အညောင်းဖြေခြင်း
Vol. 131 Ch. 1826
အချိန် အတော်ကြာ တိတ်ဆိတ်မှုအဆုံးသတ်တွင် မေ့မေ့၏ မျက်နှာထက်၌ အပြုံးများ ပြန်လည် ပေါ်ပေါက်လာကာ ဂုဏ်ယူစွာ ပြောလိုက်၏။
"အနည်းဆုံးတော့... ငါ နင့်ကို သင်ပေးခဲ့တာတွေကို နင် မမေ့သေးဘူးပဲ... ဒါနဲ့ ထျန်းတိုက်ကျုံးကို နင် ကိုင်တွယ်သွားတဲ့ ပုံစံက တကယ့်ကို အံ့မခန်းပဲ"
ဝေ့ဝူယင်က မချပြုံး ပြုံးလိုက်သည်။
"ဘယ်လိုလုပ် မေ့ပါ့မလဲ... အစ်မပဲ ကျွန်တော့် ခေါင်းထဲ ရိုက်သွင်းပေးထားတာပဲကို"
မေ့မေ့က သဘောကျစွာ ခေါင်းညိတ်ရင်း သူမ၏ ပေါင်ကို ခပ်ဖွဖွ ပုတ်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"သာမန် ရန်သူတွေကို အနိုင်ယူတာက လောကရဲ့ လေးစားမှုကို မရနိုင်ဘူး... မေ့လျော့နေတဲ့ ဒဏ္ဍာရီတွေကို နှိမ်နင်းရင်လည်း သူတို့ရဲ့ အချိန်တွေ ကုန်ဆုံးသွားလို့ အားနည်းနေတာလို့ပဲ သတ်မှတ်ကြလိမ့်မယ်... ဒါပေမဲ့..."
ဝေ့ဝူယင်က ပြုံးလျက် ကြားဖြတ် ပြောလိုက်၏။
"ကိုယ်က ရန်သူကို ဂုဏ်တင်ပေးလေလေ၊ သူတို့ရဲ့ ဂုဏ်သတင်းကို ပိုကြီးအောင် လုပ်ပေးလေလေ၊ သူတို့ကို ပိုပြီး ဒဏ္ဍာရီဆန်အောင် ဖန်တီးပေးလေလေပဲ... အဲ့ဒီလို ရန်သူတွေကို အနိုင်ယူတဲ့ ကိုယ်က ပိုပြီး ကြီးမြတ်လာလေလေပဲ”
"ဟုတ်တယ်..."
မေ့မေ့က သဘောကျစွာ ရယ်မောလိုက်၏။
"ငါကြားတယ်... ထျန်းတိုက်ကျုံးက တစ်လောကလုံးကို ခြောက်လှန့်ပြီး ဂြိုဟ်တွေကို အတင်းအဓမ္မ သိမ်းပိုက်နေတဲ့ ပြင်ပ ကျူးကျော်သူတွေကို ရင်ဆိုင်ခဲ့တယ်ဆိုတာလေ... အဲ့ဒီ ကျူးကျော်သူတွေထဲမှာ အရင်ခေတ်က စံနှုန်းတွေကိုတောင် ကျော်လွန်တဲ့ လောကရှန့်ထို အဆင့် ပညာရှင်တွေ ပါသတဲ့... တစ်လောကလုံးက အားလုံး ပြီးသွားပြီလို့ ထင်နေကြပြီးတော့ ထျန်းတိုက်ကျုံး ရဲ့ ဒဏ္ဍာရီကပဲ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေခဲ့တာ...”
“အဲ့ဒီလို အရေးကြီးတဲ့ အချိန်မှာ ထျန်းတိုက်ကျုံးက သူ့ခေတ်တုန်းကထက် ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ စွမ်းအားတွေနဲ့ ပြန်ပေါ်လာပြီး ရန်သူတွေကို အနိုင်ယူလို့ သူ့ရဲ့ ဒဏ္ဍာရီကို ပြန်လည် အသက်သွင်းခဲ့တယ်... ထျန်းတိုက်ကျုံး ကတော့ ထျန်းတိုက်ကျုံး ပါပဲလို့ လူတွေက ပြောနေကြတာပေါ့..."
