မေ့မေ့
Vol. 131 Ch. 1825
"..."
ဝေ့ဝူယင်သည် ကောင်းကင်ယံကို ငေးမောကာ ကြည့်ရှု နေခဲ့၏။ မေ့မေ့၏ ကျေးဇူးတင်စကားကိုတော့ သူက မဆိုသလောက် ကလေးသာ ခေါင်းညိတ်ပြလိုက်သည်။
မေ့မေ့က သူမ၏ ပေါင်ပေါ်တွင် လက်ချောင်းများကို အနည်းငယ် ဖိထားလိုက်မိ၏။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက် မိန်းကလေးက တောက်ပသော မျက်ဝန်းများဖြင့် ပြုံးလျက် မေးလိုက်သည်။
"အဖွားဗီဗီရဲ့ ပန်းသီးမုန့်တွေကို မှတ်မိသေးလား... ငါတော့ လွမ်းမိတယ်"
ဝေ့ဝူယင်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။
"သူ အဲ့ဒါတွေကို ရောင်းတဲ့ ပုံစံကိုတော့ ကျွန်တော် မလွမ်းဘူး... သူက နေ့တိုင်း ဈေးကို အမြဲတမ်း နည်းနည်းချင်း တိုးတိုးတောင်းတတ်ပြီး ပြောနေကျ စကားက..."
"ပစ္စည်းကောင်းလေးတွေရဲ့ ဈေးနှုန်းက နေ့တိုင်း ပြောင်းလဲနေတာလေ"
နှစ်ဦးသား တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
"ဟား ဟား..."
မေ့မေ့က အပေါ်သို့ မော့ကြည့်ရင်း ရယ်မောလိုက်သည်။
"လူလည် အဖွားကြီး"
"တကယ်ပါပဲ"
ဝေ့ဝူယင်ကလည်း ခေါင်းကို ခါယမ်းရင်း ခါးသက်သက် အပြုံးနှင့်အတူ ရယ်မောလိုက်သည်။
မေ့မေ့က ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်၏။
"တွေ့လား... ငါနဲ့ စကားပြောရတာ အဲ့လောက် မခက်ပါဘူး ဟုတ်တယ်မလား"
အကယ်၍ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဝေ့ဝူယင်က လယ်ကွင်းထဲတွင် အလုပ်လုပ်နေသည့် သာမန် မိန်းကလေး တစ်ဦး ရှေ့၌ စကားမပြောနိုင်လောက်အောင် ဖြစ်နေသည်' ဟူသော သတင်းသာ ပျံ့နှံ့သွားလျှင် မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
"မခက်ပါဘူး"
ဝေ့ဝူယင်က သက်ပြင်းတိုလေး ချကာ ဝန်ခံလိုက်၏။
"ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ရှိပေမဲ့ တစ်ဖက်မှာလည်း ပြောဖို့ မလိုတော့တဲ့ ဟာတွေကလည်း အများကြီးပါပဲ...”
"အင်း"
မေ့မေ့မှာ ယခုအချိန်တွင် ထိုစကားများကို မည်သူထက်မဆို ပိုမို၍ နားလည်နိုင်ပေသည်။
"အဲ့ဒီတုန်းက နင့်ကို မယုံကြည်ခဲ့တဲ့အတွက် ငါ တောင်းပန်ပါတယ်... ငါ နင့်ကို ယုံကြည်ခဲ့သင့်တာ"
"အဲ့တာ စီနီယာ အစ်မရဲ့ မဟုတ်ပါဘူး... ကျွန်တော်သာ အစ်မ နေရာမှာ ဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပါ"
ဝေ့ဝူယင်က ဆိုလိုက်၏။
"နင် အဲ့ဒီလို လုပ်မှာ မဟုတ်ဘူး"
မေ့မေ့က ဝေ့ဝူယင်ကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"..."
