ခေတ်သစ်
Vol. 131 Ch. 1829
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အတွင်းတွင်တော့ ကျန့်ယန်မှာ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားကို အသုံးပြု နေခဲ့သည်။ အချိန် စီးဆင်းမှု အပေါ် ကန့်သတ်ချက်များမှာ နားမလည်နိုင်သည့် ဥပဒေသ စွမ်းအား တစ်ခုကြောင့် လျော့ပါး သွားခဲ့၏။ တိုက်ပွဲကြားတွင် မြေစာပင် ဖြစ်ခဲ့ရသော သာမန်ပြည်သူများကို အချိန်မီ ကယ်တင်ရန် ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် ကူညီပေးနေခြင်း ဖြစ်သည်။
မကြာခင်မှာပင် ကောင်းကင် ဖျက်ဆီးသူများနှင့် ပုံစံတူသော်လည်း ရွက်တိုင်တွင် အာဏာရှင် အဖွဲ့၏ အမှတ်တံဆိပ်ကို ရေးထိုးထားသည့် ဟင်းလင်းပြင် သင်္ဘောကြီး ခြောက်စင်း ရောက်ရှိလာသည်။ ၎င်းတို့မှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံထားလိုက်ကြပြီး လျှို့ဝှက် အာဏာရှင်များ၊ အဆင့်မြင့် ကြယ်တာရာ သခင်များ၊ အချိန်သခင်များနှင့် လောကသခင်များမှာ စနစ်တကျ ပြင်ဆင်ထားသည့်အတိုင်း ပျံသန်းထွက်လာကြသည်။
ထိုသင်္ဘောများမှာ မူလက ထျန်းကလန်၏ ကောင်းကင် ဖျက်ဆီးသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။
ကျန့်ယန်က လူပေါင်း ရာနှင့်ချီရှိ သေဆုံးသွားသည့် အဆောက်အဦးတစ်ခုကို ပြန်လည်ပြုပြင်နေစဉ်မှာပင် အော်ရာ အမြောက်အမြား ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ သူ့ အကြည့်များက ချက်ချင်းပင် သင်္ဘောဦး၌ ရပ်နေသည့် ပုဂ္ဂိုလ်အချို့ထံ ကျရောက်သွား၏။
ထိုနေရာတွင် ခရမ်းရောင် သရဖူကို ဆောင်းနှင်းထားပြီး အလွန့် အလွန် ထူးကဲစွာ လှပတင့်တယ်သော သေမျိုး မိန်းကလေး တစ်ဦး ရှိနေသည်။ သူမ၏ ဟေဇယ်ရောင် မျက်ဝန်းများမှာ မြင်တွေ့ခွင့်ရသူတိုင်း၏ နှလုံးသားကို ချက်ချင်း လင်းထိန်သွားစေနိုင်စွမ်း ရှိသည်။
မိန်းကလေးမှာ ဝိညာဉ်အာရုံများမှတစ်ဆင့် ပြတ်သားသော အမိန့်များကို လူသိရှင်ကြား ပေးနေကြောင်း မည်သူမဆို အလွယ်တကူ သတိပြုမိနိုင်သည်။ ဝိညာဉ်ဆင်တု အဆင့်နှင့် အထက် ကျင့်ကြံသူများပင် ဤအရာကို သတိပြုမိပေလိမ့်မည်။ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေအတွင်းသို့ စေလွှတ်လိုက်သည့် လျှို့ဝှက် အာဏာရှင်များနှင့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ အားလုံးမှာ သူမ၏ အလိုအတိုင်း လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ထိုလူများ၏ အကူအညီနှင့် အမတူ ပျက်စီးသွားသည့် ဂြိုဟ်များနှင့် လောကနယ်မြေများမှ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ဒဏ်ရာရ ပုဂ္ဂိုလ်များ၏ ဝေဒနာနှင့် နာကျင်မှုများကို လျှော့ချပေးနိုင်ခဲ့သည်။
မိနစ်ပိုင်းအတွင်းမှာပင် အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဟူသော အမည်နာမမှာ ပူပြင်းသည့် နွေရာသီတွင် လေပြည်ညှင်းများ တိုက်ခတ်လာသည့် အလား ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။ လူတိုင်းက ခေတ်သစ်တစ်ခုကို ဝမ်းပန်းတသာ ကြိုဆိုကြပေသည်။
နှစ်ပေါင်းများစွာကြာအောင် သူတို့ကို ဖိနှိပ်အုပ်ချုပ်ခဲ့သည့် တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ လက်အောက်မှ လွတ်မြောက်သွားရသည့် အတွက် သာမန် ပြည်သူများနှင့် ကျင့်ကြံသူများမှာ အလွန်ပင် ဝမ်းမြောက်နေကြသည်။