“အဲ့ဒီလို အချိန်မှာပဲ နင်က ရုတ်တရက် ရောက်လာပြီး လူတိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်ထားတဲ့ အဲ့ဒီ ဒဏ္ဍာရီကို ဒူးထောက်ခိုင်းလိုက်တယ်... လူတွေက ထျန်းတိုက်ကျုံး နိုင်တော့မယ်လို့ ထင်နေတဲ့ အထွတ်အထိပ် အချိန်မှာမှ နင်က သူ့ကို လွှမ်းမိုးချုပ်ကိုင်ပြီး ကွပ်မျက်ပစ်လိုက်တယ်... အဲဒီတော့ သူ့ရဲ့ ဂုဏ်သတင်းတွေ အားလုံးက နင့်ဆီ ရောက်လာတော့တာပေါ့... ကြောက်စရာကောင်းတဲ့ ကျူးကျော်သူတွေကိုလည်း ထွက်သွားဖို့ ပြောလိုက်တာနဲ့ လစ်ပြေးသွားကြတာပဲ... တကယ့်ကို ခမ်းနားပါတယ်"
မေ့မေ့က ဂုဏ်ယူနေသည့် ဆရာ တစ်ဦးနှယ် လက်ခုပ်တီးကာ ရယ်မောနေတော့၏။ ဝေ့ဝူယင်မှာ မေ့မေ့ထံမှ သင်ခန်းစာကို ကောင်းစွာ အသုံးချနိုင်ခဲ့ခြင်း ဖြစ်သည်။ မေ့မေ့မှာ ကျင့်ကြံခြင်း လမ်းစဉ်တွင် ပါရမီ သိပ်မရှိသော်ငြားလည်း ထိုနည်းလမ်းဖြင့်ပင် အစွမ်းထက်သူများ၊ ချမ်းသာသူများပင် သူမကို မထိရဲအောင် ဂုဏ်သတင်း တည်ဆောက်ခဲ့သူ မဟုတ်ပါလား။
ဝေ့ဝူယင်ကတော့ ထိုအဆင့်ထက်မက ကျော်လွန်ကာ တစ်လောကလုံးကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
မေ့မေ့ ထရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ အညောင်းအညာ ဖြေလိုက်၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ယောက်ျားလေးများ ငေးလောက်အောင် ဆွဲဆောင်မှုရှိလှသည် မဟုတ်သော်လည်း နေရောင်အောက်တွင် တောက်ပနေသည့် သူမ၏ အသားအရေကတော့ ထူးခြားသည့် ရောင်ဝါတစ်မျိုးကို ပိုင်ဆိုင်ထားသည်။
"အရင်တုန်းက ရုပ်ကလေးပဲ ချောပြီး ခိုးငိုနေတတ်တဲ့ ငွေရောင်မျက်လုံးတွေနဲ့ ကောင်လေးက အခုတော့ အာရုဏ်ဦးရဲ့ အာဏာရှင် အင်ပါယာကြီး ဖြစ်နေပြီပဲ... နောက်ပြီး လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင်... အလွှာအပြင်က လောကက လူတွေတောင် ကြောက်ရတဲ့ အစွမ်းထက် ကျင့်ကြံသူကြီး"
သူမက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်၏။ သူမ၏ ကျင်ကြံခြင်း အော်ရာက ထွက်ပေါ်လာကာ ကြယ်တာရာ အမြုတေ ဒုတိယ အဆင့် ကောင်းကင် အုပ်စိုးသူ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသည်။
မေ့မေ့၏ ချီးမွမ်းစကားများကို နားထောင်ရင်း ဝေ့ဝူယင် မိမိကိုယ်မိမိ ပြန်လည် ဆင်ခြင်ကြည့်မိသည်။ ထိုအခါ အံ့ဩမှုကို ခံစားရ၏.
