့ အလွန်ပင် စွဲမက်ဖွယ် ကောင်းလှသည်။
ထို့နောက်... ဝေ့ဝူယင်က ထိုအချက်အလက်များကို နန်းတော်ရှိ ရွှယ်ရီဖေးထံသို့ ပြန်လည် ပေးပို့သည်။ ဤသည်က သူမ အတွက် အင်ပါယာကို အုပ်ချုပ်ရာတွင်လည်းကောင်း၊ မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သော အခြေအနေများကို ကိုင်တွယ်ရာတွင်လည်းကောင်း များစွာ သက်သာစေသည်။
လယ်ကွင်းများကို မိနစ်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် မိန်းကလေးက သူမ၏ ပေါင်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
"ဝေ့ဝူယင်... နင်က အရင်ကတည်းက စကားနည်းတဲ့သူဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီလောက်ကြာကြာ ဝေးကွာနေပြီးမှ ပြန်တွေ့ရတော့ ပြောစရာတွေ ရှိမယ်လို့ ငါ ထင်ထားတာ"
"..."
ဝေ့ဝူယင် သူ့ ဘဝတွင် ‘စီနီယာ အစ်မ’ ဟု ခေါ်ခဲ့ဖူးသည့် တစ်ဦးတည်းသော မိန်းကလေး မေ့မေ့ ကို မသိမသာ လှမ်းကြည့်လိုက်သည်။
မေ့မေ့က မျက်နှာပေါ်သို့ ထိုးကျနေသည့် နေရောင်ခြည် အလင်းတန်းများကို လက်ဝါးဖြင့် ကွယ်လိုက်ရင်း...
"ငါတို့ နောက်ဆုံးတွေ့ခဲ့တာ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက မလား"
"..."
ဝေ့ဝူယင်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။ ထိုအချိန်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ ခဲ့သည့် နောက်ဆုံးအကြိမ် ဖြစ်သော်လည်း ဝေ့ဝူယင် အတွက်တော့ သူမကို မြင်တွေ့ခဲ့ရသည့် နောက်ဆုံးအကြိမ်မူ မဟုတ်ပေ။
မေ့မေ့က ပန်းရောင်နှုတ်ခမ်းလွှာကို လျှာဖြင့် သပ်လိုက်ရင်း အနည်းငယ် စွတ်စိုစေဖို့ ကြိုးပမ်းလိုက်သည်။
"ဝိညာဉ် နတ်မိမယ်က ငါတို့ကို အနန္တ ဧကရာဇ်ဂိုဏ်းဆီကို ခေါ်သွားခဲ့ပြီးတဲ့နောက်... အနန္တ အခြေတည် တာအို စေတီမှာ ငါ ကျရှုံးခဲ့တယ်... ပထမ အထပ်ကိုတောင် မဖြတ်ကျော်နိုင်ခဲ့ဘူး... ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ ငါ့ဆီမှာ ပါရမီ နည်းပါးတယ် ဆိုတာ သိနေခဲ့ပေမဲ့ ဒီလောက်အထိ စံနှုန်းအောက် ရောက်နေလိမ့်မယ်လို့တော့ မထင်ထားမိဘူး"
မေ့မေ့မှာ စကားဝိုင်းတစ်ခုကို စတင်ဖို့ အတွက် သူတို့ နှစ်ယောက် နောက်ဆုံး ဆုံတွေ့ခဲ့ပုံနှင့် လမ်းခွဲခဲ့ရပုံများ အကြောင်းကို ပေါ့ပေါ့ပါးပါးပင် စတင်ပြောဆိုလာခြင်း ဖြစ်သည်။