ဝေ့ဝူယင် ဘာပြန်ပြောရမှန်း မသိပဲ မျက်လုံးများကို မှိတ်လိုက်မိ၏။ ဖီဆန်ပေါက်စ၏ နေရောင်ခြည် အလင်းတန်းများက သ့် အရေပြားကို ထိတွေ့ ပွတ်သပ်နေကာ နှလုံးသားနှင့် ဝိညာဉ်တို့ထံ အေးချမ်းမှု တစ်ခုကို ဆောင်ကျဉ်း လာနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝေ့ဝူယင်၏ လက်အောက်ငယ်သား ဟန်ယုမှာ အဓိက တပည့် ရွေးချယ်ပွဲတွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးကာ မေ့မေ့ကို သတ်ရန် ကြံစည်ခဲ့ဖူးသည်။ ထိုစဉ်က ဟန်ယုမှာ လင်းယာဟု ခေါ်သည့် စုန်းမ၏ ပြုစားမှုအား ခံထားရသည်ကို ဝေ့ဝူယင်ပင် ကြိုတင်မမြင်ခဲ့မိချေ။ လင်းယာ၏ အကွက်ကျကျ စီစဉ်မှုများကြောင့်ပင် မေ့မေ့မှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသော်လည်း သူမ ရရှိထားသော အဓိက တပည့် နေရာကိုမူ ချွီကွေ့ထံသို့ ပေးအပ်လိုက်ရလေသည်။
ထိုမျှနှင့် ရပ်မသွားဘဲ ချွီကွေ့သည်ပင်လျှင် လင်းယာ၏ လှည့်ဖြားမှု၌ သားကောင်ဖြစ်ခဲ့ရပြီး ဝေ့ဝူယင် ကျင့်ကြံနေစဉ်အတွင်း သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းရင်း သူမ၏ အသက်ကို စတေးခဲ့ရပြန်သည်။ လင်းယာ၏ ပရိယာယ်များမှာ ဝေ့ဝူယင်၏ အလားအလာရှိသည့် နောက်လိုက်နှစ်ဦးကို ဖယ်ရှားပစ်ခဲ့ရုံသာမက မေ့မေ့နှင့် သူ့အကြား ယုံကြည်မှု သံယောဇဉ်ကိုပါ ဖြတ်တောက်နိုင်ခဲ့သည်။
အကယ်၍ သူမသာ အောင်မြင်ခဲ့ပါက ဝေ့ဝူယင်မှာ ချွီကွေ့၏ မိသားစုဝင်တစ်ဦးကို ရက်စက်စွာ စော်ကားခဲ့သဖြင့် ချွီကွေ့က ပြန်လည် လက်စားချေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာကြီးထံ ကြေညာခဲ့ပေလိမ့်မည်။ ထိုအရာအားလုံးမှာ လုပ်ကြံဖန်တီးထားသည့် အကွက်များသာ ဖြစ်သော်လည်း ဝေ့ဝူယင်သာ အသက်မရှိတော့ပါက မည်သည့်အရာကမှ အရေးပါတော့မည် မဟုတ်ချေ။
သို့သော်လည်း... အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက ဝေ့ဝူယင်မှာ မေ့မေ့ ဆုံးဖြတ်ခဲ့သကဲ့သို့ ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။ သူ သူမ အပေါ် နောက်ဆုံးထွက်သက်တိုင်အောင် ယုံကြည်နေမည်သာ ဖြစ်သည်။ သူမအပေါ် သူ တင်ရှိနေသည့် ကျေးဇူးကြွေးများမှာ အသက်ချင်းလဲ၍ ပေးဆပ်ရမည်ဆိုလျှင်ပင် တန်နေပေသည်။
မေ့မေ့၏ အစောပိုင်းက ကျေးဇူးတင်စကားက ဤအချက်နှင့် ဆက်စပ်နေသည်။ အကယ်၍ ဝေ့ဝူယင်သာ မေ့မေ့ကို သေစေချင်ခဲ့လျှင် အနန္တ ကုန်းမြေ တိုက်ကြီးသို့ ရောက်ရှိလာခဲ့ပြီးနောက် ဆယ်စုနှစ်ပေါင်း များစွာ သူမကို တိတ်တဆိတ် စောင့်ရှောက်နေမည် မဟုတ်ပေ။
ဝေ့ဝူယင်မှာ မေ့မေ့၏ ရွေးချယ်မှုကို လေးစားသောအားဖြင့် သူမ အလိုရှိသလို နေထိုင်နိုင်ရန် အဝေးမှနေ၍ ငြိမ်သက်စွာ ခွင့်ပြုထားခဲ့ခြင်းသာ ဖြစ်သည်။ ဤလုပ်ရပ်မှာ သူ့ အမှားတစ်ခုအတွက် နောင်တရနေခြင်းကို ဖော်ပြနေသကဲ့သို့ပင်။
"အဲ့ဒီတုန်းက ကျွန်တော်လည်း ပေါ့လျော့ခဲ့တာပါ"