ထိုစဉ်အခါက ဝေ့ဝူယင် ဆိုသည်မှာ မိသားစုကို ဆုံးရှုံးခဲ့ရသော ကောင်လေးတစ်ဦးမျှသာ ဖြစ်ခဲ့သည်။ နေသွေးနီနီဂိုဏ်းသို့ ရောက်ရှိပြီးနောက် မေ့မေ့သာ သူ့ကို မစောင့်ရှောက်ခဲ့လျှင်၊ လမ်းမှန်ရောက်အောင် မသွန်သင်ခဲ့လျှင် သို့မဟုတ် စိတ်ဓာတ်ကျနေသည့် အခါများတွင် အားမပေးခဲ့လျှင် ယနေ့ကဲ့သို့ ဝေ့ဝူယင် ဖြစ်လာမည် မဟုတ်ချေ။ သူ နာ့ရှင်းရီကို လွှတ်ပေးခဲ့လိမ့်မည် မဟုတ်သလို ယခုအချိန်အထိ အသက်ရှင်နေပါ့မလားပင် မသေချာချေ။
"အား... ပြောင်းရိတ်ရတာ ပင်ပန်းလိုက်တာ အနားယူမှ ဖြစ်မယ်"
အညောင်းဖြေပြီးနောက် မေ့မေ့က ပြောလိုက်၏။
"ကဲ... လာလေ... တစ်နေ့လုံး ထိုင်နေရတာဆိုတော့ ခန္ဓာကိုယ် လှုပ်ရှားမှုလေး လုပ်ဖို့ လိုပြီ"
သူမက လုံးဝ ရှက်ရွံ့ခြင်း မရှိဘဲ ပွင့်လင်းစွာ ပြောလိုက်သည်။ မေ့မေ့သည် အိမ်တန်းများရှိရာသို့ လျှောက်သွားနေသည်ကို ဝေ့ဝူယင် ကြည့်နေမိ၏။ ထိုအိမ်များထဲတွင် သူမ၏ အိမ်လည်း ပါဝင်ပေလိမ့်မည်။
မေ့မေ့၏ စကားလုံးများက လူငယ်၏ အတိတ်က မှတ်ဉာဏ်များစွာကို ပြန်လည် နှိုးဆွပေးလိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မေ့မေ့မှာ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုထက် ပို၍ တဲ့တိုး ပြောရလျှင်မူ မေ့မေ့မှာ နဂါးပျံ၏ ပေါင်ပေါ်တွင် တစ်ကြိမ်တစ်ခါ ပြန်လည် စီးနင်းလိုခြင်းပင်။
ဝေ့ဝူယင်သည် ပြုံးလျက် မြေဇာပုံပေါ်မှ ထရပ်လိုက်၏။
သူ့တွင် ပြောစရာ စကားများစွာ ရှိသော်လည်း အရာအားလုံးကို ပြောပြနေရန် မလိုပေ။
အနည်းဆုံးတော့ ယခုအချိန်တွင် မလိုအပ်ချေ။
"နင် လာမှာလား မလာဘူးလား"
မေ့မေ့က လှမ်းအော်လိုက်၏။
"လာပြီ အစ်မ... ညီလေးလည်း ပါတယ်"
ဝေ့ဝူယင်က နောက်ပြောင်လိုက်ရင်း ခပ်သွက်သွက်ပင် သူမနောက်သို့ လိုက်သွားလေတော့၏။
...
ဘုန်း...
ကျောရိုး တစ်ခုလုံး စိမ့်တုန်သွားလောက်အောင် ပြင်းထန်လှသော အသံကြီးတစ်သံမှာ အာရုဏ်ဦး ကြယ်ကွင်းပြင်၏ ဟင်းလင်းပြင် တစ်ခွင်လုံးတွင် ဟိန်းထွက်သွားခဲ့သည်။ ထိုအသံမှာ တိုးတိတ်ငြိမ်သက်ခြင်း အလျဉ်းမရှိဘဲ အလွန်ပင် ကျယ်လောင်လှသဖြင့် နေရာဒေသ အသီးသီးရှိ လျှို့ဝှက် အာဏာရှင်များ အားလုံးမှာ ကျင့်ကြံခြင်း အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ချက်ချင်း သတိပြုမိသွားကြသည်။
သူတို့မှာ ကောင်းကင်ယံသို့ မော့ကြည့်ကြသူက ကြည့်၊ မြေအောက် အလွှာများ၊ ခိုင်ခံ့လှသော နန်းတော်တံတိုင်းများနှင့် ဟင်းလင်းပြင် သင်္ဘောများထဲမှနေ၍ စူးစမ်းကြသူက စူးစမ်းနှင့် အလုပ်ရှုပ်သွားကြသည်။
တဒင်္ဂ အတွင်းမှာင် ဝိညာဉ်ကျင့်စဉ်များဖြင့် အားဖြည့်ထားသည့် ဝိညာဉ်အာရုံများမှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ ဆီသို့ ကျရောက်သွားကြတော့သည်။
ယခင်က အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ဟု လူသိများခဲ့သည့် နယ်မြေကြီး အတွင်း နေထိုင်နေကြသော အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျင့်ကြံသူများမှာလည်း အမှောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေဆီ ချက်ချင်း အာရုံစိုက်လိုက်ကြသည်။
စုနန်ကျူး၏ မျက်ဝန်းများ အတွင်း၌ ပြင်းထန် ရှုပ်ထွေးလှသော ခရမ်းရောင် ဝိညာဉ် လျှပ်စီး မုန်တိုင်းများ ဖြစ်ပေါ်နေခဲ့သည်။ ကျားယန်၏ မျက်လုံးများမှာမူ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသော်လည်း သူငယ်အိမ်များကတော့ အနည်းငယ် ကျုံ့သွား၏။
ကျန့်ယန်၏ မျက်ဝန်းများထဲတွင်မူ အေးစက် ထက်မြက်သည့် ဝိညာဉ် အလင်းတန်းများ တောက်ပနေကာ ၎င်းတို့မှာ အာကာသနှင့် အချိန်၏ အလွှာများကို ထိုးဖောက် ဖြတ်ကျော်တော့မယောင် ထင်ရသည်။
ထိုလောကရှန့်ထို သုံးဦးစလုံးမှာ ဤနေရာ၌ အခြေချနေထိုင်စဉ် ကတည်းက ဆွေးနွေးမှုများကို အတူတကွ ပြုလုပ်နေကြခြင်း ဖြစ်သည်။ သူတို့က တာဝန်သိသိဖြင့် ငြိမ်းချမ်းစွာ နေထိုင်ကြသလို မည်သူကမှလည်း သူတို့ကို လာရောက် နှောင့်ယှက်ခြင်း မပြုကြချေ။
"ကိုယ်ပွား ကျင့်စဉ်လား..."