ထိုဂိုဏ်းမှာ အာဏာရလာကတည်းက အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ လူထုထံမှ အစွမ်းကုန် ညှစ်ထုတ်နေသဖြင့် အကျဉ်းထောင်တစ်ခုနှယ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်များမှာ သူတို့ အတွက် ငရဲခန်းတစ်ခုသဖွယ် ဖြစ်ခဲ့ရပြီး ယခု လွတ်မြောက်သွားခဲ့ပြီ ဖြစ်လေရာ နောက်တစ်ချိန်တွင် အာရုဏ်ဦး အာဏာရှင် အင်ပါယာက သူတို့ကို ဒုက္ခတွင်းမှ မည်သို့ လာရောက် ကယ်တင်ကာ ဖိနှိပ်သူများအား မည်သို့ နှိမ်နင်းပေးခဲ့ကြောင်း ပုံပြင်များ ပြောပြကြပေလိမ့်မည်။
အမှန်တရားမှာ ထိုသို့ မဟုတ်သော်ငြားလည်း ရွှယ်ရီဖေးကတော့ ထိုဂုဏ်သတင်းအားလုံးကို အာရုဏ်ဦး ဟူသည့် အမည်နာမည်အောက်သို့ အပိုင်သိမ်းယူရန် ရှက်ရွံ့ မနေခဲ့ပါချေ။
များလှစွာသော ထိပ်တန်း ကျင့်ကြံသူများကလည်း ဝေ့ဝူယင်မှာ ပြင်ပကျူးကျော်သူများကို အသုံးချကာ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ပြီး သူတို့၏ ခေါင်းဆောင်ကို ဖမ်းဆီးစေခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ယူဆလိုက်ကြသည်။ ဤသည်ကပင် ဝေ့ဝူယင်၏ ကျော်ကြားလှသော ဂုဏ်သတင်းကို ပိုမို မြင့်မားသွားစေခဲ့သည်။ အချို့ကမူ ထိုတိုက်ပွဲမှာ ရွှယ်ရီဖေး၏ အကြံဉာဏ် ဖြစ်လိမ့်မည်ဟုပင် ထင်မှတ်ကြလေသည်။
ရွှယ်ရီဖေး၏ ရောက်ရှိလာမှုမှာ အလွန်ပင် အချိန်ကိုက်လှသည်။ ထို့ပြင် အစစ်အမှန် မွေးဖွားခြင်း၏ အစီအရင်များကို ဖျက်ဆီးကာ သူတို့၏ ကိုယ်ပိုင် အစီအရင်များနှင့် အစားထိုး တပ်ဆင်နေသည့် အစီအရင် ပညာရှင်များ၏ လုပ်ရပ်မှာလည်း ထင်ရှားလှသည်။ ကျန်ရှိနေသော ခုခံမှု မှန်သမျှကို ကျန့်ယန်က လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းပေးနေပြီး အာဏာရှင် အဖွဲ့ကမူ သူတို့ကို လျစ်လျူရှုထားသည်။
ဤသည်မှာပင် အာဏာရှင် အင်ပါယာမှာ အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျင့်ကြံသူများကို အသုံးချနေခြင်း ဖြစ်သည် ဟူသော လူများ၏ အတွေးကို ပိုမို ခိုင်မာစေသည်။ ကျန့်ယန်၏ ကိုယ်ပွားမှာ အာဏာရှင် အဖွဲ့အား ခုခံမည့်သူ မှန်သမျှကို အပြတ်အသတ်ပင် နှိမ်နင်းနေခဲ့သည်။ တကယ်တော့ ထိုဓားသမားကို မည်သူကမျှ ထိုကဲ့သို့ လုပ်ရန် မခိုင်းသော်လည်း သူကိုယ်တိုင်ကသာ လိုလိုလားလား လုပ်ဆောင်နေခြင်း ဖြစ်သည်။
အစစ်အမှန် မွေးဖွားခြင်းနှင့် တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ ဖြစ်ရပ်များမှာ မကြာမီတွင် ဝေ့ဝူယင်၏ အင်ပါယာ တစ်ခု တည်ထောင်မှု သမိုင်းကြောင်း၌ ဒဏ္ဍာရီများ ဖြစ်လာပေလိမ့်မည်။ တစ်နည်းဆိုရသော် ဝေ့ဝူယင်မှာ အိမ်နောက်ဖေးမှ ပေါင်းပင်များကို ရှင်းထုတ်နိုင်လိုက်ခြင်း ဖြစ်သည်။
အစစ်အမှန် မွေးဖွားခြင်း၏ မလွဲမသွေ ကျဆုံးမှုနှင့်အတူ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဟု လူအများက ယူဆလိုက်ကြပြီ ဖြစ်သည်။
ထို့အပြင် ကြယ်ကွင်းပြင်အတွင်းရှိ အဓိက အင်အားစုများထံမှလည်း မည်သည့် ခုခံမှုမျှ မရှိချေ။ ဤသိမ်းပိုက်မှုမှာ မလွဲမသွေ ဖြစ်လာမည့် အဆုံးသတ်တစ်ခု ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ အာရုဏ်ဦး ဖီဆန် ခေတ်ဦးမှာ အရှိန်အဟုန်ဖြင့် စတင်နေပြီ ဖြစ်လေရာ မည်သူကမျှ တားဆီးရန် မဝံ့ရဲကြတော့ချေ။
...