အနန္တ ကုန်းမြေတိုက်ကြီးမှ ထွက်ခွာခဲ့ပြီး နောက်တွင် ဝေ့ဝူယင်မှာ ကျော်ကြားသည့် အဂ္ဂိရတ် ဧကရာဇ် တစ်ဦး ဖြစ်လာခဲ့သော်လည်း မေ့မေ့မှာမူ သာမန် စမ်းသပ်မှု မျှကိုပင် မကျော်ဖြတ်နိုင်ခဲ့ချေ။ သူမ၏ အဆင့်အတန်းက နောက်ခံကောင်းသည့် ဝမ်မင်ယာ၊ လျဲ့ယုတို့နှင့် ခြားနားပေသည်။ ထို့အပြင်... သူမမှာ ဝူချန်းနှင့် လက်ထပ်ဖို့ ကတိပြုထားပြီး ကောင်းကင်ထံ၌ တာအို လက်တွဲဖော် အဖြစ် ကျိန်ဆို ထားခဲ့သဖြင့် ဝေ့ဝူယင်အတွက်လည်း သူမကို ကူညီရန် အလွန် ခက်ခဲသော အခြေအနေတွင် ရှိခဲ့သည်။
ဝူချန်း အတွက်လည်း ကံဆိုးစွာပင် ဝေ့ဝူယင်မှာ ဆက်လက် အသက်ရှင် နေခဲ့သည်။ အတိတ် ကာလမှ ကမ္မနှောင်ကြိုးများမှာ မေ့မေ့နှင့် ဝေ့ဝူယင်တို့ကြားတွင် ငြိတွယ်နေခဲ့ပြီး ဖြတ်တောက်လို့ မရနိုင်ခဲ့ချေ။ နေသွေးနီနီဂိုဏ်းမှာ ဝေ့ဝူယင်ကို သတ်ဖြတ်ဖို့ အတွက် အသည်းအသန် ကြိုးစားခဲ့သော်လည်း ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
အကျိုးဆက် အနေဖြင့် ဝူချန်းမှာ တစ်သက်တာ ကျင့်ကြံလာသမျှကို ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးတွင် အသက်ပါ ပေးခဲ့ရသည်။ တစ်ဖက်တွင်မူ ဝူချန်း၏ ကျရှုံးမှုက မေ့မေ့ အပေါ်တွင်တော့ မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။ ပုံပြင်များနှင့် ဒဏ္ဍာရီများ၌ မည်သို့ပင် အလွန်အကျူး ဖော်ကျူးထားစေကာမူ ကောင်းကင် တာအိုမှာ သူ့ စည်းကမ်းအတိုင်း သွားနေတတ်သည့် တစ်ယူသန် တစ်ယောက်သာ ဖြစ်သည်။
"ပြန်ဖို့ လမ်းစမရှိတော့တဲ့ အတွက် ကမ္ဘာသစ်မှာ လှည့်လည်သွားလာရင်း အချိန်ကုန်ခဲ့ရတယ်... ငါ့လိုပဲ ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပဲ... တချို့က ရူးသွပ်သွားကြတယ်... တချို့က ကျွန်ဖြစ်သွားကြတယ်၊ ငါကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ"
မေ့မေ့၏ လေသံက ပို၍ နူးညံ့သွား၏။ သူမ ခေါင်းငုံ့ကာ ပေါင်များကို ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ပိန်လှီခြင်း မရှိသလို ဝဖြိုးခြင်းလည်း မရှိချေ။ သာမန် အမျိုးသမီးတစ်ဦးထက် ထူးခြားခြင်း မရှိချေ။
တစ်ကြိမ်က သူမသည် ပိုမို အစွမ်းထက်သော ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကျွန်အဖြစ် အစေခံရန် အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ရဖူးသည်။ ထိုသူများမှာ အလွန်အမင်း အစွမ်းထက်သူများ မဟုတ်ကြသလို သူတို့ထဲတွင် ကြယ်တာရာ အမြုတေ အဆင့် တစ်ဦးမျှပင် မပါဝင်ချေ။ အမှန်စင်စစ် လူဦးရေ ထရီလီယံ ပေါင်းများစွာ ရှိသော ထာဝရ ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင်ပင် ထိုအဆင့်ရှိသူမှာ ငါးသန်းခန့်သာ ရှိလေသည်။
"ကျေးဇူးတင်ပါတယ်"
မေ့မေ့က နူးညံ့သည့် လေသံဖြင့် ဆိုလိုက်လေ၏။
***