တစ်ခဏ ကြာပြီးနောက် ကျန့်ယန်၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့၏။ ကျန်လောကရှန့်ထို နှစ်ဦးသည်လည်း ထပ်တူထပ်မျှပင် အံ့အားသင့်သွားကြကာ မယုံကြည်နိုင်မှုများ၊ ထိတ်လန့်မှုများနှင့် အတူ သူတို့၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။
ငါတို့ မြင်တွေ့လိုက်ရသည့် အရာက... ခွဲခြား၍ မရအောင် တူညီသည့် ကိုယ်ပွား ငါးဦးမှာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ ခုခံရေး အစီအရင်များကို တိုက်ရိုက်ပင် ရက်ရက်စက်စက် ထိုးဖောက်ဖျက်ဆီးနေကြခြင်း ဖြစ်သည်။ ထို့နောက် သူတို့က မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လူစုခွဲကာ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှု နည်းလမ်းများဖြင့် စတင် သတ်ဖြတ်တော့သည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်းမှ နောက်ကျနေသည် ဆိုသော်လည်း အနည်းဆုံးတော့ တုန့်ပြန်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ မြေကြီးရှန့်ထို အဆင့် တစ်ဒါဇင်ကျော်မှာ ပုန်းခိုရာ နေရာများမှ ပြေးထွက်လာကြသည်။ သူတို့က တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားပုံရပြီး ကိုယ်ပွားငါးခုနှင့် ပြင်းထန်စွာ ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
သို့သော်လည်း... ထိုတိုက်ပွဲက တစ်ဖက်သတ် ဆန်လွန်းလှသည်။ ကိုယ်ပွားငါးခုမှာ အလွန် အစွမ်းထက်သည့် လျှို့ဝှက်အင်အားများကို အသုံးပြုကာ ရင်ဆိုင်လာသူတိုင်းကို နှစ်ကွက် သို့မဟုတ် ထိုထက်နည်းသော တိုက်ကွက်များ အတွင်းတွင်ပင် ဒဏ်ရာပြင်းထန်စွာ ရစေခဲ့သည်။ ထို့နောက် ရှုံးနိမ့်သွားသူများကို မီးခိုးရောင် အကာအကွယ် အတားအဆီးများအတွင်း ပိတ်လှောင်ကာ အာကာသနှင့် အချိန် စွမ်းအားများဖြင့် ချုပ်နှောင်ပြီး တိုက်ခိုက် ဖျက်ဆီးမှုများကို ဆက်လက် ဆောင်ရွက်နေကြသည်။
သေမျိုးတို့၏ အချိန်နှင့် ရေတွက်ရပါက မိနစ်ဝက်မျှအတွင်းမှာပင် ခုခံနေသော မြေကြီးရှန့်ထို အားလုံးမှာ မီးခိုးရောင် အကာအကွယ်များအတွင်း ဖမ်းဆီးခြင်း ခံလိုက်ရကာ အသွင်တူ ကိုယ်ပွားများ၏ လျှို့ဝှက် အော်ရာ ကြိုးမျှင်များဖြင့် ချည်နှောင်ခြင်း ခံလိုက်ရသည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်းမှာ သူတို့၏ အမှတ်အသား ဖြစ်သည့် အရိပ်ဥများကိုပင် ထုတ်သုံးကာ လျှို့ဝှက် ဆန်းကြယ်သည့် စွ်းအင်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကိုယ်ပွားငါးခုမှာ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်လွန်းနေသည်။
"သူက ဘယ်သူလဲ..."
***