ဝေ့ဝူယင်မှာ ရွက်ကြမ်းရည်ကြို ခုတင် တစ်ခု၏ ခေါင်းရင်းတွင် မှီရင်း ထိုင်နေခဲ့၏။ သူ့ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစား မရှိဘဲ စောင်ပါးလေးတစ်ထည်ဖြင့်သာ ဖုံးအုပ်ထားသည်။ သူ့ ဘေးတွင်မူ မေ့မေ့ ရှိနေပြီး သူမက အိပ်ရာပေါ်တွင် ထိုင်လျက် မျက်နှာကျက်ကို ငေးကြည့်နေသည်။
မိန်းကလေး၏ မျက်ခုံးအစုံကြားတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် အချို့ ရှိနေသော်လည်း အလွန်ပင် စိတ်လက်ပေါ့ပါးနေကာ အသက်ရှူသံမှာလည်း စည်းချက် မှန်ကန် နေခဲ့သည်။
သူတို့ နှစ်ဦးစလုံးမှာ တိတ်ဆိတ်စွာပင် မျက်နှာကျက်ကို ကြည့်နေကြသည်။ ဤသို့ လုပ်ဆောင်ခြင်းမှာ သူတို့အတွက် ထုံးစံတစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဤအလေ့အထမှာ မည်သည့်အချိန်က စတင်ခဲ့သည်ကို မသိသော်လည်း ယခုလို စိတ်အေးလက်အေး ရှိနေချိန်မျိုးတွင် ဝေ့ဝူယင်မှာ အရေးကြီးသော ကိစ္စများကို စဉ်းစားရန် သို့မဟုတ် ဆုံးဖြတ်ချက်များ ချရန် အလွန် အထောက်အကူပြုတတ်သည်။ တစ်ခါတစ်ရံတွင် သူတို့ နှစ်ယောက်မှာ ကျင့်ကြံခြင်း နည်းစနစ်များ သို့မဟုတ် ကျင့်စဉ်များအပေါ် ထူးခြားသော သိမြင်မှုများကိုပင် ရရှိတတ်ကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်က သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်၏။
"စီနီယာအစ်မ... ကျွန်တော်နဲ့..."
"တော်တော့... မပြောနဲ့တော့"
မေ့မေ့က ကြားဖြတ် ပြောလိုက်၏။
"နင် ငါ့ကို အာရုဏ်ဦး နန်းတော်ကို လိုက်ခဲ့ဖို့ ဒါမှမဟုတ် တခြား တစ်နေရာရာမှာ ကျင့်ကြံဖို့ သွားခိုင်းတော့မလို့ မလား... အဲ့ဒါဆိုရင်တော့ ဆက်မပြောနဲ့တော့”
"..."
ဝေ့ဝူယင် တိတ်ဆိတ်သွား၏။
မေ့မေ့က သက်ပြင်းချလိုက်ရင်း ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် ကြိုးစားခြင်း မရှိဘဲ မတ်မတ် ထိုင်လိုက်သည်။
"ဝေ့ဝူယင်... နင် ငါ့ဆီက ဘာလိုချင်တာလဲ"
"ကျွန်တော်လည်း မသိဘူး"
ဝေ့ဝူယင်က ရယ်မောရင်း ရိုးသားစွာပင် ဖြေလိုက်သည်။ သူ့ ငွေရောင် မျက်ဝန်းများထဲတွင်တော့ မရေရာသည့် အလင်းဖျော့ဖျော့လေးများ တောက်ပနေ၏။
"နင် ငါ့ကို ခွင့်လွှတ်စေချင်တာလား..."
မေ့မေ့က မေးသည်။
"..."