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။ ထိုစဉ်က သူ အမှန်တကယ်ပင် ပေါ့လျော့ခဲ့သဖြင့် မေ့မေ့မှာ အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
အကယ်၍ မေ့ယန်သာ ပေါ်မလာခဲ့လျှင် ဝေ့ဝူယင် မှတ်ဉာဏ်ပျောက်ဆုံးနေသည့် ဆယ်နှစ်အတွင်း သူမ နာလန်ထူနိုင်မည် မဟုတ်ဘဲ သူ ရှင်းပြခွင့်မရခင်မှာပင် သူမ သေဆုံးသွားနိုင်ပေသည်။ မိမိ၏ လက်အောက်ငယ်သားများ ပြင်ပ လူတစ်ယောက်၏ လှည့်ဖြားမှုကို မခံရစေရန် သေချာစွာ မကာကွယ်နိုင်ခဲ့ခြင်းမှာ သူ့ အားနည်းချက်ပင် ဖြစ်သည်။
ထိုစဉ်က ဝေ့ဝူယင်မှာ လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံနှိမ်နင်းနေရသဖြင့် လင်းယာအတွက် အခွင့်ကောင်းကြီး ဖြစ်သွားခဲ့ရခြင်းလည်း ဖြစ်သည်။
"ဟုတ်တယ်... နင် အမှားကြီး မှားခဲ့တာပေါ့"
မေ့မေ့က အားမနာတမ်းပင် ထောက်ခံလိုက်၏။ သူမက သူ့ကို ကျေးဇူးတင်သလို တောင်းပန်စကားလည်း ဆိုသည်။ တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ အမှားများကို ထောက်ပြရန်လည်း ဝန်လေးမနေပေ။ ထိုအမှားကြောင့်ပင် ဝေ့ဝူယင်သည်လည်း အသက်ဆုံးရှုံးခဲ့ရနိုင်သည်။
"နင် လုပ်ခဲ့တဲ့ဟာတွေထဲမှာ အံ့သြစရာကောင်းတာတွေ အများကြီး ရှိခဲ့တယ်... နင်က ကိစ္စတိုင်းကို ပြီးပြည့်စုံအောင် ကိုင်တွယ်နိုင်ခဲ့သလို ထူးခြားတဲ့ လှည့်ကွက်တွေကိုလည်း သုံးနိုင်ခဲ့တယ်... ဒါပေမဲ့ လခရမ်းဂိုဏ်း တာဝန်မှာတော့ ဘာကြောင့်မှန်း မသိဘူး နင် စိတ်ပျံ့လွင့်နေခဲ့တယ်... အဲ့ဒါက ဟာကွက်ကြီး ဖြစ်သွားစေခဲ့တာပဲ"
မေ့မေ့က သူမ စိတ်ထဲတွင် ရှိနေသည်များကို ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
"..."
မေ့မေ့၏ စကားလုံးများက အမှန်တရားပင် ဖြစ်ကြောင်း ဝေ့ဝူယင် သိသည်။ လခရမ်းဂိုဏ်းမှာ သူ့ ဘဝတွင် 'နာ့ရှင်းရီ' ကဲ့သို့သော ပုစ္ဆာမျိုးနှင့် ပထမဆုံး ကြုံတွေ့ခဲ့ရချိန်လည်း ဖြစ်သည်။ ထိုစဉ်က သူ သူတော်စင် တစ်ဦးကဲ့သို့ ပြုမူကာ နာ့ရှင်းရီကို ယင်ဆုံမှတ် သွေးကြော နှစ်ခုနှင့်အတူ လွှတ်ပေးခဲ့သည်။
ထို့နောက် မကြာမီမှာပင် လက်အောက်ငယ်သား တစ်ဦး၏ လုပ်ကြံမှုကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး ကာမဂုဏ်နှင့် မုသားများအကြား ကျရှုံးခဲ့ရကာ နောက်ဆုံးတွင် ထိုအမျိုးသမီးနှင့် သစ္စာဖောက် ဂိုဏ်းသားကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရသည်။
ထို့နောက်ပိုင်းတွင် သူ့ကို ကိုက်ခဲကာ 'အပြစ်သား တက်တူး' ပေးခဲ့သည့် ငွေရောင်ဆံပင်၊ အနက်ရောင် မျက်လုံးများ ရှိသည့် ပုဂ္ဂိုလ်နှင့် ဆုံတွေ့ခဲ့သည်။ လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံဖမ်းဆီးနေစဉ် တစ်လျှောက်လုံးတွင် သူ၏ အာရုံများမှာ ပျံ့လွင့်နေခဲ့သည်။
"..."
ဝေ့ဝူယင်နှင့် မေ့မေ့တို့ နှစ်ဦးစလုံးမှာ အတိတ်ဟောင်းများကို အမှတ်ရရင်း တိတ်ဆိတ်နေကြလေ၏။
***