ဝေ့ဝူယင် မဖြေချေ။
"ငါ့ကို နင့်ရဲ့ မိန်းမတွေထဲက တစ်ယောက် ဖြစ်စေချင်တာလား... ဇနီးလား... ကိုယ်လုပ်တော်လား... ဒါမှမဟုတ် နင့်ရဲ့ ဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ လျှို့ဝှက် ချစ်သူလား"
သူမက ဆက်မေးသည်။
"..."
ဝေ့ဝူယင် ထပ်မံ၍ တိတ်ဆိတ်နေပြန်၏။
"ဒါမှမဟုတ် နင့်ရဲ့ နောင်တတွေကို ပြေပျောက်စေဖို့ အတိတ်က ငါ ကူညီခဲ့တာတွေကို ကျေးဇူးဆပ်ချင်တာလား... နယ်မြေတွေ၊ အဆင့်အတန်းတွေ၊ အာဏာ ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှုတွေ... ငါ လိုချင်တာ မှန်သမျှ ပေးချင်တာလား... နင် ဒီကမ္ဘာကြီးကို သိမ်းပိုက်နိုင်တဲ့အထိ ငါ့ဘေးမှာ မရှိခဲ့တဲ့အတွက် တောင်းပန်တဲ့အနေနဲ့လား"
"..."
ဝေ့ဝူယင်ထံတွင် တိကျသော အဖြေမရှိချေ။
လေထုထဲ၌ တိတ်ဆိတ်မှုများ ဖုံးလွှမ်းသွား၏။ ၎င်းက အနေခက်လှသည့် တိတ်ဆိတ်မှုမျိုး မဟုတ်သော်လည်း အနည်းငယ် လေးနက်သော ခံစားချက်များ ပါဝင်နေသည်။
"အဲ့ဒါတွေ အကုန်လုံးလည်း ဖြစ်နိုင်တာပဲ..."
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဒါမှမဟုတ် အဲ့ဒါတွေ တစ်ခုမှ မဟုတ်တာမျိုးလည်း ဖြစ်နိုင်တယ် မလား...”
မေ့မေ့က ပြန်၍ ချေပလိုက်သည်။
"..."
မေ့မေ့က သက်ပြင်းချလိုက်၏။ သူမ၏ လေသံက နိမ့်ဆင်းကာ တည်ငြိမ်သွားသည်။
"ငါ့အတွက် တောင်းပန်စကား မလိုပါဘူး... နင် ဒီလောကရဲ့ ထိပ်ဆုံးထိ ရောက်အောင် တက်လှမ်းခဲ့ရတာ ငါ့လို လူတစ်ယောက် စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိခဲ့မှာပဲ... အကြိမ်ကြိမ် စတေးခဲ့ရတာမျိုး မရှိဘဲ ဘယ်သူမှ နင့်လို အာဏာနဲ့ အဆင့်အတန်းမျိုးကို မရနိုင်ဘူး... နင် ငါ့ကို ဒီမှာ ထားခဲ့တဲ့အတွက် ငါ နင့်ကို ဘယ်တော့မှ အပြစ်မတင်သလို အပြစ်တင်စရာ အကြောင်းလည်း မရှိဘူး... ကောင်လေး... တကယ်တော့ ငါ ကျေးဇူးတောင် တင်မိသေးတယ်... နင့်မှာရှိတဲ့ ထူးခြားတဲ့ မိန်းကလေးတွေ အများကြီး ရှိတာ ငါသိတယ်... ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရင် ငါ သိလိုက်ရတာ တစ်ခုက... နင့်ရဲ့ နှလုံးသားထဲမှာ ငါက တစ်ဦးတည်းသောသူ ဖြစ်နေသေးတာပဲ”
“နင့်ရဲ့ မိန်းကလေးတွေ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ထူးခြားကြမှာပါ.... ဒါပေမဲ့ နင် တစ်ချက်မှားတာနဲ့ သူတို့က မတွေးဝံ့စရာ ဘေးဒုက္ခတွေ ကြုံရနိုင်တယ်... ဒါပေမဲ့ ငါကတော့ ဒီမှာ ဘေးကင်းနေခဲ့တယ် မဟုတ်လား... ငါ့ကို ဘယ်သူမှ မထိပါးနိုင်ဘူး... နင် စီစဉ်ပေးထားတာတွေနဲ့တင် ငါ့ရဲ့ ဘဝ သက်တမ်း ကုန်ဆုံးတဲ့အထိ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်တာပဲ"
"ဝေ့ဝူယင်... နင့်ကို ငါ သိပါတယ်... ငါက နင့်ဇနီးဖြစ်လာဖို့ ကံပါလာတဲ့သူ မဟုတ်ဘူး"
မေ့မေ့က ကျေနပ်စွာဖြင့် ပြုံးရင်း ပြောလိုက်လေ၏။
***